အခန်း (၂၉၈-၃၀၂)
Vol. 27 Ch. 298-302
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၉၈ + ၂၉၉ + ၃၀၀ + ၃၀၁ + ၃၀၂)
ငရဲဘုရင်ကျိုးယန်ဟူသည့် နာမည်သည် အတော်လေးနာမည်ကြီးလေ၏။
ထိုသူသည် ထျန်ရှင်းလု၏ လက်အောက်မှ စစ်သူကြီး ၄ ယောက်ထဲမှ ခေါင်းဆောင်စစ်သူကြီးတစ်ယောက်ဖြစ်ခဲ့ကာ ကျီရှင်းသက်ရှိများနှင့် စစ်ပွဲတွင် အစွမ်းပြခဲ့သည့် စစ်သူကြီးတစ်ယောက်ဖြစ်လေသည်။
လင်းရှောင်၏ ယခင်ဘဝများတွင် ငရဲဘုရင်ကျိုးယန်သည် ကြီးမြတ်သူအဆင့်အထိပင် ရောက်ခဲ့သည့် ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ဖြစ်ခဲ့ကာ ကျီးရှင်းသက်ရှိများကြားတွင် အလွန်နာမည်ကျော်ကြားခဲ့သည်။
သို့သော် ယခုအခါတွင်တော့ ထိုကဲ့သို့ နှလုံးရည်၊ လက်ရုံးရည်ပြည့်ဝသော စစ်သူကြီးတစ်ပါးက ထျန်ရှင်းလု၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရလေသည်။
လင်းရှောင်သာ ဤအကြောင်းကိုသိပါက အချိန်စီးကြောင်းများ ပြောင်းလဲသွားပြီဟူ၍ ညီးတွားနေဦးမည်ဖြစ်သည်။
**--**--**--**--**--**--**--**
တစ်ချိန်တည်းတွင် ရွှေနဂါးနိုင်ငံ၏ ဘုရင်မင်းမြတ်ရှိရာသို့ ဦးတည်လာနေသည့် ထျန်ရှင်းလုကလည်း အစောက အကြောင်းအရာများကို စဉ်းစားနေလေ၏။
ကျိုးယန်တစ်ယောက် ဝိညာဉ်နှင့် အရိုးပင် မကျန်တော့အောင် ဝါးမြိုခံလိုက်ရသည့် ကျင့်ကြံခြင်းနည်းစနစ်၏ အမည်မှာ သေမင်းကျင့်စဉ်ဖြစ်သည်။
ထျန်ရှင်းလုအသုံးပြုလိုက်သည့် နည်းစနစ်မှာတော့ သေမင်းကျင့်စဉ်၏ပထမကျင့်စဉ်ဖြစ်သည့် သေမင်းတွင်းနက်နည်းစနစ်ဖြစ်သည်။
ထျန်ရှင်းလုက မျက်မှောင်ကြီးကို ကြုတ်ထားလျက် အတွေးပင်လယ်ထဲတွင် ရွက်လွှင့်နေသည်။ စာအုပ်မှတစ်ဆင့် သူရောက်သွားခဲ့သည့် ပုံရိပ်ယောင်ကမ္ဘာထဲတွင်လင်းရှောင်သည် သူ့အား အကြောင်းအရာများစွာကိုပြောပြခဲ့သည်။
လင်းရှောင်၏ အဆိုအရဆိုလျှင် အဆုံးမဲ့ကမ္ဘာကြီးတွင် ကျီရှင်းသက်ရှိဟူပြီး အမည်တွင်လေသည့် ဘုံရန်သူရှိလေ၏။
ထို့အပြင် ထိုအကောင်သည် ဤဘဝမှာ ၁၈ ကြိမ်မြောက်ဘဝဟုလည်းပြောခဲ့ပြီး သူ့အား သေမင်းကျင့်စဉ်ကိုပေးခဲ့လေ၏။ ထိုကျင့်စဉ်သည် အလွန်ထူးဆန်းလှသည်။
ထျန်ရှင်းလုသည် သူ၏သွေးမျိုးဆက်နှင့် အထူးခန္ဓာကိုယ်တို့ကိုအခြေခံပြီးတော့ အသုံးပြုရသည့် ကျင့်စဥ်မဟုတ်လျှင် မည်မျှပင် ကြိုးစားနေပါစေ အသုံးမပြုနိုင်လေချေ။
သို့သော် ဤသေမင်းကျင့်စဉ်ကိုတော့ သူ၏အထူးခန္ဓာကိုယ်ဖြစ်သည့်.သွေးမိုးကြိုးဆေဘာခန္ဓာကိုယ်၏ သန့်စင်သောချီအားအသုံးပြုပြီး အသက်သွင်းရသည့် ကျင့်စဉ်တစ်ခုဖြစ်လေသည်။
ထို့အပြင် ထိုအကောင်ပြောခဲ့သည်မှာ သူပိုမိုသန်မာနိုင်မည့် အဓိကသော့ချက်သည် သူ၏အထူးခန္ဓာကိုယ်ဖြစ်သည်ဟူ၍ပင်။
အစောက ထျန်ရှင်းလု သေမင်းတွင်းနက်ကျင့်စဉ်အား
အသုံးပြုပြီးတော့ ထိုအမည်မသိဂိုဏ်းသား၏ ဝိညာဉ်နှင့် အရိုးကိုပါမချန် အရာအားလုံးကို စုပ်ယူခဲ့သည်။
ထျန်ရှင်းလုစုပ်ယူလိုက်သည့် စွမ်းအင်များမှာ သူ၏ကျင့်ကြံခြင်းအဆင့်အား ပိုမိုပြီးတော့ သန်မာလာစေခြင်းမရှိပေ။ ထိုအစား ထိုစွမ်းအင်များသည် ထျန်ရှင်းလု၏ သွေးမိုးကြိုးဆေဘာခန္ဓာကိုယ်အား တိုက်ရိုက်ပင်အားဖြည့်ပေးလိုက်လေသည်။
ထိုစွမ်းအင်များသည် အလွန်ပင်အားနည်းလှပြီး လီတာ ၂၀ ရေပုံးထဲကို ရေတစ်စက်လောက်ထပ်ဝင်သွားသလိုသာဖြစ်ကာ ဘာမှမထူးခြားသွားချေ။
သို့သော် ထိုအားနည်းလှသည့် စွမ်းအင်က မရှားပါးချေ။ ထျန်ရှင်းလုသာ ကျိုးယန်ကဲ့သို့ လူ ၄ သိန်း၏ အလုံးစုံစွမ်းအင်များကို စုပ်ယူလိုက်ပါက သူ၏အထူးခန္ဓာကိုယ်သည် ယခုထက် ၂ ဆလောက်ပိုမိုသန်မာလာလိမ့်မည်ဖြစ်သည်။
ထျန်ရှင်းလုလျာသပ်လိုက်၏။ ကျိုးယန်ကဲ့သို့သော သူများမှာ ရှာရခက်ခဲလိမ့်မည်မဟုတ်ချေ။ ကျိုးယန်သည် ထျန်ရှင်းလု၏ အမြင်တွင် အတော်လေးအားနည်းလေ၏။
အကယ်၍ သူသာတောင်တန်းဘုရင်ကဲ့သို့ အဆင့် ၇ သေမျိုးတန်ခိုးရှင်တစ်ယောက်၏ ဝိညာဉ်နှင့် အလုံးစုံအား ဝါးမြိုလိုက်လျှင်ကော သူ၏အထူးခန္ဓာကိုယ်သည် မည်မျှလောက် ပိုမိုသန်မာလာလောက်မည်နည်း။
ထို့အပြင် လင်းရှောင်၏ စာအုပ်ထဲတွင် ရေးသားထားသည်ကို ကြည့်ရလျှင် လူသားများ၏ ဝိညာဉ်သည်
အားနည်းလှသည်။
ထျန်ရှင်းလုအနေဖြင့် အခြားသော သတ္တဝါများ၏ ဝိညာဉ်အားစုပ်ယူပါက ပိုမိုပြီးတော့ သန်မာလာလိမ့်မည်ဖြစ်သည်။ အခြားသော သတ္တဝါများဆိုသည်မှာ ငရဲပြည်မှ သက်ရှိများကို ဆိုလိုခြင်းပင်ဖြစ်လေ၏။
ထို့အတွက်ကြောင့် လင်းရှောင်၏ ပုံပြင်က မယုံကြည်ချင်စရာကောင်းသော်လည်းပဲ ထျန်ရှင်းလုကတော့ အနည်းငယ်ယုံစပြုလာပြီဖြစ်သည်။
သို့သော်လည်း အလုံးစုံယုံကြည်နေခြင်းတော့ မဟုတ်ချေ။ ထျန်ရှင်းလု လင်းရှောင်အကြောင်းကို တွေးနေရင်းဖြင့် လင်းရှောင်က တစ်ခုထပ်ပြောခဲ့သေးသည်ကို သတိရလိုက်သည်။
ထျန်ရှင်းလုက သူ၏အနောက်မှ လီနာအားပြောလိုက်သည်။ “လီနာ။ ဂိုဏ်းထဲမှာ ကျိုးယန်ဆိုတဲ့လူရှိလား။”
လီနာက ထျန်ရှင်းလုအားကြည့်ကာ ခဏလောက်တုန့်ဆိုင်းသွားသည်။ လီနာသည် သတင်းအချက်အလက်များကို စုံစမ်းရသူဖြစ်သောကြောင့် ဂိုဏ်းအကြောင်းကို ကောင်းကောင်းသိလေ၏။
သူမက တုန့်ဆိုင်းစွာဖြင့် ပြောလိုက်သည်။ “သခင်အစောက သတ်လိုက်တဲ့သူက….ကျိုးယန်ပါပဲ။
အခြားကျိုးယန် ၂ ယောက် ၃ ယောက်ရှိပေမဲ့ အပြင်စည်းမှာပဲ ရှိပါတယ်။”
ထျန်ရှင်းလုကတော့ မျက်နှာတစ်ချက်ပင် မပျက်ပဲ ခေါင်းညိတ်လိုက်သည်။ လင်းရှောင်၏ အဆိုအရဆိုလျှင် ထိုကျိုးယန်ဆိုသည့် အကောင်က သူ့အား ကူညီပေးလိမ့်မည်။
သို့သော် သူထျန်ရှင်းလုဆိုသည်မှာ မည်သူနည်း။ ဂိုဏ်းသခင် နဂါးဘုရင်ပင်လျှင် သူ၏ ကျွန်ဖြစ်ကာ အဘယ်ကြောင့် ထိုအားနည်းလောက်သည့် သူအားလိုအပ်ရမည်နည်း။
ထျန်ရှင်းလုက အထင်တသေးဖြင့်ပြုံးလိုက်သည်။ ထိုအကောင်အား သတ်ဖြတ်လိုက်ခြင်းကို သူနောင်တနည်းနည်းလေးမှပင် မရချေ။
ထိုကဲ့သို့ကောင်မျိုး၏ အဆင့်အနေလောက်ဖြင့် သူ၏စွမ်းအင်များဖြစ်သွားသည်ကပင် ဂုဏ်ယူစရာကောင်းနေပေလိမ့်မည်။
**--**--**--**--**--**--**--**
မျှော်စင်သို့ရောက်လာသောအခါ ပထမအထပ်၏ အပေါက်ဝမှာတင် လူတစ်ယောက်က ပိတ်ရပ်နေလေသည်။
ထိုသူမှာ ရိုးရှင်းသည့် အဖြူရောင်သိုင်းဝတ်စုံလေးအား
ဝတ်ဆင်ထားပြီး စူးရှသော မျက်လုံးများဖြင့် ချောမောသော လူငယ်တစ်ယောက်ဖြစ်လေသည်။
သူက ရင်ခွင်ထဲတွင် ရွှေရောင်လက်ကိုင်၊
ရွှေရောင်ဓားအဖုံးဖြင့် ဓားတစ်လက်အား ကိုင်ဆောင်ထားလေပြီး ထျန်ရှင်းလုအား စိုက်ကြည့်နေလေသည်။
အရှိန်အဝါအရဆိုလျှင် ထိုလူငယ်လေးသည်
အဆင့်တစ်သေမျိုးတန်ခိုးရှင်တစ်ပါးဖြစ်ကာ သူ၏ခန္ဓာကိုယ်မှ ဓားတာအို၏ အရှိန်အဝါများစိမ့်ထွက်နေလေ၏။
ထျန်ရှင်းလုကလည်း ရပ်လိုက်ပြီး ထိုသူအား မျက်လုံးမှေးကျဉ်း၍ စိုက်ကြည့်လိုက်သည်။ ပြီးနောက်တွင် လီနာအား ကြည့်လိုက်၏။ လီနာက ချက်ချင်းပဲ အလိုက်သိစွာဖြင့်ပြောလိုက်သည်။
“ရွှေနဂါးနိုင်ငံရဲ့ အိမ်ရှေ့စံမင်းသား နေရောင်ခြည်ဓားမင်းသားပါ။” လီနာ၏ အပြောကိုကြားသောအခါ ထျန်ရှင်းလုက ခေါင်းညိတ်လိုက်သည်။ တစ်ချိန်တည်းတွင် လေထုကလည်း လေးလံသွားလေသည်။
မျှော်စင်၏ တံခါးဝတွင်ရပ်နေသည့် အိမ်ရှေ့စံမင်းသား၏ ချောမောသောမျက်နှာသည် အရုပ်ဆိုးသွားကာ သူ၏ နဖူးအထက်တွင် အစိမ်းရောင်သွေးကြောကြီးများ ထောင်ထလာသည်။
“ထျန်သခင်လေး။ ခင်ဗျားကျုပ်နဲ့
တိုက်ခိုက်ခဲ့ဖူးတယ်လေ။ မေ့သွားပြီလား။” အိမ်ရှေ့စံမင်းသားက အလွန်ဒေါသထွက်သွားပြီး တင်းမာနေသည့် လေသံဖြင့်ပြောလိုက်သည်။
အိမ်ရှေ့စံမင်းသားသည် ပညာတတ်ပြီး တော်ဝင်မျိုးနွယ်ပီသစွာပင် အလွန်အမင်းကို ဒေါသထွက်နေသော်လည်းပဲ သူ၏ဒေါသအားချုပ်ထိန်းနိုင်ကာ အဆဲစကားတစ်ခွန်းမှ
မပါချေ။
ထျန်ရှင်းလုကတော့ မျက်နှာသေကြီးဖြင့်သာ
ရှိနေလေပြီး အိမ်ရှေ့စံမင်းသားကို လမ်းဘေးခွေးတစ်ကောင်ကိုကြည့်နေသကဲ့သို့ ကြည့်ကာ ပြန်ပြောလိုက်၏။
“ကျုပ်က လမ်းဘေးက ခွေးတွေလို အားနည်းတဲ့သူတွေကို မှတ်ဉာဏ်ထဲမှာ မထည့်ထားတတ်ဘူး။”
ထိုအခိုက်တွင်ပင် ဓားအလင်းတစ်ချက်လက်သွားလေ၏။
ထျန်ရှင်းလုကလည်း အန္တရာယ်အငွေ့အသက်အား ခံစားလိုက်မိကာ မျက်လုံးတို့က မှေးကျဉ်းသွားလေ၏။
နောက်တစ်စက္ကန့်တွင်တော့ သူ၏လည်ပင်းတွင် စူးရှသည့် ခံစားချက်တစ်ခုအား ခံစားလိုက်ရသောကြောင့် ထျန်ရှင်းလုက မျက်မှောင်ကြုတ်လျက် လည်ပင်းကို ကိုင်လိုက်သည်။
သူ၏လည်ပင်းတွင် တစ်စင်တီမီတာမျှ နက်ရှိုင်းသည့် ဓားရှရာကြီးတစ်ခု ရှိနေလေပြီး အနီရောင်သွေးများက စိမ့်ထွက်လာသည်။ တစ်ချိန်တည်းတွင် မျှော်စင်၏တံခါးဝနားကနေ ခြေလှမ်းတစ်လှမ်းပင် မလှုပ်ရှားခဲ့သည့် နေရောင်ခြည်ဓားမင်းသားက ရွှေရောင်လက်ကိုင်ဖြင့် ဓားအား ဆွဲထုတ်ထားလေ၏။
သူ၏ဓားသည် အနက်ရောင်သလင်းကျောက်လေးဖြစ်လေပြီးသေသပ်စွာ အချောသပ်ထားခြင်းမရှိသောကြောင့် ဓား၏မျက်နှာပြင်သည် မညီမညာဖြစ်နေသည်။
သို့သော်ဓားသွားတွင် အနီရောင်သွေးစလေးများရှိနေကာ
နေရောင်အောက်တွင် အလင်းပြန်နေလေသည်။ ထျန်ရှင်းလု၏ လည်ပင်းမှဒါဏ်ရာလေးသည် ပုံမှန်ဆိုလျှင် တစ်စက္ကန့်ဟူသော အချိန်ကလေးအတွင်းတွင် ပြန်ပျောက်သွားသင့်သော်လည်း ယခုအခါတွင်တော့ ဓားရှရာလေးပျောက်သွားဖို့အတွက် ငါးစက္ကန့်ခန့်ကြာညောင်းသွားလေ၏။
နေရောင်ခြည်ဓားမင်းသားသည်တော့ မောက်မာစွာဖြင့်ပြောလိုက်သည်။ “ဒါက သတိပေးချက်တစ်ခုပဲ။ ငါသာအတည်တိုက်ခိုက်ရန် မင်းလည်ပင်းပြတ်သွားလောက်ပြီ။
အခုမင်းရဲ့အထူးခန္ဓာကိုယ်ကို အသက်သွင်းလိုက်တော့။”
တစ်ချိန်တည်းတွင် ထျန်ရှင်းလု၏ နှုတ်ခမ်းထောင့်တို့က တွန့်ကွေးတတ်သွားလေပြီး အလွန်မိစ္ဆာဆန်သည့် အပြုံလေးတစ်ပွင့်ကလည်း
ထွက်ပေါ်လာသည်။
သူ၏မျက်လုံးတို့ကလည်း ရူးသွပ်နေသည့် ပုံပေါက်ကာ နေရောင်ခြည်ဓားမင်းသားပင် ကျောချမ်းသွားလေ၏။
“ဓားမျိုးစေ့လား။ ဟီးဟားဟား။ ကောင်းတယ်။ ကောင်းတယ်။” ထျန်ရှင်းလုက ခေါင်းအားအနည်းငယ်စောင်းလိုက်ကာ နေရောင်ခြည်ဓားမင်းသားအား စိုက်ကြည့်လိုက်သည်။
တစ်ချိန်တည်းတွင် ထျန်ရှင်းလု၏ အနောက်မှ အရိပ်လုပ်ကြံသူများကလည်း ဆုတ်ခွာသွားကြလေသည်။ ထျန်ရှင်းလု၏ တိုက်ပွဲထဲကို ဝင်ရှုပ်ပါက ရန်သူကိုမသတ်ခင် ထျန်ရှင်းလုက သူမတို့အား အရင်သတ်ဖြတ်ပေလိမ့်မည်။
ထိုအခိုက်တွင် အသင့်ပြင်ထားသည့် နေရောင်ခြည်ဓားမင်းသား၏ ခန္ဓာကိုယ်ရှိကြွက်သားများက တောင့်တင်းသွားလေကာ အလွန်အမြန် ဘေးသို့ခုန်ရှောင်လိုက်သည်။
တစ်ပြိုင်နက်ထဲတွင် ထျန်ရှင်းလုကလည်း သူ့နေရာမှပျောက်ကွယ်သွားလေကာ အံ့မခန်းအမြန်နှုန်းဖြင့် နေရောင်ခြည်ဓားမင်းသားရှိရာနေရာတွင်
ပြန်ပေါ်လာကာ လက်သီးဖြင့် ထိုးချလိုက်လေ၏။
“ဝုန်းးးး။” လေထုပေါက်ကွဲသွားသည့် အသံကြီးနှင့်အတူ လေအဟုန်များထွက်ပေါ်လာသည်။ တစ်ချိန်တည်းတွင် နေရောင်ခြည်ဓားမင်းသားက ကြိုတင်ပြီးတော့ ရှောင်ရှားထားပြီဖြစ်သောကြောင့် မထိခိုက်သွားချေ။
သူသော် သူ၏မျက်စံများကတော့ ကြုံ့ဝင်သွားနေဆဲဖြစ်သည်။ ထျန်ရှင်းလုသည် အထူးခန္ဓာကိုယ်အား အသက်သွင်းထားခြင်းမရှိသော်လည်းပဲ အဆင့်တစ်သေမျိုးတန်ခိုးရှင်တစ်ပါး၏ ခွန်အားနှင့် အမြန်နှုန်းအား ပိုင်ဆိုင်ထားလေ၏။
နေရောင်ခြည်ဓားမင်းသား၏ ခန့်မှန်းချက်အရဆိုလျှင်
ထျန်ရှင်းလုသာ အထူးခန္ဓာကိုယ်အား အသက်သွင်းလိုက်ပါက အဆင့်နှစ်သေမျိုးတန်ခိုးရှင် သို့မဟုတ်
အဆင့်သုံးသေမျိုးတန်ခိုးရှင်နှင့် တန်းတူလောက် သန်မာလာမည်ဟု ထင်မိသည်။
သို့သော် နေရောင်ခြည်ဓားမင်းသားက ယုံကြည်ချက်အပြည့်ရှိနေဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ့ထံတွင် ဓားမျိုးစေ့ရှိနေသောကြောင့်ပင်ဖြစ်သည်။
ဓားမျိုးစေ့ဆိုသည်မှာ မည်သည်နည်း။
ဝိညာဉ်ကွင်းသခင်အဆင့် ကျင့်ကြံသူများအဖြင့် သေမျိုးတန်ခိုးရှင်အဆင့်သို့ တတ်ရောက်ရာတွင် ဝိညာဉ်ကွင်းလေးကွင်းကို ပေါင်းစည်းကာ တန်ခိုးရှင်မျိုးစေ့အား တည်ဆောက်ရသည်။
သို့သော်ချွင်းချက်အနေဖြင့် ထိုဝိညာဉ်ကွင်းသခင်နယ်ပယ်မှ ကျင့်ကြံသူသည် တာအိုတစ်ခုခုတွင် အလွန်အားကောင်းသည့် ပါရမီအား ပိုင်ဆိုင်ထားပါက ထိုတာအို၏ မျိုးစေ့အား တည်ဆောက်နိုင်လိမ့်မည်ဖြစ်သည်။
လက်နက်တာအိုတွင် အလွန်အားကောင်းသည့် ပါရမီရှိပါက လက်နက်မျိုးစေ့ကို တည်ဆောက်နိုင်၏။ အလားတူစွာပင် ဓား၊ လှံ၊ ပုဆိန်တို့သာမက ပန်းချီ၊ လက်ရေးလှ နှင့် ဂီတများလည်းဖြစ်နိုင်သည်။
ယခုအခါတွင် နေရောင်ခြည်ဓားမင်းသားသည် ဓားမျိုးစေ့အားပိုင်ဆိုင်ထားကာ သူ၏ကျင့်ကြံခြင်းအဆင့်သည်လည်း အဆင့်တစ်သေမျိုးတန်ခိုးရှင်အဆင့်သာရှိသေးလေသည်။
သို့သော် နေရောင်ခြည်ဓားမင်းသားသာ အစွမ်းကုန်တိုက်ခိုက်ပါက အဆင့်ငါးသေမျိုးတန်ခိုးရှင်တစ်ယောက်ကိုပင် သတ်ဖြတ်နိုင်သည်အထိ အားကောင်းလေ၏။
တစ်ခုတည်းသော ဆိုးကျိုးမှာတော့ ကျင့်ကြံခြင်းအဆင့်တတ်ရန်က ကောင်းကင်ကိုတတ်သည်ထက်ပင် ပို၍ခက်ခဲလေ့ရှိကာ ပါရမီရှင်အများစုသည် သေမျိုးတန်ခိုးရှင်အဆင့်တစ်ဖြင့်သာ အရိုးဆွေးသွားကြရလေ၏။
ဆိုတော့ကာ နေရောင်ခြည်ဓားမင်းသားတွင် အလွန်အားကောင်းသည့် တိုက်ခိုက်နိုင်စွမ်းအား ပိုင်ဆိုင်ထားကာ ထျန်ရှင်းလုအား အနိုင်ယူနိုင်မည်ဟူသည့် အားကောင်းသော ယုံကြည်ချက်များကို ပိုင်ဆိုင်ထားလေ၏။
ဓားအလင်းတစ်ချက်လက်သွားကာ အနက်ရောင်ဓားချက်ကြီးက ထွက်ပေါ်လာပြီ ထျန်ရှင်းလု၏ နောက်ကျောအားပိုင်းဖြတ်သွားလေသည်။
ချက်ချင်းပဲ သွေးများက ဝေါကတည်းထွက်လာ၏။ သို့သော် ထျန်ရှင်းလုက မျက်နှာတစ်ချက်မပျက်ပဲ ဆက်လက်ပြီး တိုက်ခိုက်လိုက်ပြန်သည်။
လေထုထဲတွင် ဓားက လေထုကို ပိုင်းဖြတ်သွားသံ တညံညံထွက်ပေါ်နေပြီး ဓားအလင်းတန်းများမှာ ပင့်ကူအိမ်သဖွယ် ရှုပ်ထွေးပွေလီစွာ ယှက်နွယ်နေသည်။
နေရောင်ခြည်ဓားမင်းသား၏ တိုက်ခိုက်မှုများက မိုးသည်းထန်စွာ ရွာသွန်းနေသကဲ့သို့ စိပ်လှလွန်းသည်။ သူ၏ လက်ထဲရှိ အနက်ရောင်သလင်းကျောက်ဓားသည် သေမင်း၏ တံံစဉ်ကဲ့သို့ ထျန်ရှင်းလု၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ချိန်ရွယ်ကာ အဆက်မပြတ် ပိုင်းဖြတ်နေသည်။
ရွှပ် ရွှပ် ရွှပ်။
ဆယ်ချီမကသော တိုက်ခိုက်မှုများ အပြီးတွင်တော့ ထျန်ရှင်းလု၏ အခြေအနေမှာ ကြည့်ရဆိုးလာသည်။ သူ၏ အနက်ရောင်ဝတ်ရုံကြီးမှာ ဓားချက်များကြောင့် စုတ်ပြတ်သပ်နေပြီဖြစ်ကာ နေရာအနှံ့အပြားတွင် အသားစများ ပဲ့ထွက်နေပြီး သွေးများ ရွှဲနစ်နေသည်။
ထျန်ရှင်းလု၏ ရင်ဘတ်၊ လက်မောင်းနှင့် ခြေထောက်များတွင် နက်ရှိုင်းသော ဓားဒဏ်ရာများ ပြည့်နှက်နေပြီး သွေးများက မြေပြင်ပေါ်သို့ တတောက်တောက် ကျဆင်းနေသည်။ သို့သော် ထျန်ရှင်းလုကတော့ နာကျင်မှုကို မသိသည့် လူတစ်ယောက်ကဲ့သို့ ခံစားချက်မဲ့နေဆဲပင်။
နောက်ဆုံး ဓားချက်တစ်ချက် အပြီးတွင် နေရောင်ခြည်ဓားမင်းသားက အနောက်သို့ ခုန်ဆုတ်လိုက်ပြီး ဓားကို ဝင့်ကြွားစွာ ကိုင်ဆောင်လျက် ရပ်တန့်လိုက်သည်။ သူ၏ အဖြူရောင်ဝတ်စုံမှာ ဖုန်တစ်စက်မျှ မကပ်ငြိဘဲ သန့်ရှင်းသပ်ရပ်နေဆဲဖြစ်သည်။
နေရောင်ခြည်ဓားမင်းသားက သွေးအလိမ်းလိမ်းဖြင့် ရပ်နေသော ထျန်ရှင်းလုကို ကြည့်ကာ အောင်နိုင်သူတစ်ယောက်၏ အပြုံးဖြင့် ပြုံးလိုက်သည်။
“ဒါအကုန်ပဲလား ထျန်သခင်လေး။ ခင်ဗျားရဲ့ ဂုဏ်ပုဒ်တွေက အလကားပါလား။ ဓားမျိုးစေ့ပိုင်ရှင်တစ်ယောက်ရဲ့ ရှေ့မှာ ခင်ဗျားက ဘာမှမဟုတ်တဲ့ လူသားတစ်ယောက်ပဲ။ ခင်ဗျား ရှုံးပြီ။ အခုချက်ချင်း ဒူးထောက်ပြီး အရှုံးပေးမယ်ဆိုရင် ခင်ဗျားရဲ့ အသက်ကို ချမ်းသာပေးမယ်။”
နေရောင်ခြည်ဓားမင်းသား၏ အသံမှာ ယုံကြည်မှု အပြည့်ရှိနေပြီး အပေါ်ဆုံးထပ်ကနေ စိုက်ကြည့်နေကြသည့် ဓမ္မရာဇာဘုရင်တို့ကလည်း ထျန်ရှင်းလု ရှုံးနိမ့်သွားပြီဟု ထင်မှတ်လိုက်ကြသည်။
ထိုအချိန်တွင် ခေါင်းငိုက်စိုက်ကျနေသော ထျန်ရှင်းလုထံမှ တုန်ခါသော ရယ်သံသဲ့သဲ့ ထွက်ပေါ်လာသည်။
သူက ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်သည်။
သွေးများပေကျံနေသော မျက်နှာပေါ်တွင် အပြုံးမပျက် ရှိနေသော်လည်း သူ၏ မျက်ဝန်းများကမူ ယခင်နှင့်မတူတော့ဘဲ ရေခဲတမျှ အေးစက်သွားလေသည်။
ထိုအကြည့်သည် လူတစ်ယောက်ကို ကြည့်နေခြင်း မဟုတ်ဘဲ သက်မဲ့ပစ္စည်းတစ်ခုကို ကြည့်နေသကဲ့သို့ ခံစားချက်ကင်းမဲ့လွန်းလှသည်။
ထျန်ရှင်းလုက လည်ပင်းမှ သွေးများကို လက်ဖြင့် သပ်တင်လိုက်ပြီး လျှာဖြင့် ရက်လိုက်ကာ အေးစက်စွာ ပြောလိုက်သည်။
“ပျင်းစရာကောင်းလာပြီ။”
သူ၏ စကားသံအဆုံးတွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ရုတ်တရက်ဆိုသလိုပင် ထျန်ရှင်းလု၏ ခန္ဓာကိုယ်မှ အနီရောင် လျှပ်စီးကြောင်းများ တဖြတ်ဖြတ်လက်လာသည်။
ကောင်းကင်ယံတစ်ခုလုံး မည်းမှောင်သွားသကဲ့သို့ ခံစားလိုက်ရပြီး အသက်ရှူကျပ်ဖွယ်ရာ ကောင်းသော ဖိအားကြီးတစ်ခုက မျှော်စင်ရှေ့ရှိ နေရာလပ်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
ထျန်ရှင်းလု၏ ဒဏ်ရာများမှ စီးကျနေသော သွေးများသည် မြေကြီးပေါ်သို့ မကျတော့ဘဲ လေထဲတွင် ဝဲပျံလာကာ အနီရောင်မြူခိုးများအဖြစ် ပြောင်းလဲသွားသည်။
သူ၏ မျက်လုံးများထဲတွင် အနီရောင်လျှပ်စီးများ ဖြတ်သန်းသွားပြီး လူသားတစ်ယောက်၏ အရှိန်အဝါမဟုတ်တော့ဘဲ ရှေးဟောင်းမိစ္ဆာကြီးတစ်ကောင် နိုးထလာသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည်။
လေထုသည် လေးလံလာပြီး မြေပြင်ပေါ်ရှိ ကျောက်ခဲအသေးလေးများပင် တုန်ခါလာသည်။ နေရောင်ခြည်ဓားမင်းသား၏ မျက်နှာထားမှာ ချက်ချင်းပင် ပြောင်းလဲသွားပြီး သူ၏ ဓားကိုကိုင်ထားသော လက်များမှာ အနည်းငယ် တုန်ယင်လာသည်ကို သတိထားမိလိုက်သည်။
ထျန်ရှင်းလုက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၉၈ + ၂၉၉ + ၃၀၀ + ၃၀၁ + ၃၀၂) ပြီး။