အခန်း (၁၂၈)
Vol. 11 Ch. 128
လင်းဝေ့၏ စိုးရိမ်တကြီးနှင့် မျှော်လင့်နေသော အမူအရာကို မြင်လိုက်ရသည့်အတွက် သူမ တိတ်တဆိတ်နေလိုက်၏။
လင်းဝေ့လည်း စိုးရိမ်လာပြီး မေးလိုက်သည်။"မင်း မသိဘူးလား၊ ဒါမှမဟုတ် သူမ လက်တွဲဖော် တစ်ယောက်ယောက်ကို ရှာတွေ့သွားပြီလား။"
သူမ တိတ်ဆိတ်နေသည်ကို မြင်တော့ သူ၏မျက်လုံးများ မှေးမှိန်သွားပြီး အတုအယောင်အပြုံးနှင့် ပြောလိုက်သည်။
"သုံးနှစ်တောင် ရှိပြီပဲ။ သူမလည်း တစ်ယောက်ယောက်ကို တွေ့သင့်နေပါပြီ။"
အစားအသောက်များ ရောက်လာသည့်အခါ သူ အစားအသောက်အပေါ်သာ အာရုံစိုက်နေပြီး ဆက်မပြောခဲ့တော့ပေ။
လင်းချောင်လည်း နောက်ဆုံးတော့ ပြောလိုက်ရ၏။ "လက်တွဲဖော်တစ်ယောက်ရှာတာက သူမကို ပိုက်ဆံရှာတဲ့နေရာမှာ နှေးကွေးသွားစေလိမ့်မယ်။"
လင်းဝေ့ အံ့အားသင့်သွားပြီး မျက်လုံးများ လင်းလက်လာခဲ့သည်။"သူမ ဘယ်သူ့ကိုမှ မတွေ့နေသေးဘူးလား။"
"ရှာမတွေ့သေးဘူးဆိုတာက အစ်ကို့ကို စောင့်နေတယ်ဆိုတဲ့သဘော မဟုတ်ဘူးနော်။ သူမရဲ့ စီးပွားရေးက လက်လီရောင်းတဲ့ ဆိုင်ခန်းငယ်လေးကနေ လက်ကားအဆင့်အထိ တ်ိုးချဲ့နိုင်ခဲ့ပြီ။"
လင်းချောင် သူ၏ မျှော်လင့်ချက်များကို ရိုက်ချိုးနိုင်သည့် စကားတစ်ခွန်းပြောခဲ့လိုက်သည်။
သူသည် စကားတစ်ခွန်းမှ မပြောဘဲ ထွက်သွားခဲ့သလို သုံးနှစ်အတွင်း စာတစ်စောင်မှ မပို့ခဲ့ပေ။ သူမက သူ့ကို ဘာလို့ စောင့်နေရမည်လဲ။
ကောယန်သည် စီးပွားရေးလုပ်ရာတွင် ကျွမ်းကျင်မှု ရှိခဲ့သည်။ အစပိုင်းတွင် သူ ထွက်ခွာသွားသောကြောင့် သူမ လုပ်စရာတစ်ခုခုရှာရန် စတင်ခဲ့ခြင်း ဖြစ်နိုင်သည်။သို့သော် သူမ အောင်မြင်မှု ရလာသောအခါတွင်တော့ သူမ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းထဲသို့ စိတ်ရောကိုယ်ပါ ဝင်ရောက်သွားခဲ့ပြီး သူမ၏ဆိုင်သည်လည်း နှစ်စဉ်နှစ်တိုင်း ပို၍ကြီးမားလာခဲ့၏။
အမျိုးသမီးများသည် ပို၍အောင်မြင်လာသည်နှင့်အမျှ သူတို့နှင့် လိုက်ဖက်နိုင်သော အမျိုးသားအရေအတွက်သည်လည်း လျော့နည်းလာပြီး သူမအား စေ့စပ်ပေးရန် ကြိုးစားသော ဆွေမျိုးများ လျော့နည်းသွားခဲ့တော့သည်။
ကောယန်သည် ငြိမ်းချမ်းစွာနေထိုင်ရခြင်းကို နှစ်သက်သူဖြစ်ပြီးပြီး ယခုအခါ ဆိုင်ခွဲတစ်ခု ဖွင့်ရန် စဉ်းစားနေသည်။
လင်းချောင်၏ ရိုးသားသောစကားများကြောင့် လင်းဝေ့ ခေါင်းငုံ့သွားခဲ့မိသည်။ ”ငါ သိပါတယ်၊ ယန်ဇီက အမြဲတမ်း အံ့အားသင့်စရာ ကောင်းတာတွေ လုပ်တတ်တယ်။”
“ဒါဆိုရင်၊ အစ်ကို ပြန်သွားဖို့ စီစဉ်ထားလား။” ဒါက လင်းချောင် အမှန်တကယ်မေးလိုသော မေးခွန်းဖြစ်သည်။
ပထမနှစ်နှစ်အတွင်း သူ၏အခက်အခဲများကြောင့် မပြန်ဖြစ်ခဲ့သည်ကို နားလည်နိုင်သော်လည်း အခုတော့ သူ တည်ငြိမ်သွားပြီဖြစ်သောကြောင့် မပြန်လျှင် ရှောင်ဖယ်ရာရောက်သွားလိမ့်မည်။
ဒီတစ်ကြိမ်တွင်တော့ လင်းဝေ့ ခဏတာတိတ်ဆိတ်သွားပြီး မော့ကြည့်လိုက်သည်။ “ငါ အိမ်ပြန်မဲ့အတွေးနဲ့ ယန်ဒူကို လာခဲ့တာပါ၊ ဒါပေမဲ့ မင်းနဲ့အရင် ဆုံလိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့ဘူး။”
လင်းချောင် ထပ်မဖိအားပေးတော့ပေ။ လင်းမိသားစုနှင့် ကောယန်တို့၏ ကိစ္စများက လင်းဝေ့၏ ကိုယ်ပိုင်ကိစ္စများသာဖြစ်သည်။
မောင်နှမနှစ်ယောက် ဤနှစ်များတစ်လျှောက် ဖြတ်သန်းခဲ့ရသော သူတို့၏ဘဝများအကြောင်း ပြောနေကြရင်း ထမင်းစားချိန်က မြန်မြန်ဆန်ဆန် ပြီးဆုံးသွားခဲ့လေသည်။ လင်းချောင် ငွေရှင်းရန် ပြင်ဆင်လိုက်သော်လည်း ခြေတံရှည်သော လင်းဝေ့က သူမထက် အရင်ရှင်းပေးလိုက်သည်။
လင်းချောင်လည်း ဘာလုပ်ရမှန်းမသိ ဖြစ်သွားတော့၏။ “ကျွန်မ ဝယ်ကျွေးမယ်လို့ ပြောထားတာလေ၊ ကျွန်မ ဧည့်ခံပါရစေဦး။”
“နောက်တစ်ခါမှပေါ့။”လင်းဝေ့က ပြောလိုက်သည်။ “ငါက မင်းအစ်ကိုပဲ ဖြစ်နေတုန်းပါပဲ။ ဒါကို ပြသဖို့ အခွင့်အရေးလေးပေးပါဦး။”
လင်းချောင် မငြင်းတော့ပေ။ “နားနေဖို့အတွက် ဒီအနီးအနားမှာ ကျွန်မရဲ့ ခြံဝင်းအိမ်သေးသေးလေး တစ်လုံး ရှိတယ်။ အဲ့ဒီမှာ ခဏ နားမလား ဒါမှမဟုတ်…”
“ငါ ကျောင်းမှာပဲ စောင့်နေလိုက်မယ်။”
“ဒါဆို ကျွန်မ အစ်က်ို့အတွက် နားနေဖို့နေရာ ရှာပေးပါ့မယ်။ ကျွန်မကတော့ ဒီနေ့နေ့လယ် ကျွန်မရဲ့ ဆရာအစား အတန်းတစ်ခုကို အစားထိုးဝင်ပေးရဦးမယ်။”
ကျန်းချန်နင်သည် မကြာသေးမီ အတောအတွင်း ကျန်းမာရေး မကောင်းခဲ့သည့်အတွက် လင်းချောင်က သူ၏အတန်းကို အစားထိုးဝင်ပေးနေခဲ့သည်။
ဒါကို ကြားတော့ လင်းဝေ့ သူမနောက်မှလိုက်၍ အတန်းထဲသို့သွားခဲ့ပြီး နောက်ဘက်တွင် ထိုင်နေခဲ့သည်။ သူမ၏ သင်ကြားပုံ ကောင်းမွန်လွန်းသည်ကို မြင်ရသောကြောင့် သူ အလွန်အံ့အားသင့်ခဲ့ပြီး အထူးသဖြင့် ဘွဲ့ကြိုကျောင်းသားများအကြားတွင် သူမသည် လူကြိုက်များသည်။
နားချိန်ဆယ်မိနစ်အတွင်း လင်းဝေ့ အပြင်ထွက်ခဲ့လာရာ ဖိနပ်နှင့် ဘောင်းဘီတွင် ရွှံ့များပေကျံနေသည့် ယန်မောက်ရှန်နှင့် ရုတ်တရက် တွေ့ဆုံမိလိုက်သည်။
လင်းဝေ့သည် ရှင်းရှင်းဓာတ်မြေသြဇာစက်ရုံ မှ စက်မှုပညာရှင်ဖြစ်ကြောင်း ကြားသိလိုက်သောအခါ ယန်မောက်ရှန်သည် သန့်ရှင်းရေးပင် မလုပ်တော့ဘဲ သူ့ကို အထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
သူတို့သည် အချိန်အတော်ကြာအောင် စကားပြောခဲ့ကြပြီး ယန်မောက်ရှန်က လင်းဝေ့အား ယန်ဒူတွင် ရက်အနည်းငယ် ပိုနေရန် တောင်းဆိုခဲ့သည်။
“မင်းရဲ့ ဦးတည်ချက်က ကောင်းတယ်၊ ငါ့အတွက် တကယ်ကို အားတက်စေတယ်။”
လင်းဝေ့ ထွက်လာသောအခါ လင်းချောင်၏ အတန်း ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ သူမသည် သူ့ကို ဓာတ်ခွဲခန်းထဲတွင် သူမနှင့်လာတွေ့ရန် ပြောထားခဲ့သည်။
“မင်း ရှောင်လင်းကို သိတာလား။” ယန်မောက်ရှန် အံ့အားသင့်သွား၏။
“လင်းချောင်က ကျွန်တော့်ရဲ ဝမ်းကွဲညီမပါ။” လင်းဝေ့လည်း အံ့အားသင့်သွား၏။ “ဆရာ သူမကို သိလို့လား။”
“သေချာပေါက် သိတာပေါ့၊ ငါက သူမကို ငါနဲ့အတူ မြေသြဇာလုပ်ငန်းလုပ်ဖို့တောင် ခေါ်ချင်ခဲ့သေးတယ်၊ ဒါပေမဲ့ သူမမိသားစုက ပါဝင်နေခဲ့ပြီးသားလေ။”
ယန်မောက်ရှန်သည် လင်းဝေ့အား လင်းချောင်၏ ဓာတ်ခွဲခန်းရှိရာသို့ လမ်းညွှန်ပေးခဲ့သည်။ သူ ရောက်သွားသောအခါ သူမကို စောင့်နေသော နောက်ထပ် လူငယ်တစ်ဦးကိုပါ တွေ့လိုက်ရ၏။
အသက် နှစ်ဆယ့်လေး၊ နှစ်ဆယ့်ငါးခန့်ရှိသော ထိုအမျိုးသားသည် suit ဝတ်စုံနှင့် လည်စည်းကို ဝတ်ဆင်ထားကာ ဆံပင်ကို ဂျယ်လ်ဖြင့် အနောက်သို့ သပ်တင်ထားသည်။ လင်းဝေ့လည်း လင်းချောင်ကို ရှာနေကြောင်း ကြားသောအခါ သူသည် လင်းဝေ့အား အကဲခတ်သည့် အနေအထားဖြင့် ကြည့်လိုက်သည်။
ထိုအကြည့်သည် ဖော်ရွေမှုနှင့် လုံးဝ ကင်းကွာနေသောကြောင့် လင်းဝေ့ သေသေချာချာ သတိထားမိခဲ့သည်။
သူတို့နှစ်ဦးသည် တစ်မီတာခန့်ခြားလျက် ရပ်နေကြကာ လင်းချောင်ကို စောင့်နေခဲ့ကြသည်။ သူမ ထွက်လာသောအခါ နှစ်ဦးစလုံး သူမထံ ချဉ်းကပ်လာခဲ့ကြ၏။
“ချောင်ချောင်။”
“ဒေါ်လေး”
“ဒေါ်လေး” ဟူသော စကားကို ကြားလိုက်ရသောအခါ လင်းဝေ့ အံ့အားသင့်သွားခဲ့သည်။
“ချောင်ချောင်” ဟူသော စကားကို ကြားလိုက်သောအခါ ကျိဇယ်လည်း အံ့အားသင့်သွားပြီး လင်းဝေ့ကို ပို၍ ရန်လိုသောအကြည့်မျိုးဖြင့် ကြည့်လိုက်တော့သည်။
ကျိဇယ်သည် လွန်ခဲ့သော နှစ်နှစ်အတွင်း အတော်လေး ရင့်ကျက်လာခဲ့ပြီး အောင်မြင်သော စီးပွားရေးသမားတစ်ဦး ဖြစ်လာခဲ့သည်။ သို့သော် သူသည် မိသားစုရှေ့တွင်တော့ သူ့ခံစားချက်များကို ကောင်းစွာမဖုံးကွယ်ထားနိုင်သေးသောကြောင့် လင်းချောင် သူ၏အတွေးများကို ချက်ချင်း သတိထားမိခဲ့၏။ သူမသည် ယခုဖြစ်ရပ်ကို ရယ်စရာကောင်းသည်ဟု ထင်မိပြီး သူတို့နှစ်ဦးကို မိတ်ဆက်ပေးလိုက်သည်။
“ဒါက ငါ့ရဲ့ ဝမ်းကွဲအစ်ကို၊ လင်းဝေ့။”
ထို့နောက် သူမ ကျိဇယ်ကို ညွှန်ပြလိုက်သည်။ “ကျွန်မရဲ့ တူ၊ ကျိဇယ်။”
သူတို့နှစ်ဦးစလုံး အနည်းငယ် အဆင်မပြေဖြစ်သွားကြပြီး သူတို့၏ အစောပိုင်း သံသယများကြောင့် အချင်းချင်း အားနာသွားကြတော့သည်။
သို့ရာတွင် လင်းချောင်ထက် နှစ်နှစ်ပိုအသက်ကြီးသည့် ကျိဇယ်က သူ့အဒေါ်ထံ တောက်တောက်ပြောင်ပြောင် ပြင်ဆင်၍ လာတွေ့ခဲ့ခြင်းဖြစ်သည်။
လင်းချောင်လည်း ကျိဇယ်၏ ဒီနေ့ ဝတ်စားဆင်ယင်မှုပုံစံက အနည်းငယ် တောက်ပြောင်နေသည်ဟု ထင်မိသည်။ သူ၏ဆံပင်ကို ပုံသွင်းရန် ဂျယ်လ် တစ်ဝက်လောက် အသုံးပြုထားပုံရပြီး သူ၏အရပ်…
သူမ အလိုအလျောက် သူ၏ခြေထောက်များကို ကြည့်လိုက်မိသည်။ မှန်သည်၊ သူသည် ငါးစင်တီမီတာအမြင့်လောက်ရှိမည့် ဖိနပ်အမြင့်ကို စီးထားခြင်းဖြစ်သည်။
၈၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် ဤကဲ့သို့သော အမျိုးသားစီး ဖိနပ်အမြင့်များသည် ခေတ်စားနေခဲ့သည်။ သူမ၏ အရင်ဘဝတွင်ဆိုလျှင် အမျိုးသားများသည် ဖိနပ်အောက်ထည့်စီးရသော ခြေနင်းပြားအမြင့်များကိုသာ ပို၍ ထိန်းချုပ်ထားပြီး အသုံးပြုခဲ့ကြသည်။
ကျိဇယ်သည် လူအာရုံစိုက်ခံရစေရန် ထိုကဲ့သို့ ခေတ်မီသော ဖိနပ်ကို ဝတ်ဆင်ထားပြီး လင်းချောင်၏ စစ်ဆေးမှုကိုလည်း ဂရုမစိုက်ခဲ့ပေ။ သူ ပို၍ဂရုစိုက်နေသည်မှာ လင်းချောင်၏ လင်းဝေ့အား သုံးနှုန်းလိုက်သော “ဝမ်းကွဲအစ်ကို” ဟူသော အခေါ်အဝေါ်ကို ဖြစ်သည်။
“ဝမ်းကွဲအစ်ကိုလား”
ထို့နောက် သူသည် တစ်ခုခုက မသင့်လျော်နေသည်ကို သဘောပေါက်သွားခဲ့သည်။ “ကျွန်တော်က ဦးလေးလို့ ခေါ်ရမှာလား။ ဝမ်းကွဲဦးလေးလို့ခေါ်ရမှာလား။”
တကယ်တော့ လုံးဝ အဆင်မပြေပေ။ လင်းဝေ့က သူ့ထက် ပိုငယ်ပုံရပြီး၊ ကျိဇယ်က ပိုအသက်ကြီးနေသောကြောင့် လင်းဝေ့လည်း ကြားရသည်မှာ မသက်မသာ ဖြစ်မိရသည်။
“အဆင်မပြေဘူးဆိုရင် ကြိုက်သလိုခေါ်လို့ ရပါတယ်။” လင်းချောင်က ပြောလိုက်သည်။
ကျိဇယ်ကတော့ မလုပ်ရဲပေ။ သူ၏ဦးလေးကြောင့် လင်းဝေ့ကို “အစ်ကို” ဟု ခေါ်ရဦးမည်။
လင်းချောင်က အချိန်မဆွဲနေတော့ဘဲ ကျိဇယ်ကို တိုက်ရိုက်မေးလိုက်၏။ “အရင်က ပြောထားခဲ့တဲ့ ပလတ်စတစ်ဘူးတွေ လုပ်ပြီးပြီလား။”
“အားလုံး လုပ်ပြီးပါပြီ၊ ယူလာခဲ့သေးတယ်။ အဒေါ် အလုပ်ပြီးသွားရင် အောက်ထပ်ဆင်းပြီး ကြည့်လို့ရပါတယ်။”
“ခဏလေး စောင့်ပါ။”
လင်းချောင်က အလုပ်အားလုံးနီးပါး ပြီးပြီဖြစ်သောကြောင့် လုပ်ဖော်ကိုင်ဖက်များကို အသိပေးရန် အတွင်းသို့ ဝင်သွားလိုက်သည်။
သူမထံ ဆွေမျိုးများ လာရောက်လည်ပတ်ကြောင်း သိရသောအခါ သူတို့လည်း သူမကို မတားဆီးတော့ဘဲ ညနေဘက် ပြန်မလာတော့ရန် ပြောခဲ့ကြသည်။
သူတို့သုံးဦး သင်ကြားရေး အဆောက်အအုံမှ ထွက်ခွာလာသောအခါ လမ်းဘေးတွင် ရပ်ထားသော ဆိုင်ကယ်အသစ်စက်စက် တစ်စီးကို တွေ့လိုက်ရ၏။
၁၉၈၃ ခုနှစ်တွင် ဆိုင်ကယ်များသည် ခေတ်ပေါ်ကားများထက် ပိုရှားပါးသည့်အတွက် ကျိဇယ်၏ တောက်ပြောင်သော ဝတ်စုံကဲ့သို့ပင် အာရုံစိုက်မှု ရရှိခဲ့သည်။
လင်းချောင်သည် မည်သူ၏ ဆိုင်ကယ်ဖြစ်မည်ကို ခန့်မှန်းနိုင်ခဲ့သည်။
ထင်သည့်အတိုင်း ကျိဇယ်က ဆိုင်ကယ်သော့ဖွင့်လိုက်၏။
“အဒေါ့်နေရာကို သွားကြရအောင်။”
ယန်ဒူမြို့၏ ဆောင်းဦးအစောပိုင်းသည် အပူမလျော့သေးဘဲ ခြံဝင်းအိမ်လေးထဲရှိ ရေကန်ကြီးထဲတွင်လည်း ကြာပန်းအနည်းငယ် ရှိနေသေးသည်။ လင်းချောင် တံခါးဖွင့်ပြီး သူတို့ကို အတွင်းထဲသို့ ခေါ်သွားလိုက်သည်။
ကျိဇယ်သည် သူ၏ဆိုင်ကယ်ကို ခြံဝင်းထဲတွင် ရပ်ထားလိုက်ပြီးနောက် နောက်ထိုင်ခုံတွင် ချည်ထားသော စက္ကူပုံးကိုယူကာ မြေပြင်ပေါ်တွင် ဖွင့်လိုက်သည်။ ပုံးထဲတွင် အရောင်အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးနှင့် ပုံသဏ္ဌာန်အမျိုးမျိုးရှိသော ပလတ်စတစ်ဘူးများဖြင့် ပြည့်နေ၏။
ကျိဇယ်သည် လုံးလုံးရှည်ရှည်ဘူး တစ်ခုကို ကောက်ယူလိုက်သည်။
“ဒါက အဒေါ် အကြံပေးထားတဲ့ ပန်းကန်ဆေးဆပ်ပြာရည်အတွက် သုံးမဲ့တစ်ခုပါ။ ကျွန်တော် စက်ရုံမှာ တစ်ဘူး အစမ်းဖြည့်ထားခဲ့သေးတယ်။ စမ်းကြည့်လိုက်ပါ၊ အဆင်ပြေလားဆိုတာ။”
လင်းချောင်သည် ၎င်းကို အတွင်းသို့ ယူသွားပြီး ဘေစင်တွင် နှစ်ကြိမ်ခန့် ညှစ်ကြည့်လိုက်သည်။ “ကောင်းတယ်။ ထွက်တဲ့ပမာဏကို ချောချောမွေ့မွေ့ ထိန်းချုပ်နိုင်တယ်။”
“ဒီဟာကို စမ်းကြည့်ပါဦး။”ကျိဇယ်သည် ညှစ်ထုတ်ရသောဘူးတစ်လုံးကို ကမ်းပေးလိုက်သည်။
“ဒီဟာက ဖိညှစ်ရတဲ့အတံနေရာက တောင့်နေတယ်။” လင်းချောင်က ထိုသို့ပြောပြီး ပေါ့ပေါ့ပါးပါး နှိပ်လိုက်သော်လည်း မအောင်မြင်ခဲ့ဘဲ အားစိုက်လွန်းသွားသောကြောင့် အရည်များပန်းထွက်လာခဲ့၏။
သူမသည် ဘေစင်အနီး ပြန့်ကျဲသွားသည့်အရာများကို သုတ်ရန် အဝတ်စတစ်စကို ယူလိုက်သည်။ “ဒါကို ပိုပြီး စမ်းသပ်ဖို့ လိုသေးတယ်။ အကုန်လုံးက ဒီလို ဖြစ်နေရင်တော့ ချိန်ညှိဖို့ လိုလိမ့်မယ်။”
ကျိဇယ်က အဝတ်ကိုယူပြီး သူမကို ကူညီ၍ သန့်ရှင်းရေးလုပ်ပေးခဲ့သည်။ သူတို့သည် မတူညီသော ပုံစံရှိသည့် ပလတ်စတစ်ဘူးငါးလုံး သို့မဟုတ် ခြောက်လုံးကို ဆက်တိုက် စမ်းသပ်ခဲ့ကြသည်။
လင်းဝေ့ အံ့အားသင့်သွား၏။ “ချောင်ချောင်၊ မင်းက ဒါတွေလည်း လုပ်တတ်တာလား။”
“မဟုတ်ပါဘူး။”လင်းချောင် ပုလင်းကိုချပြီး လက်ဆေးလိုက်သည်။ “ကျွန်မတို့ မိသားစုစက်ရုံအတွက် ဒီဇိုင်းထုတ်ထားတာပါ။”
“မင်းတို့ မိသားစုစက်ရုံအတွက်လား။” လင်းဝေ့ ပို၍ပင် အံ့အားသင့်သွားတော့သည်။
ဘူးများကို ပြန်သိမ်းရင်း ကျိဇယ်က ရှင်းပြလိုက်သည်။ “ကျွန်တော့်အဒေါ်နဲ့ ကျွန်တော် တွဲဖက်တည်ထောင်ထားတဲ့စက်ရုံတစ်ခုပါ၊ မုဇီဓာတုဗေဒ လို့ခေါ်တယ်။
သူမက ဖော်မြူလာတွေ ဖော်စပ်ပေးတာ”
“မုဇီဓာတုဗေဒလား။ ဆပ်ပြာရည်နဲ့ အဝတ်လျှော်ဆပ်ပြာတွေ ထုတ်တဲ့တစ်ခုလေ။”
လင်းဝေ့က နာမည်ကို မှတ်မိနေသည်။ သူတို့သည် ပြီးခဲ့သည့်နှစ်ကတည်းက သူ၏နယ်မြေတွင် ထိုထုတ်ကုန်များကို စတင်ရောင်းချခဲ့ကြပြီး အစပိုင်းတွင် အများအပြား ရောင်းချခဲ့ကာ နောက်ပိုင်းတွင် အိတ်များဖြင့် ရောင်းချခဲ့သည်။
ယန်ဒူမြို့ရှိ စျေးကွက်သည်ကျဉ်းသည်ဟု ဆိုရမည်။ စက်ရုံ အဆင်ပြေသွားပြီးနောက် ကျိဇယ်သည် ပြီးခဲ့သည့်နှစ်က ကုန်ကြမ်းသယ်ယူရန်နှင့် ကုန်ပစ္စည်းပို့ဆောင်ရန် ထရပ်ကား နှစ်စီးဝယ်ယူခဲ့သည်။ ၎င်းသည် သူတို့၏ရောင်းအားကို ပတ်ဝန်းကျင်ရှိ ပြည်နယ်များနှင့် မြို့များအထိ တိုးချဲ့နိုင်ခဲ့ပြီး အဆင်ပြေသော ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးမှုများကို မိတ်ဆက်နိုင်ခဲ့သည်။
ဤနှစ်အတွင်း ပြည်တွင်း ရေနံဓာတုနည်းပညာ တိုးတက်လာသည်နှင့်အမျှ ပလတ်စတစ်စက်ရုံများက နေရာတိုင်းလိုလိုတွင် ဖွင့်လှစ်လာခဲ့သည်။ လင်းချောင်သည် ပန်းကန်ဆေးဆပ်ပြာရည်နှင့် ခေါင်းလျှော်ရည်တို့ကို ထုတ်လုပ်ချင်ခဲ့သည်။ သူတို့သည် အရည်ထည့်သွင်းသည့် စက်ကိရိယာနှစ်စုံကို ဝယ်ယူခဲ့ပြီး ထုတ်လုပ်သူထံမှ ပလတ်စတစ်ဘူးအစုံကိုပါ မှာယူခဲ့သည်။
ကျိဇယ်သည် လင်းချောင်ကို အပြီးသတ်ထုတ်ကုန်များအား ပြသရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။ ပြဿနာမရှိပါက သူတို့၏ ပထမဆုံးအသုတ်ဖြစ်သော ပန်းကန်ဆေးဆပ်ပြာရည်နှင့် ခေါင်းလျှော်ရည်များသည် မကြာမီအချိန်အတွင်း စျေးကွက်ထဲသို့ ရောက်ရှိလာတော့မည် ဖြစ်သည်။
ဤနှစ်များတစ်လျှောက်တွင် အခြားသူများသည်လည်း ဆပ်ပြာရည်ဖော်မြူလာများ ဖော်စပ်ခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် သူတို့၏ ထုတ်လုပ်မှုအာရုံစူးစိုက်မှုကို ဆီစွန်းချွတ်ဆေးများနှင့် ပိုအသုံးဝင်သော နေ့စဉ်သုံး ဓာတုပစ္စည်းများထံသို့ ပြောင်းလဲလိုက်ရန် စီစဉ်ခဲ့သည်။
စမ်းသပ်ပြီးနောက် ကျိဇယ်သည် အလျင်စလို မပြန်ခဲ့ဘဲ လင်းချောင်၏ ဝမ်းကွဲအစ်ကိုကို ညစာလိုက်ကျွေးရန် ပြောဆိုခဲ့သည်။
လင်းချောင်က သူ့ကို ပေးမရှင်းခိုင်းဘဲ အချို့သော စည်းရုံးပြောဆိုမှုများပြောအပြီးတွင် ပြန်လွှတ်လိုက်တော့သည်။
သုံးနှစ်အကြာတွင်မှ ပြန်တွေ့ရသော ညီမဖြစ်သူကို ကြည့်ရင်း လင်းဝေ့၏ စိတ်ခံစားမှုများ ရောထွေးနေခဲ့၏။
“မင်း အများကြီး ပြောင်းလဲသွားပြီပဲ။”
ဘွဲ့လွန်အတွက် စာသင်ယူခြင်း၊ စာသင်ကြားခြင်းနှင့် စက်ရုံတစ်ခုကို ထောင်ထားခြင်း၊ သူမသည် အိမ်တွင်နေခဲ့ချိန်ကကဲ့သို့ သူလျှို့ဝှက်စွာ ကူညီရသည့် အကူအညီ လိုအပ်ခဲ့သော တိတ်ဆိတ်သည့် မိန်းကလေးတစ်ယောက် မဟုတ်တော့ပေ။
သူမသည် ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ ဒါကို ကြားတော့ လင်းချောင်က တည်ငြိမ်စွာ ပြောလိုက်၏။ “အစ်ကိုလည်း အများကြီးပြောင်းလဲသွားတာပဲ မဟုတ်ဘူးလား။”
“ဟုတ်တယ်။”
လင်းဝေ့ အနည်းငယ် စိတ်မကောင်းဖြစ်မိသော်လည်း တစ်ချိန်တည်းမှာပင် ပျော်ရွှင်မှုကိုလည်း ခံစားမိသည်။
“သုံးနှစ် ကွဲကွာနေခဲ့ရပြီးတော့၊ ငါတို့နှစ်ယောက်စလုံး ပြောင်းလဲသွားခဲ့ကြပြီပဲ။”
တစ်ချိန်တည်းတွင် စစ်တပ်စခန်း၌ ကျိသော်သည် ဖုန်မှုန့်များ ဖုံးလွှမ်းနေလျက် ဗိုလ်မှူးကြီးတင်း၏ ရုံးခန်းထဲသို့ လျှောက်ဝင်လာ၏။ သူ၏ ချောမောသည့်မျက်နှာသွင်ပြင်ပေါ်တွင် တင်းမာမှု၏ အရိပ်အမြွက်များ ရှိနေဆဲပင်။
သူ့ကို မြင်တော့ ဗိုလ်မှုးကြီးတင်းက ပြုံးလိုက်သည်။“မင်း ပြန်လာပြီပဲ။”
“ဟုတ်ကဲ့။”
ကျိသော်သည် သူ ထွက်သွားခဲ့စဉ်ကထက် ပို၍ စကားနည်းလာပုံရသည်။
စစ်မြေပြင်တွင် ကိုယ်တိုင်ရှိခဲ့ဖူးသော ဗိုလ်မှူးကြီးတင်းသည် ရှေ့တန်းမှ ပြန်လာပြီးနောက် စိတ်နေစိတ်ထားများကို ချိန်ညှိနိုင်ရန် အချိန်ယူရမည်ကို သိထားသည်။
“မင်း ဒီနှစ်တွေတစ်လျှောက်လုံး ခွင့်မယူခဲ့ဘူး။ အိမ်ပြန်ပြီး နားလိုက်တော့။ ခွင့်ရက်ပြီးမှ တာဝန်တွေ ပြန်စဖို့ လာခဲ့။”
“ဟုတ်ကဲ့။”ကျိသော် တိုတိုတုတ်တုတ်သာ ပြန်ဖြေလိုက်သည်။
သူ မထွက်ခွာမီတွက် ဗိုလ်မှူးကြီးတင်းသည် သူ့ကို အဓိပ္ပာယ်ပြည့်ဝသော အကြည့်ဖြင့် ကြည့်လိုက်၏။ “မင်း တာဝန်တွေပြန်စဖို့ ပြန်လာစရာ မလိုတော့တာလည်း ဖြစ်နိုင်တယ်။”
ကျိသော်သည် ဝန်ထမ်းသက်တမ်းနှင့် စစ်ပွဲအောင်မြင်မှုများ လုံလောက်စွာရှိထားခဲ့သူဖြစ်သည်။ သူ၏ ရာထူးတိုးခြင်းသည်လည်း သေချာပြီးသား ကိစ္စတစ်ခုဖြစ်နေလေပြီ။
ကျိသော် ဘာမှမပြောခဲ့ဘဲ သူ၏အိမ်ကို ပြန်ရောက်သည်နှင့် လက်မှတ်ကို ယူပြီး ရေချိုးဆောင်သို့ ရေချိုးရန် သွားခဲ့သည်။
ရေချိုးပြီးနောက် သန့်ရှင်းသော ယူနီဖောင်းကို လဲလှယ်ဝတ်ဆင်ကာ ရှောင်ဖန်းကို ခေါ်လိုက်သည်။ “ချင်တက္ကသိုလ်ကိုသွားမယ်။”
သူ၏ အမူအရာသည် အမြဲတမ်းကဲ့သို့ တင်းမာပြီး တည်ငြိမ်နေဆဲ ဖြစ်သော်လည်း အနားမယူခဲ့ဘဲ လင်းချောင်ရှိရာသို့ တိုက်ရိုက်ဦးတည်သွားခဲ့ခြင်းက သူမကို တွေ့မြင်လိုသော သူ၏ စိတ်အားထက်သန်မှုကို သိသာစွာ မြင်နိုင်စေခဲ့သည်။
ရှောင်ဖန်းလည်း လျင်မြန်ပြီးစွာ မောင်းနှင်ခဲ့လိုက်သည်။ သူတို့ ခြံဝင်းအိမ်သို့ ရောက်သည်နှင့် ကျိသော်သည် ကားထဲမှထွက်ကာ ခြံတံခါးကို ဖွင့်လိုက်သည်။
သူ၏ ခြေတံရှည်များကြောင့် အပြေးအလွှား လုပ်စရာမလိုဘဲ လျင်မြန်စွာ လှုပ်ရှားနိုင်ခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း သူ၏အရပ်ရှည်ရှည် ပုံပန်းသွင်ပြင်သည် တံခါးအတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။
သို့သော် လေးငါးလှမ်းသာ လျှောက်လိုက်ရပြီးနောက် ကျိသော်သည် ခြံဝင်းထဲတွင် ရပ်တန့်သွားကာ မျက်မှောင်ကြုတ်လိုက်မိသည်။ အလင်းရောင် ရှိနေသော အခန်းထဲမှ မရင်းနှီးသော အမျိုးသားတစ်ဦး၏ အသံကို သူ၏ ထက်မြက်သော အကြားအာရုံက ကြားလိုက်ရသည်—အသံသာမကဘဲ ပြတင်းပေါက်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၏ အရိပ်နှစ်ခုပါ ထင်ဟပ်နေသေး၏။
သူ မျက်မှောင်ကြုတ်ပြီးနောက် နေရာမှားရောက်မလာကြောင်း သေချာစေရန် ပတ်ပတ်လည်ကို ကြည့်ရှုလိုက်သည်။
လင်းချောင် နေရာပြောင်းသွားသည်လား။
ဤအခိုက်တွင်ပဲ လင်းချောင်၏ ရင်းနှီးပြီး ကြည်လင်သည့်အသံက အိမ်အတွင်းမှ ထွက်ပေါ်လာခဲ့၏။ “ဒီမှာ နေရာတွေ ရှိပါတယ်။ အစ်ကို ဒီရက်တွေမှာ ကျွန်မနဲ့ အတူနေလို့ရပါတယ်။”