အခန်း (၁၁၃)
Vol. 10 Ch. 113
ကျိသော် ဘာမှမပြောခဲ့သော်လည်း နောက်ပြန်လှည့်ပြီးနောက်မှာတော့ သူ့ခြေလှမ်းများက ပိုမြန်လာခဲ့သည်။ လင်းချောင်၏ ပြပွဲခန်းနေရာသို့ မရောက်မီ ခပ်လှမ်းလှမ်းမှနေ၍ ရင်ဘတ်ပေါ်တွင် ကျောင်းတံဆိပ်များပါသော အဖြူရောင်ရှပ်အင်္ကျီနှင့် အပြာရောင်ဘောင်းဘီဝတ်ဆင်ထားသည့် လူများစွာကို သူ မြင်လိုက်ရသည်။ ၎င်းတို့မှာ လင်းချောင်၏ ကျောင်းသားများ ဖြစ်သည်။
ကျိသော်သည် မှတ်ဉာဏ် အလွန်ကောင်းသူဖြစ်ပြီး ရင်းနှီးနေသော မျက်နှာအချို့ကို မှတ်မိနေသည်။ ဘေးအိမ်က ဗိုလ်မှူးကြီးလျန်မိသားစုမှ ကျွင်းဇီ၊ ရုံးခန်းထဲမှ လီရှောင်ချို့၊ ဆေးရုံတွင် သူကို့ "ဆရာမယောက်ျား" ဟု ခေါ်ခဲ့သည့် ပြဿနာရှာတတ်သူ...
လျိုကွေ့ရင်းသည်လည်း သူမ၏သားကို မြင်ရသောအခါ အံ့ဩသွား၏။ "မင်းက ဘာလို့ ဒီရောက်နေတာလဲ။"
"ချီဟွိုင်ဝမ်က ဆရာမလင်း ပြပွဲမှာရှိတယ်လို့ ပြောလို့လေ။ ဒီနေ့က တနင်္ဂနွေနေ့ဆိုတော့ ကျွန်တော်တို့ ကူညီဖို့ လာခဲ့တာပါ။" ကျွင်းဇီက သူ့ခေါင်းကို ကုတ်လိုက်ပြီး ဘေးဘက်သို့ ကြည့်လိုက်သည်။
သူကြည့်နေသည့် မက်မွန်ပွင့်ပုံစံ မျက်လုံးများရှိနေသော ကောင်လေးသည် လင်းချောင်၏ဘေးတွင် ရပ်နေပြီး သူမ ရှင်းပြနေသည်ကို နားထောင်နေခဲ့သည်။ အကြိမ်အနည်းငယ် နားထောင်ပြီးနောက်မှာတော့ သူသည် ၎င်းကို အလွတ်နီးပါး ရသွားပြီဖြစ်သည်။
အခြားကျောင်းသားများသည်လည်း သူတို့၏ တာဝန်များကို လုပ်နေကြ၏။ လူလုံလောက်ရုံသာမက လိုသည်ထက်တောင် ပိုနေသဖြင့် ကျိသော်အတွက် ဘာလုပ်စရာမှ မရှိတော့ပေ။ လင်းချောင်သည် သူမနှင့် အသက်သိပ်မကွာသော လူငယ်အုပ်စုဖြင့် ဝန်းရံလျက်ရှိနေသည်။
သူမ၏ မျက်လုံးများက တောက်ပနေပြီး၊ သူမ၏ အပြုံးက ရွှင်လန်းနေကာ၊ သူမ၏ ဟာသရောသော စကားလုံးများက ရယ်မောသံများကို မကြာခဏ ထွက်ပေါ်နေစေခဲ့သည်။ ဤသည်မှာ သူတို့ နှစ်ဦးတည်း ရှိနေစဉ်တွင် တွေ့ရခဲသော အရာမျိုးပင်။
ကျိသော်၏ ခြေလှမ်းများ အလိုလို နှေးကွေးသွားပြီး နောက်ဆုံးတွင်တော့ လုံးဝ ရပ်တန့်သွားခဲ့သည်။ သူမ၏ ကောင်းမွန်နေသော စိတ်ခံစားချက်ကို ဖျက်ဆီးပစ်ရန် သူမလိုလားပေ။
လင်းချောင်ကတော့ ခပ်လှမ်းလှမ်းမှ ဤအမျိုးသားကို သတိမထားမိခဲ့ပေ။ ကျောင်းသားအနည်းငယ် ရောက်လာပြီး မကြာမီမှာပဲ ပြပွဲ၏ ဒိုင်လူကြီးအဖွဲ့သည် သူမ၏ ပြခန်းရှ်ိရာသို့ ရောက်လာခဲ့သည်။
နာမည်ကြီးသောကျောင်းများမှ ပရောဂျက်များကို ကြည့်ရှုခဲ့ပြီးနောက် သူတို့သည် သာမန်၊ အမည်မသိ အလယ်တန်းကျောင်းတစ်ခုမှ သူမ၏ သေးငယ်သော ပြခန်းနေရာသို့ ရောက်လာခဲ့ကြသည်။ ကွဲပြားခြားနားမှုက အတော်လေး ထူးခြားနေသော်လည်း သူတို့သည် ရင်းနှီးသည့် အရာတစ်ခုကို မြင်လိုက်ရ၏။
"ဆပ်ပြာရည်လား။"
"ဟုတ်ပါတယ်။"လင်းချောင်က ပြုံးပြီး ခေါင်းညိတ်သည်။
"ဒီတစ်တန်းလုံးက ဆပ်ပြာရည်တွေပါ၊ လက်ဆေးဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ပန်းကန်ဆေးဆပ်ပြာရည်နဲ့ အဝတ်လျှော်ဆပ်ပြာရည်တွေ ပါဝင်ပါတယ်"
"ဒီလိုမျိုး အသေးစိတ် ခွဲခြားထားတာလား။" တစ်စုံတစ်ယောက်က ပို၍နီးကပ်စွာ ကြည့်ရှုရန် ငုံ့လိုက်သည်။
"ပါဝင်ပစ္စည်းတွေကို ချိန်ညှိထားပါတယ်။ ဥပမာ- ခေါင်းလျှော်ရည်နဲ့ ပန်းကန်ဆေးဆပ်ပြာရည်မှာ မတူညီတဲ့ ပါဝင်ပစ္စည်းတွေကို အသုံးပြုထားတယ်။ ပန်းကန်ဆေးဆပ်ပြာရည်က သန့်စင်နိုင်စွမ်း ပိုကောင်းတယ်ဆိုပေမဲ့ အသားအရေကိုတော့ ပိုကြမ်းတမ်းစေတယ်။ ခေါင်းလျှော်ရည်မှာတော့ ပိုပြီးနူးညံ့တဲ့ ပါဝင်ပစ္စည်းတွေကို သုံးထားပြီး လက်ဆေးဆပ်ပြာရည်မှာတော့ ဘက်တီးရီးယားဆန့်ကျင်ပစ္စည်းတွေကို ထပ်ပေါင်းထည့်ထားပါတယ်..."
လူအများစုက ပန်းကန်ဆေးရန်နှင့် ခေါင်းလျှော်ရန်အတွက် ပိုတက်ဆီယမ် ကာဗွန်နိတ်ကို အသုံးပြုနေဆဲဖြစ်သည့်အချိန်တွင် ဒီလိုအသေးစိတ် ခွဲခြားထားခြင်းက အတော်လေး ခေတ်မီနေ၏။ လင်းချောင်က အကျဉ်းချုံး မိတ်ဆက်ပေးခဲ့ပြီးနောက် လုပ်ငန်းများတွင်သုံးနိုင်သော အစွန်းချွတ်ဆေးဘက်ကို ခေါင်းစဉ်ပြောင်းလိုက်သည်။
အစွန်းချွတ်ဆေးဖြစ်ကြောင်း ကြားလိုက်ရသောအခါ ဒိုင်လူကြီးအဖွဲ့ဝင်များက စိတ်ဝင်စားသွားကြ၏။ ကျောင်းသားအချို့က ချက်ချင်းဆိုသလို ရေနှင့် လိုအပ်သော အခြားပစ္စည်းများကို သွားယူလာကြသည်။
"ဒီအစွန်းချွတ်ဆေးအပြင်၊ အရင်ကဟာတွေနဲ့ နှိုင်းယှဉ်ဖို့အတွက် အဝတ်လျှော်ဆပ်ပြာမှုန့်၊ ဆပ်ပြာရည်နဲ့ အဝတ်လျှော်ဆပ်ပြာခဲတွေလည်း ကျွန်မမှာ ရှိပါသေးတယ်။ အငြင်းပွားမှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် ကျွန်မရဲ့ ထုပ်ပိုးမှုတွေကို ပြောင်းလဲထားပေမဲ့ အတွင်းက ပါဝင်ပစ္စည်းတွေကတော့ မထိရသေးပါဘူး။ စစ်ဆေးကြည့်လို့ ရပါတယ်။"
"ငယ်လည်း ငယ်တယ်၊ သေသေချာချာ စေ့စေ့စပ်စပ် လည်း ရှိတယ်။" တစ်စုံတစ်ယောက်က အနောက်မှတီးတိုးပြောလိုက်သည်။
နှိုင်းယှဉ်ပြသခြင်းသည် အာနိသင်ထိရောက်မှုကို ပြသရန် တိုက်ရိုက်အကျဆုံး နည်းလမ်းဖြစ်သော်လည်း အခြားထုတ်လုပ်သူများ၏ ပစ္စည်းရှိနေပါက သူတစ်ပါးကို အလွယ်တကူ စိတ်အနှောင့်အယှက် ဖြစ်သွားစေနိုင်သည်။ သူမသည် နောင်တွင် ဖော်မြူလာကို ရောင်းချရန် စီစဉ်ထားသည့်အတွက် ထိုထုတ်လုပ်သူများကို စိတ်ဆိုးအောင်လုပ်ခြင်းက သူမအတွက် အကျိုးမရှိပေ။ ထုပ်ပိုးမှုကို ကြိုတင်ပြောင်းလဲထားခြင်းဖြင့် သူမသည် ဒီပြဿနာကို ရှောင်ရှားခဲ့လိုက်သည်။ ထုတ်ကုန်များကို ရင်းနှီးကျွမ်းဝင်သူ တစ်ဦးဦးက ပြောနိုင်ခဲ့လျှင်တောင် အနည်းဆုံးတော့ သူမသည် အခြားထုတ်ကုန်များကို တိုက်ရိုက် အမည်တပ်ပြီး ရှူတ်ချခြင်းမျိုး မလုပ်ခဲ့ပေ။
"ကျွန်မရဲ့ သရုပ်ပြမှုမှာ အထည်အရောင်ဆိုးတဲ့နေရာမှာ အသုံးများတဲ့ ဆီနဲ့ ဆိုးဆေးအဆီတွေကို အသုံးပြုထားပါတယ်။ အရောင်ဆိုးလုပ်ငန်းနဲ့ ရင်းနှီးတဲ့သူတွေ သိကြတဲ့အတိုင်း ဆိုးဆေးအဆီတွေကို လုပ်ငန်းသုံး ဆေးရောင်ဆိုးတဲ့ဘက်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုပါတယ်။ ဆီတွေက အထည်ကို ကာကွယ်ပေးပြီး ဆိုးဆေးအဆီတွေက အရောင်ဆိုးဖို့ ပိုလွယ်ကူစေပြီး ပိုတောက်ပတဲ့ အရောင်တွေကို ဖြစ်လာစေပါတယ်..."
သူမ ရှင်းပြနေစဉ်တွင် ဒိုင်လူကြီးအဖွဲ့နှင့် အပြန်အလှန် စကားပြောနေခဲ့ပြီး လျိုကွေ့ရင်းနှင့် ချန်ကျောက်နန်တို့ကတော့ သရုပ်ပြမှုကို ကျွမ်းကျင်စွာ လုပ်ဆောင်နေကြသည်။
မကြာခင်မှာပဲ နှိုင်းယှဉ်မှုရလဒ်များ ရှင်းလင်းစွာ ပေါ်ထွက်လာ၏။ လင်းချောင်၏ ဆီစွန်းချွတ်ဆေးကို အသုံးပြုသည့်အခါ ဆီနှင့် ဆိုးဆေးအဆီများကို သန့်စင်နိုင်ရန် အနည်းဆုံး တစ်ကြိမ်ရေလျှော်ရ လျော့နည်းသွားစေခဲ့သည်။
သူတို့ကိုယ်တိုင်ပင် မသိလိုက်ဘဲ ဒိုင်လူကြီးအဖွဲ့သည် သူမ၏ ပြခန်းထဲတွင် အချိန်အတော်ကြာ ကုန်ဆုံးခဲ့ကြသည်။ တစ်စုံတစ်ယောက်က အချိန်ကို တိတ်တိတ်လေး သတိလာပေးတော့မှသာ ဆွေးနွေးနေရင်း နောက်ပြခန်းဆီသို့ ရွှေ့သွားခဲ့ကြသည်။
ထိုလူများ ထွက်သွားပြီးသည့်နောက်တွင်မှ လျိုကွေ့ရင်း အသက်ရှူနိုင်တော့သလို သက်ပြင်းချလိုက်မိသည်။ "ရှောင်လင်းက တကယ်ပဲ ဆရာမဖြစ်သင့်တယ်။ ငါသာဆို ဘာပြောရမှန်းတောင် သိမှာ မဟုတ်ဘူး။"
"ဒါဆို ကျွန်မကလည်း ချက်ပြုတ် မရဘူးလို့ ပြောချင်တာလား။" လင်းချောင်က ရယ်ရယ်မောမော ပြောလိုက်ပြီး စစ်တပ်သုံး ရေသန့်ဘူးမှ ရေကို တစ်ငုံသောက်လိုက်သည်။
ထိုအချိန်တွင် ဒိုင်လူကြီးအဖွဲ့ကြောင့် ပိတ်ဆို့ခံထားရသော လူအုပ်ကြီးက ချဉ်းကပ်နိုင်ရန် အခွင့်အရေး ရလာခဲ့ကြသည်။ အချို့က ဆီစွန်းချွတ်ဆေးကို မေးကြပြီး အချို့က ဆပ်ပြာရည်များအကြောင်းကို စုံစမ်းကြသည်။ မကြာခင်မှာပဲ လင်းချောင် ဖုန်းနံပါတ် အများအပြားကို ပေးလိုက်ရသည်။ သို့သော် ကျိသော်က စစ်သားဖြစ်နေသည့်အတွက် သူမ၏ နေအိမ်ဖုန်းနံပါတ်ကိုတော့ မပေးဘဲ သူမ၏ တပ်ရင်းဖုန်းနံပါတ်ကိုသာ ပေးခဲ့လိုက်သည်။
လူအုပ်ကြီး ကွဲသွားပြီးနောက် လင်းချောင်သည် ဆိုဒါဘူးနှစ်ပုံး သယ်လာသည့် ကျိသော် ပြန်ရောက်လာသည်ကို သတိထားမိလိုက်သည်။ ကျောင်းသားအချို့ကတော့ သူ ပုံးများကို မြေပေါ်ချလိုက်သည်ကို စိတ်ဝင်တစား ကြည့်နေခဲ့ကြသည်။ သူက လင်းချောင်၏ ခင်ပွန်းဖြစ်ကြောင်း သိနေသော ကျွင်းဇီကတော့ ချက်ချင်း အော်ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာမယောက်ျား။"
သူ့အမေက ချက်ချင်းဆိုသလို သူ့ကို ရိုက်လိုက်၏။ "ဆရာမယောက်ျား? မင်း လူတွေကို ဘယ်လိုမျိုး ကောင်းကောင်းမွန်မွန် ခေါ်ရမယ်ဆိုတာကိုရော သိရဲ့လား။"
ကျိသော်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဆိုဒါပုလင်းများထဲမှ ပထမဆုံးတစ်လုံးကို သူ့လက်ထဲ ထည့်ပေးလိုက်သည်။
ကျွင်းဇီက ဝမ်းသာအားရဖြင့် ဆိုလိုက်၏။ "ကြည့်ပါဦး၊ ကပ္ပတိန်ကျိတောင်မှ ဂရုမစိုက်ဘူးလေ။ ပြီးတော့ ဒါက ဆရာမလင်းကအရင် ပြောခဲ့တာ။"
ကျိသော်သည် လျိုကွေ့ရင်းနှင့် ချန်ကျောက်နန်အပါအဝင် လူတိုင်းကို ပုလင်းတစ်လုံးစီ ဝေပေးလိုက်ပြီး နောက်ဆုံးတွင်မှ လင်းချောင်ကို တစ်လုံးပေးလိုက်သည်။
"မင်း ကောင်းကောင်းလုပ်ခဲ့တာပဲ။"
လင်းချောင်ကသာ မယူဘူးဆိုလျှင် သူတို့၏ အိမ်ထောင်ရေးပြဿနာများကို ဖော်ထုတ်သလို ဖြစ်သွားပြီး လူတိုင်းကို စိတ်မသက်မသာ ဖြစ်စေလိမ့်မည်။
သူမသည် ပုံမှန်အတိုင်း လက်ခံလိုက်ပြီး "ကျေးဇူးတင်ပါတယ်" ဟု ပြောသော်လည်း သောက်တော့ မသောက်ခဲ့ပေ။ ကျွင်းဇီ သူ၏ ဆိုဒါပုလင်းကို အလျင်အမြန် သောက်ပြီးသွားသည်ကို မြင်လိုက်သောအခါ သူမ၏ ပုလင်းကို သူ့လက်ထဲ ထည့်ပေးလိုက်၏။
"ငါ ဒါကို မကြိုက်ဘူး။"
"ကျေးဇူးတင်ပါတယ် ဆရာမလင်း။"
ကျွင်းဇီက ရွှင်လန်းစွာ ပြောပြီးနောက် မော့ကြည့်လိုက်ရာ ကျိသော် သူ့ကို ထပ်ပြီးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ဒီတစ်ကြိမ်တွင် သူ၏အကြည့်နှင့် မျက်နှာအမူအရာက ယခင်အတိုင်းဆိုသော်လည်း ကျွင်းဇီကတော့ စိတ်မသက်မသာ ခံစားလိုက်ရသည်။ သူဆိုဒါအေးအေးတွေ အများကြီး သောက်မိသွားသည့်အတွက်လား။
......
တနင်္လာနေ့မနက်ခင်းတွင် ကျောင်းအုပ်ကြီးကျန့်သည် လင်းချောင်နှင့် ကျောင်း၌ တွေ့ဆုံသည်နှင့် တစ်ပြိုင်နက် မေးမြန်းလိုက်၏။
"မင်းရဲ့ ဆပ်ပြာရည်ကိစ္စက မနေ့က ပြပွဲမှာ အဆင်ပြေခဲ့ရဲ့လား။"
ဆုရခြင်း၊ မရခြင်းကို တိုက်ရိုက်မေးမြန်းခြင်းမဟုတ်ဘဲ စကားကို အတော်သတိထားပြီး မေးမြန်းခဲ့ခြင်းဖြစ်သည်။
လင်းချောင်က ပြုံး၍ ခေါင်းညိတ်ကာ ပြောလိုက်သည်။ "အဆင်ပြေပါတယ်။ ကျွန်မ ကြေးတံဆိပ်ဆု ရခဲ့ပါတယ်။"
ဤတီထွင်ဖန်တီးမှုပြပွဲသည် ဆုများစွာ ချီးမြှင့်လေ့ရှိပြီး ကြေးတံဆိပ်ဆုဆိုသည်က အခြေခံအားဖြင့် တန်ဖိုးနည်းသော ပါဝင်ဆင်နွှဲမှုအတွက်ရသည့်ဆုနှင့် အတူတူပင်။
သို့သော်လည်း လင်းချောင်၏ ဖော်မြူလာကတော့ ရှုပ်ထွေးခြင်းမရှိပေ။ ဆပ်ပြာရည်ကို သူမ မပြုလုပ်မီက မည်သူမျှ မပြုလုပ်ဖူးခြင်းသာ ဖြစ်သည်။ ကျောင်းအုပ်ကြီးကျန့်သည် ဆု၏အဆင့်နိမ့်ခြင်းကို ဂရုမစိုက်ပေ။
"ကြေးတံဆိပ်ဆု ရတာက ကောင်းပါတယ်။ ဆု တစ်ခုခု ပါလာတယ်ဆိုရင် ကျောင်းက မင်းကို ထောက်ခံပေးလို့ ရပြီလေ။"
ထိုသို့ပြောပြီး လင်းချောင်ကို တိုက်ရိုက် မေးလိုက်၏။ "လက်မှတ်ရော ပါလာလား။"
"ပါပါတယ်။" လင်းချောင်က သူမ၏ အိတ်ကို မြှောက်ပြလိုက်ရာ ကျောင်းအုပ်ကြီး ကျန့်က သူမကို ရုံးခန်းသို့ ခေါ်သွားလိုက်သည်။
လက်မှတ်သည် မကြီးမားဘဲ ဆန်းသစ်တီထွင်မှုအသင်းမှ စီစဉ်ထားသည့်အတွက် လှပစွာ ရိုက်နှိပ်ထားသောလက်မှတ်တစ်ခုဖြစ်ကာ ဖြန့်လိုက်ပါက လက်ဖဝါးအရွယ်ခန့် ရှိသည်။
ကျောင်းအုပ်ကြီးကျန့်က လက်မှတ်ကို ကိုင်ပြီး စဉ်းစားလိုက်သည်။ "ပြီးခဲ့တဲ့ တစ်ခေါက်က ယန်ဒူနည်းပညာတက္ကသိုလ်ကို လျှောက်ဖို့ ပြင်ဆင်နေတယ်လို့ မင်းပြောခဲ့တာ ငါ မှတ်မိတယ်။"
လင်းချောင်က "ဟုတ်ကဲ့" ဟု ပြန်ဖြေပြီးနောက် သူမ၏ အိတ်ထဲမှ အလားတူ နောက်ထပ်လက်မှတ်တစ်ခုကို ထပ်မံထုတ်ယူလိုက်ပြန်သည်။
"နောက်တစ်ခုလား။" ကျောင်းအုပ်ကြီးကျန့် ခဏတာ အံ့အားသင့်သွားပြီး သူ၏ မျက်နှာအမူအရာသည်လည်း အရင်ကထက် ပိုလေးနက်လာခဲ့သည်။
သူသည် ထိုလက်မှတ်ကို ယူ၍ ဖြန့်လိုက်သည်။ ယခုတစ်ကြိမ်တွင်တော့ "တီထွင်ဖန်တီးမှုပြပွဲ၏ ရွှေတံဆိပ်ဆုရှင်" ဟု ရေးသားထားသည်။
ဤလက်မှတ်သည် ပိုတန်ဖိုးရှိသည်။ ဤဆုအတွက် ရွေးချယ်ခံရသူများသည် အနာဂတ်တွင် ကြီးမားသော အလားအလာ ရှိသည့် ဆန်းသစ်တီထွင်မှုနှင့် လက်တွေ့အသုံးချနိုင်သော တီထွင်မှုများကို ပြုလုပ်နိုင်သူများသာဖြစ်သည်။
ကျောင်းအုပ်ကြီးကျန့်သည် လက်မှတ်ကို ကြည့်ပြီးနောက် လင်းချောင်ကို ကြည့်ကာ ပြောလိုက်သည်။ "မင်းသာ ပညာရေးဘက်ကို သွားမယ်ဆိုရင်တော့ တကယ်ပဲ အလဟဿ ဖြစ်သွားလိမ့်မယ်။"
သူတို့ စကားပြောနေစဉ်မှာပဲ ဒုကျောင်းအုပ်ကြီးချီက တံခါးခေါက်၍ ဝင်လာခဲ့သည်။ "ရုံးခန်းထဲမှာ ရှောင်လင်း ရှိနေတယ်လို့ ကြားတယ်။ မနေ့က ဘယ်လိုလဲ၊ ဆုရခဲ့လား။"
"ရခဲ့ပါတယ်။"
ကျောင်းအုပ်ကြီးကျန့်က သူ၏ လက်ထဲရှိ လက်မှတ်ကို မြှောက်ပြလိုက်သည်။ "နှစ်ခုတောင် ရခဲ့တာ။"
"ဟွိုင်ဝမ် မနေ့က ပြန်လာတော့ စိတ်ကြည်နေတာတွေ့ရလို့ ဆုရမယ်လို့တော့ ထင်ထားခဲ့ပေမဲ့ သူက မပြောပြဘူးလေ။"
ဒုကျောင်းအုပ်ကြီးချီက လက်မှတ်ကို ယူကြည့်လိုက်ရာ သူလည်း အံ့အားသင့်သွားရတော့သည်။ "ရွှေတံဆိပ်ဆု ဟုတ်လား။"
ပြီးခဲ့သည့်နှစ် ဟောပြောပွဲပြုလုပ်စဉ်ကတည်းကပင် လင်းချောင်အတွက် အထူးထောက်ခံချက်ရရှိနိုင်မည့်ကိစ္စကို သူတို့ စိုးရိမ်ပူပန်ခဲ့ကြသည်။ သူမ ဆပ်ပြာရည် လုပ်နေကြောင်း သိရှိခဲ့သည့်တိုင် ဆုတစ်ခုခုရရန်သာ မျှော်လင့်ခဲ့ကြသည်။ ယခုတော့ သူမသည် နောက်ထပ် စီမံကိန်းတစ်ခုကိုပါ ပြင်ဆင်နိုင်ခဲ့ပြီး ဆုနှစ်ခုရခဲ့သည်။ ထိုထဲမှ တစ်ခုမှာ ရွှေတံဆိပ်ဆု ဖြစ်နေမည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။
ဒုကျောင်းအုပ်ကြီးချီသည် ခဏတာ စဉ်းစားလိုက်ပြီး ကျောင်းအုပ်ကြီးကျန့်ကို မေးလိုက်သည်။ "ချင်တက္ကသိုလ်ကို ထောက်ခံချက်ပို့ဖို့ ကြိုးစားကြည့်လိုက်ရမလား။ အဆင်မပြေဘူးဆိုရင် ယန်ဒူနည်းပညာတက္ကသိုလ်ကို ထပ်ပို့လို့ရတယ်။"
သုတေသနလမ်းကြောင်းကို လိုက်လိုပါက ချင်တက္ကသိုလ်သည် ယန်ဒူနည်းပညာတက္ကသိုလ်ထက် ပိုမိုအင်အားကြီးမားသည်မှာ အမှန်ပင်။
"ကြိုးစားကြည့်ရအောင်။"
ကျောင်းအုပ်ကြီးကျန့်က ပြောလိုက်သည်။"နောက်ထပ်ထောက်ခံစာ တစ်စုံလိုက် ထပ်ပြင်ဆင်ထားမယ်။ ချင်တက္ကသိုလ်က အဆင်မပြေရင် ယန်ဒူနည်းပညာတက္ကသိုလ်ကို ချက်ချင်း ထောက်ခံချက်ပို့မယ်။"
"ကောင်းပါပြီ။ အချိန်မဖြုန်းချင်တော့ဘူး။ တက္ကသိုလ်ဝင်စာမေးပွဲဖြေဖို့က နှစ်လပဲ ကျန်တော့တယ်။"
မကြာမီတွင် ကျောင်းဘက်မှ ထူထဲသော ထောက်ခံစာ စာရင်းအပြည့်အစုံကို ပြင်ဆင်ပြီး ချင်တက္ကသိုလ်သို့ ပေးပို့ခဲ့သည်။ ထိုစာရင်းတွင် ကျောင်းအုပ်ကြီးများနှင့် အခြားဆရာ၊ ဆရာမများ၏ ထောက်ခံစာများ၊ လင်းချောင်၏ တီထွင်ဆုနှစ်ခု မှတ်တမ်းများ၊ ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း သူမ၏ ကျောင်းနှင့် ပညာရေးကဏ္ဍ အတွက် ပြုလုပ်ပေးခဲ့သော ပြောင်းလဲမှုများနှင့် ပံ့ပိုးမှုများအကြောင်း ပါဝင်နေခဲ့သည်။
ကျောင်းသားများကို သင်ကြားပြသ ပေးနိုင်သည့်စွမ်းရည်သည်လည်း အားသာချက်တစ်ခုဖြစ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တက္ကသိုလ်များသည် အရည်အချင်းရှိသူများကို မွေးထုတ်ပေးရာ နေရာများဖြစ်ပြီး ထူးချွန်သော ဆရာ၊ ဆရာမများ လိုအပ်နေသောကြောင့်ပင်။
ကျောင်းအုပ်ကြီးနှစ်ဦးနှင့် နှိုင်းယှဉ်ပါက ကျောင်းသားများတွင်တော့ ဆရာမလင်းဆုရရှိခဲ့ကြောင်း ကြားသိရသည့်အခါ စစ်မှန်သော စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများသာရှိခဲ့ကြသည်။
ထိုနေ့က ကူညီပေးခဲ့သည့် ကျောင်းသားတစ်ဦးဖြစ်သော ကျွင်းဇီကတော့ အသွက်ဆုံး ဖြစ်နေခဲ့သည်။
"မင်းတို့ မမြင်လိုက်ကြလို့ပါ။ လူတစ်ရာကျော်ထဲမှာ ငါတို့ ဆရာမလင်းက အသက်အငယ်ဆုံးပဲ။ ဆုနှစ်ဆုတောင် ရခဲ့တာနော်။ သူမ ဒုတိယအကြိမ် စင်ပေါ်တက်လာတော့ လူတွေရဲ့ မျက်လုံးတွေက ပြုတ်ကျမတတ်တောင် ဖြစ်သွားကြတယ်။"
ထိုသို့ဆိုကာ စိတ်လှုပ်ရှားလွန်း၍ ကုလားထိုင်ပေါ် တက်ရပ်လိုက်ပြီး ဆုချီးမြှင့်သူ၏ ကြေညာသည့်ပုံစံကို အတုခိုး သရုပ်ဆောင်ပြခဲ့သေးသဖြင့်၊ မနေ့က ပြပွဲအကြောင်း မသိလိုက်ရသူတိုင်းကို နောင်တ ရသွားစေနိုင်ခဲ့သည်။
အာရုံစိုက်ခံချင်သူ ကျွင်းဇီကတော့ အလွန် ကျေနပ်နေခဲ့သည်။ "မင်းတို့က ကိစ္စကြီးကို တကယ်ပဲ လွဲချော်သွားတာ။ မနေ့က ဆရာမရဲ့ ယောက်ျားလည်း လာတယ်။ ပြပွဲပြီးတော့ သူက ငါတို့ကို ညစာ လိုက်ကျွေးသေးတယ်။"
"ဆရာမရဲ့ယောက်ျား။"
မလိုက်ပါခဲ့ရသော ကျောင်းသားများက စိတ်ရှုပ်ထွေးသွားကြတော့၏။
"အဲ့ဒါက ငါတို့ ဆရာမလင်းရဲ့ ခင်ပွန်းလေ။ အိုး—ဆင်းပါ့မယ်၊ ချက်ချင်း ဆင်းပါ့မယ်!"
ကျွင်းဇီ၏ အင်္ကျီကို အဆွဲခံလိုက်ရသဖြင့် သူလှည့်ကြည့်လိုက်ရာ လင်းချောင်ကို တွေ့လိုက်ရသည်။ သူလည်း ကုလားထိုင်ပေါ်မှ အလျင်အမြန် ခုန်ဆင်းလိုက်ပြီး "ဆရာမလင်း" ဟု ခေါ်လိုက်သည်။
"စာကိုပဲ ကြိုးစားစမ်းပါ၊ ဒီလို အသုံးမဝင်တဲ့ ကိစ္စတွေကို ရပ်လိုက်တော့။"
လင်းချောင် သူ့ကို ပုတ်လိုက်ပြီးနောက် သူမမှတ်ထားသော ဖုန်းနံပါတ်များကို ယူ၍ ရုံးခန်းသို့ ပြန်လာခဲ့သည်။
ပြပွဲပြီးဆုံးသွားပြီးနောက်တွင် ဆီစွန်းချွတ်ဆေး ဖော်မြူလာကို ဝယ်ယူလိုသည့် အချို့သော အဖွဲ့အစည်းများက သူမကို ဆက်သွယ်လာခဲ့ကြသည်။ အများစုမှာ အရွယ်အစားအမျိုးမျိုးရှိသော နိုင်ငံပိုင်လုပ်ငန်းများဖြစ်ပြီး အချို့သော ပုဂ္ဂလိကလုပ်ငန်းများကလည်း စိတ်ဝင်စားကြသည်။ သူမသည် သူမ စိတ်ဝင်စားသည့်လူအချို့ကို ရွေးထုတ်ပြီး တွေ့ဆုံဆွေးနွေးကြည့်ရန် စီစဉ်နေခဲ့သည်။
ဖော်မြူလာကို တိုက်ရိုက်ရောင်းချခြင်းသည် အဆင်မပြေပေ။ အဘယ်ကြောင့်ဆိုသော် ငွေကြေးဖောင်းပွမှုကြောင့် နှစ်အနည်းငယ်အတွင်းတွင် ငွေတန်ဖိုးများ ကျဆင်းသွားမည်ဖြစ်သည်။ သို့သော် သူမသည် နည်းပညာဘက်၌ ရင်းနှီးမြှုပ်နှံလိုပါက မိတ်ဖက်များကို ဂရုတစိုက်ရွေးချယ်ရမည်ဖြစ်သည်။
အကယ်၍ အခြားတစ်ဖက်မှ ဖော်မြူလာကိုရရှိသွားပြီး အနည်းငယ်ပြင်ဆင်ကာ ၎င်းတို့၏ ကိုယ်ပိုင်သုတေသနဟု အခိုင်အမာဆိုလာပါက သူမသည် တစ်ပြားတစ်ချပ်မှ ရရှိတော့မည်မဟုတ်ပေ။ ထိုသို့သော တရားစွဲဆိုမှုများသည် ဆယ်စုနှစ်များစွာကြာပြီးနောက်မှာပင် အနိုင်ရရန်ခက်ခဲသည်။ ထို့ပြင် ၁၉၈၁ ခုနှစ်တွင် နိုင်ငံ၌ မူပိုင်ခွင့်ရုံးပင် မရှိသေးသောကြောင့် ပို၍ပင် ခက်ခဲမည်ဖြစ်သည်။
လင်းချောင်သည် ကျိသော်၏ စိတ်နေစိတ်ထားကို ယုံကြည်သည်။ သူမ ဖော်မြူလာကို ပေးအပ်ခဲ့စဉ်က အနည်းငယ် ချန်လှပ်ထားခဲ့သေး၏။ ကျိသော်၏ "ကိုယ့်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်" ဟူသော စကားမှာ အမှန်တကယ် ဖြစ်နေလိမ့်မည်ဟုတော့ သူမ မမျှော်လင့်ထားခဲ့ပေ။
အမှတ်မထင် ထိုသူအကြောင်းကို ပြန်လည်တွေးမိသွားရင်း လင်းချောင် ခေတ္တရပ်သွားခဲ့သည်။ သို့သော် မကြာမီမှာပဲ သူမ၏ မျက်နှာအမူအရာသည် ပုံမှန်အတိုင်းပြန်ဖြစ်လာခဲ့ပြီး ကျောင်းသားများ၏ အိမ်စာများကို စစ်ဆေးရန် ကောက်ယူလိုက်သည်။ သူမ အိမ်စာနှစ်ခုသာ စစ်ဆေးပြီးစီးသေးချိန်တွင် လုံခြုံရေးရုံးမှ တစ်စုံတစ်ယောက်က ဖုန်းလာကြောင်း လာရောက်ပြောပြလိုက်သည်။
"မင်းတော့ တကယ်ကို အလုပ်များနေတာပဲ။"
အဖွဲ့ခေါင်းဆောင်ကောက ပြုံး၍ ပြောလိုက်သည်။ "မင်း ဖော်မြူလာကို ရောင်းပြီးတဲ့အခါ ငါတို့ကို ညစာတစ်ဝိုင်းကျွေးဖို့ မမေ့နဲ့နော်။ ငါတို့က အဲဒီ့ပိုက်ဆံအိတ်ကြီးရဲ့ ဧည့်ခံမှုကနေ စားသောက်ဖို့အတွက် စောင့်နေကြတာ"
ဆုချီးမြှင့်ခံရကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ရုံးခန်းထဲရှိလူတိုင်းက လင်းချောင်သည် ဆပ်ပြာရည်ဖော်မြူလာကို ပိုင်ဆိုင်ကြောင်း သိရှိခဲ့ကြသည်။
သူမသည် စက်ရုံပိုင်ဆိုင်ထားခြင်းမရှိသော်လည်း ဆရာပိုင်၏ ခဏတာ အပြစ်တင်ပြောဆိုခြင်းမှလွဲ၍ ကျန်လူများကတော့ မြှောက်ပင့်ပြောဆိုကာ လင်းချောင်ထံမှ ဧည့်ခံကျွေးမွေးမှုကို ရရှိရန် ပူးပေါင်းကြံစည်ပြီးနောက် ကိစ္စ ပြီးဆုံးသွားခဲ့သည်။
အဖွဲ့ခေါင်းဆောင်ကော၏ စကားကိုကြားသောအခါ သူမက ပြုံး၍ သဘောတူလိုက်သည်။ "ဟုတ်ကဲ့ပါ။"
သူမက လုံခြုံရေးဝန်ထမ်းကိုလည်း တောင်းပန်စကား ဆိုခဲ့သေးသည်။