← Chapters

အခန်း (၁၂၆)

Vol. 11 Ch. 126

အခန်း (၁၂၆)

Vol. 11 Ch. 126

အပြင်ဘက်တွင်တော့ သူ လောင်ကျိုးနှင့် ဆုံခဲ့၏။

“ဗိုလ်မှုးကြီးတင်း မင်းနဲ့ စကားပြောခဲ့ပြီးပြီလား”

သူက တိတိကျကျတော့ မပြောခဲ့ပေ။

“သူက ငါတို့နဲ့လည်း စကားပြောခဲ့တယ်။”

ကျိသော်က “အင်း” ဟုသာ ပြန်ဖြေလိုက်သည်။

“သူက ကျွန်တော့်ကို နောက်အပတ် တနင်္လာနေ့ နောက်ဆုံးထားပြီး အဖြေပေးခိုင်းတယ်။”

“နောက်အပတ် တနင်္လာနေ့အထိလား။” လောင်ကျိုး အံ့အားသင့်သွား၏။ “မင်း ချက်ချင်း သဘောတူလိမ့်မယ်လို့ ငါ ထင်ခဲ့တာ။”

ဗိုလ်မှူးကြီးတင်းနှင့် လောင်ကျိုးတို့သာမက လွန်ခဲ့သည့် တစ်နှစ်က ကျိသော်ကိုယ်တိုင်လည်း ဒီစကားကို ကြားလိုက်ရလျှင် အံ့အားသင့်သွားမည်မှာ သေချာသည်။ သို့သော် သူက ပြန်ပြောလိုက်၏။

“ကျွန်တော် မိသားစုနဲ့ ဆွေးနွေးရဦးမယ်။”

ဒီနေ့က လင်းချောင် ကျောင်းစတက်သည့် ပထမဆုံးနေ့ဖြစ်သည့်အတွက် သူက သူမ၏ စိတ်အခြေအနေကောင်းကို မဖျက်ဆီးချင်ခဲ့ပေ။ ကျိသော် နောက်တစ်ရက် ထပ်စောင့်လိုက်ကာ အလုပ်ဆင်းပြီးနောက် ရှောင်ဖန်းကို သူ့အား ချင်တက္ကသိုလ်အနီးရှိ လင်းချောင်၏ အိမ်သို့ ပို့ခိုင်းခဲ့လိုက်သည်။

ခြံဝင်းငယ်လေးသည် သော့ခတ်ထားပြီး လင်းချောင်ကတော့ ပြန်မရောက်သေးပေ။ ကျိသော်သည် ရှောင်ဖန်းကို ကားမောင်းခိုင်းမည့်အစား လင်းချောင်း၏ တက္ကသိုလ်ရှိရာသို့ လမ်းလျှောက်သွားခဲ့၏။

လင်းချောင်သည် သူမ၏ အလုပ်ကို ည ၈ နာရီ ဝန်းကျင်တွင် အပြီးသတ်ကာ ဓာတ်ခွဲခန်းမှ ထွက်လာခဲ့သည်။

သူမ အဆောင်လျှောက်ထားခြင်း မရှိသည်ကို သိသောကြောင့် အကြီးတန်း ကျောင်းသားတစ်ဦးက ပြောလိုက်၏။

“ဒီလောက် ညဉ့်နက်နေပြီကို တစ်ယောက်တည်း သွားတာ အဆင်ပြေရဲ့လား။ ငါတို့ လိုက်ပို့ပေးဖို့ လိုလား။”

“မလိုပါဘူး။”

လင်းချောင်သည် သူမ၏ ဓာတ်မီးကို လှုပ်ယမ်းပြကာ ပြုံးလိုက်သည်။ “ကျွန်မက ဒီအနီးအနားမှာပဲ နေတာ၊ မိနစ်အနည်းငယ်လောက်ပဲ ဝေးပါတယ်။”

သူမ လှည့်ကြည့်လိုက်သောအခါ သစ်ပင်အောက်တွင် ရင်းနှီးသော အရပ်ရှည်ရှည်နှင့် ပုံရိပ်တစ်ခုကို သူမ မြင်လိုက်ရ၏။

သူမ အံ့အားသင့်သွားပြီးနောက် အမြင်မှားသည်ဟု ထင်ခဲ့မိသော်လည်း ထိုအမျိုးသားကတော့ သူမထံ လျှောက်လာခဲ့သည်။

"ပြီးသွားပြီလား။"

ရင့်ကျက်သည်၊ ခန့်ညားသည်၊ အထင်ကြီးစရာကောင်းသည်—ထိုသူ၏ ပုံစံက အကြီးတန်း ကျောင်းသားများကို စကားပြောရပ်သွားစေခဲ့သည်။

လင်းချောင် သူတို့ကို နှုတ်ဆက်လိုက်၏။“ကျွန်မ ခင်ပွန်း လာကြိုတာပါ။”

“မနက်ဖြန်မှ တွေ့မယ်။”

သူတို့က ခေါင်းညိတ်ပြလိုက်ကြပြီး သူမသည် အသက်ငယ်သေးသော်လည်း လက်ထပ်ထားသူဖြစ်ကြောင်း သဘောပေါက်သွားခဲ့ကြသည်။

“ဘာလို့ ဒီကို ရောက်လာတာလဲ။”

“မင်း အမြဲတမ်းလည်း ဒီလောက် ညဉ့်နက်တဲ့အထိ နေတာလား။”

အနည်းငယ် လမ်းထပ်လျှောက်သွားရင်း လင်းချောင်နှင့် ကျိသော်တို့သည် တစ်ပြိုင်နက်တည်းနီးပါး ပြောဆိုလိုက်ကြသည်။ ပြောပြီးနောက် နှစ်ဦးစလုံး တိတ်ဆိတ်သွားပြီး တစ်ယောက်ကိုတစ်ယောက် စကားပြောရန် အခွင့်အရေး ပေးလိုက်ကြသည်။

သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် လင်းချောင်က စ၍ပြောလိုက်၏။“ဓာတ်ခွဲခန်းမှာ အလုပ်များနေလို့ပါ။”

ကျိသော်က ခေါင်းညိတ်လိုက်သည်။ “အဆောင် လျှောက်လိုက်ပါလား။”

အဆောင်လျှောက်ထားလိုက်လျှင် ညဉ့်နက်မှ ပြန်လာရန် မလိုအပ်တော့ပေ။ ဒါက သူမ၏ ဘေးကင်းရေးကို သူ စိုးရိမ်ကြောင်း ပြသနေ၏။

လင်းချောင် သဘောတူလိုက်ပြီးနောက် ကျိသော်က လမ်းလျှောက်ခြင်းကို ရပ်လိုက်ကာ သူမကို အလေးအနက် ကြည့်လိုက်သည်။

“ချောင်ချောင်၊ ကိုယ့်မှာ မင်းနဲ့ ဆွေးနွေးစရာတစ်ခု ရှိတယ်။”

နွေရာသီ ကျောင်းပိတ်ရက်ဖြစ်၍ လူနည်းပါးသောကြောင့် သူတို့သည် အနီးနားရှိ ရေကန်သို့ လမ်းလျှောက်သွားကာ ခုံတန်းတွင် ထိုင်လိုက်ကြသည်။

ရေကန်ဘက်မှ လေအေးများ တိုက်ခတ်လာပြီးနောက် လင်းချောင် ပေါ့ပါးစွာ အသက်ရှူသွင်းလိုက်သည်။ “ပြောလေ။ ဘာ အရေးကြီးကိစ္စရှိလို့လဲ။”

ထိုအမျိုးသား ဘာမှမပြောခဲ့သော်လည်း သူမကို တွေ့ဆုံရန်လာသော အချိန်အရဆိုလျှင် သူ အောက်ထပ်တွင် အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့သေးကြောင်း သိသာနေသည်။

ကျိသော်လည်း ကွေ့ဝိုက်မနေတော့ဘဲ ပြောလိုက်၏။ “ အလှည့်ကျ ရှေ့တန်းထွက်ရမဲ့ ကာလရောက်ပြီ၊ ဗိုလ်မှူးကြီးတင်းက ကိုယ့်ကို သွားစေချင်နေတယ်။”

ဒါက လင်းချောင် မမျှော်လင့်ထားသည့် အဖြေဖြစ်နေသော်လည်း သူ၏ အလုပ်အကိုင်အရ လုံးဝ အံ့ဩစရာတော့ မဟုတ်ခဲ့ပေ။

လင်းချောင် ခဏတာ တိတ်ဆိတ်သွားခဲ့သည်။ သူမသည် ဝမ်းနည်းခြင်းထက် စိုးရိမ်ပူပန်မှုကို ပိုခံစားခဲ့ရ၏။ သူမ ကျောင်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည့်အတွက် သူတို့ ခွဲခွာနေရသည်ဆိုသော်လည်း အနည်းဆုံးတော့ သူ လုံခြုံနေသည်။

သူ ပထမဆုံးအကြိမ် စစ်ဆင်ရေး ထွက်သွားခဲ့တုန်းက သူမ ဤသို့လုံးဝ မခံစားခဲ့ရပေ။ ထိုအချိန်က သူမသည် သူ့ကို မူရင်းစာအုပ်ထဲမှ အမျိုးသား ဇာတ်ဆောင်အဖြစ်သာ မြင်ခဲ့ပြီး သူ အဆင်ပြေလိမ့်မည်ဟု ယုံကြည်ခဲ့သည်။ မဟုတ်လျှင် ဇာတ်လမ်းက ဘယ်လိုလုပ် ဆက်သွားနိုင်မည်လဲ။

သို့သော် အခုတော့ လုံးဝကွာခြားသွားလေပြီ။ သူ အန္တရာယ်နှင့် ကြုံရန်ိုင်သည်။ ဒီနေ့၊ ဒီအချိန်အခါတွင်မှ သူမသည် စစ်သားတစ်ဦးကို လက်ထပ်ခဲ့မိသည်ကို အမှန်တကယ် ခံစားမိခဲ့သည်။

လင်းချောင်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “ကျွန်မ နားလည်ပါတယ်။”

စစ်သားများ၏ ဇနီးတိုင်းသည် မိမိခင်ပွန်း စစ်မြေပြင်သို့ အချိန်မရွေး သွားရောက်နိုင်သည်ဟူသော အသိရှိထားရမည်ဟု လျိုကွေ့ရင်း ပြောခဲ့ဖူးသည်။

သို့သော် ကျိသော်က သူမကို ပြောလိုက်၏။ “ကိုယ် သူ့ကို အကြောင်းမပြန်ရသေးဘူး။”

လင်းချောင် အံ့အားသင့်သွားတော့၏။ “ကိုယ်က မင်းနဲ့ အရင် ဆွေးနွေးချင်လို့။”

သူက ထိုသို့ ပြောရင်း သူမနှင့် အကြည့်ချင်း ဆုံလိုက်သည်။

သူသည် ယခင်ကကဲ့သို့ အရာရှိအိုကြီးတစ်ဦးနှယ် မတ်မတ်ထိုင်နေဆဲ ဖြစ်သော်လည်း သူ၏စကားများကတော့ အရင်ကနှင့် ကွဲပြားနေသည်။ သူသည် သူမကို အကြောင်းကြားရုံ သို့မဟုတ် သူမအား မပြောဘဲ ဆုံးဖြတ်ချက်ချခဲ့မိရုံ မဟုတ်ဘဲ သူမနှင့်အတူဆွေးနွေးနေခြင်း ဖြစ်သည်။

ဒီအရာက လင်းချောင်ကို ခဏတာ စကားမပြောနိုင်အောင် ဖြစ်စေခဲ့၏။ ခဏအကြာတွင် သူမက မေးလိုက်သည်။

“ကျွန်မ သဘောမတူရင်ရော။”

“မင်း မငြင်းနိုင်ပါဘူး။”

ကျိသော်၏ လေသံက ခိုင်မာသည်။

လင်းချောင်သည် သူမ လိုချင်သောအရာကို သိသည်။ သူမသည် သူ့အတွက်နှင့် သူတို့၏ အိမ်ထောင်ရေးအတွက် တက္ကသိုလ်တက်ရမည့် အခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်သလို၊ သူသည်လည်း သူမအတွက်နှင့် သူတို့၏ အိမ်ထောင်ရေးအတွက် စစ်သားတစ်ဦး၏ တာဝန်များကို လက်လွှတ်လိုက်မည် မဟုတ်ပေ။ သူတို့သည် ဦစားပေး ဂရုစိုက်မှု တူညီကြပြီး နှစ်ဦးစလုံးတွင် အားကောင်းသော၊ လွတ်လပ်သော စိတ်ဓာတ်များ ရှိကြသည်။

သို့သော် သူ၏သေချာမှုနှင့် နားလည်မှုသည် လင်းချောင်ကို ဒေါသထွက်စေခဲ့သည်။

“ကျွန်မ တကယ်ပဲ သဘောမတူဘူးဆိုရင်ရော။”

ဒီတစ်ကြိမ်တွင်တော့ ထိုအမျိုးသားက ခဏတာ ရပ်သွားပြီး အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“ဒါဆိုရင် ကိုယ်တောင်းဆိုရမှာပေါ့။”

သူ နောက်နေခြင်း မဟုတ်ပေ။ သူသာအး အလေးအနက်ရှိပြီး ငြင်းခုံပြောဆိုမည့် အချက်များကိုပင် စဉ်းစားထားသည်။

“တိုင်းပြည်က ကိုယ့်ကို လိုအပ်နေတာ၊ ကိုယ် မငြင်းနိုင်ဘူး။ ဒါ့အပြင် ကိုယ်လည်း တကယ်ပဲသွားချင်တယ်။ ကိုယ်က စစ်သားတစ်ယောက်၊ စစ်မှုထမ်းတဲ့နေ့ကတည်းကစပြီး စစ်မြေပြင်ကို သွားဖို့အတွက် အသင့်ရှိနေခဲ့တဲ့သူ။”

ဒါက တောင်းဆိုနေခြင်စထက် သူ၏ကိုယ်ပိုင် ဆန္ဒကို ဖော်ထုတ်ပြနေသလို ဖြစ်နေခဲ့သည်။

လင်းချောင်ကတော့ အလျှော့မပေးဘဲ မျက်ခုံးပင် ပင့်လိုက်၏။ “ကျွန်မက ဆက်ပြီး သဘောမတူနေဘူးဆိုရင်ရော။”

ဒီတစ်ကြိမ်တွင်တော့ ထိုအမျိုးသား အချိန်ကြာကြာ တိတ်ဆိတ်သွားပြီး သူ၏အကြည့်က သူမ၏မျက်နှာပေါ်တွင် စူးစိုက်နေခဲ့သည်။ သူမ မလှုပ်မယှက် ရှိနေသည်ကို မြင်သောအခါ သူက ပြောလိုက်၏။

“ဒါဆိုရင်၊ ကိုယ် မင်းကို ချော့ကြည့်ရမလား။”

သူ၏ အသံတွင် တုံ့ဆိုင်းမှု အရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် “ချော့သည်” ဆိုသော စကားလုံးသည် သူ၏အသက် ၂၈ နှစ်တာ ကာလအတွင်း မည်သည့်အခါကမျှ မတည်ရှိခဲ့သောကြောင့် ဖြစ်နိုင်သည်။

လင်းချောင် စကားမပြောဘဲ သူ ဘယ်လို ချော့မလဲဆိုသည်ကိုသာ စောင့်ကြည့်နေခဲ့မိသည်။

ကျိသော် တကယ်ပဲ အခက်တွေ့သွား၏။ သူ အချိန်အကြာကြီး မျက်မှောင်ကြုတ်ပြီးမှ ညင်သာစွာဖြင့် “ချောင်ချောင်” ဟု ခေါ်လိုက်သည်။

ဒါက ထိရောက်ပုံ မပေါ်ဘူးဆိုသည်ကို သိလိုက်ရတော့ သူက ပြောင်းခေါ်လိုက်ပြန်သည်။

"ကလေးလေး။"

စစ်ဝတ်စုံနှင့် လေးနက်သော အမူအရာ၊ လေးနက်သော လေသံဖြင့် “ကလေးလေး” ဟု ခေါ်လိုက်သော ထိုအမျိုးသားကြောင့် လင်းချောင် မရယ်ဘဲ မနေနိုင်တော့ပေ။

သူမ ရယ်မောလိုက်ပြီးနောက် ထိုအမျိုးသားက သူမကို ကြည့်နေသည်ကို သတိပြုမိလိုက်သည်။

“ဒါက အဆင်ပြေလား၊ မပြေဘူးလား။”

“မပြေဘူးပေါ့။” လင်းချောင် ရယ်သံကို ထိန်းလိုက်သည်။ “ရှင် ကလေးတစ်ယောက်ကို ဒီလို သွားချော့ရင် သူ ကြောက်လန့်ပြီး ငိုသွားမှာ မဟုတ်ဘူးလား။”

မမျှော်လင့်ထားဘဲ ကျိသော်၏ အကြည့် ပိုနက်ရှိုင်းသွား၏။“ဒါဆိုရင်တော့ ကိုယ် ကလေးအရင်ယူကြည့်ဖို့ လိုလိမ့်မယ်။”

အလေးအနက်ရှိနေခဲ့သော အကြောင်းအရာသည် သူ၏ စကားများကြောင့် ရုတ်တရက် အနည်းငယ် ဝိုးတဝါး ဖြစ်သွားပြီး သူမ၏ မျက်နှာပေါ်သို့ တိုက်ခတ်နေသော လေပြည်ပင် ပိုနွေးသွားသလို ခံစားလိုက်ရသည်။

လင်းချောင် ကျိသော်ကို မော့ကြည့်လိုက်ရာ သူက သူမကို ငုံ့ကြည့်ပြီး ပြောလိုက်၏။

“ပြန်ကြရအောင်။”

“အင်း။”

သူတို့ ထရပ်ကာ နွေရာသီ၏ညဘက်တွင် အင်းဆက်များ၏ အသံတို့နှင့်အတူ လင်းချောင်၏ ကျောင်းအနီးရှိ သေးငယ်သော ခြံဝင်းလေးဆီသို့ ပြန်လျှောက်လာခဲ့ကြသည်။

လင်းချောင်သည် ဤခြံဝင်းကို အလှဆင်ရန် အားထုတ်ထားခဲ့သည်ဆိုသည်မှာ ထင်ရှားသည်။ အချိန်ဇယား ကျပ်တည်းနေသော်လည်း သူမသည် ခြံဝင်းထဲတွင် ရေကန်အကြီးတစ်ခုကို ထားရှိပြီး ကြာပန်းများကို စိုက်ပျိုးထားသည်။

အိမ်ထဲသို့ ဝင်လိုက်သောအခါ ထောင့်နေရာတွင် သစ်သားကုလားထိုင်တစ်လုံးရှိနေပြီး နေရာသည် နွေးထွေးကာ အိမ်နှင့်တူသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။ ၎င်းသည် သူတို့၏ စစ်တပ်ရှိ အိမ်နှင့်မတူပေ၊ စစ်တပ်မှအိမ်က လက်တွေ့ကျသော်လည်း တစ်ခုခု လိုအပ်နေပုံရသည်။

လင်းချောင် မီးဖွင့်လိုက်ပြီးနောက် သူမနောက်သို့ လိုက်လာသော အမျိုးသားကို လှည့်ကြည့်လိုက်သည်။

“ညဥ့်နက်နေပြီ။ မနက်ဖြန် ဘယ်အချိန် အလုပ်ဆင်းရမလဲလို့ မေးလို့ရလား။”

သူမ ဒီလိုမေးလိုက်ရင် သူ့ကို ဒီည ဤနေရာတွင် တည်းစေချင်သည်ဟူသော သဘောဖြစ်သွားမည်။

ကျိသော်သည် သူမ၏ စကားနောက်ကွယ်တွင် အခြားအဓိပ္ပာယ် ရှိ၊ မရှိ မသိသော်လည်း သူ၏ အကြည့်များက ပြင်းထန်နေ၏။ သို့သော် နောက်ဆုံးတွင် သူက ပြောလိုက်သည်။

“ကိုယ် ဘာအကာအကွယ်မှ မယူလာခဲ့ဘူး။”

သူသည် အမှန်တကယ် ကလေးလိုချင်မိသည်၊ ဖြစ်နိုင်လျှင် သူမနှင့်တူသော သမီးလေးတစ်ယောက်၊ သို့သော် အခုအချိန်တော့ မဟုတ်သေးပေ။ သူ စစ်မြေပြင်ကို သွားတော့မည့် အချိန်မျိုးတွင် မဟုတ်ပေ။ သူသည် လင်းချောင်အား သူမတစ်ယောက်တည်းကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်းနှင့် ကလေးကို တစ်ယောက်တည်း ပြုစုပျိုးထောင်ရခြင်းတို့ကို မလိုလားပေ။

ဤသို့ ဆင်ခြင်တုံတရားဖြင့် ထိန်းချုပ်တတ်ခြင်းသည် သူ၏ ထင်ရှားသော အရည်အချင်းဖြစ်ပြီး လင်းချောင် ပြုံးလိုက်မိသည်။

“ကျွန်မ သိပါတယ်။ တခြား ရည်ရွယ်ချက်လည်း မရှိပါဘူး။”

သူမ ငြင်းပယ်နေသော်လည်း ကျိသော်၏ အမူအရာကတော့ ရပ်တန့်သွားဆဲပင်။

လင်းချောင်၏ အမူအရာက ပြန်လည်၍ အလေးအနက် ဖြစ်လာခဲ့သည်။ “ဒါပေမဲ့ ရှင် မသွားချင်ဘူးဆိုရင် ကျွန်မ မတားပါဘူး။ ဘာကြောင့်လဲဆိုတာ သိလား။”

“ကိုယ်က စစ်မြေပြင်ကို သွားမှာမဟုတ်လို့။” ကျိသော်သည် သူမကို အနည်းငယ် နားလည်သည်။

“ဟုတ်တယ်။” လင်းချောင် သူ့ကို အလေးအနက် ကြည့်လိုက်၏။

“ဒီတစ်ခါ ရှင် ဆုံးဖြတ်ချက်ချပြီးမှ အကြောင်းမကြားဘဲ ကျွန်မနဲ့ အရင် ဆွေးနွေးခဲ့လို့ပဲ။”

သူတို့နှစ်ဦးစလုံးတွင် ကိုယ်ပိုင် စည်းမျဉ်းများ ရှိသည်။ သူမသည် သူ့အတွက် သူမ၏ ပညာရေးကို စွန့်လွှတ်မည် မဟုတ်သလို သူသည်လည်း သူမအတွက် သူ၏ တာဝန်များကို စွန့်လွှတ်မည် မဟုတ်ပေ။

လင်းချောင် လိုချင်သောအရာသည် သူမအတွက် သူ၏ စည်းမျဉ်းများကို စွန့်လွှတ်ရန် မဟုတ်ဘဲ၊ သူ၏ဇနီးအပေါ် လေးစားသော သဘောထားတစ်ခုကိုသာ ဖြစ်သည်။

ဒီတစ်ကြိမ်တွင်ဆိုလျှင် သူသည် ရှေ့တန်းကို သွားရမည်၊ သို့သော် အနည်းဆုံးတော့ သူမနှင့် အရင် ဆွေးနွေးရမည်ကို သိနေခဲ့၏။

သူမ၏ သဘောထား ပျော့ပျောင်းလာခြင်းသည် သူ၏ ချော့မော့မှု သို့မဟုတ် စိတ်လှုပ်ရှားစေသော စကားလုံးများကြောင့် မဟုတ်ဘဲ ကျိသော်၏ သူမထံ လာသည့်အချိန်တွင်ရှိသော ရိုးသားမှု၊ အိမ်ဝယ်ယူရာတွင် သူမအား လေးစားမှုနှင့် သူမနှင့် ကောင်းမွန်စွာ နေထိုင်နိုင်ရန် ခြေတစ်လှမ်းဆုတ်ပြီး သူ့ကိုယ်သူပြောင်းလဲရန် ကြိုးစားလိုစိတ်များကြောင့် ဖြစ်သည်။

“ကျိသော်၊ ဒါက ပူးပေါင်းဆောင်ရွက်တဲ့ အိမ်ထောင်ရေးသက်သက်ဆိုရင် ကျွန်မ ရှင့်ဆီက ဒီအရာတွေကို မတောင်းဆိုပါဘူး၊ ရှင် အစပိုင်းတုန်းက ကျွန်မ ရှင့်ကို မှီခိုဖို့ မျှော်လင့်ခဲ့သလိုမျိုးပေါ့။”

လင်းချောင် မော့ကြည့်ကာ ပထမဆုံးအကြိမ်အဖြစ် ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ ထို့ကြောင့် ကျိသော် အချိန်အကြာကြီး တိတ်ဆိတ်သွားပြီးမှ သူမ၏ ခေါင်းကို လှမ်းထိကာ ပြောလိုက်၏။

“အင်း။”

“ဒါဆိုရင် ဂရုစိုက်ပြီး ပြန်လာခဲ့ပါ။” လင်းချောင်၏ အသံ ပျော့ပျောင်းသွားသည်။ “ရှင့်ရဲ့ စွမ်းဆောင်ရည်ကို စောင့်ကြည့်နေပါ့မယ်။”

ဤစကားသည် စိတ်ပျော့ပျောင်းမှု အချို့နှင့် သူမ၏ ဆင်ခြင်တုံတရားရှိသော အပြင်ပန်းပုံစံအောက်တွင် ကွယ်ဝှက်ထားသော စိုးရိမ်ပူပန်မှု အချို့ကို ထုတ်ဖော်ပြခဲ့သည်။

ကျိသော်၏ သူမဆံပင်ကို ထိနေသော လက်သည် ရပ်တန့်သွားခဲ့ပြီးနောက် သူက သူမ၏ မျက်နှာကို လက်ဖြင့် ပွတ်သပ်ပြီး သူမ၏ နှုတ်ခမ်းကို ပြင်းထန်စွာ နမ်းလိုက်သည်။

“အင်း။”

နောက်တစ်နေ့တွင် ကျိသော်သည် ဗိုလ်မှူးကြီးတင်းကို ရှင်းလင်းသော အဖြေတစ်ခုပေးခဲ့သည်။ သူသည် တိုင်းပြည်၏ စီစဉ်မှုများကို လိုက်နာမည် ဖြစ်ပြီး ရှေ့တန်းသို့ သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

သတင်း ထွက်ပေါ်လာသောအခါ လျိုကွေ့ရင်းက အရင်ဆုံး လင်းချောင်ထံ ဖုန်းခေါ်ဆိုခဲ့သည်။ သူမသည် ချင်တက္ကသိုလ်အနီးရှိ သူမ၏ အိမ်အသစ်သို့ ဆက်သွယ်ပြီး နှစ်သိမ့်စကား ပြောကြားခဲ့သည်။

နောက်တစ်ဦးမှာ ရွှီလီဖြစ်ပြီး သူမသည် ချင်တက္ကသိုလ်သို့ လာရောက်စောင့်ဆိုင်းခဲ့သည်။ “ဒုတိယသားက ဒီကိစ္စကို မင်းနဲ့ ဆွေးနွေးခဲ့သေးလား။”

“ဆွေးနွေးခဲ့ပါတယ်။” လင်းချောင်က ပြောသည်။ “သူ့ရဲ့ ဆုံးဖြတ်ချက်အားလုံးကို ကျွန်မ ထောက်ခံပါတယ်။”

သူ သူမ၏ ပညာသင်ကြားမည့် ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့သလိုပင်။

“ဒါဆို အဆင်ပြေပါပြီ။ သူ ဒီတစ်ခါလည်း သူ့ဘာသာ ဆုံးဖြတ်ချက်ချလိုက်ပြီလားလို့ ထင်မိလိုက်တာ။” ရွှီလီ သက်ပြင်းချကာ လင်းချောင်၏ ပခုံးကို ပွေ့ဖက်ပြီး ကျောကို ပုတ်ပေးလိုက်သည်။

“မိသားစုကို ဂရုမစိုက်တဲ့ ဒုတိယသားလို လူတစ်ယောက်နဲ့ နေရတာ မင်းအတွက် ခက်ခဲပါတယ်။”

ထို့နောက် သူမ နူးညံ့စွာ နှစ်သိမ့်လိုက်၏။ “စစ်ပွဲကြီးတွေက ပြီးသွားပြီ။ အဲ့ဒီမှာက တိုက်ပွဲငယ်လေးတွေပဲ ရှိတော့တာ။ သူ ဘေးကင်းလုံခြုံစွာနဲ့ ပြန်လာပါလိမ့်မယ်။”

သူမသည် လင်းချောင်ကို နှစ်သိမ့်နေခြင်းလား၊ သို့မဟုတ် သူမကိုယ်သူမ နှစ်သိမ့်နေခြင်းလားဆိုသည်မှာ မရှင်းလင်းပေ။ အဘယ်ကြောင့်ဆိုသော် ရှေ့တန်းသို့ သွားရမည့်သူသည် သူမ၏ တစ်ဦးတည်းသော သားဖြစ်နေသောကြောင့်ပင်။

လင်းချောင်သည် ရွှီလီကို ပြန်လည် ပွေ့ဖက်လိုက်ပြီး ပို၍သေချာသော အသံဖြင့်ပြောလိုက်သည်။

“သူ ဘေးကင်းကင်းနဲ့ ပြန်လာပါလိမ့်မယ်။ သူ ကျွန်မကို ကတိပေးထားတယ်။”

ရွှီလီသည် သူမ၏ ဘဝတစ်လျှောက်လုံး ခင်ပွန်းသည်ကို စစ်ပွဲသို့ ပို့ခဲ့ရပြီး ယခုအခါ သူမ၏ သားကိုပါ ထပ်မံ ပို့ရပြန်သည်။ သူမသည် လင်းချောင်ထက် ပို၍ နှစ်သိမ့်မှု လိုအပ်သော်လည်း အရေးကြီးသော အခိုက်အတန့်တွင်တော့ သူမသည် လင်းချောင်ကို ဦးစွာ လာရောက် နှစ်သိမ့်ခဲ့သည်။

အိမ်ဟောင်းသို့ ပြန်ရောက်သောအခါ ကျိမိသားစု၏ အဘိုးကြီးကတော့ တည်ငြိမ်နေ၏။

“စစ်သားတစ်ယောက်အနေနဲ့ မင်း စစ်မြေပြင်ကို သွားဖို့ အမြဲ အသင့်ပြင်ထားရမယ်။”

ထို့နောက် သူသည် သူ၏သားအား စစ်မြေပြင်တွင် သတိထားရမည့် အချက်များစွာကို သေချာပြောပြခဲ့သည်။

“သူ တစ်ညလုံး မအိပ်ဘဲ မီးထွန်းပြီးတော့ စဉ်းစားနေခဲ့တာ။”

ရွှီလီသည် လင်းချောင်ကို တိုးတိုးလေး ပြောပြလိုက်သည်။

“ဒုတိယသား မရှိတုန်း မင်း မကြာခဏ လာလည်ဖို့ကိုလည်း သူ ဆန္ဒရှိနေတယ်။ ဒါမှ မင်း အခက်အခဲ ရှိ၊ မရှိ သိနိုင်မှာလေ။”

ကျိမိသားစု၏ အဘိုးကြီးသည် ဤသို့သော စရိုက်ရှိသူဖြစ်သည်။ သူသည် အားနည်းသူများကို ပိုဂရုစိုက်တတ်ပြီး ပိုကောင်းမွန်စွာ ဆက်ဆံတတ်သည်။

ဤအတောအတွင်း လင်းချောင် ပြန်လာတိုင်း စားပွဲပေါ်တွင် သူမ ကြိုက်သော ဟင်းပွဲများ ရှိနေခဲ့သည်။ အဘိုးကြီးသည် သူမကို ကြင်နာစွာ စကားပြောပြီး ချော့မော့နေသကဲ့သို့ ဖြစ်နေသောကြောင့် သူမသည် သူ ကျိလင်ကို စကားပြောနေသည်ဟုပင် အကြိမ်များစွာ ထင်မှတ်ခဲ့မိသေးသည်။

နောက်ဆုံးတွင်တော့ ရွှီလီက မခံနိုင်တော့ဘဲ ဝင်ပြောလိုက်၏။ “တော်ပြီ၊ ကလေးက ထမင်းလာစားတာ၊ ရှင့်ရဲ့ ဆုံးမစကားတွေကို နားထောင်ဖို့ လာတာ မဟုတ်ဘူး။”

ကျိမိသားစု၏ အဘိုးကြီးသည် ခေါင်းလှည့်လိုက်ပြီး လင်းချောင်ကို မြင်သောအခါ လေသံ ပျော့ပျောင်းသွားတော့သည်။ “ဒါဆိုရင် အရင်ဆုံး စားကြရအောင်။”

ဒီ ထမင်းတစ်နပ်စားချိန်အတွက် သူတို့သည် ယဲ့မင်ရှုးရော ကျိလင်ကိုပါ မခေါ်ခဲ့ကြပေ။ သတင်းကြားသိရသော ကျိဇယ် တစ်ဦးတည်းကသာ သူ၏ဦးလေးကို ပို့ဆောင်ပေးရန် ပြန်လာခဲ့သည်။ သူ ပြန်လာခဲ့သည့်တိုင် စကားများများ မပြောခဲ့ဘဲ စိတ်အခြေအနေလည်း မကောင်းနေခဲ့ပေ။ ထမင်းစားနေစဉ်အတွင်းတွင်လည်း သူသည် ကျိသော်နှင့် လင်းချောင်တို့ကို မကြည့်ခဲ့ပေ။

ထမင်းစားပြီးနောက် သူ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ ကျိသော်သည် ဆေးလိပ်သောက်ရန် အကြောင်းပြပြီး သူ၏အနောက်မှလိုက်ကာ ခြံဝင်းထဲသို့ သွားခဲ့လိုက်သည်။

“ခုထိ လက်မလွှတ်နိုင်သေးဘူးလား။”

ညင်သာစွာ ပြောခဲ့သော်လည်း ဤမေးခွန်းသည် ကျိဇယ်ကို ထိတ်လန့်သွားစေခဲ့ပြီး သူ၏မျက်နှာ ဖြူဖျော့သွားတော့သည်။ သူသည် သူ၏ဦးလေးကို ကြည့်ပြီး စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

“‘လက်လွှတ်တယ်’ ဆိုတာက ဘာကို ဆိုလိုတာလဲ။ ကျွန်တော်က စစ်တပ်ကနေ ပြောင်းရွှေ့လိုက်ပြီလေ။”

ကျိသော်၏ အကြည့်သည် သူ့နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်နေသလိုပင်။

“ငါ ဘာကို ဆိုလိုတာလဲဆိုတာ မင်း သိပါတယ်။”

မူလက သူ ဒီကိစ္စကို ထုတ်မပြောချင်ခဲ့သော်လည်း ယခု သူ ရှေ့တန်းကို သွားရတော့မည်ဖြစ်ပြီး ဘယ်အချိန် ပြန်လာရမည်ကို မသိသောကြောင့် အချို့အရာများကို ဖြေရှင်းမှရမည်။

ကျိဇယ်သည် သူကိုယ်တိုင်ပင် အစက သဘောမပေါက်ခဲ့သော်လည်း သဘောတူထားသော လက်ထပ်ထိမ်းမြားမှုနှင့် ပတ်သက်၍ နောင်တရနေခဲ့သည်။ လင်းချောင်သည် ထူးချွန်ပြီး အထူးခြားဆုံးသူဖြစ်ကြောင်း စာကြည့်ခန်းထဲတွင် ဝန်ခံခဲ့ခြင်းမှစ၍ စက်ရုံဖဲကြိုးဖြတ်ပွဲများသို့ သူမကို ထပ်ခါတလဲလဲ ဖိတ်ကြားခြင်းအထိ၊ စီးပွားရေး လိုင်စင် လျှောက်ထားသည့်အခါတွင်လည်း “မုဇီ” ဟူသော နာမည်ကိုပင် ထိန်းသိမ်းထားခဲ့သည်။ သူ မငြင်းနိုင်ခဲ့ပေ။

လူငယ်တစ်ဦးသည် ဤသို့ ထူးချွန်ပြီး ထူးခြားသည့် မိန်းကလေးမျိုးနှင့် ရှားရှားပါးပါး တွေ့ဆုံခဲ့ရပြီး၊ မူလက သူနှင့်စေ့စပ်ထားသူ ဖြစ်ခဲ့သော်လည်း တခြားတစ်ယောက်နှင့် လက်ထပ်သွားခဲ့သည်။ သူသာ မငြင်းခဲ့မိလျှင် ဘယ်လိုဖြစ်သွားမလဲဆိုသည်ကို သူ မတွေးဘဲ မနေနိုင်ခဲ့ပေ။ ဤအရာသည် ချစ်ခြင်းမေတ္တာ မဟုတ်သော်လည်း ဤအတွေးကတော့ ခါးသီးတဲ့ အရသာကို ချန်ထားနိုင်ခဲ့သည်။

ကျိဇယ် ဒါကို သိနေသော်လည်း ဝန်ခံမည်တော့ မဟုတ်ပေ။

“ဦးလေးက အတွေးလွန်နေတာပါ။ ကျွန်တော်က အခုတလော ကောင်းကောင်း မအိပ်ရလို့ပါ။”

ဒါက အမှန်ဖြစ်သည်။ သူ၏ မျက်လုံးအောက်က ညိုမဲနေတဲ့အတွက် ကောင်းကောင်း မအိပ်ရသည်မှာ မှန်၏။

သို့သော် သူ အိပ်မပျော်ရခြင်း၏ အကြောင်းရင်းကတော့…

ကျိဇယ် ဘာဖြစ်နေမှန်း မသိသော်လည်း သူ လင်းချောင်နှင့် လက်ထပ်ခဲ့သည်ဟူသောအိပ်မက်ကို ထပ်ခါတလဲလဲ မက်နေခဲ့ပြီး နိုးလာသောအခါ အသေးစိတ်အချက်အလက်များကို မေ့သွားခဲ့သည်။ ဒီလိုမျိုး ဆက်တိုက် ဖြစ်ပေါ်နေခြင်းက သူ၏နောင်တကို ပိုသေချာစေလာပြီး လင်းချောင်နှင့် ကျိသော်ကို မြင်တိုင်း သူ့ကိုယ်သူ အပြစ်ရှိသလို ခံစားမိနေခဲ့သည်။

“ငါ အတွေးလွန်နေတာဆိုရင် အကောင်းဆုံးပဲ။”

ကျိသော်၏ စူးရှသော မျက်ဝန်းနက်များက သူ့ကို အချိန်အကြာကြီး စိုက်ကြည့်ပြီးနောက် နောက်ဆုံးတွင် အကြည့်လွှဲသွားခဲ့သည်။

ကျိဇယ် ဆက်မနေရဲတော့ဘဲ ထွက်သွားလိုက်၏။

“ဘေးကင်းကင်းနဲ့ ပြန်လာခဲ့ပါ။”

All Chapters