အခန်း (၁၁၅)
Vol. 10 Ch. 115
သူက အသံကိုနှိမ့်လိုက်ပြီး ပြောခဲ့သည်။ "အဖေ့မှာ ဆွေမျိုးအများကြီး မကျန်တော့ဘူး၊ ကိုယ်နဲ့ အစ်ကိုကြီးပဲ ရှိတယ်။ သူက အမြဲတမ်း မိသားစုကို သဟဇာတဖြစ်နေဖို့ မျှော်လင့်တဲ့သူမျိုးလေ။ ဒါကြောင့် သူ ခဏခဏ အရာအားလုံးကို ပြေလည်အောင် ကြိုးစားခဲ့တယ်။ ဒါပေမဲ့ မင်းသာ တကယ်ပဲ မတရားခံနေရမယ်ဆိုရင် မိသားစုက လျစ်လျူရှုထားမှာ မဟုတ်ဘူး။ အချို့ကိစ္စတွေကို ကောင်းကောင်းမွန်မွန် မကိုင်တွယ်နိုင်ခဲ့ဘူးဆိုပေးမဲ့ မိသားစုက မင်းကို ဘယ်တော့မှ အပြင်လူအဖြစ် သဘောထားဖို့ မရည်ရွယ်ခဲ့ပါဘူး။"
လင်းချောင် ဒါကို ယုံကြည်ခဲ့သည်။
အကယ်၍ အဘိုးကျိကသာ သူမအား အပြင်လူအဖြစ် တကယ် သဘောထားချင်ပါက သူ၏ သားအငယ်ကို သူမနှင့် လက်ထပ်ခွင့် ပေးခဲ့မည် မဟုတ်ပေ။
အကယ်၍ သူမသည် ထိုအဖြစ်အပျက်တွင် ပါဝင်ခဲ့ပြီး ယဲ့မင်ရှူးသည်သာ သားကောင်ဖြစ်ခဲ့ပါက အဘိုးကျိသည် အခြေအနေများကို ပြေလည်စေရန် ကြိုးစားနေဦးမည်ဖြစ်ပြီး ယဲ့မင်ရှူးထံမှလည်း ဖုံးကွယ်ထားခဲ့လိမ့်မည်။
ကျိသော်သည်လည်း အတူတူပင်။ သူက သူမနှင့် မိသားစုကိစ္စများ ဆွေးနွေးရသည်ကို မကြိုက်သလို သူတို့နှစ်ဦးကြားက ပြဿနာများကိုလည်း မိသားစုနှင့် ဘယ်တော့မှ မပြောခဲ့ဖူးပေ။
သို့သော် သူမ စကားမပြောချင်ကြောင်း ကျိသော် သတိထားမိနေသောကြောင့် သူ ရုတ်တရက် မေးလိုက်၏။ "ကိုယ်က တကယ်ပဲ မင်းကို စိတ်ပျက်သွားအောင် လုပ်ခဲ့မိတာလား။"
သူတို့ တွေ့ဆုံခဲ့သည့်နေ့မှစ၍ ကျိသော်သည် အမြဲတမ်းလိုလို တည်ငြိမ်၊ ရင့်ကျက်၊ စိတ်ချရသူတစ်ဦးအဖြစ် အရာအားလုံးကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သူဖြစ်သည်။
လင်းချောင်သည် ထိုသူ၏ သူ့ကိုယ်သူ သံသယဝင်နေသည့် အမူအရာကို ပထမဆုံးအကြိမ် မြင်လိုက်ရခြင်းဖြစ်သည်။ သို့သော် သူက ဆက်ပြောလိုက်၏။
"ကိုယ်က မင်းအတွက် ဆိုဒါ ဝယ်ပေးရမယ် ဆိုတာမျိုးကိုလည်း မသိခဲ့ဘူး၊ မင်းကို ရုပ်ရှင် ဘယ်လိုခေါ်သွားရမလဲ ဆိုတာကိုလည်းစ မသိခဲ့ဘူး၊ မင်းနဲ့ စကားပြောတာကလည်း လက်အောက်ငယ်သားကို အမိန့်ပေးနေသလိုပဲ၊ ပြီးတော့ ကိုယ်တို့ရဲ့ အိမ်ထောင်ရေးတောင် ဖုံးကွယ်မှုနဲ့ စတင်ခဲ့တာ။ ဒါပေမဲ့ ကိုယ်ကတော့ မင်းကိုယ့်ကို ပိုပြီး မှီခိုနေစေချင်သေးတယ်။"
ကျိသော် ခေတ္တရပ်တန့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။ "ချောင်ချောင်၊ ကိုယ် မသိတဲ့အရာတွေကို သင်ယူလို့ ရပါတယ်။ ကိုယ် တစ်ခုခု မှားနေတယ်လို့ မင်းထင်ရင်လည်း ကိုယ့်စကို ပြောလို့ရပါတယ်။ ကွာရှင်းတာကိုတော့ မလုပ်ဘဲ နေလို့ မရဘူးလား။"
ဟုတ်သည်၊ သူသည် မသိသေးသောအရာအားလုံးကို သင်ယူနေခဲ့သည်—သူမအတွက် ဆိုဒါဝယ်ခြင်း၊ သူမကို ရုပ်ရှင်ခေါ်သွားခြင်း။ သူ အရင်က ဘာမှ ထုတ်မပြောခဲ့သော်လည်း အခုတော့ အပြင်ထွက်သည့်အခါ အရာအားလုံးကို ရှင်းပြပြီး သူမအတွက် အားလုံးကို စီစဉ်ပေးတတ်သည်။
သို့သော် သူမက ဘာလို့ ဒေါသထွက်နေရသည်လဲ။
သူမသည် ရွှံ့နွံထဲမှ လွတ်မြောက်နိုင်ရန်အတွက် သူ့ကို လက်ထပ်ခဲ့ခြင်းဖြစ်ပြီး၊ အချိန်မရွေး သူ့ဘက်မှ ကွာရှင်းမည့်စကား ပြောလာမလားဆိုသည်ကိုပါ စောင့်နေခဲ့သူဖြစ်သည်။
သူမသည် ဒီအိမ်ထောင်ရေးကို သူ့လောက်တောင် အလေးအနက် မထားခဲ့ပေ။ ဒီလိုဖြစ်နေသည်ကို သူ သူမထံမှ ကိစ္စများကို ဖုံးကွယ်ထားသည့်အတွက် ဘာလို့ ဒေါသထွက်နေရသည်လဲ။
လင်းချောင်၏ အကြည့်သည် ပြတင်းပေါက်ဆီသို့ ရောက်သွားပြီ ပြောလိုက်၏။ "ဒီကိစ္စတွေ မဖြစ်ခင်က ကျွန်မ ရှင်နဲ့အတူ ကောင်းကောင်းမွန်မွန် နေထိုင်သွားဖို့ စဉ်းစားခဲ့ဖူးတယ်ဆိုတာ ရှင်သိလား။"
ကျိသော်၏ မျက်လုံးများ ပြူးကျယ်သွား၏။
လင်းချောင်၏ အသံသည် အပြင်ဘက်မှလေသံထက်ပင် ပို၍ ပျော့ပျောင်းနေခဲ့သည်။
"အဲ့ဒါက ကျွန်မ ရှင့်ကို ကွာရှင်းတဲ့ကိစ္စအပေါ် ဘယ်လိုထင်လဲလို့ မေးခဲ့တဲ့အချိန်ကပဲ။"
ကျိသော်သည် အရပ်ရှည်သည်၊ ရုပ်လည်းချောသလို အောင်မြင်သူတစ်ဦးဖြစ်သည်။ တည်ငြိမ်သလို ယုံကြည်စိတ်ချရပြီး သန့်သန့်ရှင်းရှင်း နေထိုင်တတ်သူဖြစ်သည်။ အိမ်မှုကိစ္စများကိုလည်း လုပ်နိုင်သည်။
သူ့တွင် ရှေးရိုးစွဲဆန်သော၊ အိမ်ထောင်ဦးစီးဆန်သည့် သဘောထား အနည်းငယ်ရှိသော်လည်း သူမ လုပ်သည့် မည်သည့်အရာကိုမျှ ဝင်ရောက် စွက်ဖက်ခြင်းမျိုး မရှိပေ။ သူသည် သူမကို မကြာခဏ ထောက်ပံ့ပေးပြီး၊ သူမအတွက် အခိုင်မာဆုံးသော နောက်ခံတစ်ခုပါ ဖြစ်ပေးခဲ့သည် — ဤသည်မှာ သူမကို ယခင်က ဘယ်သူကမှ မပေးဖူးသော အရာတစ်ခုဖြစ်သည်။
လင်းချောင်သည် နှလုံးသားကင်းမဲ့သူ မဟုတ်ပေ။ သူသည် သူမအပေါ် ခံစားချက်ရှိနေပြီး ပြောင်းလဲနိုင်ရန် ကြိုးစားနေကြောင်း သတိထားမိသောအခါ သူမသည် ဒီအတိုင်း ဆက်သွားရန်သာ စဉ်းစားခဲ့သည်။
သူက မူလ ဇာတ်လိုက်အမျိုးသား ဖြစ်နေရင်ရော ဘာဖြစ်လဲ။
သူမသည် သူ့ကို လက်ထပ်ခဲ့ပြီးပြီဖြစ်သလို သူနှင့်လည်း အိပ်ခဲ့ဖူးပြီး၊ သူ့တွင်လည်း သူမအပေါ် ခံစားချက်များ ရှိနေပြီဖြစ်သည်။ သူမ ရင်းနှီးကျွမ်းဝင်နေသည့်အရာကို ဘာလို့ တခြားသူကို ပေးပစ်ရမည်လဲ။
ဒါကြောင့် သူမသည် ကွာရှင်းခြင်းအပေါ် သူ၏ အမြင်များကို မေးမြန်းခဲ့ခြင်းဖြစ်ပြီး၊ သူ ကွာရှင်းရန် စီစဉ်ခြင်းမရှိပါက ဒီအတိုင်း ဆက်သွား၍ရသည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။ တစ်ခါတရံတွင် ရှေးဆန်သော အမျိုးသားများသည် ရယ်စရာကောင်းနေတတ်သည်။သို့သော် နောက်ပိုင်းတွင်တော့ သူနှင့် သူ၏မိသားစုက သူမထံမှ ကိစ္စများစွာများကို ဖုံးကွယ်ထားခဲ့သည့် ကိစ္စသည် သူမအပေါ်သို့ ရေအေးပုံးတစ်ပုံး လောင်းချလိုက်သလိုမျိုး ထွက်ပေါ်လာခဲ့သည်။
လင်းချောင်သည် သူမအား အလေးအနက် မထားမှုအတွက် ဒေါသထွက်ခဲ့မိသည်သာမက သူမ၏ သတိမရှိခဲ့မှုအတွက်လည်း ဒေါသထွက်မိခဲ့သည်။
ပြတင်းပေါက်အပြင်ဘက်တွင် မေပယ် အပင်အိုတစ်ပင်၌ အညွန့်သစ်များ ထွက်လာနေခဲ့သည်။ သေသေချာချာ ကြည့်လိုက်သောအခါ ရင်းနှီးနေသည်ဟုပင် ထင်ခဲ့ရ၏။ ဧပြီလတွင် သူမ ကျိသော်နှင့်အတူ ဆေးရုံသို့ ပထမဆုံးအကြိမ်အဖြစ် လာရောက်ခဲ့စဉ်က ဤလှေကားထစ်ဘေးရှိ ပြတင်းပေါနားက်တွင် ရှိနေခဲ့သော ထိုအပင်နှင့် အတူတူပင်။
ထိုအချိန်က သူတို့သည် တစ်ဦးနှင့်တစ်ဦး အကြောင်းသိအောင် စမ်းသပ်နေခဲ့သည့် လူစိမ်းများ ဖြစ်နေသေးသော်လည်း အခုတွင်တော့ သူတို့က ကွာရှင်းသင့်၊ မသင့်ကို ဆွေးနွေးနေခဲ့ကြလေပြီ။
လင်းချောင် သူမ၏ အဝတ်အစားများကို ပိုမိုတင်းကျပ်စွာ ဆွဲလိုက်သည်။ "နည်းနည်း ချမ်းတယ်။ ပြန်ကြရအောင်။"
သူမ လှည့်ထွက်တော့မည့်အချိန်တွင် ကိုယ်ခန္ဓာ၏ အပူဓာတ်ဖြင့် နွေးထွေးနေဆဲဖြစ်သော ဂျာကင်တစ်ထည်သည် သူမ၏ ပခုံးပေါ်သို့ ရောက်ရှိလာခဲ့ပြီးနောက် ထိုသူ၏ ရင်ဘတ်မှ နွေးထွေးမှုကပါ လိုက်ပါလာခဲ့သည်။
ပြတင်းပေါက်မှန်တွင် အရပ်ရှည်သူတစ်ဦးနှင့် အရပ်ပုသူတစ်ဦးတို့၏ ပုံရိပ်နှစ်ခု ပေါ်နေခဲ့သည်။ လင်းချောင်က မှန်ကို ကြည့်နေသော်လည်း ထိုသူကတော့ သူမကိုသာ ကြည့်နေခဲ့သည်။
ထိုသူ၏ မျက်လုံးထဲရှိ အမူအရာကို မမြင်နိုင်လောက်အောင်အထိ မှန်၏ရောင်ပြန်ဟပ်မှုက ဝါးနေခဲ့သော်လည်း သူမကတော့ သူ၏ တိုးတိတ်၊ အက်ရှနေသော အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
"ကိုယ် တောင်းပန်ပါတယ်။"
အခြားသော ခြေသံများ ချဉ်းကပ်လာသည်အထိ ဘယ်သူကမှ စကားစမပြောခဲ့ကြပေ။ ကျိသော်သည် သူမ ဝတ်ထားသည့် ဂျာကင်အင်္ကျီကို ကြယ်သီးတပ်ပေးလိုက်ပြီး သူမ၏လက်ကို ဆုပ်ကိုင်ကာ အခြားသူများ၏ အကြည့်များကို လျစ်လျူရှု၍ လှေကားမှ ဆင်းသွားခဲ့သည်။
နောက်တစ်နေ့တွင်တော့ ကျိဇယ် စက်ရုံရုံးခန်းထဲတွင် ရှိနေတုန်း လင်းချောင်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။
"ကျွန်မတို့ ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စကို ဆွေးနွေးလို့ရပါတယ်။ ဒါပေမဲ့ စာချုပ်ထဲမှာ အခြေအနေနှစ်ခုကို ထပ်ထည့်ချင်တယ်။ ပထမအချက်က ရှင်ကလွဲပြီး ရှင့်ရဲ့ ဆွေမျိုးသားချင်း တစ်ဦးတစ်ယောက်ကိုမှ စက်ရုံရဲ့ စီမံခန့်ခွဲမှုမှာ ပါဝင်ခွင့်မပြုနိုင်ဘူး။ ဒုတိယအချက်က စက်ရုံဘက်က ရန်ပုံငွေတွေ လက်ခံလိုတယ်ဆိုရင် ကျွန်မရဲ့ သဘောတူညီချက်ကို အရင် ရယူရမယ်။ မဟုတ်ဘူးဆိုရင် ကျွန်မက ဖော်မြူလာကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်မှာဖြစ်ပြီး ရှင်တို့ဘက်က ဆက်အသုံးပြုနေခဲ့မယ်ဆိုရင် ဥပဒေအရ အရေးယူဖို့ ဆက်လုပ်သွားမှာပါ။"
......
"အဒေါ်က ကျွန်တော်တို့အတွက် နာမည်ကောင်းတစ်ခုကို ဖန်တီးပေးခဲ့ပြီးပြီ။ ဒီအရောင်းမြှင့်တင်ရေးအတွက် ကျွန်တော်တို့မှာ ယုံကြည်မှုရှိနေရဲ့လား။"
ကျိဇယ်က လူစည်ကားသည့် စက်ရုံတံခါးဝရှေ့တွင် အသံကျယ်ကျယ်နှင့် မေးလိုက်သည်။
သူ့ရှေ့တွင်တော့ တွန်းလှည်းများကိုပြန် ပြုပြင်ထားသည့် သုံးဘီးဆိုင်ကယ် ၁၂ စီးလောက် တန်းစီထားပြီး အရောင်းဝန်ထမ်းတွေအားလုံးကလည်း ယူနီဖောင်းအသစ်များဝတ်ထားကာ တစ်ပြိုင်နက်တည်း ပြန်ဖြေလိုက်ကြသည်။
"ရှိပါတယ်!"
အော်ပြီးနောက် ကျိဇယ်နှင့် အစကတည်းက အတူရှိခဲ့သော ဝန်ထမ်းဟောင်းတစ်ယောက်က မနေနိုင်ဘဲ ရယ်မောပြီး မေးလိုက်သည်။
"သူဌေးက အဲ့ဒီလူကြီးတစ်ယောက်နဲ့ ကျွန်တော်တို့ကို ဘယ်တော့မှ တွေ့ခွင့်ပေးမှာလဲ။ ကျွန်တော်တို့အားလုံးက သိချင်နေကြတာ။"
ဒီလူက ပစ္စည်းများကို ပခုံးပေါ်ထမ်းပြီး ရောင်းခဲ့ရချိန်ကတည်းက ကျိဇယ်နှင့် အတူရှိခဲ့သူဖြစ်သည်။ သူက အသက်သုံးဆယ်ကျော်ဖြစ်သော်လည်း လင်းချောင်ကို လူကြီးဟု သုံးနှုန်းနေ၏။
ကျိဇယ်နှင့် လင်းချောင်တို့ ဆွေမျိုးတော်စပ်ကြောင်း မကြာသေးမီကမှ သိလိုက်ရသော ချန်ကျောက်နန်ကတော့ တစ်ချက်ဝေ့ကြည့်လိုက်သော်လည်း ဘာမှဝင်မပြောခဲ့ပေ။
ကျိဇယ်လည်း ပြောစရာ ပျောက်သွား၏။ "စက်ရုံအသစ်ဆောက်ပြီးသွားရင် အဒေါ့်ကို လာကြည့်ဖို့ ဖိတ်လိုက်ပါ့မယ်။"
သူက လက်ဝှေ့ယမ်းပြီး ပြောလိုက်၏။ "ထွက်ကြတော့! ခင်ဗျားတို့ဆီက ကြားရမဲ့ သတင်းကောင်းကို ကျွန်တော် ဒီကနေ စောင့်နေမယ်။"
"ဟုတ်ကဲ့!"
အားလုံးက တစ်ပြိုင်နက်တည်း ပြန်ဖြေလိုက်ပြီး သူတို့၏ သုံးဘီးဆိုင်ကယ်များနှင့် ထွက်ခွာသွားကြ၏။ ထိုအထဲတွင် ကိုယ်လုံးကိုယ်ပေါက် သေးငယ်သော ချန်ကျောက်နန်လည်း ပါဝင်ပြီး တခြားသူများကဲ့သို့ပဲ လျင်လျင်မြန်မြန် မောင်းနှင်သွားခဲ့သည်။ သူမက အလုပ်ကြိုးစားပြီး ထက်မြက်သည်။ ထိုလုံခြုံရေးအစောင့် လာနှင်ထုတ်သည့်နေ့က ဆိုးဆေးစက်ရုံတွင် ဆီစွန်းချွတ်ဆေးများ လိုအပ်နေကြောင်းကို သူမက ကျိဇယ်ကို ပြောပြခဲ့သည်။
ကျိဇယ် ထ်ိုအချိန်က ဆေးရုံမှ ထွက်လာလို့ မရသေးသော်လည်း သူမ၏အရည်အချင်းက်ို သိရှိပြီးနောက်မှာတော့ သူမကို အရောင်းဌာနသို့ ချက်ချင်း ရာထူးတိုးပေးခဲ့ပြီး အမျိုးသမီးအရောင်းဝန်ထမ်း အနည်းငယ်ထဲမှ တစ်ဦးဖြစ်လာစေခဲ့သည်။ သူမတွင် လေယူလေသိမ်းအခက်အခဲ ရှိနေဆဲဖြစ်သည့်တိုင် သူမ၏ သတ္တိကတော့ ခိုင်မာပြီး ရောင်းအားကို တည်တည်ငြိမ်ငြိမ် တိုးလာအောင်လည်း လုပ်နိုင်ခဲ့သည်။
ဒီတစ်ကြိမ်တွင်လည်း သူမက ထိုဆိုးဆေးစက်ရုံကို သွားခဲ့ခြင်းဖြစ်၏။ ခပ်လှမ်းလှမ်းမှ ရင်းနှီးသည့် သုံးဘီးဆိုင်ကယ်နှင့် အနီရောင်အင်္ကျီကိုမြင်တော့ လုံခြုံရေးအစောင့်က ဂိတ်စောင့်ခန်းထဲမှ ခေါင်းထွက်လာပြီး မေးလိုက်သည်။
"ဘာလို့ ထပ်လာပြန်တာလဲ။"
"ဒီတစ်ခါက အလုပ်ချိန်အတွင်း လာတာပါ၊ ရှင်တို့ရဲ့ တံခါးဝကို ပိတ်ဆို့ဖို့လာတာ မဟုတ်ပါဘူး။"
ယောက္ခမအိမ်တွင် အထင်အမြင်သေးမှုတွေ၊ ရိုက်နှက်မှုများကို ခံခဲ့ရသည့် ချန်ကျောက်နန်အတွက်တော့ ယန်ဒူတွင် နေထိုင်ခဲ့သည့် လွန်ခဲ့သော ခြောက်လတာအချိန်သည် လူလေးစားမှုအခံခဲ့ရဆုံး ကာလဖြစ်ခဲ့သည်။ သူမက ပြုံးပြီး သူမ၏ သုံးဘီးဆိုင်ကယ်ကို ရပ်လိုက်ကာ ပြတင်းပေါက်မှနေ၍ စီးကရက်နှစ်ဘူးကို ကမ်းပေးလိုက်၏။
"အရင်တုန်းက ကျွန်မကို သတိပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။"
လုံခြုံရေးအစောင့်ကတော့ ယခင်ဖြစ်ရပ်ကို မေ့သွားခဲ့ပြီဖြစ်ပြီး စီးကရက်ဘူးများကို မြင်တော့ အံ့အားသင့်သွားကာ ပြန်တွန်းပေးရန် ကြိုးစားလိုက်သည်။
ချန်ကျောက်နန်က ပြတင်းပေါက်ဘေးမှ ထွက်သွားပြီး သူမ၏ သုံးဘီးဆိုင်ကယ်ပေါ်က ပစ္စည်းများကို ပုတ်ပြလိုက်သည်။
"ဒါက ကျွန်မတို့ စက်ရုံက အသစ်ထုတ်တဲ့ ဆီစွန်းချွတ်ဆေးပါ၊ ဒီတစ်လောမှာပဲ တီထွင်ဖန်တီးမှုပြပွဲမှာ ရွှေတံဆိပ်ဆု ရရှိခဲ့ပါသေးတယ်။"
လုံခြုံရေးအစောင့်က ပြပွဲအကြောင်း နားမလည်သော်လည်း ဆီစွန်းချွတ်ဆေးအကြောင်းကိုတော့ သိနေ၏။
"မင်းတို့ တကယ်ပဲ ဆပ်ပြာရည်တွေကို သုတေသနလုပ်ဖို့ ပြန်သွားခဲ့တာလား။"
ချန်ကျောက်နန်က ခေါင်းညိတ်ပြလိုက်သည်။ "ရှင်တို့ စက်ရုံကို အကြောင်းကြားပေးပါဦး။"
ဆပ်ပြာရည်အမျိုးအစားအသစ်ကို အရောင်းမြှင့်တင်ရန်လာသူကို ဘယ်လိုပဲဖြစ်ဖြစ် စက်ရုံဘက်သို့ အကြောင်းကြားပေးရမည်ဖြစ်ပြီး သူမကလည်း သူ့အတွက် စဉ်းစားပေးကာ စီးကရက်များ ယူလာပေးခဲ့သောကြောင့် သူက အတွင်းဘက်ကို ချက်ချင်း ဖုန်းခေါ်ပေးလိုက်သည်။ မကြာခင်မှာပဲ ထောက်ပံ့ရေးဌာနက လူတစ်ယောက် ထွက်လာပြီး ချန်ကျောက်နန်ကို စက်ရုံထဲသို့ ခေါ်သွားလိုက်သည်။
တီထွင်ဖန်တီးမှု ပြပွဲမှ ရလာသော ရွှေတံဆိပ်ဆုသည် အရောင်းမြှင့်တင်ရန်အတွက် အကောင်းဆုံးအချက်တစ်ခုဖြစ်သည်။ ချန်ကျောက်နန်က သူတို့ စမ်းသပ်ရန်အတွက် အိတ်သေးသေးလေးတစ်လုံးကိုလည်း ယူလာခဲ့သေး၏။
"ကျွန်မတို့ သူဌေးက ဒီဆီစွန်းချွတ်ဆေးက အလုပ်မဖြစ်ဘူးဆိုရင် ရှင်တို့ရဲ့ ဆုံးရှုံးမှုတွေကို လျော်ကြေးပေးမယ်လို့ပါ ပြောခဲ့ပါသေးတယ်။"
ဒီကတိက အရဲစွန့်ရာ ရောက်လွန်းနေသည်။ စက်ရုံက အခုလေးတင် အဝတ်အထည်တစ်သုတ် ဆိုးဆေးဆိုးထားခဲ့ပြီး သန့်ရှင်းရေးလုပ်ရန် လိုအပ်နေသောကြောင့် ထောက်ပံ့ရေးဌာနက သူမတ်ို့၏ ထုတ်ကုန်ကို ပို့ပေးကာ စမ်းသပ်ခဲ့သည်။
ထိုနေ့မှာပဲ ချန်ကျောက်နန်က ဆီစွန်းချွတ်ဆေးများကို ပို့ဆောင်ပေးခဲ့ပြီး ဆိုးဆေးစက်ရုံဘက်မှ ရေရှည် ပံ့ပိုးမှုအတွက် အော်ဒါတစ်ခုကိုပါ ရယူခဲ့ကာ သူမ၏ သုံးဘီးဆိုင်ကယ် အလွတ်နှင့်အတူ ပြန်လာခဲ့လိုက်သည်။
အခြားအရောင်းဝန်ထမ်းများလည်း အောင်မြင်မှုများ ရရှိခဲကြသည်။ သူတို့က ထုတ်ကုန်များကို မပို့ဆောင်နိုင်ခဲ့လျှင်တောင် နမူနာများကိုတော့ ထားခဲ့နိုင်ကြပြီး စက်ရုံများ၏ ဆက်သွယ်ရမည့် အချက်အလက်များကို ယူဆောင်နိုင်ခဲ့ကြသည်။
ရက်အနည်းငယ်အတွင်းတွင်ပဲ ထိုစက်ရုံများမှ နောက်ထပ် အော်ဒါများစွာကို ရရှိခဲ့ပြီး ယန်ဒူရှိ ဆိုးဆေးစက်ရုံများ၏ သုံးပုံတစ်ပုံကို သိမ်းသွင်းနိုင်ခဲ့သည်။
ကျန်ရှိနေသည့် စက်ရုံများကတော့ လက်ရှိ ပေးသွင်းနေသူများနှင့် သဘောတူညီချက် ရှိထားပြီးသား ဒါမှမဟုတ် သူတို့ သဘောမတူနိုင်လောက်အောင် များပြားသည့် လျှော့စျေးများကို တောင်းဆိုခဲ့သူများဖြစ်ကြသည်။ ထုတ်လုပ်နိုင်စွမ်း အကန့်အသတ်ရှိသည့် စက်ရုံအသစ်ဖြစ်သောကြောင့် ဒီသုံးပုံတစ်ပုံသောစက်ရုံများကတောင် သူတို့အတွက် လုံလောက်နေပြီဖြစ်ပြီး ရရှိသည့်အမြတ်က ဆပ်ပြာရည်ထက်ပင် ပိုများနေခဲ့သည်။
အရောင်းဌာနဘက်မှ အကြီးတန်းဝန်ထမ်းအချို့က ငွေပေးချေရန် လာခဲ့ရင်း မနေနိုင်ဘဲ ပြောခဲ့ကြ၏။
"ဒီဖော်မြူလာ နှစ်ခုက တကယ်ပဲ အကျိုးအမြတ်များတယ်။ သူဌေးရဲ့ ဦးလေးက လူတော်တစ်ယောက်နဲ့ လက်ထပ်ခဲ့တာပဲ။"
သူဌေး၏ ဦးလေးက လူတော်တစ်ယောက်နှင့် လက်ထပ်ခဲ့သည်တဲ့လား။ ချန်ကျောက်နန်က အရပ်ရှည်ပြီး မျက်နှာထားတင်းတင်းနှင့် လူငယ်အရာရှိ၏ပုံစံကို သတိရသွားခဲ့ပြီး ဘာမှ မပြောနိုင်တော့ပေ။
ထိုစကားကို ကြားပြီးသည့်နောက် ကျိဇယ်သည် ခဏတာ အတွေးထဲ နစ်မြောသွားခဲ့သော်လည်း မကြာမီမှာပဲ ပုံမှန်အမူအရာ ပြန်ဖြစ်လာကာ ပြုံးလိုက်သည်။
"ကျွန်တော့် ဦးလေးရှေ့မှာသာ အဲ့ဒီစကားကို သတ္တိရှိရှိပြောရဲတယ်ဆိုရင် ခင်ဗျားကို စစ်မှန်တဲ့ ယောက်ျားကောင်းတစ်ယောက်အဖြစ် ကျွန်တော်လေးစားမိမှာပဲ။"
ကျိဇယ်နှင့် စာချုပ်ချုပ်ဆိုပြီးနောက် လင်ချောင်းသည် ဆီစွန်းချွတ်ဆေးနှင့် ပတ်သတ်သည့် နောက်ထပ် စုံစမ်းမေးမြန်းမှုများကို လက်မခံခဲ့တော့ပေ။
သူမ ကျိဇယ်ကို ရွေးချယ်ရသည့် အကြောင်းအရင်းမှာ သူက ခွဲဝေမှု ပမာဏ ပို၍များများပေးခြင်း၊ စာရင်းအင်းတွက်ချက်မှု သန့်ရှင်းခြင်းနှင့် စက်ရုံကို အသင့်တည်ထောင်ပြီးသား ဖြစ်နေခြင်းတို့ကြောင့် ဖြစ်သည်။
မမျှော်လင့်ထားဘဲ၊ သူမ အရင်တစ်ခါက တွေ့ဆုံခဲ့ဖူးသော နိုင်ငံပိုင် စက်ရုံက သူမထံ ထပ်မံဖုန်းခေါ်လာပြီး သူမ၏ ဆုံးဖြတ်ချက်ကို မေးမြန်းလာပြန်သည်။ သူတို့သည် ယခင်ထက် ပို၍ စိတ်ပူပန်နေပြီး ဖော်မြူလာကို သူမထံမှ ဝယ်ယူရန် စိတ်အားထက်သန်နေသည်မှာ ထင်ရှားသော်လည်း သူတို့၏ ရပ်တည်ချက်ကိုတော့ မလျှော့ချနိုင်သေးဘဲ အလွန်နည်းသော ခွဲဝေမှုပမာဏကိုသာ ကမ်းလှမ်းနေဆဲဖြစ်သည်။
လင်းချောင်က ပြုံးပြီး သူမ အခြားသူများကို ပြောခဲ့သည့် စကားများအတိုင်း ပြန်ပြောလိုက်၏။ "တောင်းပန်ပါတယ်၊ ဖော်မြူလာကို ရောင်းပြီးသွားပါပြီ။ အခွင့်အရေးရှိဦးမယ်ဆိုရင် နောက်တစ်ကြိမ်မှပဲ ပူးပေါင်းဆောင်ရွက်ကြတာပေါ့။"
"ရောင်းပြီးပြီလား။" တစ်ဖက်လူက သိသိသာသာ အံ့အားသင့်သွားတော့၏။