← Chapters

အခန်း (၁၀၉)

Vol. 10 Ch. 109

အခန်း (၁၀၉)

Vol. 10 Ch. 109

ကျိသော်သည် ဘက်ထရီများကို တပ်ဆင်လိုက်ပြီး၊ သူအရင်က သင်ယူခဲ့သည်များကို ပြန်တွေးကာ ကင်မရာကို ကောက်ကိုင်လိုက်ပြီး လင်းချောင်၏ ဓာတ်ပုံတစ်ပုံကို ရိုက်လိုက်သည်။

ဖလက်ရှ် မီးပွင့်သွားပြီး လုံးဝမပြင်ဆင်ရသေးသော လင်းချောင်၏ မျက်နှာက ဖလင်ပေါ်တွင် မှတ်တမ်းတင်ခံလိုက်ရသည်။

ဘာဟန်ပန်မှမရှိ၊ မျက်နှာအမူအရာလည်း မပြောင်းလဲဘဲ၊ အပေါ်စီးမှ ရိုက်လိုက်သည့်ပုံပင်။

လင်းချောင် လန့်သွားပြီး သူ့လက်ထဲမှ ကင်မရာကို အမြန်ဆွဲယူလိုက်သည်။ "ဒီလို လျှောက်မရိုက်နဲ့။ ချုပ်ကိုင်ဖို့အတွက် မလှတဲ့ပုံတွေ ရိုက်မယ်ဆိုရင် မရိုက်တာက ပိုကောင်းတယ်။"

သူမသည် လှပသော ဓာတ်ပုံများကို အသည်းအသန် စွဲလမ်းတတ်သူမဟုတ်သလို၊ အချိန်တိုင်း ကိုယ့်ဘာသာကိုယ် ဓာတ်ပုံလည်း မရိုက်တတ်ပေ။ သို့သော် ရုပ်ဆိုးသော ဓာတ်ပုံများလည်း မရှိနေစေလိုပေ။

ကျိသော်ကတော့ ထိုတုံ့ပြန်မှုကို မမျှော်လင့်ထားခဲ့ဘဲ သူမပြောသော "ချုပ်ကိုင်ရန်" ဆိုသည့်စကားကို စဥ်းစားနေရင်း သူမ၏ မျက်နှာကို တိုက်ရိုက်ကြည့်လိုက်၏။

"ရုပ်မဆိုးပါဘူး။"

တကူးတက မပြင်ဆင်ထားခဲ့သော်လည်း ထိုမိန်းကလေးသည် တောက်ပပြီး ဆွဲဆောင်မှုရှိနေသည်။ သူမ၏ ဆံပင်အဖျားလေးများတွင် အကောက်အချို့ရှိနေသည်မှာ နှစ်သစ်ကူးကာလက ရွှီလီ လုပ်ပေးထားခြင်းဖြစ်ပြီး သူမ၏ မျက်နှာသေးသေးလေးကို ပိုဖြူဖွေးပေါ်လွင်နေစေကာ မျက်လုံးထောင့်များကလည်း အသက်ဝင်နေခဲ့သည်။

ကျိသော် သူမကို ငုံ့ကြည့်လိုက်ပြီး စိတ်မထိန်းနိုင်တော့ဘဲ သူ၏ လက်မဖြင့် သူမ၏ မျက်လုံးထောင့်နားမှ မှဲ့သေးသေးလေးကို ညင်သာစွာ ထိကိုင်လိုက်သည်။

သူ၏ ထိတွေ့မှုသည် အလွန်ပေါ့ပါးလွန်း၍ သူမ၏ အသားအရေသည် အထိအတွေ့ကို မခံစားတတ်သူဖြစ်လျှင် သို့မဟုတ် သူ၏ လက်ချောင်းထိပ်များသည် ကြမ်းတမ်းနေခြင်းမရှိလျှင် လင်းချောင် လုံးဝ ခံစားမိခဲ့မည်မဟုတ်ပေ။ သူမ အလိုလို ခေါင်းမော့လိုက်မိရာ သူ၏ လက်ချောင်းများက သူမ၏ မျက်လုံးထောင့်မှတစ်ဆင့် ပါးပြင်သို့ လျှောဆင်းသွားတော့သည်။

ကျိသော်၏ လက်သည် ငြိမ်သက်နေပြီး သူမ၏ မျက်နှာကို ညင်သာစွာ အုပ်ကိုင်ထားလျက် သူမ၏ မျက်လုံးများကို စိုက်ကြည့်ကာ ထပ်ပြောလိုက်ပြန်၏။ "ရုပ်မဆိုးပါဘူး။"

သူ၏ အကြည့်သည် အလွန်စူးစိုက်နေခဲ့ပြီး သူထိတွေ့ထားသော နေရာများကလည်း အနည်းငယ် ယားယံလာသလို ခံစားရသည်။

လင်းချောင်သည် သူမ၏ မျက်တောင်ရှည်များကို မှိတ်လိုက်ဖွင့်လိုက် လုပ်လိုက်ရင်း ညဘက်တွင် စိတ်ပါဝင်စားစွာ နီးနီးကပ်ကပ် ပူးကပ်နေခြင်းထက် ဤသေးငယ်သော ထိတွေ့မှုလေးမှ ပိုရင်းနှီးနေသည့်ခံစားမှုကို အံ့အားသင့်စွာရရှိခဲ့ရသည်။ သို့သော်လည်း သူမက ကင်မရာကို ထိုအမျိုးသား၏ ရင်ဘတ်ပေါ်သို့ ဖိလိုက်ရင်း ပြောလိုက်သည်။

"ဒါဆိုရင် ဓာတ်ပုံတွေ လျှောက်မရိုက်ရဘူးနော်။"

သူတို့ ဘယ်လောက်ပဲ ရင်းနှီးပါစေ၊ သူသည် ဓာတ်ပုံရိုက်လျှင် ရိုးရှင်းသည့် သာမန်အမျိုးသားတစ်ယောက်လို ရိုက်တတ်သည့် အချက်ကိုတော့ ပြောင်းလဲပစ်လို့ မရနိုင်ပေ။ ဒါ့အပြင် သူ မရှင်းပြရသေးသည့် ကိစ္စတစ်ခုလည်း ရှိနေသေးသည်။

သူ၏ ရင်ဘတ်ပေါ်မှ အထိအတွေ့တစ်ခုကို ခံစားလိုက်ရသောအခါ ကျိသော်သည် သူ၏လက်ကို ပြန်ရုပ်လိုက်ပြီး သူ့ကိုဖိထားသည့် ကင်မရာကို ငုံ့ကြည့်ကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။ "ဘာလို့ လျှောက်ရိုက်နေတယ်လို့ ပြောတာလဲ။"

လင်းချောင်လည်း ဒီ ဓာတ်ပုံများအကြောင်း သိပ်မသိပေ။ "ရှောင်ဇယ် လာတဲ့အခါ သူ့ကို မေးကြည့်လိုက်ပါလား။"

ကျိသော် - "..."

ဒီလူက လုံးဝကို အသိမရှိနေခြင်းမျိုးတော့ မဟုတ်ပေ။ ညနေပိုင်းတွင် နောက်ထပ် မွေးနေ့လက်ဆောင်တစ်ခုကို လက်ခံရရှိလိုက်သောအခါ လင်းချောင်သည် ငိုမိတော့မလိုပင် ဖြစ်သွားခဲ့သည်။

သူသည် သူ့တွင်ရှိသမျှ စိတ်ရှည်သည်းခံမှုများအားလုံးကို သူမအပေါ်တွင် အသုံးပြုခဲ့သည်။ တစ်ခါတရံ သူမကို အရမ်းနှေးကွေးနေသည်ဟု ခံစားမိစေပြီး တစ်ခါတရံမှာတော့ အရမ်းမြန်လွန်းနေသည်ဟုလည်း ခံစားရစေခဲ့သည်။ နောက်တစ်နေ့ မနက််မှသာ လိုက်ကာပေါ်ရှိ ကလစ်နှစ်ခု ပြုတ်ကျနေသည်ကို သူမ သတိပြုမိခဲ့တော့သည်။

"ရှင် လုပ်ခဲ့တာပဲ၊ ရှင့်ဘာသာ ပြန်ပြင်လိုက်။" လင်းချောင် ထိုလိုက်ကာကို ဆွဲရင်း ကျိသော်ကို လှည့်ကြည့်လိုက်သည်။

ကျိသော်သည် သူ၏ အင်္ကျီလက်ကောက်ဝတ်နေရာမှ ကြယ်သီးများကို တပ်နေရင်း သူ့ရင်ဘတ်ပေါ်ရှိ အနည်းငယ် နာကျင်နေဆဲဖြစ်သော အမှတ်အသားအချို့အကြောင်းကို ပြန်စဥ်းစားနေမိသည်။ ယုတ္တိရှိရှိ စဥ်းစားကြည့်လျှင် ဒါက သူဆွဲဖြုတ်ခဲ့ခြင်း မဟုတ်သော်လည်း ထိုသို့ ပြောမထွက်သည့်အတွက် "အင်း" ဟုသာ ပြန်ဖြေလိုက်၏။

မွေးနေ့ပွဲကြောင့်လား မသိသော်လည်း ထိုနောက်ပိုင်းရက်များတွင် သတင်းကောင်းများဖြင့် ပြည့်နှက်နေခဲ့သည်။

ပထမဆုံးအနေဖြင့်၊ ရူပဗေပြိုင်ပွဲ၏ ကနဦးရလဒ်များ ထွက်ပေါ်လာခဲ့ရာ လီရှောင်ချို့သည် ရမှတ်မြင့်မြင့်နှင့် ဗိုလ်လုပွဲသို့ အောင်မြင်စွာ ဝင်ရောက်သွားနိုင်ခဲ့သည်။

ရူပဗေဒကို ကိုယ်တိုင်သင်ကြားပေးခဲ့သော ဒုကျောင်းအုပ်ကြီးချီက လင်းချောင်အား လီရှောင်ချို့၏ ရမှတ်နှင့်ဆိုလျှင် ဗိုလ်လုပွဲတွင် ပုံမှန်မဟုတ်သည့် စွမ်းဆောင်ရည် ကျဆင်းသွားခြင်းမျိုးသာမရှိခဲ့ပါက ဆုတစ်ခုရရှိရန် အခွင့်အရေးကောင်း ရှိကြောင်း ပြောပြခဲ့သည်။

နောက်တစ်ခုကတော့ ဓာတုဗေဒပြိုင်ပွဲဖြစ်သည်။ ယခုတစ်ကြိမ်တွင် ကျောင်းမှ ကျောင်းသားနှစ်ဦး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်- လင်းချောင်၏ အတန်းမှ ချီဟွိုင်ဝမ်နှင့် အဖွဲ့ခေါင်းဆောင်ကော၏ အတန်းနှစ်မှ ယောက်ျားလေးတစ်ဦးတို့ ဖြစ်သည်။

"ဒီနှစ်က အခြေအနေကောင်းတယ်။ အရင်နှစ်တွေက ဘယ်သူမှ မပါနိုင်ခဲ့ဘူး၊ ဒါပေမဲ့ ဒီနှစ်တော့ သုံးယောက်တောင်ပါတာ။" အဖွဲ့ခေါင်းဆောင်ကောသည် သူ၏ စားပွဲကိုခေါက်နေရင်း သူ့ခြေထောက်များကို ချိတ်ကာ ထိုင်နေခဲ့သည်။

"အရင်နှစ်တွေတုန်းကရော ကျွန်မတို့ကို အခွင့်အရေး မပေးခဲ့ဘူးလား။"

ဒီနှစ်တွင် ကျောင်း၏ စွမ်းဆောင်ရည်က တကယ်ကို ကောင်းမွန်နေခဲ့သည်။ အထူးသဖြင့် လင်းချောင်က ချီဟွိုင်ဝမ်ကြောင့် အလွန်ပျော်ရွှင်ခဲ့ရပြီး သူမကို အံ့ဩသွားစေနိုင်ခဲ့သည်။

ပြီးခဲ့သည့်နှစ်တွင် ထိုကောင်လေးသည် စာသင်နှစ်ကုန်ပိုင်းတွင် သူ့အဆင့်၏ အဆင့်နှစ်ဆယ်အတွင်းမှာသာ ရှိခဲ့သည်။ ဒီနှစ်၏ ပထမလ စာမေးပွဲမှာတော့ သူ၏ စွမ်းဆောင်ရည်က ပိုမိုတိုးတက်လာပြန်သည်။ ယခင်က ဆိုးသွမ်းပုန်ကန်ခဲ့လေလေ၊ ယခု ပိုပြီး ဇွဲရှိရှိကြိုးစားလေလေပင်။

တနင်္ဂနွေနေ့တွင် နေရောင်ခြည်က သာယာနေလေသည်။ အိမ်ဟောင်းကို ပြန်စရာမလိုသောကြောင့် သူမတို့ ဇနီးမောင်နှံက မနက်စောစောထပြီး အိပ်ယာခင်းများနှင့် စောင်များကို အဝတ်လျှော်စက်ဖြင့် လျှော်လိုက်ကြသည်။ နေရောင်အောက်တွင်လှန်းထားပြီး နေ့လယ်အထိ အခြောက်ခံထားခဲ့ကြသည်။

ခြံထဲမှ ကြိုးတန်းပေါ်တွင် အဝတ်လှန်းနေတုန်းမှာပဲ ကျိဇယ် ရောက်ချလာ၏။ လက်တစ်ဖက်တွင် မောက်ထိုင်အရက်ပုလင်း တစ်လုံးကို ကိုင်ထားပြီး နောက်ကျောမှာတော့ အိတ်တစ်လုံးကို လွယ်ထားသည့်တိုင် သူ၏ပုံစံကတော့ သိပ်ပြီး မတက်ကြွနေခဲ့ပေ။

မတက်ကြွနေဘူးဟု ပြောသည်က လျှော့ပြောရာရောက်သည်။ ယဲ့မင်ရှူး၏ ဆေးရုံအခန်းထဲတွင် နောက်ဆုံးတွေ့ခဲ့ရသည့်အချိန်ကစပြီး သူက ကိုယ်အလေးချိန် သိသိသာသာ လျော့ကျသွားခဲ့သည်။

မျက်ခွံများက ချိုင့်ဝင်နေပြီး၊ မေးစေ့က ချွန်နေသော်လည်း သူ့မျက်လုံးများကတော့ တည်ငြိမ်နေခဲ့သည်။ ဒီလို ကိုယ်အလေးချိန်ကျသွားသောကြောင့် သူ့မျက်နှာပေါ်မှ ငယ်ရွယ်မှုများ လုံးဝ ပျောက်ကွယ်သွားပြီး ထင်ရှားသည့်မျက်နှာကျပုံများ ပေါ်လာခဲ့တော့သည်။ ဆေးရုံတွင် လင်းချောင် ပထမဆုံး မြင်ခဲ့ရချိန်ထက်ကို သူက ပိုပြီး ရင့်ကျက်သည့်ပုံ ပေါက်နေခဲ့၏။

"ဦးလေး၊ အဒေါ်။"

သူက ခြံထဲဝင်ဝင်ချင်း သူမတို့နှစ်ယောက်ကို နှုတ်ဆက်လိုက်သည်။ ကျိသော် အဝတ်များ လှန်းနေသည်ကို မြင်တော့ သူက အရက်ပုလင်းကို အမြန်ချလိုက်ပြီး ပြောလိုက်၏။

"ကျွန်တော် လုပ်ပေးပါ့မယ်။"

သူက တာဝန်လွှဲယူလိုက်ပြီး ထိုအဝတ်များကို ကြိုးတန်းပေါ် လှန်းပေးလိုက်သည်။ အခြားလှန်းစရာ ရှိသေးလားဟု မေးမည်အလုပ် သူ့ဦးလေးက သူ့ကို စိုက်ကြည့်နေသည်ကို သတိထားမိလိုက်သည်။

ထိုအချိန်မှ ဘေးနားတွင် ရပ်နေသည့် လင်းချောင်ကို သူ သတိထားမိလိုက်သည်။ သူက ကူညီချင်စိတ် လွန်ကဲသွားပြီး သူတို့နှစ်ယောက်ကြားတွင် ဝင်ရပ်လိုက်မိကာ လင်းချောင်ဘေးနားတွင် ကပ်၍ ရပ်နေမိခြင်းပင်။

ဒါက အနည်းငယ်တော့ အနေရခက်သွားစေခဲ့၏။ ကျိဇယ်၏ ရှင်သန်လိုသည့်ဗီဇက စတင်အလုပ်လုပ်တော့သည်။ သူက တစ်ခုခုကို ချက်ချင်း သတိရသွားပုံရပြီး ပြောလိုက်၏။

"ဪ၊ ဟုတ်သား၊ ကျွန်တော့်မှာ စားစရာလည်း ပါလာသေးတယ်။"

သူသည် သူ၏ ကျောပိုးအိတ်ကို ဆွဲယူပြီး အတွင်းထဲသို့ ပြေးဝင်ရန် လုပ်လိုက်သော်လည်း လမ်းတစ်ဝက်အရောက်မှာတော့ မြေပြင်ပေါ်မှ မောက်ထိုင်အရက်ပုလင်းနှစ်လုံးကို ပြန်ကောက်ရန် နောက်လှည့်လာခဲ့ရသည်။

လင်းချောင်က သူ အနည်းငယ် ရင့်ကျက်သွားပြီဟု ထင်လိုက်ချိန်မှာပဲ သူက ပြန်ပြီး တုန်လှုပ်ချောက်ချားစွာ ပြုမူလိုက်သောကြောင့် သူမ ရယ်လိုက်မိ၏။

"ရှင့်ရဲ့တူက တော်တော် သ်ိတတ်တယ်နော်။"

ကျိသော်ကတော့ ဘာမှမပြောဘဲ အဝတ်များကို ဆက်လှန်းနေလေသည်။ ပြီးမှသာ လင်းချောင်လက်ထဲမှ ပုံးအလွတ်ကို ယူပြီး လက်ဆေးရန် အတွင်းသို့ ဝင်သွားလိုက်သည်။

ကျိဇယ်က မောက်ထိုင်အရက်ကို နေရာချပြီး သူ့အိတ်ထဲမှ ထမင်းဘူးတစ်ဘူးကို ထုတ်လာခဲ့သည်။ "အဒေါ် ဒါကို ကြိုက်တယ်ဆိုပြီး ကျွန်တော် မှတ်မိနေတယ်။ အဒေါ့် အကြိုက်အရသာနဲ့ ကိုက်ရဲ့လား ကြည့်ပါဦး။"

သူသည် အထင်ကြီးအောင် လုပ်တတ်သူဖြစ်သည်။ လင်းချောင် လက်လှမ်းတော့မည့်အချိန်မှာပဲ ကျိသော်က သူမဆီမှ ယူလိုက်၏။ ဖွင့်ကြည့်လိုက်ရာ ပုစွန်တုပ်ဟင်းပွဲဖြစ်သည်။

ကျိသော် သူ့တူကို လှမ်းကြည့်လိုက်မိပြီး လင်းချောင်ကတော့ ထိုဟင်းလျာကို အတော်လေး ရင်းနှီးနေသည်ဟု ခံစားမိကာ မေးလိုက်၏။ "ဒါကို ဘယ်က ဝယ်လာတာလဲ။"

ကျိဇယ်က ပြန်ဖြေလိုက်သည်။ "ရွဲ့ပင်း စားသောက်ဆိုင်ကပါ။ ကွေ့ဟွား လမ်းကြားထဲက ဆိုင်အသစ်လေ၊ ယန်ဒူရဲ့ ပထမဆုံး ပုဂ္ဂလိက စားသောက်ဆိုင်ပဲ။"

သူက အထင်ကြီးအောင်လုပ်ချင်ပုံရပြီး အသေးစိတ် ရှင်းပြနေခဲ့သည်။ "အဲ့ဒီဆိုင်မှာ စားပွဲ လေးလုံးပဲရှိတယ်။ နိုင်ငံခြားသားတွေ အများကြီး သွားစားကြပြီး သတင်းထောက်တွေက ဓာတ်ပုံရိုက်ဖို့နဲ့ အင်တာဗျူးဖို့တောင် လာကြတယ်။ ကြိုတင်မှာယူမှုတွေက နောက်နှစ်လအထိ ပြည့်နေတာ။ ကျွန်တော်လည်း ကြိုမှာလို့ မရတာနဲ့ စားပွဲရတဲ့ လူတစ်ယောက်ကို ဆယ်ယွမ်ပေးပြီး ဒါကို မှာခိုင်းလိုက်တာလေ။ ဘယ်လို အရသာဖြစ်နေလဲတော့ မသိဘူး။"

ပုစွန်တုပ်ဟင်းပွဲတစ်ပွဲက နှစ်ယွမ်သာ ကုန်ကျသည်။ ထိုခေတ်ကာလတွင်တော့ အတော်လေး ဈေးကြီး၏။ သူက ဆယ်ယွမ် သုံးလိုက်သည်ဆိုတော့ တစ်ဖက်လူက အလကားစားလိုက်ရရုံသာမက ပိုက်ဆံပါ အပိုထပ်ရသွားသေးသည့် သဘောပင်။

လင်းချောင်လည်း ကျိသော်ဘက်သို့ လှည့်လိုက်၏။ "အဲ့ဒီနေ့က ရှင်လည်း ဒီဆိုင်ကနေပဲ ဝယ်ခဲ့တာလား။"

"ဦးလေးလည်း ဒီဆိုင်က ဝယ်ခဲ့သေးတာလား။" ကျိဇယ်ကလည်း အံ့ဩသွားပြီး မေးလိုက်သည်။ "ဦးလေးလည်း တစ်ယောက်ယောက်ကို ပိုက်ဆံပေးပြီး ဝယ်ခိုင်းခဲ့တာလား။"

"မဟုတ်ဘူး၊ ငါက ကြိုတင်ဘိုကင်လုပ်ထားတာ။" ကျိသော် မငြင်းနေတော့ဘဲ ဖွင့်ပြီးသား ထမင်းဘူးကို ထမင်းစားပွဲပေါ် တင်လိုက်သည်။

ဒါက ပိုပြီး မထင်မှတ်ထားစရာ ဖြစ်သွားစေခဲ့သည်။ နှစ်လ ကြိုတင်ဘိုကင်လုပ်ဖို့ လိုသည်ဆိုလျှင် သူက နှစ်သစ်ကူးမတိုင်ခင်ကတည်းက ကြိုတင်မှာထားခဲ့သည့် သဘောပင်။

လင်းချောင်တင်မကဘဲ ကျိဇယ်ပါ မျက်လုံးအဝိုင်းသား ဖြစ်သွားပြီး လင်းချောင်ကို ကြည့်လိုက်၊ သူ့ဦးလေးကို ကြည့်လိုက် လုပ်နေမိတော့၏။ မယုံနိုင်စရာဟု ခံစားမိနေခဲ့သည်။

သို့သော် ကျိသော်ကတော့ တည်ငြိမ်နေဆဲပင်။ "မင်းတို့ စကားပြောနေကြဦး။ ငါ စားသောက်ဆိုင်ကိုသွားပြီး ဟင်းနှစ်မျိုးလောက် ထပ်ဝယ်လိုက်ဦးမယ်။"

"မလိုပါဘူး၊ မလိုပါဘူး။" ကျိဇယ် အလျင်အမြန် သတိပြန်ဝင်လာပြီး သူ့အိတ်ထဲမှ ထမင်းဘူးအချို့ကို ထုတ်ယူလိုက်သည်။

"အကုန် ဝယ်လာခဲ့ပြီးပါပြီ။ ထိုင်ပြီး စားကြပါတော့။"

ထို့နောက် လင်းချောင်သည် သူတို့တစ်ဦးစီအတွက် ဝိုင်ခွက်တစ်လုံးစီ ဆေးကြောပေးခဲ့သည်။ ကျိဇယ်သည် ပုလင်းကိုဖွင့်လိုက်ပြီး သူ့ကိုယ်သူရော၊ ကျိသော်အတွက်ပါ ထည့်ပေးပြီးမှ လင်းချောင်ကို မေးလိုက်သည်။

"ဒါမျိုးတွေ မကြိုက်ပါဘူး။"

လင်းချောင်သည် သူမအတွက် ဆိုဒါတစ်ပုလင်း သွားယူလိုက်ပြီး သူတို့သုံးဦးသည် ထမင်းစားပွဲတွင် အတူတူထိုင်နေခဲ့ကြပြန်သည်။

အရင်တစ်ကြိမ်နှင့် နှိုင်းယှဉ်လျှင် ဒီတစ်ကြိမ်တွင် ကျိဇယ် ပိုပြီး စိတ်အေးလက်အေးရှိနေခဲ့သည်။ သို့သော် သူ နောက်ပြောမည့် စကားကို စဥ်းစားမိရင်း သူ၏ ခွက်ကို မြှောက်ကာ ဆိုလိုက်၏။

"ဒီတစ်ခွက်က အဒေါ့်ကို တောင်းပန်တာပါ။"

လင်းချောင်က သူ ဘာကို တောင်းပန်သည်လဲ ဆိုသည်ကို မေးရန်ပင် အချိန်မရလိုက်ဘဲ သူက အရက်ကို တစ်ကျိုက်တည်းမော့ချလိုက်ကာ သူ့အိတ်ထဲမှ မှတ်စုစာအုပ် တစ်အုပ်ကို လင်းချောင်အား ပေးလိုက်သည်။

လင်းချောင်က အံ့ဩသောပုံစံဖြင့် လှမ်းယူရင်း မေးလိုက်သည်။ "ဒါက ဘာလဲ။"

"လုပ်ငန်း အစကနေ အခုအချိန်အထိ ဆပ်ပြာရည်လုပ်ငန်းရဲ့ စာရင်းဇယားတွေ အားလုံးပါပဲ။" ကျိဇယ်သည် ယနေ့တွင် အရာအားလုံးကို ရှင်းပြရန် ရောက်လာခြင်းဖြစ်သည်။ သူ စကားပြောနေရင်း သူ့အိတ်ထဲမှ ငွေထုပ်များကို ထုတ်ယူလိုက်၏။

"ဒါကတော့ ဒီလအတွက် အကျိုးအမြတ်ဝေစုပါ။"

ဆယ်ယွမ်တန်များ ပါဝင်သော ငွေစက္ကူအထုပ်သုံးထုပ် အပြည့်ပါနေပြီး အားလုံးကို သားရေကြိုးများနှင့် စည်းထားသည်။ ကျန်တစ်ထုပ်ကတော့ တစ်ဝက်သာပါသည်။

သူသည် အကြောင်းမဲ့ ဒီလိုအရာများကို ပြောနေမည် မဟုတ်သလို၊ ယွမ်သုံးထောင်ကျော်ကို ပေးအပ်လာမည်လည်း မဟုတ်ပေ။ ယနေ့ သူ လာရောက်ရခြင်း ရည်ရွယ်ချက်ကို စဥ်းစားမိပြီး လင်းချောင် သူမဘေးမှ ကျိသော်ကို လှမ်းကြည့်လိုက်မိသည်။

ထို တောက်ပပြီး နက်မှောင်သော ဖီးနစ်မျက်လုံးများ၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသောအခါ ကျိသော်သည် ဘာကြောင့်မှန်းမသိ ဝိုင်ခွက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိလိုက်ပြီး သတိမပြုမိဘဲ တစ်ငုံသောက်လိုက်မိသည်။ "ကိုယ် မင်းကို အရင်က ပြောပြခဲ့ဖူးတဲ့ သူငယ်ချင်း..."

"အဲ့ဒါက ကျွန်တော်ပါ။" ကျိဇယ်က ကြားဖြတ်ပြောလိုက်သည်။

"ကျွန်တော် အစက အကြာကြီး လုပ်ဖြစ်မယ်ဆိုပြီး စီစဥ်ထားခဲ့တာ မဟုတ်ပါဘူး၊ ပြီးတော့ အဒေါ့်ကို ပြောပြဖို့လည်း အရမ်းရှက်နေခဲ့မိလို့ ဦးလေးကို အကူအညီတောင်းပြီး ဖုံးကွယ်ထားခဲ့တာပါ။"

သူသည် တစ်ချိန်တစ်ခါက တာဝန်ယူရန် ပျက်ကွက်ခဲ့ဖူးသည်။ အကယ်၍ သူသာ ထိုအချိန်က တာဝန်ယူခဲ့မိလျှင်၊ စီစဥ်ထားသော လက်ထပ်ထိမ်းမြားမှုကို လက်ခံခဲ့လျှင်၊ သို့မဟုတ် လင်းချောင်ကို တိုက်ရိုက်ရှင်းပြနိုင်ခဲ့လျှင် လက်ထပ်ပွဲသည် သူ၏ဦးလေးထံသို့ ရောက်ရှိသွားမည် မဟုတ်ပေ။

ထိုအချိန်က သူ ဘယ်လို စဥ်းစားခဲ့မိသည်လဲ။

သူသည် ဝန်ခံရန်အတွက် ဝန်လေးမိသော်လည်း၊ အချိန်ကို ဆွဲဆန့်ထားရန် အမှန်တကယ်ပဲ စီစဥ်ခဲ့မိသည်။ လူကြီးများအား နားလည်အောင်လုပ်နိုင်ရန်နှင့် စေ့စပ်ပွဲကို သူ့အတွက် ရွှေ့ဆိုင်းပေးစေရန် တိတ်ဆိတ်စွာ ခုခံခြင်းကို အသုံးပြုခဲ့သည်။

သူ့ဦးလေးပြောခဲ့သလို၊ သူက အတ္တကြီးသည်၊ မောက်မာသည်၊ ကိုယ့်ကိုယ်ကိုယ် မှန်သည်ဟု ထင်နေသူဖြစ်သည်။ သူက မလိုလားဘူးဆိုလျှင် လူကြီးများက အတင်းအကျပ် မစီစဉ်ပေးရန်ကို မျှော်လင့်ခဲ့သည်။

ကျိဇယ်သည် ဝိုင်ပုလင်းကို ကောက်ယူခဲ့ပြီး သူ့အတွက်သူ နောက်ထပ်တစ်ခွက် လောင်းထည့်လိုက်ပြန်သည်။ "ကျွန်တော့်ကို လှောင်ပြောင်မယ်ဆိုရင်လည်း မမှုပါဘူး။ အစတုန်းက ကျွန်တော် နိုင်ငံခြားကနေ ထုတ်လုပ်မှုလိုင်းတစ်ခုဝယ်ပြီး လျှပ်စစ်ပစ္စည်းတွေ ထုတ်လုပ်ဖို့အတွက် ချေးငွေယူမယ်ဆိုပြီး စဥ်းစားခဲ့မိတယ်။ ငွေ သန်းပေါင်းများစွာ ချေးယူဖို့ဆိုပြီးလေ။"

သူသည် လင်းချောင်ကို လှမ်းကြည့်လိုက်ပြီး နောက်ထပ်တစ်ကျိုက် မော့ချလိုက်ပြန်သည်။ "ကျွန်တော့်ဦးလေးနဲ့ အဘိုးက သဘောမတူခဲ့ကြပါဘူး။ ကိုယ့်ရဲ့ ပထမဆုံး ဝင်ငွေကို ကိုယ့်ဘာသာကိုယ် ရအောင်ရှာပါလို့ ပြောခဲ့ကြတယ်။ အဲ့ဒီအခါ ကျွန်တော်က အဒေါ့်ရဲ့ ဆပ်ပြာရည်ကို တွေးမိသွားခဲ့တာပါ။"

ထိုအချိန်က သူ သတိမထားမိခဲ့သော်လည်း အခု စီးပွားရေးလုပ်ငန်း ကြီးထွားလာပြီး ကျယ်ပြန့်လာကာ အတွေ့အကြုံများလည်း ပိုရလာပြီ ဖြစ်သည့်အတွက် သူ၏ အစောပိုင်း အတွေးအခေါ်များက ဘယ်လောက် အဖြစ်မှန်နှင့် ကင်းကွာနေသလဲဆိုသည်ကို သူ သိလာခဲ့ပြီဖြစ်သည်။

"ကျွန်တော် အရာအားလုံးကို လိုချင်ခဲ့ပေမဲ့ အမေ့ကို တိုက်ရိုက် ရင်မဆိုင်ရဲခဲ့ဘူး၊ ဒါကြောင့် အားလုံးကို ဖုံးကွယ်ထားပြီး ဦးလေးနဲ့ အဒေါ်ကိုပါ ပါဝင်ပတ်သက်အောင် ဆွဲခေါ်မိခဲ့ပါတယ်။"

သူ့အမေ သိသွားခဲ့လျှင်တောင် သူက အလျှော့မပေးဘဲနေမည်ဆိုလျှင်နောက်ဆုံးမှာတော့ သူ့အမေက လက်လျှော့သွားလိမ့်မည်ဟု သူထင်ခဲ့မိသည်။ သို့သော် သူ့ဦးလေးဖြစ်သူက လင်းချောင်ကို ကျောင်းသို့တိုင်ကြားပြီး ဆပ်ပြာရည်စက်ရုံက သူမပိုင်သည့်အရာဟု ပြောခဲ့သည်။

ထိုအချိန်တွင်တော့ သူ ဆုံးဖြတ်ချက်ချခဲ့၏။ တစ်ဖက်တွင် သူ့အမေကို တည်ငြိမ်အောင် ထိန်းထားပြီး၊ နောက်တစ်ဖက်မှာ စစ်တပ်မှ ပြောင်းရွှေ့ရန် လျှောက်လွှာတင်ခဲ့သည်။ သူ့အမေ သိသွားသည့်အချိန်တွင်တော့ အရာအားလုံးက ပြီးဆုံးသွားပြီဖြစ်သည်။

ကျိဇယ်သည် သူ့ကိုယ်သူ သရော်လှောင်ပြောင်သော ပုံစံဖြင့်ပြောလိုက်သည်။ "အေးအေးဆေးဆေးလေးသာ တာဝန်ယူခဲ့မယ်ဆိုရင် ဒီလိုအခြေအနေမျိုး ဖြစ်လာမှာ မဟုတ်ဘူး။ ကျွန်တော်က ဦးလေးကို လျှို့ဝှက်ထားခိုင်းခဲ့တာ၊ ဒါကြောင့် ဦးလေးကို အပြစ်မတင်ပါနဲ့။"

"အဲ့ဒီအချိန်က က််ိုယ်လည်း သေချာမစဥ်းစားမိလို့ အမှားလုပ်ခဲ့တာပါ။အချိန်အကြာကြီး မင်းကို ဖုံးကွယ်ထားခဲ့မိလို့ တောင်းပန်ပါတယ်။"

သူသည် လင်းချောင်ကို ထိုသို့ပြောလိုက်ပြီး သူ၏ ဝိုင်ခွက်ကို မြှောက်လိုက်သော်လည်း သူမကတော့ မလှုပ်မယှက်ပင်။ သူမက သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ကြည့်လိုက်ရင်း သတင်းအချက်အလက်အချို့က သူမ စိတ်ထဲတွင် ပြိုလဲကျသွားသလို ခံစားနေမိခဲ့သည်။

"ဒါဆိုရင်၊ ကျွန်မနဲ့အတူတူ ဆပ်ပြာရည်ရောင်းဖို့ ပူးပေါင်းလုပ်ဆောင်ချင်ခဲ့တဲ့သူက ရှောင်ဇယ်လား။"

နှစ်ယောက်စလုံးက "အင်း" ဟု တုံ့ပြန်လိုက်ကြ၏။

"စီးပွားရေးလုပ်ငန်း စလုပ်ချင်ခဲ့တာက အရင်တည်းက ရှောင်ဇယ်ပဲလား။"

ဒီမေးခွန်းက ထူးဆန်းနေသော်လည်း ကျိသော်နှင့် ကျိဇယ်ကတော့ နောက်ထပ် "အင်း" ဆိုပြီး တုံ့ပြန်ကြပြန်သည်။

မူလက စီစဥ်ထားသည့် လက်ထပ်ထိမ်းမြားမှုကကော ဘယ်လိုမျိုးလဲ။

လင်းချောင် ရုတ်တရက် မေးလိုက်ချင်စိတ် ပေါက်သွားသော်လည်း သူမကတော့ အရက်မသောက်ခဲ့ရသေးသည့်အတွက် သတိရှိနေဆဲဖြစ်သည်။ ထိုမေးခွန်းကိုသာ မေးလိုက်ပါက မမျှော်လင့်ထားသော အဖြေ ရလာနိုင်ပြီး၊ စီးပွားရေးအကြောင်း တွေးနေရာမှ စီစဥ်ထားသော လက်ထပ်ထိမ်းမြားမှုအကြောင်းကို ဘယ်လိုစပြီး တွေးဖြစ်သွားလဲဆိုသည်ကို သူမက အရင်ဆုံး ရှင်းပြရလိမ့်မည်။

သို့သော် ကျိဇယ်၏ စကားများက သူမ၏ ရင်ထဲတွင် ဗုံးတစ်လုံး ကျသွားသလို ခံစားမိလိုက်ရပြီး၊ သူမ၏ ယခင်ကတည်းက သိထားခဲ့သော နားလည်မှုများကို အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားစေခဲ့သည်။

All Chapters