အခန်း (၁၁၄)
Vol. 10 Ch. 114
သူမ ဖုန်းကိုကောက်ကိုင်လိုက်သောအခါ အလွန်ရင်းနှီးသော အသံတစ်ခု ထွက်လာခဲ့သည်။ "ရဲဘော်လင်းချောင်၊ မင်္ဂလာပါ၊ ကျွန်တော်က ယန်ဒူ မုဇီ ဓာတုဗေဒစက်ရုံရဲ့ ဒါရိုက်တာပါ..."
"ကျိဇယ်။" သူ၏ စကားမဆုံးမီမှာပဲ လင်းချောင်က စိတ်မရှည်သလို ကြားဖြတ်ပြောလိုက်သည်။
"ဟုတ်ပါတယ်။"သူက တည်ကြည်သောလေသံဖြင့် ပြန်ဖြေလိုက်သည်။
"ကျွန်တော်တို့ရဲ့ အချက်အလက်အရ ရဲဘော်က မကြာသေးခင်က တီထွင်ဖန်တီးမှုပြပွဲမှာ ရွှေတံဆိပ်ဆု ရရှိခဲ့တယ်လို့ ကြားထားပါတယ်။ ကျွန်တော်တို့ စက်ရုံက ရဲဘော်ရဲ့ ဆီစွန်းချွတ်ဆေးကို စိတ်ဝင်စားနေတဲ့အတွက် နည်းပညာ ရင်းနှီးမြှုပ်နှံမှုကနေတစ်ဆင့် ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အခုတလော အချိန်ရရဲ့လား။"
အကြောင်းအရာအချို့ကို ခန့်မှန်းမိထားပြီးသားဖြစ်သော်လည်း ထ်ိုစကားကိုကြားသောအခါတွင်တော့ လင်းချောင် တိတ်ဆိတ်သွားခဲ့သည်။
ကျိဇယ်က သူတို့နှစ်ဦးကြားမှ အဆင်မပြေမှုကို နားလည်သည်။ "ကျွန်တော်က စက်ရုံရဲ့ ဒါရိုက်တာတစ်ယောက်အနေနဲ့ ရဲဘော်ကို ဖိတ်ခေါ်တာပါ။ ကျွန်တော့်ကို ဒါရိုက်တာအနေနဲ့ပဲ သဘောထားပြီး လုပ်ငန်းကိစ္စတွေပဲ ပြောကြတာပေါ့၊ တခြား ကိစ္စတွေ မပါပါဘူး။ ရဲဘော်ဘက်က ချက်ချင်းသဘောတူစရာလည်း မလိုပါဘူး။ ကျွန်တော့်ရဲ့ ညှိနှိုင်းချက်တွေကို နားထောင်ပါ၊ နှိုင်းယှဉ်ကြည့်ပြီးမှ ဆုံးဖြတ်လို့ရပါတယ်။"
"ကောင်းပြီ၊ ကျွန်မ စဉ်းစားကြည့်ပါ့မယ်။" လင်းချောင်က ပြန်ပြောလိုက်သည်။ ကျိဇယ်သည် သူမထံမှ ကိစ္စရပ်များကို လျှို့ဝှက်ထားခဲ့သော်လည်း သူ၏ စာရင်းဇယားများသည်တော့ အမြဲတမ်း ရှင်းလင်းနေသောကြောင့် သူသည် သင့်တော်သော စီးပွားရေးမိတ်ဖက်တစ်ဦး ဖြစ်သည်။
လင်းချောင် ချက်ချင်း ပယ်ချခြင်းမရှိသည်ကို ကြားသောအခါ တစ်ဖက်လူက သက်ပြင်းချလိုက်သည်။ "ရဲဘော် ဆုံးဖြတ်ချက်ချပြီးတာနဲ့ ဒီနံပါတ်ကို ဖုန်းခေါ်လိုက်ပါ။"
သူက သူမအား စက်ရုံဖုန်းနံပါတ်ကို ပေးလိုက်သည်။ လင်းချောင် ဖုန်းချတော့မည့်အချိန်တွင် သူက ရုတ်တရက် ထပ်ဖြည့်ပြောလိုက်၏။
"တကယ်တော့၊ ကျွန်တော်သာ ဦးလေးနေရာမှာဆိုရင်လည်း အစားထိုးလူလဲထားတဲ့ ကိစ္စကို သိစေချင်မိမှာ မဟုတ်ဘူး။ ဒါက အဒေါ့်ကိုလည်း စိတ်မသက်မသာဖြစ်စေနိုင်သလို သူ့အတွက်လည်း သူ့ရဲ့ဇနီးကလည်း တခြားသူတစ်ယောက်နဲ့ ပတ်သက်နေသလို ဖြစ်နေမှာလေ။"
လင်ချောင် ပြန်မဖြေခဲ့ပေ။ နောက်ရက် အနည်းငယ်အတွင်း သူမသည် စိတ်ဝင်စားဆုံးဖြစ်သော အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် အချိန်ယူခဲ့သည်။
တစ်ဦးမှာ ဆီစွန်းချွတ်ဆေးများကို အထူးပြုထုတ်လုပ်သည့် ကြီးမားသော နိုင်ငံပိုင်စက်ရုံဖြစ်သည်။ ၎င်းတို့၏ ထုတ်ကုန်များကို ခေတ်မီစေရန်အတွက် လင်းချောင်၏ ဖော်မြူလာကို ဝယ်ယူလိုခြင်းဖြစ်သည်။
သို့သော် ဤခေတ်ရှိ နိုင်ငံပိုင်စက်ရုံများသည် ပုဂ္ဂလိကလုပ်ငန်းများထံမှ ပြိုင်ဆိုင်မှုကို များများစားစား မကြုံတွေ့ရသောကြောင့် သူတို့ကိုယ်သူတို့ နိုင်ငံအတွက် အကျိုးပြုနေသည်ဟု ခံစားရကာ အနည်းငယ် မာနကြီးနေကြသည်။
၎င်းတို့သည် လင်ချောင်အား မျိုးချစ်စိတ်ဓာတ်ဆိုင်ရာ ဟောပြောချက်ကို စတင်ပေးလာခဲ့ပြီး နိုင်ငံတော်အတွက် အကျိုးပြုရန် တောင်းဆိုခဲ့သည်။ ဈေးနှုန်းနှင့်ပတ်သက်လာသောအခါတွင်တော့ တွန့်တိုကြပြီး ၁၀ ရာခိုင်နှုန်းသာ ပေးခဲ့၏။
"နိုင်ငံပိုင်လုပ်ငန်းတွေက အရမ်းတည်ငြိမ်ပြီး ဒီနေရာမှာ နိုင်ငံရဲ့ ယုံကြည်စိတ်ချရမှုကိုလည်း အာမခံထားပါတယ်။ ပုဂ္ဂလိက စက်ရုံငယ်လေးတွေလိုမျိုး မင်းကို လိမ်ညာမှာ မဟုတ်ပါဘူး။ အဲ့ဒီအတွက်တော့ စိတ်ချယုံကြည်နိုင်ပါတယ်။"
လင်ချောင်သည် အရင်စက်ရုံနှင့် စေ့စပ်ညှိနှိုင်းမှု မအောင်မြင်သောကြောင့် သို့မဟုတ် အရင်စက်ရုံနှင့် စိတ်ဝမ်းကွဲမှုဖြစ်သွားသောကြောင့် ၎င်းတို့နှင့် ဆက်မလုပ်တော့ဘဲ သူတို့နှင့် စေ့စပ်ညှိနှိုင်းရန် ရွေးချယ်ခဲ့သည်ဟု သူတို့ ထင်နေကြသည်လား။
လင်းချောင် မည်သည့် စိတ်ခံစားမှုကိုမှ ထုတ်ဖော်မပြခဲ့ပေ။ "ကျွန်မ ရှင်တို့ စက်ရုံရဲ့ အခြေအနေတွေကို နားလည်ပါတယ်။ ပူးပေါင်းဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်တယ်ဆိုရင် ဖုန်းခေါ်လိုက်ပါ့မယ်။"
"မြန်မြန်တော့လုပ်ပေးပါ။" တစ်ဖက်လူက ပြောလိုက်သည်။ "မင်းရဲ့ ဆီစွန်းချွတ်ဆေးက ဆုရရှိထားပေမဲ့ အဲ့ဒီလောက်လည်း အဆင့်မြင့်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ စက်ရုံက နည်းပညာရှင်တွေလည်း အရမ်းထူးချွန်ကြပါတယ်။"
လင်းချောင်သာ သူတို့ထံ လျင်မြန်စွာ မရောင်းချပါက၊ သူတို့ကိုယ်တိုင် ဖော်မြူလာကို တီထွင်နိုင်ပြီး သူမ၏ ဖော်မြူလာသည် တန်ဖိုးမဲ့သွားလိမ့်မည်ဟု သူတို့က တည့်တည့်ပြောလိုက်ခြင်းဖြစ်သည်။
လင်းချောင် အတွင်းစိတ်ထဲမှ ခေါင်းခါမိလိုက်၏။ ဤတစ်ယောက်နှင့် စကားပြောပြီးသည့်နောက် အခြားသော နိုင်ငံပိုင်စက်ရုံများနှင့်လည်း ဆက်ဆွေးနွေးလိုစိတ် မရှိတော့ပေ။
ပြုပြင်ပြောင်းလဲရေးကာလပြီးနောက် နိုင်ငံပိုင်လုပ်ငန်းများတွင် ပြဿနာများစွာ ပေါ်ပေါက်လာခဲ့သည်– အလုပ်သမားများ၏ စိတ်အားထက်သန်မှု နည်းပါးလာခြင်း၊ ဝယ်ယူရေးနှင့် ရောင်းချရေးတွင် ကန်ထရိုက်များအား လာဘ်ပေးခြင်းများကို ပြုလုပ်လာကြသည်။
အချို့ဆိုလျှင် ငွေကို ယူပြီး စက်ရုံသို့ မပေးဘဲ ဘဏ်၌ အတိုးရရန်ထားရှိခြင်း၊ ကုန်ပစ္စည်းများကို ရောင်းချပြီး ငွေကိုယူကာ အိမ်၌ အတုများ တစ်သုတ်ပြုလုပ်ပြီး စက်ရုံသို့ ပြန်ပေးခြင်း၊ မရောင်းရကြောင်း ပြောဆိုခြင်းများကိုပါ ပြုလုပ်ခဲ့ကြသည်။
ထိုသို့သော အပြုအမူများကြောင့် နောက်ပိုင်းတွင် များစွာသော နိုင်ငံပိုင် လုပ်ငန်းများ ဒေဝါလီခံသွားခဲ့ရသည်မှာ အံ့သြစရာမဟုတ်တော့ပေ။ လင်းချောင်သည် သူမ၏ ဖော်မြူလာကို ကျရှုံးမည့် ကံကြမ္မာရှိသော မိတ်ဖက်တစ်ဦးထံသို့တော့ မရောက်သွားစေလိုပေ။
နိုင်ငံပိုင်လုပ်ငန်းများ၏ လျှို့ဝှက်ထိန်းသိမ်းမှုသည်လည်း မကောင်းမွန်ပေ။ ချင်မိသားစု သားအဖနှစ်ဦးသည် စက်ရုံ၏ ဖော်မြူလာကိုယူ၍ ကိုယ်ပိုင်လုပ်ငန်း စတင်လုပ်ကိုင်ခဲ့သည်မှာ ဤအရာအတွက် သက်သေပင်ဖြစ်သည်။ သူမသည် ပုဂ္ဂလိကလုပ်ငန်းရှင်များကိုသာ စဉ်းစားရန် ဆုံးဖြတ်ချက်ချခဲ့သည်။
ပုဂ္ဂလိက လုပ်ငန်းရှင်များသည် ဝေစုပိုမိုမြင့်မားစွာ ပေးခဲ့ပြီး ၅၀-၅၀ ခွဲဝေမှုဖြင့် စတင်ခဲ့သော်လည်း ထို့နောက်တွင်တော့ သူမအား ငွေရင်းထည့်ဝင်ပေးရန် တောင်းဆိုခဲ့ကြသည်။
လင်းချောင် မေးခွန်းအနည်းငယ်မေးပြီး နောက်ခံစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ တစ်ဖက်လူသည် စီးပွားရေးလိုင်စင်အတွက်သာ လျှောက်ထားရသေးပြီး စက်ရုံပင် မရှိသေးသည်ကို သိရှိလိုက်ရသည်။ ထိုသူတို့သည်လည်း အချောင်ရလိုရငြား ကြိုးစားနေခြင်းသာ ဖြစ်သည်။ သူမ ရင်းနှီးမြှုပ်နှံလိုက်လျှင်ပင် စက်ရုံက စတင်နိုင်ဦးမည် မဟုတ်ပေ။ တစ်ဖက်လူသည် ငွေယူ၍ ထွက်ပြေးသွားပြီး ဖော်မြူလာကို အခြားသူတစ်ဦးအား ရောင်းချပစ်လိုက်နိုင်သည်။
သူမ၏မျက်နှာတွင် လွယ်လွယ်ကူကူ လှည့်ဖြားခံရမည့်သူဟု ဖော်ပြနေခဲ့သည်လား။
စေ့စပ်ညှိနှိုင်းမှုများ အပြီးတွင် လင်းချောင်သည် တံခါးဘေးရှိ နံရံပေါ်မှ မှန်၌ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်မိလိုက်သည်။ တုံးအမှုနှင့် မိုက်မဲနေခြင်းများကို မတွေ့ခဲ့ရပေ။
သူမ မျက်နှာလွှဲတော့မည့်အချိန်၌ ခြံတံခါးဖွင့်သံမြည်လာပြီး ကျိသော် ပြန်ရောက်လာခဲ့သည်။
ထိုသူသည် အထဲသို့ဝင်လာပြီး ပထမဆုံးအနေဖြင့် သူမ၏ အမူအရာကို ကြည့်လိုက်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ထိုသို့ ပြုလုပ်နေခဲ့ပုံရ၏။ ထို့နောက် သူက ပြောလိုက်သည်။ "အဖေ ဆေးရုံတက်နေရတယ်။"
"အဖေ ဆေးရုံတက်နေရတယ်?" လင်းချောင် အံ့ဩသွား၏။
"ဒါက ဘယ်တုန်းက ဖြစ်သွားတာလဲ။ အခြေအနေ ဆိုးလား။"
"ဒီနေ့ပဲ။ အိမ်ကို ဘယ်သူ့နာမည်နဲ့မှမဟုတ်ဘဲ စာတစ်စောင် ရောက်လာတာ။ ကိုယ်လည်း အိမ်ထဲယူသွားပေးလိုက်မိတယ်။ အဖေက အဲ့ဒါကို ဖတ်မိသွားပြီး နေ့လယ်ပိုင်းမှာပဲ ဆေးရုံတင်လိုက်ရတာ။"
ကျိသော်၏ အမူအရာက သိသိသာသာ တင်းမာနေသော်လည်း သူ ခေတ္တရပ်ပြီး အသံကိုနှိမ့်၍ မေးလိုက်သည်။ "မင်း ကိုယ်နဲ့အတူ လိုက်ခဲ့ချင်လား။"
လင်းချောင် သူ့ကို ကြည့်လိုက်၏။ "ကျွန်မတို့ရဲ့ ဆက်ဆံရေးကြောင့် မဟုတ်ရင်တောင် အဖေက ကျွန်မကို ကူညီခဲ့တဲ့ လူကြီးတစ်ယောက်ပါ။ သူ ဆေးရုံတက်နေရတာကို ကျွန်မက ဘယ်လိုလုပ် လျစ်လျူရှုထားနိုင်မှာလဲ။"
"အရင်ဆုံး ထမင်းစားကြရအောင်။" ကျိသော်က ထိုသို့ ပြောလိုက်ပြီး သူမ ဆိုဖာပေါ် တင်ထားသည့် အိတ်ကို ကောက်ယူလိုက်သည်။ စားသောက်ဆိုင်မှ ထွက်လာပြီးသည့်နောက် ဆေးရုံသို့သာ တန်းသွားလိုက်ကြသည်။
ဒီတစ်ခါတော့ အဘိုးကြီးသည် ဒေါသထွက်ပြီး ဆေးရုံတက်ရခြင်း မဟုတ်ဘူးဆိုသည်မှာ သိသာနေခဲ့သည်။ သူသည် အနည်းငယ် စိတ်ဓာတ်ကျနေပုံပေါ်ပြီး လင်းချောင်ကို မြင်လိုက်ရချိန်မှာတော့ အနည်းငယ် အားနာနေသည့်ပုံစံဖြင့် ပြောလိုက်သည်။
"ချောင်ချောင်၊ မင်း ရောက်လာပြီပဲ။"
သူ လင်းချောင်ထံမှ ကိစ္စရပ်များကို လျှို့ဝှက်ထားရန် ဆုံးဖြတ်ခဲ့စဉ်က သူမအတွက် အမှန်တကယ် ကောင်းစေချင်သော စိတ်ဖြင့်သာ လုပ်ခဲ့ခြင်းဖြစ်သည်။
ကံမကောင်းစွာဖြင့်၊ မိသားစု၏ ဦးစီးအဖြစ် အချိန်ကြာမြင့်စွာ နေခဲ့ရသောကြောင့် သူသည် အရာအားလုံးကို အလွယ်တကူ လုပ်နိုင်သည်ဟုသာ မှတ်ယူထားခဲ့ပြီး မည်သည့်လျှို့ဝှက်ချက်မှ ထာဝရဖုံးကွယ်ထား၍ မရနိုင်ကြောင်းကိုတော့ မေ့လျော့နေခဲ့သည်။
လင်းချောင်သည် လူနာသတင်းမေးရန် လာရောက်ခြင်းဖြစ်သောကြောင့် ဤအချိန်တွင် အခြားကိစ္စများကို ထုတ်ပြောမည်မဟုတ်ပေ။ သူမက ပုံမှန်အတိုင်းပဲ ပစ္စည်းများကို ချထားပြီး အဘိုးကြီး၏ ကျန်းမာရေးအကြောင်း မေးမြန်းခဲ့၏။
ရွှီလီ သက်ပြင်းချလိုက်သည်။ "ဒုတိယသားက စာတစ်စောင် ယူလာခဲ့တယ်မလား။ အဲ့ဒါက မင်းရဲ့ ဦးလေးငယ် ဆုံးသွားတဲ့အကြောင်းရေးထားတဲ့ စာပဲ။"
ကျိသော်၏ ဦးလေးငယ်လား။
ရွှီလီသာ ထုတ်မပြောခဲ့လျှင် လင်းချောင်သည် ကျိမိသားစုတွင် ထိုသို့သောသူတစ်ဦး ရှိခဲ့ကြောင်းကိုပင် မေ့နေပေလိမ့်မည်။
တကယ်တော့၊ ကျိသော်တွင် တကယ်ပဲ ဦးလေးငယ် မရှိခဲ့ဘူးဆိုလျှင်၊ ကျိမိသားစုက လူစားထိုးလဲလှယ်ထားသည့်ကိစ္စကို သူမထံမှ ဖုံးကွယ်ထားချင်လျှင်တောင်၊ ဇာတ်လမ်း၏ အစိတ်အပိုင်းအချို့ကို သိထားသည့် သူမက အခုလောက်ဆို ခန့်မှန်းမိနေခဲ့လိမ့်မည်။ သို့သော် ကျိသော်၌ ဦးလေးတစ်ယောက် ရှိနေ၏။ ကျိမိသားစုက သူ့အကြောင်းကို သိပ်ပြောလေ့မရှိဘဲ နှစ်သစ်ကူးကာလတွင်လည်း သွားရောက်လည်ပတ်ခြင်းမျိုး မရှိခဲ့သလို၊ သူမသည်လည်း ယခုအချိန်အထိ မတွေ့ဖူးသေးပေ။
မမျှော်လင့်ထားဘဲ၊ ရွှီလီ သူ့အကြောင်း ပထမဆုံးအကြိမ် ထုတ်ပြောပြခြင်းသည် သူ ကွယ်လွန်သွားပြီဖြစ်ကြောင်းသာဖြစ်ပြီး အဘိုးကြီးကလည်း ထိုကိစ္စကြောင့် ဆေးရုံတက်နေရခြင်း ဖြစ်သည်။
လင်းချောင်သည် ကျိသော်ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောခဲ့ပေ။ ကျိသော်က အေးဆေးတည်ငြိမ်စွာ မေးလိုက်၏။ "ဘယ်လိုဖြစ်ပြီး ဆုံးသွားတာလဲ။"
"နှလုံးရောဂါနဲ့တဲ့။ မင်းအဖေထက် ခြောက်နှစ် ငယ်သေးတယ်။" စိတ်ထားနူးညံ့သော ရွှီလီမှာ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။
အဘိုးကြီး၏ မျက်နှာတွင် ဝမ်းနည်းမှု များစွာမပြသနေဘဲ ပြောလိုက်သည်။ "ဒုတိယသား၊ မင်း အချိန်ရတယ်ဆိုရင် သွားလိုက်ပါဦး။ အခု သူ ဆုံးသွားပြီဆိုတော့ ဖြေရှင်းစရာ ကိစ္စတွေ ရှိနေလိမ့်မယ်။"
ကျိသော် ပြန်ဖြေလိုက်သည်။ "ကျွန်တော် သွားကြည့်လိုက်ပါ့မယ်။"
သူ၏ စိတ်ခံစားချက်များ မြင့်မားနေခြင်းမရှိသည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
အဘိုးကြီးနှင့် ရွှီလီတို့သည်လည်း စကားများများ ပြောချင်ပုံမရပေ။
ခဏတာ ထိုင်ခဲ့ပြီးနောက် သူတို့လည်း ထရပ်ကာ ထွက်သွားခဲ့ကြ၏။
"အဖေနဲ့ ဦးလေးငယ်တို့ အဆက်အသွယ် မလုပ်တာ အနှစ်သုံးဆယ်ကျော်ပြီ။"
သူတို့ ဆေးရုံဝင်းထဲမှ ထွက်လာသည်နှင့် ကျိသော်က ရုတ်တရက် လင်းချောင်အား အသံနိမ့်နိမ့်ဖြင့် ပြောပြလိုက်၏။
လင်းချောင် အံ့အားသင့်စွာ မော့ကြည့်လိုက်သည်။ သူ့အကြည့်နှင့် ဆုံမိသောအခါ သူက ပြောလိုက်သည်။ "မင်း အခုနက ကိုယ့်ကို ကြည့်နေတာ ဒါကို သိချင်လို့ မဟုတ်လား။"
သူမ သိချင်ခဲ့သည်။ ဘာပဲဖြစ်ဖြစ်၊ ဒီဦးလေးကြောင့် တစ်စုံတစ်ယောက်ကို မှားယွင်းစွာ မှတ်မိနေခဲ့သည်ကို သတိမထားမိခဲ့ခြင်း ဖြစ်သည်။ သို့သော် သူမက ကျိမိသားစုအကြောင်းကိုတော့ အများကြီး မသိထားခဲ့ပေ။
လင်းချောင် စကားမပြောသော်လည်း ကျိသော်က သူမ တွေးနေသည့်အရာကို သိနေသည့်ပုံဖြင့် ပြောလိုက်သည်။
"မင်းတင် မကဘူး။ ရှောင်ဇယ်နဲ့ ရှောင်လင်းတောင်မှ ဦးလေးငယ် ရှိနေတယ်ဆိုတာကို မသိထားကြဘူး။"
လင်းချောင် ဒါကိုတော့ မတွေးထားမိခဲ့ပေ။ သူမကို အပြင်လူဟု သတ်မှတ်လို့ရလျှင်တောင် ရှောင်ဇယ်နှင့် ရှောင်လင်းကတော့ မိသားစုဝင် အစစ်ဖြစ်သည်။ ပြီးတော့ သူမတို့ မင်္ဂလာပွဲနေ့တုန်းက သူမက ထိုသူကို မေးမြန်းခဲ့ပြီး သူကလည်း တစ်ခါတည်း ပြောပြခဲ့ဖူးသည်။
ကျိသော်သည် လှေကားထစ်ဘေးရှိ ပြတင်းပေါက်နားတွင် ရပ်လိုက်သည်။ "အမေက ကိုယ့်ကို အသက် သုံးဆယ်ကျော်မှ မွေးတာ။ ကိုယ့်က်ို မမွေးခင်က သမီးတစ်ယောက် ရှိခဲ့ဖူးတယ်။"
သို့သော် သူတို့၏ ဝမ်းကွဲအစ်မဖြစ်သူ ကျိယန်မှလွဲ၍ ကျိသော်တွင် အစ်မ မရှိသောကြောင့် ဤသမီးဖြစ်သူသည် ဆုံးပါးသွားခဲ့ပြီဖြစ်ရမည်။
မှန်သည်။ ကျိသော်က ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်၏။
"ကလေး ခြောက်လကျော်အရွယ်မှာ အမေ့ရဲ့ နေရာက လုံခြုံမှုမရှိတော့တဲ့အတွက် အရေးပေါ် ရွှေ့ပြောင်းခဲ့ရတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်အနေနဲ့ အစ်ကိုကြီးကိုလည်း ဂရုစိုက်နေရသေးတာကြောင့် ရွှေ့ပြောင်းဖို့က ခက်ခဲနေတယ်။ အဖေက တော်လှန်ရေးထဲဝင်ခဲ့တုန်းက အမည်ဝှက်ကို အသုံးပြုခဲ့တာဖြစ်လို့ ဘယ်သူကမှ သူ့ဇာတိမြို့ကို မသိကြဘူး။ဒါကြောင့် အစ်ကိုကြီးကို ဇာတိပို့ထားဖို့ တွေးခဲ့မိတယ်။"
လူအများအပြားသည် တော်လှန်ရေးထဲသို့ စဝင်ခါစတွင် ထိုအချိန်က အာဏာရပါတီ မတူညီသည့်အတွက် မိသားစုဝင်များ အရေးယူခံရမည်ကို စိုးရိမ်သောကြောင့် အမည်ဝှက်များကိုသာ အသုံးပြုခဲ့ကြသည်။
ရွှီလီသည် ကျိကျွင်းကို သူမ၏ ဘေးတွင်ထားရှိခြင်းထက် ဇာတိမြို့သို့ ပြန်ပို့ခြင်းက ပို၍လုံခြုံသည်ဟု တွေးခဲ့မိသည်။
လင်းချောင် ခဏတာ စဉ်းစားပြီးနောက် ထိုသူ ဘာကြောင့် ပြောနေလဲဆိုသည်ကို နားလည်လိုက်သည်။ "ဦးလေးငယ်က သဘောမတူခဲ့ဘူးလား။"
"မဟုတ်ဘူး၊ သူ သဘောတူခဲ့တယ်။" ကျိသော် ထိုသ်ို့ ပြောခဲ့သော်လည်း သူ၏အသံကတော့ အေးစက်နေဆဲပင်။
"အဲ့ဒီနောက် အမေ ထွက်သွားတာနဲ့ သူက အစ်ကိုကြီးကို တိတ်တဆိတ် စွန့်ပစ်ခဲ့တာ"
"တိတ်တဆိတ် စွန့်ပစ်ခဲ့တယ်။"
ဒါက တည့်တိုး ငြင်းဆိုလိုက်သည်ထက်တောင် ပိုဆိုးနေခဲ့သည်။ လင်းချောင်သည် ထိုသို့သော လုပ်ရပ်မျိုးကို မမျှော်လင့်ခဲ့မိပေ။
"အဲ့ဒီအချိန်က အစ်ကိုကြီးက ဘယ်အရွယ်လဲ။"
"ခြောက်နှစ်၊ ပြီးတော့ အဲ့ဒါက ဆောင်းရာသီပဲ။"
ဒါက တကယ်ကို ရက်စက်သည့် လုပ်ရပ်တစ်ခုပင်။ သူက အရေးယူခံရမည်ကို ကြောက်ပြီး အဘိုးကျ်ိကိုလည်း စိတ်မထိခိုက်စေချင်သောကြောင့် သဘောတူဟန်ဆောင်ခဲ့ပြီးမှ ကလေးကို စွန့်ပစ်လိုက်ခြင်း ဖြစ်နိုင်သည်။
ခြောက်နှစ်အရွယ် ကလေးတစ်ယောက်က ဆောင်းတွင်းတွင် အပြင်ဘက်၌ ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မည်လဲ။ နောက်မှ ကလေးက သူ့ဘာသာသူ လမ်းပျောက်သွားသည်ဟု ပြောလိုက်လို့ရသည်။
"နောက်ပိုင်းမှာ အစ်ကိုကြီးကို ဘယ်လို ပြန်ရှာတွေ့ခဲ့တာလဲ။"
"သူက မှတ်ဉာဏ်ကောင်းတယ်လေ။ အမေ ခေါ်လာခဲ့တဲ့လမ်းကို မှတ်မိနေတယ်။ သူက အမေ့ကို လိုက်ပြီး ခေါ်နေခဲ့တာ။"
ရွှီလီ၏ ကြင်နာတတ်သည့် နှလုံးသားနှင််ဆိုရင် နောင်တနှင့် နာကျင်မှုများကို ခံစားခဲ့ရမည်ဖြစ်သည်။ ဓားက လည်ပင်းတွင် ထောက်နေလျှင်တောင် သူမကတော့ သူ့ကို ဆက်ပြီးကာကွယ်ပေးနေမိလိမ့်မည်။
ကျိသော် ရွှီလီ၏ ဆုံးရှုံးသွားသော သမီးအကြောင်း ပြောခဲ့သည်ကလည်း ဒီဖြစ်စဉ်အတွင်း အန္တရာယ်တစ်ခုခု ဖြစ်သွားခဲ့ခြင်း ဖြစ်မည်။
သို့သော် လင်းချောင်တွင် မရှင်းလင်းသေးတဲ့ အချက်တစ်ချက် ရှိနေသေး၏။ "ဒါဆို ဦးလေးအကြီးကရော ဘယ်လိုလဲ။ အဲ့ဒီအချိန်က သူ အိမ်မှာ မရှိဘူးလား။ သူက ဦးလေးငယ် ဒီလို လုပ်တာကို ကြည့်နေခဲ့တာလား။"
"ဦးလေးအကြီးက ငယ်ငယ်ကတည်းက ကျန်းမာရေး မကောင်းခဲ့ဘူး။ နောက်ပိုင်းမှာ ကံကောင်းခြင်းတွေ ရရှိဖို့အတွက် အဒေါ်နဲ့ လက်ထပ်ခဲ့တယ်။ သူတို့ လက်ထပ်ပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာတဲ့အထိ သားသမီး မရခဲ့သလို အိမ်မှာလည်း အာဏာမရှိခဲ့ဘူး။"
အကြီးဆုံးဦးလေး၏ သမီးဖြစ်သော ကျိယန်သည် ကျိကျွင်းထက် ဆယ်နှစ်နီးပါး ငယ်ပြီး တခြား မောင်နှမ မရှိနေသည်မှာ အံ့ဩစရာ မရှိတော့ပေ။
လင်းရှို့ယီဖြစ်ဖြစ်၊ ကုမိသားစုဖြစ်ဖြစ်၊ ကျိသော်၏ ဦးလေးပဲဖြစ်ဖြစ်၊ ကိုယ်ကျိုးစီးပွားအတွက် အရေးပါလာသည့်အခါ လူ့သဘာဝက စမ်းသပ်မှုကို မခံနိုင်တော့ပေ။
"နောက်ပိုင်းမှာ ကိုယ်တို့ မိသားစုက သူတို့နဲ့ အဆက်အသွယ် ဖြတ်ခဲ့တယ်။ ဒီနေ့စာကလည်း တခြားသူတစ်ယောက်ကနေတစ်ဆင့် ပို့လိုက်တာ။"
သို့သော် သေဆုံးခြင်းနှင့်အတူ စိတ်ဒဏ်ရာများလည်း ပျောက်ကွယ်သွားခဲ့တော့သည်။ အဘိုးကျိလည်း အသက်ကြီးပြီဖြစ်ပြီး သူ့ညီ ဆုံးသွားကြောင်း သိလိုက်ရတော့ စိတ်ခံစားချက်များက ရှောင်လွှဲမရနိုင်ခဲ့ဘဲ အနည်းငယ် ထိခိုက်သွားခဲ့ရသည်။
ကျိသော်၏ အကြည့်က ပြတင်းပေါက်မှနေ၍ လင်းချောင်၏ မျက်နှာပေါ်သ်ို့ ပြောင်းသွားခဲ့ပြီး ရုတ်တရက် အကြောင်းအရာကို ပြောင်းလိုက်သည်။
"ဒီမနက်မှာပဲ အစ်ကိုကြီးက တောင်ပိုင်းပြည်နယ်ကို ထွက်သွားပြီ။"
ဒါကတော့ လင်းချောင် အရင်က မကြားဖူးထားသည့် ကိစ္စဖြစ်သည်။
လင်းချောင် မတုံ့ပြန်ရသေးခင်မှာပဲ ကျိသော်က ဆက်ပြောလိုက်သည်။ "အမည်မသိတိုင်ကြားစာနဲ့ သူ့ရဲ့ အဖေ့ကို တောင်းဆိုမှုကြောင့်ပဲ။ သူက မင်းရဲ့ ဖော်မြူလာကို မရီးရဲ့ အစ်ကိုကို ရောင်းစေချင်ခဲ့တာ။"
လင်းချောင်က အမည်မသိစာသည် ယဲ့မင်ရှူးနှင့် သက်ဆိုင်သည်ဟု ခန့်မှန်းပြီးသားဖြစ်သောကြောင့် ကျိသော်ကို ကိုင်တွယ်ရန် သတိပေးခဲ့သည်။
ဖော်မြူလာအကြောင်းကိုတော့ သူမ ပထမဆုံးအကြိမ် ကြားရခြင်းဖြစ်၏။ ကျိသော်၏ အာရုံစိုက်နေသည့် မျက်လုံးများကို မော့ကြည့်လိုက်မိရာ သူမ ရုတ်တရက် တစ်ခုခုကို သဘောပေါက်မိလိုက်သည်။
သူမ ကွာရှင်းရန် ပြောခဲ့သည့်နေ့ကစပြီး သူတို့၏ စကားပြောဆိုမှုများသည် မကောင်းသည့် အဆုံးသတ်များသာ ရှိခဲ့ပြီး လင်းချောင်က စကားပြောရန် ငြင်းဆိုခဲ့သည်။ ကျိသော်က သူမ ဦးလေးငယ်ကိစ္စကို စိတ်ဝင်စားနေသည်ကို အခွင့်ကောင်းယူကာ သူ အခွင့်အရေးမရခဲ့သည့် အရာအားလုံးကို ပြောလိုက်ခြင်းပင်။
"ကိုယ်က အစ်ကိုကြီးနဲ့ မရီးကို ခွဲထားဖို့ အကြံပြုခဲ့တာ။ ဒါမှ သူ လျှို့ဝှက်ကြံစည်ဖို့အတွက် အားကိုးစရာ ဘယ်သူမှ မရှိတော့မှာ။ အဖေကလည်း သဘောတူခဲ့တယ်။"