အခန်း (၁၂၁)
Vol. 11 Ch. 121
“ဒါဆို ဒီအချက်အလက်က အသုံးဝင်တာလား၊ မဝင်ဘူးလား။”
သူ ခေါင်းကုတ်လိုက်မိ၏။ “ချန်ဝေ့ကော်ကိုရော ဘယ်လိုလုပ်မလဲ။ သူ့ကို ကာကွယ်သင့်သလား၊ မကာကွယ်သင့်ဘူးလား။”
“သေချာပေါက် ကာကွယ်ရမှာပေါ့။”
“ကာကွယ်ရမယ်။”
ထိုဇနီးမောင်နှံသည် တစ်ပြိုင်နက်တည်း ပြောလိုက်ကြပြန်သည်။
ကျိဇယ်သည် သူတို့နှစ်ယောက်ကို တစ်လှည့်စီကြည့်ကာ ဘယ်သူ့ကို မေးလို့ မေးရမှန်း မသိဖြစ်နေခဲ့သည်။
ကျိသော်၏ အကြည့်သည်လည်း လင်းချောင်၏ မျက်နှာပေါ်သို့ ကျရောက်နေပြီး သူမ၏ ထင်မြင်ချက်ကို နားထောင်လိုပုံရသည်။
လင်းချောင်က ပြောလိုက်သည်။“ကျွန်မတို့သာ သူ့ကို မကာကွယ်ဘူးဆိုရင် သူ့စကားတွေက မှန်လား၊ မှားလားဆိုတာကို ဘယ်လို သ်ိနိုင်မှာလဲ။ ဒါ့အပြင် သူက သူ့ကို ထိုက်သင့်သလို ဆုံးဖြတ်ဖို့လည်း ပြောခဲ့တယ်လေ။ ကျွန်မတို့က သူ့ကို ကာကွယ်ပေးရုံတင်မကဘဲ လူတိုင်းသိသွားအောင် ကိစ္စကကြီးကျယ်တဲ့ ပုံစံမျိုးပါ လုပ်ရမယ်။ အဲ့ဒီအခါမှ ဟိုလူတွေက သူ ဘယ်လောက်အထိ ဖော်ထုတ်လိုက်ပြီလဲဆိုတာကို တွေးမိပြီး စိတ်ရှုပ်ထွေးလာကြလိမ့်မယ်။”
၎င်းသည် မြွေကို တွင်းထဲမှ ဆွဲထုတ်နိုင်မည့် နည်းလမ်းတစ်ခုပင်။ ဒီတစ်ကြိမ်တွင် အရာအားလုံးက ယွီမိသားစုဘက်ကို ညွှန်ပြနေခဲ့သည်။ ယွီမိသားစုတွင်သာ အမှန်တကယ် ပြဿနာရှိနေသည်ဆိုလျှင် လူကြီးများနှင့် လူငယ်များက သူတို့၏ ရပ်တည်ချက်ကို ထိန်းထားနိုင်ဦးမည်လား။
ဒါ့အပြင် ယွီကျင်း၏ ပြဿနာလည်း ရှိသေးသောကြောင့် ယွီမိသားစုသည် ရှုပ်ထွေးနေပြီး အရာအားလုံးကို မကိုင်တွယ်နိုင် ဖြစ်နေနိုင်သည်။
လင်းချောင် ပြောပြီးသွားသည်နှင့် သူမကို ထိုအမျိုးသား နှစ်ယောက်လုံးက စိုက်ကြည့်နေကြသည်ကို သတိပြုမိလိုက်သည်။
“ကျွန်မ ဘယ်နေရာများ မှားပြောမိလို့လဲ။” သူမသည် သူတို့ကို တစ်ယောက်ချင်းစီ ပြန်ကြည့်လိုက်သည်။
“မမှားပါဘူး။”
ကျိဇယ် ချက်ချင်း အကြည့်လွှဲလိုက်သော်လည်း သူ၏ အမူအရာကတော့ သိသိသာသာ ရှုပ်ထွေးနေခဲ့သည်။ အရင်ကလည်း ဆက်ဆံရေး သိပ်မရှိခဲ့သောကြောင့် လင်းချောင်သည် ဉာဏ်ကောင်းရုံသာမက ပြဿနာများနှင့် ရင်ဆိုင်ရသောအခါတွင်လည်း ရှင်းလင်း တည်ငြိမ်စွာ ဖြေရှင်းနိုင်ကြောင်း သူ သတိမထားမိခဲ့ပေ။ သူမသည် သူ၏ဦးလေးနှင့် စကားပင်ပြောစရာမလိုဘဲ နားလည်မှု ရှိနေခဲ့သည်။ ဒါကြောင့် သူ၏ ဦးလေးက...
သူ ရုတ်တရက် နောက်လှည့်ကြည့်မိပြန်သည်၊ သို့သော် ကျိသော်၏ အေးစက်ပြီး နက်ရှိုင်းသော အကြည့်နှင့်သာ ဆုံမိလိုက်၏။
အကြောင်းတစ်ခုခုကြောင့် ကျိဇယ်သည် အပြစ်ရှိသလို ခံစားလိုက်ရပြီး အလျင်အမြန် ပြောလိုက်သည်။
“ဒါပဲလား။ ဒီလိုဆိုရင် ကျွန်တော် ဒရိုင်ဘာကို သွားခေါ်လိုက်တော့မယ်။”
ကျိသော်က “အင်း” ဟု တုံ့ပြန်လိုက်သည်။
“မင်း တက်လာစရာ မလိုတော့ဘူး။”
ကျိဇယ် အံ့အားသင့်သွား၏။
တစ်ဖက်မှ အမျိုးသားက သူ့ကို အေးစက်စွာ လှမ်းကြည့်လိုက်သည်။
“မင်းက ငါနဲ့ မင်းအဒေါ်နဲ့အတူ အိမ်ပြန်လိုက်ချင်သေးတာလား။”
ထိုအခါမှ သူအပြင်ကို ကြည့်လိုက်ရာ ကားကို သူ့စက်ရုံအနီးတွင် ရပ်ထားကြောင်း သိလိုက်ရသည်။ သူလည်း ချက်ချင်းပဲ တံခါးဖွင့်ပြီး ကားထဲက ထွက်လိုက်သည်။
“ဒါဆို ကျွန်တော် သွားတော့မယ်။”
“ဂရုစိုက်သွားဦး။” လင်းချောင်က သူ့ကို ယဉ်ကျေးစွာဖြင့် လက်ပြနှုတ်ဆက်လိုက်သည်။
မမျှော်လင့်ထားဘဲ ကျိသော်လည်း ကားထဲက ထွက်လာပြီး အနီးအနားရှိ ဆိုင်တစ်ဆိုင်မှ ရေခဲမုန့်တစ်ခုဝယ်ကာ ကားထဲမှ လင်းချောင်ကို လှမ်းပေးလိုက်သည်။
ကားတံခါး ပိတ်လိုက်ပြီးနောက် ကားသည် အလျင်အမြန် စတင်ထွက်ခွာသွားတော့သည်။ ကား၏ နောက်မီးရောင်များသည် လူတို့၏ အရိပ်များကို လင်းလာစေခဲ့ပြီး တဖြည်းဖြည်း နက်ရှိုင်းလာသော ဆည်းဆာချိန်ထဲသို့ ရောယှက်ကာ ပျောက်ကွယ်သွားတော့သည်။
သူတို့သည် ကာကွယ်မှုကို ကြီးကျယ်သည့်အနေအထားတစ်ခုအထိ ချပြလိုသောကြောင့် ကျိသော်သည် ထိန်းသိမ်းရေးစခန်းသို့ သွားရောက်ကာ တာဝန်ရှိသူများနှင့် နှုတ်ဆက်ခဲ့ပြီး ချန်ဝေ့ကော်ကို မည်သူမျှ မနှောင့်ယှက်စေရန် လုပ်ခဲ့သည်။
သူသည် နှုတ်ဆက်ရုံသာမက လက်ဆောင်များကိုပါ ပေးပို့ခဲ့ပြီး ဤလူသည် သူ၏ အကာအကွယ်အောက်တွင်ရှိကြောင်း ပွင့်ပွင့်လင်းလင်း အချက်ပြခဲ့သည်။ ဤနည်းဖြင့် အနည်းဆုံး အမှုကို တရားဝင် မစစ်ဆေးမီအထိ ချန်ဝေ့ကော်သည် မည်သည့် လျှို့ဝှက်တိုက်ခိုက်မှုကိုမှ ခံရတော့မည် မဟုတ်ပေ။ တရားခွင် စစ်ဆေးချိန်တွင်လည်း တရားမျှတမှု ရှိမရှိကိုပါ ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။
ထိုသတင်း ပျံ့နှံ့သွားခဲ့ရာ ယွီမိသားစုကို သိသိသာသာ မကျေမနပ် ဖြစ်သွားစေခဲ့ပြီး သူတို့က အဘိုးကျိထံပင် ဖုန်းဆက်ခဲ့ကြသေးသည်။
အဘိုးကျိကတော့ သားဖြစ်သူထံမှ ကြိုတင် သတင်းရရှိထားပြီးသား ဖြစ်သည်။
“ကျွန်တော်တို့ရဲ့ ရှောင်ဇယ်က ဒီကိစ္စမှာ ပါဝင်ပေးဖို့ အတင်းအကျပ် တောင်းဆိုခဲ့ပြီး ဒုတိယသားဆီ အကူအညီ တောင်းခဲ့တယ်လေ။ ကျွန်တော်တို့မှာလည်း ရွေးချယ်စရာ မရှိခဲ့ဘူး။ ခင်ဗျားလည်း ရှောင်ဇယ်အကြောင်း သိပါတယ်။ သူက သစ္စာရှိတယ်။ သူတို့က နှစ်ပေါင်းများစွာ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပြီး အတူတူ ကြီးပြင်းလာခဲ့ကြတာ။ သူက ဘယ်လိုလုပ် သူ့ခံစားချက်တွေကို လျစ်လျူရှုထားနိုင်မှာလဲ။”
သူ သက်ပြင်းချလိုက်သည်။ “ဒါ့အပြင် သူက်ိုယ်တိုင်လည်း အဲ့ဒီ ထုတ်လုပ်မှုလိုင်းကို ဝယ်ဖို့ စဉ်းစားခဲ့ဖူးတယ်။ နည်းနည်းလေး လွဲသွားခဲ့လို့သာ၊ အခုတော့ သူလည်းကြောက်နေပြီ...”
သူ၏စကားများသည် စွပ်စွဲသည့်သဘောတွင် မရှိသော်လည်း ပိုအာရုံစိုက်နားထောင်ကြည့်လျှင် အပြစ်တင်သည့် သဘောများဖြင့် ပြည့်နေခဲ့သည်။
အဘိုးယွီလည်း စကားလုံးများကို ပြောမထွက်န်ိုင်တော့ပေ။
“ဒီကိစ္စက ရှောင်ကျင်း ကောင်းကောင်း မကိုင်တွယ်နိုင်ခဲ့လို့ဆိုတာမှန်ပေမဲ ချန်မိသားစုက ကောင်လေးကတော့... ဓားနဲ့ ငါးချက် ထိုးခဲ့တာ၊ အတိအကျကို ငါးချက် ထိုးခဲ့တာါ”
သူ၏ လေသံသည် နာကျင်မှုများဖြင့် ပြည့်နေခဲ့သည်။ “သူ့ရဲ့ ထိုးချက်တွေထဲက တစ်ချက်က သရက်ရွက်ကိုပါ ထိသွားလို့၊ ကယ်ဖို့တောင် ခက်ခဲခဲ့သေးတယ်။”
“အဲ့ဒါက တော်တော် အန္တရာယ်များတာပဲ။ ရှောင်ကျင်း အဆင်ပြေရဲ့လား။”
အဘိုးကျိသည် ယွီကျင်း၏ ကျန်းမာရေးအကြောင်း မေးမြန်းခဲ့ပြီး ချန်ဝေကော်ကို ကျိသော် ကာကွယ်ပေးထားသည့် ကိစ္စကိုတော့ ရှောင်ရှားခဲ့သည်။
ဖုန်းချပြီးနောက် သူသည် ရွှီလီအား အေးစက်စွာ ပြောလိုက်၏။ “သူ့ရဲ့မြေးက ငါ့မြေးကို ပြဿနာ တော်တော်များများ ဖြစ်အောင်တောင် ကြိုးစားခဲ့သေးတာကို အခု သူက ငါ့ကို ဒုတိယသားအကြောင်း လာပြောရဲသေးတယ်။ ငါ့ကို မုန့်ဖုတ်ဂျုံလို့များ ထင်နေတာလား။”
ရွှီလီကတော့ စိတ်ထားနူးညံ့သူဖြစ်သည်။ “ချန်မိသားစုက ကောင်လေးနဲ့ စုန့်မိသားစုက မိန်းကလေးကိုပဲ သနားမိတယ်။ သူမက စာအသင်ပြကောင်းတယ်လို့ ချောင်ချောင်က ပြောတယ်။”
“အဲ့ဒါက ဘာအရေးလဲ။ ဒီလို မိဘမျိုးတွေ ရှိနေတာကို။ ချွေးမအကြီးက သူမကို ရတနာလိုမျိုး သဘောထားတာကတော့ နှမျောစရာပဲ။”
ယဲ့မင်ရှူးသည် ကျိဇယ်အတွက် စီစဉ်ထားသော အိမ်ထောင်ရေးကို တားဆီးရန် စုန့်ကျင်းကို အသုံးပြုခဲ့ပြီ စုန့်မိသားစုသည်လည်း ထိုကောလာဟလများကို ငြင်းပယ်ခဲ့ခြင်း မရှိခဲ့ပေ။ အဘိုးကျိကတော့ သူ၏ ချွေးမအကြီးသည် မကြာမီတွင် ဒီမိသားစုလက်ထဲ၌ ဒုက္ခရောက်ရတော့မည်ကို ကြိုသိခဲ့သည်။
သို့သော် ကျိဇယ် စစ်တပ်မှ အနားယူပြီး စီးပွားရေးလုပ်ငန်း လုပ်တော့မည့်အချိန်တွင်တော့ စုန့်မိသားစုက သူတို့၏ ပစ်မှတ်ကို ချက်ချင်း ပြောင်းလိုက်ပြီး ယွီမိသားစုနှင့် အိမ်ထောင်ရေး စီစဉ်ခဲ့ပြန်သည်။ သူ၏မြေးကို ပယ်ချပစ်လိုက်ခြင်းကြောင့် သူသည်လည်း မပျော်မရွှင်ဖြစ်ခဲ့ရသေးသည်။
ရလဒ်အနေဖြင့် စေ့စပ်ပွဲက ရှုပ်ထွေးသွားခဲ့သလို ယွီကျင်း၏ ခန္ဓာကိုယ်သည်လည်း ပျက်စီးသွားဖွယ်ရှိပြီး သူ့ဂုဏ်သတင်းကပါ ပျက်စီးသွားခဲ့လေပြီ။ ထိုမိသားစုဘက်က အခု ဘယ်လိုတွေးနေကြပြီ ဆိုသည်က်ို သူ မသိတော့ပေ။
စုန့်မိသားစု ဘယ်လိုပဲ တွေးနေပါစေ၊ အဘိုးကုက ချန်ဝေ့ကော်ကို ထောင်ထဲတွင် သွားတွေ့မည်ဆိုသည့် သတင်း ထွက်လာချိန်တွင်တော့ တစ်စုံတစ်ယောက်က ငြိမ်ငြိမ်မနေနိုင်တော့ပေ။
ထိုနေ့တွင် ကျိသော်သည် ထိန်းသိမ်းရေးစခန်းမှ ထွက်လာခဲ့ရာ မမျှော်လင့်ထားဘဲ သူ မထင်ထားသည့်သူတစ်ဦးကို မြင်လိုက်ရသည်။
ယွီမိသားစု၏ ပဥ္စမသားသည် မှောင်ရိပ်ထဲတွင် ညိုမည်းနေသော မျက်နှာဖြင့် ရပ်နေခဲ့ပြီး သူ့ခြေထောက်ပတ်လည်တွင်လည်း စီးကရက်ဖင်စီခံများ ပြန့်ကျဲနေလေသည်။
“မင်းက တကယ်ကို သူများကိစ္စတွေကို ဝင်ရှုပ်ရတာ ဝါသနာပါတာပဲ။ ကုမိသားစုရဲ့ ကိစ္စတွေကို စီမံလိုက်၊ ချန်မိသားစုရဲ့ ကိစ္စတွေကို စီမံလိုက်နဲ့။ ဒီလိုသာဆိုရင် မင်းက မိန်းမတွေကို သဘောမကျဘူးဆိုတဲ့ ကောလာဟလတွေက အမှန်ပဲလို့တောင် လူတွေ ထင်သွားနိုင်တယ်။ သူက မင်းရဲ့ ချစ်သူမဟုတ်ဘူးဆိုရင် ဘာလို့ ဒီလောက်တောင် အာရုံစိုက်နေရတာလဲ။”
သူ၏စကားများက ပြင်းထန်သော်လည်း ကျိသော်ကတော့ မျက်တောင်တစ်ချက်ပင် မခတ်ခဲ့ဘဲ လှေကားထစ်များမှ တည်ငြိမ်စွာ ဆင်းလာခဲ့သည်။
“ငါ သူ့ကို ကာကွယ်နေတာက သူက တန်ဖိုးရှိနေလို့လေ။”
သူ၏ နွေရာသီစီး ဖိနပ်သံသည် မြေပြင်ပေါ်တွင် သိပ်လေးပင်သည့်ပုံစံမျိုးမဟုတ်သော်လည်း ထိုလူ တည်ငြိမ်စွာ လျှောက်လာသည်ကို ကြည့်ရင်း ယွီအိမ်၏ ပဥ္စမသားသည် ဖိအားတစ်ခုကို ခံစားလိုက်ရသည်။
ဤသည်က သူ၏မျက်နှာကို ပို၍ပင် မည်းမှောင်စေခဲ့ပြီး သူ၏မျက်လုံးများကလည်း ကျိသော်အပေါ် စူးစိုက်နေခဲ့သည်။
“သူက ရာဇဝတ်မှု ကျူးလွန်ခဲ့ပြီး ငါတို့ ယွီမိသားစုကိုလည်း မုန်းတီးနေတယ်။ သူ မင်းကို လိမ်ပြောမှာကို မကြောက်ဘူးလား။”
ကျိသော် မျက်နှာကိုမော့လိုက်ရာ သူ၏မျက်လုံးများက နက်မှောင်နေပြီး မည်သည့်အရာကိုမှ ဖတ်၍မရနိုင်ခဲ့ပေ။
“အကယ်၍ လိမ်နေတာသာဆိုရင် မင်းက ဘာလို့ ဒီကို ရောက်နေတာလဲ။”
ယွီအိမ်၏ ပဥ္စမသားသည် ပြောစရာစကားမဲ့သွားပြီး သူ၏ စီးကရက်ကို ကိုင်ထားသောလက်သည်လည်း တုန်ယင်လာကာ သူ၏မျက်နှာကပါ ဖြူဖတ်ဖြူလျော် ဖြစ်သွားခဲ့သည်။
အချိန်အတော်ကြာမှ သူ အသံပြန်ထွက်လာ၏။ “ဒါက ကုရှောင်ကျန်း ကိစ္စပဲ မဟုတ်ဘူးလား။”
သူ၏ တုန်ယင်နေသော လက်ဖြင့် စီးကရက်ကို ပါးစပ်ထဲထည့်လိုက်ပြီး ပြင်းပြင်း ရှိုက်လိုက်ရာ သီးသွားခဲ့ပြီး သူ၏ မျက်လုံးများက နီရဲလာတော့သည်။
သူသည် စီးကရက်ကို မြေပြင်ပေါ် ပစ်ချလိုက်သည်။ “မင်း စုံစမ်းချင်နေတယ်ဆိုတော့ ငါလည်း မင်း သိသွားမှာကို မကြောက်နေတော့ဘူး။ အရင်တုန်းက တောင်ပိုင်းပြည်နယ်မှာ ငါ အဲ့ဒီ ကောင်မလေး ကုရှောင်ကျန်းအပေါ် ဒေါသထွက်ပုံချခဲ့မိတာ မှန်ပါတယ်။ ချန်ဝေ့ကော်က မင်းကို ဒီအကြောင်း ပြောပြတာပေါ့၊ ဟုတ်တယ်မလား။ ဒါပေမယ့် ငါ တစ်ယောက်တည်းပဲလို့ မင်းထင်နေတာလား။ တိုင်မိသားစုက တိုင်ချန်၊ ထန်မိသားစုက ဒုတိယသားနဲ့ တတိယသား၊ ပြီးတော့…”
သူသည် နာမည်အချို့ကို စာရင်းပြုစုပြလိုက်သည်။
“သူတို့ အားလုံး ပါဝင်ခဲ့တာ။ မင်း သူတို့ တစ်ယောက်ချင်းစီတိုင်းကိုပါ လက်စားချေဖို့ ဖမ်းဆီးတော့မလို့လား။”
ထိုသည် လှောင်ရယ်လိုက်ကာ ကျိသော်ကို စိန်ခေါ်သည့်ပုံစံနှင့် ကြည့်လိုက်သည်။
“မင်းက အရာအားလုံးကို စီမံချင်နေတယ်။ မင်း ကိုင်တွယ်နိုင်ပါ့မလား။”
မမျှော်လင့်ထားဘဲ ကျိသော်က သူ ဖော်ပြခဲ့သော နာမည်အားလုံးကို ပြန်ပြောလိုက်သည်။
“ဒီလောက်ပဲလား၊ နောက်ထပ် ရှိသေးလား။”
သူ၏လေသံနှင့် မျက်လုံးများက တည်ငြိမ်နေခဲ့သော်လည်း ၎င်းတို့သည် အလွန် တည်ငြိမ်လွန်းသဖြင့် စိုက်ကြည့်နေသူတစ်ဦး၏ ဦးရေပြားကိုပါ ထိုးစိုက်နာကျင်စေနိုင်ခဲ့သည်။
“မင်း တကယ်ကိုပဲ တစ်ယောက်ချင်းစီ လက်စားချေတော့မှာလား။”
ကျိသော်၏ စိတ်ခံစားချက် ကင်းမဲ့သောအကြည့်ကို ကြည့်ရင်း သူ မယုံကြည်နိုင်ဖြစ်သွားကာ လက်ချောင်းများ ထပ်တုန်ယင်လာပြန်သည်။
သူသည် သူ၏လုပ်ရပ်များကို ဆင်ခြေပေးရန် ကြိုးစားလိုက်၏။
“ဒီကိစ္စအတွက် ငါတို့ကို အပြစ်တင်လို့ မရဘူး။ ယန်ဒူမှာ သက်တောင့်သက်သာနေရတဲ့ ဘဝကနေ ဒီလို ဆိုးရွားတဲ့နေရာမျိုးကို ရုတ်တရက် ပစ်ချခံရတာကို ဘယ်သူက လိုချင်မှာလဲ။ ဒေါသပုံချစရာနေရာ မရှိခဲ့လို့ သူမအပေါ် ဒေါသပုံချမိတာက ပုံမှန်ပဲလေ။ ဒါ့အပြင် သူမ ကိုယ်တိုင်ကတောင် ဘာမှ မပြောခဲ့ဘူး။”
“ဒီလိုဆိုတာနဲ့ပဲ မင်းတို့က သူမကို အနိုင်ကျင့်လို့ ရတယ်လို့ ထင်နေတာပေါ့။ သူမကို ပျောက်ဆုံးသွားအောင် လုပ်လို့ ရတယ်လို့ပါ ထင်နေခဲ့ကြတာပေါ့။”
ကျိသော်သည် ရုတ်တရက် ရှေ့သို့ တိုးလာပြီး သူ၏လည်ပင်းကို ဆွဲကိုင်ကာ နံရံတွင် ကပ်ထားလိုက်သည်။
“သူမက ကိုးနှစ်ပဲ ရှိသေးတာ! မင်းမှာရော ညီမ မရှိဘူးလား။”
သူ၏အားက ပြင်းလွန်းသဖြင့် ယွီအိမ်မှ ပဥ္စမသား၏ ကျောဘက်တစ်ခုလုံး နာကျင်သွားပြီး မျက်ရည်များပင် ထွက်ကျလုနီးပါး ဖြစ်ခဲ့ရသည်။
ကျိသော် စစ်တပ်ဝင်ပြီးကတည်းက အခြားသူတစ်ဦးနှင့် ရန်ဖြစ်သည်ဟူ၍ မည်သူမျှ မကြားခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ သို့သော် သူ၏ ယခုအပြုအမူက အလွန် ကြမ်းတမ်းနေသဖြင့် ထိုသူသည် စကားပင် မပြောနိုင်ခဲ့တော့ပေ။
“ဘယ်သူက၊ ဘယ်သူက သူမကို ပျောက်သွားအောင် လုပ်ခဲ့လို့လဲ… သူမဘာသာ လမ်းပျောက်သွားတယ်ဆိုတာ သိသာနေတာပဲကို…”
ထိုသူသည် စကားတစ်ခွန်းကို အတင်း ရုန်းကန်ရင်း ထုတ်ပြောလိုက်သည်။
“ငါက ရုတ်တရက်၊ ရုတ်တရက် မင်း ချန်ဝေ့ကော်ရဲ့ စကားကို နားထောင်ပြီး ရမ်းသမ်း ခန့်မှန်းနေတာမျိုး မဖြစ်ရအောင်လို့ မင်းကို လာရှာတာ…”
သူသည် ကျိသော်၏ လက်ချောင်းများကို ဖယ်ရှားရန် ကြိုးစားရင်း အသက်ရှူရန် ရုန်းကန်လိုက်သည်။
“သူမကို ပျောက်သွားအောင် လုပ်လိုက်ရင် နောက်ပိုင်းမှာ ငါတို့က ဘယ်သူ့ကို ဒေါသပုံချရတော့မှာလဲ။ ငါတို့က ငတုံးတွေ မဟုတ်ဘူး…”
သို့သော် ဤစကားများက ကျိသော်၏ ဒေါသကို ပိုနှိုးဆွပေးလိုက်သလိုသာ ဖြစ်သွားခဲ့သည်။
သူ နောက်ဆုံးတွင်တော့ လက်ကိုလွှတ်ပေးလိုက်ပြီး ယွီအိမ်၏ ပဥ္စမသားကို ခါးကုန်းကာ ပြင်းပြင်းထန်ထန် ချောင်းဆိုးသွားစေခဲ့သည်။
သူ လွတ်မြောက်သွားပြီဟု ထင်နေစဉ်တွင်ပဲ ကျိသော်က ရုတ်တရက် သူ့အနား ကပ်လာခဲ့၏။ “ရှောင်ပင်း သေဆုံးရတာကရော ဘယ်လိုလဲ။”
ထိုသူ၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားပြီး သူ၏ ပုံစံကိုပါ ရောင်ပြန်ဟပ်နေသလိုပင်။
“မင်း ဘယ်လိုလုပ်…”
ထိုအချိန်တွင် အဘိုးအိုတစ်ဦး၏ အသံက ကြားမှဖြတ်ဝင်လာခဲ့သည်။
“မင်းတို့ ဘယ်အရွယ် ရောက်နေကြပြီလဲ၊ အခုထိ ရန်ဖြစ်နေကြတုန်းလား။”
ယွီအိမ်၏ ပဥ္စမသားသည် အသိပြန်ဝင်လာပြီး ပြောလိုက်သည်။
“အဖေ၊ အဖေလား။”
၎င်းမှာ အဘိုးယွီဖြစ်ပြီး ယွီကျင်း၏ ဖခင်၊ ယွီအိမ်၏ သားအကြီးဆုံးနှင့်အတူ လိုက်ပါလာခဲ့ခြင်းဖြစ်သည်။
အဘိုးယွီသည် သူ့သားအကြီးဆုံးကို သူ၏ညီငယ်အား ကားထဲ ခေါ်သွားပြီး အမူးပြေအောင်လုပ်ရန် အမိန့်ပေးလိုက်သည်။
“သူ့ကို ကားထဲ ခေါ်သွားပြီး ခေါင်းရှင်းသွားအောင် လုပ်ပေးလိုက်။ နှစ်ခွက်လောက် သောက်ပြီး အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာမျိုး ထပ်မလုပ်စေနဲ့။”
ရုတ်တရက် အလန့်တကြားဖြစ်ပြီးနောက် စိတ်ပေါ့ပါးသွားသော ယွီအိမ်၏ ပဥ္စမသားသည် သူ့ကိုယ်သူ ကာကွယ်နိုင်ခြင်း မရှိတော့ပေ။
ကျိသော်လည်း ဘာမှမပြောခဲ့ဘဲ အဘိုးယွီ၏ သားအကြီးဆုံးအား သူ၏ညီဖြစ်သူကို ခေါ်သွားခွင့်ပြုလိုက်ပြီး သူ၏ အကြည့်ကတော့ အဘိုးယွီအပေါ်တွင် စူးစိုက်နေခဲ့သည်။
ထိုအကြည့်သည် အလွန် နက်ရှိုင်းလွန်းသောကြောင့် အဘိုးယွီကိုပါ စိတ်မသက်မသာ ဖြစ်စေခဲ့သည်။ “ဒီလို ရှက်စရာကောင်းတဲ့လုပ်ရပ်မျိုး ဖြစ်ခဲ့ရတဲ့အတွက် ခွင့်လွှတ်ပါ။ ဒီသားတစ်ယောက်က တကယ်ကို အားမကိုးရဘူး။”
ရိုးရှင်းသော ရှပ်အင်္ကျီလက်တိုနှင့် ဘောင်းဘီကို ဝတ်ဆင်ထားပြီး ဆံပင်ဖြူများကို ခပ်တိုတိုရိတ်ထားသော ထိုအဘိုးအိုသည် ယခင်နှစ်က ချန်ဝေ့ကော်ဆီမှ အဖိုးတန် ဂျင်ဆင်းနှစ်မြစ်ကို လက်ခံရရှိထားသည့် လက္ခဏာမျိုး မပြသနေခဲ့ပေ။
“သူ စိတ်မကောင်းဖြစ်နေပုံရတယ်။ အရက်သောက်လာတိုင်း ကုမိသားစုက ကောင်မလေးအကြောင်းကို ပြောပြောနေတာ၊ သူလည်း အမြဲ နောင်တရနေခဲ့ပါတယ်။”
ထိုမျှ မြင့်မားသော နေရာများတွင် အချိန်ဖြုန်းနေခဲ့ပြီးနောက် သူတို့အားလုံးတွင် အနက်ရောင်ကို အဖြူရောင်အဖြစ် ပြောင်းလဲပစ်နိုင်သည့် စွမ်းရည်ရှိနေပုံရသည်။ ရယ်လေ့မရှိသော ကျိသော်ပင်လျှင် ဤစကားများကြောင့် ဒေါသတကြီး ရယ်မောမိလုနီးပါး ဖြစ်ခဲ့ရသည်။
“ခင်ဗျားတို့ဘက်က ပြောစရာ မရှိတော့ဘူးဆိုရင် ကျွန်တော် သွားတော့မယ်။”
အခြေအနေက ဒီလိုဖြစ်နေသည့်အတွက် ကျိသော်တွင် တစ်ဖက်လူကို ပြောစရာ စကားမရှိတော့ပေ။ သူ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပဲ အဘိုးယွီက အဓိပ္ပာယ်ပါသော လေသံဖြင့် ပြောလိုက်၏။
“သူ အရက်သောက်ထားတယ်ဆိုတာကို မယုံရင် ကားထဲမှာ သူ့ခန္ဓာက်ိုယ်ကို သွားနမ်းကြည့်လို့ ရပါတယ်။ သူ့ဆီက အရက်နံ့ နံနေကြောင်း အာမခံနိုင်တယ်။ ဘယ်လိုဖြစ်ဖြစ် အရာအားလုံးက သက်သေ လိုအပ်တယ် မဟုတ်လား။ ငါတို့ဘက်ကလည်း ချဲ့ကားပြောလို့ မရဘူးလေ။”
ဤစကားများမှာ စဉ်းစားစရာ ဖြစ်နေ၏။ ကျိသော် ခေတ္တရပ်လိုက်ပြီးနောက် မေးရိုးကို တင်းလိုက်ကာ သူ့ကို ပြန်ကြည့်လိုက်သည်။
“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
သူ ထွက်ခွာသွားပြီးနောက် အဘိုးယွီသည် ကားထဲဝင်ထိုင်လိုက်ပြီး ယွီအိမ်၏ ပဥ္စမသားသည်လည်း သူ့လက်ထဲ အတင်းထိုးထည့်ထားသော အရက်ပုလင်းကို ချလိုက်ကာ သူ၏ဖခင်ကို စိုးရိမ်စိတ် အပြည့်ဖြင့် မေးလိုက်သည်။
“ကျွန်တော်တို့ သူ့ကို လှည့်စားနိုင်ခဲ့ပြီလား။”
အဖြေကတော့ ပါးရိုက်ခံလိုက်ရခြင်းပင်။
“မင်းက ကိုယ့်သေတွင်းကိုယ် သွားပြီး တူးတဲ့အထိကို ရူးတဲ့သူ။ မင်းလို အရူးမျိုးကို ငါ တစ်ခါမှ မမြင်ဖူးဘူး။”
ကျိသော် အိမ်ပြန်ရောက်သောအခါ ဧည့်ခန်းထဲမှ တီဗွီ၏ ဆူညံသံနှင့် မျက်နှာကျက်ပန်ကာအောက်မှ ဆိုဖာပေါ်တွင် လဲလျောင်းနေသော လင်းချောင်ကို တွေ့လိုက်ရသည်။
သူ ပြန်ရောက်လာသည်ကို မြင်သောအခါ ဆိုဖာပေါ်တွင် လှဲနေသော လင်းချောင်သည် ခြေထောက်များကို ရွှေ့လိုက်ပြီး သူ့အတွက် နေရာပေးလိုက်သည်။
ကျိသော်သည် ထိုနေရာသို့ လျှောက်လာသော်လည်း မထိုင်ခဲ့ပေ။ ထိုအစား သူသည် ခါးကိုကိုင်းလိုက်ပြီး လင်းချောင်ကို ကန့်လန့်ဖြတ် မ၍ ချီလိုက်သည်။
လင်းချောင်လည်း လန့်သွားပြီး သူ့လည်ပင်းကို အလိုအလျောက် သိုင်းဖက်လိုက်မိ၏။ “ဘာတွေလုပ်နေတာလဲ။”
ကျိသော်ကတော့ ဘာမှမပြောဘဲ လှည့်ကာ ဆိုဖာပေါ်ထိုင်လိုက်သည်။ သူသည် လင်းချောင်ကို သူ့ပေါင်ပေါ်တွင် တင်လိုက်ပြီး သူမကို သူ၏လည်ပင်းအနီးသို့ကပ်ကာ ပွေ့ဖက်ထားခဲ့သည်။