← Chapters

အခန်း (၁၁၁)

Vol. 10 Ch. 111

အခန်း (၁၁၁)

Vol. 10 Ch. 111

"ရေနွေး သောက်လိုက်ပါဦး။"

ကျိသော်က သူမကို ခွက်တစ်လုံး ကမ်းပေးသည်။ သူမ မယူသည်ကို မြင်သောအခါ ထိုခွက်ကို သူမရှေ့မှ စားပွဲပေါ်သို့ တင်ပေးလိုက်၏။

ဒါက တကယ်တော့ ပြန်လည်သင့်မြတ်ရေးအတွက် အချက်ပြမှုတစ်ခု ဖြစ်သည်။ သူသည် ယခုနက ဖြစ်ပျက်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး လင်းချောင်နှင့် စကားပြောချင်နေခြင်းဖြစ်သည်။

သို့သော် လင်းချောင်ကတော့ ရေခွက်ကို မထိဘဲ သူမ၏ လက်ထဲက စာချုပ်ကို ချလိုက်ပြီး ပြောလိုက်၏။

"ဒီလက်ထပ်မှုက ရှင့်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေတယ် မဟုတ်လား။"

ထိုမေးခွန်းက ရုတ်တရက်ဆန်သောကြောင့် ကျိသော် ခဏတာ တိတ်ဆိတ်သွားခဲ့သည်။ သို့သော် မကြာမီမှာပဲ လင်းချောင်၏ စိုက်ကြည့်နေမှုအောက်တွင် သူက မျက်လုံးကို မော့ကြည့်လိုက်သည်။ သူ့အကြည့်က မှောင်မိုက်ပြီး တိုက်ရိုက်ဆန်နေခဲ့သည်။

"အမှန်တရားကို နားထောင်ချင်တာလား။"

"အင်း၊ အမှန်ကိုပဲပေါ့။" လင်းချောင်က အကြည့်ကို မရှောင်လွှဲဘဲ ပြန်ကြည့်လိုက်၏။ "ဒီတစ်နှစ်ပတ်လုံး အလိမ်အညာတွေ နားထောင်ရတာ လုံလောက်ပြီမထင်ဘူးလား။"

ကျိသော်က သူမကို ကြည့်ပြီးပြောလိုက်သည်။ "နည်းနည်းတော့ ဝန်ပိုသလို ဖြစ်တယ်၊ ဒါပေမဲ့ မင်းကို ရည်ရွယ်တာ မဟုတ်ဘူးနော် အိမ်ထောင်ပြုတာကိုပဲ ရည်ရွယ်တာပါ။ ဘာပဲဖြစ်ဖြစ် ဒါက ကိုယ့်ရဲ့ မူလအစီအစဉ်ထဲမှာ ပါဝင်ခဲ့တာ မဟုတ်ဘူးလေ။"

သူက ခံစားချက်ပြင်းပြသူ မဟုတ်သလို၊ အိမ်ထောင်ပြုခြင်းနှင့် မိသားစုထူထောင်မည့်အပေါ် စွဲလမ်းမှု မရှိသူလည်းဖြစ်သည်။ သူသည် အလုပ်ပေါ်တွင်သာ အချိန်နှင့် စွမ်းအင်များကို ပိုမိုသုံးစွဲလိုသူ ဖြစ်သည်။

လက်ထပ်မည့်ကိစ္စကို သူ့အပေါ် ပုံချလိုက်ခြင်းက သူ၏မူလအစီအစဉ်ကို ဖျက်ဆီးပစ်လိုက်သလို၊ သူ့ဘဝ၏ စည်းချက်ကိုလည်း ဖရိုဖရဲ ဖြစ်စေခဲ့ကာ တာဝန်တစ်ရပ်နှင့် ချုပ်တည်းမှုတစ်ခုကို သူ့ဘဝထဲ ထပ်ပေါင်းထည့်လိုက်သလို ဖြစ်နေခဲ့သည်။

သို့သော် ဒီကိစ္စက ကျိမိသားစု၏ အမှားဖြစ်ပြီး လင်းချောင်ကို အပြစ်တင်၍ မရနိုင်ပေ။ ထို့အပြင် တစ်နှစ်နီးပါး အတူနေထိုင်ခဲ့ပြီးနောက်မှာတော့ ဒီအိမ်ထောင်ရေးက ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေသေးသည်ဟု သူ မခံစားရတော့ပေ။

သို့သော် လင်းချောင်က သူ့ကို မေးလိုက်ပြန်သည်။ "ရှင့်ရဲ့ ဘဝအစီအစဉ်ထဲမှာ ဒါက မပါခဲ့ဘူးဆိုရင် အရင်လမ်းကြောင်းကို ပြန်သွားချင်လား။"

ဒီမေးခွန်းက ရေအေးပုံးတစ်ပုံးနှင့်တူသည်။ လင်းချောင်က အမှန်တရားကို သိရှိသွားပြီး "သူ့ကို စကားပြောခိုင်းလိုက်" ဟု ပြောခဲ့တုန်းကထက်ပင် ပိုအေးစက်နေ၏။

ပထမဆုံးအကြိမ်အဖြစ် ကျိသော် အဓိပ္ပါယ်မရှိသော မေးခွန်းတစ်ခုကို မေးလိုက်မိသည်။ "ဘာကိုဆိုလိုတာလဲ။"

လင်းချောင်၏ စကားများက အလွန် တည်ငြိမ်နေ၏။ "ကျွန်မ သေချာ စဉ်းစားပြီးပါပြီ။ တကယ်တော့ ဒီလက်ထပ်မဲ့ကိစ္စကို ဖြည့်ဆည်းဖို့လာခဲ့တဲ့ ကျွန်မရဲ့ ရည်ရွယ်ချက်က မသန့်စင်ခဲ့ဘူး၊ ပြီးတော့ ကျွန်မက ရှင့်ဆီကရော၊ ကျိမိသားစုဆီကရော ဘာမှ တောင်းဆိုပိုင်ခွင့်မရှိပါဘူး။ ရှင်က ဒီအိမ်ထောင်ရေးကို ဝန်ထုပ်ဝန်ပိုးလို့ ထင်တယ်ဆိုရင် ကျွန်မတို့ နှစ်ယောက်စလုံး ခြေတစ်လှမ်းချင်းစီ နောက်ဆုတ်လို့ရပါတယ်။ ဒီ ဖော်မြူလာကိုတော့ ကျွန်မရဲ့ လက်ဆောင်အဖြစ် သတ်မှတ်လိုက်ပါ။"

ကျိသော်သာ မူရင်းစာအုပ်ထဲက အဓိကဇာတ်ဆောင်ဖြစ်ပြီး အနာဂတ်တွင် သူမကို ကွာရှင်းရန် ရည်ရွယ်ထားသူဆိုလျှင် သူတို့၏ ဆက်ဆံရေးက အပြန်အလှန်အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှုသာ ဖြစ်ပြီး ဘာမှ ပိုဖြစ်မလာနိုင်ပေ။

သို့သော် သူကတော့ မဟုတ်နေခဲ့ပေ။ ဒါကြောင့် သူက အဘိုးကျိကြောင့်ဖြစ်စေ လင်းချောင်ကြောင့်ဖြစ်စေ ဆန္ဒကို ဆန့်ကျင်ပြီး ဖိအားပေးခံထားရသူဖြစ်နေခဲ့သည်။

အစကတည်းက မှားယွင်းခဲ့သည်ဆိုလျှင်၊ ဒီအမှားကို ဘာလို့ ဆက်လုပ်ပြီး သူတို့နှစ်ဦးစလုံးကို မပျော်မရွှင်ဖြစ်အောင် လုပ်နေရမည်လဲ။

လင်းချောင် ကျိသော်ကို စိုက်ကြည့်နေပြီး သူ၏ အဖြေကို စောင့်နေမိသည်။ မမျှော်လင့်ထားဘဲ ထိုအမျိုးသားက သူမကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် ရယ်မောလိုက်သည်။

ဒေါသထွက်နေပုံပင်။

"မင်း တကယ်ပဲ နားမလည်တာလား၊ ဒါမှမဟုတ် နားမလည်ချင်ယောင် ဆောင်နေတာလား။"

ထိုအမျိုးသားက စာချုပ်ကို အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီး ထမင်းစားပွဲပေါ်သို့ ပစ်ချလိုက်ကာ သူမကို ကြည့်ပြီး မျက်စောင်းထိုးလိုက်၏။

"ကိုယ် ဒီအိမ်ထောင်ရေးကို သဘောတူခဲ့ပြီးကတည်းက ကွာရှင်းဖို့အတွက် တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူးဆိုတဲ့ အချက်ကို ကိုယ် ထည့်မပြောနေတော့ဘူး။ ကိုယ်သာ တကယ်ပဲ မင်းကို ဝန်ထုပ်ဝန်ပိုးလို့ ထင်ခဲ့ရင် အိမ်မှာ အလှဆင်ပစ္စည်းလိုပဲ ထားလိုက်လို့ရတယ်။ မင်းရဲ့ ခံစားချက်တွေကို ဘာလို့ ဂရုစိုက်နေမှာလဲ။"

"ရှင် ဒီကိစ္စတွေကို ကျွန်မဆီက ဖုံးကွယ်ထားတုန်းကတော့ ကျွန်မခံစားချက်တွေကို ဂရုစိုက်ပုံ မပေါ်ပါဘူး။"

လင်းချောင် သူ့ကို မော့ကြည့်နေရသော်လည်း သူမ၏ အရှိန်အဝါကတော့ လုံးဝမလျော့နေခဲ့ပေ။ ထိုကြောင့် ကျိသော်၏ မျက်နှာအမူအရာက တောင့်တင်းသွားပြီး စကားမပြောနိုင် ဖြစ်သွားတော့၏။

"ပြီးတော့ ရှင်က အိမ်ထောင်ပြုတယ်ဆိုတာ အလေးအနက်ထားရမယ့် ကိစ္စဖြစ်ပြီး ပေါ့ပေါ့တန်တန် မပြောသင့်ဘူးလို့ ပြောခဲ့ပေမဲ့၊ ဒီအလေးအနက် ထားရမယ့် အိမ်ထောင်ရေးက ဖုံးကွယ်မှုနဲ့ စတင်ခဲ့တာပဲလေ။"

သူမ၏ လေသံက တည်ငြိမ်စွာဖြင့်ပင်။ ဤတစ်ကြိမ်တွင်တော့ ကျိသော်၏ အရှိန်အဝါတစ်ခုလုံး ပျောက်ကွယ်သွားခဲ့တော့၏။ သူသည် သူမကို အချိန်အတော်ကြာ ငုံ့ကြည့်နေမိပြီး သူ့အသံကလည်း တိုးသွားခဲ့သည်။

"ဒါတွေအားလုံးက ကိုယ့်အမှားပါ။ မင်း စိတ်ငြိမ်သွားဖို့အတွက် ကိုယ် ဘာလုပ်ပေးရမလဲ။"

ဒီစကားက ငြိမ်းချမ်းရေးကို တောင်းဆိုနေသည့်ကိစ္စမဟုတ်ဘဲ ချော့မော့နေခြင်းသာ ဖြစ်သည်။ သူ၏ စစ်သားများသာ ကြားလျှင် သူတို့၏ တပ်မှူးကို သရဲပူးနေပြီဟုပင် ထင်မိကြလိမ့်မည်။

လင်းချောင်၏ မျက်နှာတွင်တော့ မည်သည့် ခံစားချက်မျှ မပြခဲ့။ သူမက မျက်ခုံးပင့်ကာ မေးလိုက်သည်။ "ကွာရှင်းဖို့ကိစ္စကို သဘောတူပေးဖို့အတွက် ရှင် ဘာလုပ်စရာ လိုအပ်လို့လဲ။"

"မကွာရှင်းဘူး၊ မဖြစ်နိုင်ဘူး။"

လင်းချောင်သည် ထိုအမျိုးသားကို သိခဲ့သည်မှာ အတော်ကြာပြီဖြစ်သော်လည်း သူ ဒီလောက်အထိ မြန်မြန်ဆန်ဆန် စကားပြောသည်ကို တစ်ခါမှ မမြင်ဖူးခဲ့သလို ဒါက နှစ်ကြိမ်ဆက်တိုက် ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

သူသည် တကယ်ပဲ ကွာရှင်းဖို့ ရည်ရွယ်ပုံမရပေ။ ထို့အပြင် သူက လောင်းကစားလည်း မလုပ်၊ အိမ်တွင်းအကြမ်းဖက်မှုလည်း မကျူးလွန်၊ သစ္စာဖောက်ခြင်းလည်း၊ ကြီးမားသည့် အပြစ်အနာအဆာ တစ်ခုမှမရှိနေသောကြောင့် သူ သဘောမတူသရွေ့ သူမတို့၏ ကွာရှင်းလို့မရပေ။

လင်းချောင်က ထိုအမျိုးသားကို ကြည့်လိုက်ရာ ထိုအမျိုးသားကလည်း သူမကို ကြည့်နေခဲ့သည်။ နှစ်ဦးစလုံးက မျက်တောင်မခတ်၊ ရှောင်လွှဲခြင်းမရှိသလို ပြေလည်အောင်လုပ်မည့် ရည်ရွယ်ချက်လည်း မရှိကြပေ။

"ဒါဆိုလည်း ဒီအတိုင်းပဲ ထားလိုက်ပါတော့။" လင်းချောင်သည် ဒီနေ့ချက်ချင်း ရလဒ်တစ်ခုရရန် ကြိုးစားနေခြင်း မဟုတ်ပေ။

"ဘယ်လိုပဲဖြစ်ဖြစ် ကျိမိသားစုက ကျွန်မကို ကယ်တင်ဖို့ ဆန္ဒရှိခဲ့တာကိုတော့ ကျေးဇူးတင်ပါတယ်။"

ထိုသို့ပြောပြီးနောက် သူမ ထရပ်လိုက်ပြီး စားပွဲပေါ်က စာချုပ်၊ စာရင်းများနှင့် ပိုက်ဆံများကို ယူကာ ထိုအမျိုးသား၏ အနားမှ ပျောက်ကွယ်သွားပြီး အပေါ်ထပ်သို့ တည့်တည့် တက်သွားတော့သည်။

သူမ ထွက်သွားပြီးနောက် ကျိသော်ရှိနေသော မီးဖိုချောင်က လုံးဝ အေးစက် တိတ်ဆိတ်သွားခဲ့၏။ သူ လင်းချောင်အတွက် ငှဲ့ပေးထားခဲ့သော ရေနွေးတစ်ခွက်ပင် အပူတဖြည်းဖြည်း လျော့နည်းသွားပြီဖြစ်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ဒီနေရာတွင်ပဲ လင်းချောင်က သူ့ထံမှ ကင်မရာကို လုယူခဲ့ကာ သူမ၏ ရုပ်ဆိုးနေသော ဓာတ်ပုံများကို မရိုက်ရန်ပြောခဲ့သည်။ ဒီနေ့မှာတော့ သူမက ဒီနေရာတွင် ကွာရှင်းဖို့ ပြောနေလေပြီ။

ကျိသော်သည် ကင်မရာဖြင့် ဖိမိခဲ့သည့် သူ့ရင်ဘတ်ပေါ်က နေရာကို ကြည့်လိုက်ပြီး ဆေးလိပ်သောက်ချင်လာသော်လည်း သူ့အိတ်ထဲတွင် ဗလာဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သူ့တူက သူ၏ နောက်ဆုံးကျန်နေသော ဆေးလိပ်နှစ်လိပ်ကို ယူသွားခဲ့ခြင်းဖြစ်သည်။ သူသည် ထမင်းစားပွဲတွင် ထိုင်ချလိုက်ပြီး လင်းချောင်အတွက် အခွံနွှာပေးထားသည့် ပုစွန်ကို ကောက်ယူကာ ဘာခံစားချက်မှမပါပဲ တစ်ကိုက် စားလိုက်၏။

အေးနေသော ပင်လယ်စာက ပိုပြီး ညှီနံ့ ရနေသည်၊ သူ ချက်ချင်း မျက်မှောင်ကြုတ်မိလိုက်သော်လည်း လင်းချောင်၏ ပန်းကန်ထဲက အရာအားလုံးကို တစ်ကိုက်ချင်းစီ စားပစ်လိုက်၏။

စားပြီးနောက် ပန်းကန်များကို ဆေးကြောနေခဲ့ရာ မီးဖိုခန်း အပြင်ဘက် လှေကားမှ ဆင်းလာသည့် ခြေသံကို ကြားလိုက်ရသည်။ လင်းချောင် ပြန်ဆင်းလာခြင်းဖြစ်သည်။

ကျိသော်၏ အကြည့်က သူမအပေါ် ချက်ချင်း ကျရောက်သွားသော်လည်း လင်းချောင်ကတော့ သူ့ကို မေးလိုက်သည်။ "ရှောင်ဇယ်ရဲ့ ဖုန်းနံပါတ် ရှင့်မှာရှိလား။"

"သူနဲ့ ဘာလုပ်မလို့လဲ။" ကျိသော်၏ အသံက အေးစက်သွားခဲ့သည်။

လင်းချောင်ကတော့ အေးစက်မှုကို မကြားဟန်ဆောင်ပြီး ပြောလိုက်၏။ "ချန်ကျောက်နန်က သူ့အတွက် အလုပ်လုပ်ပေးနေတာ မဟုတ်ဘူးလား။ သူမကို ကျွန်မဆီ ခဏလောက် ငှားပေးဖို့ ပြောပါ။ ကျွန်မ ပိုက်ဆံ ပေးပါမယ်။"

"မင်း တစ်ခုခု လိုအပ်နေတာ ရှိလို့လား။" ကျိသော်က ချက်ချင်း မေးလိုက်သော်လည်း လင်းချောင်ကတော့ သူ့ကို စကားဆက်မပြောချင်ဟန်ဖြင့် "အင်း" ဟုသာ ပြန်ဖြေလိုက်သည်။

သူသည် မတတ်သာဘဲ ဆိုလိုက်၏။ "ကိုယ် မင်းအတွက် ဖုန်းခေါ်ပေးမယ်။"

သူက လက်ကို သုတ်ပြီး ကျိဇယ်၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။

ခုနကမှ ပြဿနာကြီးတစ်ခု ဖန်တီးထားသူဖြစ်၍ ကျိဇယ်က ချက်ချင်းဆိုသလို သဘောတူလိုက်၏။ "အဒေါ် ပိုက်ဆံပေးဖို့ မလိုပါဘူး။ အဒေါ် အဆင်ပြေသလို သူမကို အသုံးပြုလို့ရပါတယ်။"

"ဒီလိုလုပ်လို့ မရဘူး။ ဘယ်သူ့ပိုက်ဆံဖြစ်ဖြစ် အလုပ်လုပ်တဲ့သူက ရသင့်တယ်။" လင်းချောင်က ခိုင်မာစွာ ပြောလိုက်သည်။

ထို့နောက် ကျိဇယ်က ဘယ်အချိန်တွင် လိုအပ်နေကြောင်းနှင့် ဘယ်နေရာသို့ ပို့ပေးရမည်ကို မေးလိုက်သည်။ အရာအားလုံးကို စီစဉ်ပြီးသွားသည့်နောက် ဖုန်းက ကျိသော်၏ လက်ထဲ ပြန်ရောက်လာရာ ကျိဇယ်က သတိထားပြီး မေးလိုက်သည်။ "အဒေါ်က စာချုပ်နဲ့ ပတ်သက်ပြီး ကျေနပ်ရဲ့လား။"

ကျေနပ်၏။ အလွန်ကျေနပ်နေခြင်းဖြစ်သည်။

သူမသည် ဒီစာချုပ်ကို ကျေးဇူးတင်လွှာအဖြစ် အသုံးပြုပြီး သူ့ကို ကွာရှင်းချင်စိတ်တောင် ရှိနေသေးသည်။

ကျိသော် ဖုန်းကို "ခွက်" ခနဲ အသံမြည်အောင် ချပစ်လိုက်သည်။

လင်းချောင် အကူအညီ လိုအပ်ရသည့် အဓိကအကြောင်းအရင်းမှာ ပြိုင်ပွဲစရန် အချိန်နီးနေပြီဖြစ်ပြီး သူမသည် သူမ၏ ပြခန်းနေရာကို ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်သော်လည်း သူမ အလုပ်ရှုပ်နေသောကြောင့်ဖြစ်သည်။

ယန်ဒူတွင် နေထိုင်ခဲ့သော တစ်နှစ်မပြည့်သေးသည့်ကာလအတွင်း သူမနှင့် သိကျွမ်းသော လူအများစုသည် အလုပ်ကိုယ်စီရှိကြပြီး သူမကို မကူညီနိုင်ကြပေ။ အိမ်နီးချင်း လျိုကွေ့ရင်းမှလွဲလျှင် ချန်ကျောက်နန်ကသာ အားနေသူ ဖြစ်သည်။

သူမသည် လျိုကွေ့ရင်းကို နေ့လည်ဘက်တွင် သွားရောက်မေးမြန်းခဲ့ပြီးဖြစ်ရာ သူမက ချက်ချင်း သဘောတူခဲ့ရုံသာမက ဗိုလ်မှုးကြီးလျန်နှင့် ကျွင်းဇီတို့ကိုပါ ထိုရက်များအတွက် စားသောက်ဆိုင်တွင် ထမင်းသွားစားရန် အကြောင်းကြားခဲ့သေးသည်။ ချန်ကျောက်နန်ပါ ပါလာသည့်အခါ သူတို့နှစ်ဦးပေါင်းပြီး ပြခန်းနေရာကို သေသေချာချာ စီစဉ်နိုင်မည်ဖြစ်သည်။

ထိုညတွင် ပထမဆုံးအကြိမ်အဖြစ် လင်းချောင်နှင့် ကျိသော်တို့၏ အိပ်ရာပေါ်၌ စောင်နှစ်ထည် ရှိနေခဲ့၏။ ကျိသော်က ယခင်က စောင်အကြီးကို အသုံးပြုပြီး လင်းချောင်ကတော့ သူမအတွက် စောင်အသေး တစ်ထည်ကို ယူထားသည်။

ကျိသော် အိပ်ယာဘေးတွင် အချိန်အတော်ကြာ ရပ်နေခဲ့ပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပဲ လင်းချောင်ကတော့ မျက်လုံးပိတ်ပစ်လိုက်သည်။

နောက်ရက်များတွင်လည်း အခြေအနေက အတူတူပင်ဖြစ်သည်။ နေ့ခင်းဘက်တွင် အရာအားလုံးက ပုံမှန်ဖြစ်နေသော်လည်း ညဘက်တွင်တော့ သူတို့က တစ်ဦးလျှင် စောင်တစ်ထည်ဖြင့် သီးခြားအိပ်ခဲ့ကြသည်။ လင်းချောင်၏ သဘောထားကလည်း သူတို့ ပထမဆုံး လက်ထပ်တုန်းကကဲ့သို့ ပြန်ဖြစ်သွား၏— ယဉ်ကျေး၊ လေးစားပြီး၊ အတိုင်းအတာတစ်ခုကို ထားသည်၊ ဘယ်သူ့ကိုမှ ခက်ခဲအောင် မလုပ်ခဲ့ပေ။

သူက သူမကို "ကားလိုအပ်လား"ဟု မေးသော်လည်း သူမက "ကျေးဇူးတင်ပါတယ် မလိုပါဘူး"ဟု ပြောသည်။

သူက တနင်္ဂနွေနေ့တွင် အချိန်ရကြောင်းနှင့် သူမကို ကူညီရန် လိုအပ်လားဟု မေးခဲ့သည်။ သူမက လူလုံလောက်ပြီဖြစ်သည့်အတွက် ကျေးဇူးတင်ကြောင်းသာ ပြန်ပြောခဲ့သည်။

ထိုအချိန်တွင် ကျိသော်သည် လွန်ခဲ့သော ခြောက်လတာ အိမ်ထောင်ရေးကာလအတွင်း သူ တစ်ယောက်တည်း ပြောင်းလဲသွားခြင်း မဟုတ်ဘဲ လင်းချောင်လည်း အများကြီး ပြောင်းလဲသွားကြောင်း သဘောပေါက်မိလိိုက်သည်။

အထူးသဖြင့် ကုမိသားစု ကိစ္စများမှတစ်ဆင့် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ပွင့်လင်းလာခဲ့ပြီးနောက် သူမသည်လည်း သူ၏ခံစားချက်များကို တဖြည်းဖြည်း သတိပြုမိလာခဲ့သည်။ ကံမကောင်းစွာဖြင့် အချို့အရာများသည် တည်ဆောက်ရန် ခက်ခဲသော်လည်း ပျက်စီးရန်ကတော့ အလွန်လွယ်ကူနေခဲ့သည်။

ကျိသော်နှင့် နှိုင်းယှဉ်လျှင် လင်းချောင်သည် အလွန်အလုပ်များနေပြီး သူ့ခံစားချက်များကို ဂရုစိုက်ပေးနေရန် အချိန်မရှိပေ။ ဤပွဲသည် သုံးရက်ကြာသည့်ပွဲဖြစ်သည်။ စတင်နေဆဲဖြစ်သောကြောင့် အရွယ်အစား သိပ်မကြီးသေးဘဲ ပြည်နယ်များကိုသာ အဓိကထား စီစဉ်ခြင်းဖြစ်သည်။

အကြံပြုထားသော အဖွဲ့အစည်းများသည် ပြည်နယ်များ၏ အောက်တွင် ပါဝင်သည်။ ကျောင်း၏ လမ်းကြောင်းအရ လင်းချောင်ကို ယန်ဒူရှိ အမျိုးမျိုးသော တက္ကသိုလ်များနှင့်အတူ စီစဉ်ပေးထားသည်။ သူမရှေ့တွင် ချင်းဟွာနှင့် ပေကျင်းတက္ကသိုလ်ကဲ့သို့သော ဂုဏ်သတင်းကြီးမားသည့် ကျောင်းများရှိသော်လည်း သူမ အလှည့်ရောက်သည့်အခါ XX အလယ်တန်းကျောင်းသာ ဖြစ်နေခဲ့သည်။ ပြပွဲဧရိယာက မကျယ်ဝန်းသော်လည်း ဖြတ်သွားဖြတ်လာလုပ်သူတိုင်းက အခြားနေရာများထက် အနည်းငယ်တော့ ပို၍ ကြည့်သွားကြ၏။

အကူအညီလာပေးသည့် လျိုကွေ့ရင်းသည် ဤသို့သော မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ အိမ်တွင် အသံကျယ်ကျယ် ပြောတတ်သော်လည်း သူမသည် စကားကို သိမ်မွေ့စွာ စပြောလာတော့သည်။

"လူတွေ အများကြီးပဲ၊ ငါ အမှားမလုပ်မိဖို့ပဲ မျှော်လင့်ပါတယ်။"

ပြပွဲတွင် ပစ္စည်းများကို ပြသထားရုံသာမကဘဲ အသုံးပြုပုံနှင့် အာနိသင်များကိုပါ ပြသခဲ့သည်။ လင်းချောင်နှင့် ချန်ကျောက်နန်တို့သည် ထိုအပိုင်းကို တာဝန်ယူပြီး ထုတ်ကုန်အချို့၏ မတူညီသော အသုံးပြုပုံများကို အဆက်မပြတ် သရုပ်ပြနေခဲ့ကြသည်။

လင်းချောင်က ပြုံးပြပြီး သူမကို စိတ်ချရအောင်ပြောလိုက်၏။ "ဒိုင်လူကြီးအဖွဲ့ မရောက်သေးပါဘူး။ သူတို့တွေက အလကား ဝင်ခွင့်ရတဲ့ပြည်သူတွေပါပဲ။ သူတို့ကို စိတ်ပူနေစရာ မလိုပါဘူး။"

လျိုကွေ့ရင်းလည်း စဉ်းစားပြီးနောက် သဘောတူလိုက်၏။ "အင်း။ သူတို့က လက်မှတ်ဖိုးပေးထားတာမှ မဟုတ်တာ၊ မင်းကိုလည်း အကဲဖြတ်တာ မဟုတ်ဘူး။ ငါက ဘာလို့ စိတ်ပူရမှာလဲ။"

စိတ်ပိုသက်သာလာသောအခါ သူမသည် သူမဘေးတွင် တိတ်ဆိတ်စွာ အလုပ်လုပ်နေသော ချန်ကျောက်နန်ကို သတိထားမိလိုက်သည်။

"ဒီကောင်မလေးက တကယ်ပဲ အလုပ် ကြိုးစားတယ်နော်။"

ချန်ကျောက်နန်က ပြုံးပြလိုက်၏။ လျိုကွေ့ရင်းက လင်းချောင်ကို ပြောလိုက်ပြန်သည်။ "မင်း ဒီရှောင်ချန်ကို ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ။ သူမက ငါ့ သူမအရွယ်တုန်းကထက်ကို ပိုပြီး စွမ်းရည်ရှိနေတယ်။"

သူတို့ အလုပ်ရှုပ်နေတုန်းမှာပဲ ပြခန်းဘေးမှ လူတစ်ယောက်က ဖြတ်လျှောက်သွားပြီး ခဏအကြာ ပြန်လှည့်လာကာ မေးလိုက်သည်။

"ဒီအစွန်းချွတ်ဆေးကို ဘယ်သူ တီထွင်ထားတာလဲ။"

သူက အသက်သုံးဆယ်ကျော် လေးဆယ်ဝန်းကျင် ဆံပင်သိပ်မရှိသော အမျိုးသားတစ်ဦး ဖြစ်သည်။

လျိုကွေ့ရင်းနှင့် ချန်ကျောက်နန် နှစ်ဦးစလုံးက လင်းချောင်ကို ကြည့်လိုက်ကြသည်။ ထိုအမျိုးသားက သိသိသာသာ အံ့ဩသွား၏။

"မင်း တီထွင်ထားတာလား။"

သူသာမက၊ လျိုကွေ့ရင်းနှင့် ချန်ကျောက်နန်တို့လည်း ပထမဆုံး သိခဲ့ရချိန်က အံ့ဩခဲ့ကြရသည်။ ဆပ်ပြာရည်စက်ရုံတွင် အလုပ်လုပ်ပြီး စက်ရုံ၏ အတိုင်းအတာနှင့် နေ့စဉ်ရောင်းအားကို သိနေသော ချန်ကျောက်နန်က ဒီဖော်မြူလာသည် လင်းချောင်ထံမှ ဆိုသည်ကို မယုံနိုင်ခဲ့ပေ။

သူတို့က အံ့ဩရုံသာဆိုသော်လည်း ထိုအမျိုးသားကတော့ လင်းချောင် ငယ်ရွယ်သည်ကို မြင်တော့ အခြားအကြံအစည်များ ရှိသွားပုံရ၏။ သူသည် လင်းချောင်ထံ ပိုနီးကပ်လာကာ လက်သုံးချောင်း ထောင်ပြပြီး အသံကို တိုး၍ ပြောလိုက်သည်။

"ကျွန်တော် ဒီဈေးပေးပါ့မယ်။ ဒီဖော်မြူလာကို ကျွန်တော့်ဆီ ရောင်းပါလား။"

ထိုလက်သုံးချောင်းက ကျိဇယ်၏ ၃၀ ရာခိုင်နှုန်းသော အမြတ်ငွေကို ရည်ညွှန်းခြင်းမဟုတ်မှန်း ရှင်းနေ၏။ လင်းချောင်က ပြုံးပြီး ပြောလိုက်သည်။ "ဒီဖော်မြူလာကို ကျွန်မ မရောင်းနိုင်ပါဘူး။"

"ဒီလောက်ပဲ ပေးနိုင်တယ်။" သူက နောက်လက်တစ်ဖက်နဲ့ ငါးချောင်း ထပ်ပေါင်းပြပြန်သည်။

"ဆရာမတစ်ယောက်အနေနဲ့ မင်းရတာက နည်းနည်းလေးပဲ။ ဒါက မင်းလစာရဲ့ နှစ်ပေါင်းများစွာရှာရတဲ့ တန်ဖိုးရှိတယ်။ ကျွန်တော်က ရင်းနှီးမြှုပ်နှံချင်ရုံ သက်သက်ပါ၊ လောင်းကြေးထပ်ကြည့်တာပေါ့။ ဒါက အသုံးတောင် မဝင်နိုင်ဘူးလေ။ မရောင်းချင်ဘူးဆိုရင်လည်း တခြားတစ်ယောက်ဆီကပဲ ဝယ်လိုက်တော့မယ်။"

သူသည် ပြပွဲတွင် သူ၏ ကံကိုစမ်းကြည့်နေခြင်း ဖြစ်ပြီး ဖြစ်နိုင်ခြေရှိသော တီထွင်မှုများကို ရှာဖွေကာ တီထွင်သူများက ၎င်းတို့ တီထွင်မှုများ၏ တန်ဖိုးကို မသိနေရန် မျှော်လင့်နေခဲ့ခြင်းဖြစ်သည်။

လင်းချောင်သည် ကုမ္ပဏီကြီးတစ်ခုက အင်ဂျင်နီယာ သို့မဟုတ် ဂုဏ်သတင်းကြီး တက္ကသိုလ်တစ်ခုခုမှ တက္ကသိုလ်ကျောင်းသူ မဟုတ်ဘဲ အလယ်တန်းကျောင်းပြ ဆရာမတစ်ဦးသာ ဖြစ်သည့်အတွက် ပစ်မှတ်ထားခံရခြင်းမှာ ပုံမှန်ပင်။ သူမသည် သူ့နှင့် စကားအပိုပြောပြီး အချိန်မဖြုန်းချင်တော့သည့်အတွက် အကြည့်လွှဲရန် ပြင်လိုက်စဉ် တစ်စုံတစ်ယောက်က ရုတ်တရက် ဆိုလိုက်၏။

"မရောင်းပါနဲ့။ မင်းရဲ့ တီထွင်မှုက တကယ်အသုံးဝင်ပါတယ်။"

သူတို့ လှည့်ကြည့်လိုက်ကြရာ အသက်ငါးဆယ်ကျော်အရွယ် 'အဘိုးအို' တစ်ဦးကို တွေ့လိုက်ရ၏။

သူသည် အသက်ငါးဆယ်ကျော်ရုံသာ ရှိသေးသော်လည်း "အဘိုးအို" ဟု ခေါ်ရခြင်းမှာ သူ၏ရုပ်ရည်က သာမန်ဖြစ်ပြီး ရိုးရှင်းစွာ ဝတ်စားထားသောကြောင့်ဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ယန်ဒူမြို့ပြင်မှ တောင်သူအိုကြီးတစ်ဦးဟုပင် ထင်ရလောက်သည်။

All Chapters