အခန်း (၁၂၃)
Vol. 11 Ch. 123
အဘိုးယွီကတော့ သူ၏ သားသည် တုံးအခဲ့ရုံသာမက စကားလည်းမထိန်းနိုင်ခဲ့ကြောင်း မမျှော်လင့်ထားခဲ့မိပေ။ သူ ခဏလေး သတိမထားမိလိုက်ရုံနှင့် အများကြီး ပြောပစ်လိုက်သည်။ ထိုသူကို ပြန်ခေါ်လာပြီးသည်နှင့် ခါးပတ်ဖြင့် ပြင်းထန်စွာရိုက်၍ အပြစ်ပေးခဲ့သေး၏။ နောက်တစ်နေ့တွင် သူတို့မိသားစုနှင့် ကိစ္စရှင်းရန် အခြားလူများ ရောက်လာခဲ့ကြတော့သည်။
“မင်း တစ်ယောက်တည်း ရူးသွားတာ မလုံလောက်လို့ အခြားလူတွေကိုပါ ဆွဲထည့်ခဲ့တာလား။ ငါတို့ကို ဘယ်သူမှ စာရင်းလာမရှင်းမှာကို ကြောက်နေခဲ့တာလား။”
မြေးတစ်ယောက်ကို ဆုံးရှုံးရမလိုဖြစ်ခဲ့ပြီး အခု သူ့သားကပါ နောက်ထပ် ပြဿနာများ ဖန်တီးနေသဖြင့် အဘိုးယွီသည် အသက်အနည်းငယ် ပိုကြီးသွားသလိုပင် ဖြစ်နေခဲ့သည်။
“ဥပဒေက လူအများကြီးကိုတော့ အပြစ်ပေးနိုင်မှာ မဟုတ်ဘူး၊ သူတို့လည်း ဘယ်လိုမှ လုပ်လို့ရမှာမဟုတ်ဘူးလို့ ကျွန်တော် ထင်ခဲ့မိတာ။”
ယွီဝူသည် သူ့ကိုယ်သူ ကာကွယ်ရန် ကြိုးစားနေဆဲဖြစ်သော်လည်း အဘိုးယွီက ခွက်တစ်လုံးကို သူ့ခေါင်းပေါ်သို့ ပစ်ပေါက်လိုက်၏။
“ငါ မင်းကို တုံးလွန်းတယ်လို့ ပြောခဲ့တာ တကယ်မှန်နေတာပဲ။ ကုချန်ယိမှာ မြေးတစ်ယောက်၊ မြေးမတစ်ယောက်ပဲ ရှိတာ။ သူက ပါဝင်ခဲ့တဲ့သူအားလုံးကို ဆွဲချနိုင်ဖို့အတွက် သူ့အသက်ကိုပါ မစွန့်ရဲဘူးလို့ မင်း ထင်နေတာလား။”
သူ၏နဖူးပေါ်တွင် ချက်ချင်း အဖုတစ်ခု ဖြစ်လာခဲ့သော်လည်း သူသည် ပွတ်သပ်ရန်ပင် မဝံ့ရဲဘဲ ခေါင်းငုံ့ကာ ဆူပူသံများကို နားထောင်နေခဲ့သည်။
နောက်ဆုံးတွင်တော့ သူ့အစ်ကို အကြီးဆုံးက အဘိုးကြီးကို တွဲပေးလိုက်၏။ “အဖေ စိတ်ထိန်းပါ။ အရမ်းကြီး စိတ်မပူပါနဲ့။”
အဘိုးကြီးလည်း နောက်ဆုံးတွင်တော့ ထိုင်ချလိုက်ပြီး သူ၏စိတ်ခံစားမှုများကို ထိန်းချုပ်ကာ တစ်ချိန်က သူ အချစ်ဆုံးဖြစ်ခဲ့သော သူ၏ သားအငယ်ကို ကြည့်လိုက်သည်။
“မင်း ဟောင်ကောင်ဘက်ကို သွားပုန်းနေသင့်တယ်။”
“ကျွန်တော်လား။ ဘာလို့လဲ။”
သူ မယုံကြည်နိုင်ဖြစ်နေခဲ့သည်။ ဗြိတိသျှတို့က ဟောင်ကောင်တွင် အာဏာရှိသည်။ သူတို့တွင်တော့ ဘာ အဆင့်အတန်းမှ မရှိသဖြင့် ထိုသူများ၏မျက်နှာကို ကြည့်နေရမည်ဟု သူ ကြားဖူးထားသည်။ ဒီမှာဆိုလျှင် အခြားသူများကသာ သူ့မျက်နှာကို ကြည့်နေရခြင်းဖြစ်ပြီး အခြေအနေ မတူတော့ပေ။
အဘိုးကြီး ပို၍ပင် ဒေါသထွက်လာတော့သည်။ “မင်း ကိုယ်တိုင် လုပ်ခဲ့တာလေ၊ ပြီးတော့ ဘာလို့လဲလို့ မေးရဲသေးတာလား။”
“သက်သေမရှိဘူးလို့ အဖေပြောခဲ့တယ်မလား။”
ယွီဝူသည် ထိုနေ့က သူ၏ဖခင်သည် ကျိသော်အား စကားမပြောနိုင်အောင် လုပ်နိုင်ခဲ့သည်ကို မြင်ခဲ့ရသည်။
“ကုချန်ယိက ရူးသွပ်သွားပြီး မင်းကို သတ်ဖို့ အသက်ကိုပါ စွန့်စားလာရင် ဘယ်လိုလုပ်မလဲ။”
အဘိုးယွီသည် သူ့ကို ဆက်မပြောတော့ဘဲ သူ့သားအကြီးဆုံးဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“စီစဉ်လိုက်တော့၊ သူ့ကို သန်ဘက်ခါ သွားပို့၊ မဟုတ်ဘူး၊ မနက်ဖြန်ပဲ ပို့လိုက်တော့!”
သားအကြီးဆုံး သဘောတူလိုက်ပြီးသည်နှင့် တံခါးခေါက်သံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
“ယွီကျန်းကျုန်း ဒီမှာ ရှိပါသလား။”
သူ မျက်မှောင်ကြုတ်လိုက်ပြီး အိမ်စေကို မေးမြန်းရန် ပြင်လိုက်သော်လည်း တံခါးဖွင့်လိုက်သောအခါ ရဲအရာရှိနှစ်ဦးကို မြင်လိုက်ရသည်။
သူ၏ရင်ထဲ၌ အလိုလို ထိတ်လန့်သွားပြီး အတွင်းထဲမှ အဘိုးကြီး၏ မျက်နှာအမူအရာသည်လည်း မကောင်းလှပေ။ သို့သော် သူက ကြင်နာစွာ ပြုံးလိုက်၏။
“ခင်ဗျားတို့က ဘယ်သူတွေလဲ။”
အရာရှိများက သူတို့၏ ရဲတံဆိပ်များကို ပြလိုက်သည်။ “ယွီကျန်းကျုန်းက ပြည်နယ်ဖြတ်ကျော် လိမ်လည်မှုကိစ္စမှာ ပါဝင်နေပါတယ်၊ ကျွန်တော်တို့ဘက်က စုံစမ်းစစ်ဆေးဖို့အတွက် သူ့ကို ခေါ်သွားရပါမယ်။”
[ T/N ယွီကျန်းကျုန်းဆိုတာက ယွီဝူရဲ့ နာမည်အရင်းပါ။ ဒါပေမဲ့ ယွီဝူလို့ပဲ အခြားသူတွေက ခေါ်ကြပါတယ်။ nickname လို သဘောမျိုးပါ။]
“လိမ်လည်မှုလား။”
ယွီဝူသည် ချက်ချင်း တုံ့ပြန်မှု မပြနိုင်ခဲ့ပေ။
အဘိုးယွီက တစ်ခုခုကို တွေးမိသွားပြီး သူတို့ကို တားဆီး၍ မရတော့မှန်း သိလိုက်သောအခါ သူ၏သားငယ်ကို အရင် နှစ်သိမ့်လိုက်ပြီးနောက် သားအကြီးဆုံးကို ကိစ္စများအား စုံစမ်းရန် ပြောလိုက်သည်။
သေချာသည်မှာ သူ၏ သားငယ်သည် ဖမ်းဆီးခံထားရသော ထောင်ကွမ်းရှောက်ကို သူ့ဘာသာသူ သွားရှာခဲ့ခြင်း ဖြစ်မည်။ ကုမိသားစုသည် သူ့ကို ဂိုဏ်းအုပ်စုဖွဲ့၍လိမ်လည်မှုဖြင့် စတင်စွပ်စွဲပြီး သူ၏ မိသားစုပိုင်ဆိုင်မှုများကို သိမ်းယူပစ်ရန် ကြိုးစားနေခြင်းပင်။
သူ အထဲရောက်သွားပြီဆိုလျှင်တော့ သူ၏ တုံးအသည့် ဉာဏ်ရည်နှင့်သာဆိုလျှင် သူ့ကို စကားပြောလာအောင် လုပ်ရန်က မခက်ခဲတော့ပေ။
“မင်း ယွီဝူကို ဆက်သွယ်ဖို့ နည်းလမ်းတစ်ခုရှာပြီး ပါးစပ်ပိတ်ထားဖို့ ပြောလိုက်။ ဘာကိုမှ ဝန်မခံခိုင်းနဲ့၊ ငါ တခြား ဖြေရှင်းနည်းတစ်ခု ရှာကြည့်လိုက်မယ်…”
ယွီမိသားစုမှ အဘိုးကြီးသည် စကားများကို အလျင်စလို ပြောဆိုနေခဲ့ရာမှ အသက်ရှူ မမှန်တော့ဘဲ ရင်ဘတ်ကို ဖိကာ လဲကျသွားတော့သည်။
စူးကျန့်တစ်ယောက် ဤသတင်းကိုရလ်ိုက်သည်နှင့် ချက်ချင်း ကျိသော်ကို ဖုန်းခေါ်ခဲ့၏။ “မင်း ယုံနိုင်လား။ သူလည်း နှလုံးရောဂါရှိနေပြီး အဘိုးကု အရင်တုန်းက တက်ခဲ့ရတဲ့ ဆေးရုံအခန်းမှာပဲ နေနေရတယ်။”
ယွီဝူသည် အမြဲလိုလို ပြဿနာရှာတတ်ပြီး အဘိုးကုကို ဒေါသထွက်ပြီး သေစေရန်အထိ ရည်ရွယ်ခဲ့သည်။ သို့သော် နောက်ဆုံးတွင်တော့ သူ၏အဖေကသာ ဒေါသနှင့် ဖျားနာသွားခဲ့ရ၏။
ဒါက ကျိသော်၏ စိတ်ကူးဖြစ်သည်။ ထိုအချိန်တုန်းက ဖြစ်ပျက်ခဲ့သည့်အရာများအတွက် သက်သေမရှိသည့်အတွက် အခြားနည်းလမ်းနှင့် ချဉ်းကပ်ခဲ့ကြခြင်းဖြစ်သည်။ ယွီဝူက ရှောင်ကျန်း အတုလုပ်ပြီး အဘိုးကုကို လိမ်ခဲ့သည်။ ထိုအတွက်တော့ သက်သေရှိနေလိမ့်မည်။
သူတို့ ထောင်ကွမ်းရှောက်ကို တွေ့သည်နှင့် ဓာတ်ပုံများပြသပြီး ယွီဝူ၏ ကိုယ်ရေးအချက်အလက်ကို အတည်ပြုခဲ့ကြ၏။ အဘိုးကုက ထိုမိသားစုများထံ သွားရောက်နေချိန်တွင် သူတို့သည်လည်း အလဟဿ မနေခဲ့ကြ။ သူတို့က ယွီမိသားစု အာရုံပျက်နေတုန်း အခွင့်ကောင်းယူကာ ထိုအချိန်က ယွီဝူ ရှိနေခဲ့သည့်နေရာများကို စုံစမ်းခဲ့ကြပြီး သက်သေအထောက်အထားနှင့်တကွ လူကိုပါ ပြည်သူ့လုံခြုံရေးဌာနသို့ ပို့ပေးခဲ့သည်။
ကျိသော်သည် ယွီမိသားစု၏ အဘိုးကြီးအကြောင်းကို ဂရုမစိုက်ပေ။ သူက မေးလိုက်၏။ “ယွီဝူ ဝန်ခံပြီးပြီလား။”
“ဝန်မခံသေးဘူး၊ ဒါပေမဲ့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ အကာအကွယ်တွေကတော့ ပြိုကျလုနီးပါး ဖြစ်နေပြီ။”
စူးကျန့်က ပြောလိုက်သည်။ “ဒီကောင်က မလည်ပါဘူး၊ အဖေကောင်းတစ်ယောက် ရှိနေလို့သာ အဆင်ပြေနေတာ။”
ယွီမိသားစု၏ အဘိုးကြီးကသာ သူ့ကို မကာကွယ်ပေးခဲ့လျှင် ထိုသူ၏ ဉာဏ်ရည်အနေအထားနှင့် ဆိုပါက ယခင်ကတည်းက သူ့ကိုယ်သူ ဖော်ထုတ်ပြီးသား ဖြစ်နေလောက်၏။
“လူသတ်သမားကို ဖုံးကွယ်ပေးတာကလည်း ရာဇဝတ်မှုမြောက်တယ်လို့ ငါ မှတ်မိနေတယ်။”
ကျိသော်က အေးစက်စွာ ပြောခဲ့ပြီး စူးကျန့်၏ လေသံသည်လည်း အေးစက်နေခဲ့သည်။
“ငါ သိပါတယ်။ သူတို့သာ အဲ့ဒီတုန်းက လုပ်ရဲခဲ့တယ်ဆိုရင် ငါတို့ဘက်ကနေ သေချာ စုံစမ်းပြီး အားလုံးကို ဖော်ထုတ်တာကိုလည်း အပြစ်တင်လို့မရဘူး။”
ကျိသော် ဘာမှ ထပ်မပြောခဲ့တော့ပေ။ “ငါ ဖုန်းချလိုက်တော့မယ်။ တခြား ကိစ္စတွေ ရှိသေးလို့။”
“တခြားကိစ္စတွေလား။”
စူးကျန့် အံ့ဩသွားသော်လည်း မေးခွန်းမမေးခင်မှာပင် ကျိသော်က ဖုန်းချသွားခဲ့လေပြီ။
တစ်ဖက်တွင်တော့၊ ကျောင်း၌ နောက်တစ်နေ့သည် တက္ကသိုလ်ဝင် စာမေးပွဲမတိုင်မီ ကျောင်းပိတ်ရက် ဖြစ်သည်။ လင်းချောင်သည် ဘာပစ္စည်းမှ ယူမလာဘဲ စာသင်ခန်းထဲ ဝင်ကာ ကျောင်းသားများကို နောက်ဆုံး သင်ခန်းစာကို သင်ကြားပေးခဲ့၏။
၁၉၈၁ ခုနှစ်တွင် ကျောင်းသားတိုင်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကို မရခဲ့ကြပေ။ အစမ်းစာမေးပွဲများစွာတွင် အဆင့်နိမ့်သူများသည် ကျောင်းပြီးသည်နှင့် တိုက်ရိုက် အလုပ်တန်းလုပ်ရမည်ဖြစ်သည်။ သို့သော် ခွဲခွာရမည့်အချိန် နီးကပ်လာသည်နှင့်အမျှ စာမေးပွဲဖြေစရာ မလိုဘဲ အောင်မြင်စွာ အကြံပြုစာရရှိထားပြီးသားဖြစ်သော လီရှောင်ချို့ အပါအဝင် လူတိုင်းနီးပါး လာခဲ့ကြသည်။
လင်းချောင် ဝင်လာသောအခါ အားလုံးက စာရေးခြင်း ရပ်လိုက်ကြပြီး နောက်တန်းမှ တီးတိုးပြောနေသူများသည်လည်း စကားပြောရပ်ကာ သူမကို အာရုံစိုက်နေခဲ့ကြသည်။
လင်းချောင်သည် စင်မြင့်ပေါ်တွင် သူမ၏ လက်ချောင်းများကို ခေါက်လိုက်သည်။
“ဘယ်သူမှ ဘာလို့ မအော်ကြတော့တာလဲ။ ဘယ်သူမှ ဘာလို့ မလှောင်ပြောင်နေကြတော့တာလဲ။”
ကျောင်းသားများ အားလုံး ရယ်မောကြသော်လည်း သူတို့၏ ရယ်သံတွင် ဝမ်းနည်းမှု အရိပ်အယောင် ပါနေခဲ့သည်။
လီရှောင်ချို့သည် စိတ်ခံစားမှု အရှိဆုံးသူ ဖြစ်သည်။ လင်းချောင် စကားစပြောသည်နှင့် သူမ၏ မျက်လုံးများက နီရဲလာခဲ့၏။
လင်းချောင်သည် ရင်းနှီးနေသော မျက်နှာများကို ကြည့်လိုက်သည်။ “မင်းတို့ ဘာမှမပြောဘူးဆိုရင် ငါကပဲ စကားနည်းနည်းလောက် ပိုပြောပါရစေ။ ဒီ နှစ်ပတ်အတွင်း ငါ မင်းတို့ကို စာရွက်တွေ အများကြီး လုပ်ခိုင်းခဲ့တယ်။ မင်းတို့ထဲက အတော်များများက ငါ့ကို သဘောမကျလောက်တော့ဘူးဆိုတာ သေချာတယ်၊ ပြီးတော့ တက္ကသိုလ်ဝင်စာမေးပွဲ ပြီးသွားဖို့ကိုပဲ စောင့်နေပြီး ငါနဲ့ အပြီးတိုင် နှုတ်ဆက်နိုင်ဖို့ မျှော်လင့်နေကြတယ်။ ငါ ပြောတာ မှန်တယ်မလား။”
ကျောင်းသားများ ထပ်မံ ရယ်မောကြကြပြန်၏။
လင်းချောင်လည်း နူးညံ့သည့် အမူအရာဖြင့် ပြောလိုက်သည်။ “တကယ်တော့ ဘဝမှာ လမ်းကြောင်းတွေ အများကြီး ရှိပါတယ်။ စာမသင်ရင်တောင်မှပဲပေါ့။ ဒါပေမဲ့ မင်းတို့ နောင်တစ်ချိန်မှာ ရင်ဆိုင်ရမဲ့ ခက်ခဲမှုတွေက ကျောင်းမှာ တွေ့ကြုံခဲ့ရတာတွေထက် ပိုများနေနိုင်တယ်။ ဆရာတွေက မင်းတို့ တစ်ယောက်ချင်းစီတိုင်း ရှင်းဟွာတက္ကသိုလ် ဒါမှမဟုတ် ပီကင်းတက္ကသိုလ်ကို ရောက်ဖို့၊ ဒါမှမဟုတ် တက္ကသိုလ်တစ်ခုခုကို တက်ဖို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။ ငါတို့ မျှော်လင့်တာက ဘဝရဲ့ လမ်းဆုံလမ်းခွကို ရောက်လာတဲ့ မင်းတို့မှာ ရွေးချယ်စရာတွေ ပိုများနေဖို့ပဲ။”
“ကျွန်မ သိပါတယ်။ ဆရာတွေက အမြဲတမ်း ကျွန်မတို့အတွက်ပဲ ကြည့်ပေးနေတာပါ။”
လီရှောင်ချို့သည် သူမကို ကြည့်ပြီးနောက် မျက်ရည်များ စတင်ကျဆင်းလာသောကြောင့် ပါးစပ်ကိုပါ အုပ်ထားလိုက်ရသည်။
နောက်တန်းမှ ကျွင်းဇီက လေထုအနေအထားကို ခံစားမိပြီး ဝင်ပြောလိုက်သည်။ “ဒါဆို စာမေးပွဲ မအောင်ရင်တောင် ဆရာမလင်းက ကျွန်တော့်ကို အပြစ်မတင်ဘူးပေါ့။”
“ဟုတ်တယ်။” လင်းချောင်က ပြုံးပြီး ပြောလိုက်၏။ “ဒါပေမယ့် မင်းအဖေက မဆူဘူးလို့တော့ အာမမခံဘူးနော်။”
ကျွင်းဇီ ခေတ္တမျှ စကားမပြောနိုင်ဖြစ်သွားပြီး ပတ်ဝန်းကျင်ရှိ လူတိုင်းက ရယ်မောခဲဲ့ကြ၏။ သို့သော် သူကတော့ အမြဲတမ်း ပေါ့ပေါ့ပါးပါး နေတတ်သူဖြစ်ရာ ခေါင်းကုတ်လိုက်သည်။
“တကယ်တော့ ကျွန်တော်လည်း မအောင်နိုင်လောက်ဘူးလို့ ထင်ပါတယ်။”
သူ ခေတ္တရပ်လိုက်ပြီးမှ မျက်လုံးထဲတွင် ပို၍ အလေးအနက်ထားသော အမူအရာဖြင့် မော့ကြည့်လိုက်သည်။
“ဒါပေမယ့် ကျွန်တော့်မှာ တိုးတက်မှုတွေ အများကြီး ရှိခဲ့ပါတယ်။ နောက်တစ်နှစ်လောက် ထပ်လေ့လာရင်တော့ သေချာပေါက် ဝင်ခွင့်အောင်မှာပါ။”
“စစ်တက္ကသိုလ်လား” လင်းချောင် သူ့ကို မေးလိုက်၏။
ကျွင်းဇီက ခေါင်းညိတ်သည်။ “ဆရာမယောက်ျားက စစ်တက္ကသိုလ်သွားဖို့ ပြောခဲ့တာကို ကျွန်တော် အမြဲ သတိရနေတယ်။”
လင်းချောင်သည် မြေဖြူတစ်ခဲ ထုတ်ယူလိုက်သည်။ “လာ၊ သင်ပုန်းပေါ်မှာ ရေးလိုက်။”
ကျွင်းဇီ ပြေးသွားပြီး စာလုံးအနည်းငယ်ကို ရေးခြစ်လိုက်သည်။
လင်းချောင် အခြားသူများကို မေးလိုက်ပြန်သည်။ “တခြား ဘယ်သူ့တွေမှာရော ရှေ့ရေးအတွက် အစီအစဉ်တွေ ရှိလဲ။ လာပြီး ရေးလို့ရပါတယ်။”
ဤတစ်ကြိမ်တွင်တော့ လီရှောင်ချို့က လက်ထောင်လိုက်သည်။ သူမသည် ပုံမှန်အားဖြင့် အနေအေးပြီး လူရှေ့ထွက်ရသည်ကို မကြိုက်သူ ဖြစ်သည်။
“ကျွန်မ ရူပဗေဒပညာရှင် ဖြစ်ချင်တယ်။”
ထိုမိန်းကလေးသည် သင်ပုန်းပေါ်တွင် စာလုံးတစ်လုံးချင်းစီကို သေချာ ဂရုတစိုက် ရေးလိုက်သည်။
သူမ ရေးပြီးသည့်နောက် အခြား ကျောင်းသားတစ်ဦးက လက်ထောင်ကာ မတ်တပ်ရပ်သည်။ “ကျွန်တော်ကတော့ ဆရာမလင်းလို ဆရာတစ်ယောက် ဖြစ်ချင်တယ်။”
“ဒါဆိုရင် မင်းလည်း ဆရာမလင်းလို ချင်တက္ကသိုလ်ကို ဝင်နိုင်မှရမယ်။” တစ်ယောက်က နောက်ဘက်မှ အော်ပြောလိုက်သည်။
ထိုကျောင်းသား ခေတ္တရပ်လိုက်ပြီး ထိုသူကို စူးစူးစိုက်စိုက် ကြည့်လိုက်သော်လည်း မြေဖြူကို ယူကာ သူ၏ ရည်မှန်းချက်ကို သင်ပုန်းပေါ်တွင် ရေးလိုက်သည်။
စစ်သား၊ ကျောင်းဆရာ၊ ဆရာဝန် ဖြစ်ချင်သူများ ရှိကြသည်။ လင်းချောင်သည် သူတို့ကို ဒီနှစ်အတွင်း လူမှုရေး အလေ့အကျင့်ရစေရန် သင်တန်းများကို ပို့ဆောင်ပေးခဲ့သောကြောင့် သင်ပုန်းပေါ်၌ သူတို့၏ ရည်မှန်းချက်များ ပြည့်နှက်နေခဲ့၏။ အချို့ဆိုလျှင် တိကျသော ရာထူးများကိုပင် ဖော်ပြထားကြသည်။
နောက်ဆုံးတွင်တော့ လင်းချောင် ချီဟွိုင်ဝမ်ကို ကြည့်လိုက်သည်။
မက်မွန်ပွင့်ပုံစံ မျက်လုံးများရှိသော ထိုကောင်လေးသည် သူမ၏ အကြည့်နှင့် ခဏတာ ဆုံမိပြီးနောက် မတ်တပ်ရပ်ကာ မြေဖြူကို ယူ၍ လှပသော လက်ရေးဖြင့် ရေးသားလိုက်၏။
“အခုကစပြီး ကိုယ့်အတွက်ကိုယ်ပဲ ရှင်သန်မယ်။”
သူနှင့် နီးကပ်စွာ ရပ်နေသော လင်းချောင်သည် သူ၏ တီးတိုး ပြောသံကို ကြားလိုက်ရသည်။ “ကျွန်တော် သူ့ကို ခွင့်မလွှတ်သေးဘူး။”
ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုပေ။ ဘာပဲဖြစ်ဖြစ် အခုအချိန်ကစပြီး ဒါက သူ၏ ကိုယ်ပိုင်ဘဝတစ်ခု ဖြစ်လာတော့မည်။
လင်းချောင်သည် မြေဖြူကို ပြန်ယူလိုက်ပြီး သင်ပုန်းပေါ်ရှိ မတူညီသော လက်ရေးများကို ကြည့်လိုက်ကာ တစ်ခုခု ပြောရန် ပြင်ဆင်လိုက်စဉ် ထိုကောင်လေးက ရုတ်တရက် လှည့်ကာ သူမကို ဖက်လိုက်၏။
ထို့နောက် ရှေ့တန်းတွင် ထိုင်နေသော လီရှောင်ချို့က ပြောလာပြန်သည်။“ဆရာမလင်း၊ ကျွန်မ ဆရာမကို မခွဲနိုင်ဘူး။”
နောက်ထပ် ကျောင်းသား အများအပြားက ရောက်လာပြန်ပြီး လင်းချောင်းကို ဖက်ကာ ငိုကြွေးခဲ့ကြသည်။ ပြီးခဲ့သည့်နှစ်ထက်ပင် ပို၍ ခွဲခွာရခက်နေကြ၏။ သူတို့သည် လင်းချောင်ကဲ့သို့ လေးစားစရာကောင်းပြီး ကြင်နာတတ်သော ဆရာမမျိုးကို နောက်ထပ် ဘယ်တော့မှ ထပ်တွေ့ရတော့မည် မဟုတ်ပေ။
ကျိသော် အတန်းလေး၏ စာသင်ခန်းသို့ ရောက်လာသောအခါ ဤမြင်ကွင်းကို တွေ့လိုက်ရသည်။ သူ၏ မျက်လုံးထဲတွင် အသက်နှစ်ဆယ် မပြည့်သေးဟု ထင်ရသော သူ၏ ဇနီးငယ်လေးသည် ကျောင်းသားများအလယ်တွင် ဝန်းရံခြင်းခံထားရပြီး သူတို့အတွက် လမ်းပြကြယ် ဖြစ်နေခဲ့သည်။ နောင်တစ်ချိန်တွင် သူမသည် ပိုကျယ်ပြန့်သော ကောင်းကင်ယံထက်သို့ ပျံသန်းကာ ပိုကြီးမားသော စင်မြင့်များပေါ်တွင် ရပ်နေန်ိုင်ပြီး ယခုထက် ပို၍ပင် တောက်ပစွာ ထွန်းလင်းလာလိမ့်မည်။
ကျိသော် စကားတစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
နောက်ဘက်တံခါးနှင့် မလှမ်းမကမ်းတွင် ထိုင်နေသော ကျွင်းဇီက သူ့ကို သတိပြုမိပြီး တိုးတိုးလေး ခေါ်လိုက်၏။
“ဆရာမယောက်ျား။”
ထိုအခါမှ သူက တစ်ဖက်လှည့်ကာ စင်္ကြံသို့ သွားပြီး ရေခဲမုန့်ပုံးကို ယူလိုက်သည်။
“ဒါကို ယူပြီး မျှစားလိုက်ကြ။ ငါက မင်းတို့ ဆရာမလင်းကို လာကြိုတာ။”
ကျွင်းဇီ ဖွင့်ကြည့်ပြီးနောက် ချက်ချင်း အတန်းထဲသို့ အော်ပြောလိုက်သည်။
“အားလုံး အငိုရပ်လိုက်ကြတော့! ဆရာမယောက်ျားက ငါတို့ ဆရာမ လင်းကို လာခေါ်ရင်းနဲ့ ရေခဲမုန့်တွေ ယူလာပေးထားတယ်!”
ကျောင်းသားများ ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြပြီး လင်းချောင် မော့ကြည့်ခဲ့ရာ စာသင်ခန်းနောက်ဘက်တွင် မတ်တပ်ရပ်နေသော အရပ်ရှည်ရှည် အမျိုးသား၏ အကြည့်နှင့် ဆုံမိလိုက်သည်။
ကျိသော်သည် နောက်ပိုင်းတွင် ရေခဲမုန့်ထည့်လာသော ပုံးကို လင်းချောင်၏ ရုံးခန်းသို့ ယူသွားခဲ့ရာ ထိုနေရာတွင် သူမ၏ တစ်နှစ်ကျော်ကြာ အလုပ်လုပ်ခဲ့ချိန်အတွင်း အသုံးပြုခဲ့သော ပစ္စည်းအစအနများဖြင့် ပြည့်နေခဲ့၏။
သူတို့ ကျောင်းတံခါးဝမှ ထွက်လာစဉ်အတွင်း လင်းချောင်သည် နောက်လှည့်မကြည့်ဘဲ မနေနိုင်ခဲ့ပေ။ သူမ ကျောင်းဝင်းကို ကြည့်နေသည်လား၊ ဒါမှမဟုတ် ထိုကျောင်းထဲက လူများကို ကြည့်နေမိသည်လားဆိုသည်ကိုတော့ သူ မသိခဲ့ပေ။
ကျိသော်သည် သူမ၏ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး စကားတစ်ခွန်းမှ မပြောသလို၊ နှစ်သိမ့်မှုလည်း မပေးဘဲ၊ ပုံးကို တိတ်တိတ်ဆိတ်ဆိတ် သယ်ဆောင်ကာ သူမနှင့်အတူ လျှောက်သွားခဲ့သည်။
ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် လင်းချောင်သည် သူမ၏ အတန်းမှ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား သုံးဆယ်ကျော်ကို ခေါ်ဆောင်ကာ ကျောင်းမှ ဘတ်စ်ကားဖြင့် ထွက်ခွာသွားခဲ့သည်။
ထိုနေ့တွင်ပဲ တိုင်ချန်၏ ဝန်ခံချက်က ယွီဝူအတွက် နောက်ဆုံး ထိုးနှက်ချက် ဖြစ်သွားခဲ့ပြီး သူသည်လည်း နောက်ဆုံးတွင် မခံမရပ်နိုင်တော့ဘဲ အရာအားလုံးကို ဝန်ခံခဲ့လိုက်သည်။
ရှောင်ကျန်း ပျောက်ဆုံးမှုသည် သူနှင့် သက်ဆိုင်သည်မှာ မှန်ကန်သော်လည်း ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ခြင်းတော့ မဟုတ်ပေ။ ထိုနေ့က သူတို့သည် သူမ၏ အနောက်မှ တောင်ပေါ်သို့ ပြေးလိုက်ခဲ့ကြသည်။ ထိုကောင်မလေးသည် အရိုက်ခံရမည်ကို ကြောက်ရွံ့ပြီး ပုန်းခိုရန် နေရာတစ်ခုကို ရှာဖွေခဲ့ပုံရ၏။ သူတို့ သူမကို ရှာမတွေ့ခဲ့ကြပေ။ ညမှောင်လာသောအခါ သူတို့လည်း လူစုခွဲ၍ အိမ်ပြန်ခဲ့ကြကာ ကုရှောင်ကျန်း ပျောက်ဆုံးသွားလိမ့်မည်ဟု မတွေးမိခဲ့ကြပေ။
သူတို့သည် ဆယ်ကျော်သက်များသာ ဖြစ်ကြသည့်အတွက် မည်မျှပင် ဆိုးသွမ်းနေသည်ဖြစ်စေ၊ သူတို့သည်လည်း ကြောက်ရွံ့တတ်ကြသည်။ သူတို့ သူမကို တောင်ပေါ်တွင် လိုက်ရှာခဲ့ကြသော်လည်း ရှာမတွေ့ခဲ့ကြပေ။ တဖြည်းဖြည်းနှင့် အပြစ်မှ ရှောင်လွှဲလိုမှုသည် နောင်တနှင့် ကြောက်ရွံ့မှုတို့ကို လွှမ်းမိုးသွားခဲ့သည်။
သူတို့သည် ကစားနေခဲ့ခြင်းသာ ဖြစ်ကြောင်း၊ သူမ၏ အနောက်မှ တောင်ပေါ်သို့ ပြေးလိုက်ခဲ့ရုံသာ ဖြစ်ကြောင်း၊ ပုန်းအောင်းနေပြီး ပျောက်ဆုံးသွားရန်တော့ မပြောခဲ့ကြကြောင်း တွေးမိလိုက်ကြ၏။ ဤသို့သော အတွေးများနှင့် စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်ဖြစ်နေချိန်တွင် ကုရှောင်ပင်း သူ့ကို တွေ့ရှိသွားခဲ့သည်။
“ကျွန်တော် သူ့ကို သတ်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ သူက သူ့ညီမကို ဘယ်ခေါ်သွားလဲလို့မေးပြီး အရူးတစ်ယောက်လိုမျိုး ကျွန်တော့်ဆီ ပြေးလာခဲ့တာ။”
ရက်ပေါင်းများစွာ စစ်ဆေးမေးမြန်းမှုများက ယွီဝူ၏ စိတ်ပိုင်းဆိုင်ရာ ခုခံကာကွယ်မှုများကို ချိုးဖျက်ပစ်နိုင်ခဲ့သည်။ စစ်ဆေးခန်းထဲတွင် သူ ငိုကြွေးနေခဲ့၏။
“ကျွန်တော်က နည်းနည်းလောက်ပဲ ခုခံခဲ့တာပါ။ သူက အဲ့ဒီလောက်တောင် နူးညံ့လိမ့်မယ်လို့ ဘယ်သူသိမှာလဲ။ အကြိမ်နည်းနည်းလောက် ရိုက်ချက်ထိသွားပြီးတဲ့နောက် သူမလှုပ်လာတော့ဘူး။”
“သူက ရှောင်ကျန်းကို လိုက်ရှာရင်းနဲ့ နှစ်ရက်လုံး မအိပ်ခဲ့ရဘူး။ မင်းနဲ့ ဘယ်လိုလုပ် တိုက်ခိုက်နိုင်မှာလဲ။”
စူးကျန့်၏ မျက်လုံးများ နီရဲနေပြီး ရှေ့သို့ ထွက်ကျလုနီးပါးပင် ဖြစ်နေခဲ့သည်။
ရဲအရာရှိများစွာက သူ့ကို အလျင်အမြန် တားဆီးခဲ့သော်လည်း သူ၏ ပြင်းထန်သော ဒေါသကိုတော့ မထိန်းချုပ်နိုင်ခဲ့ပေ။
ကျိသော်လည်း စိတ်ကို ထိန်းချုပ်ထားရ၏။ ရှောင်ပင်းကဲ့သို့သော လူကောင်းက ဒီလိုလူမိုက်ကောင်၏ လက်ထဲတွင် သေဆုံးသွားရသည် ဆိုသော အချက်ကို မတွေးမိစေရန် စိတ်ကိုထိန်းချုပ်ထားရသည်။
သို့သော်လည်း သူ့တွင် နောက်ဆုံး ကျန်ရှိနေသော ဆင်ခြင်တုံတရားရှိနေသေး၏။
“ဒီကိစ္စကို ဖုံးကွယ်ဖို့အတွက် ဘယ်သူက ကူညီခဲ့လဲဆိုတာ သူ့ကို သေချာ မေးပါ။”
ထို့နောက် သူတို့ တိတ်ဆိတ်စွာဖြင့် စစ်တပ်သို့ ပြန်လာခဲ့ကြ၏။ အိမ်တံခါးဝသို့ရောက်သောအခါ ကျိသော်က ရှောင်ဖန်းကို စျေးသို့သွားပြီး ပုစွန်တစ်အိတ် ဝယ်ခိုင်းလိုက်သည်။
ချက်ပြုတ်ပြီးနောက် သူ၏ အဝတ်အစားများတွင် ဆီများပေနေသည်ကို သတိပြုမိလိုက်သည်။ ထို့ကြောင့် သူက အပေါ်ထပ်သို့ တက်ကာ သန့်ရှင်းသော ရှပ်အင်္ကျီကို ရှာလိုက်သည်။ အဝတ်လဲနေစဉ်အတွင်းမှာပဲ အောက်ထပ်မှ လျိုကွေ့ရင်း၏ ထိတ်လန့်တကြားဖြင့် စကားပြောလိုက်သည့်အသံကို ကြားလိုက်ရ၏။
“ပြဿနာ ဖြစ်နေပြီ! စာမေးပွဲဖြေဖို့သွားကြတဲ့ ဘတ်စ်ကားက မတော်တဆမှု ဖြစ်သွားတယ်!”