အခန်း (၁၁၀)
Vol. 10 Ch. 110
လင်းချောင်သည် ခွက်တစ်ခွက်ကို လှမ်းယူပြီး သောက်ရန် မြှောက်လိုက်သော်လည်း တစ်ယောက်ယောက်က ခွက်၏ အနားကို ကိုင်ထားသည်။ ထိုအခါမှ သူမသည် ကျိသော်၏ ခွက်ကို ကောက်ယူထားမိကြောင်း သဘောပေါက်သွားခဲ့သည်။ ထိုအမျိုးသား၏ ကြီးမားသော လက်သည် ခွက်၏အပေါ်တွင် ရှိနေပြီး၊ မီးရောင်အောက်တွင် သူမ၏ လက်သေးသေးလေးကို လုံးဝ ဖုံးအုပ်ထားနိုင်ခဲ့သည်။
လင်းချောင်၏ အကြည့်သည် ထိုအမျိုးသား၏လက်မှ သူ၏ ခန့်ညားသော ဘေးတိုက်ရုပ်သွင်ဆီသို့ ရွေ့လျားသွားခဲ့၏။ "ရှင်ကရော။ စီးပွားရေးလုပ်ဖို့ တစ်ခါမှ မစဥ်းစားဖူးဘူးလား။"
"ဘာလို့ ရုတ်တရက်ကြီး ဒီလိုမေးတာလဲ။" ကျိသော်က သူမကို လှမ်းကြည့်လိုက်ပြီး သူမလက်ထဲမှ ခွက်ကို ဆွဲယူလိုက်၏။
လင်းချောင် ထပ်ပြီး လှမ်းမယူတော့သော်လည်း သူမ၏ အကြည့်ကတော့ သူ့မျက်နှာပေါ်တွင် ဆက်ရှိနေခဲ့သည်။ "ဒီအတိုင်း မေးကြည့်တာပါ။ ရှင်ကလည်း ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အတော်လေး သိပုံရလို့လေ။"
သူသည် ဘယ်တုန်းကမှ မသိနားမလည်ကြောင်း မပြခဲ့ဖူးသည့်အတွက် သူမလည်း တစ်ခါမှ သံသယမဝင်ခဲ့ဖူးပေ။
"နည်းနည်းပါးပါးပဲ သိထားတာပါ။"
သူမ၏ စူးစမ်းလိုစိတ်အမှန်ကို မြင်လိုက်ရသောအခါ ကျိသော်သည် ပုစွန်တစ်ကောင်ကို ကောက်ယူပြီး သူမအတွက် အခွံနွှာပေးလိုက်သည်။
"ကိုယ်က စီးပွားရေးလုပ်ဖို့ တစ်ခါမှ မစဥ်းစားဖူးဘူး။"
သူသည် စီးပွားရေးလုပ်ရန် တစ်ခါမှ မစဥ်းစားဖူးဘူးဆိုတော့ သူမက အစကတည်းက နားလည်မှုလွဲနေခဲ့သည်လား။
ချက်ချင်းဆိုသလိုပင် ယဲ့မင်ရှူး၏ သူမတို့ ပထမဆုံးတွေ့ဆုံတုန်းက ပြသခဲ့သော ရိုင်းပြမှု၊ ကျိဇယ်၏ ရှောင်လွှဲမှုနှင့် ကျိကျွင်း၏ အနေရခက်နေမှုတို့ အားလုံးအတွက် ရှင်းပြချက်တစ်ခု ရှိလာသလို သူမ ခံစားလိုက်ရသည်။
သို့သော် မူလ စေ့စပ်ထားမှုက ကျိဇယ်နှင့် ဆိုလျှင် ဘာ့ကြောင့် ကျိသော်အဖြစ် ပြောင်းလဲသွားခဲ့သည်လဲ။ ပြီးတော့ ကျိသော်ကရော ဘာကြောင့် သဘောတူခဲ့သည်လဲ။
သူ၏ အထက်အရာရှိက သူ့အတွက် အလားအလာရှိသော အိမ်ထောင်ဖက်များကို မိတ်ဆက်ပေးခဲ့သော်လည်း သူကတော့ လှည့်ပင် မကြည့်ခဲ့။ ဤအမျိုးသားသည် အလျှော့ပေးတတ်သူလည်း မဟုတ်သလို သူ့ကို ခြိမ်းခြောက်ပြီး အကျပ်ကိုင်လို့ရနိုင်သူမျိုးလည်း မဟုတ်ပေ။
သူ့ကို အလျှော့ပေးစေနိုင်သူများမှာ သူနှင့် အနီးစပ်ဆုံး လူများသာ ဖြစ်နိုင်ပြီး အခြား အကြောင်းရင်းများလည်း ရှိနိုင်သေးသည်။
ထို့အပြင် အဘိုးကြီးနှင့် ရွှီလီတို့ကလည်း မြေးဖြစ်သူက လက်မခံချင်ရုံနှင့် စေ့စပ်ထားသူကို မြေးမှ သားထံ ပြောင်းပေးမည် မဟုတ်ပေ။ ဒါကြောင့် သူမလည်း ထိုလမ်းကြောင်းအတိုင်း တစ်ခါမှ မတွေးခဲ့ဖူးခြင်းဖြစ်၏။
ဒီအခိုက်အတန့်တွင် လင်းချောင် ယခင်ထက် ပိုပြီး တည်ငြိမ်သွားခဲ့သည်။ သူမ ထရပ်ပြီး နောက်ထပ် ခွက်တစ်လုံးကို ဆေးကြောကာ သူမအတွက် ဝိုင်တစ်ဝက်ခွက် လောင်းထည့်လိုက်သည်။
"ဒီကိစ္စက နားလည်ပေးလို့ ရပါတယ်။"
သူမသည် ကျိသော်၏ခွက်နှင့် ခွက်ချင်းတိုက်လိုက်ရင်း ပြောလိုက်၏။ "ဘာပဲပြောပြော၊ အဲ့ဒီတုန်းက ကျွန်မတို့က လက်ထပ်ထားခါစလေ။ ဇနီးထက် တူက ပိုအရေးပါနေတာ သဘာဝပါပဲ။"
နားလည်နိုင်သည်ဟု ပြောခဲ့သော်လည်း ဒါက ကျိသော်သည် ကျိဇယ်၏ တောင်းဆိုမှုကို ဘာကြောင့် သဘောတူခဲ့သလဲဆိုသည်ကို တိတိကျကျ ထောက်ပြလိုက်ခြင်း ဖြစ်သည်။
သူတို့သည် အချစ်နှင့် ပေါင်းစည်းထားသော စိတ်ခံစားမှု အခြေခံမရှိသည့် ပေါင်းစည်းမှုမျိုး မဟုတ်ခဲ့ပေ။ ကျိသော်သည် တာဝန်ယူစိတ် ပြင်းပြစွာဖြင့် သူမကို ဂရုစိုက်ခဲ့သည်။ သို့သော် သူသည် ကျိဇယ်နှင့်အတူ နှစ်ပေါင်းနှစ်ဆယ်ကျော် နေထိုင်ခဲ့သူဖြစ်ကာ၊ သူ့တူ၏ တိုးတက်မှုမရှိခြင်းကြောင့် ဒေါသထွက်နေသော်လည်း သူ့တူက အကူအညီတောင်းလာပြီး အကြာကြီးလုပ်ရန် မရည်ရွယ်ထားပါဘူးဟု ပြောလာသည့်အတွက် သဘောတူခဲ့ခြင်း ဖြစ်သည်။
ကျိဇယ် နောက်ပိုင်း စိတ်ပြောင်းသွားမည်ကို သူ မမျှော်လင့်ထားခဲ့သလို၊ လင်းချောင်အပေါ် သူ၏ ခံစားချက်များကလည်း ပြောင်းလဲသွားခဲ့သည်။ အချို့အရာများက အစပိုင်းတွင် သဘောတူရန် လွယ်ကူသော်လည်း နောက်ပိုင်းမှာ ပြန်ဖျက်ရန်တော့ ခက်ခဲ၏။
ထိုစကားများက ကျိသော်ကို စကားမပြောနိုင်အောင် ဖြစ်သွားစေခဲ့သည်။ စားပွဲတစ်ဖက်မှ နားထောင်နေသော ကျိဇယ်က သူ့မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုအချို့ကို ပြသလိုက်သည်။
"မဟုတ်ဘူး၊ ဦးလေးကြောင့် မဟုတ်ပါဘူး၊ အဲ့ဒါက..."
"ဒါက မင်းနဲ့ ဘာမှမဆိုင်ဘူး။" လင်းချောင်သည် ပြုံးလျက် သူ၏စကားကို ဖြတ်ပြောလိုက်ပြီး သူ့ခွက်ထဲကို ဝိုင်ထပ်ထည့်ပေးသည်။
"သူက ကျွန်မနဲ့ စေ့စပ်ခဲ့ပြီး၊ သူက ကျွန်မကို လက်ထပ်ခဲ့တာ။ သူ မလိုချင်ဘူးဆိုရင် တိုက်ရိုက်ပြောလို့ရတာပဲ။ ဘာလို့ လက်ထပ်ပြီးမှ မိသားစုအကြောင်းကို ကျွန်မဆီက လျှို့ဝှက်ထားပြီး ကျွန်မကို အပြင်လူတစ်ယောက်လို ဆက်ဆံနေရတာလဲ။"
သူမ၏ အပြုံးသည် သူမ ပြသလေ့မရှိသော ပြတ်သားမှုကို ဖုံးကွယ်ထားခဲ့သည်။
ကျိသော်က သူမကို လှမ်းကြည့်လိုက်၏။
"ချောင်ချောင်..."
သူ စကားမဆုံးခင်မှာပဲ ကျိဇယ်က ဆက်ပြီး မထိန်းနိုင်တော့ဘဲ ပြောလိုက်သည်။
"ဒီကိစ္စကို ဘာလို့ ဦးလေးကို အပြစ်တင်ရတာလဲ။ ဒါက ကျွန်တော့်အမှားဆိုတာ လုံးဝ သ််််ိသာနေတာပဲ!"
သူ ဝင်လာကတည်းက အရက်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြစ်ဒဏ်ပေးခဲ့ပြီးဖြစ်သည်။ အခု လင်းချောင်ကို တောင်းပန်နေရသည့်အတွက် သူ ခံစားခဲ့ရသည့် ဖိအားများ၊ အပြစ်ရှိသည်ဆိုသော စိတ်ခံစားချက်များ၊ နောင်တရမှုများအားလုံးက ရုတ်တရက် ပေါက်ကွဲလာပြီး လုံးဝ စိတ်မထိန်းနိုင်တော့ပေ။
"စီစဥ်ထားတဲ့ လက်ထပ်မှုကို ဦးလေးဆီ တွန်းပို့ခဲ့တာက ကျွန်တော့်အမှားပါ။ အခုလည်း သူ့ကိုပါ ကျွန်တော် ဆွဲချနေမိပြန်ပြီ..."
ကျိသော် ပုစွန်အခွံနွှာနေသည်ကို ရပ်လိုက်ပြီး သူ့ကို အေးစက်စက် အကြည့်ဖြင့် တစ်ချက်လှမ်းကြည့်လိုက်သည်။
ကျိဇယ်သည် ထိုအကြည့်ကြောင့် တုန်ယင်သွားပြီး သူ အရက်မူးနေချိန်၌ မပြောသင့်ဆုံးသော စကားကို လွှတ်ခနဲ ပြောလိုက်မိကြောင်း ရုတ်တရက် သဘောပေါက်သွားတော့၏။
သူသည် လင်းချောင်ကို အမြန်လှမ်းကြည့်လိုက်ပြီး သူ အရက်မူးပြီး ပြောလိုက်သောကြောင့် သူမ သေချာမကြားလိုက်ပါစေနှင့်ဟု မျှော်လင့်နေခဲ့မ််ိသည်။
သို့သော် လင်းချောင်ကတော့ သူမ၏ ဝိုင်ခွက်ကို ချပြီးပြီဖြစ်၏။ သူမ၏ အသံကလည်း အေးစက်နေလေသည်။
"သူ့ကို ဆက်ပြောခိုင်းလိုက်! ဘာလို့ မပြောခိုင်းရတာလဲ!"
“သူ့ကို ပြောခိုင်းလိုက်” ဆိုသည့် စကားကို အေးအေးဆေးဆေး ပြောလိုက်ခြင်းသာဖြစ်သော်လည်း၊ ထိုသို့ အေးဆေးလွန်းနေခြင်း ကြောင့်သာ ကျိဇယ်၏ တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့တော့သည်။ သူသည် ဦးလေးဖြစ်သူ၏ မျက်နှာအမူအရာကိုပင် မကြည့်ရဲတော့ပေ၊ ကျိသော်၏ ပုံပန်းသွင်ပြင်ကလည်း ထိုနေရာ၌ပင် ရပ်တန့်သွားခဲ့သည်။
သို့သော် ကိစ္စများက ဤအခြေအနေသို့ ရောက်လာခဲ့ပြီဖြစ်သလို ကျိသော်သည်လည်း ရှောင်လွှဲတတ်သူ မဟုတ်ပေ။ သူသည် ခွာပြီးသား ပုစွန်ကို လင်ချောင်၏ ပန်းကန်ထဲသို့ ထည့်လိုက်ပြီး သူမကို ကြည့်ကာ ပြောလိုက်၏။
“ကိုယ် ရှင်းပြပါရစေ။”
အမှန်တရားကို ဖော်ထုတ်ပြီးသွားပြီဖြစ်၍ မည်သူပြောသည်ဖြစ်စေ အရေးမကြီးတော့ပေ။ လင်းချောင်က သူမ ဂရုမစိုက်ကြောင်း ပြသသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ကျိသော်သည် မျက်လွှာချကာ လက်များကို သုတ်လိုက်ပြီး ပြောလိုက်၏။ “အဲ့ဒီတုန်းက ကောလဟလ တွေ ထွက်ခဲ့တယ်။ မင်းကို မိသားစုက ကိုယ်နဲ့ သဘောတူထားပြီး၊ မကြာခင် လက်ထပ်တော့မှာမို့လို့ ကိုယ်တို့နဲ့အတူ လာနေတယ်လို့ လူတွေက ပြောခဲ့ကြတယ်။ အဖေက ဘယ်လိုလူမျိုးလဲဆိုတာ မင်းသိပါတယ်။ သူက စကားတည်တဲ့သူ။ မင်းအဘိုးကို မင်းဘဝတစ်လျှောက်လုံး စောင့်ရှောက်မယ်လို့ သူ ကတိပေးထားခဲ့တော့၊ သူ ကတိဖျက်လို့ မရတော့ဘူး။”
လင်းချောင် ဒါကိုတော့ ယုံကြည်သည်။ လင်းရှို့ယီ၏ စာကိစ္စဖြစ်ပြီးနောက် သူမ သူတို့ဆီရောက်လာချိန်တွင် တခြားမည်သူမဆို ဒီလက်ထပ်သဘောတူညီချက်ကို ဖြည့်ဆည်းပေးရန် ဝန်လေးနေနိုင်သည်။ သို့သော် အဘိုးကျိကတော့ မဆိုင်းမတွ လက်ခံခဲ့သည်။ အမှန်တရားကို မသိမီကပင် သူသည် ကျိသော်ကို သူမနှင့်အတူ ဇာတိသို့ ပြန်လိုက်သွားပြီး ပြဿနာဖြေရှင်းခိုင်းခဲ့ကာ၊ ထောက်ခံစာပင် ရေးပေးခဲ့သေးသည်။
“ကိစ္စတွေ ဒီလိုဖြစ်လာတော့ ရှောင်ဇယ်က မင်းနဲ့ လက်ထပ်ဖို့ မဖြစ်နိုင်တော့ဘူးလေ။ အဲ့ဒီ ကောလာဟလတွေနဲ့ဆိုရင် မင်းလည်း အိမ်မှာ နေရတာ စိတ်မသက်မသာ ဖြစ်ရလိမ့်မယ်။ အမေနဲ့ အဖေက မင်းကို ယန်ဒူမှာ နေစရာမဲ့ပြီး ဒုက္ခမရောက်စေချင်လို့ ကိုယ့်ကို မင်းနဲ့ လက်ထပ်ခိုင်းတာ၊ ကိုယ်ကလည်း သဘောတူခဲ့တယ်။”
ကျိသော်၏ စကားပြောဟန်မှာ အရင်ကအတိုင်း တိုတောင်းပြီး ပြတ်သားနေမြဲဖြစ်သည်။ ခံစားချက်မပါဘဲ အချက်အလက်များကိုသာ ဖော်ပြနေ၏။
အဘိုးကျိ ဘာကြောင့် ဒီရွေးချယ်မှုကို လုပ်ခဲ့သည်ဆိုသည်ကို လင်းချောင် နားလည်နိုင်ခဲ့သော်လည်း...
“ဘာလို့ အဲ့ဒီတုန်းက ကျွန်မကို တိုက်ရိုက်မပြောပြခဲ့ရတာလဲ။ ရှောင်ဇယ်ရဲ့ ငြင်းပယ်မှုပဲဖြစ်ဖြစ်၊ ကောလာဟလတွေကြောင့်ပဲဖြစ်ဖြစ်၊ စီစဉ်ထားတဲ့ အိမ်ထောင်ရေး ပြောင်းလဲမှုဖြစ်သွားတာပဲဖြစ်ဖြစ်၊ ဘာလို့ ကျွန်မကို မပြောပြခဲ့ရတာလဲ။”
ထိုအချိန်က လင်းချောင်အတွက် အိမ်ထောင်ပြုခြင်းသည် အကောင်းဆုံးသော ရွေးချယ်မှုဖြစ်ခဲ့သည်မှာ အမှန်ပင်။ သို့သော် ကျိမိသားစုကသာ သူတို့ မလိုလားကြောင်း တိုက်ရိုက်ပြောခဲ့မည်ဆိုပါက သူမလည်း မိသားစုထဲကို လက်ထပ်ဝင်လာရန် အတင်းအကျပ် တောင်းဆိုနေမည် မဟုတ်ပေ။
သို့သော် အဘိုးကျိ၊ ရွှီလီ၊ နောက်ဆုံး သူမနှင့် လက်ထပ်ရန် ဆုံးဖြတ်ခဲ့သော ကျိသော်တို့ထဲမှ မည်သူကမျှ သူမကို တစ်ခါမှ မပြောပြခဲ့ကြပေ။ သူမက ဤလက်ထပ်ခြင်းမှာ အချင်းချင်း၏ သဘောတူညီမှုဖြင့် ဖြစ်သည်ဟုသာ အမြဲထင်ခဲ့မိသည်။
ကျိသော် ခဏတာ တိတ်ဆိတ်သွား၏။ သူသည် လင်းချောင်က သူ၏ အစ်ကိုအကြီးဆုံး မိသားစုနှင့် နောက်ပိုင်းတွင် ဆက်ဆံရာ၌ စိတ်မသက်မသာ ဖြစ်နေရမည်ကို စိုးရိမ်သောကြောင့်ဟု မပြောနိုင်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် အဘိုးကျိတွင် နောက်ထပ် ထည့်သွင်းစဉ်းစားစရာတစ်ခု ရှိခဲ့သေးသည်ကို သူသိသောကြောင့်ဖြစ်သည်။ ယင်းမှာ သူ၏ သားအကြီးဆုံးမိသားစု မျက်နှာမပျက်ရစေရန်ပင်။
လက်ချောင်းဆယ်ချောင်းသည် အတိုအရှည်မတူညီနိုင်သော်လည်း မည်သည့်လက်ချောင်းကို ကိုက်ကိုက် နာကျင်ရစမြဲဖြစ်သည်။
လူကြီးတစ်ဦးအနေဖြင့် သူသည် မိသားစု သဟဇာတဖြစ်မှုကို အမြဲလိုလားပြီး ဖြစ်နိုင်လျှင် ပဋိပက္ခများကို ရှောင်ရှားလိုသည်။ လင်းချောင်သာ ဒီအကြောင်းကို သိထားခဲ့ပါက သူမသည် အစကတည်းက သားအကြီးဆုံး၏ မိသားစုနှင့် သဘောထားကွဲလွဲနေမည်ဖြစ်ပြီး မိသားစု ကွဲပြားသွားကာ သဟဇာတဖြစ်မှုကို ရရှိတော့မည်မဟုတ်ပေ။
သို့သော် အဘိုးကျိ မည်မျှ စဉ်းစားပေးခဲ့သည်ဖြစ်စေ၊ သူသည် ယဲ့မင်ရှူးကို လင်ချောင်အား ပစ်မှတ်ထားနေခြင်းမှ ရပ်တန့်သွားအောင် မတားဆီးနိုင်ခဲ့သလို၊ သူမက အလွန်အကျွံ လုပ်ဆောင်ခဲ့ခြင်းကြောင့် သူ၏ သားအကြီးဆုံးကိုပါ နေရာမှ ထွက်ခွာသွားခိုင်းခဲ့ရသည်။
နောက်ဆုံးတွင်တော့ သူက လင်းချောင်ကို ကြည့်ကာ ပြောလိုက်၏။ “ကိုယ်တို့ မိသားစုက မှားခဲ့တာပါ။ မင်းကို ဒုက္ခရောက်စေခဲ့တယ်။”
သူသည် လင်းချောင်ထံမှ ဖုံးကွယ်ထားရန်က မည်သူ၏ အကြံဖြစ်သည်ဆိုသည်ကိုတော့ မပြောပြခဲ့ပေ။
သို့သော် လင်းချောင်ကတော့ ခန့်မှန်းနိုင်သည်။ ၎င်းသည် သူ၏ကိုယ်ပိုင် အကြံသာဖြစ်ပြီး အခြားသူများ မပါဝင်နေခဲ့လျှင် သူက သူ့အမှားဖြစ်သည်ဟုသာ ပြောခဲ့မည်ဖြစ်သည်။
တစ်နှစ်နီးပါး အတူရှိနေခဲ့ပြီးနောက်၊ သူမသည် ဒီလူ၏ အကျင့်စရိုက်ကို ကောင်းကောင်း နားလည်နိုင်ခဲ့သည်။ သူသည် တာဝန်ယူတတ်သည်၊ ကတိတည်သည်၊ ထို့အပြင် ခံစားချက်များလည်းရှိသည်။
ထိုသို့ မဟုတ်ပါက၊ ကုရှောင်ပင်း သေဆုံးပြီးသည့်တိုင် သူသည် အဘိုးကုကို ဆက်လက် ဂရုစိုက်ပေးနေမည် မဟုတ်သလို၊ လူရှာရာတွင် ကူညီပေးပြီး အမှန်တရားကို ဖော်ထုတ်ပေးနေခဲ့မည် မဟုတ်ပေ။
သို့သော် သူသည် ကတိတည်သည့်သူ ဖြစ်သည့်အတွက် သူမ စိတ်သက်သာရာ ရခဲ့သော်လည်း၊ လျှို့ဝှက်ချက်များကို ထိန်းသိမ်းထားရသူ ဖြစ်နေသည့်အတွက် သူမ စိတ်မပျော်မရွှင်ဖြစ်မိခဲ့သည်။
သူမလည်း မေးပြီးသွားခဲ့ပြီဖြစ်ရာ အရာအားလုံးကို တစ်ခါတည်း ရှင်းရှင်းလင်းလင်း သိသွားအောင် လုပ်လိုက်ရန် ဆုံးဖြတ်လိုက်သည်။
“အဲ့ဒီ ကောလာဟလကို တစ်ယောက်ယောက်က တမင်တကာ ဖြန့်ခဲ့တာလား။”
ကျိဇယ်၏ မျက်နှာသည် နီရဲလာခဲ့သော်လည်း၊ ယခုတစ်ကြိမ်တော့ သူ ရှောင်လွှဲနေရန် မရွေးချယ်ခဲ့တော့ပေ။ “ကျွန်တော့်အမေ ဖြန့်ခဲ့တာပါ။ သူမက ဒီအိမ်ထောင်ရေးကို ဖျက်ဆီးပစ်ချင်ခဲ့တာ။ ဒါပေမဲ့ ဒါက သူမရဲ့ အမှားချည်းပဲတော့လည်း မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ သဘောထားကလည်း ပြဿနာတစ်ခုဖြစ်ခဲ့တာပါ။ ကျွန်တော်သာ တိုက်ရိုက် သဘောတူခဲ့မယ်ဆိုရင် ဒါမှမဟုတ် အခြေအနေတွေကို ရှင်းပြခဲ့မယ်ဆိုရင်၊ ဒီလိုတွေ တစ်ခုမှဖြစ်လာမှာ မဟုတ်ပါဘူး။”
လုပ်ငန်းကိစ္စတွင်လည်း ထိုအတိုင်းပင်ဖြစ်သည်။ သူသာ သူ့ဦးလေးကဲ့သ်ို့ ပြတ်ပြတ်သားသား ရှိခဲ့ပါက၊ သူ့အမေ သိသွားချိန်တွင်လည်း ပြောင်းလဲပစ်ရန် နောက်ကျနေလောက်ပြီဖြစ်ပြီး၊ ဒီလို အချိန်ကြာကြာ ဆွဲဆန့်နေစရာလည်း မလိုလောက်တော့သလို၊ သူ့အဖေကိုပါ ဝေးလံသည့်နေရာသို့ ပြောင်းရွှေ့ခံရသည့်အထိ ဖြစ်လာခဲ့မည် မဟုတ်ပေ။
သူက ဝိုင်ခွက်ကို ဖြည့်လိုက်ပြီး မြှောက်လိုက်ကာ လင်းချောင်ကို ကြည့်ပြီး ပြောလိုက်သည်။
"ကျွန်တော် တောင်းပန်ပါတယ်။ ဒီကိစ္စအတွက် ကျွန်တော်တို့ မိသားစုတစ်ခုလုံးက အဒေါ့်ကို တောင်းပန်ရမှာပါ။"
"ဒါဆို ဒီကိစ္စက အခုရှင်းပြလို့ပြီးပြီလား။"
လင်းချောင်က ဦးလေးဖြစ်သူကို တစ်ချက်၊ တူကို တစ်ချက် ကြည့်ပြီး မတ်တတ်ရပ်လိုက်သည်။
"နှစ်ယောက်သား ဆက်စားနေကြပါဦး။ ကျွန်မ စားသောက်ဆိုင်ကို သွားလိုက်ဦးမယ်။"
"ချောင်ချောင်" ကျိသော် ချက်ချင်း မတ်တပ်ရပ်လိုက်သည်။
ထို့နောက် စိတ်ရှုပ်ထွေးနေသော ကျိဇယ်က ပြောလိုက်၏။ "အဒေါ်၊ ကျွန်တော်..."
"ရှင်တို့က ကျွန်မဆီကို ဒီလိုမျိုး ကြီးမားတဲ့ ဗုံးကြီးတစ်လုံး ပစ်ချလိုက်တာပဲ။ ကျွန်မ ချေဖျက်နိုင်ဖို့ အချိန်နည်းနည်းလိုမယ်မလား။" လင်းချောင်က သူ့စကားကို ဖြတ်ပြောလိုက်ပြီး အရင်ဆုံး ဘေစင်တွင် လက်ဆေးလိုက်သည်။
လက်ဆေးပြီးသည့်နောက် လက်ကို သဘက်ဖြင့် သုတ်ကာ ဧည့်ခန်းတံခါးဘေးရှိ အင်္ကျီချိတ်မှ ကုတ်အင်္ကျီကို ယူပြီး ထွက်သွားတော့သည်။
သူမ၏ သွယ်လျသော ကိုယ်ခန္ဓာပုံစံ အဝေးသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း သူတို့က တံခါးဝတွင် အချိန်အတော်ကြာ မလှုပ်မယှက် ရပ်နေခဲ့ကြသည်။
"တောင်းပန်ပါတယ်၊ ကျွန်တော် ထပ်ပြီး အမှားလုပ်မိလိုက်ပြန်ပြီ ထင်တယ်။" အချိန်အတော်ကြာပြီးမှ ကျိဇယ်သည် နောင်တနှင့် စိတ်ပျက်အားငယ်မှု အပြည့်ဖြင့် ခေါင်းငုံ့လိုက်သည်။
ကျိသော်က ခြံတံခါးဘက်သို့ ဆက်ကြည့်နေရင်း ပြောလိုက်၏။ "သူမက မင်းကို စိတ်မဆိုးပါဘူး။ သူမကို လျှို့ဝှက်ထားခဲ့တဲ့အတွက် ငါ့ကို စိတ်ဆိုးနေတာ။"
လင်းချောင်သည် အမှန်ပင် ထိုကိစ္စကို ဒေါသထွက်နေခဲ့ခြင်းဖြစ်စေ။ ကျိဇယ်က ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူမသည် ကျိသော်နှင့် လက်ထပ်ခဲ့ပြီးပြီဖြစ်ပြီး ကျိသော်က သူမ၏ ခင်ပွန်းဖြစ်သည်။
ကျိသော် ထိုသို့ပြုလုပ်ရခြင်း၏ အကြောင်းရင်းများကိုတော့ သူမ နားလည်နိုင်သည်။ မိသားစု အရှက်ရလောက်မည့် ကိစ္စမျိုးရှိလာသည့်အခါ ဘယ်သူကမှ အပြင်လူ၊ အထူးသဖြင့် မိသားစုနှင့် မရင်းနှီးသေးသော ချွေးမအသစ်တစ်ယောက် သိစေချင်မည်မဟုတ်ပေ။
လူကြီးများက ကိစ္စကို ပြေလည်စေချင်ကြပြီး ကျိသော်ကလည်း သဘောတူခဲ့သည့်အတွက် မိဘများကို သဘောတူထားသည့်ကိစ္စကို သူမကို တိတ်တဆိတ် မပြောပြနိုင်ပေ။
နားလည်ပေးနိုင်သည် ဆိုသော်လည်း သူမ ဒေါသမထွက်ဟုတော့ မဆိုလိုပေ။
မိသားစုတစ်ခုလုံးက စီစဉ်ထားသော လက်ထပ်မှု လူလဲသွားသည့်ကိစ္စကို သိထားကြသော်လည်း သူမကို လျှို့ဝှက်ထားကြသည်မှာ သူမကို လှည့်စားနေကြသလိုပင်။
အရင်က ကျိသော်သည် သူမ၏ လုပ်ဖော်ကိုင်ဖက်အဆင့်သာ ဖြစ်ချင်ခဲ့ပြီး ထိုအရာက အဆင်ပြေခဲ့သည်။ သို့သော် သူကသာ သူမ၏ သက်သောင့်သက်သာရှိနေသော နယ်ပယ်ကို ကျော်လွန်လိုလာလျှင် ဒီအကြောင်းကို ဆက်၍ လျှို့ဝှက်ထားနေခဲ့ပါက သူမသည် တစ်သက်တာ လှည့်စားခံရခြင်းကိစ္စအတွက် ပျော်ရွှင်နေမည်ဟု သူထင်နေသည်လား။
လင်းချောင်သည် သူမ၏ မိဘများဆီမှ ရိုမန်တစ်ဆန်ပြီး တုံးအသော မျိုးရိုးဗီဇများကို အမွေမရထားခဲ့ရပေ။ သူမသည်သာ ထိုသို့သော သူမျ်ိုးဖြစ်ခဲ့မည်ဆိုလျှင် အချစ်ကို အလိုအပ်ဆုံးဖြစ်ခဲ့သည့် သူမ၏ ငယ်ဘဝကာလတွင်ပင် သူမ၏ စိတ်ဓာတ် ပြိုလဲသွားခဲ့မည် ဖြစ်သည်။
သူမသည် နက်နက်ရှိုင်းရှိုင်း ချစ်မိတတ်သူ သို့မဟုတ် မျှော်လင့်ချက်မဲ့စွာ ချစ်တတ်သူတစ်ဦး မဖြစ်ခဲ့သည်မှာ အလွန် ကံကောင်းသည်။ မဟုတ်လျှင် နက်နက်ရှိုင်းရှိုင်း ချစ်မိသွားပြီးမှ ဒီကိစ္စများကို သိခဲ့ရပါက ဒေါသထွက်သည်ထက် ပိုဆိုးသွားလ်ိမ့်မည်။ မျှော်လင့်ချက်မဲ့စွာ ချစ်တတ်သူတစ်ဦးဆိုလျှင် တစ်ဖက်လူအတွက် အပြစ်ဖြေစရာ များကို အလိုအလျောက် ရှာဖွေမိနေမည်ဖြစ်သည်။
နွေဦးကာလ အစောပိုင်းဖြစ်၍ ညနေခင်း လေသည် အနည်းငယ် အေးမြနေသေးသည်။ လင်းချောင်သည် နေဝင်ဆည်းဆာ၏ ရောင်ခြည်အောက်တွင် လမ်းလျှောက်ထွက်သွားခဲ့ပြီး မကြာမီ၌ လုံးဝ စိတ်ငြိမ်သွားခဲ့တော့သည်။
ဒါက လူမှားပြီး လက်ထပ်မိတဲ့ ကိစ္စလေးတစ်ခုပဲ မဟုတ်ဘူးလား။
အချိန်ကြာကြာ လျှို့ဝှက်ထားခံခဲ့ရတာလေးပဲ မဟုတ်ဘူးလား။
သူမသည် ဒီလက်ထပ်မည့်ကိစ္စကို ဖြည့်ဆည်းရန်အတွက် ကျိမိသားစုထံ ရောက်လာခဲ့ခြင်းသာဖြစ်ပြီး၊ သူမနှစ်သက်သည့် လက်တွဲဖော်ကို ရှာရန် မဟုတ်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျိမိသားစုက သူမကို ကူညီခဲ့ဖူးသည့်အတွက် သူမသည် သူတို့အပေါ် ဒီကျေးဇူးကြွေးကို ဆပ်ရမည်။ ကျေးဇူးကြွေးအကြောင်း ပြောရမည်ဆိုရင် အချို့အရာများက ပြောပြီးသားဖြစ်သည့်အတွက် အရာအားလုံးကို ပိုပြီး ရှင်းလင်းအောင် လုပ်လိုက်မှသာ ပိုကောင်းသွားမည်ဖြစ်သည်။
လင်းချောင် ပြန်ရောက်လာချိန်မှာ ကျိဇယ်က ထွက်သွားနှင့်ပြီဖြစ်သည်။ မှိန်ပျပျ မီးဖိုချောင်မီးရောင်အောက်တွင် ကျိသော် တစ်ဦးတည်း ထိုင်နေတုန်းဖြစ်ပြီး သူမကို စောင့်နေပုံပင်။
သူမ၏ ခြေသံကို သတိထားမိ၍ ထိုအမျိုးသားက ခေါင်းလှည့်ကာ ပြောလိုက်၏။
"ပြန်လာပြီလား။"
လင်းချောင်က "အင်း" ဟု ပြန်ဖြေပြီး လျှောက်လာကာ ထိုင်ချလိုက်သည်။
ပိုက်ဆံနှင့် စာရင်းများအပြင် စားပွဲပေါ်တွင် စာချုပ်တစ်စောင်ရှိနေကိုလည်း သတိထားမိလိုက်၏။
"ရှောင်ဇယ် လုပ်ထားတဲ့ စာချုပ်ပါ။"
ကျိသော်က သူမ၏ အကြည့်အတိုင်း တစ်ချက်လိုက်ကြည့်ပြီး ဆိုလိုက်သည်။ "သူက စီးပွားရေးလိုင်စင် လျှောက်ထားပြီးပြီ၊ စက်ရုံကိုလည်း တရားဝင် တည်ထောင်ပြီးသွားပြီ။"
လင်းချောင် ကောက်ယူပြီးကြည့်လိုက်သည်။ ကျိဇယ် အပြစ်ရှိသည်ဟု ခံစားနေရပုံပေါ်သည်၊ ဤတစ်ကြိမ်တွင် သူမကို ၄၀ ရာခိုင်နှုန်းအထိ ရှယ်ယာများ ပေးခဲ့သည်။
ဝါရင့်ဝန်ထမ်းဟောင်းများကို ပေးသော ၁၀ ရာခိုင်နှုန်းကို ဖယ်လိုက်ပါက သူ့အတွက် ၅၀ ရာခိုင်နှုန်းသာ ကျန်ရှိတော့မည်ဖြစ်သည်။