← Chapters

အခန်း (၁၁၉)

Vol. 10 Ch. 119

အခန်း (၁၁၉)

Vol. 10 Ch. 119

"အစ်မကြီး နေမကောင်းပြန်ဘူးလား။"

လင်းချောင် ဒီအကြောင်း ကြားခဲ့ချိန်တွင် ကျ်ိလင်ကတော့ အိမ်ဟောင်းတွင် လေးရက်၊ ငါးရက်ခန့် နေထိုင်နေခဲ့ပြီ ဖြစ်သည်။

ကျိသော်၏ မျက်နှာအမူအရာကတော့ ဖတ်လို့မရနိုင်ပေ။ "စုန့်ကျင်းက ယွီကျင်းနဲ့ စေ့စပ်တော့မယ်ဆိုလို့ သူမ ဒေါသထွက်သွားတာလို့ ကြားတယ်။"

သူက ထိုသို့ဆိုကာ သူ ချက်ထားသော ပုဇွန်ဟင်းကို ချပေးလိုက်သည်။

ဒါကတော့ တကယ်ကို ဒေါသထွက်စရာပင်။ ဘယ်လိုဖြစ်ဖြစ် ယဲ့မင်ရှူးက သူတို့အကြောင်းကို နေ့တိုင်းပြောနေခဲ့ပြီး နောက်ဆုံးတွင်တော့ စုန့်မိသားစု၏ နောက်ကျောကို ဓားနှင့်ထိုးခြင်း ခံလိုက်ရသည်။

သူမသည် နောက်ခံအသိုင်းအဝိုင်းများကို အမြဲ အထင်သေးခဲ့သော်လည်း ယခုတွင်တော့ သူမသား၏ အလားအလာကြောင့် ပြန်လည် အထင်အသေးခံလိုက်ရကာ သဘောထားများလည်း လုံးဝ ပြောင်းလဲသွားခဲ့သည်။

"ရပြီ။"

ကျိသော်သည် ပုံမှန်အတိုင်း သူ့ဘာသာသူ ပုစွန်တစ်ကောင်ခွာ၍ အရသာမြည်းကြည့်ပြီးမှ နောက်တစ်ကောင်ကို ခွာကာ လင်းချောင်၏ ပါးစပ်သို့ တေ့ပေးလိုက်သည်။

လင်းချောင်သည် စုန့်ကျင်း၏ အကြောင်း စဉ်းစားနေဆဲဖြစ်ပြီး၊ ဒီတစ်ကြိမ်က သူမ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်လား၊ ဒါမှမဟုတ် မိသားစုက စီစဉ်ပေးခြင်းလား၊ ထို့အပြင် ထုတ်လုပ်ရေးလိုင်းပြဿနာကိုရော သူမ သိထားသလားဟု တွေးမိနေသည်။ သူမသည် စိတ်မပါတပါဖြင့် တစ်ကိုက် ကိုက်လိုက်၏။ မထင်မှတ်ထားဘဲ အလွန် အရသာရှိနေပြီး အဘိုးကုအိမ်မှ အရသာနှင့် အတော်လေး ဆင်တူနေခဲ့သည်။

ထို့အပြင် သူ ဒီဟင်းကိုချက်ရန် အချိန်အကြာကြီး လေ့ကျင့်ခဲ့သေးသည်။

လင်းချောင် ငြိမ်သက်သွားပြီး ရုတ်တရက်ဆိုသလို ထိုသူကို မော့ကြည့်ကာ လေးနက်သည့်အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။

"ကျ်ိသော်၊ ကျွန်မ ကျောင်းနဲ့နီးတဲ့နေရာမှာ အိမ်တစ်လုံးဝယ်ဖို့ စီစဉ်နေတယ်။"

လင်းချောင်သည် သူမ ရည်ညွှန်းနေသည့်ကျောင်းကို အတိအကျပြောပြရန် မလိုအပ်ဘဲ ကျ်ိသော် ခန့်မှန်းနိုင်ခဲ့သည်။

ပုဇွန်အခွံနွှာပြီး လက်သုတ်နေသည့် ထိုအမျိုးသားသည် သူမ၏ စကားကြောင့် ခေတ္တရပ်သွားခဲ့သည်။ သူ လှည့်ကြည့်လိုက်သောအခါ လင်းချောင်၏ ကြည်လင်သော မျက်လုံးများကို တွေ့လိုက်ရပြီး သူမသည် စနောက်နေခြင်း သို့မဟုတ် ယခင်ကိစ္စများအတွက် အငြိုးအတေးဖြင့် ပြောနေခြင်း မဟုတ်ကြောင်း သိလိုက်ရသည်။ ဤအရာက သူ၏အကြည့်ကို မှောင်မိုက်သွားစေခဲ့ပြီး သူ၏ မေးရိုးအောက်ဘက်မှ ကြွက်သားများက တင်းမာသွားတော့သည်။

ခဏအကြာတွင်တော့ လင်းချောင် သူ၏ နက်ရှိုင်းသောအသံကို ကြားလိုက်ရသည်။ "မင်း တကယ်ပဲ အိမ်တစ်လုံး ဝယ်ဖို့ လိုအပ်လို့လား။"

သူသည် သူမ ကွာရှင်းရန် ပြောခဲ့စဉ်ကကဲ့သို့ တိုက်ရိုက် ငြင်းပယ်ခြင်းမျိုး မပြုလုပ်ခဲ့သလို၊ အေးစက်စွာ မေးခွန်းထုတ်ခြင်းမျိုးလည်း မရှိခဲ့ပေ။ သူ၏အကြည့်ထဲတွင်လည်း အားလျော့နေသည့် အရိပ်အယောင်လေးအချို့ ပါနေခဲ့၏။

လင်းချောင်သည် ထိပ်တိုက်ရင်ဆိုင်ရခြင်းကို ကြောက်ရွံသူမဟုတ်ပေ။

တစ်စုံတစ်ယောက်က သူမအပေါ် အင်အားသုံးလာပါက သူမသည်လည်း နောက်ဆုတ်နေမည်မဟုတ်။ သို့သော် သူက သူမအား ပုဇွန်ဟင်းပါချက်ပေးခဲ့ပြီးနောက် အကျိုးသင့်အကြောင်းသင့် မေးမြန်းခဲ့သည့်အတွက် သူမ မော့ကြည့်ခြင်းမပြုမီ အကြည့်ကို အောက်ချလိုက်မိသည်။ ထို့နောက်မှ ပြန်မော့ကြည့်၍ ဆိုလိုက်၏။

"ကျောင်းနားမှာ အိမ်တစ်လုံး ဝယ်ဖို့ စိတ်ကူးရှိနေတာတော့ ကြာပါပြီ"

"နှစ်သစ်ကူး မတိုင်ခင်ကလား ဒါမှမဟုတ် နောက်ပိုင်းမှလား။"

ကျိသော်၏ မေးခွန်းများသည် အမြဲတမ်းလိုလို အဓိကအချက်ကို ထိမိနေခဲ့သည်။

လင်းချောင်လည်း ဖုံးကွယ်မထားခဲ့ပေ။ "အရင်တည်းက စိတ်ကူးရှိခဲ့တာပါ။ ကျွန်မ အဆောင်မှာ မနေချင်ဘူး၊ အဲ့ဒါက အဆင်မပြေဘူးလေ။ ပြီးတော့ အိမ်ဝယ်တာကလည်း ရင်းနှီးမြှုပ်နှံမှု တစ်ခုပဲ။"

သူမအတွက်တော့ အိမ်ဆိုသည်မှာ နေထိုင်ရာ နေရာတစ်ခုတည်း မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှုတစ်ခုလည်း ဖြစ်သည်။ သူမ မည်သည့်တက္ကသိုလ်ကို တက်သည်ဖြစ်စေ၊ ကျိသော်နှင့် သူမ၏ ဆက်ဆံရေးက မည်သို့ပင်ဖြစ်စေ၊ သူမကတော့ အိမ်ဝယ်ရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။

ယခင်က မပြောပြခဲ့ခြင်းမှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မဖြေရသေးသဖြင့် မည်သည့်နေရာတွင် စာသင်ရမည်ကို သေချာမသ်ိသေးသောကြောင့်သာ ဖြစ်သည်။

လေထုအနေအထားက ခဏတာ ငြိမ်သက်သွား၏။ ခဏအကြာတွင်တော့ ကျိသေည်သည် အောက်ငုံ့ပြီး မီးဖိုခန်းသုံးအဝတ်ကို ချွတ်လိုက်ကာ ရုတ်တရက် မေးလိုက်သည်။

"မင်း နောက်ပိုင်း ဒီက်ို ပြန်လာဦးမှာလား။"

သူ၏အသံက တည်ငြိမ်နေသော်လည်း သူ၏ မျက်နှာကို အောက်ငုံ့ထားသောကြောင့် သူ့အကြည့်သည်လည်း အသံနှင့် ထပ်တူ တည်ငြိမ်မှု ရှိ၊ မရှိကို လင်းချောင် မပြောနိုင်ခဲ့ပေ။

လင်းချောင် ခေတ္တငြိမ်သက်သွားပြီး ရိုးသားစွာ ပြောလိုက်၏။ "အလုပ်မများဘူးဆိုရင်တော့ ကျွန်မ ပြန်လာမှာပါ။ ဒါပေမဲ့ ကျွန်မရဲ့ ပါမောက္ခက သုတေသနလုပ်ငန်း စောစော စတင်နိုင်ဖို့အတွက် ဒီစာသင်နှစ်ကုန်မှာ လာပြီး စာရင်းသွင်းစေချင်နေတယ်။"

ထိုကိစ္စသာ မဖြစ်ခဲ့ဘဲ၊ သူမသာ ပေါ့ပါးသော ဘွဲ့ကြိုသင်တန်းကို တက်ရောက်နေခဲ့ရလျှင်တော့၊ သူမ သေချာပေါက် ပြန်လာနိုင်လိမ့်မည်။ သို့သော် လောကကြီးတွင် "ထိုသို့သာ" ဆိုသည့်ဖြစ်ရပ်မျိုး မရှိပေ။

လင်းချောင်သည် သူ၏ လတ်တလော ကြိုးစားအားထုတ်မှုများကို မြင်နိုင်ခဲ့သော်လည်း အတူတကွ နေထိုင်ခြင်းသည် ရေရှည်ကိစ္စတစ်ခုဖြစ်ပြီး ယာယီအချိန်တိုအတွင်း အပြစ်ရှိသလို ခံစားချက်မျ်ိုးဖြင့် ထိန်းထားနိုင်သည့်အရာ မဟုတ်ပေ။ သူသည်လည်း ဒီအားထုတ်မှုကို ဘယ်လောက်ကြာကြာ ဆက်ထိန်းထားနိုင်မည်လဲကို ဘယ်သူမှမသိနိုင်ပေ။

သူတို့ နှစ်ဦးသည် အလွယ်တကူ လမ်းခွဲလို့မရသဖြင့် ယုံကြည်မှုကို လျင်မြန်စွာ ပြန်လည်တည်ဆောက်နိုင်ရန် အချင်းချင်း စိတ်အေးသွားသည်အထိ အချိန်ပေးလိုက်ခြင်းက ပိုကောင်းလိမ့်မည်။ သူမသည် ဤယခုကမ္ဘာသို့ အချစ်ရှာရန် လာခဲ့ခြင်းမဟုတ်ပေ။

သူမတွင် လုပ်ဆောင်ရမည့် အဓိပ္ပာယ်ရှိသော အရာများစွာ ရှိနေပြီး ကျိသော်လည်း ထပ်တူ ခံစားရမည်ဟု သူမ ယုံကြည်သည်။ သူသည် ထူးချွန်သော စစ်သားတစ်ဦးဖြစ်ပြီး မိသားစုဝင်နှင့် မိတ်ဆွေတစ်ဦးအနေဖြင့် ယုံကြည်စိတ်ချရသောသူဖြစ်သော်လည်း သူမ၏ ချစ်သူအဖြစ်တော့ သင့်လျော်ချင်မှ သင့်လျော်လိမ့်မည်။ သူတို့၏ စတင်ခြင်းတွင်လည်း ချို့ယွင်းချက်များစွာ ရှိနေခဲ့သေး၏။

လင်းချောင်သည် သူတို့ ဆိုးရွားသည့် အခြေအနေတစ်ခုဖြင့် လမ်းခွဲရန်အတွက် ပြင်ဆင်ထားခဲ့ပြီဖြစ်သော်လည်း သူမ ဆုံးဖြတ်ချက်ချပြီးပြီဖြစ်သောကြောင့် ထိုသူလည်း သိပိုင်ခွင့်ရှိသည်။ တိတ်ဆိတ်မှုထဲတွင် သူမ စကားထပ်ပြောရန် ပြင်ဆင်နေစဉ်မှာပဲ သူက ရုတ်တရက် မော့ကြည့်လာ၏။

"ဒါဆိုလည်း ဝယ်တာပေါ့။"

သူမ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့တော့သည်။

သူ၏ မျက်နှာအမူအရာသည် ပုံမှန်အတိုင်းပြန်ဖြစ်နေပြီး ယခင်ကရှိနေခဲ့သည့် တင်းမာမှု အရိပ်အယောင်မျိုး မရှိတော့ပေ။

"မင်း ဘယ်လိုအိမ်မျိုး ဝယ်ချင်တာလဲ။ ကိုယ် မင်းနဲ့အတူ လိုက်ကြည့်ပေးမယ်။"

သူမဘက်မှ တုံ့ပြန်မှု မရှိသည်ကို တွေ့သောအခါ သူ ရှင်းပြလိုက်ပြန်သည်။

"ကိုယ်က ဝင်စွက်ဖက်ဖို့ ကြိုးစားနေတာမျိုး မဟုတ်ပါဘူး။ အဲ့ဒီနေရာမှာက အိမ်ဟောင်းတွေ အပြည့်ပဲ၊ အများစုက ပြည်သူပိုင်အိမ်ရာ ဖြစ်သွားခဲ့တာ။ အရင်နှစ်တွေက ပိုင်ဆိုင်မှု အခွင့်အရေးတွေကို တစ်ဦးချင်းစီ ပြန်ပေးခဲ့ပေမဲ့ တချို့နေထိုင်သူတွေက မပြောင်းရွှေ့သေးဘူး။ ဝယ်ဖို့ဆိုရင် ရှုပ်ထွေးတဲ့ကိစ္စတွေ အများကြီးရှိတယ်၊ ပြဿနာတွေလည်း များတယ်။"

သူက သူမကို အိမ်ဝယ်ရန်အတွက် အမှန်တကယ် ကူညီ စဉ်းစားပေးနေခြင်းဖြစ်သည်။

လင်းချောင် စိတ်ရှုပ်ထွေးနေပြီး တစ်စုံတစ်ရာ ပြောချင်သော်လည်း ဘာပြောရမှန်း မသိဖြစ်နေ၏။

"မင်း မဆုံးဖြတ်ရသေးဘူးဆိုရင် ဘာမှ မပြောနဲ့၊ ငြင်းလည်း မငြင်းနဲ့။"

သူက သူမကို ညင်သာစွာ ပြောဆို၍ တားမြစ်လိုက်ပြီး စားပွဲပေါ်ရှိ ပုဇွန်ဟင်းကို လှည့်ကြည့်ကာ မေးလိုက်သည်။

"ဒီနေ့ စားရတာ အရသာရှိရဲ့လား။"

"အရမ်းကောင်းတယ်၊ အတော် အရသာရှိတယ်။"

လင်းချောင် ထပ်မပြောတော့ဘဲ ပန်းကန်နှင့် တူများကိုယူရန် လှည့်ထွက်သွားလိုက်သည်။

ကျိသော်သည် အမြဲလိုလို ကတိတည်တတ်သူမျိုးဖြစ်သည်။ တနင်္ဂနွေနေ့တွင် သူသည် ချင်တက္ကသိုလ်အနီးရှိ အိမ်များကို ကြည့်ရှုရန် သူမနှင့်အတူ လိုက်လာပေးခဲ့သည်။

သူပြောခဲ့သည်မှာ မှန်သည်။ အိမ်ငှားများက မပြောင်းပေးဘဲ ငြင်းဆန်နေရုံသာမက မီးဖိုချောင်များနှင့်၊ အခြားသော နေရာများကိုပါ တိုးချဲ့ဆောက်လုပ်ထားသောကြောင့် ခြံဝန်းထဲတွင် နေရာလွတ် မကျန်တော့ပေ။ အစပိုင်းကာလများတွင် အိမ်နေရာများကို ခွဲဝေပေးခဲ့တုန်းက စုံတွဲတစ်တွဲစီလျှင် ၁၀ စတုရန်းမီတာမှ ၁၅ စတုရန်းမီတာသာ ရခဲ့ခြင်းဖြစ်၍ မိသားစုများ အရွယ်ရောက်လာသည့်အခါ နေရာမလုံလောက်တော့ခြင်းဖြစ်သည်။

အိမ်ပိုင်ရှင်ကတော့ သူတို့တွင်သာ ဝယ်မည့်ဆန္ဒရှိလျှင် အိမ်ငှားများကို ချက်ချင်းထွက်သွားပေးရန် ပြောဆိုပေးမည်ဟု အကြိမ်ကြိမ် အာမခံခဲ့သည်။

လင်းချောင်ကတော့ ပြုံးရုံသာ ပြုံးပြခဲ့ပြီး၊ ခြံဝန်းသေးနေသည့်တိုင် နေထိုင်သူ နည်းပါးသော အိမ်များကိုသာ အာရုံစိုက်၍ ရှာဖွေနေခဲ့သည်။

နောက်တစ်နေ့တွင်တော့ စူးကျန့်သည် ကျိသော်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။

"ချင်တက္ကသိုလ်နားက အမှတ် ၃၂ ရှီကျားဟူထုံ၊ အိမ်ပိုင်ရှင်က ဝမ်သာ့ဟိုင်၊ အမှတ် ၃၆ သာ့ချန်ဖန်၊ အိမ်ပိုင်ရှင်က လျိုတုန်းရှန်... ဒီအိမ်တွေ၊ အိမ်ပိုင်ရှင်တွေနဲ့ ပတ်ဝန်းကျင်က ဒေသခံတွေအကြောင်းကို စစ်ဆေးပေးပါဦး။ ရာဇဝတ်မှု မှတ်တမ်းတွေ ဒါမှမဟုတ် ရပ်ကွက်အတွင်း အငြင်းပွားမှုတွေ ရှိမရှိ ကြည့်ပေး..."

"ခဏ၊ ခဏလေး။"

စူးကျန့်သည် ပထမတော့ တစ်ခုခု အရေးကြီးသည့်ကိစ္စဟု ထင်လိုက်သော်လည်း နောက်ပိုင်းတွင်တော့ နားထောင်ရသည်မှာ အဆင်မပြေတော့ပေ။

"မင်း ဘာတွေလုပ်နေတာလဲ၊ ရပ်ကွက်တွင်း ဆက်ဆံရေးတွေဘာတွေအထိ မေးနေရအောင်။"

"ချောင်ချောင်က ချင်တက္ကသိုလ်မှာ မဟာဘွဲ့တက်မယ်၊ အဲ့ဒီနားမှာ အိမ်ဝယ်ဖို့ စီစဉ်နေတယ်။" ကျိသော်၏ အသံက တည်ငြိမ်နေပြီး ဘာခံစားချက်ကိုမှ မဖော်ပြနေပေ။

စူးကျန့်ကတော့ အံ့သြနေဆဲပင်။ "သူမက ချင်တက္ကသိုလ်မှာ မဟာဘွဲ့ တက်မှာလား။ ကောင်းပါတယ်၊ ပညာသင်တာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ အိမ်ဝယ်ဖို့အထိတော့ လိုလို့လား။"

ကျိသော် ပြန်မဖြေခဲ့ပေ။ "စစ်ပေးလို့ရ၊ မရပဲ ပြောပါ။"

"စစ်ပေးလို့တော့ ရပါတယ်။ ဒါပေမဲ့..."

စူးကျန့်က တုံ့ဆိုင်းသွားပြီးမှ တိုးတိုးလေး ပြောလိုက်သည်။ "မင်းတို့ နှစ်ယောက်ထဲက တစ်ယောက်က တက္ကသိုလ်တက်မှာ၊ တစ်ယောက်က စစ်တပ်ထဲမှာ။ ဒီလိုဆို သိပ်ပြီး တွေ့ရတော့မှာ မဟုတ်ဘူး။ သူမက ကျောင်းနားမှာ အိမ်ဝယ်မယ်ဆိုတော့ မင်းတို့နှစ်ယောက်ကြား ပြဿနာရှိနေလို့လား။"

သူတို့တွင် ပြဿနာတချို့ ရှိနေသည်ကတော့ အမှန်ပင်။ တစ်ယောက်က ကျောင်းတက်ရမည်၊ တစ်ယောက်က စစ်တပ်ထဲတွင် ဖြစ်သည့်အတွက် သေချာပေါက် ခွဲခွာရတော့မှာဖြစ်ကာ တွေ့ဆုံရန် ခက်ခဲသွားလိမ့်မည်။

ဒါပေမဲ့လည်း သူမက သူ့ဆီ မလာနိုင်လျှင်တောင် သူကတော့ သူမရှိရာ သွားနိုင်သည်။ ကျိသော်တွင် လင်းချောင်ကို ဘာတစ်ခုမှ အတင်းအကျပ် လုပ်ခိုင်းစေချင်စိတ် မရှိပေ။

"အဆင်ပြေပါတယ်။ ငါတို့ ယန်ဒူမှာ အိမ်ရှိသွားတယ်လို့ပဲ မှတ်လိုက်ပါ။"

စစ်မှုထမ်းမိသားစုတိုင်းက သူတို့၏ အိမ်ထောင်ဖက်နောက် လိုက်နေစရာမလိုပေ။ လင်းချောင်တွင် အချိန်မရှိသော်လည်း သူမှာတော့ ရှိပြီး ခွင့်လည်း ရသည်။ သူမကို ခဏခဏ လာတွေ့ရသည်က သူမကို ပိုပျော်ရွှင်စေမည်ဆိုလျှင် ထိုကဲ့သို့သာ ဖြစ်ပါစေတော့။ သူ့ကို ဆွဲဆောင်နိုင်ခဲ့သည်မှာလည်း သူမသည် ပြီးပြည့်စုံသည့်ဇနီးနဲ့ မိခင်တစ်ဦး ဖြစ်ခြင်းကြောင့် မဟုတ်ခဲ့ပေ။

သူတို့ မကွာရှင်းသရွေ့တော့ သူ့တွင် သူမ၏စိတ်ကို ဖြည်းဖြည်းချင်း အနိုင်ယူနိုင်ရန် တစ်သက်တာလုံး အချိန် ရှိသေးသည်။ သူမကို တစ်ကြိမ် စိတ်လှုပ်ရှားစေနိုင်ခဲ့သည်ဆိုလျှင် အချိန်ကြာလာသည်နှင့်အမျှ ထပ်လုပ်နိုင်မည်ဟု သူ ယုံကြည်ထားသည်။

ကျိသော်က အဆင်ပြေသည်ဟု ပြောတော့ စူးကျန့်လည်း သူတို့၏ ကိုယ်ရေးကိုယ်တာကိစ္စများကို ဆက်ပြီး ဖိအားပေးကာ မေးမနေတော့ပေ။

"ကောင်းပြီ၊ မင်းအတွက် စစ်ဆေးပေးမယ်။"

သူသည် လိပ်စာများကို မှတ်သားလိုက်ပြီး သူ၏အသံကို လျှော့ချလိုက်သည်။

"မင်း ငါ့ဆီ မလာပေမဲ့ ငါကတော့ မင်းကို ရှာဖို့ လုပ်နေတာ။ ငါတို့ အချက်အလက်တချို့ ရထားတယ်။ အဲ့ဒီလူရဲ့ အထောက်အထားကို အတည်ပြုပြီးပြီ။"

"ထောင်ကွမ်းရှောက်၊ ကျား၊ အသက် ၃၄ နှစ်၊ တောင်ပိုင်းပြည်နယ်၊ ကောင်းရှန်ခရိုင်၊ ကျားကော်ရွာကပဲ..."

လင်းချောင်လည်း ကျိသော် ယူလာပေးသည့် အချက်အလက်များကို မြင်လိုက်ရသည်။ "ဒီလူဆိုတာ သေချာပြီလား။"

"အင်း။"

ကျိသော်သည် သူ၏ စစ်ဦးထုပ်ကို ချိတ်လိုက်ပြီး အထဲဝင်လာကာ သူမ၏ ပခုံးပေါ်မှ လက်လှမ်းပြီး စာမျက်နှာကို လှန်လိုက်သည်။

"ရုပ်ရည်၊ လေယူလေသိမ်း၊ အချိန်၊ အားလုံးက တူညီနေတယ်။"

ဒီလှုပ်ရှားမှုကြောင့် သူတို့နှစ်ဦး ရုတ်တရက် အလွန်နီးကပ်သွားပြီး လင်ချောင်က သူ့ကို မှီထားသလိုပုံစံ ဖြစ်သွားခဲ့သည်။

စာရွက်စာတမ်းများကို လှန်လှောကြည့်နေသည့် လင်းချောင်ကတော့ ဒါကို သတိမထားမိလိုက်ပေ။ "ဒါဆိုရင် သူ့ကို ဖမ်းလို့ရပြီလား။"

"သူက လွန်ခဲ့တဲ့ လအနည်းငယ်လောက်က ပြန်သွားတယ်။ ကိုယ်တို့ သူ့ဓာတ်ပုံရထားတယ်ဆိုတာကိုတော့ သူ သတိမထားမိသေးဘူး ထင်တယ်။ သူ ပြန်လာမှပဲ ကြည့်ရမှာပေါ့။"

"ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။" လင်းချောင် ဖိုင်ကိုပိတ်ပြီး သူ့ကို ပြန်ပေးလိုက်သည်။

"အဘိုးကုက ဒီနေ့အတွက် အချိန်အကြာကြီး စောင့်ခဲ့ရတာ။"

ကျိသော်က သူမပေးသည့်ဖိုင်ကို ယူလိုက်ပြီး နောက်ဘက်မှ စာရွက်တစ်ရွက်ကို သူမထံ ပေးလိုက်သည်။

"ကြည့်လိုက်ဦး။"

ဒီတစ်ခါ အချက်အလက်များက အိမ်များအကြောင်း ဖြစ်သည်၊ အိမ်ပိုင်ရှင်များ၊ အိမ်နီးနားချင်းများ၊ ပိုင်ဆိုင်မှု အခွင့်အရေးများနှင့် အငြင်းပွားမှုများအကြောင်း ပါဝင်သည်။ စုံစမ်းစစ်ဆေးမှုက အလွန်အသေးစိတ်ကျပြီး ပြဿနာရှိနေသော နေရာများကိုပါ ဝိုင်းပြထားသည်။

"အသင့်တော်ဆုံး ရွေးချယ်မှုတွေကတော့ ဒီနှစ်ခုပဲ။" ကျိသော်က ထိုနေရာများကို လက်ညှိုးထိုးပြခဲ့သည်။

"ပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ အငြင်းပွားမှုမရှိဘူး၊ ပြီးတော့ မင်းရဲ့ကျောင်းနဲ့လည်း နီးတယ်။"

"ထပ်ပြီး သွားကြည့်ရအောင်။"

လင်းချောင်က ဒီတစ်ကြိမ်မှာတော့ စာရွက်ကို ပြန်မပေးတော့ပေ။ သူမ မော့ကြည့်လိုက်သည့်အခါ သူက သူမနားနားတွင် ကပ်ပြီး စကားပြောနေသည်ကို သိလိုက်ရ၏။

ခန္ဓာကိုယ်က အကွာအဝေးတချို့ကို အသားကျနေပြီဖြစ်၍ လိမ်လို့မရနိုင်ပေ။ အကယ်၍ ဒီလောက် နီးကပ်စွာ ရပ်နေသည်မှာ တခြားသူတစ်ယောက်သာဆိုလျှင် သူမ ချက်ချင်း သတိထားမိလိမ့်မည်။

လင်းချောင် အသက်ရှူရပ်သွားသလို ခံစားလိုက်ရသော်လည်း ကျိသော်ကတော့ ပထမစာရွက်စာတမ်းများကို ပုံမှန်အတိုင်း ကောက်ယူလိုက်ပြီး ပြောလိုက်၏။

"ဖတ်ပြီးပြီလား။ ကိုယ် သွားပြီး မီးရှို့လိုက်တော့မယ်။"

စိတ်တူကိုယ်တူ ဖြစ်နေသည်လား၊ ဒါမှမဟုတ် ကျိသော်ကပဲ သူမကို အလွန်နားလည်နေတာလားမသိသော်လည်း သူမတို့ အိမ်များကို ထပ်သွားကြည့်သည့်အခါ လင်းချောင်က ဒီနှစ်ခုကိုသာ စိတ်အကျေနပ်ဆုံး ဖြစ်နေခဲ့သည်။

တစ်ခုက သေးငယ်သော်လည်း ကျောင်းနှင့် ပိုနီးသည်။ နောက်တစ်ခုကတော့ အနည်းငယ်ပိုကြီးပြီး ခြံဝင်းနှစ်ခု ပါသော်လည်း သူမတို့ဌာနနှင့် အနည်းငယ် ဝေးနေသည်။ စျေးနှုန်းအနေဖြင့် ပထမတစ်ခုက ရှစ်ထောင်၊ နောက်တစ်ခုကတော့ တစ်သောင်းနှစ်ထောင် ဖြစ်သည်။

လင်းချောင်က မတုံ့ဆိုင်းဘဲ ပြောလိုက်၏။ "ကလေးတွေကပဲ ရွေးချယ်တာ။ လူကြီးတွေကတော့ နှစ်ခုစလုံး ယူတယ်။ ဘာပဲဖြစ်ဖြစ် ယန်ဒူမှာရှိတဲ့ ဘယ်ခြံဝင်းနဲ့အိမ်မဆို အနာဂတ်မှာရင်းနှီးမြှုပ်နှံမှုကောင်းတွေ ဖြစ်လာမှာပဲ။"

သူတို့ အိမ်များကို ဝယ်ယူခဲ့သည့်နေ့တွင်ပဲ ကျိဇယ်၏ စက်ရုံအသစ်၌ တရားဝင် ဖွင့်လှစ်ပွဲ ကျင်းပခဲ့သည်။ စက်ရုံတံခါးဝရှေ့တွင် ရှည်လျားသော အနီရောင်ဖဲကြိုးကို ဆန့်တန်းထားပြီး ကျိဇယ်၊ စက်ရုံမှ ဝါရင့်ဝန်ထမ်းတချို့နှင့် သူ၏ ရင်းနှီးသော သူငယ်ချင်းတချို့က ကတ်ကြေးတစ်စုံစီ ကိုင်ဆောင်ထားကာ ရပ်နေကြသည်။

"ဒါက အရမ်းကောင်းတယ်။ ငါ ဖွင့်ပွဲမှာ ဖဲကြိုးဖြတ်ခဲ့တယ်ဆိုပြီး ကြွားလို့ရပြီ။"

ကျိကျွင်းကို ပြောင်းရွှေ့လိုက်ပြီဖြစ်ပြီး ကျိဇယ်ကလည်း စီးပွားရေးလောကထဲ ကူးပြောင်းလာပြီဖြစ်သည့်အတွက် သူ့ကို အားပေးရန် လာရောက်သူများက ပေါ့ပေါ့ပါးပါး စကားပြောတတ်ကြသော သူနှင့် ရင်းနှီးသည့်သူငယ်ချင်းများသာ ဖြစ်သည်။

သို့သော်လည်း စစ်ဝတ်စုံဝတ်ထားသည့် အရာရှိများစွာ တက်ရောက်ခဲ့ကြသောကြောင့် စက်ရုံအလုပ်သမားအချို့ကို စိတ်လှုပ်ရှားစေပြီး သူတို့၏ ချွေးထွက်နေသော လက်ဖဝါးများကိုပင် မကြာခဏ သုတ်နေကြရသည်။

ကျိဇယ်က ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ဘယ်သူတွေ ရောက်နေလဲ၊ ဘယ်သူတွေ မရောက်သေးဘူးလဲဆိုသည်ကို သတိထားမိလိုက်သည်။

"ရွှီကျန်း ဘယ်မှာလဲ။ ဒီနေ့ မလာဘူးလား"

"သူ လာမှာပါ။ ဒါပေမဲ့ လုပ်စရာလေးရှိလို့ ဖဲကြိုးဖြတ်ပွဲကိုတော့ လွဲသွားနိုင်တယ်။"

ကျိဇယ်က ရှင်းပြစရာ မလိုဘဲ အကြောင်းရင်းကို သိလိုက်သည်။ ယွီကျင်းနှင့် စုန့်ကျင်းတို့ ဒီနေ့ စေ့စပ်ကြမည်ဖြစ်ပြီး အချို့လူများကတော့ သေချာပေါက် သွားတက်ကြလိမ့်မည်။

တစ်ယောက်က မနေနိုင်ဘဲ သူ့ကို တိုးတိုးလေး မေးလိုက်သည်။

"မင်း တကယ်ပဲ သူမနဲ့ တစ်ခါမှ မတွဲခဲ့ဘူးလား"

"တစ်ခါမှ မတွဲခဲ့ဖူးပါဘူး။"ကျိဇယ်၏ အပြုံးက ပျက်မသွားခဲ့ပေ။

"ဒါက မိဘတွေ စနောက်နေရုံ သက်သက်ပါ။ ငါတို့ နှစ်ယောက်တည်း အပြင်ထွက်တာကို မင်း ဘယ်တုန်းက မြင်ဖူးလို့လဲ။"

"အဲ့ဒါတော့ ဟုတ်တယ်။"

ထိုလူက ဆက်ပြောချင်သေးသော်လည်း စကားလမ်းကြောင်းပြောင်းရန် အချက်ပြခံလိုက်ရသည်။

"မင်းဘေးနားမှာ ထိုင်ခုံအလွတ်က ဘာလို့ရှိနေတာလဲ။ ဘယ်သူ့အတွက်လဲ။"

"ငါ့ အဒေါ်အတွက်ပါ။" ကျိဇယ်က မျက်လွှာချလိုက်သည်။

"သူမက ဒီစက်ရုံရဲ့ ရှယ်ယာရှင်လည်း ဖြစ်တယ်။ ဓာတုဗေဒ ဖော်မြူလာနှစ်ခုလုံးကိုလည်း သူမ တီထွင်ခဲ့တာ။ ဒါပေမဲ့ သူမက အခု ကျောင်းသားတွေနဲ့ အလုပ်ရှုပ်နေပြီး မကြာသေးခင်ကမှ ချင်တက္ကသိုလ်ရဲ့ မဟာဘွဲ့ အစီအစဉ်ကို ဝင်ခွင့်ရခဲ့တာမို့လို့ မလာနိုင်ဘူး။"

စက်ရုံကို စတင်တည်ထောင်တုန်းက သူမကို ဖိတ်ကြားခဲ့သော်လည်း လင်းချောင်က အလုပ်အရမ်းများနေပြီး ဒီကိစ္စအပေါ် အာရုံစိုက်မှု သိပ်မရှိသည်မှာ သိသာသည်။ သူမ၏ စာရင်းအစီရင်ခံစာများကတောင် နှစ်ပတ်တစ်ခါမှ တစ်လတစ်ခါ ပြောင်းသွားခဲ့သည်။

သို့သော်လည်း သူက သူမအတွက် ထိုင်ခုံနေရာတစ်ခု ချန်ထားခဲ့ရခြင်းမှာ သူမ မပါဘဲ ဒီ မုဇီဓာတုဗေဒစက်ရုံ ဖြစ်လာမည် မဟုတ်သောကြောင့်ပင်။ ဖဲကြိုးဖြတ်ကာ မီးရှူးမီးပန်းပစ်ပြီးနောက် သူတို့အားလုံး အနီးအနားမှ စားသောက်ဆိုင်တစ်ခုကို ညစာစားရန် သွားလိုက်ကြသည်။ အရက်အနည်းငယ် သောက်ပြီးနောက်တွင်တော့ တစ်ယောက်ယောက်က လင်းချောင်အကြောင်းကို ထပ်ပြောလာပြန်၏။

"သူမက အတော်ငယ်တယ်လို့ ကြားတယ်။ မင်းထက် သုံးနှစ်တောင် ငယ်တယ်။ ဘယ်လိုလုပ် မဟာဘွဲ့ကို ဝင်ခွင့်ရသွားတာလဲ။"

"ငါတို့စက်ရုံက ဖော်မြူလာနှစ်ခုထဲက တစ်ခုက တီထွင်ဖန်တီးမှု ပြပွဲမှာ ကြေးတံဆိပ်ဆု၊ နောက်တစ်ခုက ရွှေတံဆိပ် ဆုရခဲ့လေ။ သူမ အဲ့ဒါတွေနဲ့ မဟာဘွဲ့ ဝင်ခွင့်ရနိုင်မယ်လို့ မင်းထင်လားး"

ကျိဇယ်က သူ့ကို မကြည့်ဘဲ ပြုံးပြီး သူ၏ သောက်စရာကို ဆက်သောက်နေလိုက်သည်။

အရက်နှင့် အဆင်မပြေသည်မှာ သိသာနေသည့် ထိုလူက နောက်တစ်ခါ ထပ်ပြောလိုက်ပြန်၏။ "ငယ်ငယ်လေးပဲကို၊ မင်းမိသားစုက ဘာလို့ မင်းအတွက် စီစဉ်မပေးခဲ့ဘဲ မင်းဦးလေးအတွက် စီစဉ်ပေးခဲ့ကြတာလဲ။ မင်းတို့နှစ်ယောက်က ပိုပြီး လိုက်ဖက်တယ်လို့ ငါထင်တယ်..."

သူ၏ စကားမဆုံးခင်မှာပဲ ကျိဇယ်၏ မျက်နှာက အေးစက်သွားတော့သည်။ "ငါ့အကြောင်း မင်း ကြိုက်သလို ပြောလို့ရတယ်။ ဒါပေမဲ့ သူမကိုတော့ ဒီထဲ ဆွဲမထည့်နဲ့။"

ကျိဇယ်သည် ပုံမှန်အားဖြင့် ဖော်ရွေပြီး နွေးထွေးကာ အမြဲတမ်းလိုလို ပျော်ပျော်ရွှင်ရွှင် နေတတ်သူဖြစ်ပြီး ဒါကြောင့်ပဲ သူ့ကို လူချစ်လူခင်များစေခဲ့သည်။ သူ၏ ရုတ်တရက် အေးစက်သွားမှုက လူတိုင်းကို စိတ်မသက်မသာ ဖြစ်စေပြီး အထူးသဖြင့် မူးနေသူက ရှင်းပြရန် ကြိုးစားခဲ့သော်လည်း ဆွဲခေါ်ခံလိုက်ရ၏။

စားပွဲဝိုင်းရှိ လေထုအနေအထား တင်းမာလာချိန်မှာပဲ ရွှီကျန်း ရောက်လာခဲ့သည်။ သူ၏ ပုံစံမှာလည်း အနည်းငယ်တော့ ပုံမှန်မဟုတ်နေခဲ့ပေ။

ဘာဖြစ်ခဲ့ကြောင်း တစ်ယောက်က မေးလိုက်တော့ သူက ကျိဇယ်ကို လှမ်းကြည့်ပြီး တိုးတိုးလေး ပြောလိုက်၏။

"ငါ ခုနလေးတင် စုန့်မိသားစုအိမ်က ပြန်လာတာ။ ချန်ဝေ့ကော်က ယွီကျင်းကို ဓားနဲ့ထိုးလိုက်တယ်။"

All Chapters