← Chapters

ဖရန်ဂျီပန်နီ၏ ထွက်ပြေးရန်ဖိတ်ခေါ်မှု

Vol. 36 Ch. 527

ဖရန်ဂျီပန်နီ၏ ထွက်ပြေးရန်ဖိတ်ခေါ်မှု

Vol. 36 Ch. 527

ဖရန်ဂျီပန်နီမှာ ဒန်ဂျင်အရှင် ခန်းမဆောင်ထဲတွင် လဲလျောင်း နေသည်။ မာနာစွမ်းရည်များ အသုံးပြုရန် လိုအပ်သော သူ၏ အခွံကိုမူ ရှားလော့ခ်မှ ချွတ်ယူ သွားခဲ့သည်။ ရှားလော့ခ်က ဖရန်ဂျီပန်နီအပေါ် အစွမ်းတားမြစ်ခြင်း မန္တန် တစ်ခု စီရင် ထားခဲ့သော်လည်း သူ၏ အခွံကြောင့် မာနာစွမ်းအင်ကို တဖြည်းဖြည်း ပြန်လည် စုယူနိုင်ခဲ့သည်။

အကယ်၍ ဖရန်ဂျီပန်နီသာ ပုန်ကန်ခြင်း မပြုခဲ့ပါက ရှားလော့ခ်အနေဖြင့် သူ့အခွံတွင် ထိုသို့သော အစွမ်း ရှိကြောင်းပင် သိမည် မဟုတ်ပေ။ ဖရန်ဂျီပန်နီသာလျှင် သူ့အခွံအား မာနာအစွမ်း စုဆောင်းယူရန် အသုံးချနိုင်သည်။ သို့မဟုတ်ပါက ၎င်းအခွံမှာ ဘာမှ အကျိုးသက်ရောက်မှု မရှိပေ။ ဖရန်ဂျီပန်နီ အခွံ အသစ် တစ်ခု ထပ်ပေါက်ရောက်နိုင်၊ မနိုင်နှင့် ပတ်သက်၍မူ ရှားလော့ခ် စိတ်မဝင်စားပေ။

ရိုးရိုးသားသားပြောရလျှင် အခွံမပါသော လိပ်မှာ ဆွဲဆောင်မှု ရှိလှသည်။

ဒန်ဂျင်အရှင် ခန်းမဆောင် အပြင်ဘက်မှ စကားသံများ ကြားလိုက် ရသည်။ ဖီးနစ်နှင့် ပိုလီယိုတို့က စကားပြောဆိုရင်း ဝင်ရောက်လာ ခဲ့ကြသည်။

"အဲ့ဒီ ဗစ်တိုးရီးယား မြို့သားတွေ ငါတို့ကို ထပ်တိုက်ခိုက် နေကြပြန်ပြီ။ ဖယ်ရီမလေးက ဖယ်ရီတွေရဲ့ ကျော်ကြားတဲ့ မင်းသမီးလို့ ငါ ကြားတယ်။ မင်း အဲ့ဒါက အမှန်ပဲလို့ ထင်လား။" ပိုလီယို ဝင်ရောက်လာရင်း ပြောလိုက်သည်။

ဖီးနစ် သူ၏ အတောင်ပံများကို ခတ်ကာ ခေါင်းခါရင်း ပြောလိုက်သည်။ "ငါ ဘယ်လို သိမှာလဲဟ။ အဲ့ဒီ ကောင်တွေက အမှန်တစ်ဝက် အမှားတစ်ဝက်တွေ လျှောက်လျှောက် ပြောတတ်တယ်၊ ဒါကြောင့် ငါ အဲ့ဒါက အမှန်ဟုတ်၊ မဟုတ်ကို မပြောတတ်ဘူး။ ဒါပေမဲ့ သေချာတာကတော့ ဖယ်ရီမလေးက ဆေးဖော်စပ်ရေး နည်းပြကောင်း တစ်ယောက်ပဲ။"

ဖရန်ဂျီပန်နီ ချက်ချင်း သူတို့ ဆီသို့ ထလျှောက်သွားပြီး သူ့အကူအညီ လိုအပ်ခြင်း ရှိ၊မရှိ မေးမြန်းလိုက်သည်။

ပိုလီယိုနှင့် ဖီးနစ်တို့မှာ ဖရန်ဂျီပန်နီ၏ အောက်ကျို့ ကူညီတတ်မှုကို အကျွမ်းတဝင်ရှိ နေကြလေပြီ။ ဖရန်ဂျီပန်နီ မှော်ကျောက်တုံး ထုတ်ယူရေးစက်မှ ပြန်လွတ်မြောက်လာပြီး နောက်တွင် သူ အလွန်ပင် အောက်ကျို့ ကူညီ တတ်လာသည်။ သူက မာနကြီးခြင်း လုံးလုံး မရှိတော့ပေ။ သူ့ပုံစံမှာ ရှေးဟောင်း နတ်ဘုရားများ စစ်တပ်မှ အမြင့်ဆုံး အဆင့်တပ်မှူး တစ်ဦး အစား အစေခံ တစ်ဦးနှင့်ပင် ပိုတူနေတော့သည်။

ပိုလီယိုက ဖရန်ဂျီပန်နီအား သွေးဂန္ဓမာ လက်ဖက်ရည် တစ်ခွက် ဖျော်ခိုင်းရန် တွေးလိုက်စဉ် သူတို့ နောက်မှ ရှားလော့ခ်၏ အသံကို ကြားလိုက် ရသည်။

"အာ၊ မင်း ဘာဖြစ်လို့ ဒီမှာရှိနေတာလဲ ဖရန်ဂျီပန်နီ။ ငါ မင်းကို လုပ်ခိုင်းစရာ တစ်ခု ရှိတယ်။"

ဖရန်ဂျီပန်နီ အလျင်အမြန် ပြန်တုန့်ပြန်လိုက်သည်။ "အရှင်ရှားလော့ခ်၊ အကူအညီ တစ်ခုခု လိုအပ်ရင် ကျွန်တော့်ကိုသာ ပြောလိုက်ပါ။ ကျွန်တော် အရှင့်ကို သေချာပေါက် ကူညီပေးပါ့မယ်။"

"အာ... ဒါက အထူးအဆန်းတော့ မဟုတ်ပါဘူး။ ငါ မင်းကို နောက်တစ်ကြိမ် ပုန်ကန်စေချင်တယ်။"

"ဗျာ။"

...

မိုးလက်ဖက်ရည်က သူမ၏ လုယူပစ္စည်းများကို သစ်ပင်အိမ်သို့ ယူလာခဲ့သည်။ အတက်အကျ အဖြစ်အပျက်များ အပြီးတွင်တော့ မိုးလက်ဖက်ရည်မှာ အာသာနှင့် သူ၏ အဖော်များ၏ အစည်းအရုံး လှုပ်ရှားမှုများတွင် ပါဝင်ရင်း ပျော်ရွှင်နေလေပြီ။ ဘဝအရသာခံဂိမ်းမာ တစ်ဦးနှင့် ရှုခင်းချစ်မြတ်နိုးသူ တစ်ဦး အနေဖြင့် မိုးလက်ဖက်ရည်မှာ သူမ၏ သူငယ်ချင်းများ၏ အစည်းအရုံး လှုပ်ရှားမှုများတွင်လည်း ပူးပေါင်း ပါဝင်ပေးခဲ့သည်။ အရေးကြီးဆုံး လှုပ်ရှားမှုများမှာမူ ကန့်သတ်ဒန်ဂျင်နယ်မြေ လှုပ်ရှားမှုများ ဖြစ်ကြ၏။

မိုးလက်ဖက်ရည်တွင် ကုသရေး မာနာစွမ်းရည်များ ရှိနေပြီး ၎င်းမှာ တခြား ဂိမ်းမာများတွင် မရှိသော ရှားပါး မာနာစွမ်းရည် တစ်မျိုးလည်း ဖြစ်၏။ ဂိမ်းမာ တစ်ဦးတွင် မာနာစွမ်းရည် စာအုပ်များ ရှိနေလျှင်ပင် ၎င်းကို သင်ယူ တတ်မြောက်နိုင်ရန်မှာ ခက်ခဲလှသည်။ ဂိမ်းမာ နှစ်ဦးသာလျှင် ကုသရေး မာနာစွမ်းရည်များကို တတ်မြောက်အောင် သင်ယူနိုင်ခဲ့ကြသည်။

ရှားလော့ခ်က ဂိမ်းမာနှစ်ဦးတွင်သာ ကုသရေး မာနာစွမ်းရည်များ ရှိစေရန် သေချာ စီမံခဲ့သည်။ အကြောင်းမှာ ကုသရေးက ပုံမှန်အသုံးထက် မာနာစွမ်းအင် နှစ်ဆမျှ ပိုအသုံးပြုရန် လိုအပ်သောကြောင့်ပင်။ အကယ်၍ ဂိမ်းမာ အုပ်စုတိုင်းတွင်သာ မာနာကုသသူများ ရှိနေခဲ့ပါက သူတို့က ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြပြီး မကြာမကြာ ပြန်ကုသနေခြင်းဖြင့် ရှားလော့ခ်၏ မာနာစွမ်းအင်ကို လျင်မြန်စွာ ဝါးမျို သုံးစွဲ သွားပေလိမ့်မည်။ လက်ရှိအခြေအနေတွင် တိုက်ပွဲများမှာ ဆယ်စက္ကန့်အောက်သာ ကြာမြင့်လိမ့်မည်။

အကယ်၍များ တိုက်ပွဲတစ်ခုတွင် ဂိမ်းမာထောင်ပေါင်း များစွာ ဝင်တိုက်ခိုက်ကြ၍ ကုသခြင်းအစွမ်းကြောင့် မသေဆုံးခဲ့ကြလျှင်ပင် ယင်းသို့ ပြန်ကုသရန် မာနာစွမ်းအင် အသုံးပြုမှုမှာ ရေဘုံဘိုင် ဖွင့်ချလိုက် သကဲ့သို့ ဖြစ်ပေလိမ့်မည်။ ထိုအတွေးမှာ ရှားလော့ခ်ကိုပင် ကျောချမ်းစေသည်။ သူတို့ လောကသစ်ပင် မာနာအား မရမီ မာနာကုသသူများ ပိုမို များပြားလာစေရန် သူ ခွင့်မပြုနိုင်ပေ။

မိုးလက်ဖက်ရည်မှာ ကန့်သတ်ဒန်ဂျင်နယ်မြေကို စိန်ခေါ်ခြင်း ကဲ့သို့သော အစည်းအရုံး လှုပ်ရှားမှုများတွင် ပါဝင်သော်လည်း သူမက ပစ္စည်း ကိရိယာ များစွာ မယူတတ်ပေ။

သူမအတွက် ၎င်းတို့ကို မလိုအပ်ဘဲ ပစ္စည်း ကိရိယာ အများစုကို တခြား အစည်းအရုံးဝင်များအား ပြန်လွှဲ ပေးအပ်တတ်သည်။ ထို့ကြောင့် သူမ,မှာ အဖွဲ့ဝင်များ ကြားတွင် ဂုဏ်သတင်းကောင်းမွန်၏။ သူတို့ထဲမှ များစွာမှာ မိုးလက်ဖက်ရည်ထံမှ ပစ္စည်း ကိရိယာများ ရရှိဖူးကြသည်။

မိုးလက်ဖက်ရည်မှာ သူတို့၏ တုန့်ပြန်လက်ဆောင်များကို လက်မခံပေ။ သူမက ဂိမ်းကို မျက်နှာသာ ရရှိရန် မဟုတ်ဘဲ ပျော်ရွှင်နိုင်ရန် ကစားခဲ့ခြင်းသာ ဖြစ်၏။

ရှားလော့ခ် ဒီဇိုင်းထုတ်ထားသော ဂိမ်းကို ကစားရာတွင် ပျော်မွေ့ခြင်းအပြင် သူမက ကိုယ်ပိုင် ပျော်ရွှင်မှုကိုလည်း ရှာတွေ့ခဲ့သေးသည်။

ထိုအရာမှာ အမ်ပီစီနှင့် သူမ၏ ခင်မင်မှုပင်။ ဖယ်ရီမလေးမှာ ဂိမ်းတွင်းရှိ သူမ၏ ပထမဆုံး အမ်ပီစီ သူငယ်ချင်း ဖြစ်၏။

သူတို့၏ ရင်းနှီးသော ဆက်ဆံရေးကြောင့် သူမက အစည်းအရုံးအိမ်တွင် မနေဘဲ ဖယ်ရီမလေး နှင့်အတူ သစ်ပင်အိမ်တွင်သာ နေထိုင်ခဲ့သည်။

ကိစ္စတချို့ကြောင့် ဖယ်ရီမလေးမှာ အလွန် စိတ်လှုပ်ရှား နေခဲ့သည်။ လောကသစ်ပင်မှ ဖယ်ရီများက သူမ၏သတင်းကို ရသွားကြကြောင်း သူမ သိလိုက်ရသောကြောင့်ပင်။

မိုးလက်ဖက်ရည်မှာ ဖယ်ရီမလေးအား ဤကိစ္စအကြောင်း ပြန်ပြောပြခဲ့သည်။ တခြား ဂိမ်းမာများလည်း ဖယ်ရီမလေးအား ဤကိစ္စအကြောင်း ပြောပြခဲ့ကြသော်လည်း ဖယ်ရီမလေးမှာ သူတို့ကို မယုံကြည်ဘဲ မိုးလက်ဖက်ရည်ကိုသာလျှင် ယုံကြည်ခဲ့သည်။

ဖယ်ရီမလေးမှာ မိုးလက်ဖက်ရည်အား သူမ၏ အဖော်များ ရောက်လာ၊ မလာနှင့် သူတို့ အန္တရာယ်ရှိ၊ မရှိ ကဲ့သို့သော မေးခွန်း များစွာ မေးမြန်းခဲ့သည်။ သူမက မိုးလက်ဖက်ရည်အား အကယ်၍ အန္တရာယ်များလွန်းပါက သူမကို လာရောက် မကယ်တင်ရန် သူမ၏ အဖော်များအား ပြောပြ စေလိုခဲ့သည်။ ဖယ်ရီမလေးမှာ သူမ၏ အဖော်များအတွက် အလွန် စိုးရိမ် နေခဲ့သည်။

ဖယ်ရီမလေးမှာ သူမ၏ ကိုယ်ရေးကိုယ်တာ အကြောင်း များစွာကိုလည်း မိုးလက်ဖက်ရည်အား ရင်ဖွင့်ခဲ့သေးသည်။ အထူးသဖြင့် သူမ၏ မင်းသမီးဟူသည့် အထောက်အထားပင်။ သူမက သူမ၏ မင်းသမီးဟူသည့် အဆင့်အတန်းကို များများစားစား စိတ်မဝင်စားခဲ့ပေ။ လောကသစ်ပင်ပေါ်တွင် ရပ်ပြီး သူမ၏ အဖော်များနှင့် ကစားနိုင်ခြင်းက သူမအတွက် တခြား မည်သည့် အရာထက်မဆို ပိုအရေးပါသည်။ ၎င်းမှာ နေ့ရောညပါ မရှိသော မြေအောက်လောကတွင် အကျဉ်းချ ပိတ်လှောင် ခံထားရခြင်းထက် များစွာ ပိုကောင်းသည်။ သူမ ဤကြောက်မက်ဖွယ် သတ္တဝါများနှင့် ဆက်ဆံရင်း ဒေါသ ထွက်နေရသည်။

သူမက အဘယ်ကြောင့် ဒေါသထွက်နေရသနည်း။ သူမက ဤအတောအတွင်း ဂိမ်းမာများ၏ ဆေးဖော်စပ်ရေး နည်းပြ ဖြစ်လာပြီး ဆေးဖော်စပ်ပညာမှာလည်း တတ်မြောက်ရန် လွယ်ကူရိုးရှင်းသော ဘာသာရပ် တစ်ခု ဟုတ်မနေခဲ့ပေ။ ဂိမ်းမာများမှာ ဉာဏ်ရည်ထက်မြက်သည် မှန်သော်လည်း သူတို့က ဆေးဖော်စပ်ပညာကို ယခင်က သင်ယူခဲ့ဖူးသည် မဟုတ်သဖြင့် အယောက်အနည်းငယ်မျှသာ ထိုဘာသာရပ်အကြောင်းကို နားလည်နိုင်ခဲ့ကြသည်။ ထို့ကြောင့် ဖယ်ရီမလေးမှာ ဂိမ်းမာများကို လမ်းညွှန်ရင်း ဒေါသထွက် နေခဲ့ရသည်။ သူမ ထာဝရတိုင်းပြည်မှ ထွက်ပြေးရန် ပို၍ပင် စိတ်ပိုင်းဖြတ် ထားခဲ့သည်။ သို့မဟုတ်ပါက သူမ ဒေါသထွက်လွန်း၍ သေဆုံးသွား ရပေလိမ့်မည်။

ဖယ်ရီမလေးမှာ သူမ၏ ဖယ်ရီအဖော်များ အကြောင်း သတင်းကြားသောအခါ အလွန်ပင် စိတ်လှုပ်ရှား နေခဲ့သည်။ သူမ သူတို့အကြောင်း ပိုမိုသိရှိနိုင်ရန် အကောင်းဆုံး ကြိုးစားခဲ့သည်။

မိုးလက်ဖက်ရည်မှာလည်း ဖယ်ရီမလေးအား သူမ ဖိုရမ်မှ ရရှိလာသော သတင်းကို ပြန်ပြောပြခဲ့သည်။ နဂါးမျိုးနွယ်သား၏ ဖိုရမ်ပေါ်မှ တိုက်ရိုက် ထုတ်လွှင့်မှုက လောကသစ်ပင်နှင့် ဖယ်ရီများ အကြောင်း သတင်း အချက်အလက် များစွာကို ပေးအပ်ခဲ့သည်။

ဖယ်ရီမလေးမှာ စိတ်လှုပ်ရှားပြီး စိုးရိမ်နေသော်လည်း ထာဝရတိုင်းပြည်မှ ထွက်ပြေးရန်က မဖြစ်နိုင်ပေ။ သူမ၏ အဖော်များက အမှောင်ဝင်ပေါက်၏ ကာကွယ်ရေး ခံစစ်စည်းများကို ဖောက်ထွင်း ဝင်လာရန်မှာလည်း မဖြစ်နိုင်ပေ။ ဖယ်ရီမလေးမှာ မြေအောက်လောက သတ္တဝါများအပေါ် မကျေနပ်သော်လည်း သူတို့က အစွမ်းထက်ကြောင်းကိုတော့ သူမ သိသည်။ အကယ်၍ သူမ၏ အဖော်များ သူမကို ကယ်တင်ရန် တဇွတ်ထိုး ကြိုးစားခဲ့ပါက သူတို့ အားလုံး အသတ်ခံ ရပေလိမ့်မည်။ လောကသစ်ပင်မှာ မြေအောက်လောကနှင့် ဝေးကွာ လွန်းနေသောကြောင့် ဖယ်ရီများ သူတို့၏ မာနာစွမ်းအင်၏ အလားအလာ အပြည့်အဝကို အသုံးမပြု နိုင်ခဲ့ကြပေ။

ဖယ်ရီမလေးမှာ တစ်နေ့လုံး စိတ်ဒွိဟ ဖြစ်နေရသည်။ သူမက မြေအောက်လောကမှ ပြန်လွတ်မြောက် လိုခဲ့သော်လည်း သူမ၏ ဖယ်ရီအဖော်များ ထိခိုက်ဒဏ်ရာ ရမည်ကိုလည်း မဖြစ်စေလိုပေ။

မိုးလက်ဖက်ရည်မှာ ဖယ်ရီမလေးကို အကူအညီ ပေးလို ခဲ့သော်လည်း သာမန် ဂိမ်းမာ တစ်ဦး အနေဖြင့် သူမ,မှာ အကြံအိုက် နေခဲ့သည်။ ဖယ်ရီမလေး အတွက် သတင်းအချက်အလက်များ စုဆောင်းပေးခြင်းမှ လွဲ၍ မိုးလက်ဖက်ရည်မှာ သူမ ပိုမို စိုးရိမ်လာသည်ကို ရပ်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

မိုးလက်ဖက်ရည် ပြန်ရောက်လာသောအခါ သူမက ဂိမ်းမာများ သစ်ပင်အိမ်ကို ဝန်းရံထားသည်ကို မြင်လိုက် ရသည်။ ပုံမှန်အားဖြင့် လူမှု ဆက်ဆံရေး မရှိသော ဖယ်ရီမလေးမှာ သစ်ပင်အိမ်၏ အောက်တွင် ရပ်ကာ ဂိမ်းမာများနှင့် စကားပြောဆို နေခဲ့သည်။

"နင်တို့ အမှန်အတိုင်း ပြောနေတာလား။ နင်တို့ ငါ့ကို ထာဝရတိုင်းပြည်ကနေ ထွက်သွားနိုင်အောင် ကူညီကြမှာလား။" ဖယ်ရီမလေး စိုးရိမ်တကြီး မေးလိုက်သည်။ မိုးလက်ဖက်ရည် သူတို့ဆီသို့ လျင်လျင်မြန်မြန် ချဉ်းကပ်သွားလိုက်သည်။ ဂိမ်းမာများက ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင် တစ်ခုခု ရရှိထားခြင်း ဖြစ်ရမည်။ ၎င်းမစ်ရှင်မှာ ဖယ်ရီမလေးနှင့် ဆက်စပ်နေ ရမည်။ သူမ၏ သူငယ်ချင်းကောင်း တစ်ဦး အနေဖြင့် မိုးလက်ဖက်ရည်မှာ ဖယ်ရီမလေးအား သူမ၏ ဖယ်ရီအဖော်များနှင့် ပြန်လည် ဆုံစည်း စေလိုခဲ့သည်။ သူမ ဖယ်ရီမလေးနှင့် ထပ်တွေ့နိုင်တော့မည် မဟုတ်သော်လည်း ဖယ်ရီမလေးသာ ပျော်ရွှင်နေရပါက ယင်းက အဆင်ပြေပေသည်။

မိုးလက်ဖက်ရည်မှာ အမ်ပီစီ တစ်ဦး အပေါ် စိုးရိမ်နေမိသဖြင့် ထူးဆန်းသည်ဟု ခံစားရသည်။ ဤသည်က ဂိမ်း၏ ဆွဲဆောင်မှုပင်၊ အရာရာတိုင်းက အလွန်ပင် လက်တွေ့ကျ နေခဲ့သည်။ တခြားသော ဂိမ်းမာများနှင့် အမ်ပီစီများ၏ ဆက်ဆံရေးများပင်လျှင် လက်တွေ့ဆန်လှ၏။

မိုးလက်ဖက်ရည်မှာ အခြေအနေကို ခဏစောင့်၍ အကဲဖြတ်နေလိုက်သည်။ ဂိမ်းမာ တစ်ဦးက ဖရန်ဂျီပန်နီထံမှ ထာဝရတိုင်းပြည်မှ ထွက်ပြေးရာတွင် သူ့ကို ကူညီပေးရန် မစ်ရှင် တစ်ခု ရရှိခဲ့ခြင်းပင်။

ထာဝရတိုင်းပြည်မှ ဂိမ်းမာများ အားလုံးက ဖရန်ဂျီပန်နီမှာ အရှင်ရှားလော့ခ် ဖမ်းဆီးခဲ့သော အိမ်မွေးတိရစ္ဆာန် တစ်ကောင် ဖြစ်ကြောင်း သိကြသည်။ ဖရန်ဂျီပန်နီ ထာဝရတိုင်းပြည်တွင် စတင် အကျဉ်းချ ခံထားရကတည်းက သူက ထွက်ပြေးရန် နည်းလမ်းများ တစ်ချိန်လုံး စဉ်းစား နေခဲ့သည်။

ယခင်က ဂိမ်းမာ များစွာ ဖရန်ဂျီပန်နီနှင့် ထူးဆန်းသော တွေ့ကြုံမှုများ ရှိခဲ့သော်လည်း သူက မည်သည့် ဆုမျှ မပေးအပ်ခဲ့ပေ။ အကြောင်းမှာ ဂိမ်းမာများက သူ၏ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်များကို မပြီးမြောက် နိုင်ခဲ့သော ကြောင့်ပင်။ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်များမှာ ဖရန်ဂျီပန်နီအား ထာဝရတိုင်းပြည်မှ ထွက်ပြေးရာတွင် ကူညီပေးရန် ဖြစ်သော်လည်း ဖရန်ဂျီပန်နီက အကြိမ် များစွာ ကျရှုံးခဲ့သည်။ သူ၏ နောက်ဆုံး ကြိုးပမ်းမှုတွင်ဆိုလျှင် သူ၏ အခွံကိုပင် ဆုံးရှုံးလိုက်ရသည်။ ဂိမ်းမာများမှာ ဖရန်ဂျီပန်နီကို မြင်တွေ့သည့်အခါတိုင်း ဝမ်းနည်းမှုကို ခံစားခဲ့ရသည်။ အကြောင်းမှာ သူတို့တွင် သူ့ကို ကူညီပေးနိုင်ရန် အစီအစဉ်ကောင်း တစ်ခု မရှိနေ ခဲ့သောကြောင့်ပင်။ သူတို့က ဖရန်ဂျီပန်နီအား ထွက်ပြေးရာတွင် ကူညီပေးရန် နောက်ထပ် ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင် တစ်ခု ရလာသောအခါ အံ့ဩသွား ခဲ့ကြသည်။

အံ့ဩစရာ အကောင်းဆုံး နှင့် အရေးကြီးဆုံး အချက်မှာတော့ ဖရန်ဂျီပန်နီ၏ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်မှာ နဂါးမျိုးနွယ်သားနှင့် ဖယ်ရီမလေး၏ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်နှင့် ချိတ်ဆက် နေခြင်းပင်။

ဖရန်ဂျီပန်နီမှာ ဖယ်ရီမလေး နှင့်အတူ ထွက်ပြေးပြီး ဤကြောက်မက်ဖွယ် ထာဝရတိုင်းပြည်မှ လွတ်မြောက်လိုခဲ့သည်။ သူက အံ့ဖွယ်ကောင်းသော မြေပေါ်ကမ္ဘာသို့ ထွက်ပြေး လိုခဲ့သည်။

"ဒါက တကယ်လား။ သူ တကယ်ပဲ အဲ့ဒီလို ပြောခဲ့တာလား။ သူက နတ်ဆိုး တစ်ပါး မဟုတ်ဘူးလား။ နတ်ဆိုး တစ်ပါးအနေနဲ့ သူ အံ့ဖွယ်ကောင်းသော မြေပေါ်ကမ္ဘာကို ဘယ်လိုလုပ် မျှော်လင့်နိုင်မှာလဲ။ ငါ စိတ်ရှုပ်နေရပြီ။"

သူက နတ်ဆိုး တစ်ပါး ဖြစ်ကြောင်း ဖွင့်ဟခဲ့သူမှာလည်း ဖရန်ဂျီပန်နီပင်။ ဂိမ်းမာများ ထိုအကြောင်း ကြားသိရသောအခါ မယုံနိုင် ဖြစ်နေခဲ့ကြသည်။ မစ်ရှင်ကို တာဝန်ပေးအပ်ပြီး ဖြစ်သောကြောင့် ဂိမ်းမာများ မစ်ရှင်တွင် ဝေစု တစ်ခု ရယူ လိုခဲ့ကြသည်။ ဂိမ်းမာ များစွာက သစ်ပင်အိမ်၏ အောက်တွင် ဖယ်ရီမလေးနှင့် စကားပြောဆို နေခဲ့ကြသည်။

ဖယ်ရီမလေးမှာ ဂိမ်းမာများအား တံတွေးသေနတ်ပစ်၍ သတ်လိုခဲ့သော်လည်း တစ်ယောက်က သူမကို ထွက်ပြေးနိုင်ရန် ကူညီပေးမည်ဟု ပြောလာသောအခါ သူမ စိတ်လျှော့လိုက်သည်။ သူမတွင် ပြင်းထန်သော သံသယများ ရှိနေဆဲ ဖြစ်သော်လည်း သူမ ထွက်ပြေးနိုင်ရန် မျှော်လင့်ချက်များ ဆက်ထားခဲ့သည်။

ဂိမ်းမာများက ဖယ်ရီမလေးနှင့် စကားပြောဆို နေစဉ် ဖရန်ဂျီပန်နီမှာ သစ်ပင်အိမ်၏ အောက်ဘက်သို့ လမ်းလျှောက် သွားခဲ့သည်။ သူ့၌ အခွံ မရှိတော့ပေ။

ဂိမ်းမာများ အကုန်လုံး တိတ်ဆိတ် သွားခဲ့ကြသော်လည်း သူတို့ ဆန္ဒ ရှိသောကြောင့်တော့ မဟုတ်ပေ။ သူတို့က ဇာတ်လမ်းပိုင်း အန်နီမေးရှင်း ပုံစံထဲ ဝင်ရောက်သွားသောကြောင့်ပင်။

ဂိမ်းမာများမှာ စကားပြောဆိုနိုင်ခြင်း သို့မဟုတ် လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။ သူတို့က ဖရန်ဂျီပန်နီနှင့် ဖယ်ရီမလေးကိုသာ စောင့်ကြည့်‌ နိုင်တော့သည်။ ဤခံစားချက်မှာ ရှားလော့ခ် ရှိနေသည့် အချိန်များနှင့် ဆင်တူလှ၏။

"မင်းရဲ့ ဖယ်ရီအဖော်တွေ မင်းကို ကယ်ဖို့ ထာဝရတိုင်းပြည်ကို လာနေကြတယ်လို့ ငါ ကြားတယ်။ မင်း ဒီနေရာကနေ ထွက်ပြေးဖို့ စဉ်းစားနေတာ ဖြစ်ရမယ်။ ငါလည်း အဲ့လိုပဲ ခံစားရတယ်။ ဆိုးယုတ်တဲ့ ရှားလော့ခ်က ငါ့ကို အကျဉ်းချထားပြီး သူ့ ခြေထောက်အောက်က ပုရွက်ဆိတ် တစ်ကောင်လိုပဲ ငါ့ကို ချုပ်နှောင်ထားတယ်။ ငါ အရှက်ခွဲ မခံနိုင်ဘူး။ ငါ ထွက်ပြေးမှ ရမယ်။ ငါတို့ ပူးပေါင်း ဆောင်ရွက်ရအောင်။" ဖရန်ဂျီပန်နီ သစ်ပင်အိမ်၏ ရှေ့သို့ ဖြည်းညင်းစွာ တွားသွားရင်း ဖယ်ရီမလေးအား ပြောလိုက်သည်။ သူက သက်ရှိကိရိယာ တစ်ခု ကဲ့သို့ ခံစားချက် ကင်းမဲ့စွာ ပြောနေလိုက်သည်။

ဖယ်ရီမလေးမှာ ပတ်ဝန်းကျင်မှ ဂိမ်းမာများကို စူးစမ်း ကြည့်ရှုလိုက်ရာ သူတို့ အားလုံး တိတ်ဆိတ်နေကြပြီး သူမကိုသာ ဝိုင်းကြည့်နေ ခဲ့ကြသည်။ သူမက စိုးရိမ်နေခဲ့ပြီး ဖရန်ဂျီပန်နီအား ပြန်ပြောလိုက်သည်။ "နင်က နတ်ဆိုး တစ်ပါးပဲ။ နင် ရှားလော့ခ်ရဲ့ အမိန့်နဲ့ ငါ့ကို လာစမ်းသပ်နေတာ မဟုတ်လား။ နင့်ရဲ့ အချိန်တွေကို လာမဖြုန်းနေနဲ့၊ ငါ လက်နက်ချမှာ မဟုတ်ဘူး။ ငါ နင့်ကို ပြောလိုက်မယ်။ ငါ သေချာပေါက် ထွက်ပြေးမှာ။ ဘယ်သူမှ ငါ့ကို မတားနိုင်ဘူး။"

ဖယ်ရီမလေးမှာ ဖရန်ဂျီပန်နီက ရှားလော့ခ်မှ သူမကို စမ်းသပ်ရန် စေလွှတ်လိုက်ခြင်းသာ ဖြစ်မည်ဟု ထင်သည်။ ဖရန်ဂျီပန်နီက သူမဆီသို့ ရဲတင်းစွာ ချဉ်းကပ်လာပြီး မြေအောက်လောက သတ္တဝါများ၏ အကြည့်များ အောက်တွင်ပင်လျှင် သူမကို ထွက်ပြေးရန် ဖြားယောင်း ခဲ့သည်။ ယင်းက အမှန်ဖြစ်နေသည်ဟု ယုံကြည်နိုင်ရန် အလွန်ကောင်းမွန် လွန်းနေသည်။

All Chapters