အခန်း (၁၂၄)
Vol. 11 Ch. 124
လျိုကွေ့ရင်းက သူမမိသားစုနှင့် စကားပြောနေခြင်းဖြစ်သော်လည်း မထင်မှတ်ထားဘဲ ဘေးချင်းကပ် အဆောက်အအုံ၏ အပေါ်ထပ်၌ ကျိသော်၏ အရပ်ရှည်ရှည် ပုံပန်းသွင်ပြင်ကို မြင်လိုက်ရသည်။ ထိုအခါမှ သူမသည် လင်းချောင်လည်း ဘတ်စ်ကားပေါ်မှာ ပါသွားသည်ဆိုသည်က်ို သတိရလိုက်၏။
"သူတို့ကျောင်းကနေ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ သွားဖြေတဲ့ ဘတ်စ်ကားလေ။ အပြန်လမ်းမှာ မတော်တဆဖြစ်တာတဲ့!"
"ကားပေါ်က လူတွေကော ဘယ်လိုလဲ? အဆင်ပြေရဲ့လား။"
ကျိသော်၏ အသံက တည်ငြိမ်နေဆဲဖြစ်သော်လည်း သူ၏ စကားပြောနှုန်းကတော့ ပုံမှန်ထက် ပိုမြန်နေခဲ့သည်။
"မသိဘူး။"
သူ၏ မေးခွန်းကို ကြားတော့ လျိုကွေ့ရင်း ခဏတာ ကြောင်အမ်းအမ်းဖြစ်သွားခဲ့သည်။
"သူတို့အားလုံး ရမ်အိုင်ဆေးရုံမှာ ရောက်နေကြပြီ။ နောက်ထပ် ဘတ်စ်ကားတစ်စီး ထပ်ခေါ်ပြီး ပြန်သွားကြတယ်လို့ပဲ ကြားခဲ့တာ။"
ထို့နောက် သူမက နောင်တရစွာဖြင့် ပြောလိုက်၏။ "ဘာလို့ အိမ်ကိုပြန်ပြေးမလာခင် သေချာ မမေးခဲ့မိရတာလဲ။"
ကျိသော် ဘာမှ ထပ်မပြောတော့ဘဲ အောက်ထပ်ကို လျင်မြန်စွာ ဆင်းသွားလိုက်သည်။
လျိုကွေ့ရင်းလည်း အိမ်ထဲကို အလျင်အမြန် ပြေးဝင်သွားပြီး သူမခင်ပွန်းကို ပြောလိုက်၏။ "လောင်လျန်၊ လောင်လျန်၊ ရှင့်ရဲ့ ယာဉ်မောင်းကို ခေါ်လိုက်ပါဦး! ကျွင်းဇီတို့ မတော်တဆမှု ဖြစ်သွားတယ်တဲ့!"
ဗိုလ်မှူးကြီးလျန်ကတော့ ရေချိုးခန်းထဲတွင်ဖြစ်သည်။ "ခဏလေး၊ ငါ ချက်ချင်းထွက်လာခဲ့မယ်!"
"ဒီလို အချိန်မျိုးမှာတောင် ရှင်က ရေချိုးခန်းထဲမှာပဲ ရှိနေသေးတာလား!"
လျို့ကွေ့ရင်း စိုးရိမ်တကြီးဖြင့် ဟိုလျှောက်ဒီလျှောက် လုပ်နေခဲ့သည်။
ဗိုလ်မှူးကြီးလျန်က သူ့ဘောင်းဘီကို အလျင်စလို ဆွဲဝတ်နေတုန်းမှာပဲ ကျိသော်က ခြံဝသို့ ရောက်လာခဲ့လေသည်။
"ကျွန်တော် ကားတစ်စီး ခေါ်ထားတယ်၊မရီး။ ကျွန်တော်နဲ့ အတူလိုက်ခဲ့ပါ။"
"ရှောင်ကျိကပဲ အားကိုးရတယ်။"
လျိုကွေ့ရင်းတစ်ယောက် ချက်ချင်းပဲ ဗိုလ်မှူးကြီးလျန်ကို ထားခဲ့ပြီး အပြင်ဘက်သို့ ထွက်လိုက်သည်။ မကြာခင်မှာပဲ ဗိုလ်မှူးကြီးလျန်လည်း နောက်ကနေ လိုက်လာခဲ့၏။
သူတို့ သုံးယောက်လုံး ကျိသော်၏ ကားကို စီးပြီး ရမ်အိုင် ဆေးရုံကို သွားခဲ့ကြရာ၊ ကျောင်းမှ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုသော ဘတ်စ်ကားကြီးကို ခပ်လှမ်းလှမ်းမှ မြင်လိုက်ရသည်။
ရှေ့ပိုင်းမှ ကြည့်လိုက်လျှင် တိုက်မိသည်မှာ သိပ်ပြင်းထန်ပုံ မပေါ်ပေ။ အင်ဂျင်အဖုံးက လန်နေပြီး အစိတ်အပိုင်းများက ဟိုတစ်စဒီတစ်စ ဖြစ်နေ၏။ နောက်ဘက်မှရော တိုက်မိခဲသေးသလား ဆိုသည်ကိုတော့ မသိရ။ ဘတ်စ်ကားပေါ်တွင် လူမရှိသော်လည်း မလှမ်းမကမ်းမှ ဆေးရုံဝင်ပေါက်တွင်တော့ လူအများကြီး ရှိနေပြီး ငယ်ရွယ်သည့် မျက်နှာပိုင်ရှင် အနည်းငယ်ကို မြင်ရသည်။
ကားရပ်သည်နှင့် လျိုကွေ့ရင်း ချက်ချင်းဆင်းပြီး ဆေးရုံဝင်ပေါက်ဆီကို ပြေးသွားလိုက်သည်။
"ကျွင်းဇီ! လျန်ကျွင်း!"
ဗိုလ်မှူးကြီးလျန်လည်း အနောက်မှ ကပ်လိုက်သွား၏။
အော်ခေါ်လိုက်ပြီးနောက် ခဏအကြာတွင် ရင်းနှီးသည့် ဦးခေါင်းတစ်ခုက ဆေးရုံထဲမှ ထွက်ပေါ်လာသည်။
"အမေ၊ ဘာလို့ ရောက်လာတာလဲ။ အဖေရောပဲလား။"
"ဒီလောက် ကိစ္စကြီးဖြစ်နေတာကို ငါက ဘယ်လိုလုပ်ပြီး မလာဘဲ နေနိုင်မှာလဲ။"
လျိုကွေ့ရင်း သူမ၏သားကို ဆွဲယူပြီး အပေါ်အောက် အကုန် စစ်ဆေးကြည့်လိုက်သည်။ သူ အဆင်ပြေနေသည်ကို မြင်မှ နောက်ဆုံး သက်ပြင်းချလိုက်နိုင်၏။
"နင့်ကြောင့် ငါ သေတော့မလို့ပဲ စိုးရိမ်သွားတာ။"
"ကျွန်တော်က ဘာများဖြစ်နိုင်မှာလဲ။"
အမြဲ ပေါ့ပေါ့ပါးပါးနေတတ်သည့် ကျွင်းဇီက သူ့အမေ၏ စူးစမ်းကြည့်ရှုမှုအောက်တွင် အနည်းငယ် ရှက်လာသလို ခံစားခဲ့ရသည်။
"လင်းချောင်ရော ဘယ်မှာလဲ။"
ကျိသော်က သူ၏ ခြေလှမ်းကျယ်များဖြင့် လျိုကွေ့ရင်းထက် ခြေတစ်လှမ်းစောပြီး ရောက်လာခဲ့သည်။
ကျွင်းဇီက သူ့ကို "ဆရာမယောက်ျား" ဟု ခေါ်ရန်လုပ်လိုက်သော်လည်း ထိုမှောင်မည်းနေသည့် မျက်လုံးများနှင့် ဆုံလိုက်ရသည့်အခါ ဘာကြောင့်မှန်းမသိ စကားလုံးများက သူ့လည်ချောင်းထဲ ဆို့နင့်နေခဲ့သည်။
"အတွင်းထဲမှာပါ။"
ကျိသော် ဘာမှမပြောတော့ဘဲ အတွင်းထဲသို့ ခြေလှမ်းကျဲကျဲဖြင့် ဝင်သွားလိုက်သည်။
အတွင်းထဲတွင်တော့ လူပိုများပြီး ပိုပြီး ရှုပ်ထွေးနေ၏။ မှတ်ဉာဏ်ကောင်းသည့် ကျိသော်က စင်္ကြံမှ ထိုင်ခုံပေါ်တွင် ထိုင်နေသော လင်းချောင်၏ အတန်းက မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရပြီး သူမ၏ ငိုနေသံကို ကြားလိုက်ရသည်။
"ကျွန်မ၊ ကျွန်မ တောင်းပန်ပါတယ်၊ ဆရာမလင်း..."
ဒီစကားကို ကြားလိုက်ရတော့ သူ၏ရင်ထဲ ပိုပြီး နစ်မွန်းသွားခဲ့ရသည်။
"လင်းချောင်က အထဲမှာလား။"
သူ၏အကြည့်က တင်းကျပ်စွာ ပိတ်ထားသည့် ဆေးစစ်ခန်း တံခါးပေါ်သို့ ကျရောက်သွား၏။
သူ၏အသံက အလွန်အေးစက်နေသောကြောင့် ထိုမိန်းကလေး၏ ငိုသံသည် ချက်ချင်း တိတ်သွားတော့သည်။
"ဟုတ်ကဲ့၊ သူမ အထဲမှာပါ..."
ကျိသော် ဘာမှ ထပ်မပြောတော့ဘဲ တံခါးကို အားနှင့်တွန်းဖွင့်လိုက်တော့သည်။
"ချောင်ချောင်!"
လင်းချောင် ခေါင်းလှည့်ကြည့်လိုက်သည့်အခါ စိုးရိမ်ပူပန်မှု၊ တင်းမာမှု၊ ဒေါသများနှင့် ပြည့်နေသည့် မျက်နှာတစ်ခုကို တွေ့လိုက်ရ၏။ ပုံမှန်အားဖြင့် ဘာခံစားချက်မှ မဖော်ပြတတ်သည့် မျက်နှာက အခုတော့ အမူအရာ လုံးဝ ပြောင်းလဲနေလေသည်။
သူမ အံ့အားသင့်သွားသလို စိုးရိမ်ပူပန်နေသည့် ကျိသော်သည်လည်း တုန်လှုပ်သွား၏။
"မင်း အဆင်ပြေရဲ့လား။"
မယုံကြည်နိုင်သည့်ပုံစံနှင့် သူက လျင်မြန်စွာ ရှေ့သို့တိုးလာခဲ့ပြီး သူမ၏ ခန္ဓာကိုယ်ကို အပေါ်အောက်၊ ဘယ်ညာ အကုန် စစ်ဆေးကြည့်လိုက်သည်။
"ဘယ်နေရာမှာများ ဒဏ်ရာရသွားသေးလဲ။"
"ကျွန်မက ဘာလို့ ဒဏ်ရာရရမှာလဲ။"
လင်းချောင်ကတော့ သူ၏ စစ်ဆေးမှုကို နားမလည်နိုင် ဖြစ်နေခဲ့သည်။
သူမ၏ တုံ့ပြန်ပုံက ဟန်ဆောင်ပြီး တည်ငြိမ်နေခြင်းမျိုး မဟုတ်ပေ။ ကျိသော်လည်း သူမပခုံးပေါ်တင်ထားသည့် လက်ကို လျှော့ချလိုက်ပြီး မျက်မှောင်ကြုတ်လိုက်၏။
"စာမေးပွဲသွားဖြေတဲ့ကားက မတော်တဆဖြစ်သွားတာမလား။"
"ဟုတ်တယ်လေ။"
လင်းချောင်က ပြောလိုက်သည်။
"လမ်းတစ်ဝက်မှာတင် ကားပျက်သွားပြီး ပြင်လို့မရတော့ဘူး။ ကျန်တဲ့ ကျောင်းသားတွေကို ချပြီးတော့ နောက်ထပ် ဘတ်စ်ကားတစ်စီးက ပြန်လာကြိုဖို့ကို စောင့်နေခိုင်းရမယ့် အခြေအနေ ဖြစ်သွားတာ။"
"ဒါဆို မင်းက ဘာလို့ ဒီကို ရောက်နေတာလဲ။" ကျိသော်၏ အသံကတော့ တင်းမာနေဆဲပင်။
လင်းချောင်က သူ့ဘေးက မိန်းကလေးကို တစ်ချက် ကြည့်လိုက်၏။ "ဒီကျောင်းသူက အရမ်း စိတ်လှုပ်ရှားပြီး ဗိုက်အောင့်လာတာကြောင့် ဆေးသွင်းဖို့ ဒီကို ခေါ်လာခဲ့တာ။"
ထိုမိန်းကလေးက တကယ်ပဲ ဗိုက်ကို ဖိထားပြီး နာကျင်မှုကြောင့် မျက်နှာအမူအရာ ဖြူဖျော့နေသည်။ သူမကို ကျိသော် ကြည့်နေသည်ကို မြင်တော့ ဘာကြောင့်မှန်းမသိ နောက်ဆုတ်သွားတော့၏။
လေထုက ရုတ်တရက် တိတ်ဆိတ်သွား၏။ ခဏအကြာမှသာ ကျိသော်၏ အမူအရာက ပုံမှန်ကဲ့သို့ တည်ငြိမ်အေးဆေးသည့် အခြေအနေကို ပြန်ရောက်သွားခဲ့သည်။
"မင်း အဆင်ပြေလို့ တော်ပါသေးတယ်။"
သူ့စကားများက တည်ငြိမ်နေသော်လည်း ကျိသော် ဒီလောက်အထိ စိတ်ရှုပ်ထွေးနေသည်ကိုတော့ လင်းချောင် ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပေ။
ထို့နောက် လင်းချောင်သည် ထိုလူ၏ ပုံမှန်ဆိုလျှင် သေချာစွာ ကြယ်သီးတပ်ထားသော ရှပ်အင်္ကျီသည် ထက်ဝက်လောက် ပွင့်နေပြီး အောက်မှ ခန္ဓာကိုယ်ကြွက်သားများနှင့် ကပ်နေသော စစ်ဝတ်စုံ၏အောက်ခံအင်္ကျီကို မြင်လိုက်ရသည်။ ကြယ်သီးများကို စတုတ္ထမြောက်တစ်ခုအထိသာ တပ်ထားပြီး အင်္ကျီ၏ အောက်ပိုင်းက အပြင်ဘက်ကို လုံးဝ ထွက်နေသည်။ ဒါက သူ၏ ပုံမှန် သပ်ရပ်သည့် ပုံစံနှင့် လုံးဝ မတူညီခဲ့ပေ။ ထို့အပြင် သူကိုယ်တိုင်၊ အမြဲလိုလို တင်းကျပ်အေးစက်သည့် ပုံပန်းသွင်ပြင်ကို ပြသတတ်သူသည် ဒီပုံစံနှင့် တစ်လမ်းလုံး လျှောက်လာခဲ့သည်ကိုပင် သတိမထားမိခဲ့ပုံရသည်။
လင်းချောင်၏ ခံစားချက်များ ရုတ်တရက်ဆိုသလို အနည်းငယ် ရှုပ်ထွေးသွားတော့၏။
သူမ တစ်ခုခု ဖြစ်သွားပြီဟု တွေးမိပြီး ဒီလူသည် အလျင်စလို ပြေးလာခဲ့ပုံရသည်။
သူ ဒီကိုလာနေသည့် လမ်းတစ်လျှောက်လုံး သူ၏ စိုးရိမ်ပူပန်မှုနှင့် စိတ်ပူမှုများက သူ၏ တည်ငြိမ်မှုနှင့် ဆင်ခြင်တုံတရားအားလုံးကို လွှမ်းမိုးထားခဲ့သည်ဆိုသည်ကို မေးစရာမလိုဘဲ သိနိုင်သည်။
မဟုတ်လျှင် သူသာ အနည်းငယ်လောက် သေချာအာရုံစိုက်ကြည့်ခဲ့ပါက ကျောင်းဘတ်စ်ကားက လုံးဝ ထိခိုက်မှု မရှိဘူးဆိုသည်ကို သတိပြုမိလိမ့်မည်။
မဟုတ်လျှင်လည်း သူ၏ ပုံမှန် တည်ငြိမ်မှုနှင့်ဆိုလျှင် အဝတ်အစား တစ်ဝက်ဝတ်ထားလျှင်တောင် သူ၏ အင်္ကျီကို ကြယ်သီးတပ်ပြီး ပုံပန်းသွင်ပြင်ကို သပ်ရပ်အောင် လုပ်ရန် အချိန်ရခဲ့လိမ့်မည်။
လင်းချောင် နှုတ်ခမ်းကို စေ့လိုက်ပြီး ထိုလူ၏ ရှပ်အင်္ကျီကိုဆွဲကာ ကြယ်သီးများ တပ်ပေးလိုက်သည်။
ထိုအခါမှ ကျိသော်က သူ၏ ပုံပန်းသွင်ပြင်ကို သတိထားမိသွားတော့သည်။ သူ၏မျက်နှာအမူအရာ တင်းမာသွားပြီး သူကိုယ်တ်ိုင် အလျင်အမြန် ကြယ်သီးများကို ပြန်တပ်ချင်ခဲ့သည်။ သို့သော်လည်း လင်းချောင် ခေါင်းငုံ့ပြီး ကြယ်သီးတပ်ပေးနေသည်ကို မြင်တော့ သူ ရပ်လိုက်၏။
သူတို့ လက်ထပ်ခဲ့သည်မှာ တစ်နှစ်ကျော်ပြီဖြစ်ပြီး လင်းချောင် သူ့ကို ရှပ်အင်္ကျီ ကြယ်သီးတပ်ပေးသည်မှာ ဒါက ပထမဆုံးအကြိမ် ဖြစ်သည်။ လုပ်ဆောင်မှုက နူးညံ့သိမ်မွေ့နေခြင်းတော့ မဟုတ်သော်လည်း၊ ဒီလုပ်ရပ်ကပင် သူ၏ စိုးရိမ်ပူပန်နေသည့် နှလုံးသားကို နှစ်သိမ့်ပေးရန် လုံလောက်ခဲ့သည်။
လင်းချောင် အင်္ကျီကြယ်သီးများ တပ်ပြီးသည်ကို မြင်သောအခါ ကျိသော် တစ်ခုခု ပြောရန်ပြင်လိုက်စဉ်မှာပဲ လျိုကွေ့ရင်းက တံခါးခေါက်ကာ ခေါင်းကို တံခါးပေါက်မှထိုး၍ ပြောလိုက်၏။
“ရှောင်ကျိ၊ ငါ မှားပြောမိတာ။ ကားတိုက်မှု မဟုတ်ဘူး။ ဘတ်စ်ကားက ပျက်သွားတာပါ။”
ကျိသော် မော့ကြည့်လိုက်ရာ လင်းချောင်၏ အတန်းမှ မိန်းကလေးတစ်ဦးက သူတို့ကို လျှို့ဝှက်စွာ ကြည့်နေသည်ကို သတိပြုမိလိုက်သည်။ သူမက ကျိသော် သူမကို ကြည့်နေသည်ကို မြင်သောအခါ သူမ၏ အကြည့်ကို အလျင်အမြန် လွှဲလိုက်သည်။
သူ ဘာမှ ထပ်မပြောတော့ဘဲ လျိုကွေ့ရင်းကိုသာ “သိပါပြီ” ဟု ပြန်ဖြေလိုက်၏။ ထို့နောက် သူက အင်္ကျီကို ဘောင်းဘီထဲသို့ ထိုးထည့်လိုက်ပြီး လင်းချောင်းကို မေးလိုက်သည်။
“ဒီမှာ အချိန် ဘယ်လောက်ကြာဦးမှာလဲ။”
လင်းချောင်သည် ဆေးသွင်းထားသည့် ပုလင်းကို ကြည့်လိုက်သည်။
“တစ်နာရီလောက်တော့ ကြာဦးမယ်ထင်တယ်။ ကျွန်မ သူမရဲ့ မိဘတွေကို ဆက်သွယ်ပြီးပြီ။”
ထိုမိန်းကလေး၏ မိဘများသည် ကျောင်းသားများကို ပြန်ကြိုရန် ရောက်လာသော ကျောင်းဘတ်စ်ကားဖြင့် အလျင်အမြန် ရောက်လာခဲ့ကြသည်။
လင်းချောင်သည် ထိုမိန်းကလေးကို သူမ၏ မိဘများထံ အပ်လိုက်ပြီးနောက် အခြား ကျောင်းသားတစ်ဦးကပါ ငိုနေသည်ကို မြင်လိုက်ရသည်။ သူမက သူတို့ကို နှစ်သိမ့်လိုက်သည်။
“ရပါတယ်။ ဘာသာရပ်တစ်ခုပဲ အဆင်မပြေတာပါ။ မင်း ဇီဝဗေဒမှာ တော်တယ်လို့ ငါ မှတ်မိနေတယ်။ မနက်ဖြန် ပြန်ကြိုးစားတာပေါ့။”
ကျောင်းသားများက သူတို့၏ စွမ်းဆောင်ရည်များ ကျဆင်းသွားပြီး တစ်နှစ်ကျော်ကြာ လမ်းညွှန်ပေးခဲ့သော လင်းချောင်ကို စိတ်ပျက်အောင် လုပ်မိပြီဟု ခံစားခဲ့မိကြခြင်း ဖြစ်သည်။
ကျိသော်သည် အမှန်ပင် အလွန်အမင်း စိုးရိမ်ခဲ့မိသည်။ သူ နည်းနည်း သေသေချာချာ တွေးတောကြည့်ခဲ့လျှင် အထင်အမြင် လွဲခဲ့မည် မဟုတ်ပေ။
ဆေးသွင်းရန် လိုအပ်နေသည့် မိန်းကလေးမှအပ ကျန်သည့် လိုက်ပါလာသူတိုင်းကို ရေတွက်ပြီး လင်းချောင်သည် ဘတ်စ်ကားတံခါးကို ပိတ်ကာ သူတို့နှင့်အတူ ကျောင်းသို့ ပြန်လာခဲ့သည်။
ကျိသော်ကတော့ အနီးနားရှိ ဂျစ်ကားထဲတွင် ထိုင်နေဆဲပင်။ ဘတ်စ်ကား စတင်ထွက်ခွာသောအခါ သူလည်း လိုက်သွားခဲ့သည်။
လျိုကွေ့ယင်းနှင့် ဗိုလ်မှူးကြီးလျန်တို့သည် သူနှင့်အတူ ပြန်လာခဲ့ကြသည်။ လမ်းတွင် ဗိုလ်မှူးကြီးလျန်က လျိုကွေ့ရင်းကို သေချာ နားမထောင်ဘဲ သတိပေးမိသည့်အတွက် ဆူပူနေခဲ့၏။
ဘတ်စ်ကား ကျောင်းတံခါးဝတွင် ရပ်လိုက်သောအခါ လင်းချောင်သည် ကျောင်းသားများကို တစ်ယောက်ချင်းစီ နှစ်သိမ့်ပေးလိုက်ပြီး စောင့်ဆိုင်းနေသော မိဘများထံ အပ်နှံခဲ့သည်။ မိဘများ မလာသောသူများအတွက် အနည်းဆုံး ကျောင်းသားနှစ်ဦး အတူတူ အိမ်ပြန်ရန်အတွက် စီစဉ်ပေးခဲ့ပြီး နောက်နေ့ စာမေးပွဲအတွက် စောစောအိပ်ရန် သတိပေးခဲ့သည်။
ကျိသော်သည် ရှောင်ဖန်းကို လျိုကွေ့ရင်း၊ ဗိုလ်မှူးကြီးလျန်နှင့် ကျွင်းဇီတို့ကို အိမ်သို့ အရင် ပြန်ပို့ခိုင်းလိုက်ပြီး သူကတော့ ခဏတာ စောင့်ဆိုင်း၍ ညဘက်မှသာ လင်းချောင်နှင့်အတူ လမ်းလျှောက်ပြန်လာခဲ့သည်။
အိမ်ပြန်လမ်းတွင် သူတို့ နှစ်ဦးစလုံး စကားမပြောခဲ့ကြပေ။ သူတို့ ပြန်ရောက်လာသောအခါ လင်းချောင်သည် မီးဖိုခန်းမှ စားပွဲပေါ်တွင် ရင်းနှီးနေသော ပုစွန်ကြော်ဟင်းပွဲကို တွေ့လိုက်ရသည်။
ပန်းရောင်သန်းနေပြီး ဆီပါသော ပုစွန်များသည် အဖြူရောင် ကြွေပန်းကန်ပေါ်တွင် ရှိနေသည်။ အေးနေပြီဖြစ်သော်လည်း စားချင်စဖွယ် အနံ့အသက်များ ထွက်နေ၏။
သူမ ထိုအမျိုးသားကို နောက်လှည့်ကြည့်လိုက်မိသည်။
ကျိသော်ကတော့ နောက်ဘက်မှ အနည်းငယ်အလှမ်းဝေးသော နေရာတွင် ခြံဝင်းတံခါးကို ပိတ်နေခဲ့သည်။ သူ၏ ခြေလှမ်းများက တည်ငြိမ်ပြီး၊ သူ၏မျက်နှာ အမူအရာက အလေးအနက်ရှိသည်၊ သူ၏ ရှပ်အင်္ကျီသည်လည်း စစ်ဘောင်းဘီထဲသို့ သပ်ရပ်စွာ ထိုးထည့်ထားကာ ဆေးရုံမှာကဲ့သို့ မသေသပ်သည့် ပုံစံမျိုး မဟုတ်တော့ပေ။
သူတို့ ဒီခြံဝင်းငယ်လေးထဲတွင် အိမ်ထောင်ရေးကို စတင်ခဲ့ချိန်တုန်းက တစ်ယောက်ချင်းစီတွင် ကိုယ်ပိုင် အတွေးများ ရှိခဲ့ကြပြီး သူက ဒီလိုမျိုးဟင်းချက်တတ်သူ ဖြစ်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့မိပေ။
လင်းချောင် အနည်းငယ် ပြုံးလိုက်သည်။ “အထင်အမြင် လွဲမှားခဲ့တယ်ဆိုရင်တောင် ဒီနေ့ ဆေးရုံမှာ ရှင့်ကို တွေ့လိုက်ရတော့ ကျွန်မ နည်းနည်း ပျော်မိပါတယ်။”
အရေးပေါ် အခြေအနေများတွင်ဆိုလျှင် လူတို့၏ တုံ့ပြန်မှုများက လိမ်လည်၍မရပေ။ ကျိသော်၏ စိတ်ထိန်းချုပ်မှု လျော့ကျသွားသည်မှာ သူမ ထင်ထားသည်ထက် ပိုပြီး သူက သူမကို ဂရုစိုက်ကြောင်း ပြသနေခဲ့သည်။
လင်းချောင်သည် အမြဲတမ်း ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူဖြစ်ရာ အခြားပုံစံတစ်မျိုး ဟန်ဆောင်နေမည်မဟုတ်ပေ။ ဆေးရုံတွင် သူ့ကို ဒီလိုမြင်လိုက်ရတော့ တကယ်ပဲ သူမ စိတ်လှုပ်ရှားခဲ့ရသည်။
တည်ငြိမ်သူတစ်ယောက်က သူမအတွက် စိတ်ထိန်းချုပ်မှု ပျက်သွားသည်ကို မြင်ရလျှင် ဘယ်မိန်းကလေးမဆို စိတ်ထဲထိမိကြလိမ့်မည်။
ကျိသော်ကတော့ သူမ ဒီလိုပြောလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူသည် ခဏတာ အံ့အားသင့်သွားပြီးနောက် အလျင်အမြန် ရှေ့သို့ တိုးလာကာ သူမကို ပွေ့ဖက်လိုက်သည်။
ရုတ်တရက် လှုပ်ရှားမှုနှင့် တင်းကျပ်သော ပွေ့ဖက်မှုကြောင့် လင်းချောင်ရှေ့သို့ တိုးလိုက်မိပြီး သူမ၏ ခေါင်းသည် သူ၏မေးစေ့ကို တိုက်မိခဲ့သည်။
ကျိသော်ကတော့ ဘာမှမဖြစ်သလို ရပ်နေပြီး သူမ၏ ခေါင်းကို ပွတ်သပ်ရန်သာ လက်မြှောက်လိုက်သည်။
“အဲ့ဒီ စောင်သေးသေးလေးကို ဖယ်လိုက်လို့ ရပြီလား။”
သူ၏လေသံက အလေးအနက်ဖြစ်နေခဲ့ရာ လင်းချောင် စကားပင် မပြောနိုင်ဖြစ်သွားခဲ့ရသည်။ သူမ နောက်သို့ မှီကာ သူ့မျက်နှာကို ကြည့်လိုက်၏။
“ရှင် အရမ်း တောင်းဆိုလွန်းနေတာ မဟုတ်ဘူးလား။”
သူမ အခုပဲ သူ့ကို စိန်ခေါ်လိုက်သည့်ပုံစံမျိုး မဟုတ်သလို သူ၏အမူအရာက မပြောင်းလဲခဲ့ပေ။
“မဖယ်ရင်လည်း ရပါတယ်။ မင်းရဲ့ ရွေးချယ်မှုကို ကိုယ်လေးစားပါတယ်။”
သူမ အိပ်ပျော်သွားသည်နှင့် သူ့ဘက်ကို ရွှေ့ဖို့ စီစဉ်ထားသည် မဟုတ်လား။
ဒီလူက တိုက်ခိုက်မှုများကို လက်ခံမည့် အမျိုးအစား မဟုတ်ပေ။
အခွင့်အရေး ရသည်နှင့် အခြေအနေကို ပြောင်းပြန်လှန်ပြီး နေရာပြန်ယူတတ်သည်။ သို့သော် သူက နှိမ့်ချပြီး ကျေနပ်အောင်သာ လုပ်တတ်သူဆိုလျှင် သူ ကိုယ်တိုင် ဖြစ်လာမည်လည်း မဟုတ်သလို၊ လင်းချောင်သည်လည်း ယခင်ကတည်းက စိတ်လှုပ်ရှားမိမည် မဟုတ်ပေ။
တစ်ခါတရံတွင် စိတ်ဓာတ်လေး နည်းနည်း ပါဝင်သည်က အရာအားလုံးကို စိတ်ဝင်စားဖို့ ကောင်းစေ၏။ လင်းချောင်သည် လက်မြှောက်ကာ ထိုအမျိုးသား၏ မေးစေ့ကို ညှစ်လိုက်ပြီး သူမ၏ နီသော နှုတ်ခမ်းများကို သူနှင့် ပို၍ နီးကပ်အောင်လုပ်လိုက်သည်။
“ရှင်က စောင်သေးသေးလေးကို ဖယ်ချင်တာလား။”
သူမ၏ မျက်လုံးများက ကျီစယ်နေသလိုဖြစ်ပြီး သူတို့၏ နှုတ်ခမ်းများကြား အကွာအဝေးသည်လည်း အသက်ရှူနှုန်း တစ်ခုစာသာ ဝေးကွာနေခဲ့သည်။
ကျိသော်၏ မျက်လုံးများ နက်မှောင်သွားပြီး သူ၏ လည်စေ့က လှုပ်ရှားသွားချိန်တွင် လင်းချောင် သူ့ကို တွန်းထုတ်လိုက်သည်။
“ဆက်ပြီး အိပ်မက် မက်နေလိုက်။”
ပြဿနာများကတော့ ရှိနေဆဲပင်။
သူမ တစ်ဖက်လှည့်ကာ ထမင်းပေါင်းအိုးကို ဖွင့်လိုက်ချိန်တွင် အတွင်းထဲ၌ ထမင်းရှိနေသည်ကို တွေ့လိုက်ရပြီး အလျင်အမြန် ပန်းကန်လုံးတစ်လုံးကို ယူကာ ထမင်းထည့်လိုက်သည်။ သူမသာ အလျင်အမြန် မစားလျှင် ဆာလောင်လာတော့မည်။ မနက်ဖြန် စာမေးပွဲအတွက် ကျောင်းသားများကို လိုက်ပို့ပေးရမည်ဖြစ်သောကြောင့် ယနေ့ည စောစောအိပ်ရန် လိုအပ်သည်။ သူနှင့် စကားများနေရန် အချိန်မရှိပေ။
ကျိသော် ဘာမှ ထပ်မပြောတော့ဘဲ မီးဖိုခန်းသုံးအဝတ်ကို ယူလိုက်၏။
“ဟင်းနှစ်ခွက်စာလောက် ထပ်ကြော်ပေးမယ်။”
တစ်ခွက်က ပန်းဂေါ်ဖီပွင့်ဖြစ်ပြီး နောက်တစ်ခွက်က အသားနှင့် အစိမ်းရောင်ငရုတ်သီးကို ကြော်ထားခြင်းဖြစ်ရာ ဟင်းနှစ်ခွက်စလုံးသည် အလျင်အမြန်ချက်ပြုတ်နိုင်သော ဟင်းလျာများ ဖြစ်သည်။ ထိုအမျိုးသားသည် အိမ်တွင်း ဟင်းလျာအချို့ကို ချက်ပြုတ်တတ်နေပြီဖြစ်သည်။
လင်းချောင် ထမင်းအနည်းငယ် စားပြီးမှ တစ်ခုခုကို သတိရသွားကာ ကျိသော်ကို မေးလိုက်သည်။
“ဆေးရုံမှာတုန်းက ရှင့်ပုံစံက ဘာလို့ နည်းနည်း ဒေါသထွက်နေသလိုပုံစံ ဖြစ်နေခဲ့တာလဲ။”
“ယွီဝူ ဒီနေ့ နေ့လယ်က ဝန်ခံလိုက်ပြီ။”
ကျိသော်သည် သူ၏အသံထဲမှ အေးစက်မှုကို မဖုံးကွယ်နိုင်ခဲ့ပေ။
“သူတို့မိသားစုက ဒေါသထွက်နေပြီး မင်းကို ပစ်မှတ်ထားမှာကို ကိုယ် စိုးရိမ်ခဲ့မိတာ။”
နောက်ကြောင်းပြန်ကြည့်လိုက်လျှင် သူ အလွန်အကျွံ စိုးရိမ်ခဲ့မိသည်ကို သဘောပေါက်လိုက်သည်။
ယွီမိသားစုသည် ယွီဝူကို ဆုံးရှုံးခဲ့ရပြီးပြီဖြစ်သည်။ သူတို့အတွက် သူ့ကို မကယ်တင်ရန်၊ ဒါမှမဟုတ် သူတို့၏ အရှုပ်အထွေးများကို မရှင်းဘဲနေရန်ဆိုသည်က မဖြစ်နိုင်ပေ။
ယွီမိသားစုထဲတွင် အတုံးဆုံးသူက အပြင်ဘက်မှသူ မဟုတ်ဘဲ အတွင်းတွင် ရှိနေသူ ဖြစ်သည်ကို သူ သဘောပေါက်ခဲ့သည်။