ကောင်းယန်ရဲ့ လှောင်အိမ်
Vol. 29 Ch. 421
“ထွက်ပြေးရမယ့်သူက ကောင်းမင်ပဲ”
စီတုအန်းသည် ကောင်းမင်၏နာမည်ကိုကြားသောအခါ သူ့မျက်လုံးများ အနည်းငယ်လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
“ခင်ဗျား ကြောက်နေတာလား”
အမူအရာတစ်မျိုးတည်းရှိနေသော ကောင်းယန်၏ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့တစ်ခုပေါ်လာခဲ့သည်။
“ခင်ဗျားကို ကြောက်အောင်လုပ်နိုင်တဲ့သူတွေ ရှိနေတာ အံ့သြစရာပဲ ၊ဒါက ခင်ဗျားနဲ့မတူဘူးနော် ၊ စီတုအန်း”
“မင်းက ဟန်သဲ့ကိုယ်ပိုင်းကျောင်းကနေ ထွက်သွားပြီးနောက်ပိုင်း ပိုစကားများလာတာပဲ”
စီတုအန်း ရှေ့သို့လျှောက်လာ၏။ သူသည် ချိန်းကြိုးများကို တရွက်ဆွဲယူလာပြီး ဦးခေါင်းမဲ့ရုပ်တုကို အော်ပြောလိုက်သည်။
“အနာဂတ်နတ်ဘုရား၊ ခင်ဗျားရဲ့တောင်းဆိုချက်အားလုံးကို ကျုပ်သဘောတူတယ်၊ ကျုပ်ခင်ဗျားရဲ့ နောက်လိုက်ဖြစ်လာဖို့လည်း ဆန္ဒရှိတယ် ၊ လာစမ်းပါ! ကျုပ်ခန္ဓာကိုယ်ကို ခင်ဗျားရဲ့ယဇ်ပလ္လင်အဖြစ် အသုံးပြုလိုက်စမ်းပါ”
ဦးခေါင်းမဲ့ရုပ်တု၏အသိစိတ်မှာ မြေအောက်ကားပါကင်တွင်ရှိမနေကြောင်း စီတုအန်းသိသည်။ ထို့ကြောင့်သာ နတ်ဘုရားအား သူ့ခန္ဓာကိုယ်ထဲသို့ ဝင်လာရန် ရဲရဲဝံ့ဝံ့တောင်းဆိုခြင်းဖြစ်သည်။
ချိန်းကြိုးများ တချွင်းချွင်းမြည်လာပြီး စီတုအန်းခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ဆုတ်ဖြဲပစ်လိုက်သည်။ သူ့ဝိညာဉ်သည် ပျက်စီးလွယ်သောစက္ကူအပိုင်းအစတစ်ခုကဲ့သို့ပင်။ သို့သော် သူပြိုလဲလုနီးတိုင်း ဦးခေါင်းမဲ့ရုပ်တုထဲမှ အနက်ရောင်ချည်မျှင်များထွက်လာပြီး သူ့နှလုံးသားထဲသို့ ဝင်ရောက်လာလေသည်။
“ကောင်းမင်ဆီက လွတ်မြောက်ဖို့အတွက်နဲ့ ခင်ဗျားက ဦးနှောက်မရှိတဲ့ရုပ်သေးရုပ်တစ်ရုပ် ဖြစ်လာချင်နေတာလား ၊ ဒါက တန်ရဲ့လား”
ကောင်းယန်၏မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွားသည်။
“အနည်းဆုံးတော့ ကောင်းမင်က ခင်ဗျားရဲ့အသိစိတ်ကို ဖျက်ဆီးပစ်ဖို့ တစ်ခါမှမစဉ်းစားခဲ့ဘူး”
“အဲ့ဒါက ငါက သူ့အတွက်အသုံးဝင်နေသေးလို့လေ”
စီတုအန်း၏အရေပြားအောက်တွင် ငါးများကူးခတ်နေပုံရသည်။ ပွင့်ဟနေသော သူ့ဒဏ်ရာများထဲတွင် ထိတ်လန့်ဖွယ်မြင်ကွင်းများကို မြင်နေရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် တွန့်လိမ်နေသောလိုင်းများဖြင့် ပြည့်နေလေသည်။ ၎င်းတို့အများစုသည် ပုပ်ဆွေးနေသော အနက်ရောင်လိုင်းများဖြစ်သည်။ သွေးနံ့ပါသော အနီရောင်လိုင်းအနည်းငယ်လည်း ရှိနေသည်။ နှစ်ခုလုံးသည် ‘ယုံကြည်မှု’ ဖြစ်သည်။
ကောင်းယန်က ခေါင်းခါလိုက်သည်။
“ခင်ဗျားက ကိုယ့်ကိုယ်ကိုအထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား”
“ကောင်းမင်ကတော့ အဲ့လိုပြောပိုင်ခွင့်ရှိချင်ရှိလိမ့်မယ်၊ ဒါပေမယ့် မင်းကဘာကကောင်မို့လို့လဲ ၊ မင်းက သွေးနီရောင်မြို့ကို အမွေဆက်ခံမယ့် ဆယ့်သုံးယောက်ထဲတောင်မပါဘူးနော် ၊ ဒီနေရာမှာ သူတို့အတွက် အချိန်ဆွဲမနေနဲ့တော့”
စီတုအန်း၏ နောက်ကျောတွင် အပေါက်ကြီးတစ်ခုပေါ်လာခဲ့သည်။ များစွာသော ယုံကြည်မှုတို့က ထိုနေရာသို့ စီးဝင်သွားသည်။ မကြာမီတွင် ထိုဖရိုဖရဲရှုပ်ထွေးနေသော လိုင်းများကြား၌ မျက်လုံးတစ်လုံးပွင့်လာခဲ့သည်။ မျက်ဆံများက ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။ ကောင်းမင်သာ ထိုနေရာတွင်ရှိခဲ့ပါက ထိုမျက်လုံးသည် ရွှံ့ရုပ်တုပေါ်မှ မျက်လုံးများနှင့် ဆင်တူကြောင်း သိမည်ဖြစ်သည်။
“ကောင်းမင်ရဲ့ အကြီးဆုံးအမှားက လောဘကြီးတာပဲ ၊သူ့နေရာမှာ ငါသာဆိုရင် ငါ့ရန်သူတွေကို လုံးဝခြေရာလက်ရာမကျန်အောင် ဖျက်ဆီးပစ်မှာပဲ”
စီတုအန်းအသံက ရုတ်တရက်ပြောင်းလဲသွားသည်။ သူသည် နတ်ဘုရား၏အမှန်တကယ် ပူးဝင်ခံလိုက်ရသည့်အတိုင်းပင်။ အနက်ရောင်လိုင်းများက ချိန်းကြိုးများထံ ကူးစက်လာတော့သည်။ အနာဂတ်နတ်ဘုရားသည် သားစားကြူးနတ်ဘုရားကဲ့သို့ အစွမ်းထက်ပေသည်။ ၎င်းသည် စီတုအန်း၏ခန္ဓာကိုယ်ကို ထိန်းချုပ်ရန်ကြိုးပမ်းရင်း ချိန်းကြိုးများကို ဖြည်းဖြည်းချင်း ဖျက်ဆီးပစ်နေခဲ့သည်။
“အနာဂတ်နတ်ဘုရားရဲ့ အသိစိတ်က ကောင်းမင်နဲ့အတူ ရှိနေတာ၊ သူ့ဦးခေါင်းက တံခါးနောက်မှာ အကောင်းဆုံးအနာဂတ်ကို ပုံဖော်ဖို့ အလုပ်ရှုပ်နေပြီး သူ့ခန္ဓာကိုယ်က ဒီနေရာမှာ ခန္ဓာကိုယ်အသစ်တစ်ခုကို ကြီးထွားလာအောင် ကြိုးစားနေတယ် ၊ ငါ ဒီကို ရောက်လာဖို့က မလွယ်ကူခဲ့ဘူး ၊ ရည်ရွယ်ချက်က ပိုင်ရှင်မဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ဆိုပေမယ့် အဲ့ဒါကိုစီတုအန်းက နှောင့်ယှက်နေတာပဲ”
ကောင်းယန်က သူ့ကိုယ်သူ စကားပြောနေသလိုပင်။
“အနာဂတ်နတ်ဘုရားက ဒီအနာဂတ်ကို မြင်ပြီးပြီလား ၊ အဲ့ဒါကြောင့် သူက သူ့ကိုကယ်ဖို့အတွက် သူ့စွမ်းအားအကုန်လုံးကို အသုံးပြုခဲ့တာလား”
“နတ်ဘုရားဖြစ်ဖို့ တပ်မက်သူတွေ သေရလိမ့်မယ်”
စီတုအန်း၏ပါးပြင်ပေါ်တွင် နောက်ထပ်အပေါက်တစ်ခု ပေါ်လာလေသည်။ မျက်ဆံက ကောင်းယွင်ကို စူးစိုက်ကြည့်လိုက်သည်။ ၎င်းသည် အရာအားလုံးဆုံးဖြတ်ပြီးသားဖြစ်မည့်အတိုင်း ကောင်းယန်ကို အရေးမစိုက်ပေ။
မြေအောက်ကားပါကင်ထဲရှိ အလောင်းများထံမှ စေးကပ်နေသောအရိပ်များ စိမ့်ကျလာသည်။ စီတုအန်း၏ဘယ်ဘက်လက်မောင်းပေါ်မှ ချိန်းကြိုးများသည် တောင့်မခံနိုင်တော့ဘဲ ကွဲအက်သွားတော့သည်။
မျက်နှာပေါ်ရှိ အေးစက်စက်အပြုံးတစ်ခုဖြင့် စီတုအန်း၏အသံသည် နတ်ဘုရားအသံနှင့် ပဲ့တင်ထပ်လာ၏။
“နောက်ထပ်က မင်းအလှည့်ပဲ ၊ ပြီးရင် ကောင်းမင်ရဲ့အလှည့်ရောက်လာလိမ့်မယ်”
အဆုံးမရှိသော မုန်းတီးမှုသည် အနာဂတ်ကိုထိုးဖောက်၍ အရာအားလုံးကို အနက်ရောင်အဖြစ် စွန်းထင်းစေလိုက်သည်။ စီတုအန်း၏အရှိန်အဝါက ဖိနှိပ်နေတော့သည်။ သူသည် လူချမ်းသာရပ်ကွက်ရှိ မရဏဘုံနှင့် ပေါင်းစပ်သွားသကဲ့သို့ပင်။ စည်းမျဉ်းအားလုံး ကောင်းယန်ကို ပစ်မှတ်ထားလိုက်ကြသည်။ သူ့အသက်စွမ်းအားမှာ စုပ်ယူခံနေရသည်။
“နောက်ထပ် ကွဲကြေသွားတဲ့ ချိန်းကြိုးတစ်ခုလား ၊ စီတုအန်းက တကယ်ကို စိတ်ပျက်စရာကောင်းတာပဲ…”
ကောင်းယန် လေ့လာလိုက်သည်။ မြှောက်ထားသော သူ့လက်သည် စီတုအန်းဆီသို့ မရွေ့သွားဘဲ သူ့ဦးခေါင်းဆီသို့ ရွေ့လျားသွားလေသည်။
“နောက်ထပ် အကြိမ်အနည်းငယ်ဆိုရင် ငါသူ့ကို ထပ်ပိတ်လှောင်နိုင်တော့မှာ မဟုတ်ဘူး”
‘ဖြန်း’ ခနဲ အသံဖြင့် ကောင်းယန်၏ဦးခေါင်းသည် ပေါက်ကွဲသွား၏။ သူ့ဦးခေါင်းထဲတွင် တွန့်လိမ်နေသောအနီရောင်ယုံကြည်မှုလိုင်းအများအပြား ရှိနေခဲ့သည်!။
အက်ကွဲကြောင်းက ကောင်းယန်၏ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။ သူ့လက်မောင်းပေါ်ရှိ အဖြူရောင်ကျောင်းသားကောင်စီတံဆိပ်က သူ့အလိုလိုပြုတ်ကျသွားပြီး ကြမ်းပြင်ပေါ် ရောက်သွားသည်။
“မင်း ဘာလုပ်…”
စီတုအန်းသည် နောက်ဆုတ်ချင်သော်လည်း သူတို့မှာ အလွန်နီးကပ်နေခြင်းဖြစ်သည်။ အနီရောင်ယုံကြည်မှုက စီတုအန်းကို တုန့်ပြန်ရန် အခွင့်အရေးမပေးဘဲ သူ့ခန္ဓာကိုယ်ထဲသို့ ကျူးကျော်လိုက်သည်။ အနီရောင်ယုံကြည်မှုက စီတုအန်းကို မထိခိုက်စေနိုင်ချေ။
“ပြန်ရစ်စေ”
ဥမင်ထဲရှိ များစွာသောသံသရာစက်ဝန်းများထဲတွင် အကြိမ်များစွာသေဆုံးခဲ့ပြီးနောက် ကောင်းယန်သည် အထူးစွမ်းအားတစ်ခု ရရှိခဲ့သည်။ သူသည် သူ့ခန္ဓာကိုယ်ကိုစတေး၍ သူ့အနီးရှိ ပစ်မှတ်တစ်ခုကို အချိန်ကာလတစ်ခုသို့ နောက်ပြန်ရစ်နိုင်လေသည်။
အနာဂတ်နတ်ဘုရား၏လွှမ်းမိုးခြင်းခံထားရသော စီတုအန်းသည် ရုတ်တရက် လှုပ်ရှားမှု ရပ်တန့်သွားသည်။ သူ့ပါးပြင်ပေါ်မှ မျက်လုံးကပိတ်သွားသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများလည်း ပျောက်ကင်းသွားသည်။ သူ့အမူအရာ၊ မှတ်ဉာဏ်နှင့် ခန္ဓာကိုယ်တို့သည် ၁၅ မိနစ်အကြာအချိန်သို့ ပြန်လည်ရောက်ရှိသွားလေသည်။
ဤသို့ဖြစ်နေချိန်တွင် ဟန်သဲ့ပုဂ္ဂလိကအကယ်ဒမီ၏ယူနီဖောင်းကို ဝတ်ဆင်ထားသော ကျောင်းသားတစ်ဦးသည် ပုန်းအောင်းနေရာမှ ပြေးထွက်လာသည်။ သူသည် တံဆိပ်ကို ကောက်ယူလိုက်ပြီး သူ့လက်မောင်းတွင် ဝတ်ဆင်လိုက်သည်။ ထိုသို့ပြုလုပ်လိုက်သည်နှင့် သူ့အမူအရာက ပြောင်းလဲသွားသည်။ ထိုကျောင်းသားသည် သက်ပြင်းတစ်ချက်ချကာ ဦးခေါင်းပေါက်ကွဲသွားသော ခန္ဓာကိုယ်ကို ကောက်ယူလိုက်ပြီး အနီးနားရှိတိုင်တစ်တိုင်တွင် ချိတ်ဆွဲလိုက်သည်။ ကျန်ရှိနေသေးသော အနီရောင်ယုံကြည်မှုက စီးထွက်လာပြီး ဦးခေါင်းမဲ့ရုပ်တုကို တဖြည်းဖြည်းတိုက်စားလိုက်သည်။
“ဒီလိုမျိုး တိုက်စားမှုက သူ့ခန္ဓာကိုယ်ကိုသိမ်းပိုက်ဖို့ ငါ့အတွက်အခွင့်အရေးပဲ၊ ကောင်းမင်က အတိတ်ကိုလိုချင်ရင် ငါကအနာဂတ်ကို ယူပစ်မယ်”
ချိတ်ဆွဲထားသော ခန္ဓာကိုယ်တစ်ခုစီသည် အချိန်နောက်ပြန်ရစ်ခြင်းနှင့် စတေးခြင်းတို့ကို ကိုယ်စားပြုလေသည်။
ကျောင်းသားက သူ့တံဆိပ်ကို နေရာတကျပြုပြင်လိုက်သည်။ နောက်ဆုံးအဆင့်ကို သူ အပြီးသတ်လိုက်ပြီးနောက် စီတုအန်း၏အေးစက်သောအသံက လွင့်ပျံလာသည်။
“ကျောင်းသားကောင်စီလား ၊ ကောင်းယန်လား”
ကောင်းယန် သူ့ခေါင်းကိုမော့လိုက်သည်။
“ကျုပ်တို့ ပြန်ဆုံရပြီ”
“ကောင်းယန် ၊ မင်း ဟန်သဲ့ပုဂ္ဂလိကအကယ်ဒမီမှာ ငါ့ကိုတစ်ကြိမ်တားဆီးခဲ့ဖူးတယ် ၊ မင်းငါ့ကို ထပ်တားဆီးနိုင်မယ်လို့ ထင်နေတာလား”
စီတုအန်း၏မျက်လုံးများက နီရဲနေသည်။ ဘာကြောင့်မှန်း သူမသိသော်လည်း သူ့နှလုံးသားသည် ကောင်းမင်နှင့်ကောင်းယန်တို့ကို မုန်းတီးမှုများဖြင့် ပြည့်နှက်နေလေသည်။
တိုင်များပတ်လည်ရှိ အလောင်းဆယ့်ခုနစ်လောင်းကို စူးစိုက်ကြည့်ရင်း တစ်စုံတစ်ခုက သူ့နှလုံးသားကို ဆုတ်ဖြဲလိုက်သည်။ သူသည် အန္တရာယ်များသောလေသံဖြင့် ပြောလိုက်သည်။
“နောက်ဆုံးကျရင် မင်းရဲ့ ခန္ဓာကိုယ်အစစ်ကို ငါရှာတွေ့မှာပဲ”
ကောင်းယန် မျက်ခုံးပင့်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းစကားသည် ယခင်ဆယ့်ခုနစ်ခုသော စီတုအန်း၏ပုံစံများ တစ်ခါမှမပြောဖူးသည့် စကားဖြစ်သောကြောင့်ပင်။