← Chapters

အခန်း (၁၂၇)

Vol. 11 Ch. 127

အခန်း (၁၂၇)

Vol. 11 Ch. 127

ကျိသော်သည် မထွက်ခွာမီည၌ ချင်တက္ကသိုလ်အနီးရှိ ခြံဝင်းငယ်လေးတွင် နေခဲ့ပြီး နောက်တစ်နေ့မနက်တွင် လင်းချောင်ကို ကျောင်းသို့ ကိုယ်တိုင် ပို့ပေးခဲ့သည်။

“မင်း ဒီမှာ အလုပ်ရှုပ်နေတာပဲ။ ကိုယ့်ကို လိုက်ပို့စရာ မလိုပါဘူး။”

လင်းချောင် ခေါင်းညိတ်လိုက်သည်။

“ကိုယ် အဲ့ဒီကနေ စာတွေ ပို့ပေးလိုက်မယ်၊ စိတ်မပူနေနဲ့နော်။”

လင်းချောင် ခေါင်းညိတ်လိုက်ပြန်သည်။

“တစ်ခုခု လိုအပ်တာရှိရင် ကိုယ့်မိဘတွေကို ဖုန်းခေါ်ပါ၊ အသံတိတ်ပြီးမနေပါနဲ့။”

လင်းချောင် အခုထိ ခေါင်းညိတ်နေဆဲပင်။

ကျိသော်တွင် ပြောစရာ ဘာမှမကျန်တော့ပေ။

“မင်း ကိုယ့်ကို ပြောစရာမရှိဘူးလား။”

“ရှိပါတယ်။”

လင်းချောင် သူ့ကို မော့ကြည့်လိုက်၏။

“ရှင့်ကတိကို မမေ့ပါနဲ့။ ရှင့်ရဲ့ စွမ်းဆောင်ရည်ကို ကျွန်မ စောင့်ကြည့်နေပါ့မယ်။”

ဒီတစ်ကြိမ်တွင်တော့ ကျိသော်သည် ရှေ့တိုးပြီး သူမကို ပွေ့ဖက်လိုက်သည်။ ပတ်ဝန်းကျင်တွင် ဘယ်သူရှိနေသလဲဆိုသည်ကို ဂရုမစိုက်ခဲ့ပေ။

“ကောင်းပါပြီ။”

ပွေ့ဖက်ပြီးနောက် သူ အနည်းငယ် နောက်သို့ဆုတ်ကာ ထွက်ခွာရန် ပြင်လိုက်သော်လည်း ကျောင်းတံခါးဝမှ ကျောပိုးအိတ်လွယ်ထားသော မက်မွန်ပွင့်မျက်လုံးပိုင်ရှင် ရင်းနှီးနေသော ကောင်လေးတစ်ဦး လမ်းလျှောက်ဝင်လာသည်ကို မြင်လိုက်ရ၏။

ကျိသော် မျက်မှောင်ကြုတ်မိလိုက်သည်။ “သူ ဘာလို့ ဒီကို ရောက်နေတာလဲ။”

“အကြောင်းကြားစာက အခုလေးတင် ရောက်လာတာ။ သူက ချင်တက္ကသိုလ် ရဲ့ ဓာတုအင်ဂျင်နီယာဌာနကို ဝင်ခွင့်ရခဲ့တယ်။ ကျောင်းကို လာကြည့်တာ ဖြစ်မယ်။” လင်းချောင်က ပြောလိုက်သည်။

ကျိသော် - “…”

ချီဟွိုင်ဝမ်သည် ချင်တက္ကသိုလ်သို့ ဝင်ခွင့်ရခဲ့သည်။ သူနှင့် လီရှောင်ချို့အပါအဝင် ဒီနှစ် သူတို့ကျောင်းတွင် ချင်နှင့် ပီကင်းတက္ကသိုလ်သို့ ဝင်ခွင့်ရသည့် ကျောင်းသားခြောက်ဦး ရှိခဲ့ပြီး စာပေဘက်မှနှစ်ဦးနှင့် သိပ္ပံဘက်မှ လေးဦးဖြစ်သည်။ သိပ္ပံကျောင်းသား လေးဦးအနက် နှစ်ဦးသည် လင်းချောင်၏ အတန်းမှဖြစ်ပြီး ကျန်နှစ်ဦးမှာ အတန်းသုံးနှင့် အတန်းနှစ်မှ ဖြစ်သည်။

ဝင်ခွင့် အကြောင်းကြားစာများ ကျောင်းသို့ ရောက်ရှိလာသောအခါ ဒုကျောင်းအုပ်ချီသည် ဂုဏ်ပြုဆိုင်းဘုတ်ပေါ်တွင် ဓာတ်ပုံများကပ်ရင်း အလုပ်များနေခဲ့သည်။

“ဒီနှစ် အတော်အောင်မြင်မှုများတာပဲ။”

ကျောင်းအုပ်ကြီးကျန့်က သူ ဓာတ်ပုံများ ကပ်နေသည်ကို ကြည့်ရင်း ပြောလိုက်သည်။

“အမှန်ပါပဲ။”

ဒုကျောင်းအုပ်ချီက ထိုသို့ပြောပြီး ချီဟွိုင်ဝမ်၏ ဓာတ်ပုံကို ကပ်ပြီးသည်နှင့် သူ၏ဓာတ်ပုံကို ပြုံးရွှင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။

“ချင်နဲ့ ပီကင်းတက္ကသိုလ််ကို ဝင်ခွင့်ရသူ နှစ်ဦးထက်ပိုရုံတင်မကဘဲ၊ အောင်မြင်မှူနှုန်းကလည်း ပြီးခဲ့တဲ့နှစ်ထက် ပိုများတယ်၊ အထူးသဖြင့် လင်းချောင်ရဲ့ အတန်းပေါ့။”

သူ ပြောစရာ မလိုဘဲ၊ ပြီးခဲ့သည့်နှစ်ထက် ပိုရှည်လျားနေသော ဂုဏ်ပြုဆိုင်းဘုတ်က သူ့ဘာသာသူ ဖော်ပြနေခဲ့သည်။

“ဟွိုင်ဝမ်မှာ ထိုင်ခုံဖော်တစ်ယောက် ရှိတယ်လို့ မှတ်မိတယ်။”

“လျန်ကျွင်းကို ပြောတာလား။ သူ ဝင်ခွင့်မရခဲ့ပါဘူး၊ ဒါပေမဲ့ နီးစပ်ခဲ့တာမို့လို့ စာပြန်လုပ်ဖို့ ပြင်ဆင်နေပါတယ်။”

ဒီလို ရမှတ်အဆင့်နိမ့်ခဲ့သည့် ကျောင်းသားတစ်ဦးအတွက် ကောလိပ်ဝင်ခွင့်စာမေးပွဲအထိ ရောက်ခဲ့ပြီး အမှတ်အနည်းငယ်သာ လိုခဲ့သည်က အံ့သြစရာပင်။

ကျောင်းအုပ်ကြီးကျန့် သက်ပြင်းချသည်။ “ရှောင်လင်းက ဆရာမကောင်းတစ်ယောက်ပဲ။”

“ပြီးတော့ အနာဂတ်မှာလည်း ပါမောက္ခနဲ့ သိပ္ပံပညာရှင်ကောင်းတစ်ယောက် ဖြစ်လာမဲ့သူပါ။”

“ဟုတ်တယ်၊သိပ္ပံပညာရှင်ကောင်းတစ်ယောက်။”

အနာဂတ်၏ သိပ္ပံပညာရှင်ကောင်းဖြစ်သော လင်းချောင်သည် သူမ၏ ကျောင်း တရားဝင် စတင်ဖွင့်လှစ်ပြီးစအချိန်တွင် ကျိသော်၏စာကို ရခဲ့သည်။

တကယ်တော့ ဒါက ဘွဲ့ကြိုကျောင်းသားများအတွက် စတင်ခြင်းဖြစ်ပြီး လင်းချောင်သည် ဒီနှစ်၏ဘွဲ့လွန်ကျောင်းသူအဖြစ် ဝင်ခွင့်ရသော တစ်ဦးတည်းသောသူ ဖြစ်သည်။

ထိုစကားနည်းခဲ့သူသည် စာထဲတွင် အတော်များများ ရေးထား၏။ စာအိတ်ထဲတွင် ထိုဒေသမှ သစ်ရွက်တစ်ရွက်ကိုလည်း ထည့်ပေးထားသည်။ လင်းချောင်သည် ပေါ့ပေါ့ပါးပါးဖြင့် စာညှပ်တစ်ခု ပြုလုပ်လိုက်ပြီး သူမ မကြာခဏ ဖတ်သော စာအုပ်ထဲတွင် ထည့်ထားလိုက်သည်။

ဒုတိယစာသည် သုံးလကြာပြီးနောက် ရောက်ရှိလာပြီး ယန်ဒူမြို့တွင် ပထမဆုံး နှင်းကျချိန်ဖြစ်သည်။ လင်းချောင်သည် အတွေ့အကြုံ မရှိသေးသော လက်ထောက်တစ်ဦးအဖြစ်မှ တရားဝင် စမ်းသပ်မှုများ ပြုလုပ်ရသူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သူမသည် ဓာတ်ခွဲခန်းထဲတွင် နေ့တိုင်း အချက်အလက်များ မှတ်တမ်းတင်နေရင်း အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီးနောက် နဝမမြောက် စာကို လက်ခံရရှိခဲ့သည်။

“အားလုံးပဲ၊ နည်းနည်းလည်း ပိုကြိုးစားရအောင်။ အပူချိန်မြင့်မားမှု ဒဏ်ခံနိုင်ရည် စမ်းသပ်မှုနှစ်ခုနဲ့ ဓာတုပျက်စီးမှုကို ခံနိုင်ရည်ရှိတဲ့ စမ်းသပ်မှု နှစ်ခု ထပ်လုပ်ရမယ်၊ ဒါဆိုရင် တခြား အချက်အလက်တွေက စံနှုန်းကို ပြည့်မီသွားလိမ့်မယ်။”

ဓာတ်ခွဲခန်းထဲတွင် ကျန်းချန်နင်သည် သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူ့နှင့်အတူ သုတေသနပြုနေကြသော လက်ထောက်များနှင့် ကျောင်းသားများလည်း ယခုအခါ ပြုံးနေကြ၏။

နှစ်နှစ်ကြာသည်အထိ၊ နေ့ရောညပါ အကြိမ်ရှစ်ရာကျော်ကြာ ထပ်ခါတလဲလဲ စမ်းသပ်မှုများပြုလုပ်ခဲ့ပြီးနောက် နောက်ဆုံးတွင် ရလဒ် ထွက်ပေါ်လာခဲ့လေပြီ။

တစ်ယောက်က နဖူးမှ ချွေးများကို သုတ်လိုက်ပြီး ကျန်းချန်နင်ကို မေးလိုက်၏။

“ဒီသုတေသနပြီးရင် ဆရာ ကျွန်တော်တို့ကို ထမင်းဝယ်ကျွေးမှာလား။”

“အင်း”ကျန်းချန်နင်က ပြောလိုက်၏။ “ထမင်းစားဆောင်မှာပေါ့။”

အားလုံး စိတ်ပျက်သွားကြတော့၏။ သို့သော် သုတေသနမှလွဲ၍ ထိုသူသည် အစားအသောက်နှင့် အဝတ်အစားကို ဂရုမစိုက်သူဖြစ်သည်။ မကြာခဏဆိုသလို ရက်ပေါင်းများစွာ မုတ်ဆိတ်မရိတ်ဘဲ နေတတ်သလိူ သူတို့ကို ထမင်းစားဆောင်တွင် လိုက်ကျွေးမည်ဆိုသည်ကလည်း အမှန်ပင်။

အရာအားလုံး ပြီးဆုံးသွားပြီးနောက် လင်းချောင်သည် ပုံမှန်အတိုင်း ပစ္စည်းကိရိယာများကို စစ်ဆေးရန်နှင့် ဓာတ်ခွဲခန်းကို သန့်ရှင်းရန် ကျန်နေခဲ့သည်။

ဒီနှစ်တွင် သူမသည် ဘွဲ့လွန်ကျောင်း၏ တတိယနှစ်သို့တက်ရောက်ပြီးပြီဖြစ်ရာ အကြီးတန်းကျောင်းသူတစ်ဦး ဖြစ်နေပြီဆိုသော်လည်း ယခင်ကကဲ့သ်ို့ စေ့စပ်သေချာစွာ လုပ်ကိုင်နေဆဲပင်။

ဒါကို မြင်တော့ ကျန်းချန်နင်က သူမကို ပြောလိုက်၏။ “စာတမ်း ရေးတဲ့အခါ သုတေသနအဖွဲ့မှာ မင်းနာမည်ကို ဒုတိယနေရာ ထည့်ပေးမယ်။”

လင်းချောင် အနည်းငယ် အံ့အားသင့်သော်လည်း လုံးဝတော့ မဟုတ်ပေ။

သူတို့သည် အာကာသနှင့် သက်ဆိုင်သော ကပ်ခွာအခြေခံ ကာဗွန်ဖိုင်ဘာကို သုတေသနပြုနေကြသည်။ ၎င်းကို ဒုံးပျံများအတွက် “အကာအကွယ်ဝတ်စုံ” ဟုလည်း လူသိများပြီး ဒုံးပျံ၏ တိကျမှန်ကန်မှုကို မြှင့်တင်ပေးသည့် အရေးကြီးသော အပေါ်ယံလွှာ ပစ္စည်းဖြစ်သည်။

၎င်းကို သဘာဝ ဖိုင်ဘာများမှ ပြုလုပ်ထားပြီး ဦးစွာ အပူချိန်နိမ့်အောက်တွင် ပြင်ဆင်ကာ၊အောက်ဆီဂျင်မပါသော ဓာတ်ငွေ့ဖြင့် အပူချိန်မြင့်မားစွာ ပြုပြင်ခဲ့ကြရသည်။ သူမ၏ အရင်ဘဝတွင် ဒီအရာနှင့် ကြုံတွေ့ဖူးသောကြောင့် သုတေသန လုပ်ငန်းစဉ်အတွင်း အောက်ဆီဂျင်မပါသော ဓာတ်ငွေ့များ ရွေးချယ်မှုနှင့် အပူချိန် ရွေးချယ်မှုများ အပါအဝင် အပြုသဘောဆောင်သော အကြံပြုချက်များကို ပေးနိုင်ခဲ့သည်။

လင်းချောင် ခေါင်းညိတ်ပြီး နာရီကို ကြည့်လိုက်၏။ “ဆရာ ဆေးသောက်ရမဲ့ အချိန်ရောက်ပြီ။”

ကျန်းချန်နင် ရပ်တန့်သွားပြီး သူ၏အိတ်ကပ်ထဲမှ ဆေးကိုထုတ်ကာ ရေနွေးဘူးထဲမှ ရေကို ငှဲ့ယူလိုက်သည်။ အတော်လေး ဆေးမသောက်ချင်သော ပုံနှင့်ဖြစ်သည်။

သူ အလုပ်များနေသောအခါ မကြာခဏ စားသောက်ရန်မေ့တတ်သောကြောင့် အစာအိမ်ပြဿနာများ ဖြစ်လာခဲ့သည်။ သူသည် ဆေးသောက်ရခြင်းကို မကြိုက်သောကြောင့် မကြာသေးမီက ဓာတ်ခွဲခန်းထဲတွင် မူးလဲကျသည်အထိ ဆိုးရွားလာခဲ့သည်။ ဆေးရုံတွင် စစ်ဆေးကြည့်ရာ အစာအိမ်သွေးယိုခြင်းနှင့် နီးစပ်နေကြောင်း တွေ့ရှိရသောကြောင့် လင်းချောင်သည် သူ၏ ဆေးသောက်ခြင်းကို စောင့်ကြည့်နေခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က သူ၏ဇနီးဖြစ်သူသည် ကျောင်းသို့ လာရောက်ပြီး သူ့ကို ဂရုစိုက်ပေးသည့်အတွက် လင်းချောင်ကို ကျေးဇူးတင်စကား ပြောခဲ့သည်။

ကျန်းချန်နင်သည် ခေါင်းမာသူဖြစ်သည်။ သူသည် ကျောင်းသားများ၏ စကားကိုသာ နားထောင်ပြီး သူတို့ကို ငြင်းဆန်ရန် ရှက်ရွံ့နေသော်လည်း အိမ်မှ လူတိုင်းကိုတော့ လျစ်လျူရှုထားသည်။

သူ ဆေးသောက်သည်ကို ကြည့်ပြီးနောက် လင်းချောင်သည် ဓာတ်ခွဲခန်းဝတ်စုံကို ချွတ်လိုက်ပြီး ခုနကမှရရှိထားသော စာကို ကောက်ယူလိုက်သည်။

“မင်းခင်ပွန်း ပြန်မလာသေးဘူးလား။” ကျန်းချန်နင် မေးလိုက်၏။

သူသည် လင်းချောင် လက်ထပ်ပြီးကြောင်း သိထားသော်လည်း သူမသည် တခြားသူများထက် ဓာတ်ခွဲခန်းတွင် အချိန်ပိုကုန်နေတတ်ပြီး အိမ်သို့ ပြန်ခဲသူဖြစ်သည်။

ထို့နောက်မှသာ ယန်မောက်ရှန်မှတစ်ဆင့် သူမသည် စစ်သားဇနီးတစ်ဦးဖြစ်ပြီး သူမ၏ ခင်ပွန်းသည်လည်း ရှေ့တန်းတွင် တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်နေကြောင်း သိရှိခဲ့ရသည်။

“သူ မကြာခင် ပြန်လာတော့မယ်လို့တော့ ပြောပါတယ်။ ဒါပေမဲ့ အချိန်အတိအကျကိုတော့ ကျွန်မ မသိဘူး။” လင်းချောင် ပြုံးလိုက်ပြီး သူမ၏ ဆရာကို နှုတ်ဆက်လိုက်သည်။

ဓာတ်ခွဲခန်းမှ ထွက်ခွာပြီးနောက် မကြာမီတွင် သူမသည် ရှေ့မှလူတစ်ဦး လမ်းညွှန်မေးမြန်းနေသည်ကို ကြားလိုက်ရသည်။

“ရဲဘော်၊ပါမောက္ခ ယန်မောက်ရှန်ရဲ့ ရုံးခန်းက ဘယ်မှာလဲ။”

ထိုအသံသည် ရင်းနှီးပုံရပြီး သူမသည် အလိုအလျောက် မော့ကြည့်လိုက်ရာ နေရာတွင် ငြိမ်သက်သွားခဲ့ရသည်။

မေးနေသူက သူမကို တစ်ချက်ကြည့်လိုက်ပြီး ထိုသူသည်လည်း ငြိမ်သက်သွားခဲ့၏။

“ချောင်ချောင်။”

လင်းဝေ့သည် စာတစ်စောင်ထားခဲ့ကယ အိမ်မှထွက်သွားပြီးနောက် သုံးနှစ်ကျော်ကြာသည်အထိ လင်းချောင် သူ့ကို မတွေ့ခဲ့ရပေ။

လင်းချောင် ကျိသော်နောက်လိုက်ပြီး ယန်ဒူကို ရောက်လာခဲ့ကတည်းက လင်းဝေ့လည်း သူမကို မတွေ့ခဲ့ရတော့ဘဲ ဒီနေရာတွင် ပြန်ဆုံမိလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။

အတော်ကြာ ငြိမ်သက်နေပြီးနောက် လင်းချောင် သတိပြန်ဝင်လာကာ သူ့ကို တစ်ကိုယ်လုံး အစအဆုံး ကြည့်လိုက်သည်။

"အခြေအနေကောင်းနေပုံပဲနော်။"

တကယ်တော့ လင်းဝေ့သည် ရုပ်ရည်ချောမောသူတစ်ဦး ဖြစ်သည်။ သို့သော် လယ်ယာလုပ်ငန်းကြောင့် သူ၏ အသားအရေ ညိုမည်းကြမ်းတမ်းနေခဲ့ပြီး၊ အဝတ်အစားကိုလည်း ဆင်းရဲစွာ ဝတ်ဆင်ခဲ့ရသောကြောင့် အမြဲတမ်း တောဆန်သည့်ပုံစံသာ ဖြစ်နေခဲ့သည်။ သို့ရာတွင် ယခုတော့ သူသည် သေသေသပ်သပ် ဝတ်ဆင်ထားပြီး အသားအရေသည်လည်း ဖြူဝင်းလာကာ အိမ်မှထွက်သွားစဉ်ကထက် ပိုပြီး နုပျိုနေ၏။

လင်းချောင်၏ စကားကိုကြားတော့ သူက အလိုလို ခေါင်းကုတ်လိုက်ပြီး ပြောခဲ့သည်။ "မဆိုးပါဘူး။"

ထို့နောက် သူက လင်းချောင်ကို ပြန်မေးလိုက်၏။ "မင်းကရော။ ဒီမှာ ဘာလုပ်နေတာလဲ။ ဒီနှစ်တွေအတွင်း အဆင်ပြေရဲ့လား။"

"မေးခွန်းတွေက များလိုက်တာ။ ဘယ်ဟာကို အရင်ဖြေရမလဲ။" လင်းချောင် မနေနိုင်ဘဲ ရယ်မောလိုက်၏။

လင်းဝေ့လည်း ရယ်မောပြီး ပြောလိုက်သည်။ "မင်းကို မြင်ရလို့ ပျော်သွားတာနဲ့ မေးမိတာပါ။"

ဒီအပြုံးက သူ၏ ယခင်ပုံစံဟောင်းကို ပြန်သတိရမိစေခဲ့ပြီး နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့သည့်နောက် ပထမဦးဆုံးအနေနှင့် ခံစားခဲ့ရသည့် ထူးဆန်းမှုများကလည်း သိသိသာသာ လျော့ပါးသွားခဲ့သည်။

လင်းချောင်က ပြုံးပြီး ပြောလိုက်၏။ "ညီမ အဆင်ပြေပါတယ်။ ဒီမှာ မဟာဘွဲ့အတွက် စာသင်နေတာ။"

"မဟာဘွဲ့!"လင်းဝေ့၏ မျက်လုံးများ ပြူးကျယ်သွား၏။

တစ်ခုခုကို စဉ်းစားမိသွားပုံရပြီး သူ၏မျက်နှာအမူအရာက မှေးမှိန်ကာ အပြစ်ရှိသလို ဖြစ်သွားခဲ့သည်။ "ကောင်းပါတယ်။ မင်းက ကျောင်းတုန်းကလည်း အမြဲတမ်း စာတော်ခဲ့တာပဲ။"

လင်းချောင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ မဖြေဖြစ်ခဲ့သည်မှာ သူမ မတတ်နိုင်သောကြောင့် မဟုတ်ဘဲ မိသားစုက ခွင့်မပြုသောကြောင့်ဖြစ်သည်။ ထိုအချိန်တုန်းက သူတို့အဘွားရဲ့ ကျန်းမာရေးသည်လည်း ဆိုးရွားနေပြီး သူမအနေနှင့် စောင့်ရှောက်ပေးရန် လိုအပ်ခဲ့သည်။

အချို့ကိစ္စများသည် သူ့ထိန်းချုပ်မှုအောက်တွင် မရှိနေခဲသောကြောင့် လင်းချောင်လည်း ဒီအကြောင်းကို ဆက်မပြောတော့ပေ။

"အစ်ကို၊ အစ်ကိုက ပါမောက္ခယန်ကို ရှာနေတာလား။"

"ပါမောက္ခယန်က ငါ့ကို ရှာတာပါ။" လင်းဝေ့က ရှက်ပြုံးပြုံးပြီး ပြောလိုက်၏။

"ငါက မြေသြဇာစက်ရုံမှာ နည်းပညာရှင်အဖြစ် အလုပ်လုပ်နေတာ၊ မကြာသေးခင်က မြေသြဇာဖော်မြူလာတစ်ခုကို နည်းနည်းလေး ပြုပြင်မွမ်းမံခဲ့တာကို ပါမောက္ခယန်က သိသွားတယ်လေ။"

"ဓာတ်မြေသြဇာ ဖော်မြူလာကို ပြုပြင်ခဲ့တာလား။"

လင်းချောင်က သူ့ကို သူစိမ်းတစ်ယောက်ကို မြင်ရသည့်နှယ် ပြုံးပြီး ကြည့်လိုက်သည်။

သူမ၏ တုံ့ပြန်မှုက လင်းဝေ့ကို စိတ်မသက်မသာ ဖြစ်စေခဲ့၏။

"ဒါက ကိစ္စသေးသေးလေးပါပဲ။ မင်းလို ချင်တက္ကသိုလ်မှာ မဟာဘွဲ့ သင်ယူနေတာမျိုး မဟုတ်ပါဘူး။"

"အရင်ဆုံး အစ်ကို လာရင်းကိစ္စကို ပြီးအောင်လုပ်လေ၊ ပြီးမှ ကျွန်မတို့ စကားပြောကြတာပေါ့။"

လင်းချောင်က ထိုသို့ပြောပြီး သူ့ကို ယန်မောက်ရှန်၏ ရုံးခန်းရှိရာသို့ လမ်းပြခေါ်သွားခဲ့သည်။

သို့သော်လည်း ပါမောက္ခယန်မောက်ရှန်ကတော့ စမ်းသပ်ကွင်းကို သွားနေပြီး နေ့လယ်မှသာ ပြန်ရောက်မည်ဖြစ်သည်။

"ဒါဆိုရင်လည်း နေ့လယ်မှ ပြန်လာခဲ့ပါ့မယ်။"

လင်းဝေ့က ထိုသို့ပြောခဲ့ပြီး သိပ်စိတ်ပျက်ပုံတော့ မရပေ။

လင်းချောင်လည်း စမ်းသပ်ကွင်း၏ တည်နေရာကို မသိထားခဲ့သောကြောင့် ပြောလိုက်၏။ "အရင်ဆုံး ထမင်းစားကြရအောင်။ အနီးအနားက စားသောက်ဆိုင်အသစ်မှာ ကျွန်မလိုက်ကျွေးပါ့မယ်။"

သူတို့ နှစ်ယောက် အပြင်သို့လျှောက်လာကြရင်း လင်းဝေ့က တစ်ခုခုကို သတိရသွားပြီး မေးလိုက်၏။ "ဒါနဲ့ မင်း ဒီမှာ ကျောင်းတက်နေတယ်ဆိုတော့ ကျိ... ကျိ.."

သူနှင့် တစ်ခါတည်းသာ တွေ့ဖူးခဲ့သောကြောင့် နာမည်ကို မမှတ်မိနိုင်ခဲ့သည်မှာ ထင်ရှားသည်။

ထိုအချိန်တုန်းက လင်းချောင်တင်မကဘဲ မိသားစုထဲမှ လူတိုင်းက ကျိသော်ကို သူမ၏ ငယ်စဉ်ကတည်းက စေ့စပ်ထားခဲ့သူဟု ထင်ခဲ့ကြသည်။ လှည့်ကွက်များစွာနှင့် နောက်ဆုံးတွင်တော့ သူမ တကယ်ပဲ ကျိသော်နှင့် လက်ထပ်ဖြစ်ခဲ့သည်။

"ကျိသော်ပါ။" လင်းချောင်က ပြုံးပြီး သူ့အတွက် နာမည်ကို ဖြည့်ပြောပေးလိုက်သည်။ "သူက သူ့ရဲ့စစ်တပ်နဲ့အတူ၊ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတယ်။"

"ရှေ့တန်းမှာလား?"

လင်းဝေ့ အံ့သြသွားပြီးနောက် စိုးရိမ်ပူပန်သည့် အရိပ်အယောင်များ ပေါ်လာတော့၏။

လင်းချောင်က စာတစ်စောင်ကို ထုတ်ပြရင်း ပြောလိုက်သည်။ "စိတ်မပူပါနဲ့၊ သူ မကြာခင်ပြန်လာတော့မှာပါ။ သူက ရှေ့တန်းကနေ သုံးလတစ်ခါ စာပို့လေ့ရှိတယ်လေ။"

လင်းဝေ့လည်း စိတ်သက်သာရာ ရသွားတော့သည်။

သူတို့သွားခဲ့သည့် စားသောက်ဆိုင်က ကျောင်းအနီးမှ လမ်းကျဉ်းလေးတစ်ခုတွင်ရှိပြီး အဓိကအားဖြင့် ကျောင်းသားများကိုသာ ရောင်းချသည့် ဆိုင်လေးဖြစ်သည်။ လင်းချောင်သည် ဒီဆိုင်၏ ပုံမှန်စားသုံးသူ ဖြစ်ပုံရပြီး ဆိုင်ပိုင်ရှင်များနှင့်လည်း ရင်းနှီးပုံရ၏။

ထိုင်ပြီး အစားအသောက်များ မှာယူလိုက်ပြီးနောက် လင်းချောင်သည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း လင်းဝေ့ ဘယ်နေရာသို့ ရောက်နေခဲ့သလဲ ဆိုသည်ကို စတင်မေးမြန်းလိုက်သည်။

"အနီးအနားက ပြည်နယ်တစ်ခုမှာ နေခဲ့တာပါ။" လင်းဝေ့က ပြောလိုက်သည်။ "ပထမတစ်နှစ်ကတော့ ခက်ခဲခဲ့တာပေါ့၊ လအတော်ကြာအောင် တံတားအောက်မှာပဲ အိပ်ခဲ့ရတယ်လေ။"

အိမ်ထောင်စုစာရင်းမပါ၊ ထောက်ခံစာမပါ၊ ပိုက်ဆံကလည်း အနည်းငယ်သာ ပါသွားခဲ့သည်ဖြစ်၍ အိမ်ခြေယာမဲ့များနှင့်အတူ တံတားအောက်တွင်သာ အိပ်ခဲ့ရသည်။

"နောက်မှ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ လနည်းနည်းလောက် အလုပ်ဝင်လုပ်ခဲ့ပြီး နောက်ဆုံးတော့ ပိုက်ဆံတချို့ စုမိလာတယ်လေ။ ပုံမှန် အလုပ်လုပ်တဲ့သူဆိုပြီး အလုပ်သမားခေါင်းဆောင်က နောက်အလုပ်တစ်ခုကို မိတ်ဆက်ပေးခဲ့တယ်။"

အထောက်အထားမရှိသူ တစ်ယောက်အနေနှင့် နေစရာရှာရခက်သည့်အတွက် ဒါက အလုပ်တစ်ခုထက် နေစရာတစ်ခုလို ပိုဖြစ်နေခဲ့သည်။

လယ်သမားဘဝမှ စခဲ့သူသည် အရာဝတ္ထုတွေများကို သိပ်အရေးမထားတတ်သူတော့ မဟုတ်ပေ။ အကောင်ပေါက်မည့်ဥများကို ကိုင်တွယ်တတ်သည့် သူ၏ ကျွမ်းကျင်မှုများကို အသုံးပြုကာ ကြက်ပေါက်လေးများကို ကိုယ်တိုင်ဖောက်ပြီး စက်ဘီးစီးကာ မြို့ထဲတွင် နာရီပေါင်းများစွာ လှည့်လည်ရောင်းချခဲ့သည်။

"တစ်ရက်ကို တစ်ထောင်ရတယ်၊ မိုးမလင်းခင် ထွက်ပြီး ညမှောင်ပြီးမှ ပြန်လာရတယ်။ ငါ့ခြေထောက်တွေက ကြက်ခြေထောက်တွေထက်တောင် သန်မာနေခဲ့ပြီ။"လင်းဝေ့က ရယ်မောပြီး ပြောလိုက်သည်။

"နောက်တော့ ပိုက်ဆံတချို့ ရလာပြီး ဓာတ်မြေသြဇာ စက်ရုံလေးတစ်ခု ထောင်လိုက်တယ်။ အဲ့ဒီနောက်မှာတော့ စက်မှုပညာရှင် တစ်ယောက်ဖြစ်အောင်သင်ခဲ့ပြီး အဲ့ဒါကိုပဲ လုပ်ကိုင်နေခဲ့တာ။"

"အစ်ကို့ရဲ့ အလုပ်ရှင်ကတော့ သဘောကောင်းပုံရပါတယ်။"လင်းချောင်က စိတ်ရင်းမှန်နှင့် ပြောလိုက်သည်။

လင်းဝေ့က ခေါင်းညိတ်ပြီး ပြောလိုက်၏။ "အစ်ကိုလျိုနဲ့ သူ့ဇနီးက လူကောင်းတွေပါ။ စက်ရုံရဲ့ အကျိုးအမြတ်ထဲက ဝေစုတစ်စုကိုတောင် ပေးခဲ့သေးတယ်။"

ဒီအချိန်တွင် သူတွန့်ဆုတ်သွားသော်လည်း နောက်ဆုံးတော့ မေးလိုက်သည်။ "အိမ်က အခြေအနေတွေရော ဘယ်လိုလဲ။"

လင်းချောင်လည်း သူ မေးမည်ဆိုသည်ကို သိထားပြီးသားပင်။ "ဒီနှစ်တွေထဲ အိမ်ကို သိပ်မပြန်ဖြစ်တော့ သေချာမသိပါဘူး။ လင်းဟွေ့ကတော့ လက်ထပ်ပြီး ကလေးရနေပြီ ကြားတယ်။"

လင်းချောင်ထက် တစ်နှစ်ငယ်သော လင်းဟွေ့သည် ၁၉၈၀ ပြည့်နှစ် စက်တင်ဘာလမှာ ပြင်ဆင်ပြဋ္ဌာန်းခဲ့သော အိမ်ထောင်ပြုခြင်း ဥပဒေအသစ်အရ ပြီးခဲ့သည့်နှစ်ကမှ တရားဝင် ထိမ်းမြားနိုင်သည့်အသက် ပြည့်ခဲ့သည်။

သို့ရာတွင် ကျေးလက်ဒေသဘက်မှ အိမ်ထောင်ပြုမှုများက တရားဝင် အသက်မပြည့်ခင်ကတည်းက စောစောစီးစီး ပြုလုပ်ကြလေ့ရှိ၏။ လင်းဟွေ့၏ လက်ထပ်ခြင်းနဲ့ သူမ၏အိမ်ထောင်ဖက်အကြောင်း လျိုယွိလန် ပြောပြခဲ့ချိန်က အနည်းငယ် မသေချာမရေရာ ဖြစ်နေသောကြောင့် ပြဿနာအချို့တော့ ရှိနေနိုင်သည်။

လင်းဝေ့သည် လင်းချောင် လင်းမိသားစုနှင့် ပြတ်စဲခဲ့ပြီကို သိထားသည့်အတွက် သူမ အိမ်ပြန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

"ယန်ဇီကရော၊ သူမ ဘယ်လိုလဲ။"

လင်းချောင်သည် လင်းမိသားစုထက် ကောယန်အကြောင်းကို ပိုသိနေခဲ့သည်။

ကျိသော် ထွက်သွားသည့်နှစ်တွင် ယွီဝူကို သေဒဏ်ချမှတ်ခဲ့ပြီးနောက် ယွီမ်ိသားစု၏ သားအကြီးဆုံးကိုပါ ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ယွီမိသားစု၏ အဘိုးကြီးကလည်း သိပ်မခံနိုင်တော့ဘဲ ပြီးခဲ့သည့် နွေဦးတွင် ကွယ်လွန်သွားခဲ့ရသည်။

ကျိသော် မရှိသည့်အတွက် လင်းချောင်က ယွဲ့မိသားစုကို ကျေးဇူးတင်ကြောင်းပြောရန်နှင့် ယွဲ့ဟွာကို အသိအမှတ်ပြုကြောင်း ပြောရန်အတွက် အဘိုးကုကို သူမကိုယ်တိုင် လိုက်ပို့ခဲ့သည်။

ယွဲ့ ဇနီးမောင်နှံက ကလေး၏ နာမည်ကိုတော့ မပြောင်းလဲဘဲထားခဲ့ပြီး သားသမီးအရင်းကဲ့သို့ ဆက်လက် ပြုစုစောင့်ရှောက်မည်ဆိုသော ဆက်ဆံရေးကို လက်ခံခဲ့ကာ အဘိုးတစ်ယောက် ထပ်တိုးသွားသည့် အခြေအနေဖြင့် မိသားစုဆက်ဆံရေးကို ဆက်ထိန်းသိမ်းထားခဲ့သည်။

ဒီကိစ္စကြောင့် လင်းချောင်သည် ကောယန်နှင့် အမြဲဆက်သွယ်နေခဲ့ပြီး အထူးသဖြင့် ကောယန် ဖုန်းတပ်ဆင်ထားခဲ့ပြီးသည့် နောက်ပိုင်းတွင် ပို၍ဆက်သွယ်ခဲ့သည်။

All Chapters