အခန်း (၁၁၂)
Vol. 10 Ch. 112
ခပ်ဝဝအမျိုးသားက စကားဖြတ်ပြောခံရသဖြင့် သိသိသာသာ စိတ်မကျေမချမ်း ဖြစ်သွားပြီး ဆိုလိုက်၏။ "ခင်ဗျားက အခု ဘယ်ကလာပြီး ဒီပစ္စည်း အသုံးဝင်တယ်လို့ ပြောနေရတာလဲ။ ဒါက ဘာလဲဆိုတာ နားရော လည်ရဲ့လား။"
အဘိုးအိုက သူ့ကို လျစ်လျူရှုပြီး လင်းချောင်ကို ကြည့်လိုက်သည်။ "မင်း ဓာတုဗေဒ သင်တာလား။"
လင်းချောင်က ခေါင်းညိတ်ပြရာ သူက အနီးအနားတွင် သရုပ်ပြနေသော အစွန်းချွတ်သည့် လုပ်ငန်းစဉ်ကို ကြည့်လိုက်၏။
"မင်းရဲ့ စိမ့်ဝင်အောင် လုပ်တဲ့နည်းက အရမ်းမြန်ပြီး ပစ္စည်းတွေရဲ့ မူလဖွဲ့စည်းပုံကိုလည်း မပျက်စီးစေဘူး။ ဒါကို နယ်ပယ်အများကြီးမှာ အသုံးပြုလို့ရနိုင်တယ်။ ပေါ့ပေါ့တန်တန် မရောင်းပစ်လိုက်ပါနဲ့။"
လင်းချောင်က အလွန်ငယ်ရွယ်သောကြောင့် နားမလည်မည်ကို စိုးရိမ်နေသည့်ပုံဖြင့် သူက ထပ်ဖြည့်ပြောလိုက်သည်။ "မင်း မသေချာဘူးဆိုရင် ငါ မင်းကို စိတ်ချရတဲ့ တစ်ယောက်နဲ့ မိတ်ဆက်ပေးလို့ ရပါတယ်..."
သူ့စကားမဆုံးခင်မှာပင် ထိုခပ်ဝဝအမျိုးသားက ဖြတ်ပြောလိုက်ပြန်သည်။ "ခင်ဗျား ဘာကြောင့် သူမကို မရောင်းစေချင်တာလဲဆိုတာ ကျွန်တော် သိသွားပြီ။ ခင်ဗျားလည်း လိုချင်နေတာပေါ့၊ စီးပွားရေးကို ခိုးယူဖို့ ကြိုးစားနေတာပဲ။"
ထိုခပ်ဝဝ အမျိုးသားက လှောင်ပြောင်လိုက်သည်။ "စည်းမျဉ်းတွေကို မသိဘူးလား။ တခြားသူတွေ ညှိနှိုင်းနေတုန်း ဝင်ရောက် စွက်ဖက်ရဲတယ်ပေါ့။"
တကယ်ကိုပဲ ယန်ဒူ၏ ရှေးဟောင်း စည်းမျဉ်းအရဆ်ိုလျှင် တစ်စုံတစ်ယောက် ညှိနှိုင်းနေတုန်း ဝင်ရောက် ကြားမဖြတ်သင့်ပေ။ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းဆိုလျှင် ပိုဆိုးသည်။ သို့သော် လင်းချောင်ကတော့ အဘိုးအိုသည် စီးပွားရေးလုပ်ရန် ရောက်လာခြင်းမဟုတ်ဟုသာ ထင်ခဲ့သည်။
သူမက ပြုံးပြီး အဘိုးအိုကို မေးလိုက်၏။ "ရှင်က ဒီနယ်ပယ်ထဲကလား။"
ထိုမေးခွန်းကြောင့် အဘိုးအိုက သူမကို တစ်ဖန် ပြန်ကြည့်လိုက်ပြီး မျက်လုံးများတွင်လည်း အပြုံးရိပ်များ သန်းနေခဲ့သည်။
ထိုအချိန်တွင်ပဲ ရင်းနှီးသော အသံတစ်သံက မလှမ်းမကမ်းမှ ထွက်ပေါ်လာ၏။"ရှောင်ယန်လား။"
လင်းချောင် ခဏတာ ကြောင်သွားခဲ့၏။ အဘိုးအိုက လှည့်လိုက်ပြီး ရောက်လာသူကို ပြုံးပြပြီး နှုတ်ဆက်လိုက်သည်။ "ဆရာမရွှီ၊ ဆရာမလည်း ပြပွဲကို လာတာလား။"
သူမက ရွှီလီဖြစ်သည်။ လင်းချောင်သည် သူမ ပြပွဲတွင် ပါဝင်နေကြောင်း သူမကို အသိမပေးရသေးပေ။ သူမက ဘယ်လိုလုပ် ရောက်လာခဲ့သည်လဲ။
လင်းချောင်သည် လူအုပ်ကြီးကို အလိုလို ဝေ့ကြည့်လိုက်မိရာ သူမ၏အနောက် မလှမ်းမကမ်းနေရာတစ်ခုတွင် ရင်းနှီးသော အရပ်မြင့်မြင့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
ကျိသော်က လင်းချောင်ကို ကြည့်နေရင်း အမှတ်မထင်ခဏတာ ကြည့်လိုက်မိရာမှ သူတို့နှစ်ဦးသား မျက်လုံးချင်း တည့်တည့် ဆုံမိသွားကြ၏။
သို့သော် လင်းချောင်ကတော့ ချက်ချင်း မျက်နှာလွှဲကာ လျှောက်လာနေသည့် ရွှီလီဆီသို့ အကြည့်က်ိုပို့လိုက်သည်။
ရွှီလီက ပြုံးပြီး အဘိုးအိုနှင့် စကားပြောလ်ိုက်သည်။ "ကျွန်မ ချွေးမကလည်း ဒီမှာ ပြပွဲလုပ်နေတာလေ။ ဒါကြောင့် လာကြည့်တာပါ။"
"ဆရာမရဲ့ ချွေးမကလည်း ဒီမှာ ပြပွဲလုပ်နေတာလား။" အဘိုးအိုက အနည်းငယ် အံ့ဩသွားသလိုပင်။
ရွှီလီက ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်ပြပြီး ဘေးက လင်းချောင်ကို လှမ်းကြည့်လိုက်၏။ "ဒါက ကျွန်မရဲ့ချွေးမ လင်းချောင်ပါ။"
ထို့နောက် သူမက လင်းချောင်ကို မိတ်ဆက်ပေးလိုက်၏။ "ဒါကတော့ ယန်မောက်ရှန်၊ ချင်တက္ကသိုလ် ဓာတုဗေဒဌာနက ပါမောက္ခပါ။"
လင်းချောင်က ထိုသူသည် ရိုးရိုးသာမန်လူတစ်ယောက် မဟုတ်လောက်ဘူးဟု ထင်ထားခဲ့သော်လည်း ချင်တက္ကသိုလ် ပါမောက္ခဖြစ်နေလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။ ဘေးမှ ခပ်ဝဝနှင့်လူက ပို၍ပင် အံ့ဩသွားပြီး သူမတို့ အာရုံပျံ့လွင့်နေတုန်းမှာပင် ပြပွဲနေရာမှ အလျင်အမြန် ခိုးထွက်သွားတော့သည်။
လင်းချောင်ကတော့ မျက်စိထောင့်မှ လှမ်းမြင်လိုက်သော်လည်း ဂရုမစိုက်ခဲ့ပေ။ သူမက ပါမောက္ခကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ "ပါမောက္ခယန်၊ မင်္ဂလာပါ။ စောစောက ကူညီပေးတာအတွက် ကျေးဇူးတင်ပါတယ်။"
"ကိစ္စမရှိပါဘူး။ မင်းက ငါမပါဘဲနဲ့လည်း ဘာမှ ထိခိုက်သွားမှာ မဟုတ်ဘူးလို့ ငါ ထင်ပါတယ်။"
လယ်သမားအဘိုးကြီးနှင့်တူသည့် ဤပါမောက္ခသည် ဒီလိုအသေးအမွှား ကိစ္စလေးများကို ဂရုမစိုက်ဘဲ ပြပွဲသို့ ရောက်လာသူဖြစ်ရာ လက်ကို ဝှေ့ယမ်းပြလိုက်သည်။
သူထွက်သွားပြီးနောက် လင်းချောင်က ဤပါမောက္ခဖြစ်သူသည် အရင်က ကောလိပ်ဝင်ခွင့်စာမေးပွဲကို အကြိမ်များစွာ ဖြေဆိုခဲ့ရပြီး မအောင်မြင်ခဲ့သည့်အပြင် ရွှီလီ၏ အတန်းတွင် တစ်နှစ် ပြန်တက်ခဲ့ရဖူးကြောင်း ရွှီလီထံမှတစ်ဆင့် သိလိုက်ရ၏။
"အဲဒီအချိန်တုန်းကသာ ပြိုင်ပွဲတွေရှိခဲ့မယ်ဆိုရင် သူက အရွေးချယ်ခံရပြီး အနည်းဆုံး နှစ်နှစ်လောက်တော့ သက်သာသွားလောက်တယ်။"
ရွှီလီက ပြုံးရင်း စကားအနည်းငယ် ထပ်ပြောလိုက်၏။ လင်းချောင်၏ မျက်နှာအမူအရာ အဆင်ပြေကြောင်း တွေ့ရသောအခါ သားဖြစ်သူကို လှမ်းခေါ်လိုက်သည်။
"ဒီကို လာခဲ့။"
ထို့နောက် လင်းချောင်ကို ညင်သာစွာ ပြောလိုက်သည်။ "သူ့ကို ခဏလောက် ဒီနေရာကို ကြည့်ခိုင်းထားပြီး မင်းက အမေနဲ့အတူ လမ်းအတူလျှောက်ပေးပါလား။ ဘယ်လိုလဲ။"
တင်းမာမှုနှင့် ရင်ဆိုင်လာပါက လင်းချောင်သည် ပို၍ပင် တင်းမာနိုင်သူဖြစ်သည်။ သို့သော် ဤကဲ့သို့သော အလွန် ညင်သာသည့် စေ့စပ်ဆွေးနွေးမှုမျိုးနှင့် ကြုံရသောအခါ ကြမ်းတမ်းသော စကားလုံးတစ်ခွန်းမှ ထွက်မလာနိုင်ခဲ့တော့ပေ။
ထို့အပြင်၊ သူမကို လိမ်ညာထားခဲ့ခြင်းမှလွဲ၍ ရွှီလီသည် သူမအပေါ် အမြဲကောင်းခဲ့သူဖြစ်သည်။ သူမ ရုတ်တရက် ပြန်ရောက်လာသည့် အကြောင်းရင်းကိုလည်း လင်းချောင် ခန့်မှန်းမိနိုင်သောကြောင့် မငြင်းဆန်ခဲ့တော့ပေ။
မမျှော်လင့်ထားဘဲ ခဏတာ လမ်းလျှောက်ပြီးနောက် ရွှီလီက ရုတ်တရက် "ချောင်ချောင်" ဟု တိုးတိုးလေး ခေါ်လိုက်ပြီး ပြောလိုက်၏။
"ဒီတစ်ခါ အမေ ပြန်လာတာက သမီးကို တောင်းပန်ဖို့ သက်သက်ပါပဲ။"
တောင်းပန်မည်တဲ့လား။
လင်းချောင် ခေါင်းလှည့်ကြည့်လိုက်ရာ ရွှီလီ၏ ရိုးသားပြီး နူးညံ့သော မျက်လုံးများနှင့် ဆုံတွေ့လိုက်ရသည်။
သူမ ကြည့်လိုက်သည်ကို မြင်သောအခါ ရွှီလီက သူမ နားကြားမမှားကြောင်း အတည်ပြုရန် ခေါင်းညိတ်ပြလိုက်၏။
"အမေက တောင်းပန်ဖို့ ပြန်လာတာပါ။ ဒီဆုံးဖြတ်ချက်ကိုချတဲ့နေရာမှာ ကဏ္ဍပေါင်းများစွာကို ထည့်သွင်းစဉ်းစားခဲ့တယ်ဆိုတာက မှန်ပါတယ်။ မင်း စိတ်မကောင်းဖြစ်ရမှာကို၊ သားအကြီးနဲ့ မိသားစုကြားမှာ အခက်အခဲတွေ ဖြစ်လာမှာ၊ ပြီးတော့ မင်းလို မိန်းကလေးငယ်လေးတစ်ယောက်က ခရီးဝေးကနေ အားကိုးတကြီး ဒီနေရာအထိ ရောက်လာပြီးမှ အမေတို့ မိသားစုက လက်မခံခဲ့ဘူးဆိုတာ လူတွေသိသွားပြီး ကောလာဟလတွေ ထွက်လာမှာ၊ ဒီအခြေအနေတွေက မင်းကို ဝမ်းနည်းစေနိုင်ပြီး အိမ်မှာပါ ဆက်မနေနိုင်အောင် ဖြစ်လာစေမယ်ဆိုတာ အမေတို့ သိတာကြောင့် မင်းက ဒုတိယသားနဲ့ လက်ထပ်တော့မှာပဲဆိုပြီး ဒါတွေကို မပြောပြဘဲ ဖုံးကွယ်ထားခဲ့တာပါ။ ဒါပေမဲ့လည်း မိသားစုတစ်ခုလုံးက သိထားပြီး မင်းတစ်ယောက်တည်းကိုပဲ ဖုံးကွယ်ထားခဲ့တာက မင်းအပေါ်မှာတော့ တကယ်ပဲ မမျှတခဲ့ဘူးပေါ့။"
ရွှီလီက သူမ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ "အမေတို့က မင်းကို အထင်သေးခဲ့မိကြတာပါ။ တကယ်တော့ မင်းက ခံနိုင်ရည်ရှိတဲ့ ကလေးတစ်ယောက်ပဲ။ အဲ့ဒီအချိန်တုန်းက မင်းကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့မယ်ဆိုရင် မင်းလည်း ဒီလောက်ကြီးတော့ စိတ်မဆိုးလောက်ပါဘူး။ ဒါပေမဲ့ ဖုံးကွယ်ထားခဲ့မိတဲ့အတွက် မင်းက မိသားစုထဲမှာ သူစိမ်းတစ်ယောက်ဖြစ်နေသလို ခံစားနေရတယ်။ ဒါကို သိလိုက်ရတဲ့အချိန်မှာ မင်း တကယ် စိတ်မသက်မသာဖြစ်ခဲ့ရမှာပါ။"
ထိုကဲ့သို့ အခြေအနေမျိုးကို ဖြတ်သန်းခဲ့ဖူးသည့် အမျိုးသမီးများကသာ တစ်ဦး၏ ခံစားချက်များကို တစ်ဦး သေသေချာချာ ထည့်သွင်းစဉ်းစားပေးနိုင်လိမ့်မည်။ ကျိသော် ဘယ်လောက်ပဲ ပြောပြော၊ ရွှီလီ၏ စကားလုံးအနည်းငယ်ကဲ့သို့ ပစ်မှတ်ကိုတော့ တ်ိုက်ရိုက် ထိမှန်နိုင်မည်မဟုတ်ပေ။
လင်းချောင်သည် ဤမျှလောက်အထိ နူးညံ့သိမ်မွေ့ပြီး ကြေကွဲလွယ်သူမျိုး မဟုတ်ပေ။ လိမ်လည်မှုပေါ် အခြေခံထားခဲ့သည့် ဒီလို ကာကွယ်မှုဟု ဆိုသောအရာထက် လေးစားမှုကိုသာ သူမ ပို၍လိုချင်ခဲ့သည်။ အဘိုးကျိတို့က သူမကို ယဲ့မင်ရှုးကဲ့သို့ ဆိုးဆိုးရွားရွား ဆက်ဆံခဲ့သည်ဆိုလျှင်တောင် အမှန်တရား ပေါ်လာသောအခါ သူမ အများကြီး တုံ့ပြန်မိခဲ့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် သူတို့ကို မိသားစုအဖြစ် မည်သည့်အခါကမှ မသတ်မှတ်ထားခဲ့သောကြောင့် ဖြစ်သည်။
အဆိုးဆုံး ခံစားချက်ကတော့ တစ်စုံတစ်ယောက်ကို အရေးကြီးသူအဖြစ် သတ်မှတ်ထားခဲ့သော်လည်း သူတို့ကတော့ ကိုယ့်ကို အရုပ်တစ်ရုပ်၊ အရူးတစ်ယောက်လိုသာ သဘောထားနေမှန်း သိလိုက်ရခြင်းဖြစ်သည်။
လင်းချောင် ခဏတာ တိတ်ဆိတ်နေခဲ့ပြီးနောက် ပြန်မဖြေဘဲ မေးခွန်းထုတ်လိုက်သည်။ "ကျိသော်က အမေ့ကို ပြန်လာဖို့ ပြောခဲ့တာလား။"
ရွှီလီ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
ချောင်ချောင်သည် ဆုံးဖြတ်ချက် ခိုင်မာသူ၊ နှစ်သက်မှုနှင့် မနှစ်သက်မှုကို ရှင်းရှင်းလင်းလင်းသိသူ တစ်ယောက်ဖြစ်သည်။ အဘိုးကြီးတို့က သူမကို အမြဲ ဂရုစိုက်ခဲ့သောကြောင့် သူမသည် သူတို့ကို ပြုစုစောင့်ရှောက်ရန်အတွက် ဝန်မလေးခဲ့ပေ။
သို့သော်လည်း အလားတူပင်၊ တစ်စုံတစ်ယောက်က သူမကို ယဲ့မင်ရှူးကဲ့သို့ မကောင်းမွန်သည့်ပုံစံဖြင့် ဆက်ဆံခဲ့ပါက လက်တုံ့ပြန်ရန် မတွန့်ဆုတ်ခဲ့သူမျိုးလည်းဖြစ်သေးသည်။ ထိုသို့သောသူမျိုးက တစ်ကြိမ် စိတ်ကုန်သွားပြီဆိုပါက သူတို့၏ ယုံကြည်မှုကို ပြန်ရယူနိုင်ရန် ခက်ခဲသွားပြီဖြစ်သည်။
ရွှီလီက ခေါင်းခါလိုက်၏။ "သူက မင်း ဒီကိစ္စကို သိသွားပြီဆိုတာကိုပဲ ပြောခဲ့တာ။ အဖေနဲ့အမေကတော့ အမေတို့ရဲ့အမှားလို့ပဲ ခံစားနေရတယ်။ အထူးသဖြင့် မင်း အဖေပေါ့။ သူက ဒီက်ိုပြန်လာပြီး မင်းကို လာတောင်းပန်တာ ပိုကောင်းမယ်လို့ ထင်ခဲ့တာပါ။"
သူတို့သည် တောင်းပန်ရန်အတွက်သာ ရောက်လာကြခြင်းဖြစ်ပြီး အခြား မည်သည့်ကိစ္စကိုမျှ မပြောခဲ့ကြပေ။ ကျိသော်က သူမ ကွာရှင်းလိုသည့် ကိစ္စကို မိသားစုကို မပြောပြရသေးပုံရသည်။ သူ၏ ပင်ကိုစရိုက်အရဆိုလျှင် အိမ်ထောင်ရေးပြဿနာများကို အခြားသူများနှင့် အလွယ်တကူ ဆွေးနွေးပြောဆိုမည့်သူမျိုးလည်း မဟုတ်ပေ။
လင်းချောင်က အဘိုးကျိအကြောင်း မေးလိုက်၏။ "အဖေကရော။ ဒီတစ်ခေါက် အမေနဲ့အတူ ပြန်မလာဘူးလား။"
"မလာပါဘူး၊ သူ့ရဲ့ သွေးတိုးရောဂါက ပြန်ထလာလို့။" ရွှီလီက အားမလိုအားမရ ပြောလိုက်သည်။ "နှစ်သစ်ကူးတုန်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေကို မင်းလည်းသိမှာပါ။"
လင်းချောင် ခေါင်းညိတ်လိုက်သည်။ ကျိဇယ်က စီးပွားရေးလုပ်ငန်း လုပ်နေသူမှာ သူဖြစ်ကြောင်း ပြောပြခဲ့သောအခါ ယဲ့မင်ရှုးသည် ဤကိစ္စကို သိသွားပြီး ဒေါသထွက်ကာ ဖျားနာခဲ့ကြောင်း သူမ နားလည်လိုက်သည်။
ရွှီလီ သက်ပြင်းချလိုက်၏။ "အဲဒီအချိန်တုန်းကလည်း သူ့သွေးပေါင်ချိန်က မကောင်းဘူး။ သားကြီးရဲ့ အပြောင်းအရွှေ့ကိစ္စ ပြေလည်သွားပြီးတော့မှပဲ စိတ်သက်သာရာ ရသွားတာ။ ဒီရက်ပိုင်း သူ့သွေးပေါင်တွေက မြင့်နေပြန်လို့ အမေလည်း သူ့ကို စိတ်အနှောင့်အယှက် မပေးချင်တော့ဘူး။ ဒီကနေ ထွက်သွားပြီးတာနဲ့ အမေလည်း ပြန်ရမှာ။"
"ဒါဆိုရင် အမေ စောစောပြန်သင့်တယ်။ ပိုဆိုးလာရင်တော့ ယန်ဒူကို ပြန်လာပြီး ကုသမှုခံယူတာက အကောင်းဆုံးပဲ။"
"အမေ သိပါတယ်။" ရွှီလီ ခေါင်းညိတ်လိုက်သည်။ "ဆုရခဲ့ရင် အမေတို့ကို အသိပေးပါဦး။"
လင်းချောင် သဘောတူလိုက်ပြီး ရွှီလီကို လိုက်ပို့ပြီးမှ ပြန်လာခဲ့သည်။ သို့သော်လည်း သူမသည် အရင်ကထက်တော့ သိသိသာသာ စကားနည်းသွားခဲ့သည်။
သူတို့ ပြပွဲနေရာသို့ ပြန်ရောက်သောအခါ ကျိသော်သည် ခေါင်းဆောင်တစ်ဦးက တစ်ခုခုကို စစ်ဆေးနေသကဲ့ ထိုနေရာတွင် မတ်တတ်ရပ်နေဆဲပင်။ သို့သော် သူမတို့နှစ်ဦးကို မြင်လိုက်သည်နှင့် သူ၏ အမူအရာက ရှင်းပြ၍မရအောင် နူးညံ့သွားခဲ့၏။ သူသည် ဦးစွာ လင်းချောင်ကို အရင် ကြည့်လိုက်သည်။ သူမကတော့ သူ့ကိုမကြည့်ဘဲ လျိုကွေ့ရင်း၊ ချန်ကျောက်နန်တို့နှင့်သာ စကားပြောနေခဲ့သည်။ ထို့နောက် သူ၏ မိခင်ကို ကြည့်လိုက်ရာ ရွှီလီက သူ့ကို အားမလိုအားမရ အကြည့်ဖြင့် ပြန်ကြည့်ခဲ့၏။
ရွှီလီပင် မကူညီနိုင်မှန်း သိလိုက်သောအခါ သူ နဖူးကို ပွတ်လိုက်မိသည်။ သူ အဘိုးကျိတို့ကို အသိပေးခဲ့ခြင်းမှာ လင်းချောင်၏ သဘောထားကို သိရှိရန်သာဖြစ်ပြီး ရွှီလီက သူတို့၏ အိမ်ထောင်ရေးပြဿနာများကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။
လင်းချောင်တွင် ပြေလည်အောင် လုပ်ဆောင်လိုသည့် ရည်ရွယ်ချက် မရှိကြောင်း သိလိုက်ရသောအခါ သူ အချိန်မဖြုန်းတော့ဘဲ လင်းချောင်ကို မေးလိုက်သည်။ "ကိုယ် ဒီနေရာမှာ လုပ်ပေးနိုင်တာ ဘာများ ရှိဦးမလဲ။"
"အဖေ့ကို တစ်ယောက်တည်း ထားခဲ့လို့ မဖြစ်ဘူးလေ။ အမေကို ပြန်လိုက်ပို့ သင့်တယ်ထင်တယ်။"
လင်းချောင်က ပြန်ဖြေလိုက်သည်။ သူ့ကို လုံးဝ လျစ်လျူရှုခြင်းတော့ မဟုတ်သော်လည်း သူ့ကို ပြန်လွှတ်ချင်နေကြောင်းကတော့ ထင်ရှားသည်။
ကျိသော် သူမကို ခေတ္တမျှ ကြည့်နေရင်း မတ်တပ်ရပ်နေခဲ့မိသည်။ သူမကတော့ ဒီကိစ္စ၊ ဟိုကိစ္စဖြင့် အလုပ်များနေပြီး သူ့ကို တစ်ချက်ပင် မော့မကြည့်တော့ပေ။
သားဖြစ်သူ၏ စိတ်မချမ်းမြေ့သည့် မျက်နှာကို မြင်သောအခါ ရွှီလီက သူ့ကို အလျင်အမြန် ဆွဲခေါ်လိုက်၏။ "တော်ပြီ၊ ဒုက္ခ ရှာမနေနဲ့တော့။"
ကျိသော် ခေတ္တ တိတ်နေခဲ့ပြီးမှ သူမကို မေးလိုက်သည်။ "အမေ သူမကို ဘာတွေ ပြောခဲ့တာလဲ။"
"ဘာပြောစရာ ရှိသေးလို့လဲ။ အမေက တောင်းပန်ခဲ့တာ။" ရွှီလီက သူ့ကို ကြည့်လိုက်သည်။
"သူမက မင်းရဲ့ ရှင်းပြချက်ကို နားထောင်ချင်နေတယ်လို့ ထင်တာလား။ ချောင်ချောင်က အရမ်းထက်မြက်တာ။ မိသားစုက ဘာကြောင့် ဖုံးကွယ်ထားခဲ့လဲဆိုတာ သူမ ခန့်မှန်းနိုင်ပြီးသားပဲ။ မင်းရဲ့ ရှင်းပြချက်အရှည်ကြီးနဲ့ ဘာကို ပြောပြချင်နေတာလဲ။ မင်းဘာမင်း အမှားမရှိဘူးလို့ ထင်နေပြီး သူမက မင်းကို နားလည်ပေးနိုင်မယ်လို့ မျှော်လင့်နေတာလား။"
သူမသည် သားဖြစ်သူကို ပြန်ပြောလိုက်ပြီးနောက် ငယ်စဉ်ကတည်းက ထူးချွန်ခဲ့ပြီး အခက်အခဲဆိုသည်ကို ကြုံရခဲသော ဤသားဖြစ်သူကို ကြည့်ကာ ရှင်းပြရန် ဆုံးဖြတ်လိုက်သည်။
"ချောင်ချောင်က မင်းရဲ့ အကြောင်းပြချက်ကို ဂရုမစိုက်ဘူး။ သူမ ဂရုစိုက်တာက မင်းနဲ့ အမေတို့မိသားစုက ဒီလိုလုပ်ပြီး သူမအပေါ် ပြသခဲ့တဲ့ သဘောထားပဲ။"
အကြောင်းပြချက် ဘယ်လောက်ပဲ များနေပါစေ၊ သူတို့က လင်းချောင်၏ အမြင်ကို မမေးမြန်းဘဲ သူမကို ဖုံးကွယ်ထားရန် ဆုံးဖြတ်ခဲ့ခြင်းက လင်းချောင်အပေါ် မလေးမစား ပြုလုပ်ခြင်း ဖြစ်သည်။
"ကိုယ့်ကိုယ်ကို ချောင်ချောင် နေရာမှာထားပြီး စဉ်းစားကြည့်ဦး။ မင်းသာ သူမဆိုရင် အခြားလူတွေက ပူးပေါင်းကြံစည်ထားပြီး မင်းကို ကိစ္စတွေ ဖုံးကွယ်ထားခဲ့ရင် ခံနိုင်ရည်ရှိပါ့မလား။"
ကျိသော် စကားမပြောနိုင်ခင်မှာပင် ရွှီလီက သူ့အတွက် အဖြေပေးလိုက်သည်။ "မင်းရဲ့ ထိန်းချုပ်တတ်တဲ့ ပင်ကိုစရိုက်အတိုင်းဆိုရင် အရိပ်အမြွက်လေးမြင်မိတာနဲ့ ပိုပြီးသိချင်လာမှာ မဟုတ်ဘူးလား။"
ကျိသော် ပြောစရာစကားမရှိတော့ပေ။
သူသည် အရာရာကို ထိန်းချုပ်ထားတတ်သူ ဖြစ်သော်လည်း သူ့ဘဝတွင် မမျှော်လင့်ထားခဲ့ဖူးသည့် ရှောင်ပင်းနှင့် ရှောင်ကျန်းလို ကိစ္စများ၊ လင်းချောင်လို ကိစ္စများကတော့ အမြဲတမ်း ပေါ်ပေါက်နေခဲ့သည်။
မထင်မှတ်ဘဲ လက်ထပ်ဖြစ်ခဲ့ခြင်းဖြစ်ဖြစ်၊ နောက်ပိုင်းမှ ဖြစ်ပေါ်လာသည့် ခံစားချက်များကြောင့်ပဲဖြစ်ဖြစ် လင်းချောင်က သူ့ဘဝထဲကို ဝင်ရောက်လာခဲ့သော ပြောင်းလဲနိုင်သည့် အရာတစ်ခုဖြစ်ပြီး၊ သူ ဖမ်းဆုပ်လို့ မရနေသည့်တိုင် လက်လွှတ်မခံချင်သည့် အရာလည်း ဖြစ်နေခဲ့သည်။
ကျိသော်သည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီး၊ ရှားရှားပါးပါး သူကအရင် ဦးဆောင်ပြီး ရွှီလီကို မေးမြန်းလိုက်သည်။ "အမေ၊ ကျွန်တော် ဘာလုပ်သင့်လဲ။"
ရွှီလီသည်လည်း မျက်စိကန်းသူ မဟုတ်သဖြင့် ဇနီးမောင်နှံနှစ်ယောက်ကြားက ပြဿနာကို မြင်သည်။ နောက်ဆုံးတော့ အပြင်လူများက ဘယ်လိုပဲဖြစ်နေပါစေ၊ ကိုယ့်ဘေးနားက လူကိုယ်တိုင်က ပြဿနာရှိနေခြင်းလောက် စိတ်နာစရာကောင်းသည့်အရာ မရှိနေခဲ့ပေ။
"မင်းရဲ့ ပုံမှန်လုပ်နေကျ နည်းလမ်းတွေကို ဘေးဖယ်ထားပြီး ချောင်ချောင်ရဲ့ အမြင်ဘက်ကနေ ပိုပြီးစဉ်းစားကြည့်လိုက်။"
ရွှီလီက သူမ၏ သားအကြောင်းကို နားလည်၏။ "အိမ်ဆိုတာက ခံစားချက်တွေပြည့်နေတဲ့ နေရာတစ်ခုပါ။ ဘယ်သူက အိမ်မှာ မင်း အမိန့်ပေးနေတာတွေ၊ ဆင်ခြင်တုံတရားနဲ့ ပြောဆိုနေတာတွေကို နားထောင်ချင်မှာလဲ။ မင်းရဲ့ အစ်ကိုကြီးက နူးညံ့တဲ့စိတ်ရှိတယ်လူဆိုပေမဲ့ မင်းရဲ့မရီးက ဘယ်တုန်းကမှ မတရားမခံခဲ့ဖူးဘူးလေ။"
တစ်ခါတရံတွင် အဆင်ပြေပြေ ပြောဆိုနိုင်သည့် အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးအတွက် အကောင်းဆုံး ဖြစ်နေတတ်သည်။ ယဲ့မင်ရှုး ပြောသမျှကို အမြဲလိုလို နားထောင်သည့် ကျိကျွင်းလိုပင်။
ယဲ့မင်ရှုး ပြဿနာမရှာသရွေ့ သူမ အဆင်မပြေဖြစ်မည်ကို ဘယ်သူမှ စိတ်ပူစရာ မလိုပေ။ သို့သော်လည်း သူမ၏ သားကတော့ ကျိကျွင်းနှင့်မတူဘဲ အလွန်စေ့စပ်လွန်းကာ ကိစ္စရပ်များကို ဖုံးကွယ်ထားရသည်ကို ကြိုက်ပြီး အေးစက်စက် နေတတ်သူဖြစ်သောကြောင့် ဒီအကျင့်များက ချောင်ချောင်ကို စိတ်မကောင်း ဖြစ်စေမည်ကို သူမ စိုးရိမ်ခဲ့မိသည်။
"အမေ့မှာ သမီးတစ်ယောက်ရှိပြီး အလားအလာရှိတဲ့ သားမက်တစ်ယောက်ကိုသာ လိုချင်တယ်ဆိုရင် မင်းကို ရွေးချယ်မိမှာပဲ။ ဒါပေမဲ့ အမေ့သမီးကို သက်သောင့်သက်သာ နေစေချင်တယ်ဆိုရင်တော့ အမေက မင်းရဲ့ အစ်ကိုကြီးကိုပဲ ရွေးချယ်ချင်တယ်။"
ကျိသော်သည် သူ့အစ်ကိုကြီးလောက် မကောင်းဘူးဟု ပထမဆုံးအကြိမ် အပြောခံရခြင်းဖြစ်ပြီး ပြောခဲ့သူကလည်း သူ၏မိခင် ဖြစ်နေလေသည်။
သူ ပြောစရာစကားမဲ့သွားသော်လည်း ရွှီလီကတော့ စိတ်ထဲက လာတဲ့အတိုင်း ပြောချလိုက်သည်။ "ဒီနှစ်တွေတစ်လျှောက်လုံး မင်းအဖေနဲ့အတူ နေခဲ့ရတာကို အမေ စိတ်မကောင်း မဖြစ်ခဲ့ဖူးဘူးလို့ မင်းထင်နေတာလား။ တစ်ခါတလေ အမေ မင်းရဲ့မရီးကို အားကျမိတယ်။"
ကျိသော် သူမကို လှည့်ကြည့်လိုက်မိရာ ရွှီလီ၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှုအရိပ်အယောင်တစ်ခုက ခေတ္တမျှ ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရသည်။
သို့သော် ၎င်းသည် ခဏတာသာ ဖြစ်ပြီး သူတို့သည်လည်း ပြပွဲနေရာ၏ အဝင်ဝသို့ ရောက်နှင့်နေပြီဖြစ်သည်။
ရွှီလီ ရပ်လိုက်သည်။"ဒီအထိပဲ လိုက်ပို့ပါ။ မင်းရဲ့စိတ်က အမေ့ဆီမှာ မရှိနေတာ အမေ သိပါတယ်။"
ယခင်က ကျိသော်၏ စိတ်ရှည်မှုနှင့်ဆိုလျှင် မိခင်ဖြစ်သူကို အရင် လိုက်ပို့ပြီးမှ ပြန်မည်ဖြစ်သည်။ သို့သော် ဒီနေ့မှာတော့ သူက ခဏ ရပ်တန့်လိုက်ပြီး ပြောလိုက်၏။ "ဒါဆို ကျွန်တော် ပြန်သွားလိုက်တော့မယ်။ ဟိုမှာ လူမလုံလောက်ဘူးလို့ ကျွန်တော်ထင်တယ်။"
"သွားပါ၊ သွားပါ။" ရွှီလီသည် သူ့စိတ်ကို ရိပ်မိသော်လည်း ဘာမှ မပြောခဲ့တော့ပေ။ ထိုအစား သူမက ညင်သာစွာ ထပ်ပြောလိုက်၏။
"လက်ထပ်ပြီးပြီဆိုတော့ စိတ်ကို မြှုပ်နှံထားပြီး ကောင်းကောင်းမွန်မွန် နေပါ။"