အခန်း (၁၁၇)
Vol. 10 Ch. 117
အာရုံစိုက်မှုမရှိသောကြောင့် ဓာတ်ခွဲခန်းစားပွဲကို ဝင်တိုက်မိသွားရာ စားပွဲ၏ အစွန်းပေါ်ရှိ ဓာတ်ပစ္စည်းပုလင်းတစ်လုံးက လျှောကျလာတော့သည်။
အနီးနားတွင် ရှိနေသော လင်းချောင်က ချက်ချင်းပင် ရှေ့သို့ တိုးလိုက်၏။
သူ အော်လိုက်သည်။ "မလုပ်နဲ့၊ အဲ့ဒါက..."
သူ၏ စကားမဆုံးမီ လင်းချောင်က လက်အိတ်တစ်စုံကို ယူပြီး လက်အိတ်များဖြင့် ဓာတ်ပစ္စည်းပုလင်းကို တိကျစွာ ဖမ်းဆုပ်ကာ ဓာတ်ခွဲခန်းစားပွဲပေါ်သို့ ပြန်တင်လိုက်တော့သည်။ သူမ၏ လှုပ်ရှားမှုများသည် ချောမွေ့နေပြီး အလွန်သတိကြီးနေသည်။ ဤနယ်ပယ်တွင် သူမ အတွေ့အကြုံများကြောင်း ပြသနေ၏။
ထိုအမျိုးသားသည် စိတ်သက်သာရာရသွားပြီး လင်းချောင်ကို ထပ်ကြည့်လိုက်သည်။ "မင်းက ဘယ်ဌာနကလဲ။ ငါ ဘာလို့ မင်းကို မတွေ့ဖူးတာလဲ။"
ဤမျှလောက်အထိ ဓာတ်ခွဲခန်း အတွေ့အကြုံရှိသော ကျောင်းသူတစ်ဦးသည် အနည်းဆုံး တတိယနှစ် ကျောင်းသူတော့ ဖြစ်ရမည်။ သူသည် တတိယနှစ် ကျောင်းသားများကို အရင်က သင်ကြားဖူးသည့်အတွက် သူမကို မှတ်မိနေသင့်သည်။
"ကျွန်မက ဒီက ကျောင်းသူ မဟုတ်ပါဘူး။" လင်းချောင်သည် လက်အိတ်များကို စားပွဲပေါ် ပြန်တင်လိုက်ပြီး ဖြေလိုက်သည်။
"ကျွန်မက အထက်တန်းကျောင်း ဓာတုဗေဒဆရာမပါ၊ ဒီမှာ မဟာဘွဲ့ ဝင်ခွင့်စာမေးပွဲ လာဖြေတာပါ။"
ထိုအမျိုးသားက ခဏစဉ်းစားပြီးနောက် နားလည်သွား၏။ "အထူးစာမေးပွဲလား"
"ဟုတ်တယ်၊ ကျွန်မ ဆုရခဲ့လို့ ကျောင်းက ထောက်ခံပေးတာပါ။"
လင်းချောင် အများကြီး ထပ်မပြောတော့ပေ။ သူမသည် သူ့ကို အမှိုက်များ စွန့်ပစ်ရာတွင် ကူညီပေးပြီး၊ ပုံးကို ပြန်ထားကာ ခွင့်တောင်း၍ ထွက်ခွာခဲ့သည်။ တစ်နာရီ၊ နှစ်နာရီခန့်ကြာသော ဘတ်စ်ကားစီးပြီးနောက် နေ့လယ်ပိုင်းလောက်တွင် သူမသည် စစ်တပ်စခန်းသို့ ပြန်ရောက်လာခဲ့သည်။
လင်းချောင် အိမ်သို့ တည့်တည့်သွားခဲ့ပြီး တံခါးဝတွင် ကားထဲမှ ထွက်လာသည့် ကျိသော်ကို မတော်တဆ တွေ့လိုက်ရ၏။ သူမကို မြင်သောအခါ သူက သူမ၏ မျက်နှာကို ဦးစွာ စူးစမ်းကြည့်လိုက်သည်။
"မရီး။"ရှောင်ဖန်းက ကားထဲမှ နှုတ်ဆက်လိုက်သည်။
လင်းချောင်ရ ပြန်လည်နှုတ်ဆက်လိုက်ပြီး၊ သူမ ဝယ်လာသော လိမ္မော်သီး နှစ်လုံးကို ယူကာ သူ့အား ပေးလိုက်သည်။ "ချို၊ မချိုတော့ မသိဘူး။"
ထို့နောက် သူ၏ အားနာသော ကျေးဇူးတင်စကားများကြားမှ ခြံဝင်းထဲသို့ လှည့်ဝင်သွားတော့သည်။
မထင်မှတ်ထားဘဲ၊ ဧည့်ခန်းထဲသို့ သူမ ဝင်လိုက်သည်နှင့် သူမနောက်မှ ထိုအမျိုးသားက မေးလိုက်သည်။
"သိပ် အဆင်မပြေခဲ့ဘူးလား။"
သူ၏ မျက်လုံးများက ပို၍ စူးရှလာသည်။ လင်းချောင်သည် သူမ၏ စိတ်တည်ငြိမ်မှုကို ထိန်းသိမ်းခြင်းနှင့် ခံစားချက်များကို ဖုံးကွယ်ခြင်းတို့၌ တော်သူဟု သူမကိုယ်သူမ ထင်မှတ်ထားခဲ့သည်။ သစ်သီးဝယ်ရင်း အခြားဆရာများနှင့် တွေ့ဆုံသည့်အခါ၌ပင် သူမ၏ မျက်နှာမှ ဘယ်အရာကိုမှ သူတို့ မပြောနိုင်ခဲ့ကြပေ။
သူမလည်း တမင်တကာ ဖုံးကွယ်မထားတော့ပေ။ "ကျွန်မကို လက်ခံချင်နေကြတဲ့ မဟာဘွဲ့ အကြံပေးဆရာတွေက ကျွန်မ လေ့လာချင်တဲ့ နယ်ပယ်ထဲက မဟုတ်နေဘူး"
"မပူပါနဲ့။ အဆင်မပြေဘူးဆိုရင် တခြားကျောင်းတွေ လျှောက်လို့ရတယ် ဒါမှမဟုတ် နောက်နှစ်လည်း ထပ်ကြိုးစားလို့ရတယ်။"
ကျိသော်က သူ၏ စစ်ဦးထုပ်ကို ချိတ်ဆွဲလိုက်ပြီး သူမ၏ အဓိကစိတ်ဝင်စားသည့် ဘာသာကို ပြောင်းလဲရန် မတိုက်တွန်းခဲ့ပေ။
အချို့ကိစ္စများတွင် သူသည် အမှန်ပင် ရှေးရိုးစွဲဆန်သည်ဟု ဆိုနိုင်သော်လည်း လင်းချောင်၏ ကိုယ်ပိုင်ကိစ္စများနှင့် ပတ်သက်လာသောအခါတွင်တော့ သူမ၏ ရွေးချယ်မှုများကို လေးစားပုံရသည်။
ဥပမာအားဖြင့်၊ လင်းချောင်သည် ဆရာမ ဖြစ်ချင်သည်၊ တက္ကသိုလ်ဝင်ခွင့် လျှောက်ချင်သည်၊ သူမ၏ အဓိကဘာသာရပ်ကို သူမစိတ်ကြိုက် ရွေးချယ်ချင်သည်။
တစ်ခါတရံ လင်းချောင် မစဉ်းစားဘဲ မနေနိုင်ခဲ့ပေ။ အကယ်၍ သူသာ ဤခေတ်မှ အခြားယောက်ျားများကဲ့သို့၊ သူမသည် လက်ထပ်ပြီးသွားပြီဖြစ်သောကြောင့် တက္ကသိုလ်တက်ရန် မလိုအပ်၊ အလုပ်တစ်ခုရှိလျှင် ရပြီ၊ မိသားစုကို ထောက်ပံ့ရန်က သူ လုံလောက်စွာ ရှာနိုင်သည်ဟု တွေးထားကာ၊ သူမကို ကလေး မြန်မြန်ယူရန်သာ တိုက်တွန်းနေမည့်သူမျိုးဆိုပါက သူမသည် သူ့နှင့်အတူ ဆက်နေချင်ဦးမည်လား။ အမှန်တရား ပေါ်လာသောအခါ သူမသည် ဤမျှအထိ ဒေါသထွက်နေခဲ့ဦးမည်လား။
သူသည် ဤခေတ်မှ အခြားယောက်ျားများနှင့် အလွန်ကွဲပြားနေသောကြောင့်သာ သူမက သူ့အပေါ် ပိုမိုမြင့်မားသော မျှော်မှန်းချက်များ ရှိနေခဲ့ခြင်း ဖြစ်နိုင်သည်။ ထိုမျှော်မှန်းချက်များက ပြည့်မီခြင်း မရှိခဲ့သည့်အခါ၊ ရုတ်တရက်ဆန်စွာ အေးခဲသွားစေသည့် နိုးထမှုတစ်ခုကဲ့သို့ ခံစားရစေခဲ့သည်။
သူမ အများကြီး စဉ်းစားမနေတော့ဘဲ ပြောလိုက်သည်။ "လုံးဝ မျှော်လင့်ချက်မဲ့တာမျိုးတော့ မဟုတ်ပါဘူး။ ပြပွဲတုန်းက ပါမောက္ခယန်ကို မှတ်မိလား။ သူက ကျွန်မ လေ့လာချင်တဲ့ နယ်ပယ်ဘက်က တစ်ယောက်ယောက် ကျောင်းသားလက်ခံဖို့ ဆန္ဒရှိမရှိ စုံစမ်းပေးမယ်လို့ ပြောခဲ့တယ်။"
ကျိသော်က ရိုးရှင်းသော "အင်း" ဟုသာ ပြန်ဖြေခဲ့ပြီး ထပ်မပြောတော့ပေ။ ထိုညနေတွင် သူသည် ပုစွန်များကိုအိတ်တစ်လုံးအပြည့် သယ်လာခဲ့သည်။
သူက ပုစွန်အစိမ်းတွေကို ဘာလို့ ဝယ်လာသည်လဲ။
လင်းချောင် သူမ မှားမကြည့်မိသည်မှာ သေချာစေရန် ထပ်မံကြည့်လိုက်ပြန်သည်။ "ဒါတွေကို ရှင် ချက်တတ်လို့လား၊ ဒါမှမဟုတ် ကျွန်မ ချက်ရမှာလား။"
"စားသောက်ဆိုင်က အစားအစာတွေက သိပ်မကောင်းဘူးလို့ မင်း ပြောခဲ့တယ်မလား။" ကျိသော် ပုစွန်များကို မီးဖိုချောင်ထဲသို့ ယူသွားလိုက်သည်။
ချွေတာရေးမှသည် ဇိမ်ခံပစ္စည်းဆီသို့ ပြောင်းလဲခြင်းက လွယ်ကူသော်လည်း ပြန်ပြောင်းရန်အတွက်ကတော့ ခက်ခဲပုံပင်။ လင်းချောင်သည် စစ်တပ်စခန်းသို့ ပထမဆုံး စရောက်လာသောအခါ စားသောက်ဆိုင်မှ အစားအစာများကို အရသာရှိသည်ဟု ထင်ခဲ့မိသည်။ အထူးသဖြင့် ပုစွန်များဖြစ်သည်။ သို့သော် တစ်နှစ်ပတ်လုံး နေ့တိုင်းလိုလို ထိုနေရာတွင် စားနေခဲ့ပြီးနောက် ကုမိသားစုနှင့် ရွဲ့ပင်း ပုဂ္ဂလိကစားသောက်ဆိုင်မှ အစားအစာများကို မြည်းစမ်းပြီးနောက်မှာတော့ စားသောက်ဆိုင်မှ အစားအစာများတွင် လိုအပ်ချက်ရှိနေကြောင်း သူမ စတင်တွေ့ရှိ့လာတော့သည်။
သို့သော် သူမသည် ထိုအကြောင်းကို သူ့အား တစ်ခါမှ မပြောပြခဲ့ဖူးသလို အမူအရာဖြင့် ပြသခဲ့သည်ဟုလည်း မထင်မိပေ။ သူ ဘယ်လိုလုပ်ပြီး သတိထားမိသွားသည်လဲ။ ထို့အပြင် ယခု သူက သူမအတွက် ချက်ပြုတ်ပေးရန် စီစဉ်နေသည်လား။
ဒါက စားသောက်ဆိုင်မှ အရသာထက်ပင် ပိုဆိုးနိုင်သည်။ သူ မီးဖိုချောင်သုံးဓား ကိုင်သည်ကို သူမ တစ်ခါမှ မမြင်ဖူးပေ။
လင်းချောင်သည် သူ အင်္ကျီလက်များကိုပင့်တင်ကာ မီးဖိုချောင်သုံးအဝတ်ကို သေချာပတ်၍ အလေးအနက်ထားလုပ်နေသည်ကို ကြည့်နေမိသည်။ သူမ ပုစွန်အကြောထုတ်ရန် သတိပေးသင့်သလားဟု တွေးနေတုန်းမှာပဲ ကျိဇယ် ရောက်လာခဲ့သည်။
ပြီးခဲ့သည့် အကြိမ် မတော်တဆ စကားလွန်သွားခဲ့ပြီးနောက်၊ ဤသည်မှာ တူဖြစ်သူ၏ ပထမဆုံး လာရောက်လည်ပတ်ခြင်းဖြစ်ပြီး သူ၏ပုံစံက သိပ် အခြေအနေ ကောင်းပုံမရပေ။
သူသည် ပတ်ဝန်းကျင်ကို သေချာ မကြည့်မိဘဲ အသံလာရာ မီးဖိုချောင်သို့ လာခဲ့လိုက်သည်။ "ဦးလေး၊ ချန်ဝေ့ကော် ဝယ်ခဲ့တဲ့ ထုတ်လုပ်မှုလိုင်းက ပြဿနာရှိနေတယ်။"
ကျိဇယ် စကားပြောပြီးနောက် မီးဖိုချောင်ဘက်မှ အတော်ကြာအောင် ဘာတုံ့ပြန်သံမှ မကြားရသည့်အတွက် တစ်ခုခုမှားနေမှန်း သူရိပ်မိလိုက်သည်။
ချက်ပြုတ်နေသင့်သည့် သူ့အဒေါ်မှာ လက်ချည်းသက်သက်ဖြစ်နေပြီး မီးဖိုချောင်တံခါးဝတွင် ရပ်နေကာ၊ ပုံမှန်အားဖြင့် တင်းမာသည့်အမူအရာဖြင့် သူ့ဦးလေးကတော့ မီးဖိုချောင်ထဲတွင် မီးဖိုခန်းသုံးအဝတ်ကို ဝတ်ထားသည်။
ရွှီလီက ထိုမီးဖိုချောင်သုံးအဝတ်ကို သူတို့မင်္ဂလာမဆောင်ခင်က ချုပ်ထားပေးခြင်း ဖြစ်သည်။ အပြာခံပေါ်တွင် ပန်းအဖြူလေးများပါပြီး လက်ရာက အလွန်ကောင်းမွန်ကာ အနားပတ်လည်တွင် လှပသော ဇာအတွန့်လေးများဖြင့် ချုပ်ထားခြင်းဖြစ်သည်။
သို့သော်လည်း ထိုအင်္ကျီသည် အရပ်ရှည်ပြီး လေးနက်သည့်အမူအရာရှိသော ဦးလေးဖြစ်သူ ကိုယ်ပေါ်တွင် ဝတ်ထားသည့်အခါတွင်တော့ နေရာမကျသလို ဖြစ်နေခဲ့သည်။
အကြောင်းအရင်းမရှိဘဲ၊ ကျိဇယ်သည် ဦးလေးဖြစ်သူ၏လက်အနီးရှိ တောက်ပနေသော မီးဖိုချောင်သုံးဓားကို အလိုအလျောက် ငဲ့ကြည့်လိုက်မိသည်။
ကျိသော်လည်း ထိုဓားကို ကြည့်လိုက်မိသည့်တိုင် မီးဖိုခန်းသုံးအဝတ်ကို အေးဆေးတည်ငြိမ်စွာ ချွတ်ပြီး မီးဖိုချောင်တံခါးနောက်တွင် ချိတ်လိုက်ထားသည်။
"ဘာဖြစ်လို့လဲ။"
"ရှင်တို့နှစ်ယောက် ဆက်ပြောနေကြလေ။ ကျွန်မ အပေါ်ထပ်ကို တစ်ခုခု သွားယူလိုက်ဦးမယ်။" လင်းချောင်က အမြန်ထွက်သွားရန် ကြိုးစားလိုက်သည်။
ကျိသော်က မီးဖိုချောင်ထဲမှ ထွက်လာပြီး သူမကို ညင်သာစွာ ဆွဲလှည့်လိုက်သည်။ "လျှို့ဝှက်ချက်လည်း မဟုတ်ဘူးလေ။ မင်း ဒါကို နားထောင်လို့ရပါတယ်။"
ထိုဆွဲလှည့်လိုက်ခြင်းသည် ပေါ့ပါးမြန်ဆန်သော်လည်း သူမကို ထိုနေရာတွင် ဆက်ရှိစေလိုသည့် ရည်ရွယ်ချက်ကတော့ ရှင်းလင်းနေသည်။
လင်းချောင် မော့ကြည့်လိုက်ရာ သူ၏ပုံစံကို မြင်လိုက်ရသည်။ စစ်ဝတ်စုံအင်္ကျီလက်များကို တံတောင်ဆစ်အထိ ခေါက်တင်ထားပြီး၊ သူ၏အကြည့်က ပြတ်သားနေခဲ့သည်။
ကျိဇယ်၏ မျက်နှာအမူအရာက မကောင်းသေးသော်လည်း သူနားလည်လိုက်ပြီး အလျင်အမြန် ထပ်ပြောလိုက်သည်။
"ဟုတ်တယ်၊ ကျွန်တော် ထုတ်လုပ်ရေးလိုင်းတစ်ခု ဝယ်ဖို့အတွက်ချေးငွေယူဖို့ စဉ်းစားနေတယ်လို့ အရင်က ပြောဖူးတယ်မလား။"
လင်းချောင်က အကြည့်ကို ချပြီး လှည့်ထွက်သွားလိုက်သည်။ "တကယ် အပေါ်ထပ်ကနေ တစ်ခုခု သွားယူဖို့ လိုနေတာ။"
ခဏအကြာတွင်တော့ သူမသည် စာအုပ်တစ်အုပ်နှင့်အတူ ပြန်ဆင်းလာခဲ့သည်။ ဧည့်ခန်းထဲတွင် ဦးလေးနှင့် တူဖြစ်သူတို့ အတူထိုင်နေကြကာ တစ်ယောက်ကတော့ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသည့်ပုံနှင့် သူမကို စောင့်နေခဲ့ကြသည်။
သူမကို မြင်သောအခါ ကျိဇယ်သည် မေးခွန်းဖြေရန် နာမည်ခေါ်ခံရသည့် ကျောင်းသားတစ်ဦးကဲ့သို့ ကိုယ်ကို မတ်လိုက်သည်။
လင်းချောင်တွင် အခြားရွေးချယ်စရာမရှိဘဲ ကျိသော်၏ ဘေးတွင်သာ ထိုင်လိုက်ရသည်။ ကျိသော်က ချက်ချင်းရေတစ်ခွက် ငှဲ့ပေးပြီး သူမရှေ့မှ ကော်ဖီစားပွဲပေါ် တင်ပေးလိုက်သည်။
အရင်ကဆိုလျှင် သူ၏အမေ သို့မဟုတ် အဘွားကသာ အမြဲဤသို့လုပ်ပေးလေ့ရှိသည့်အတွက် ကျိဇယ် ထပ်မံ စောင်းငဲ့ကြည့်မိပြန်သည်။
ကျိသော်က တည်ငြိမ်စွာဖြင့် ဆက်ပြောလိုက်၏။ "အရင်တစ်ခေါက် ယွီမိသားစုရဲ့ ပဉ္စမသားနဲ့ တွေ့ခဲ့တုန်းက ရှောင်ဇယ် ထုတ်လုပ်ရေးလိုင်းဝယ်ဖို့ ချေးငွေယူချင်တာကို ကိုယ်နဲ့အဖေက သဘောမတူဘူးလို့ ပြောခဲ့တယ်မလား။"
လင်းချောင် မှတ်မိသည်။ ထိုအချိန်က တစ်ခုခု မူမမှန်ဘူးဟု ခံစားခဲ့ရသော်လည်း ကျိဇယ် မအောင်မြင်ခဲ့ကြောင်း ကြားလိုက်ရချိန်မှာတော့ သိပ်အလေးမထားတော့ပေ။
"ဒီပမာဏက အရမ်းများပြီး အန္တရာယ်လည်း အရမ်းများတယ်ထင်လို့ အဖေနဲ့ တိုင်ပင်ပြီး စဉ်းစားခဲ့ကြတာ။ ယွီမိသားစုရဲ့ ဆွေမျိုးတွေထဲက ဘယ်သူကမှလည်း တစ်ခုခု မှားသွားမှာကို ကြောက်လို့ ဒါကို မလုပ်ချင်ကြဘူး။"
"ဟုတ်တယ်။" ကျိဇယ်က ခေါင်းညိတ်သည်။ "အဲ့ဒီတုန်းက ကျွန်တော်လည်း လက်မခံချင်ခဲ့ဘူး။ ဦးလေးတို့နဲ့အတူ စီးပွားရေးစလုပ်တဲ့အခါ လျှပ်စစ်ပစ္စည်းတွေ မထုတ်ခင် အရင်ဆုံး အခြေအနေကို သေချာနားလည်အောင် တိုင်ပင်ပြီးမှလုပ်မယ်လို့ တွေးခဲ့တာ။ ဒါကြောင့် ဦးလေးကို အဒေါ့်ကို မပြောပြခိုင်းခဲ့တာ။ ကျွန်တော်ကတော့ မဝယ်လိုက်ဘူး၊ ဒါပေမဲ့ ချန်ဝေ့ကော်ကတော့ ဝယ်လိုက်ပြီး တကယ်ပဲ တစ်ခုခု မှားသွားပြီထင်တယ်။"
ကျိဇယ် အစောပိုင်း ဝင်လာတုန်းက စိတ်မကောင်းဖြစ်နေပုံရပြီး အခြေအနေကိုပင် ဂရုမစိုက်ဘဲ ဒီကိစ္စကြောင့် တန်းဝင်လာခဲ့ခြင်း ဖြစ်သည်။
"သူက နှစ်သစ်ကူးမတိုင်ခင် ချေးငွေထုတ်ခဲ့တာ၊ နှစ်သစ်ကူးပြီးတော့ စက်ရုံစဆောက်ပြီး၊ ပြီးခဲ့တဲ့လကုန်ကပဲ စက်ပစ္စည်းတွေအပြင် ကုန်ကြမ်းတွေပါ ရောက်လာခဲ့တယ်။ ဒီလအစမှာပဲ ထုတ်လုပ်မှု စတင်ခဲ့တယ်။ ဒါပေမယ့် သူတို့ထုတ်လုပ်တဲ့ ပစ္စည်းတွေက ပြည်တွင်းထုတ်ပစ္စည်းတွေထက်ကို ပိုအခြေအနေဆိုးနေပြီး လုံးဝရောင်းမရဘူး ဖြစ်နေတယ်။ ယွမ်သန်းပေါင်းများစွာ အလဟဿ ဖြစ်သွားပြီ။"
ကျိဇယ်လည်း အနည်းငယ် စိတ်မကောင်းဖြစ်နေပုံရသည်။ "ဒီနေ့ နေ့လယ်က ချန်ဝေ့ကော်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံခဲ့မိတယ်။ သူ ညအိပ်မရတဲ့ရက်တွေ တော်တော်များနေပြီ၊ မျက်လုံးတွေကလည်း နီရဲနေပြီး ယွီကျင်းကို လိုက်ရှာနေတယ်။"
"ယွီကျင်းက ဘာပြောလဲ။" ကျိသော်၏အသံမှာ အလွန်တည်ငြိမ်နေခဲ့သည်။
"သူက ဒီစက်ပစ္စည်းတွေက အခြားတစ်ဖက်လူ မကြာသေးခင်ကမှ ဖယ်ထုတ်ထားတဲ့ စက်ပစ္စည်းတွေလို့ သေချာ ကတိပေးခဲ့ပြီး၊ ချန်ဝေ့ကော်ကို စိတ်မပူဖို့နဲ့၊ သူကိုယ်တိုင်သွားပြီး တစ်ဖက်လူနဲ့ ရှင်းလင်းပြောဆိုပေးမယ်ဆိုပြီး ပြောခဲ့တယ်တဲ့။"
"သူ့ကို ယုံလား။" ကျ်ိသော်၏ အကြည့်က သူ့အပေါ် ကျရောက်လာတော့သည်။
ကျိဇယ်ကတော့ ယုံသည်ဟုသာ ပြောချင်သည်။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်က အနှစ်နှစ်ဆယ်ကျော်လောက် သူငယ်ချင်း ဖြစ်ခဲ့ကြပြီး၊ တစ်ဖက်လူက သူ့ကို လှည့်ဖြားလိမ့်မည်ဟု လုံးဝ မထင်မိပေ။
သို့သော်လည်း ထိုစကားလုံးများက လည်ချောင်းထဲတွင်သာ နင်နေခဲ့ပြီး၊ သူပြန်မျိုချပစ်လိုက်ကာ နှုတ်ခမ်းများကို တင်းတင်းစေ့ထားခဲ့မိသည်။
လင်းချောင်လည်း မယုံကြည်ပေ။
ယွမ်သန်းပေါင်းများစွာ တန်ဖိုးရှိသော အရောင်းအဝယ်တစ်ခုအတွက် အကျိုးအမြတ် တစ်ခုခုမရရှိဘဲ ဘယ်သူက ဒီလောက်အထိ တက်တက်ကြွကြွ ကူညီပေးမည်လဲ။
သူငယ်ချင်းဟောင်းတစ်ယောက်ကို အကူအညီပေးရုံသက်သက်တော့ မဖြစ်နိုင်ပေ။
ပိုက်ဆံယူပြီးပြီဖြစ်သလို အရောင်းအဝယ်လည်း ပြီးသွားခဲ့ပြီ။ သူဖြစ်ဖြစ်၊ တခြားတစ်ဖက်သူပဲဖြစ်ဖြစ် သူတို့ရထားသည့် အကျိုးခံစားခွင့်များကို စွန့်လွှတ်နိုင်မည်လား။
ဧည့်ခန်းထဲ ခဏတာ ငြိမ်သက်သွားသည်။ ကျိဇယ် နောက်ဆုံးတော့ သူ့မျက်နှာကို သုတ်ပြီး အံကြိတ်ကာ ပြောလိုက်သည်။ "ကျွန်တော်တို့က သူ့ကို မိတ်ဆွေလို သဘောထားတာ၊ သူကတော့ ကျွန်တော်တို့ကို လိမ်ညာခဲ့တယ်!"
ကြာရှည်စွာ ဖိနှိပ်ထားသော ကြောက်ရွံ့မှုကလည်း တိုးဝင်လာခဲ့သည်။
"ဦးလေးတို့ရဲ့ အကြံပေးချက်ကြောင့်သာ ကံကောင်းခဲ့တာပါ။"
ကျိသော်၏ တားမြစ်ခြင်း၊ လမ်းညွှန်ပေးခြင်းသာ မရှိခဲ့ပါက၊ သူသည် ယွီမိသားစုအပေါ် ဤသို့စိတ်မျိုးထားနိုင်ရန် လုံးဝ အဆင်သင့် ဖြစ်နေခဲ့မည်မဟုတ်ပေ။
လင်းချောင်၏ ဖော်မြူလာကသာ သူ့ကို အခြားလမ်းကြောင်းတစ်ခုဆီသို့ ညွှန်ပြခဲ့ခြင်း၊ အခြေခံကျကျ နေထိုင်တတ်ရန် သင်ကြားပေးခဲ့ခြင်း မရှိပါက၊ သူသည် လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်မည့် အပေါ်တွင်သာ စိတ်စွဲနေဦးမည် ဖြစ်သည်။
အမှိုက်သရိုက်များကို အများကြီးဝယ်မိပြီး ဘဏ်ကို သန်းပေါင်းများစွာ အကြွေးတင်ကာ မည်သို့ပြန်ဆပ်ရမည်ကိုမသိဘူး ဖြစ်နေမည်ဆိုပါက၊ ထိုအဖြစ်သည် ကျိဇယ်၏ ကံကြမ္မာသာ ဖြစ်လိမ့်မည်။
သူသည် ထိုဇနီးမောင်နှံကို မော့ကြည့်ပြီး ဆိုလိုက်သည်။ "ကျွန်တော် ဒီနေ့ လာရတဲ့ ရည်ရွယ်ချက်က ကျေးဇူးတင်စကား ပြောဖို့ပါ။ တခြားဘယ်သူ့ကိုမှလည်း ဒီအကြောင်း ပြောပြလို့ မရဘူးလေ။"
သူ့အဖေက ထွက်သွားပြီးဖြစ်သောကြောင့် သူ့အဖေနှင့် ပြောရန်မဖြစ်နိုင်။ မထွက်သွားသေးလျှင်တောင် သူသည် မည်သူ့ပြောစကားမဆို လက်ခံတတ်သူဖြစ်သောကြောင့် ဆုံးဖြတ်ချက် ချနိုင်မည် မဟုတ်ပေ။ သူ့အမေနှင့် ပြောရန်ကတော့...
သူ့အဖေ ပြောင်းရွှေ့ခံရပြီးကတည်းက အမေဖြစ်သူသည် မည်သို့နေထိုင်ရမှန်း မသိဘဲ လမ်းပျောက်နေခဲ့သည်။ သူမသည် မကြာခဏဆိုသလို ဖျားနာသည်ဟုဆိုကာ သူ့ကို ဖုန်းခေါ်ဆိုပြီး ငိုကြွေးကာ၊ တည်ငြိမ်သောအလုပ်တစ်ခု ရှာရန်နှင့် စုန့်ကျင်းကို အမြန်ဆုံး လက်ထပ်ရန် တိုက်တွန်းနေတတ်သည်။
သူ့အဖေ မရှိလျှင် ကျိဇယ်သည် ပြန်လည်ထည်ဝါလာနိုင်သလို၊ ချမ်းသာကြွယ်ဝသည့် ချွေးမတစ်ဦးနှင့်ဆိုပါက သူမလည်း ယုံကြည်ချက် ပြန်ရှိလာမည်ဟု ထင်နေပုံရသည်။
လင်းချောင်သည် ကျ်ိဇယ်၏ မိသားစုအပေါ် မှတ်ချက်မပေးလိုပေ။
မူရင်းဇာတ်ကောင်က မဆိုးသော်လည်း ဘာလို့ ဒီစာအုပ်ထဲတွင် သူမကို ဒီလို ပုံဖော်ထားရသည်လဲဟု သူမ တွေးမိခဲ့သည်။ ယခုတော့ ဒါက ဒီလို ယောက္ခမမျိုးကြောင့် ဖြစ်နေ၏။
ယဲ့မင်ရှူးက မူရင်းဇာတ်ကောင်၏ နောက်ခံကို အထင်သေးခဲ့ပြီး၊ သူမ၏ သားနှင့်လည်း အတင်းအကျပ် လက်ထပ်ထိမ်းမြားပေးခံခဲ့ရသည့်အတွက်၊ သူမကို အဆက်မပြတ် နှိပ်စက်နေခဲ့ကာ၊ သူမသားကို ကွာရှင်းပစ်ရန်လည်း တိုက်တွန်းခဲ့သည်။ ကျ်ိကျွင်းကလည်း သူ၏ဇနီးစကားကိုသာ နားထောင်ခဲ့သည်။
အဘိုးကြီးနှင့် ရွှီလီတို့က အနည်းငယ် ဝေးကွာနေပြီး ဝင်ရောက် စွက်ဖက်နိုင်ခြင်း မရှိခဲ့ပေ။ မူရင်းဇာတ်ကောင်က ကျိဇယ်နှင့် အိမ်ထောင်မပြုရသေးပါက မိသားစုထဲတွင် ခြေကုပ်မယူနိုင်သည်ကို သိသောကြောင့် ကျိဇယ်ကို အသည်းအသန် ဖက်တွယ်ရန် ကြိုးစားခဲ့ရာ၊ အမှားများကို ပိုလုပ်မိလာပြီး နောက်ဆုံးမှာတော့ အရာအားလုံးကို ဆုံးရှုံးခဲ့ရသည်။
နောက်ပိုင်းတွင် ပါဝင်လာသည့် ဇာတ်ဆောင်အမျိုးသမီးကတော့ မိသားစုနောက်ခံ ကောင်းကောင်း ရှိပုံရပြီး ကျိဇယ်ကလည်း သူမကို ချစ်ပုံရသည်။ မဟုတ်လျှင် ဒီလို ယောက္ခမမျိုးနှင့်ဆိုပါက မည်သူမှ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်မည် မဟုတ်ပေ။
တိတ်ဆိတ်မှုထဲတွင် ကျိသော်သည် သူ၏ တူဖြစ်သူကို တစ်ချက် ကြည့်လိုက်သည်။ "နောက်ဆိုရင် ယွီမိသားစုနဲ့ ဝေးဝေးနေပါ။"
ကျိဇယ်က ခေါင်းညိတ်လိုက်သည်။ ယခုသင်ခန်းစာကြောင့် ထိုသူများနှင့်လည်း ထပ်ပြီး ရင်းနှီးစွာ မနေရဲတော့ပေ။
ယွိမိသားစုက ပျက်စီးနေသည့် စက်ပစ္စည်းများအကြောင်းကို အမှန်တကယ် မသိသည်လား၊ ဒါမှမဟုတ် မသိဟန်ဆောင်နေသည်လား ဆိုသည်ထက်၊ သူတို့၏ မိသားစုဝင်များကို မဝယ်ခိုင်းဘဲ ဒီလူများကို ဝယ်ခိုင်းခဲ့သည့် အချက်တစ်ခုကတည်းကပင် အများကြီး သိသာနေစေခဲ့သည်။
လင်းချောင်သည် ထိုနေ့က သူမတို့တွေ့ခဲ့ရသည့် ယွီမိသားစု၏ ပဉ္စမသားကို သတိရမိပြီး ကျိသော်၏ စကားများသည် ယွီကျင်းတစ်ယောက်တည်းကို ရည်ရွယ်သည်မဟုတ်ဟု ခံစားမိလိုက်သည်။
"ချန်ဝေ့ကော်က သူ့အကြွေးတွေကို မဆပ်နိုင်ရင် မင်းဆီလာပြီး ငွေချေးနိုင်တယ်။" ကျိသော်က တူဖြစ်သူကို တည်ငြိမ်စွာ သတိပေးလိုက်သည်။
"ကျွန်တော်လည်း အဲ့ဒါကို တွေးမိပါတယ်။" ကျိဇယ် ခေါင်းညိတ်ပြီး လင်ချောင်ကို တစ်ချက်ကြည့်လိုက်သည်။
"သူ တကယ်လို့ ကိုယ်တိုင်လာပြီး အကူအညီတောင်းရင်တော့ ကျွန်တော် ပိုက်ဆံချေးပေးနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူက ကျွန်တော့်ကို ဘေးဒုက္ခကနေ ကင်းဝေးသွားအောင် ကူညီခဲ့တာပဲလေ။ စက်ရုံက ပိုက်ဆံကိုတော့ ကျွန်တော် လုံးဝ မထိပါဘူး၊ အဲ့ဒါက ကျွန်တော့်တစ်ယောက်တည်းရဲ့ ငွေတွေ မဟုတ်ဘူးလေ။"
"တခြားရော ဘာရှိသေးလဲ။" ကျိသော်၏ အကြည့်ကတော့ သူ့အပေါ်တွင်သာ စူးစိုက်နေဆဲပင်။
ကျ်ိဇယ်၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီးနောက် စိတ်ရှုပ်ထွေးမှုများမှ လွတ်မြောက်သွားတော့သည်။ "မရှိတော့ပါဘူး၊ အခု ပြန်ပါတော့မယ်။"
ထိုသို့ဆိုပြီး လျင်မြန်စွာ ထရပ်ကာ ထွက်ခွာသွားခဲ့လိုက်သည်။
"နောက်တစ်ခါဆို တံခါးခေါက်ဖို့ မမေ့နဲ့။" ကျိသော်၏ အသံတွင် နွေးထွေးမှု ကင်းမဲ့နေသည်။
"ဟုတ်ကဲ့။ နောက်တစ်ခါဆိုရင် လာဖို့ အဆင်ပြေရဲ့လားဆိုတာ သိရအောင် အရင် ဖုန်းဆက်လိုက်ပါ့မယ်။" ကျိဇယ်သည် သူ့အနောက်မှ ခွေးလိုက်နေသကဲ့သို့ ပြေးထွက်သွားခဲ့သည်။