အခန်း (၁၁၈)
Vol. 10 Ch. 118
ကျိသော်ကတော့ ခံစားချက်မရှိသော မျက်နှာဖြင့် မီးဖိုချောင်ဘက်သို့ ပြန်လှည့်ကာ မီးဖိုခန်းသုံးအဝတ်ကို ပြန်ချည်လိုက်သည်။ သူက ထိုအဝတ်ကိုယူနေရင်း မနှစ်မြို့ဟန်ဖြင့် မျက်မှောင်ကြုတ်ကာ လင်းချောင်ကို ပြောလိုက်သည်။
"နောက်တစ်ခါ ဒီလို ဆန်းဆန်းပြားပြားပုံစံတွေ မဝယ်နဲ့။"
နောက်တစ်ခါ? သူ ဒီအဝတ်ကို ထပ်သုံးရန် စီစဉ်နေသည်လား။
လင်းချောင်သည် ဆိုဖာ၏ နောက်ကျောဘက်တွင် မေးစေ့ကို တင်ထားကာ ကြည့်နေရင်း ထိုသူသည် လေ့လာပြီးမှ လုပ်နေကြောင်းကို သတိပြုမိလိုက်သည်။ ပုဇွန်၏ကျောဘက်မှ အညစ်အကြေးတန်းကို ဖယ်ရှားပစ်ရန် သွားကြားထိုးတံကို သုံးရမှန်း သူ သိနေသည်။ သူသည် ပုဇွန်တစ်ကောင်စီကို အလင်းရောင်အောက်တွင် ဂရုတစိုက် ကျောကုန်းမှအညစ်အကြေးများ ဖယ်ရှားနေပြီး၊ မျက်နှာအမူအရာကလည်း အလွန်အာရုံစူးစိုက်နေသလိုပင်။ ပုဇွန်နှင့် သွားကြားထိုးတံကို ကိုင်ထားသည်မှာ တည်ငြိမ်ပြီး၊ ဖြည်းဖြည်းချင်း စတင်လုပ်ဆောင်ခဲ့သော်လည်း မကြာမီတွင် ကျွမ်းကျင်လာခဲ့တော့သည်။
သူ ဤသို့ မလုပ်ဖူးသည်မှာ ထင်ရှားသည်။ သူက ပင်လယ်စာ မကြိုက်သူဖြစ်သည့်အတွက် ဘယ်လိုလုပ် ချက်ပြုတ်ဖူးမည်လဲ။
သို့သော် ကျိသော်သည် ရှက်ရွံ့ခြင်း သို့မဟုတ် မကျွမ်းကျင်ခြင်းမျိုးကို မပြခဲ့ဘဲ အရာအားလုံးကို တည်ငြိမ်စွာ လုပ်ဆောင်နေသည်။ ဆီနှင့် ဆားအပါအဝင် အရာအားလုံးကို စစ်ဆေးပြီးမှ အေးဆေးစွာ မီးစတင် ဖိုလိုက်သည်။ ရှုပ်ထွေးမှုမရှိ၊ သကြားနှင့် ဆား မှားထည့်မိခြင်းမျိုးမရှိ။
ချက်ပြုတ်ပြီးနောက်၊ သူသည် တစ်ခုကို ကောက်ယူ၊ အခွံနွှာပြီး ကိုယ်တိုင် မြည်းစမ်းကြည့်သည်။ ထို့နောက်...
ထို့နောက် "ထို့နောက်" ဟူသည့်နောက်တွင် ဘာမှ မရှိတော့ပေ။
သူသည် ပုဇွန်ပန်းကန်ကို ချထားလိုက်ပြီး ပြောလိုက်သည်။
"စားသောက်ဆိုင်သွားပြီး မင်းအတွက် အသစ်တစ်ပွဲ ဝယ်လိုက်မယ်။"
သူသွားပြီးနောက် လင်းချောင် ပုဇွန်များကို မြည်းစမ်းကြည့်သောအခါ အနည်းငယ်ငန်ပြီး အနည်းငယ် အကျက်လွန်နေသည်ကို တွေ့ရသော်လည်း သိပ်တော့မဆိုးလှပေ။
သို့သော် ကျိသော်ကတော့ သူမအား ထိုပုဇွန်များကို မပေးခဲ့။ နောက်ရက်အနည်းငယ်ကြာသည်အထိ သူ စစ်ရေးတာဝန်များဖြင့် အလုပ်ရှုပ်မနေသည့်နေ့တိုင်း ပုဇွန်များကို တစ်အိတ်စီဝယ်ယူလာကာ အလုပ်ဆင်းပြီးသည်နှင့် မီးဖိုချောင်သို့ တန်းဝင်နေခဲ့သည်။
သူ ဝယ်ယူနေခဲ့သည်မှာ အလွန်များပြားသဖြင့် ကျောင်းမှ သူမ၏ လုပ်ဖော်ကိုင်ဖက်များကပင် သူမကို မေးခဲ့ကြသည်။
"မင်းယောက်ျားက ပုဇွန်ကြိုက်တာလား။ အလုပ်ဆင်းပြီးတိုင်း ဈေးမှာ သူ့ကို တွေ့ရတယ်၊ အဲ့ဒီမှာ အရာရှိဆိုလို့ သူတစ်ယောက်ပဲ ရှိတယ်။"
လင်းချောင် ပြုံးရုံသာ ပြုံးပြပြီး ပြန်မေးလိုက်သည်။
"ရှင် မြင်တာလား၊ ဒါမှမဟုတ် ရှင့်ရဲ့အမျိုးသားက မြင်တာလား။"
သူမ၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ၏ ခင်ပွန်းသည် မူလတန်းကျောင်း၏ ဒုကျောင်းအုပ်ဖြစ်ပြီး သူမထက် အချိန်ပိုရသည်။ သူသည် အလုပ်ဆင်းပြီးနောက် ဈေးသွားကာ စျေးဝယ်လေ့ရှိသည်။
ထိုလုပ်ဖော်ကိုင်ဖက်သည် မူလက လင်းချောင်ကို စနောက်ချင်ခဲ့သော်လည်း လင်းချောင်၏ တည့်တိုးစကားကြောင့် သူမကိုယ်တိုင်သာ ပြန်အစခံလိုက်ရသည်။
သူမလည်း စကားလမ်းကြောင်းပြောင်းပြီး လင်းချောင်၏ ဓာတုဗေဒပြိုင်ပွဲအကြောင်းကို မေးမြန်းလိုက်သည်။
"ဗိုလ်လုပွဲ နီးလာပြီ။ ပြင်ဆင်မှုတွေ ဘယ်လိုလဲ။"
"ဓာတုဗေဒကတော့ ပြောရခက်ပါတယ်၊ ဒါပေမဲ့ ရူပဗေဒအတွက်ဆိုရင် လီရှောင်ချို့က အဆင်ပြေမှာပါ။"
ဒီမိန်းကလေးက လင်းချောင် တိုက်ယူပေးခဲ့သည့် အခွင့်အရေးအတွက် ကြိုးကြိုးစားစား လုပ်ခဲ့ပြီး၊ညဉ့်နက်သည်အထိ မီးထွန်းကာ စာကျက်နေခဲ့သည်။
ပုံမှန်ဆို ဒေါသကြီးတတ်သော ဆရာလီပင်လျှင် မကြာသေးမီအတောအတွင်း ဒေါသမထွက်တော့ဘဲ အိမ်တွင် သူမအတွက် နေ့တိုင်း ဟင်းအမျိုးမျိုး ချက်ပေးနေခဲ့သည်။
ထိုစဉ် ကျောင်းအုပ်ကြီးကျန့် ရောက်လာပြီး ပြောလိုက်၏။"ရှောင်လင်း၊ ခဏလေး အပြင်ထွက်လာပါဦး။"
ကျောင်းအုပ်ကြီးကျန့် သည် အသက်ကြီးပြီဖြစ်သောကြောင့် စီမံခန့်ခွဲခြင်း သိပ်မပြုလုပ်တော့ပေ။ ပုံမှန်အားဖြင့် ဒုကျောင်းအုပ်ချီကသာ ကိစ္စများကို ကိုင်တွယ်သည်။ လင်းချောင်လည်း လျင်မြန်စွာ ထရပ်ပြီး အပြင်ထွက်သွားခဲ့၏။
သူက အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ငါ ခုနလေးက ချင်တက္ကသိုလ်ဘက်က ဖုန်းလက်ခံရခဲ့တယ်။ သူတို့က မင်းကို နောက်ထပ်တစ်ခါ မေးမြန်းတာမျိုး လုပ်ချင်တယ်တဲ့။"
နောက်ထပ် တစ်ခါလား။
လင်းချောင်၏ ရင်ခုန်နှုန်း မြန်သွားခဲ့သည်။ "ဘယ်တော့လို့ ပြောလိုက်သေးလဲ။"
"မနက်ဖြန် ဒါမှမဟုတ် သန်ဘက်ခါ။ သူတို့က မင်းကို အမြန်ဆုံး လာစေချင်ကြတယ်။" ကျောင်းအုပ်ကြီးကျန့်က ပြောလိုက်သည်။
"မနက်ဖြန် နေ့လယ်ပိုင်းဆိုရင်ရော ဘယ်လိုလဲ။" လင်းချောင်သည် သူမ၏ အချိန်ဇယားကို တွက်ချက်လိုက်သည်။ ပါမောက္ခယန်တွင် တစ်စုံတစ်ရာ တိုးတက်မှု ရှိခဲ့လောက်သည်ဟု သူမ ထင်မိနေသည်။
မဟုတ်လျှင်တော့ သူမ မအောင်မြင်ကြောင်း အကြောင်းကြားခြင်း သို့မဟုတ် သူမ၏ အဓိကဘာသာရပ်ကို ပြောင်းခိုင်းခြင်းတို့ဖြစ်နိုင်သည်။
ဒီလိုဆိုလျှင် ဒုတိယတစ်ကြိမ် ဘာကြောင့် အလုပ်ရှုပ်ခံပြီး မေးမြန်းဦးမည်လဲ။
ကျောင်းအုပ်ကြီးကျန့်သည် ချင်တက္ကသိုလ်နှင့် ပြန်လည်ဆွေးနွေးပြီးနောက် နောက်တစ်နေ့ နေ့လယ် သုံးနာရီကို သတ်မှတ်လိုက်ကြသည်။
လင်းချောင်သည် သတ်မှတ်ချိန်ထက် မိနစ်အနည်းငယ် စောရောက်သွားခဲ့ပြီး သူမသည် ယခုရောက်နေသော ဓာတ်ခွဲခန်းကို လွန်ခဲ့သည့် ရက်အနည်းငယ်ကလည်း ရောက်ဖူးခဲ့သည်ကို မှတ်မိသွားကာ အံ့အားသင့်သွားခဲ့မိသည်။
တကယ်တမ်းလည်း သူမ တံခါးခေါက်ပြီးနောက် "ဝင်ခဲ့" ဟူသော အသံကို ကြား၍ ဝင်သွားသောအခါ အနည်းငယ် ရင်းနှီးနေသော မျက်နှာကို မြင်လိုက်ရသည်။
ထိုသူ၏မျက်နှာက အနည်းငယ်သာ ရင်းနှီးနေရသည့် အကြောင်းရင်းမှာ သူသည် မုတ်ဆိတ်များကိုရိတ်ထားပြီး ဆံပင်ကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဆင်ထားကာ အတော်အတန် သပ်သပ်ရပ်ရပ် ဖြစ်နေခဲ့သည်။ သူသည် အလုပ်များနေပုံရပြီး သူမကို မော့မကြည့်ဘဲ ပြောလိုက်သည်။
"ဒီကိုလာပြီး ငါ့ကို ကူညီပါဦး။"
လင်းချောင် ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ နံရံတွင် ချိတ်ထားသော အဖြူရောင် ဓာတ်ခွဲခန်းဝတ်စုံကို တွေ့လိုက်ရသည်။ သူမသည် တစ်ထည်ကို ယူ၍ လက်အိတ်ဝတ်ကာ ကူညီရန် သွားခဲ့သည်။ သူမ ထိုနေရာတွင် တစ်နာရီနီးပါး အလုပ်လုပ်ခဲ့ရသည်။ ထိုသူသည် နောက်ဆုံးတွင်တော့ လက်အိတ်များကို ချွတ်ပြီး သူမကို ကြည့်လိုက်ကာ ရုတ်တရက် ပြုံး၍ ပြောလိုက်သည်။
"ဒီ စာသင်နှစ်ကုန်မှာ လာပြီး စာရင်းသွင်းပါ။"
"ဒီ စာသင်နှစ်ကုန်မှာ လာပြီး စာရင်းသွင်းရမယ်..."
"ကျွန်မ အောင်သွားပြီလို့ ဆိုလိုတာလား"
"မင်းသာ ခုနက အခြေအနေမှာ အခြေခံ ဗဟုသုတ ဒါမှမဟုတ် သည်းခံစိတ်မျိုး မရှိခဲ့ရင် အောင်ခဲ့မှာ မဟုတ်ဘူး။"
သူသည် စားပွဲပေါ်မှ စာအုပ်အချို့ကို ထုတ်ယူကာ သူမကို ပေးလိုက်သည်။
"ဒါတွေကို ယူပြီး ပြန်ဖတ်နေပါ။ ဒီ စာသင်နှစ်ကုန်မှာ လာပြီး စာရင်းသွင်းပါ။ သင်တန်းနှစ်အသစ် စဖို့အချိန်အထိ စောင့်စရာ မလိုဘူး။"
လင်းချောင်သည် ဘွဲ့လွန် အကြံပေးဆရာများက ကျောင်းသားများကို စောစီးစွာ လာရောက်၍ စမ်းသပ်မှုများ သို့မဟုတ် သုတေသနလုပ်ငန်းများတွင် ပါဝင်ရန် တောင်းဆိုသည့် အခြေအနေမျိုးကို ယခင်က ကြုံခဲ့ဖူးသည်။ သူမသည် သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်ပြီး ထိုသူက စကားပြောပြီးပြီဖြစ်၍ သူမကို ပြန်လွှတ်တော့မည်ဟု ထင်ရသောကြောင့် မေးလိုက်သည်။
"ဆရာ၊ ဆရာ့နာမည် ဘယ်သူလဲ သိပါရစေ။"
ထိုသူသည် ခေတ္တမျှ ငြိမ်သက်သွားပြီး တွေ့ဆုံမေးမြန်းမှူ ပြီးဆုံးသွားသည့်တိုင် သူ့ကိုယ်သူ မိတ်ဆက်ပေးခဲ့ခြင်း မရှိသေးကြောင်း သဘောပေါက်သွား၏။
"ကျန်းချန်နင်။ ငါက လက်ရှိမှာ ကာဗွန်ဖိုင်ဘာ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး သုတေသန လုပ်နေတယ်။ မင်း ပစ္စည်းသ်ိပ္ပံကို လေ့လာချင်တယ်လို့ ပြောခဲ့တယ်မလား။ လောင်ယန်က ပြောပြတော့ မင်း ဖြစ်နိုင်လောက်လို့ ငါ ခန့်မှန်းမိခဲ့တာ။"
ဒါက တိုက်ဆိုင်မှု တစ်ခုဖြစ်သည်။ လင်းချောင် လျင်မြန်စွာ မိတ်ဆက်လိုက်သည်။
"မင်္ဂလာပါ ဆရာ။ ကျွန်မနာမည်က လင်းချောင်ပါ။ ဆရာရဲ့ လမ်းညွှန်မှုကို မျှော်လင့်နေပါ့မယ်။"
ဓာတ်ခွဲခန်းမှ ထွက်ခွာလာသောအခါ ပုံမှန်အားဖြင့် တည်ငြိမ်နေတတ်သော လင်းချောင်သည် သူမ၏ ခြေလှမ်းများ ပေါ့ပါးနေသည်ဟု ခံစားခဲ့ရသည်။ သူမသည် ပစ္စည်းသိပ္ပံကို လေ့လာချင်သောကြောင့် ချင်တက္ကသိုလ်မှ ပါမောက္ခ အများအပြား အကြောင်းကို လေ့လာထားခဲ့ပြီး ကျန်းချန်နင်သည်လည်း ထိပ်တန်း ပါမောက္ခများထဲမှ တစ်ဦးဖြစ်သည်။
သူ၏ သုတေသန လမ်းညွှန်ချက်သည် သူမ ယခင်ဘဝက လေ့လာခဲ့သည့် အရာနှင့်လည်း ကိုက်ညီနေသည်။
အရာအားလုံး အဆင်ပြေနေ၏။ သူမသည် ဘွဲ့ကြိုသင်တန်းတွင် လေးနှစ် ထပ်မံ အချိန်ဖြုန်းနေစရာ မလိုတော့ဘဲ သူမ၏ အကျွမ်းကျင်ဆုံးနှင့် အားသာချက်အရှိဆုံး နယ်ပယ်တွင် အလုပ်လုပ်နိုင်တော့မည်...
လင်ချောင်သည် ကုန်းမြင့်လေးပေါ် ခုန်တက်လိုက်ပြီး ဘေးဘက်မှ သစ်ရွက်တစ်ရွက်ကို ခူးယူကာ နွေးထွေးလာသော နွေဦး၏ လေညှင်းကို ခံစားရင်း အိမ်သို့ ပြန်လာခဲ့သည်။
ကောင်းမွန်သည့်ကိစ္စများမှာ ဒီအရာတစ်ခုတည်း မဟုတ်ပေ။ မေလတွင် လီရှောင်ချို့သည် ပထမဆုံးအကြိမ် ကျင်းပသည့် ရူပဗေဒပြိုင်ပွဲ၏ ဗိုလ်လုပွဲ၌ ပထမဆုကို ရရှိခဲ့သည်။
"တစ်နိုင်ငံလုံးမှာ ပထမဆုရတဲ့သူ ငါးယောက်ပဲရှိတာ၊ ငါတို့ကျောင်းကတော့ တစ်ဆု ရလိုက်ပြီ။"
ပုံမှန်အားဖြင့် တည်ငြိိမ်နေသော ဒုကျောင်းအုပ်ချီသည် ပြန်ရောက်လာချိန်တွင် သူ၏ ပျော်ရွှင်မှုကို မဖုံးကွယ်ထားနိုင်ခဲ့ပေ။
သူ ပျော်ရွှင်နေသည်မှာလည်း အံ့သြစရာမဟုတ်ပေ။ လီရှောင်ချို့သည် ကျောင်းမှ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည့် တစ်ဦးတည်းသော ကျောင်းသူဖြစ်ပြီး၊ သူကိုယ်တိုင် လပေါင်းများစွာ လေ့ကျင့်ပေးခဲ့ရသူဖြစ်သည်။ ယခုအခါ ရလဒ်များ ထွက်ပေါ်လာပြီဖြစ်၍ ကျောင်းသူရော သူကိုယ်တိုင်၏ ကြိုးပမ်းအားထုတ်မှုများကပါ အကောင်အထည်ပေါ်လာခဲ့လေပြီ။
လီရှောင်ချို့ကတော့ ပို၍ပင် စိတ်လှုပ်ရှားနေခဲ့သည်။ ပုံမှန်ဆိုလျှင် ရှက်နေတတ်သော မိန်းကလေးသည် လင်ချောင်ထံသို့ ပြေးလာပြီး "ဆရာမလင်း" ဟု ခေါ်ကာ သူမ၏ ဆုလက်မှတ်ကို ပြလိုက်သည်။
လင်းချောင်လည်း ပြုံး၍ ကြည့်ပြီး ပြောလိုက်၏။ "တော်တယ်၊ ညတိုင်း လေးနာရီ၊ ငါးနာရီပဲ အိပ်ခဲ့ရတာနဲ့ ထိုက်တန်ပါတယ်။"
"ဆရာမ ကျွန်မအတွက် တိုက်ယူပေးခဲ့ရတဲ့ အခွင့်အရေးကို ကျွန်မ မဖြုန်းတီးခဲ့ပါဘူး" ထိုမိန်းကလေးက တိုးတိုးလေး ထပ်ဖြည့်ပြောလိုက်သည်။
"ဟုတ်တာပေါ့။" လင်းချောင်သည် သူမ၏ ခေါင်းကို ပုတ်လိုက်ပြီး ချီးမွမ်းခံရသော ခွေးကလေးတစ်ကောင်ကဲ့သို့ တောက်ပနေသော သူမ၏ မျက်လုံးများကို သတိပြုမိလိုက်သည်။
သူမလည်း မနေနိုင်ဘဲ စနောက်လိုက်သည်။ "အခုတော့ ချင်တက္ကသိုလ်နဲ့ ယန်တက္ကသိုလ်ကြား ဘယ်ကိုသွားရမလဲဆိုတာကို စိတ်တွေရှုပ်နေပြီလား။"
လီရှောင်ချို့ ရှက်ပြုံးပြုံးကာ ပါးပြင်များ ရဲသွားတော့သည်။ ခဏအကြာတွင်တော့ သူမ၏ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ လင်းချောင်ကို ဖက်လိုက်ပြီးနောက် ရှက်ရွံ့စွာ နောက်ဆုတ်သွားခဲ့သည်။
သို့သော် လင်းချောင်၏ စကားများမှာ မှန်ကန်နေ၏။ ရလဒ်များ ထွက်ပေါ်လာပြီးနောက် ချင်တက္ကသိုလ်နှင့် ယန်တက္ကသိုလ် နှစ်ခုလုံးက ကျောင်းကို ဆက်သွယ်လာပြီး လီရှောင်ချို့ကို စောစော လက်ခံရန် ရည်ရွယ်ခဲ့ကြသည်။ ဘယ်လိုဖြစ်ဖြစ် တစ်နိုင်ငံလုံးတွင် ပထမဆုရသူ ငါးယောက်သာရှိခဲ့ပြီး လီရှောင်ချို့၏ ပုံမှန်အဆင့်များကလည်း ထူးချွန်ကာ တရုတ်စာတစ်ခုတည်းသာ အားနည်းနေခြင်း ဖြစ်သည်။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မစတင်ရသေးသော်လည်း လင်းချောင်သည် သူမ၏ ကျောင်းသူအား ချင်တက္ကသိုလ်နှင့် ယန်တက္ကသိုလ်ကြား ရွေးချယ်ရန် ကူညီပေးနေရသည်။ ကျောင်းရှိ မည်သည့် အတန်းပိုင်ဆရာမဆို မနာလိုဖြစ်မိကြလိမ့်မည်။
တရုတ်စာတွင် ရုန်းကန်နေရသည့် လီရှောင်ချို့သည် လင်းချောင်သာမရှိပါက ယန်ဒူ နည်းပညာတက္ကသိုလ်တွင်ပင် ဝင်ခွင့်ရရှိနိုင်ရန် မသေချာပေ။
သူမတို့နှစ်ဦးသည် ရက်ပေါင်းများစွာကြာအောင် လေ့လာစုံစမ်းခဲ့ကြပြီး၊ အခြားသူများ၏ ထင်မြင်ချက်များကိုပါ ထည့်သွင်းစဉ်းစားကာ လီရှောင်ချို့၏ စရိုက်နှင့် ဝါသနာများကိုစဉ်းစားခဲ့ပြီး နောက်ဆုံးတွင် ယန်တက္ကသိုလ်ကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ချင်တက္ကသိုလ်သည် အင်ဂျင်နီယာဘာသာရပ်များအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်သော်လည်း လီရှောင်ချို့သည် ရှက်တတ်သူဖြစ်ကာ သီအိုရီဆိုင်ရာ သုတေသနဘက်ကို ပိုစိတ်ဝင်စားနေသောကြောင့် ယန်တက္ကသိုလ်က သူမအတွက် ပို၍ သင့်လျော်သည်။
အကြံပြုချက်ကို အပြီးသတ်ဆောင်ရွက်ပြီးသောအခါ ဆရာလီသည် ဒုကျောင်းအုပ်ကြီးချီနှင့် လင်းချောင်တို့ကို ညစာ ဖိတ်ကျွေးရန် ပြောခဲ့သည်။
"ဆရာမလင်းသာ မရှိရင် ရှောင်ချို့လည်း ဒီအခွင့်အရေးမျိုး ရမှာမဟုတ်ဘူး။ ဒုကျောင်းအုပ်ကြီးချီ မရှိရင်လည်း ရှောင်ချို့ ဒီရလဒ်တွေ ရနိုင်မှာမဟုတ်ဘူး။ ခင်ဗျားတို့ နှစ်ယောက် လုပ်ပေးခဲ့တဲ့အရာတွေအတွက် ကျေးဇူးတင်စကားကို ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး။"
နှစ်ဦးစလုံးက ညစာဖိတ်ကျွေးမည့် အစီအစဉ်ကို ယဉ်ကျေးစွာ ငြင်းပယ်ခဲ့သော်လည်း နောက်ပိုင်းတွင်တော့ သူသည် ရုံးခန်းသို့ လက်ဆောင်ပစ္စည်းများစွာ ယူလာပေးခဲ့ရာ ပြန်ပေး၍ မရနိုင်သောကြောင့် ခွဲဝေယူခဲ့ကြသည်။
ဓာတုဗေဒပြိုင်ပွဲ၏ ရလဒ်များမှာတော့ အနည်းငယ် ရမှတ်နည်းခဲ့ပြီး ချီဟွိုင်ဝမ်က တတိယဆု ရရှိခဲ့သည်။ တစ်နိုင်ငံလုံး အဆင့်တွင် ထိပ်တန်း အောင်မြင်မှုဖြစ်သော်လည်း ပထမနှင့် ဒုတိယဆုများ ရှိနေသေးသောကြောင့် တိုက်ရိုက်ဝင်ခွင့်ပေးသည့် ကျောင်းများမှာ စိတ်ကူးထားသလောက် မကောင်းလှပေ။
ထိုကောင်လေးကတော့ ဂရုမစိုက်ပေ။"အကြံပြုချက်နဲ့ ဝင်ခွင့်မရဘူးဆိုရင် ကိုယ့်ဘာသာ စာမေးပွဲဖြေပြီးဝင်မယ်။"
သူသည် ကြွားလုံးထုတ်နေခြင်း မဟုတ်ပေ။ နောက်ဆုံး စမ်းသပ်စာမေးပွဲတွင် သူသည် သူ၏ အဆင့် ငါးနေရာကို ရရှိခဲ့သည်။ အနည်းငယ်သာ ထပ်ကြိုးစားပါက ချင်တက္ကသိုလ် သို့မဟုတ် ယန်တက္ကသိုလ်သို့ ဝင်ရောက်နိုင်လိမ့်မည်။
ထိုအချိန်ဝန်းကျင်မှာပဲ လင်းချောင်၏ ချင်တက္ကသိုလ်မှ ဘွဲ့လွန်ဝင်ခွင့် လက်ခံကြောင်း အကြောင်းကြားစာသည် ကျောင်းသို့ ရောက်ရှိလာခဲ့ပြီး ကျောင်းထဲ၌ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။
"ချင်တက္ကသိုလ် ဘွဲ့လွန်ကျောင်းသူ! ဆရာမလင်းက ငါတို့နဲ့အတူ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေမှာ မဟုတ်ဘူးလား။"
ကျွင်းဇီတစ်ယောက် မယုံနိုင်ဖြစ်နေခဲ့သည်။"ငါက သူမနဲ့အတူ စာမေးပွဲ ဖြေချင်ခဲ့တာ။"
ချီဟွိုင်ဝမ်သည် လင်းချောင်၏ ချင်တက္ကသိုလ်တွင် လူတွေ့မေးမြန်းရန် သွားခဲ့သည့်အကြောင်း ကြားထားခဲ့သော်လည်း သူမ အောင်မြင်သွားကြောင်းကိုတော့ ယခုမှ သိရခြင်းဖြစ်သည်။
ကျွင်းဇီသည် လင်းချောင်အတွက် ပျော်ရွှင်ရမည်လား သို့မဟုတ် သူ့အတွက်သူ ဝမ်းနည်းရမည်လားကို မသိတော့ပေ။
"ငါတို့တွေ တက္ကသိုလ်မှာ တစ်နှစ်တည်း အတူတက်ရမယ်လို့ ထင်နေခဲ့တာ၊ ဒါပေမဲ့ သူမက ဘွဲ့လွန်သင်တန်းကို သွားတော့မယ်။"
ထိုသတ္တိခဲကောင်လေးသည် လင်းချောင်၏ အတန်းဖော်ဖြစ်ရန် စိတ်ကူးယဉ်ခဲ့ဖူးသည်။ သူ မိသားစုကို ပြောပြခဲ့သောအခါ ဗိုလ်မှူးကြီးလျန်နှင့် လျိုကွေ့ရင်း နှစ်ဦးစလုံးက သူ့ကို ဆူပူခဲ့ကြသည်။
"တစ်နှစ်တည်း အတူတက်ရရုံနဲ့ သူက မင်းရဲ့ ဆရာမ မဟုတ်တော့တာမျိုး မဟုတ်ဘူး။"
သားဖြစ်သူကို ဆူပူပြီးနောက် လျိုကွေ့ရင်းသည် ဗိုလ်မှုးကြီးလျန်ကို အံ့ဩစွာ ပြောလိုက်သည်။ "ရှောင်လင်းရဲ့ ဦးနှောက်က ဘယ်လို အလုပ်လုပ်နေတာလဲ။ ကျွန်မတို့သားတောင်မှ တက္ကသိုလ်တက်နိုင်မလားဆိုတာ မသေချာသေးဘူး၊ သူမကတော့ ဘွဲ့လွန်သင်တန်းကို သွားပြီ။"
ဗိုလ်မှူးကြီးလျန်ကတော့ ပို၍ လက်တွေ့ဆန်ဆန် ပြောလိုက်သည်။ "ငါတို့ရဲ့ ပညာရေးအဆင့်နဲ့ ကျွင်းဇီသာ ဘွဲ့လွန်သင်တန်း တက်ခွင့်ရတယ်လို့ပြောလာရင် ပုံမှန် မဟုတ်လောက်တော့ဘူး။"
လျိုကွေ့ရင်း - "..."
ဝင်ခွင့်စာကို အိမ်ယူလာခဲ့ပြီး လင်းချောင်သည် ခဏမျှ စဉ်းစားကာ အဘိုးကြီးနှင့် ရွှီလီတို့ကို ဖုန်းဆက် အကြောင်းကြားရန် ဆုံးဖြတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် သူမသည် ယန်မောက်ရှန်၏ အကူအညီအတွက် အတော်လေး ကျေးဇူးတင်ရမည်ဖြစ်ပြီး ရွှီလီကလည်း သူမ၏ အလုပ်နှင့် ပညာသင်ကြားမှုကို ပံ့ပိုးပေးခဲ့သူဖြစ့သည်။
သူမ ချင်တက္ကသိုလ်၏ ဘွဲ့လွန် အစီအစဉ်တွင် တက်ရောက်ခွင့်ရကြောင်း ကြားလိုက်ရသောအခါ အဘိုးကြီးတို့ နှစ်ဦးလုံး အလွန်ပျော်ရွှင်ခဲ့ကြသည်။ ပုံမှန်အားဖြင့် အလွန်တည်ငြိမ်သော အဘိုးကြီးက ဖုန်းကိုယူ၍ သူမ ဘာစားချင်လဲဟုပင် မေးခဲ့သေးသည်။
ဤသတင်းသည် နောက်ဆုံးတွင် ယဲ့မင်ရှူးထံ ရောက်ရှိသွားပြီး ကျိသော် ကိုယ်တိုင် ဖုန်းခေါ်၍ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
ကျိသော်သည် စကားနည်းပြီး အေးစက်သော စိတ်နေသဘောထားရှိသူဖြစ်သောကြောင့် ယဲ့မင်ရှူးလည်း ဖုန်းလက်ခံရခဲ့သောအခါ အတော်လေး အံ့အားသင့်သွားခဲ့ရသည်။ သူသည် ယခင်က ကျိကျွင်းနှင့် ကျ်ိဇယ်တို့ကို ရံဖန်ရံခါ ဆက်သွယ်ခဲ့ဖူးသော်လည်း လင်းချောင်နှင့် ကိစ္စဖြစ်ပြီးနောက်တွင်တော့ ဤဘက်ကို လုံးဝ မဆက်သွယ်တော့ပေ။ သို့သော် သူမသည်လည်း ဤအတောအတွင်း အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။
ကျိကျွင်း ထွက်သွားပြီးနောက် အဘိုးကြီးတို့က သူမအား အိမ်ဟောင်းသို့ပင် လာရောက်ခွင့် မပြုတော့ပေ။ အပြင်လူများသည်လည်း မျက်စိမကန်းကြသဖြင့် အခြေအနေ ပြောင်းလဲသွားသည်ကို မြင်နိုင်ခဲ့ကြသည်။
ယခင်က ဖော်ရွေခဲ့သူများသည် ယခုအခါ သူမကို ဝိုင်း၍ရှောင်ဖယ်လာကြသည်။ ရှောင်ဇယ်ကိစ္စကြောင့်လည်း အိမ်အပြင်ထွက်ရန်ပင် သတ္တိမရှိသလောက် ဖြစ်နေခဲ့ရသည်။
ကျိသော် ဖုန်းခေါ်လာချိန်တွင် သူသည် ရှောင်ဇယ်ကို စည်းရုံးရန်အတွက် ကူညီပေးနိုင်လိမ့်မည်ဟု ထင်မှတ်မိခဲ့သော်လည်း သူကတော့ ဒီသတင်းကိုသာ ပြောပြခဲ့သည်။
သူမ၏ မျက်နှာအမူအရာ တောင့်တင်းသွားတော့၏။ "အဲ့ဒီလိုလား။"
"ဟုတ်ပါတယ်။" ကျိသော်က သူမ၏ အတွေးကို သိနေဟန်ဖြင့် ဆက်ပြောလိုက်သည်။
"မိသားစုရဲ့ အကူအညီ လုံးဝမပါဘဲ သူမက တီထွင်ဖန်တီးမှုပြပွဲမှာ ရွှေတံဆိပ်ဆုရခဲ့ပြီး ချင်တက္ကသိုလ်ရဲ့ အာရုံစိုက်မှုကို ခံခဲ့ရတာလေ။"
ဒါက မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်သွားပြီး ယဲ့မင်ရှူး၏ မျက်နှာကို ပူလောင်သွားစေခဲ့သည်။
ယခင် လင်းချောင် အကြံပြုချက်များ ပေးခဲ့စဉ်ကလည်း သူမ အခုလို တွေးခဲ့မိသည်။ အခုတော့ လင်းချောင် ဘွဲ့လွန်ကျောင်း တက်ခွင့်ရသွားပြီဖြစ်၍ သူမ ဘာစကားမှ မပြောနိုင်တော့ပေ။
သို့ရာတွင် ကျိသော်၏ ဖုန်းခေါ်ဆိုမှုကတော့ မပြီးသေးပေ။ "စုန့်ကျင်းက ယွီကျင်းနဲ့ စေ့စပ်တော့မယ်၊ မရီး ကြားထားတယ်မလား။"
"ဘာ! စုန့်ကျင်းက ယွီကျင်းနဲ့ စေ့စပ်တော့မယ်!"
ယဲ့မင်ရှူး၏ အသံက မြင့်တက်သွားခဲ့သည်။ "မဖြစ်နိုင်ဘူး! ဒါက မဖြစ်နိုင်ဘူး!"
"မရီးတို့က အရမ်းရင်းနှီးကြတော့ သိပြီးသား ဖြစ်နေမယ် ထင်ခဲ့တာ။" ကျိသော်၏ အသံက တည်ငြိမ်နေသော်လည်း လှောင်ပြောင်သံ ပေါက်နေခဲ့သည်။
ဖုန်းချပြီးနောက် ယဲ့မင်ရှူး စုန့်မိသားစုထံ သွားရောက်ခဲ့ရာ ယွီကျင်းက ထိုအိမ်တွင် ညစာစားနေသည်ကို တွေ့လိုက်ရသည်။ စုန့်ဇနီးမောင်နှံက သူ့ကို နွေးထွေးစွာ ပြုစုနေပြီး အနာဂတ် သားမက်လောင်းအဖြစ် သတ်မှတ်ထားသည်မှာ သ်ိသာနေခဲ့သည်။
သူမ၏ ခေါင်းထဲတွင် ဝီခနဲ မြည်သွားပြီး မေးမြန်းချင်သည့် မေးခွန်းများရှိနေသော်လည်း စုန့်ကျင်း၏ အမေက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်၏။
"ရှောင်ဇယ်ရဲ့ စီးပွားရေးလုပ်ငန်းက လတ်တလော အတော် အဆင်ပြေနေတယ်နော်။"
ကျီဇယ် စီးပွားရေးဘက်သို့ ပြောင်းလဲသွားသည်ကို သူတို့ သိထားကြောင်း ရှင်းနေပြီဖြစ်သည်။
ထို့နောက် သူမက ထပ်ဖြည့်ပြောလိုက်၏။ "ပြီးတော့ ရှင့် မတ်လေးရဲ့ အမျိုးသမီးကလည်း ချင်တက္ကသိုလ်ရဲ့ ဘွဲ့လွန်သင်တန်းကို ဝင်ခွင့်ရတယ်လို့ ကြားတယ်။"
ယဲ့မင်ရှူးသည် ခြေထောက်မှစ၍ နှလုံးသားအထိ အေးစက်သွားသလို ခံစားလိုက်ရသည်။
ထိုတစ်ဖက်လူက ကျိမိသားစု၏ အိမ်ထောင်ဖက် လဲလှယ်ခဲ့ခြင်းကို သူတို့ သိထားကြောင်း၊ လိုအပ်ပါက ဖော်ထုတ်ရန် ဝန်လေးမည်မဟုတ်ကြောင်း သူမအား သတိပေးလိုက်ခြင်း ဖြစ်သည်။
ယဲ့မင်ရှူးသည် စုန့်အိမ်မှ တုန်ယင်စွာ ထွက်လာပြီးနောက် နှစ်ပေါင်းများစွာတိုင်အောင် ထိုသို့သော မိသားစုနှင့် မိတ်ဆွေဖွဲ့ခဲ့မိသည့်အတွက် သူမ မျက်စိကန်းနေခဲ့ကြောင်း ခံစားမိလိုက်သည်။
ထို့အပြင် လင်းချောင်၊ သူမသည် တီထွင်ဖန်တီးမှုကောင်းပြီး ချင်တက္ကသိုလ်၏ ဘွဲ့လွန်သင်တန်းအထိ ဝင်ခွင့်ရနိုင်သူဆိုသည်ကို၊ စောစောကသာ သိထားခဲ့ရင်...