အခန်း (၁၁၆)
Vol. 10 Ch. 116
သူ ထပ်မပြောရသေးခင်မှာပင် စက်ရုံက တစ်ယောက်က သူ့ကို လာရှာပြီး မေးလိုက်သည်။
"ဖော်မြူလာကို ရောင်းလိုက်ပြီလား။"
စက်ရုံက မြန်မြန်သိသွားကာ စိုးရိမ်စိတ်ဝင်လာတော့သည်။
သူ့ကို လာရှာသည့် စက်ရုံခေါင်းဆောင်က ပြောလိုက်၏။
"ယန်ဒူက ဆိုးဆေးစက်ရုံ နံပါတ်သုံးနဲ့ နံပါတ်ကိုးတို့က ကျွန်တော်တို့ဆီက မှာယူတာကို ရပ်လိုက်ပြီ။ နံပါတ်ခုနစ်ကတော့ ဆက်ပြီး မှာယူချင်ပေမဲ့ လျှော့စျေးကို နောက်ထပ် ၁၀% တိုးပေးဖို့ တောင်းဆိုတယ်။"
"အခု ပေးနေတဲ့ လျှော့စျေးက တော်တော် မြင့်နေပြီ၊ သူတို့က ပိုလိုချင်သေးတာလား။" သူ မျက်မှောင်ကြုတ်မိလိုက်သည်။
"ဒါဆို ခင်ဗျား ဘာတွေ ဆွေးနွေးခဲ့တာလဲ။ ဒီဆီစွန်းချွတ်ဆေးအသစ်က သုံးစွဲရတဲ့ ပမာဏ နည်းတယ်၊ အချိန်ကုန်သက်သာတယ်၊ ကုန်ကျစရိတ်ကလည်း အတူတူလောက်ပဲ။ ဘယ်သူက မဝယ်ချင်ဘဲ နေမှာလဲ။"
မုဇီဓာတုဗေဒစက်ရုံက ဆီစွန်းချွတ်ဆေးကို ယန်ဒူမှာ အပြည့်အဝ ရောင်းချလာနိုင်သည့်အခါ အခြားသူများ လင်းချောကို လာမဆက်သွယ်တော့ပေ။ ကတိအတိုင်း လင်းချောင်က ရုံးက လုပ်ဖော်ကိုင်ဖက်များကို ဧည့်ခံရန်အတွက် ပစ္စည်း အများကြီး ဝယ်ခဲ့သည်။
တကယ်ကို များသည်။ တျောင်ရှန်းချွမ်က မုန့်မျိုးစုံ၊ အစေ့အဆံခြောက်တွေ၊ မြေပဲများ၊ သစ်ကြားသီးများနှင့် အခြားမုန့်များ အများကြီး ပါဝင်သည်။ အားလုံးကို စက္ကူအိတ်များထဲ ထည့်ပြီး တစ်ပေခွဲကျော်လောက်ရှိသော စက္ကူပုံးကြီးထဲ ထည့်ထားခဲ့သည်။ ကားပေါ်မှ ချသည့်အခါ လင်းချောင်က သူကိုယ်တိုင် သယ်ချင်သော်လည်း ကျိသော်က မပေးခဲ့ပေ။
"အလေးကြီးပဲ၊ ကိုယ် ကူသယ်ပေးမယ်။"
ဆေးရုံမှ ပြန်လာသည့်နေ့ကစပြီး သူတို့နှစ်ယောက်၏ ဆက်ဆံရေးက နည်းနည်း အဆင်ပြေလာသော်လည်း မပြောင်းလဲသေးသလိုပင်။
လင်းချောင်က နောက်ထပ် ကွာရှင်းဖို့စကား မပြောတော့သလို သူ့ကိုလည်း တမင် ရှောင်ဖယ်ခြင်းမျိုး မလုပ်တော့ပေ။ သို့သော် ဤဖြစ်ရပ် မပေါ်ပေါက်ခင်ကထက်တော့ ဆက်ဆံရေးကျဲနေ၏။
ကျိသော်လည်း စကားအပိုများ ထပ်မပြောတော့ပေ။ သူက စကားသိပ်မပြောတတ်သူဖြစ်ကာ ထိုညက ဆေးရုံတွင် သုံးရက်စာလောက်ရှိသော စကားလုံးများကို သူပြောခဲ့မိသည်။
ထိုည လင်းချောင် နိုးလာတော့ သူ အပြင်ဘက် လက်ရန်းတွင်မှီကာ စီးကရက် တစ်လိပ်ပြီး တစ်လိပ် သောက်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ပုံစံမှာ ရှားရှားပါးပါး စိတ်ပျက်အားငယ်နေသလိုပင်။ သူမလည်း တိတ်တိတ်လေး ခဏ ကြည့်နေမိပြီး အိပ်လို့မရသည့်တိုင် အသံမပြုခဲ့ပေ။ သူ သောက်ပြီး၍ အထဲပြန်ဝင်တော့မည့်အချိန်တွင် သူမ မျက်လုံးကို မှိတ်ပြီး တစ်ခါမှ မနိုးခဲ့ဖူးသလို ဟန်ဆောင်နေလိုက်၏။
သူက ကုတင်ဘေးမှာ ခဏရပ်နေကာရေနွေးတစ်ခွက်ငှဲ့ပေးပြီးမှ စောင်ကို မ ပြီး ကုတင်ပေါ်တက်လာခဲ့သည်။
တစ်ယောက်ယောက်က သူမကို တစ်ယောက်အိပ်စောင်ထဲကနေ ဆွဲမပြီး နှစ်ယောက်အိပ် စောင်ကြီးထဲ ထည့်ပေးလိုက်ကာ သူ၏ နွေးထွေးသည့် ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်ကို လင်းချောင် ခံစားမိလိုက်သည်။ သူက သူမ၏ ခေါင်းကို ပုတ်ပေးပြီး ဆံပင်ကိုတောင် နမ်းလိုက်သေးသည်။
မနက်ရောက်တော့ သူမဘေးမှ ခုတင်က ဗလာဖြစ်နေပြီး နှစ်ယောက်အိပ်စောင်ကို ဘေးဘက်တွင် သေသေသပ်သပ် ခေါက်ထားကာ သူမကတော့ သူမ၏ တစ်ယောက်အိပ်စောင်ထဲ ပြန်ရောက်နေခဲ့သည်။
သူက သူမ၏ ပစ္စည်းများကို ကူသယ်ပေးချင်နေသည်ကို မြင်တော့ သူမ ဘာမှ မပြောတော့ဘဲ ဂိတ်ဝကို လျှောက်သွားပြီး လုံခြုံရေးရုံးကို အထုပ်အချို့ ပေးလိုက်သည်။
လုံခြုံရေးအစောင့်က သူမက သူ့ကို ပစ္စည်းများ ယူလာပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမက ပြုံးပြီး ပြောလိုက်သည်။
"ဒီရက်ပိုင်း ဖုန်းတွေ အများကြီးလာလို့ ကျွန်မကို ခဏခဏ လာခေါ်ပေးရတယ်မလား။ ဒါတွေက အားတဲ့အခါ သုံးဆောင်ဖို့ပါ။"
"ဒါက ဘာမှ မဟုတ်ပါဘူး။ ဒီလောက်အထိ ပေးစရာ မလိုပါဘူး။" လုံခြုံရေးအစောင့်က ထိုသ်ို့ပြောသော်လည်း သူ့မျက်နှာကတော့ ရိုးသားသည့် အပြုံးကို ပြသနေခဲ့သည်။
ရုံးခန်းကိုရောက်တော့ လုပ်ဖော်ကိုင်ဖက်များက စနောက်ကြတော့သည်။ "စေတနာရှင်ကြီးက ဖော်မြူလာကို ရောင်းနိုင်ခဲ့ပြီလား။"
တချို့က မုန့်များ ယူကြကာ အချို့ကတော့ အဆာပြေစားစရာများကို ယူကြသည်။ အနီးအနားရုံးခန်းမှ ဆရာပိုင်ကပါ အထုပ်တစ်ထုပ် လာယူသွားကာ လင်းချောင်နှင့် ရင်းနှီးမှုကို ပြသလိုက်သည်။
လင်းချောင်သည် အမြဲတမ်း ဤပုံစံအတိုင်းပင်။ သူမ ဘယ်ကိုသွားသွား၊ လူအများက သူမကို အစပိုင်းတွင် မည်သို့ပင် မြင်သည်ဖြစ်စေ၊ အချိန်ကြာလာသည်နှင့်အမျှ လူအချို့မှလွဲ၍ အားလုံးနီးပါးနှင့် အဆင်ပြေပြေ ပေါင်းသင်းနိုင်ခဲ့သည်။
ကျိသော်က ပစ္စည်းများကို တာဝန်ကျေစွာ သယ်ဆောင်လာပြီး၊ တစ်စုံတစ်ယောက်က ရှာမတွေ့နိုင်သော ပစ္စည်းတစ်ခုကို လိုချင်သည်ကို မြင်သောအခါ လှမ်းပေးလိုက်သည်။ ထိုသူက သူ၏ရာထူးနှင့် အလေးအနက်ရှိသော အသွင်အပြင်ကို မြင်ခဲ့စဉ်က သူသည် ပေါင်းသင်းရခက်မည့်သူဖြစ်မည်ဟု ထင်ထားခဲ့မိရာ၊ သူ၏ ဖော်ရွေမှုကို မြင်ပြီး ဝမ်းသာသွားခဲ့ရ၏။
တစ်ယောက်က လင်းချောင်ကို တံတောင်နှင့်တို့၍ တီးတိုးမေးလိုက်သည်။ "အဲ့ဒါ မင်းယောက်ျားလား။"
လင်းချောင် ခေါင်းညိတ်လိုက်၏။ "ဟုတ်ပါတယ်။"
"မင်းက ကံကောင်းတာပဲ။" ထိုသူက မျက်စိမှိတ်ပြလိုက်သည်။
ကျောင်းတွင် အမျိုးသမီး လုပ်ဖော်ကိုင်ဖက် များစွာရှိသော်လည်း၊ မည်သူ၏ ခင်ပွန်းကမှ သူတို့ကို ပစ္စည်းသယ်ရာတွင် တစ်ခါမှ ကူညီခဲ့ဖူးခြင်းမရှိပေ၊ အထူးသဖြင့် စစ်သားများဆိုလျှင် ပို၍ပင်ဆိုးသည်။ ထို့အပြင် ရှောင်လင်း၏ ခင်ပွန်းက တပ်ရင်းမှူးတစ်ဦးလည်း ဖြစ်သေးသည်။
စုံတွဲတစ်တွဲကြားက ကိစ္စများက အပြင်လူများအတွက်တော့ ကြည့်စရာသက်သက်ပင်။ လင်းချောင်က ပြုံးပြီး သေတ္တာထဲက အထုပ်အနည်းငယ်ကို ထုတ်ယူကာ ပြောလိုက်သည်။
"ဒီထဲက တချို့ကို ကျောင်းအုပ်ကြီးကျန့်နဲ့ ဒုကျောင်းအုပ်ကြီးချီကို သွားပေးလိုက်ဦးမယ်။"
အဖွဲ့ခေါင်းဆောင်ကောက ပြောလိုက်သည်။ "သွားလေ။"
သူသည်လည်း သစ်ကြားသီးတစ်ထုပ်ကို စားနေပြီဖြစ်ပြီး မရောက်လာသေးသည့် လုပ်ဖော်ကိုင်ဖက်များအတွက် အထုပ်အနည်းငယ်ကို ချန်ထားပေးခဲ့သည်။
ကျိသော်လည်း ပြန်တော့မည်ဖြစ်၍ နှစ်ဦးသား အတူတူ ထွက်လာခဲ့ကြရာ ဒုကျောင်းအုပ်ကြီးချီနှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခဲ့သည်။ သူက ပြောလာ၏။
"မင်းကို လာရှာမလို့လုပ်နေတာ။ ရှောင်လင်း၊ မင်းရဲ့ ထောက်ခံချက်က ရလဒ်ထွက်လာပြီ။"
ကျိသော် ခဏရပ်သွားပြီး လင်းချောင်ကလည်း မျှော်လင့်တကြီးဖြင့် မေးလိုက်သည်။ "ဘယ်လိုဖြစ်သွားပြီလဲ။"
"ထောက်ခံချက်ကို အတည်ပြုလိုက်ပြီ။" ဒုကျောင်းအုပ်ကြီးချီက ပြုံးပြလိုက်သည်။
"ပြင်ဆင်ထားပါ။ မင်းကို နောက်အပတ် ဗုဒ္ဓဟူးနေ့မှာ အဲ့ဒီမှာ စာမေးပွဲလာဖြေခိုင်းလိမ့်မယ်"
စာမေးပွဲဖြေခွင့်ရခြင်းဆိုသည်မှာ အကယ်၍ သူမသာ အလွန်အမင်း စွမ်းဆောင်ရည် ညံ့ဖျင်းမနေလျှင် ပြဿနာမရှိသည့်ကိစ္စပင်။
လင်းချောင်လည်း ပြုံးလိုက်ရာ သူမ၏မျက်လုံးများက တောက်ပသွား၏။ "ကောင်းကောင်းပြင်ဆင်ထားပါ့မယ်။"
သူမက လက်ထဲမှ ပစ္စည်းများကို အလျင်အမြန် လှမ်းပေးရင်း ပြောလိုက်သည်။ "ဒီနေ့တော့ အားလုံးကို ကျွန်မဧည့်ခံပါ့မယ်။"
သူမ၏အပြုံးသည် အနာဂတ်အတွက် မျှော်လင့်ချက်နှင့် မျှော်လင့်ခြင်းများ ပြည့်နှက်နေသော၊ ဝမ်းနည်းမှုအရိပ်အယောင် လုံးဝမရှိသော စစ်မှန်သည့် အပြုံးဖြစ်သည်။ ၎င်းသည် အတောင်အလက်စုံလင်စွာ ကြီးထွားလာသော ငှက်တစ်ကောင်သည် နောက်ဆုံးတွင် ကောင်းကင်သို့ ပျံသန်းရန် အသင့်ဖြစ်နေသည့်အလားပင်။
ခဏတာလောက်အထိ ကျိသော်သည် သူမ သူ့ထံမှ ပိုမိုဝေးကွာသွားသည့်တိုင် ပိုတောက်ပလာသည်ဟု ခံစားမိလိုက်သည်။
နောက်အပတ် ဗုဒ္ဓဟူးနေ့တွင်တော့ လင်းချောင် သူမ၏ အတန်းများကို သင်ကြားပေးရန် အခြားသူတစ်ဦးကို စီစဉ်ထားခဲ့ပြီး မနက်စောစောကတည်းကပင် ချင်တက္ကသိုလ်သို့ ဘတ်စ်ကားဖြင့် ထွက်ခွာသွားခဲ့သည်။
ဤ ရှေးကျသော ကျောင်းသည် နှစ်တစ်ရာမပြည့်သေးသော်လည်း အချိန်၏ အမှတ်အသားများစွာကိုတော့ ချန်ထားခဲ့သည်။ လင်းချောင်၏ ယခင်ဘဝမှ မိုးမျှော်တိုက်ကြီးများရှိသော ကျောင်းအသစ်များနှင့် နှိုင်းယှဉ်လျှင် ၎င်းတွင် ထူးခြားသော ဆွဲဆောင်မှုတစ်ခုရှိနေခဲ့သည်။
လင်ကျောင်းသည် လမ်းဘေးရှိ အပင်များရှိရာအတိုင်း လျှောက်သွားပြီး ကျောင်းမှပေးထားသော လိပ်စာကို ရှာဖွေကာ တံခါးခေါက်လိုက်သည်။ သူမ၏ ကိုယ်ရေးအချက်အလက်များကို အတည်ပြုပြီးနောက် မလှမ်းမကမ်းရှိ အခြားရုံးခန်းတစ်ခုသို့ ခေါ်ဆောင်ခြင်းခံလိုက်ရသည်။
၎င်းသည် စာရေးဖြေဆိုရမည့် စာမေးပွဲပုံစံမျိုး မဟုတ်လောက်ပေ။ အမှန်တကယ်ပဲ သူမအား အခန်းအလယ်ရှိ ကုလားထိုင်တွင် ထိုင်စောင့်ခိုင်းပြီး မကြာမီတွင် တစ်စုံတစ်ဦးက အခြားသူများကို ခေါ်ရန် ထွက်သွားခဲ့သည်။
မကြာမီ စာမေးပွဲစစ်ဆေးသူ အများအပြား ရောက်ရှိလာကြပြီး အားလုံးသည် အသက်လေးဆယ်နှင့် ငါးဆယ်ကြားရှိသူများ ဖြစ်သည်။ နောက်ဆုံးမှ ဝင်လာသူမှာ ပြပွဲတွင် လင်းချောင်နှင့် တွေ့ဆုံခဲ့ဖူးသည့် ပါမောက္ခ ယန်မောက်ရှန်ဖြစ်သည်။
အခြားသူများကိုလည်း ခန့်မှန်းရန် မခက်ခဲပေ။ ၎င်းသည် ဝင်ခွင့်စာမေးပွဲမဟုတ်ဘဲ လမ်းညွှန်ဆရာများမှ ကျောင်းသာ ရွေးချယ်ခြင်းသာ ဖြစ်နိုင်သည်။
လင်းချောင် ဤအချက်ကို လျင်မြန်စွာ ခန့်မှန်းမိသော်လည်း တည်ငြိမ်အေးဆေးစွာနေခဲ့ပြီး၊ သူတို့ကို ယဉ်ကျေးစွာ နှုတ်ဆက်ကာ အတိုချုပ် ကိုယ်ရေးအကျဉ်းကို မိတ်ဆက်ပေးခဲ့သည်။ ဤအပြုအမူကြောင့် ယန်မောက်ရှန် သူမကို ထပ်မံကြည့်မိသွားပြန်သည်။ ဤပြုံးရွှင်နေသော မိန်းကလေးငယ်သည် သူ့ကို မမှတ်မိခြင်း မဖြစ်နိုင်ဟု သူယုံကြည်၏။ သူ့ကို မှတ်မိခြင်း၊ စစ်ဆေးသူများအကြောင်းကို ခန့်မှန်းမိခြင်း တို့ရှိနေသည့်တိုင် ဤမျှ တည်ငြိမ်စွာ ရှိနေခြင်းကြောင့် သူမ၏ စိတ်နေသဘောထားမှာ အမှန်ပင် အထင်ကြီးစရာကောင်းသည်။
နှစ်ဖက်စလုံး ထိုင်ပြီး ပြောဆိုမေးမြန်းခြင်း စတင်သောအခါ၊ လင်းချောင်၏ အားသာချက်များမှာ သူမ၏ စိတ်နေသဘောထားထက် ပိုသာလွန်ကြောင်း ရှင်းရှင်းလင်းလင်း ဖြစ်လာ၏။ သူမသည် အထက်တန်းကျောင်း ဓာတုဗေဒဆရာမတစ်ဦးဖြစ်ကြောင်း သိထားသောကြောင့် အလွန်နက်နဲသည့်အရာများဖြင့်တော့ စတင်၍မမေးခဲ့ကြပေ။ မေးခွန်းအနည်းငယ် မေးပြီးနောက်မှာတော့ သူမ၏ အဖြေများသည် အလွန်ချောမွေ့နေကာ တက္ကသိုလ်အဆင့်၏ အသိပညာကို အနည်းငယ် ထိမိနေသည်ကို တွေ့လိုက်ရသည်။
မထင်မှတ်ဘဲ၊ ဒုတိယမေးခွန်းကိုပါ တိကျစွာ ဖြေဆိုနိုင်ခဲ့ပြီး အခက်အခဲရှိပုံ မရပေ။ သူမသည် ယခုနှစ်တွင် အသက် ၁၉ နှစ်သာ ရှိသေးသည်ကို ထည့်သွင်းစဉ်းစားပါက ၎င်းသည် အမှန်တကယ် အံ့အားသင့်စရာပင်ဖြစ်သည်။ သူမ၏ အသက်အရွယ်ရှိ လူအများစုသည် တက္ကသိုလ် စတင်တက်နေကြဆဲဖြစ်သည်။
သူမသည် ကျောင်းတွင်လည်း တစ်နှစ်အောက်သာ အလုပ်လုပ်ရသေးသဖြင့် တက္ကသိုလ်အဆင့် အသိပညာများက်ို မသိနေသင့်ပေ။ အကယ်၍သာ သူတို့တွင် လူလိုအပ်နေခြင်းနှင့် သူမ၏ ဆုနှစ်ဆုက အထင်ကြီးစရာကောင်းနေခြင်း မရှိခဲ့ပါက၊ သူမကို တွေ့ဆုံရန်ပင် ဆုံးဖြတ်မိမည်မဟုတ်ပေ။ ၎င်းတို့သည် သူမ၏ မဟာဘွဲ့ ပထမနှစ်တွင် အခြေခံသင်တန်းများ လိုအပ်မည်ဟုပင် ထင်ထားခဲ့ကြသည်။
အသက်အငယ်ဆုံး စစ်ဆေးသူက လင်းချောင်ကို မေးလိုက်သည်။ "တက္ကသိုလ်အဆင့် သင်တန်းတွေကို သီးသန့် လေ့လာခဲ့ဖူးတာလား။"
"ကျောင်းက ကျွန်မကို မဟာဘွဲ့အတွက် တိုက်ရိုက် ထောက်ခံချင်တယ်လို့ ကြားပြီးနောက်မှာတော့ တချို့ကို ကြည့်ရှုလေ့လာခဲ့ပါတယ်။
လင်းချောင်သည် ဤအရာအားလုံးကို သူမ သင်ယူပြီးသားဖြစ်သည်ဟု အတိအကျ ပြောလို့မရနိုင်ပေ။
ထိုစစ်ဆေးသူလည်း ထပ်မပြောတော့ဘဲ အခြားသူတစ်ဦးကို ဆက်မေးခိုင်းလိုက်သည်။
လင်ကျောင်း၏ အဖြေများသည် မမြန်ဆန်သော်လည်း ကျစ်လျစ်ပြီး အဓိကအချက်များကို အမြဲတမ်း ထိမိနေသဖြင့် စကားလုံးတိုင်းကို ကောင်းစွာ စဉ်းစားထားကြောင်း ပြသနေခဲ့သည်။
တစ်စုံတစ်ယောက်က သူမ၏ ကိုယ်ရေးအချက်အလက်များကို လှန်လှောကြည့်ကာ သူမ၏ အကြံပြုချက်များကို မေးမြန်းခဲ့သည်။ သူမကတော့ ပုံမှန်အတိုင်းသာ ပြန်ဖြေလိုက်၏။
"ဒါတွေအားလုံးက ကျွန်မရဲ့ ကိုယ်ပိုင်အတွေးအမြင်အချို့နဲ့ လုပ်ထားတဲ့အလုပ် သက်သက်ပါ။"
သူမတွင် ခိုင်မာသော အခြေခံ၊ အရည်အချင်းနှင့် ရှားပါးသော စိတ်တည်ငြိမ်မှု ရှိသည့်အတွက် သုတေသနပြုလုပ်ရန် အလားအလာရှိသော ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်သည်။
စစ်ဆေးသူ သုံးဦးအနက် နှစ်ဦးမှာ ကျေနပ်သည့် အမူအရာကို ပြသခဲ့ပြီး၊ တစ်ဦးက သူမကို မေးလိုက်သည်။
"မဟာဘွဲ့မှာ ဘယ်ဦးတည်ချက်ဘက်ကို လိုက်ချင်လဲဆိုတာ စဉ်းစားဖူးလား။"
လင်းချောင် ဤအကြောင်းကို ကြိုတင်စဉ်းစားထားပြီးသားဖြစ်သည်။ "ကျွန်မ ပစ္စည်းသိပ္ပံကို လေ့လာချင်ပါတယ်။"
သူမ၏ ယခင်ဘဝတွင် သူမသည် ပစ္စည်းသိပ္ပံကို လေ့လာခဲ့သည်။ ဆပ်ပြာနှင့် ဆီစွန်းချွတ်ဆေးများ ပြုလုပ်ခြင်းသည် စိတ်ဝင်စားမှုသက်သက်သာဖြစ်ပြီး၊ သူမ၏ စိတ်ခံစားချက်ကို ချိန်ညှိရန်အတွက် အားလပ်ချိန်များကို အသုံးပြုခဲ့ခြင်းဖြစ်သည်။
ဓာတ်ခွဲခန်းရှိ ရပ်တန့်နေသော တိုးတက်မှုကြောင့် စိတ်ဓာတ်ကျနေချိန်တိုင်း သို့မဟုတ် သူမ၏ ဆရာထံမှ ဆူပူကြိမ်းမောင်းခံရသည့်အခါတိုင်း၊ ဤလက်တွေ့ကျသောအရာများကို ပြုလုပ်ခြင်းက သူမ၏ စိတ်အားထက်သန်မှုနှင့် ဓာတုဗေဒကို လေ့လာရခြင်း၏ အဓိပ္ပာယ်ကို ပြန်လည်ရှာဖွေတွေ့ရှိရန် ကူညီပေးနိုင်ခဲ့သည်။
မထင်မှတ်ထားဘဲ၊ ဤစကားကို ကြားသောအခါ စစ်ဆေးသူအားလုံး တိတ်ဆိတ်သွားကြတော့သည်။
နောက်ဆုံးတွင်တော့ ယန်မောက်ရှန်က ပြုံးပြီးပြောလိုက်သည်။ "တခြားနယ်ပယ်တွေကိုရော စဉ်းစားဖူးလား။ ပစ္စည်းသိပ္ပံဘက်က ပါမောက္ခတွေက ဒီနှစ် အတော်လေး အလုပ်များနေကြပြီး ကျောင်းသားတွေ လက်ခံဖို့ အချိန်မရှိနေဘူး။"
ကောလိပ်ဝင်ခွင့် စာမေးပွဲကို ပြန်လည်စတင်ပြီးနောက် ပထမဆုံး တက္ကသိုလ်ကျောင်းသားအသုတ်သည် ၁၉၈၂ ခုနှစ်အစောပိုင်းမှသာ ဘွဲ့ရကြမည်ဖြစ်သည်။ လင်းချောင်၏ ဝင်ခွင့်သည် အချိန်ဇယားထက် စောနေပြီး အချို့ပါမောက္ခများသည် ကျောင်းသားများကို လက်ခံရန် မပြင်ဆင်ရသေးပေ။
ယန်မောက်ရှန်က မည်သည့် ဟန်ဆောင်မှုမှ မရှိဘဲ လင်းချောင်အား သူ့ကိုယ်သူ ထောက်ခံပေးလိုက်သည်။ "ကျွန်တော် ထင်တာကတော့ မြေဩဇာနဲ့ ပတ်သက်ပြီး လုပ်တာ ကောင်းတယ်။ ဒါက တစ်နိုင်ငံလုံးရဲ့ စားနပ်ရိက္ခာ ပြဿနာကို ဖြေရှင်းဖို့ အဓိက တာဝန်ကြီးတစ်ခုပဲ။"
ပြီးနောက် သူက အခြားစစ်ဆေးသူတစ်ဦးကို လက်ညှိုးထိုးပြပြီး ပြောလိုက်ပြန်သည်။ "ရေနံဓာတုအင်ဂျင်နီယာလည်း ကောင်းတယ်။ ကျွန်တော်တို့နိုင်ငံမှာ ရေနံအရင်းအမြစ်တွေ ပေါများပေမဲ့ ဒီနယ်ပယ်မှာတော့ နည်းပညာတွေ လိုအပ်နေတယ်လေ။"
၎င်းသည် စေတနာကောင်းဖြင့် ပြောဆိုခြင်းဖြစ်သော်လည်း လင်းချောင်ကတော့ ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူတို့ကို တိုက်ရိုက်ကြည့်ကာ ပြောလိုက်သည်။
"ဖြစ်နိုင်မယ်ဆိုရင် ကျွန်မ ပစ္စည်းသိပ္ပံကိုပဲ လေ့လာချင်ပါတယ်။"
အနာဂတ် နှစ်လေးဆယ်မှ ရောက်ရှိလာခြင်းသည် သူမ၏ အားသာချက်ဖြစ်သည်။ သူမ သင်ယူခဲ့ဖူးပြီး ထူးချွန်ခဲ့သော အရာများကို ပြန်လေ့လာခြင်းအားဖြင့်၊ နှစ်လေးဆယ်နောက်ပိုင်းမှ နည်းပညာများကို ယူဆောင်လာနိုင်မည့် နည်းလမ်းများကို သူမ ရှာတွေ့နိုင်သည်။
ပစ္စည်းသိပ္ပံကို လေ့လာခြင်းအား လက်လွှတ်လိုက်ပါက ဤအားသာချက်ကို စွန့်လွှတ်လိုက်ရမည်ဖြစ်သည်။ သူမ၏ ယခင်ဘဝမှ သင်ယူခဲ့သောအရာများသည်လည်း လုံးဝ အသုံးမဝင်တော့ပေ။ မျိုးဆက်ပေါင်းများစွာ ရှာဖွေစူးစမ်းနေရမည့်အစား ထိုနည်းပညာဆိုင်ရာ ပြဿနာများကို စောစီးစွာ ဖြေရှင်းနိုင်စေလိုသည်။
ဤအချိန်တွင်၊ ရုံးခန်းအတွင်းရှိ လေထုအနေအထားက ပထမဆုံးအကြိမ်အဖြစ် တင်းမာလာတော့၏။
ခဏအကြာတွင် စကားအနည်းဆုံးပြောသော စစ်ဆေးသူက သူ၏ နာရီကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ဒီနေ့အတွက် ဒီလောက်ပါပဲ။"
အသက်အငယ်ဆုံး စစ်ဆေးသူလည်း ချက်ချင်း ထရပ်ပြီး အကြောင်းကြားစာကို စောင့်ဆိုင်းရန် လင်းချောင်ကို ပြောခဲ့သည်။
ယန်မောက်ရှန် တစ်ဦးတည်းသာ ကျန်နေခဲ့၏။ သူသည် လင်းချောင်နှင့် အရင်က တွေ့ဆုံခဲ့ဖူးသည့်အတွက် သူမနှင့် စကားအနည်းငယ် ထပ်ပြောခဲ့သည်။
"မင်း တကယ်ကို ပစ္စည်းသိပ္ပံကိုပဲ လေ့လာဖို့ စီစဉ်ထားတာလား"
လင်းချောင်သည် ငွေကြေး မလိုအပ်တော့ပေ။ သူမ၏ ပညာဆက်သင်ရန် ရွေးချယ်မှုလည်း သူမအတွက်သက်သက် မဟုတ်နေခဲ့။
သူမ၏ အကြည့်က ခိုင်မာနေခဲ့သည်။ "ပါမောက္ခယန်၊ ကျောင်းက ဒီနှစ်မှာ ကျောင်းသား မခေါ်ယူဘူးဆိုရင် နောက်နှစ်မှာရော ခေါ်မှာလား။ ကိုယ်ချစ်တဲ့အလုပ်ကို လုပ်မှသာ စိတ်ရောကိုယ်ပါဝင်စားပြီး အစပျိုးမှုကောင်းတစ်ခုကို ဖြစ်ပေါ်စေနိုင်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။"
သူမတွင် ခေါင်းမာသော စိတ်ရှိသည်။ ထပ်ခါတလဲလဲ ကျရှုံးနေသော်လည်း သုတေသနကိုသာ ဇွဲရှိရှိ လိုက်စားသူများသည် ခေါင်းမာမှု အနည်းငယ်ရှိတတ်ကြသည်။
ယန်မောက်ရှန်က ခဏကြာ စဉ်းစားပြီးနောက် ပြောလိုက်၏။ "မင်းအတွက် ငါ လိုက်စုံစမ်းကြည့်ပေးမယ်။"
လင်းချောင် အနည်းငယ် အံ့သြသွားခဲ့ရသည်။ "ဌာနထဲက တစ်ယောက်ယောက်ကို မင်းကို လက်ခံဖို့ ဆန္ဒရှိမရှိ မေးကြည့်ပေးမယ်၊ ဒါပေမဲ့ အာမခံချက်တော့ မပေးနိုင်ဘူး။"
"ကျေးဇူးတင်ပါတယ်။" လင်းချောင်က ပြုံးလိုက်ပြီး သူ့ကို ရိုးရိုးသားသား အရိုအသေပြုလိုက်၏။
အသက်ကြီးသော ပါမောက္ခကို လိုက်ပို့ခဲ့ပြီးနောက် လင်းချောင်သည် ချက်ချင်း မထွက်ခွာခဲ့ဘဲ ဓာတုဗေဒဌာန၏ စင်္ကြံတစ်လျှောက် လျှောက်သွားကာ ဌာန၏ မိတ်ဆက်အချက်အလက်များကို ကြည့်ရှုနေခဲ့သည်။
ပထမအချက်မှာ သူမ အလျင်မလိုနေခြင်းဖြစ်ပြီး၊ ဒုတိယအချက်မှာ သူမ၏ စိတ်ခံစားချက်ကို အနည်းငယ် ချိန်ညှိလိုခြင်းဖြစ်သည်။ သူမ ကြည့်ရှု၍ မပြီးဆုံးသေးမီမှာပဲ တစ်စုံတစ်ယောက်က အဝေးမှနေ၍ သူမကို လှမ်းခေါ်လိုက်သည်။
"ဟေ့၊ ကျောင်းသူလေး၊ ဒီဘက်လာပြီး ကူညီပါဦး။"
လင်းချောင် လှမ်းကြည့်လိုက်ရာ အဖြူရောင် ဓာတ်ခွဲခန်းဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ သူသည် အရပ်အနေတော်ရှိပြီး အသက်လေးဆယ် သို့မဟုတ် ငါးဆယ်ဝန်းကျင်ဖြစ်သော်လည်း သပ်သပ်ရပ်တော့ မဟုတ်ပေ။ အထူးသဖြင့် သူ၏ မုတ်ဆိတ်မွေးများမှာ ရက်အနည်းငယ်ကြာအောင် မရိတ်ရသေးသကဲ့သို့ နှုတ်ခမ်းတစ်ဝိုက်တွင် ပွယောင်းစွာ ထွက်နေခဲ့သည်။
သို့သော်လည်း သူ၏ ဓာတ်ခွဲခန်းဝတ်စုံမှာတော့ အတော်လေး သန့်ရှင်းနေပြီး၊ ဓာတုဗေဒဌာနတွင် ဓာတ်ခွဲခန်းဝတ်စုံ ဝတ်ဆင်ထားခြင်းက သူသည် ဓာတုဗေဒ စမ်းသပ်မှုများ ပြုလုပ်နေကြောင်း ရှင်းလင်းစွာ ဖော်ပြနေသည်။ ထိုသူသည် ဌာနမှ ဆရာတစ်ဦး ဖြစ်နိုင်သည်။
အတန်းချိန်ဖြစ်သောကြောင့် လင်းချောင်မှလွဲ၍ စင်္ကြံတွင် အခြားသူ မရှိပေ၊ ထို့ကြောင့် သူမ လျှောက်သွားပြီး မေးလိုက်၏။ "ကျွန်မ ဘာကူညီပေးရမလဲ။"
"ငါ့ကို သန့်ရှင်းရေး ကူလုပ်ပေးပါဦး"
သူက ဓာတ်ခွဲခန်းကြမ်းပြင်ကို လက်ညှိုးထိုးပြပြီး တုံ့ဆိုင်းသွားခဲ့သည်။
"မင်း သန့်ရှင်းရေးလုပ်တတ်လား။"
"ဟုတ်ကဲ့"
သူမ၏ ယခင်ဘဝတွင် ဓာတ်ခွဲခန်း၌ အချိန်များစွာ ကုန်ဆုံးခဲ့ဖူးသဖြင့် ကြမ်းပြင်ပေါ်ရှိ ရှုပ်ပွနေသောအရာများကို သူမ လျင်မြန်စွာ ရှင်းလင်းနိုင်ခဲ့သည်။
ဓာတ်ခွဲခန်းဝတ်စုံ ဝတ်ဆင်ထားသူက သူမကို ကြည့်နေပြီး စိတ်သက်သာရာရသည့် အမူအရာကို ပြသနေခဲ့သည်။
ဤဆရာသည် နေ့စဉ်ဘဝတွင် ကျွမ်းကျင်မှု မရှိသည်မှာ ရှင်းနေ၏။ ဓာတ်ခွဲခန်းစားပွဲပေါ်ရှိ ပစ္စည်းများက သပ်ရပ်နေသော်လည်း ကျန်နေရာများမှာတော့ ရှုပ်ပွနေကာ ထမင်းဘူးများပင် မဆေးကြောထားပေ။
ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ပြီးနောက် လင်းချောင် အမှိုက်များ စွန့်ပစ်ရန် ပြင်ဆင်လိုက်သည်။
"ဒါတွေကို မလိုတော့ဘူးမလား။"
"မလိုဘူး။"
သူက ခေါင်းညိတ်ပြီးနောက် ပစ်စရာ အခြားအရာများ ရှိမရှိ ပတ်ပတ်လည်ကို ကြည့်ရှုလိုက်သည်။