← Chapters

အတွင်းပိုင်းပဋိပက္ခ

Vol. 36 Ch. 529

အတွင်းပိုင်းပဋိပက္ခ

Vol. 36 Ch. 529

မှောင်မိုက်သော ဥမင်လိုဏ်ခေါင်း တစ်လျှောက် အနက်ရောင် ကျောက်တုံးများ ပြန့်ကျဲ နေခဲ့သည်။ ဤသည်မှာ လမ်းဆုံလမ်းခွ ကင်းစခန်းသို့ သွားရာလမ်းပင်။ တခြားသော ဂိမ်းမာများ သူတို့ကို ကြားဖြတ် တိုက်ခိုက်ခြင်းလာမှ ကာကွယ်နိုင်ရန် အာသာနှင့်သူ၏ အဖော်များက ဘီးတယ်လ်မွန် လမ်းကြောင်းကို အသုံးမပြုခဲ့ကြပေ။ ယင်းအစား သူတို့က မြေလျှောက်ငှက်များ စီးကာ မွန်းစတားများဖြင့် ပြည့်နှက်နေသော လူသူကင်းမဲ့သည့် ဥမင်လိုဏ်ခေါင်းများကို အသုံးပြု ခဲ့ကြသည်။

အာသာ အလွန် သတိထားသောကြောင့် သူတို့ မည်သည့် ရန်သူနှင့်မျှ မကြုံတွေ့ ခဲ့ရပေ။ သူတို့က အတွေ့အကြုံရှိ တိုက်ခိုက်ရေး သမားများကို ထိခိုက်စေနိုင်ခြင်း မရှိသော ဒိုင်းယားဝံပုလွေများနှင့် ပင့်ကူအချို့နှင့်သာ တွေ့ခဲ့ကြသည်။ သူတို့မှာ ဂိမ်းမာ အနည်းငယ်သာ ပါသော်လည်း အားလုံးက အကောင်းဆုံးထဲမှ အကောင်းဆုံး လက်ရွေးစင်များ ဖြစ်ကြ၏။

သူတို့က ပတ်ဝန်းကျင် ဧရိယာများကို ကင်းထောက်နိုင်ရန် ဂိမ်းမာ များစွာကိုလည်း စေလွှတ် ခဲ့ကြသည်။ သူတို့ လမ်းဆုံလမ်းခွ ကင်းစခန်းလမ်းသို့ မရောက်မီ တစ်ရက်ကြာအောင် သွားခဲ့ရသည်။ အကယ်၍ သူတို့ နောက်မှ လိုက်ခဲ့ပါက လမ်းခွများ ရှိလိမ့်မည် မဟုတ်ပေ။ ၎င်းမှာ အမှောင်ဝင်ပေါက်သို့ ရောက်မည့် တိုက်ရိုက် ဥမင်လိုဏ်ခေါင်း ဖြစ်၏။

သာမန် အခြေအနေ အရဆိုလျှင် ဤဥမင်လိုဏ်ခေါင်းအား ဖြတ်သွားရန်မှာ အလွန်ပင် အန္တရာယ်များ ပေလိမ့်မည်။ အချိန်ပေး စဉ်းစားပြီးနောက်တွင်မူ သူတို့က သူတို့ကိုယ်သူတို့ ရုပ်ဖျက်ရန် ဆုံးဖြတ်ချက် ချခဲ့ကြသည်။

"မင်းတို့ မျက်နှာဖုံးတွေကို ဝတ်လိုက်ကြ။ ငါ ဆောင်းတောင်ကုန်းမြို့ကနေ အဲ့ဒါတွေ ဝယ်ဖို့ ငွေတော်တော် သုံးခဲ့ရတယ်။" ဘောင်းဘီမဝတ်သူက လူတိုင်းအား မျက်နှာဖုံးများ ဖြန့်ဝေပေးရင်း ပြောလိုက်သည်။ မာနာစွမ်းအင်ဖြင့် ပြုလုပ်ထားသော ထိုမျက်နှာဖုံးများမှာ သိုင်းပညာဝတ္ထုများမှ ရုပ်ဖျက်ခြင်း နည်းစနစ်များ ကဲ့သို့ ဝတ်ဆင်သူ၏ အသွင်အပြင်ကို အချိန်တိုအတွင်း ပြောင်းလဲပေးနိုင်၏။ သို့သော် ဤမျက်နှာဖုံးများမှာမူ ခန္ဓာကိုယ်၊ အနံ့အသက်နှင့် တခြားသော လက္ခဏာများကိုပင် ပြောင်းလဲပေး နိုင်သောကြောင့် ဝတ္ထုများထဲမှထက်တောင် ပိုဆန်းကြယ်လှ၏။

"ငါ့ မျက်နှာဖုံးကျ ဂနိုမ်း ဗားရှင်းကြီးလား။" ရင်မွှေးမီးလောင်က မျက်နှာဖုံး တစ်ခုကို ကိုင်ထားရင်း ဘောင်းဘီမဝတ်သူအား မေးလိုက်သည်။ သူ မျက်နှာဖုံးကို မျက်နှာပေါ်တွင် တပ်လိုက်ရာ ဂနိုမ်း တစ်ဦး ဖြစ်သွားခဲ့သည်။ သူ၏ မူလအော့ခ်ခန္ဓာကိုယ် ပင်လျှင် ဂနိုမ်းခန္ဓာကိုယ် အဖြစ်သို့ ပြောင်းလဲ သွားသည်။

လူတိုင်း လူတိုင်း သူတို့၏ မျက်နှာဖုံးများကို တပ်လိုက်ကြပြီး တခြား သတ္တဝါ တစ်ဦး အဖြစ် ပြောင်းလိုက်ကြသည်။ ဖယ်ရီမလေးပင်လျှင် အရပ်ရှည်သော အော့ခ် တစ်ဦး အဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။ ထိုအော့ခ်မှာ အမှန်တကယ်တွင် ဖယ်ရီ တစ်ဦး ဖြစ်ကြောင်း ခွဲခြား သိနိုင်ရန် ခက်ခဲလှ၏။

ပြောင်းလဲသွားသော ခန္ဓာကိုယ်မှာ ပုံရိပ်ယောင်လည်း မဟုတ်ပေ။ ထိတွေ့ကြည့်သည့် အခါတွင် အသားပျော့တစ်ခုကဲ့သို့ ခံစားရသည်။ အကျိုးသက်ရောက်မှုများကိုမူ မာနာစွမ်းအင်ဖြင့် ဖန်တီးခဲ့ခြင်း ဖြစ်၏။

"မျက်နှာဖုံးရဲ့ အကျိုးသက်ရောက်မှုက တစ်နာရီပဲ ခံတယ်တဲ့။ အကျိုးသက်ရောက်မှု မကုန်ခင် ငါတို့ အမှောင်ဝင်ပေါက်ကို ဝင်နိုင်ရမယ်။ အဲ့လို မဟုတ်ရင် ငါတို့ ပေါ်သွားလိမ့်မယ်။"

ဘောင်းဘီမဝတ်သူမှာ ဂနိုမ်း တစ်ဦး အဖြစ်သို့ ပြောင်းလဲ သွားသည်။ သူတို့၏ ခေါင်းပေါ်မှ အစိမ်းရောင် သင်္ကေတများကြောင့် သူတို့ သူ့ကို ခွဲခြား မှတ်မိနိုင်ကြသည်။

"တစ်နာရီတည်းပဲလား။ ဒါက မလုံလောက်ဘူး။"

ရင်မွှေးမီးလောင် မှတ်ချက်ပေးလိုက်ရာ ဂနိုင်သားက ပြန်ပြောသည်။ "ငါတို့ ရထားစီးရင် ဖြစ်နိုင်တယ်။"

"ရထားလား။ ဘာရထားလဲ။" ဖယ်ရီမလေး မေးလိုက်သည်။

"ဒါက အမှောင်ဝင်ပေါက်နဲ့ လမ်းဆုံလမ်းခွ ကင်းစခန်းကြားက လမ်းကြောင်းကို သွားတဲ့ ဘီးတယ်လ်မွန် တစ်ကောင်ပဲ။ ဘီးတယ်လ်မွန်က ဆယ်မိနစ် တစ်ခါ လာတယ်။ ငါတို့ ဘီးတယ်လ်မွန် စီးလိုက်ရင် နာရီဝက်အတွင်း အမှောင်ဝင်ပေါက်ကို ရောက်နိုင်တယ်။ ဒါက လမ်းလျှောက်တာထက် အများကြီး ပိုမြန်တယ်။" ဆယ်ဗားနပ်စ် ပြောလိုက်သည်။

ဂိမ်းမာများ နောက်မှ လိုက်ပါလာသော ဖရန်ဂျီပန်နီမှာမူ တိတ်ဆိတ် နေသည်။ ထာဝရတိုင်းပြည်မှ ထွက်ခွာလာပြီး နောက်တွင် သူ စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ သူ၏ မစ်ရှင်ကို ပြီးမြောက်အောင် လုပ်ပြီးနောက် သူ နောက်ထပ် ထပ်လှုပ်ရှားရန် ရည်ရွယ်ချက် မရှိပေ။ ဖယ်ရီမလေးမှာမူ အစူးစမ်းဆုံး ဖြစ်၏။

သူတို့ သူတို့၏ အစီအစဉ်ကို အကောင်အထည် ဖော်ခဲ့ကြသည်။ ရုပ်ဖျက်ထားသော အုပ်စုက လမ်းဆုံလမ်းခွ ကင်းစခန်းဆီသို့ ဦးတည်သွားခဲ့ကြသည်။ လူတိုင်း သူတို့၏ ခေါင်းပေါ်မှ အစိမ်းရောင် သင်္ကေတများကို ဖုံးကွယ်ထားနိုင်ရန် ဦးထုပ်ရှည် တစ်လုံး ဝတ်ဆင် ထားခဲ့ကြသည်။ ဤသို့ဖြင့် သူတို့က ဖယ်ရီမလေးနှင့် ဖရန်ဂျီပန်နီတို့၏ ခေါင်းပေါ်တွင် အစိမ်းရောင် သင်္ကေတများ မရှိနေခြင်း ပြဿနာကို ဖြေရှင်း ပေးခဲ့ကြသည်။

အယောက်တိုင်း ဦးထုပ်ရှည် တစ်လုံး ဝတ်ထားသည့်အခါ ထူးဆန်း နေခဲ့သည်သာ။ သို့သော် သူတို့မှာ ထူးဆန်းသော ဝတ်စုံများ ဝတ်ဆင်ထားသည့် တစ်ခု တည်းသော အုပ်စု မဟုတ်နေပေ။ ဂိမ်းမာ များစွာက လှချင်ပချင် ကြ၏။ အကယ်၍ သူတို့တွင် လှပသော အဝတ်အစားများ မရှိခဲ့ပါက သူတို့က သူတို့၏ လက်နက်များကို ဆိုးဆေးများဖြင့် အလှဆင်ကြပေလိမ့်မည်။

အစီအစဉ်မှာ လျှောလျှောရှုရှု ဖြစ်ခဲ့သည်။ သူတို့က များများစားစား အာရုံစိုက် မခံလိုက်ရဘဲ လမ်းဆုံလမ်းခွ ကင်းစခန်းသို့ ဝင်လာနိုင်ခဲ့ပြီး ဘီးတယ်လ်မွန် မှတ်တိုင်သို့ ရောက်လာကြသည်။

ဘီးတယ်လ်မွန် မှတ်တိုင်တွင်တော့ လက်နက် အပြည့်အစုံ တပ်ဆင်ထားသော ဂိမ်းမာရာပေါင်း များစွာ ရှိနေကြသည်။ သူတို့က ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ သို့မဟုတ် ယင်းတို့၏ မဟာမိတ် အစည်းအရုံး အမည် အစိမ်းရောင် သင်္ကေတများပါသည့် သံသယရှိဖွယ် ပုဂ္ဂိုလ်များကို ရှာဖွေရင်း တခြား ဂိမ်းမာများကို ပြင်းပြင်းထန်ထန် စောင့်ကြည့် နေကြသည်။ သူတို့က တခြား ဂိမ်းမာများကို ဝင်တိုက်ခိုက်နိုင်ခြင်း မရှိသော်လည်း သံသယရှိဖွယ် ဂိမ်းမာများကိုမူ မေးခွန်းများ မေးကြ ပေလိမ့်မည်။ သံသယရှိဖွယ် ဂိမ်းမာများ တွေ့သည်နှင့် သူတို့၏ ဘီးတယ်လ်မွန်ပေါ်သို့ လိုက်ပါသွားရန် ဂိမ်းမာများ စီစဉ် ကြပေလိမ့်မည်။

ဘီးတယ်လ်မွန် တစ်ကောင်လုံးက ပြိုင်ဘက် အစည်းအရုံးဝင်များဖြင့် အပြည့်အသိပ် ဖြစ်နေနိုင်သည်။ ဘီးတယ်လ်မွန်၏ ကိုယ်ပေါ်မှာ လုံခြုံရေးဇုန် တစ်ခု ဖြစ်သောကြောင့် သူတို့ အမှောင်ဝင်ပေါက်သို့ ရောက်သည်အထိ စောင့်ပြီးမှသာ သူတို့၏ တိုက်ခိုက်မှုကို စလုပ်နိုင် ကြပေလိမ့်မည်။ သူတို့က သူတို့၏ ပစ်မှတ်များ အပြစ် ရှိ၊မရှိ ဆိုသည်ကို ဂရုစိုက်လှသည် မဟုတ်ဘဲ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်တွင် ပါဝင်နိုင်ခြေ ရှိသည် ဆိုရုံနှင့် ဝင်တိုက်ခိုက်ခြင်း ခံရ ပေလိမ့်မည်။

ဤရန်လိုသော အပြုအမူမှာ တခြားသော အစည်းအရုံးများနှင့် အဖွဲ့အစည်းမဲ့ ဂိမ်းမာများအား ဒေါသ ဖြစ်စေခဲ့သည်။ ချန်အန်းမြို့နှင့် သူ၏ မဟာမိတ် အစည်းအရုံးများကမူ တခြားသော ဂိမ်းမာများ၏ ခံစားချက်များကို ဘယ်တော့မှ ထည့်သွင်းစဉ်းစားပေးခြင်း မပြုခဲ့ပေ။ ဤအစည်းအရုံးများ နောက်ကွယ်မှ ဥက္ကဌများမှာ တခြားလူများ၏ ခံစားချက်များကို လျစ်လျူရှု ထည့်မတွက်သော ချမ်းသာသည့် ဂိမ်းမာများ ဖြစ်ကြ၏။ သူတို့က အွန်လိုင်းဂိမ်း အားလုံးတွင် အဖွဲ့ဝင် များစွာ စုဆောင်းနိုင်ရန် ငွေအမြောက်အမြား သုံးစွဲခဲ့ကြသည်။

ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့တွင် ဘီးတယ်လ်မွန်မှာ လုံခြုံရေးဇုန် တစ်ခု ဖြစ်သောကြောင့် တန်ပြန် ဆောင်ရွက်ချက်များ မလုပ်ထားပေ။ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ဝင်များနှင့် မဟာမိတ် အစည်းအရုံးဝင် အများစုမှာ အာသာ၏ အုပ်စုကို ကာကွယ်ရန် အမှောင်ဝင်ပေါက်တွင် ရောက်နေကြလေပြီ။

အာသာက ဘီးတယ်လ်မွန် မှတ်တိုင်ကို စူးစမ်းကြည့်ရင်း နံရံ တစ်ခုကို မှီထားခဲ့သည်။ ထို့နောက် သူ နောက်လှည့်ကာ ပြောလိုက်သည်။ "ငါတို့ လူစုခွဲမှ ရမယ်။ ငါတို့ လူအရေအတွက် များနေရင် ဘီးတယ်လ်မွန်ပေါ် တက်ခွင့် မရအောင် အတား ခံရနိုင်တယ်။"

သူတို့ အယောက်စီတိုင်းက ဦးထုပ်ရှည် တစ်လုံး ဝတ်ထားသောကြောင့် ထင်ရှားနေ ပေလိမ့်မည်။ ဘီးတယ်လ်မွန် မှတ်တိုင်ရှိ ရန်သူများက သူတို့ကို သေချာပေါက် မေးမြန်းကြ ပေလိမ့်မည်။ အကယ်၍ သူတို့သာ သူတို့၏ ခေါင်းပေါ်မှ အစိမ်းရောင် သင်္ကေတများကို ဖော်ပြရန် ငြင်းပယ်ခဲ့ပါက သံသယရှိသူစာရင်းထဲ မှတ်သားခြင်း ခံရ ပေလိမ့်မည်။ ဤနေရာတွင် အာသာ၏ အဖွဲ့ဝင် များများ မရှိနေပေ။ အကယ်၍ သူသာ အင်အားဖြည့်တင်းမှုများ ခေါ်ယူခဲ့ပါကလည်း သူ၏ အထောက်အထား ပေါ်သွားပြီး အမှောင်ဝင်ပေါက်ရှိ ရန်သူများအဖို့ အထူးသတိ အနေအထားသို့ ရောက်ရှိသွား ပေလိမ့်မည်။

အာသာမှာ ပဋိပက္ခဖြစ်ပွားရခြင်းကို တတ်နိုင်သမျှ ရှောင်ရှားလိုခဲ့သည်။ အမှောင်ဝင်ပေါက်သို့ တိတ်တဆိတ် ဝင်ရောက်ခြင်းက ပိုကောင်းသည်။

အာသာ၏ အုပ်စု နှစ်စုခွဲလိုက်သည်။ အာသာ၊ ဘောင်းဘီမဝတ်သူ၊ ဂနိုင်သား၊ ဆယ်ဗားနပ်စ်၊ ရင်မွှေးမီးလောင်၊ မိုးလက်ဖက်ရည်၊ ဖရန်ဂျီပန်နီနှင့် ဖယ်ရီမလေးတို့မှာ ဘီးတယ်လ်မွန် တစ်စီးကို အတူတူ စီးကြပေလိမ့်မည်။

တခြားသော ဂိမ်းမာများမှာမူ ပထမ ဘီးတယ်လ်မွန်ကို လိုက်စီးပြီး သူတို့၏ ဦးထုပ်ရှည်များကို မချွတ်ဘဲ ဆူပူအော်ဟစ်ခြင်းဖြင့် သူတို့၏ ရန်သူများကို အာရုံလွှဲ ပေးကြပေလိမ့်မည်။ ထိုသို့ဆိုလျှင် အာသာနှင့်သူ၏ အဖော်များအတွက် ဖိအား နည်းသွား ပေလိမ့်မည်။

အာရုံလွှဲအုပ်စု ဘီးတယ်လ်မွန် မှတ်တိုင်သို့ ရောက်သည်နှင့် သူတို့က ရန်ဘက်ဂိမ်းမာများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ပြီး ချက်ချင်းပင် ဝန်းရံထားခြင်း ခံလိုက်ရသည်။ သူတို့က အော်ဟစ်ငြင်းခုံစ ပြုလာ ခဲ့ကြသည်။ သူတို့က လုံခြုံရေးဇုန်တွင် ရှိနေသောကြောင့် အချင်းချင်း တိုက်ခိုက်နိုင်ခြင်းတော့ မရှိကြပေ။ ထို့နောက်တွင်မူ သူတို့ အားလုံး ဘီးတယ်လ်မွန် တစ်စီးပေါ်သို့ တက်ကာ ထွက်သွားခဲ့ကြသည်။

ယခင်က လူထူထပ်နေသော ဘီးတယ်လ်မွန် မှတ်တိုင်မှာ ခုနတွင်းချင်း ဗလာကျင်းသွားခဲ့ပြီး ချန်အန်းမြို့နှင့် တခြား ရန်သူ့ အစည်းအရုံးများမှ ရန်ဘက်ဂိမ်းမာများ အရေအတွက် လျော့နည်း သွားခဲ့သည်။ အာသာနှင့် သူ၏ အဖော်များ ချက်ချင်း ထွက်လာကြပြီး နောက်ထပ်လာသည့် ဘီးတယ်လ်မွန်ကို လိုက်စီးခဲ့ကြသည်။

ဒုတိယ ဘီးတယ်လ်မွန်မှာမူ လူသိပ်မများပေ။ ဂိမ်းမာ အများစုမှာ အမှောင်ဝင်ပေါက်တွင် တိုက်ပွဲ အတွက် ပြင်ဆင် နေကြသည်။ ထို့ကြောင့် လမ်းဆုံလမ်းခွ ကင်းစခန်းတွင် ဂိမ်းမာ သိပ်များများ မရှိနေပေ။

ဒုတိယ ဘီးတယ်လ်မွန် ပေါ်တွင် ဂိမ်းမာ ၂၀ အောက်သာ ရှိနေသည်ကို မြင်မှသာ အာသာ သက်ပြင်း ချနိုင်ခဲ့သည်။

ဘီးတယ်လ်မွန် ယာဉ်မောင်းကမူ မျက်လုံးများ မှေးလိုက်သည်။ သူ၏ ခေါင်းပေါ်တွင်တော့ "ချန်အန်းမြို့ အစည်းအရုံးဝင်" ဟူသော စာလုံးများ ရှိနေလေသည်။

...

အမှောင်ဝင်ပေါက်တွင်။

"အာသာနဲ့ သူ့ အဖော်တွေ ဒီကနေ ဖြတ်သွားကြမှာလား။"

"ငါ စိတ်လှုပ်ရှား နေပြီ။ လူအများကြီးနဲ့ဆိုတော့ ဒါက ပွဲကြီးပွဲကောင်း တစ်ခု ဖြစ်လာ တော့မယ်။ တိုက်ပွဲဖြစ်နေတုန်း ငါတို့ ပစ္စည်း ကိရိယာတွေ ဝင်လုနိုင်မလား။"

"ပစ္စည်း ကိရိယာတွေ ရောင်းတယ်၊ ဂုဏ်သတင်းအဆင့် ၁၀ နဲ့အထက် လိုအပ်တဲ့ ပစ္စည်း ကိရိယာတွေ ရောင်းတယ်ဗျ။ အပြာရောင် အထက်တန်းစား ပစ္စည်းတွေ။ လာကြည့်ကြပါ။ လူမျိုးစု အားလုံးနဲ့ ခန္ဓာကိုယ် အရွယ်အစား အားလုံး အတွက်ပါပဲ။ ကျွန်တော်တို့ စိတ်ကြိုက် မှာယူမှုတွေကိုလည်း လက်ခံတယ်နော့်။"

"ရွှေပန်းငယ်ငယ် ရွှေပန်းထိမ် အလုပ်ရုံကို တရားဝင် ဖွင့်လှစ်လိုက်ပါပြီ။ ကျေးဇူးပြုပြီး ရွှေပန်းငယ်ငယ် တံဆိပ်ကို ရှာကြည့်ကြပါ။ ကျွန်တော်တို့ရဲ့ ရွှေဒင်္ဂါးတွေကို လက်နဲ့ ထုလုပ်ထားတာ ဖြစ်ပြီး ဘယ်ဂိမ်းမာနဲ့မှ ချည်နှောင်ထားခြင်း မရှိပါဘူးဗျ။"

"မင်း လာနောက်နေတာလား။ မင်းက ရွှေဒင်္ဂါး မှောင်ခိုဈေးကွက် တစ်ခု ဖန်တီး နေတာလား။"

"ရွှေဒင်္ဂါး တစ်ပြား ဘယ်လောက်လဲ။ ဈေး ဘယ်လောက်လဲ။ မင်း မှော်ကျောက်တုံးတွေ ရောင်းလား။ ငါ မှော်ကျောက်တုံးတွေ လိုချင်တယ်။"

"ဘရားသား၊ မင်း မှော်ကျောက်တုံးတွေ လိုချင်တာလား။ မင်း ဘယ်လောက်ဖိုး လိုချင်သလဲ။ ငါ့မှာ ဒီမှာ ဆယ်ခု ရှိတယ်။"

လမ်းဆုံလမ်းခွ ကင်းစခန်းတွင် စုရုံးနေသော ဂိမ်းမာများက စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်ရန် သို့မဟုတ် ကန့်သတ်ဒန်ဂျင် နယ်မြေကို စိန်ခေါ်ရာတွင် အဖွဲ့ဝင်များ စုဆောင်းရန် ကြိုးစားရင်း အသံပေး ဆူညံနေကြသည်။

ဤသည်မှာ ဂိမ်းမာများ အတွက် နေ့စဉ် အဖြစ်အပျက် တစ်ခုသာ ဖြစ်၏။

အမှောင်ဝင်ပေါက်တွင်မူ တခြား ဒန်ဂျင်များမှ လေ့လာသူများ သို့မဟုတ် ဆောင်းတောင်ကုန်းမြို့မှ စေတနာ့ဝန်ထမ်းများ ကဲ့သို့သော တခြားသော အမ်ပီစီများ ရှိနေကြသည်။

ထာဝရတိုင်းပြည်မှာ သူ၏ ယခင် တိုက်ပွဲများမှ တဆင့် ဂုဏ်သတင်းကောင်း ရရှိ ထားခဲ့သည်။ တခြား ဒန်ဂျင်များမှ လေ့လာသူများအပြင် မြေပေါ်ကမ္ဘာ မွန်းစတားများကို ခုခံ တိုက်ခိုက်ရာတွင် ထာဝရတိုင်းပြည်ကို ဝင်ကူညီ ပေးလိုသော စေတနာ့ဝန်ထမ်းများလည်း ရှိနေကြသည်။ ထိုသူတို့မှာ မြေအောက်လောက၏ ငြိမ်းချမ်းရေး အတွက် အထောက်အကူ ပြုလိုသော၊ မိမိကိုယ်ကို စတေးဝံ့သော စစ်သည်တော်များ ဖြစ်ကြ၏။

ဂိမ်းမာများမှာမူ ဤစစ်သည်တော်များကို လေးစားမှု မပြဘဲ သူတို့ကို ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင် အမ်ပီစီများ အဖြစ်သာ ဆက်ဆံကြသည်။ အချို့သော မစ်ရှင်များကိုလည်း ဤစေတနာ့ဝန်ထမ်းများမှ ပေးအပ်ဖူးသည်။ အကြောင်းမှာ သူတို့ အမှောင်ဝင်ပေါက်သို့ ရောက်လာပြီးနောက် လိုအပ်သော ပစ္စည်းများ မရှိနေခဲ့သော ကြောင့်ပင်။ ရှားလော့ခ်မှာ ဤစေတနာ့ ဝန်ထမ်းများ အတွက် အစားအစာ သို့မဟုတ် ရေကိုပင် မပြင်ဆင် ပေးထားခဲ့ပေ။ ဤထောက်ပံ့ရေး ပစ္စည်းများကိုလည်း ဂိမ်းမာများမှ မှော်ကျောက်တုံးများနှင့် လဲလှယ်ကာ ပေးအပ်ခဲ့ခြင်း ဖြစ်၏။

ဂိမ်းမာများ မှော်ကျောက်တုံးများ ရလာသည့်အခါ သူတို့က ထိုစေတနာ့ ဝန်ထမ်းများကို ဧကရာဇ်များကဲ့သို့ပင် ဝန်ဆောင်မှု ပေးခဲ့ကြသည်။ စေတနာ့ဝန်ထမ်းများ အမှောင်ဝင်ပေါက်တွင် အမြဲတမ်း နေထိုင်နိုင်ရန် အိမ်များ တည်ဆောက်ရာတွင်ပင် ဂိမ်းမာများက ကူညီ ပေးခဲ့ကြသည်။ အမှောင်ဝင်ပေါက်က ထာဝရတိုင်းပြည်မှ ဂိမ်းမာများ၏ ထိန်းချုပ်မှု အောက်သို့ ကျရောက်ပြီးနောက်တွင် ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများအဖို့ ချိတ်ဆက်ထားသော ဝင်ပေါက်များ မှတစ်ဆင့် မြေအောက်လောကသို့ တိုက်ရိုက် ဝင်ရောက်နိုင်ခြင်း မရှိကြတော့ပေ။ ဗစ်တိုးရီးယား မြို့သားများမှာ လမ်းဆုံလမ်းခွ ကင်းစခန်းသို့ နေရာရွှေ့ပြောင်းပြီး ထိုနေရာမှတဆင့် မြေအောက်လောကသို့ ဝင်ရောက်ရုံသာ တတ်နိုင် ကြတော့သည်။

ထာဝရတိုင်းပြည်မှ ဂိမ်းမာများမှာ ဒုတိယ အုပ်စုစစ်ပွဲ အပြီးတွင် အမှောင်ဝင်ပေါက်ကို အပြည့်အဝ ထိန်းချုပ်ထား နိုင်ခဲ့ကြသည်။

ရှေ့ဆောင်လမ်းပြ မဟာမိတ် အစည်းအရုံးဝင်များနှင့် မဟာမိတ် အစည်းအရုံးဝင် များစွာက အမှောင်ဝင်ပေါက်တွင် စုရုံး နေခဲ့ကြသည်။ ချန်အန်းမြို့ အစည်းအရုံးဝင်များနှင့် တခြား ပြိုင်ဘက် အစည်းအရုံးဝင် များကလည်း ဤနေရာတွင် တပ်စွဲ ထားခဲ့ကြသည်။ နှစ်ဖက်စလုံးတွင် တိုက်ပွဲငယ် အကြိမ်နည်းနည်း ဖြစ်ခဲ့သော်လည်း သူတို့က သူတို့၏ လုပ်ရပ်များကို ထိန်းထိန်းသိမ်းသိမ်း တားထားခဲ့ကြသည်။ အဓိကအကြောင်းရင်းမှာ သူတို့က အချင်းချင်း မသိကြ သေးသောကြောင့်ပင်။ ထို့အပြင် အာသာနှင့်သူ၏ အဖော်များလည်း ထွက်လာခြင်း မရှိသေးပေ။ အကယ်၍ တိုက်ပွဲကြီးသာ တစ်ခု ဖြစ်ပွားခဲ့ပါက အာသာက ထိုပရမ်းပတာ ဖြစ်နေသော အခြေအနေကို အကာအကွယ် ယူ၍ ဖယ်ရီမလေးနှင့် ဖရန်ဂျီပန်နီအား အမှောင်ဝင်ပေါက် အတွင်းသို့ တိတ်တဆိတ် ခေါ်သွား နိုင်ပေလိမ့်မည်။

ချန်အန်းမြို့ အစည်းအရုံးဝင်များမှာ ပါးနပ်ကြ၏။ ထိုအရာက အာသာနှင့်သူ၏ အဖော်များကို စိုးရိမ်စေခဲ့သော အရာလည်း ဖြစ်သည်။

သို့သော် အာသာ့ဘက်တွင် အမှောင်ဝင်ပေါက်သို့ မည်သည့် အချိန်တွင် သွားမည်ကို ဆုံးဖြတ်နိုင်သောကြောင့် အားသာမှု ရှိနေခဲ့သည်။ အကယ်၍ ရှေ့ဆောင်လမ်းပြ မဟာမိတ် အစည်းအရုံးဝင်များကသာ အာသာ မရောက်ခင် ချန်အန်းမြို့ အစည်းအရုံးဝင် များကို အနိုင်ယူနိုင်ခဲ့ပါက အာသာနှင့်သူ၏ အဖော်များ အမှောင်ဝင်ပေါက် အတွင်းသို့ အလွယ်တကူ ဝင်နိုင်ပေလိမ့်မည်။

တစ်ခု တည်းသော သတိပြုရန်အချက်မှာ အာသာ၏ လှုပ်ရှားမှုများကို ချန်အန်းမြို့ အစည်းအရုံးဝင်များမှ မသိနေကြောင်း သေချာစေရန်ပင်။

အာသာ အမှောင်ဝင်ပေါက်သို့ ချဉ်းကပ်လာစဉ် ရှေ့ဆောင်လမ်းပြ မဟာမိတ် အဖွဲ့ဝင်များက ချန်အန်းမြို့ အဖွဲ့ဝင်များကို နှောင့်ယှက်ကာ ပြောင်လှောင် ရန်စ နေခဲ့ကြသည်။ သို့သော် ယင်းက အကျိုးသက်ရောက်မှု မရှိခဲ့ပေ။ သူတို့က ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ဝင်များ အမှောင်ဝင်ပေါက်ကို ထိန်းချုပ်မှု ယူနိုင်ရန် သူတို့ သိမ်းပိုက်ထားသော ဧရိယာကိုပင် ဆုတ်ခွာ စွန့်လွှတ် ပေးခဲ့ကြသည်။

ချန်အန်း အစည်းအရုံးဝင်များက သူတို့၏ အစီအစဉ်ကို သိရှိပြီး ဖြစ်နေ သကဲ့သို့ပင်။

"ငါတို့ အစီအစဉ် ပေါ်သွားပြီလား။" ဘီးတယ်လ်မွန် ပေါ်တွင် ရှိနေသော ဆယ်ဗားနပ်စ် သူမ၏ အဖော်များအား ခပ်တိုးတိုး ကပ်မေးလိုက်သည်။

ဂနိုင်သား ခေါင်းခါလိုက်သည်။ သူ ဘာဖြစ်ခဲ့သည်ကို မသိခဲ့ပေ။ အာသာ,သာ အတွေးနက် နေခဲ့သည်။ ထို့နောက် အာသာက ယာဉ်မောင်းနှင့် ခရီးသည်များကို ခွဲထားသော ပျဉ်ပြားကို ခေါက်လိုက်သည်။ သူ ယာဉ်မောင်းခန်းကို ချောင်းကြည့်လိုက်ရာ အိပ်ပျော်နေသော ဂိမ်းမာ တစ်ဦးကို တွေ့လိုက်ရသည်။

အိပ်ပျော်နေသော ဂိမ်းမာမှာ အမှန်တကယ်တွင် အော့ဖ်လိုင်း ဆင်းနေခြင်း ဖြစ်ပြီး ယင်းက သူ တခြား ဂိမ်းမာများနှင့် ဆက်သွယ်နေကြောင်း ဖော်ပြနေသည်။ သူ၏ ခေါင်းပေါ်တွင်တော့ "ချန်အန်းမြို့" ဟူသော စာလုံးများ ရှိနေသည်။

ထိုသူမှာ ချန်အန်းမြို့ အစည်းအရုံးဝင် တစ်ဦး ဖြစ်၏။

"ငါတို့ အကြံပေါ်သွားပြီ။ ငါတို့ အဖွဲ့ဝင်တွေကို တိုက်ပွဲ အတွက် ပြင်ဆင်ဖို့ အကြောင်းကြားလိုက်တော့။" အာသာ သူ၏ နောက်မှ အဖော်များအား အော်ပြော လိုက်သည်။ ဘီးတယ်လ်မွန်ပေါ်မှ တခြား ဂိမ်းမာများကမူ သိချင်စိတ်ပြင်းပြစွာ အချင်းချင်း ကြည့်လိုက် ကြသည်။ အာသာ သူ၏ ဦးထုပ်ရှည်ကို ချွတ်၍ သူ၏ ခေါင်းပေါ်မှ အစိမ်းရောင် သင်္ကေတများကို ဖော်ပြလိုက်ရာ ဘီးတယ်လ်မွန်ပေါ်မှ ဂိမ်းမာများ စိတ်လှုပ်ရှားစွာ ပြောဆို လိုက်ကြသည်။

"ငါတို့က ပွဲကြည့်ဖို့ ဒီကို လာကြတာ။ အဓိက ဇာတ်ဆောင်တွေက ငါတို့ ဘေးမှာတင် ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"

"နောက်ပိုင်း တိုက်ပွဲဖြစ်နေတုန်း ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့။ ငါ မင်းတို့ရဲ့ ပစ္စည်း ကိရိယာတွေကို မယူဘူး။ ငါက ပွဲကြည့်ရုံ သက်သက်ပဲ။"

"အစ်ကို အာသာ၊ ငါ မင်းရဲ့ ပရိသတ် တစ်ယောက်ပါ။ ငါ မင်းကို အားပေးနေမယ်။"

ဘီးတယ်လ်မွန်ပေါ်မှ ဂိမ်းမာများ အော်ဟစ် လိုက်ကြသည်။ သို့သော် အာသာကမူ ဂရုမစိုက်ပေ။ သူက ယာဉ်မောင်းမှာ ချန်အန်းမြို့ အဖွဲ့ဝင် တစ်ဦး ဖြစ်ကြောင်း ရှာတွေ့ ခဲ့သောကြောင့် သူတို့ အကြံပေါ်သွားပြီ ဖြစ်ကြောင်းနှင့် တိုက်ပွဲ အတွက် အသင့်ဖြစ်နေရန် တခြား အစည်းအရုံးဝင်များအား အကြောင်းကြားရန် အော့ဖ်လိုင်း ဆင်းသွားခဲ့သည်။ ချန်အန်းမြို့ အဖွဲ့ဝင်များမှာ အမှောင်ဝင်ပေါက်တွင် တိုက်ပွဲအတွက် အဆင်သင့် ဖြစ်နေကြလောက်ပြီ။

ချန်အန်းမြို့ အဖွဲ့ဝင်များမှာ အာသာ၏ ရုပ်ဖျက်မှုကို ရှာတွေ့ခဲ့ပြီး သူ၏ အစီအစဉ်ကို သိရှိသွားခဲ့ခြင်း ဖြစ်ရမည်။ လမ်းဆုံလမ်းခွ ကင်းစခန်းမှ ထွက်သွားသော ဦးထုပ်ရှည်ဝတ် ဂိမ်းမာ အုပ်စုနှစ်စုကို သူတို့ မည်သို့ ရှင်းပြနိုင်မည်နည်း။

အမှောင်ဝင်ပေါက်ရှိ ရှေ့ဆောင်လမ်းပြ မဟာမိတ် အဖွဲ့တပ်မှူး တစ်ဦးက အာသာ၏ စာတိုကို ရရှိပြီးနောက် အစည်းအရုံးဝင်များကို စုစည်းလိုက်သည်။ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ဝင်များက ဘီးတယ်လ်မွန် မှတ်တိုင်ကို သိမ်းပိုက် လိုက်ကြပြီး ချန်အန်းမြို့ အဖွဲ့ဝင်များကမူ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ဝင်များကို ဝင်တိုက်ခိုက်ခြင်း မရှိဘဲ ဘေးပတ်ပတ်လည်မှ ဝန်းရံ ထားခဲ့ကြသည်။ ချန်အန်းမြို့ အဖွဲ့ဝင်များမှာ ဘီးတယ်လ်မွန် ရောက်လာသည်ကို စောင့်နေခဲ့ကြသည်။

အချိန် ကုန်လွန်သွားပြီးနောက်တွင် အမှောင်ဝင်ပေါက်ရှိ လေ့လာသူများကလည်း ထူးဆန်းပြီး တင်းမာနေသော အခြေအနေကို သတိပြု မိလာကြသည်။

အမ်ပီစီများက ဂိမ်းမာများအား ဘာဖြစ်ပျက်ခဲ့သည်ကို မေးမြန်းခဲ့ကြရာ ဂိမ်းမာများကလည်း သူတို့ သိထားသော ကိစ္စကို စိတ်လှုပ်ရှားစွာ ပြန်ပြောပြ ခဲ့ကြသည်။

အာသာနှင့် သူ၏ အဖော်များက ဖယ်ရီမလေးအား မြေအောက်လောကမှ ခေါ်ထုတ်သွားရန် ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင် တစ်ခု ရရှိခဲ့ပြီး အာသာနှင့် သူ၏ အဖော်များ ဖယ်ရီမလေး နှင့်အတူ ထွက်ခွာသွားခြင်းကို တားဆီးရန် စောင့်ဆိုင်းနေသော ပြိုင်ဘက် အင်အားစု တစ်ခု ရှိနေသည်။

တနည်းအားဖြင့် ဆိုရလျှင် ထာဝရတိုင်းပြည်တွင် အတွင်းပိုင်း ပဋိပက္ခ တစ်ခု ရှိနေခဲ့သည်။

All Chapters