အခန်း (၁၂၀)
Vol. 10 Ch. 120
"ချန်ဝေ့ကော်က ယွီကျင်းကို ဓားနဲ့ထိုးလိုက်တယ်?"
လင်းချောင်သည် သူမ၏ အံ့အားသင့်မှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။
ဖုန်းပြောနေသော ကျိသော်က သူမ ပိုကောင်းမွန်စွာ ကြားနိုင်စေရန် ဖုန်းစပီကာကို အနည်းငယ် အောက်ချလိုက်သည်။
"ရှောင်ဇယ် ပြောတာက စုန့်-ယွီ စေ့စပ်ပွဲမှာ ဖြစ်သွားတာတဲ့။"
လင်းချောင်က ဖုန်းနှင့် ပိုနီးသွားအောင် ကိုင်းလိုက်ရာ ဖုန်း၏ တစ်ဖက်မှ ကျိဇယ်၏ အသံကိုကြားလိုက်ရသည်။
"သူက ပြင်းပြင်းထန်ထန် ထိုးလိုက်တယ်လို့ ပြောတယ်။ သူ ဝင်သွားတုန်းက ယွီကျင်း ခဏလောက် စကားပြောချင်တယ်လို့ပဲ ပြောခဲ့တာ။ သူ ဓားဝှက်ထားတာကို ဘယ်သူမှ မသိလိုက်ဘူး။ သူတို့ သတိထားမိတဲ့အချိန်မှာ သုံးချက်တောင် ထိုးပြီးသွားပြီ။ ဝင်ပါဖို့ ကြိုးစားခဲ့တဲ့ ယွီကျင်းရဲ့အဖေပါ ဒဏ်ရာရသွားခဲ့တယ်တဲ့။"
"ထုတ်လုပ်ရေးလိုင်းကိစ္စ တစ်ခုတည်းကြောင့်လား။"
လင်းချောင်က ချန်ဝေ့ကော်ကို အလွန်အမင်း စိတ်လိုက်မာန်ပါ ဖြစ်လွန်းသည်ဟု ထင်လိုက်သည်။
နားလည်ပေးနိုင်သော်လည်း ဘဏ်ချေးငွေကို ပြန်မဆပ်နိုင်သည်က အဓိကအားဖြင့် ဂုဏ်သိက္ခာကို ထိခိုက်စေသည့် မြို့ပြအငြင်းပွားမှုသာ ဖြစ်သည်။ လူတစ်ဦးကို ဒဏ်ရာရအောင် လုပ်ခဲ့သည်ကတော့ မတူတော့ပေ။ ထောင်ဒဏ်ကျသည်အထိ ဖြစ်နိုင်ခြေရှိသည်။
ကျိဇယ်က ဆက်ပြောလိုက်သည်။ "အဲ့ဒါ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ချန်ဝေ့ကော်ရဲ့ အမေက သူ့အတွက် အကြွေးဆပ်ပေးဖို့ ပိုက်ဆံသွားချေးပြီး ပြန်လာတဲ့လမ်းမှာ ကားမတော်တဆမှုနဲ့ ဆုံးသွားခဲ့ရတယ်။"
အသက်တစ်ချောင်း ဆုံးရှုံးခဲ့ရသည်၊ အံ့သြစရာ မရှိတော့...
"ဒါ့အပြင် နောက်ထပ်လည်း ရှိသေးတယ်။"
ကျိဇယ်က ထပ်ပြောလ်ိုက်၏။ "ယွီကျင်းက ထုတ်လုပ်ရေးလိုင်းကို ရောင်းဖို့ ကူညီပေးခဲ့တယ်ဆိုတာက တခြားတစ်ဖက်ကလူက ရောင်းစျေးရဲ့ ၃၀% ကို ပေးမယ်လို့ ကတိပေးခဲ့လို့ ဆိုတာကိုပါ ချန်ဝေ့ကော် သိလိုက်ရတယ်။ သူက အကြွေးဆပ်ဖို့အတွက် အဲ့ဒီပိုက်ဆံကိုပေးပါဆိုပြီး ယွီကျင်းကို တောင်းဆိုခဲ့ပေမဲ့ ယွီကျင်းက ငြင်းလိုက်တယ်။"
တန်ဖိုးသန်းပေါင်းများစွာရှိသည့် ထုတ်လုပ်ရေးလိုင်း၊ ၃၀%—ဒါကြောင့်ပဲ ယွီကျင်းက ပြဿနာရှိနိုင်သည်ဆိုသည်ကို သိလျက်နှင့် သူ့သူငယ်ချင်းကို မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်ရမည်။
ပိုက်ဆံက လူအများကို သွေးဆောင်နိုင်၏။ ယွီကျင်းသည် အောင်မြင်သည့် အရောင်းအဝယ်တစ်ခုကို တစ်ကြိမ်လုပ်လိုက်ရုံနှင့် သူ့ဘဝအတွက် အဆင်ပြေသွားမည်ဖြစ်ပြီး နိုင်ငံတော်မှ စီမံကိန်းများကို ယူသည်ထက်လည်း ပိုပြီး သိသာမှုနည်းသည်။
သို့သော် ထုတ်လုပ်ရေးလိုင်းတွင် ဒီလို ကြီးမားသည့် ပြဿနာများ ရှိနေမည်ဟုတော့ သူ မျှော်လင့်ထားမည် မဟုတ်ပေ။ သူလုပ်ခဲ့သည့်အရာကြောင့် ချန်မိသားစုတွင် အသက်တစ်ချောင်း ဆုံးရှုံးခဲ့ရပြီး သူ၏ စေ့စပ်ပွဲတွင်လည်း သူ ကိုယ်တိုင် ပြင်းထန်သည့် ဒဏ်ရာရရှိခဲ့ရသည်။
"မင်းမှာ ပြောစရာ ရှိသေးလား။"
"မင်းမှာ ပြောစရာ ရှိသေးလား။"
လင်းချောင်နှင့် ကျိသော်တို့သည် တစ်ချိန်တည်းတွင် စကားပြောလိုက်ကြပြီးနောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တိတ်ဆိတ်သွားကြပြန်သည်။
သူတို့တွင် မကြာခဏဆိုသလို အလိုလိုနားလည်မှု ရှိတတ်ကြပြီး၊ အထူးသဖြင့် စဉ်းစားတွေးတောရန် လိုအပ်သည့် အခြေအနေမျိုးတွင် အမြဲတမ်းလိုလို အတွေးချင်း ထပ်တူဖြစ်နေတတ်ကြသည်။
လင်းချောင်၏ ယခင်ဘဝက မိဘများကဲ့သို့ အမြဲတမ်း ဆန့်ကျင်ဘက် အမြင်များ ရှိနေပြီး ဘယ်တော့မှ အလျှော့မပေးတတ်သူများနှင့် မတူပေ။ ဒီလို အလိုလိုနားလည်မှုနှင့် အပြန်အလှန် ထိုးထွင်းသိမြင်မှုတို့ က သူတို့၏ ဘဝတွင် တစ်ယောက်၏ ရှိနေခြင်းကို တစ်ယောက်အတွက် အထူးခြားဆုံး ဖြစ်နေစေခဲ့သည်။
လင်းချောင်က အရင်ဆုံး မျက်နှာလွှဲလိုက်သော်လည်း ကျိသော်၏ အကြည့်ကတော့ သူမ၏ မျက်နှာပေါ်တွင်သာ ရှိနေခဲ့သည်။
"ပြောပါဦး၊ ချန်ဝေ့ကော်က မင်းကို တခြားဘာတွေ ထပ်ပြောပြခဲ့သေးလဲ။"
"သတိထားမိသွားပြီလား။"
ကျိဇယ်က အနည်းငယ် စိတ်မသက်မသာဖြစ်သွားသလို ခံစားလိုက်ရသည်။
"သူ ပြောပြတာသာ မဟုတ်ဘူးဆိုရင်၊ ဘယ်လိုလုပ်ပြီး ဖြစ်ပျက်ခဲ့တဲ့အရာတွေ အကြောင်းကို ဒီလောက်မြန်မြန် သိနေမှာလဲ။"
ကျိသော်၏ အသံက တည်ငြိမ်နေပြီး သူသည် ဖုန်းစပီကာကို လင်းချောင်ဘက်သို့ စောင်းလိုက်သည်။
သူတို့နှစ်ဦးစလုံး ကျိဇယ်၏ နောက်ပြောသည့်စကားများကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။ "သူ ပြောတာက ယွီကျင်း မသေရင်တောင် သူ့ခန္ဓာကိုယ်ကတော့ အခြေခံအားဖြင့်တော့ ပျက်စီးသွားပြီတဲ့။ ယွီမိသားစုက သူ့ကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး။ ဦးလေးက သူ့ကို ကာကွယ်ပေးမယ်ဆိုရင်၊ သူ့ကို အပြစ်ကနေ လွတ်အောင် ကူညီပေးတာမျိုးမဟုတ်ဘဲ ယွီမိသားစုက သူ့ကို သတ်ပစ်တာမျိုး မဖြစ်ရအောင် အာမခံပေးနိုင်တယ်ဆိုရင်၊ သူ့မှာ ပြောပြစရာ တစ်ခုခု ရှိနေတယ်တဲ့။"
ဒီအချက်က လင်းချောင်နှင့် ကျိသော်တို့ကို တစ်ယောက်ကိုတစ်ယောက် ကြည့်မိသွားစေခဲ့သည်။
တကယ်ပဲ ကျိဇယ်က သူ့အသံကို လျှော့ချလိုက်ပြီး ပြောလိုက်၏။ "အဲ့ဒါက ကုမိသားစုက ကုရှောင်ကျန်းနဲ့ ဆက်စပ်နေတယ်။"
"ချန်ဝေ့ကော်က အသက် ဘယ်လောက်ရှိပြီလဲ။"
လင်းချောင်က သွားနေရင်း လမ်းတွင် မေးလိုက်ခြင်းဖြစ်သည်။
ကျိသော်က သူမ ပြောချင်သည့် အချက်ကို သိလိုက်ပြီး လှည့်ကြည့်ကာ ဖြေလိုက်သည်။ "ရှောင်ဇယ်ထက် တစ်နှစ်ကြီးတယ်။"
ကျိဇယ်ထက် တစ်နှစ်ကြီးသည်ဆိုတော့ ရှောင်ကျန်း၏ အဖြစ်အပျက် ဖြစ်ပွားခဲ့ချိန်တုန်းက သူက ကိုးနှစ် ဒါမှမဟုတ် ဆယ်နှစ်ဝန်းကျင်သာ ရှိသေးသည်။ သူ တကယ်ပဲ တစ်ခုခုကို သိနေနိုင်ပါ့မလား။
လင်းချောင် သံသယဖြစ်မိ၏။
ဒါ့အပြင်၊ သူသာ တစ်ခုခုကို တကယ်သိထားခဲ့မည်ဆိုလျှင် အဲ့ဒီတုန်းက ဒါမှမဟုတ် နောက်ပိုင်းအချိန်များတွင် ဘာလို့ မပြောခဲ့ရသည်လဲ။ အခုလို ဒုက္ခရောက်တော့မှ ကျိသော်ကို ပြောပြဖို့ သတိရလာသည်လား။
ဒါပေမဲ့လည်း သူက သဲလွန်စရှိသည်ဟု အခိုင်အမာ ပြောလာသောကြောင့် သူတို့ နားထောင်မှရတော့မည်။
ရဲစခန်းရောက်တော့ ကျိဇယ်က အဆင်သင့် စောင့်နေနှင့်ပြီဖြစ်သည်။
လင်းချောင်ကို မြင်တော့ အနည်းငယ် အံ့သြသွားသော်လည်း လုံးဝ မထင်မှတ်ထားသည့်ပုံစံမျိုးတော့ မဟုတ်ပေ။ သူ လမ်းလျှောက်လာပြီး တိုးတိုးလေး ပြောလိုက်၏။
"ယွီကျင်းက အခုထိ စိုးရိမ်ရတဲ့ အခြေအနေမှာပဲ ရှိနေသေးတယ်။ ယွီမိသားစုကလည်း ဒီကိစ္စကို ဖြေရှင်းဖို့အတွက် အချိန်မရသေးဘူး။ ချန်ဝေ့ကော်ကို မနက်ဖြန် မနက်မှာ အချုပ်စခန်းကို လွှဲပြောင်းပေးလိမ့်မယ်။"
ဆိုလိုသည်ကတော့ ပြောစရာရှိလျှင် အခုအချိန် ပြောလိုက်သည်က အကောင်းဆုံးဖြစ်သည် ဟူ၍ပင်။ ယွီမိသားစုဘက်က ချန်ဝေ့ကော်နှင့် ကိစ္စရှင်းရန် အချိန်ရသွားခဲ့လျှင် စကားပြောရန်အတွက် အခုလောက် အဆင်ပြေမည် မဟုတ်တော့ပေ။
ကျိသော် ခေါင်းညိတ်လိုက်ပြီး လင်းချောင်နှင့်အတူ အတွင်းထဲသို့ ဝင်သွားလိုက်သည်။ ချန်ဝေ့ကော်ကို သီးခြားအခန်းတစ်ခုတွင် လက်ထိပ်ခတ်ပြီး ကုလားထိုင်ပေါ် ထိုင်ခိုင်းထားကြသည်။
လင်းချောင် သူ့ကို ကြည့်လိုက်မိ၏။ အသက်နှစ်ဆယ်ကျော်၊ သန့်ပြန့်သည့်ရုပ်ရည်ရှိပြီး အရပ်က အနေတော်ဖြစ်ကာ မျက်မှန်တပ်ထားသည်။
အသွင်အပြင်အရ ကြည့်လိုက်လျှင် လူအများအပြားကို ဓားနှင့်ထိုးမည့်သူဟု လုံးဝမထင်ရပေ။ သို့သော် သူက အလွန်စိတ်ဓာတ်ကျနေပုံရပြီး ပါးများလည်း ချိုင့်ဝင်နေကာ မျက်လုံးများက နီရဲနေသည်။ အသက်ငယ်သေးသော်လည်း အသက်ငါးဆယ်၊ ခြောက်ဆယ်အရွယ် အဘိုးကြီးတစ်ယောက်ကဲ့သို့ ခါးကုန်းထားပြီး ထိုင်နေခဲ့သည်။
တံခါးဖွင့်သံ ကြားလိုက်ရတော့ သူက အလိုအလျောက် ခေါင်းမော့ကြည့်ပြီး "ဦးလေး" ဟု ခေါ်လိုက်၏။
ကျိသော်က တံခါးပိတ်လိုက်သည့်တိုင် အတွင်းထဲသို့ မဝင်သေးဘဲ တံခါးဝတွင်ရပ်ပြီး လင်းချောင်ကို သူ့အနောက်တွင် ကွယ်ထားလိုက်သည်။
သူ၏ မြင့်မားသည့် အရပ်နှင့် ကာကွယ်ပေးထားသည့် ပုံစံကြောင့် ချန်ဝေ့ကော်သည် သွယ်လျသည့် အရိပ်တစ်ခုကိုသာ မြင်နိုင်ခဲ့သည်။ သူလည်း ထပ်မကြည့်ရဲတော့ဘဲ တစ်ချက်သာ ကြည့်ခဲ့ပြီးနောက် ကျိသော်ကို ပြန်ကြည့်လိုက်သည်။ ထို့နောက် ခါးခါးသီးသီး ပြုံးလိုက်ရင်း ဆိုလိုက်၏။
"ကျွန်တော် ငယ်ငယ်တုန်းက ကျိဇယ်နဲ့အတူ ဦးလေးနောက်ကို လိုက်ခဲ့ဖူးတယ်။ တစ်နေ့ကျရင် ဦးလေးက ကျွန်တော့်ကို ဒီနေရာမှာ လာတွေ့ရလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး။"
ကျိသော် ဘာမှ မပြောခဲ့ပေ။
ချန်ဝေ့ကော်ကတော့ ခေါင်းငုံ့ပြီး ဆက်ပြောလိုက်၏။ "ကျွန်တော်လည်း ဒီလို မဖြစ်ချင်ပါဘူး၊ ဒါပေမဲ့ ကျွန်တော့်အမေ သေသွားခဲ့ပြီ။ သူ့ကြောင့်သာ မဟုတ်ဘူးဆိုရင်"
သူ၏ အံကြိတ်သံက အခန်းထဲ၌ ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာ၏။ "သူက ကျွန်တော့်ကို လှည့်စားခဲ့ပြီး သူ လှည့်စားပြီးယူထားတဲ့ ပိုက်ဆံတွေကိုတောင်မှ ကျွန်တော့်အကြွေးတွေကို ကူညီဆပ်ပေးဖို့ မထုတ်ပေးခဲ့ဘူး..."
ကျိသော်ကတော့ ဘာမှမပြောသေးသလို သူ့မျက်လုံးများကလည်း ငြိမ်သက်ပြီး ဘာခံစားချက်မှ မပြခဲ့ပေ။
ဒီတိတ်ဆိတ်မှုက ဖိအားပေးနေသလို ဖြစ်နေသောကြောင့် ချန်ဝေ့ကော် စကားဆက်ပြောရန် ခက်ခဲလာသည်။ သူ ကျိသော်ကို မော့ကြည့်လိုက်ရာ စစ်ဝတ်စုံနှင့် အမျိုးသားက ဝင်လာချိန်ကကဲ့သို့ တည်ကြည်စွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။
ကျိသော်၏ နောက်မှ အမျိုးသမီးကလည်း အေးဆေးတည်ငြိမ်နေခဲ့သည်။ သူတို့နှစ်ယောက်စလုံးက မေးခွန်းမေးရန် အလျင်မလိုနေကြဘဲ အခန်းထဲတွင် သူ့အသံဖြင့်သာ ပြည့်နေခဲ့၏။
သူလည်း အသုံးမဝင်သည့် စကားများကို ဆက်ပြောမနေတော့ပေ။ "ကျိဇယ်က ဦးလေးတို့ကို ပြောပြပြီးပြီ ထင်တယ်။ ကျွန်တော် အပြစ်ကနေ လွတ်အောင် ကြိုးစားနေတာ မဟုတ်ပါဘူး။ ယွီမိသားစုက ကျွန်တော့်ကို အသေသတ်တဲ့အထ်ိ မလုပ်အောင်ပဲ ကာကွယ်ပေးပါ။ အဲ့ဒီမိသားစုမှာ လူကောင်းတစ်ယောက်မှ မရှိဘူး၊ သူတို့က ကျွန်တော့်ကို သတ်ပစ်ဖို့ ကြိုးစားမှာ သေချာတယ်။"
သူ ကျိသော်ကို တစ်ချက်ကြည့်လိုက်ပြန်သည်။ "ကျွန်တော် ဒါကို သူတို့ကို မုန်းတီးနေတာကြောင့် ပြောတာ မဟုတ်ဘူး။ ထုတ်လုပ်ရေးလိုင်း မဝယ်ခင်ကတည်းက ကျွန်တော် ယွီမိသားစုနဲ့ ရင်းနှီးခဲ့တာ၊ နှစ်သစ်ကူးအတွက် လက်ဆောင်တောင် သွားပေးခဲ့ဖူးသေးတယ်"
ချန်မိသားစု စီးပွားရေးကျဆင်းသွားသော်လည်း ငယ်သူငယ်ချင်းအနေနှင့် အကူအညီတောင်းရန် လက်ဆောင်များ ယူသွားပေးခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ယွီကျင်းကတော့ သူ့သူငယ်ချင်းလို သဘောမထားခဲ့ဘဲ လှည့်စားခဲ့သေး၏။
"တစ်ခေါက်မှာတော့ ကျွန်တော် သွားတာ အချိန်ကိုက်မဖြစ်ခဲ့ဘဲ ယွီမိသားစုရဲ အဘိုးကြီးက စာကြည့်ခန်းထဲမှာ တစ်ယောက်ယောက်ကို ဆူနေတာကို မိသွားခဲ့တယ်။"
သူ ကျိသော်ကို တစ်ချက်ကြည့်လိုက်ပြန်၏။
ဒီစကားက လင်းချောင်ကို စဉ်းစားမိစေခဲ့၏။ ယွီမိသားစုထံမှ ကြားခဲ့ရသည်ဆိုတော့၊ ကြိုတင်သိထားခြင်း မဟုတ်တော့ပေ။ ဒီကိစ္စတွင် ယွီမိသားစု ပါဝင်နေခဲ့သည်လား။
ကျိသော်က နောက်ဆုံးမှာတော့ သူ့ကို ကြည့်ပြီး မေးလိုက်၏။ "သူက ဘာကိစ္စအတွက် ဆူနေတာလဲ။"
ဒီမေးခွန်းက ချန်ဝေ့ကော်ကို သက်ပြင်းချမိစေခဲ့သည်။ "သူတို့က ငတုံးတစ်ယောက်ကို ဆူနေတာလေ၊ 'အဲ့ဒီတုန်းက မင်းလုပ်ခဲ့တဲ့ ပြဿနာက မလုံလောက်သေးဘူးလား။ ကုချန်ယိက အခုအချိန်ထိ စုံစမ်းနေတုန်းပဲ!' လို့ ပြောနေခဲ့တာပါ။"
ကုချန်ယိဆိုသည်မှာ အဘိုးကု၏ နာမည်ဖြစ်သည်။
ဒါက ထိုအဖြစ်အပျက်တွင် ယွီမိသားစုထဲက တစ်ယောက်ယောက် ပါဝင်ပတ်သက်နေသည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြနေခြင်းပင်။
ကျိသော် ဆက်နားထောင်နေပြီး သူ့မျက်နှာတွင်တော့ ဘာခံစားချက်မှ မပြသေးပေ။
"နှစ်သစ်ကူးကာလတုန်းကလား။"
"နှစ်သစ်ကူးတုန်းကပါ။ ယွီကျင်းရဲ့ အဖေက ကျွန်တော့်ကို ဧည့်ခံဖို့ဆိုပြီး အပြင်ထွက်လာပြီးတော့ ကျွန်တော့်နဲ့ စကားစပြောလိုက်တော့မှ အတွင်းထဲက ဆူပူသံတွေ ရပ်သွားတာ။ အဲဒီ့တုန်းက ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော် မသိခဲ့ဘူး။ နောက်တော့မှ ဦးလေးတို့နဲ့ အဘိုးကုက ကုရှောင်ကျန်းကို ရှာနေတုန်းပဲဆိုတာ ကြားမိလိုက်ရတော့ ဒီကိစ္စနဲ့ ဆက်စပ်နေနိုင်တယ်လို့ ထင်ခဲ့ပေမဲ့ ဒါကို လာပြောပြဖို့ အခွင့်အရေး မရခဲ့သေးတာပါ။"
အခွင့်အရေး မရခဲ့ဘူးဆိုသည်မှာ သိပ်မမှန်သေးပေ။ ပြောလို့ မရခဲ့ဘူးဟု ပြောမှသာ ပိုမှန်လိမ့်မည်။ သူက ယွီမိသားစုနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ သူတို့၏ မျက်နှာသာပေးမှုကို ရယူရန် ကြိုးစားနေသူဖြစ်သောကြောင့် သူတို့၏ လျှို့ဝှက်ချက်များကို ဘယ်လို ဖော်ထုတ်နိုင်မည်တဲ့လဲ။
ကျိသော်နှင့် လင်းချောင်တို့သည် စကားမပြောဘဲ နေကြသောကြောင့် ချန်ဝေ့ကော်က သူတို့ မယုံကြည်ဘူးဟု ထင်ကာ စိုးရိမ်လာတော့သည်။ သူ ပူပန်စွာဖြင့် ပြောလိုက်ပြန်သည်။
“ကျွန်တော် အမှန်အတိုင်း ပြောနေတာပါ။ ဒါက နှစ်သစ်ကူး ပထမရက်က ဖြစ်ခဲ့တာပါ။ ကျွန်တော် သူတို့အတွက် ဂျင်ဆင်းအမြစ်ဟောင်း နှစ်မြစ် ယူသွားပေးခဲ့တာ။”
သူ သတိရအောင် ကြိုးစားရင်း ပြောလိုက်ပြန်၏။ “ယွီမိသားစုရဲ့ အဘိုးကြီးက စာကြည့်ခန်းထဲမှာ တစ်ယောက်ယောက်ကို ဆူရုံတင်မကဘဲ ဖန်ခွက်ကိုပါ ရိုက်ခွဲခဲ့သေးတယ်။ ကျွန်တော် အိမ်ပြန်လာတဲ့ အချိန်မှာတော့ သူ့ကို မတွေ့ရတော့ဘူး။”
သူ၏လှုပ်ရှားမှုကြောင့် လက်ထဲမှ လက်ထိပ်များ တချွင်ချွင်မြည်လာပြီး သူလည်း သတိပြန်ဝင်လာခဲ့သည်။ သူက လျင်မြန်စွာပဲ စိတ်ငြိမ်သွားပြီး ပြောလိုက်ပြန်၏။
“ကုရှောင်ကျန်းက ကလေးဘဝတုန်းက အရမ်းစကားနားထောင်တယ်၊ ကြောက်တတ်တယ်၊ ဘယ်တော့မှ ဟိုဟိုဒီဒီ လျှောက်မပြေးဘူးဆိုတာ ကျွန်တော် မှတ်မိတယ်။ သူမက ဘယ်လိုလုပ်ပြီး ရုတ်တရက် ပျောက်သွားနိုင်မှာလဲ။ တစ်ခုခုတော့ မရိုးသားတာ ရှိကိုရှိရမယ်။ ဦးလေးတို့ ယွီမိသားစုကို စုံစမ်းသင့်တယ်။”
“စာကြည့်ခန်းထဲမှာ ဘယ်သူရှိနေလဲဆိုတာ မင်း သိလား။” ကျိသော်၏ အသံသည် အလွန် တည်ငြိမ်နေခဲ့သည်။
ချန်ဝေ့ကော် တွေဝေသွားပြီး ခေါင်းခါလိုက်သည်။ “ကျွန်တော် မသိဘူး။ ကျွန်တော် ရောက်လာတဲ့အချိန်ကနေ ပြန်သွားတဲ့အချိန်အထိ စာကြည့်ခန်းတံခါးက တစ်ခါမှ ပွင့်မလာခဲ့ပါဘူး။”
မေးစရာမရှိတော့ဘူးဟု သိလိုက်ရသောအခါ ကျိသော်သည် တံခါးဖွင့်ရန် လှည့်လိုက်ပြီး လင်းချောင်ကို အရင် ထွက်ခွာစေလိုက်သည်။
“တကယ်တော့ ဒီကိစ္စ မရှိခဲ့ရင်တောင် ကျွန်တော်က ဦးလေးတို့ကို ပြောပြဖို့ စီစဉ်ထားခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် ယွီကျင်းက ကျွန်တော့်ကို လှည့်စားခဲ့ပေမဲ့ ကျိဇယ်ကတော့ ကျွန်တော့်ကို ပိုက်ဆံချေးပေးဖို့ ဆန္ဒရှိခဲ့တယ်။”
ချန်ဝေကော်၏ စိတ်ဓာတ်ကျနေသော အသံက အနောက်ဘက်မှ ထွက်ပေါ်လာခဲ့သည်။
ကျိသော် ဘာမှမပြောဘဲ တံခါးကိုသာ ပိတ်လိုက်၏။
ကျိဇယ်သည် စင်္ကြံတွင် ရပ်စောင့်နေခဲ့သည်။ သူတို့ ထွက်လာသည်ကို မြင်သောအခါ ချက်ချင်း မေးလိုက်၏။
“ဘယ်လိုလဲ။ သူပြောပြတာက အသုံးဝင်ခဲ့ရဲ့လား။”
ကျိသော်လည်း စကားမပြောသလို၊ လင်းချောင်လည်း မပြောခဲ့ပေ။
သူတို့သည် ရဲစခန်းမှ အရာရှိများကို ကျေးဇူးတင်စကားပြောပြီး တံခါးဝမှ လှည့်ထွက်လာပြီး ကျိသော် သူ၏တူကို အေးစက်စွာ ကြည့်လိုက်ပြီး မေးလိုက်၏။ “မင်းက ဘယ်လိုလူတွေနဲ့ သူငယ်ချင်း ဖွဲ့နေတာလဲ။”
ထို တစ်ခွန်းတည်းသော စကားက ကျိဇယ်၏ မျက်နှာကို နီရဲသွားစေခဲ့သည်။ “ကျွန်တော်... သူတို့က ဒီလိုမျိုး ဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး…”
ကျိသော်နှင့် ကျိဇယ်တို့သည် သူငယ်ချင်းဖွဲ့ပုံချင်း လုံးဝ ကွာခြားသည်။
ကျိသော်တွင် သူငယ်ချင်းနည်းသော်လည်း ယုံကြည်စိတ်ချရပြီး ရေရှည်ခိုင်မြဲသည်။ ကျိဇယ်တွင် သူငယ်ချင်းများစွာရှိပြီး ဘယ်သူနှင့်မဆို စကားပြောနိုင်သော်လည်း ထိုသူများကတော့ စရိုက်အမျိုးမျိုး ကွဲပြားနေကြသည်။ ယွီကျင်းဆိုသူက သူ့အတွက် လုံလောက်သော ပိုက်ဆံရရှိနိုင်ရန် ပြဿနာရှိနေသော အရောင်းအဝယ်ကို မိတ်ဆက်ပေးရန်အထိ ဆန္ဒရှိပြီး၊ ချန်ဝေ့ကော်ကတော့ သူ၏ကိုယ်ပိုင် လှည့်ကွက်များရှိသူ ဖြစ်သည်။
နှိုင်းယှဉ်ကြည့်လျှင် ကျိဇယ်သည် တုံးအသည်ဟု ထင်ရ၏။ ၎င်းသည် မျိုးရိုးလိုက်ခြင်းလား သို့မဟုတ် သူ၏ ပတ်ဝန်းကျင်ကြောင့်လားဆိုသည်ကိုတော့ ပြောရခက်သည်။
သူ ခေါင်းကို ပွတ်လိုက်၏။ “အနည်းဆုံးတော့ အခု ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်နိုင်သွားပါပြီ။ နောက်ပိုင်း ကျွန်တော် စစ်တပ်ထဲမှာ မရှိတော့တဲ့အခါ ကျွန်တော့်ကို တကယ် သူငယ်ချင်းလို့ သတ်မှတ်တဲ့သူနဲ့ အခွင့်အရေး ယူချင်တဲ့သူတွေကို ခွဲခြားသိဖို့ ပိုလွယ်ကူသွားလိမ့်မယ်။”
ဘာပဲဖြစ်ဖြစ် သူ့တွင် ပိုက်ဆံရှိနေပြီဆိုသည်ကို လူတိုင်း သိကြသည်။ ပိုက်ဆံချေးချင်သူ သို့မဟုတ် အခွင့်အရေး ယူချင်သူများကို သူ ဝေးဝေးရှောင်သင့်သည်။
ကျိသော် နောက်ထပ် ဘာမှ မပြောတော့ပေ။ သူတို့ သုံးယောက်လုံး ကားပေါ် တက်လိုက်ကြပြီး ခဏကြာ မောင်းနှင်ခဲ့ပြီးနောက် ကျိသော်သည် နောက်ထိုင်ခုံမှ စီးကရက်တစ်ဘူးကို ရှောင်ဖန်းထံ ပစ်ပေးလိုက်သည်။
“သွား ဆေးလိပ်သောက်ချေ။”
ရှောင်ဖန်းက သူ၏ဆိုလိုရင်းကို နားလည်လိုက်သည်။ သူသည် အလျင်အမြန်ပဲ လူရှင်းသည့်နေရာကို ရှာပြီး ကားရပ်ကာ ဆင်း၍ ဆေးလိပ် မီးညှိလိုက်ပြီး ဂျစ်ကားကိုကျောပေးထားလိုက်သည်။ ၎င်းသည် သံသယဝင်မှူကို ရှောင်ရှားရန်နှင့် သူတို့ပတ်ဝန်းကျင်ကို သတိထားရန်၊ ခိုးနားထောင်ခြင်းကို တားဆီးရန်အတွက် ဖြစ်သည်။ လင်းချောင် ချက်ချင်း နားလည်လိုက်သည်မှာ ကျိသော်တွင် ပြောစရာ စကားတစ်ခု ရှိသည်ဟူ၍ပင်။
ကျိသော်က ကျိဇယ်ကို တိုက်ရိုက်မေးလိုက်သည်။ “ချန်ဝေကော် ပြောတာ ဘယ်လောက် မှန်လဲ၊ ဘယ်လောက် မှားလဲ မင်းသိလား။”
သူသည် အတိတ်က သင်ခန်းစာရထားပြီးပြီဖြစ်သည့်အတွက် သေသေချာချာ စဉ်းစားပြီးမှ ပြောလိုက်သည်။
“သူက စကားသိပ်မပြောတတ်ပေမယ့် ပြောရင်တော့ များသောအားဖြင့် ယုံကြည်စိတ်ချရတယ်၊ အဓိပ္ပာယ်မရှိတာတွေ ပြောတတ်တဲ့သူမျိုး မဟုတ်ဘူး။ ဒါပေမယ့် ယွီကျင်းကိစ္စ ဖြစ်ပြီးတဲ့နောက်မှာတော့ သိပ်မသေချာဘူး။”
သူ ကျိသော်ကို လှည့်ကြည့်လိုက်သည်။ ”သူ အမှန်အတိုင်း မပြောဘူးလို့ ဦးလေး သံသယရှိတာလား။”
ကျိသော်သည် ပြန်မဖြေဘဲ လင်းချောင်ဘက်သို့ လှည့်ကာ မေးလိိုက်သည်။ ”မင်းရော ဘယ်လိုထင်လဲ။”
သူ့ဦးလေးက လျှို့ဝှက်ချက်များကို ထိန်းသိမ်းရာတွင် အမြဲတော်ပြီး တချို့ကိစ္စများကိုဆိုလျှင် သူ့အဘိုးအဘွားများကိုတောင် မသိစေခဲ့ပေ။ ကျိဇယ်က သူ့ဦးလေး လင်းချောင်ကို မေးလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် သူမကိုပါ လှမ်းကြည့်မိလိုက်သည်။
လင်းချောင် ခဏတာ စဉ်းစားလိုက်၏။ “အချိန်ကိုက်ဖြစ်နေတာက နည်းနည်းတော့ တိုက်ဆိုင်လွန်းတယ်။”
ကျိဇယ် နားမလည်လျှင်တောင် ကျိသော်ကတော့ သေချာပေါက် နားလည်သည်။ သူတို့ လူတစ်ယောက်ကို ဖမ်းရန် သွားခဲ့သော်လည်း လွတ်သွားခဲ့ပြီး ၎င်းသည် နှစ်သစ်ကူးဝန်းကျင်တွင် ဖြစ်ခဲ့ခြင်းဖြစ်သည်။
သို့သော် လင်းချောင်က လုံးဝ ပယ်ချလိုက်ခြင်းတော့ မရှိပေ။ “သူက သူ့ကို ကာကွယ်ပေးမယ့်သူကို ရှာပြီး ယွီမိသားစုကို လက်စားချေချင်နေတာ ဖြစ်နိုင်တယ်။”
ထိုစကားက အလွန် ဝိုးတိုးဝါးတား ဖြစ်နေခဲ့သည်။ ၎င်းသည် ရှောင်ကျန်း သို့မဟုတ် ရှောင်ပင်း၏ ကိစ္စကို ရည်ညွှန်းနေနိုင်သည်။ သူတို့အသိုင်းအဝိုင်းမှ လူများက ကျိသော်နှင့် စူးကျန့်တို့သည် နှစ်ပေါင်းများစွာ အဘိုးကုကို စုံစမ်းရာတွင် ကူညီပေးနေကြောင်း သိထားကြပြီး ဤကိစ္စက သက်သေအထောက်အထားထက် ဦးတည်ချက်တစ်ခု ပိုဖြစ်နေနိုင်သည်။
ချန်ဝေ့ကော်သည် နူးညံ့ပြီး ရိုးသားပုံရသည်။ သို့သော် ရိုးသားပုံရလေလေ၊ ထိုသူက လုပ်ရဲကိုင်ရဲလေလေ ဖြစ်သည်။ ထို့အပြင် သူသည် အပြင်ပန်းမြင်ရသလောက်လည်း ရိုးသားမှု မရှိပေ။
ကျိသော် စကားမပြောခဲ့သော်လည်း သူ၏ အကြည့်က လင်းချောင်၏ မျက်နှာပေါ်တွင် ရှိနေဆဲဖြစ်ပြီး သူ့တွင်လည်း အလားတူ အတွေးများ ရှိနေကြောင်းကို ဖော်ပြနေခဲ့သည်။
သူတို့ ဇနီးမောင်နှံတွင် စကားပြောစရာမလိုဘဲ အချင်းချင်း နားလည်မှုရှိသည်၊ သို့သော် ကျိဇယ်အတွက်မူ သူတို့သည် ပဟေဠိဆန်သည့်စကားများကို ပြောနေကြသလိုပင်။