← Chapters

တိုက်ခိုက်ခြင်း

Vol. 29 Ch. 422

တိုက်ခိုက်ခြင်း

Vol. 29 Ch. 422

စီတုအန်းမျက်နှာကို စိုက်ကြည့်နေရင်း ကောင်းယန်ကခဏရပ်လိုက်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

“ကျုပ် ခင်ဗျားနဲ့ မတိုက်ခိုက်ချင်ပါဘူး ၊ ဒါပေမယ့် ခင်ဗျားက အမြဲတမ်းကျုပ်လမ်းပေါ် ရောက်ရောက်နေတယ် ၊မကြာခင် ကောင်းမင်ရောက်လာတော့မယ် ၊ ခင်ဗျား ဒီကနေထွက်ပြေးဖို့ အချိန်ရှိသေးတယ်နော်”

“မင်းပဲ … ထွက်ပြေးသင့်တာ”

စီတုအန်းက တစ်စုံတစ်ခုကို အမှတ်ရသွားဟန်ရှိသည်။ကောင်းယန်ကို သူမတိုက်ခိုက်ခဲ့ပေ။ထိုအစား သူဘေးပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။

ကိစ္စများက ဇာတ်ညွှန်းထဲကအတိုင်း ဖြစ်မလာတော့ပေ။ ယခင် ဆယ့်ခုနစ်ကြိမ်တိုင်တိုင် အချိန်နောက်ပြန်ရစ်ခဲ့စဉ်က စီတုအန်းသည် ‘ထွက်ပြေးရမှာက ကောင်းမင်ပဲ’ ဟု ပြောခဲ့သည်ကို ကောင်းယန် သတိရလိုက်သည်။

ဘာလို့ ပြောင်းသွားတာလဲ။ စီတုအန်း တစ်ခုခု ရှာတွေ့သွားတာလား။

သူဥမင်လိုဏ်ခေါင်းထဲက ထွက်လာပြီးကတည်းက ဘယ်သူကမှ ကောင်းယန်၏စွမ်းအားကို မသိနိုင်တော့ပေ။ ယင်းက ကောင်းယန်၏ကိုယ်ပိုင် စည်းမျဉ်းများဖြစ်သည်။

သူ့နှုတ်ခမ်းပေါ်က သွေးများကို လျက်လိုက်ရင်း စီတုအန်း၏အကြည့်များက တိုင်ဘေးတွင် မကြာသေးမီက ချိတ်ဆွဲထားသည့် ရုပ်အလောင်းပေါ် ရပ်တန့်သွားသည်။ သူ့အရေပြားအောက်က အနက်ရောင်ယုံကြည်မှုများ တရိပ်ရိပ်ထိုးတက်လာသည်။ သူ့အသိစိတ်များက ဝေဝါးလာပြီး သူ့လက်ချောင်းများဖြင့် ချိန်းကြိုးများကို ဆုပ်ကိုင်လိုက်သည်။ စီတုအန်း၏ အမူအရာမှာ ထူးဆန်းနေလေသည်။သူသည် မပြုံးမိအောင် အစွမ်းကုန် ကြိုးစားနေရပုံရသည်။

ကောင်းယန်သည် သူ့အိတ်ကပ်ထဲသို့ လက်လှမ်းလိုက်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ စီတုအန်း တစ်ခုခုကို အာရုံခံမိနေကြောင်း သူသတိထားမိသည်။

“ဝိညာဉ်ကို ထိုးဖောက်ခံရပြီး ဒဏ်ရာတွေက တစ်ကိုယ်လုံးပြန့်နှံ့နေတယ်၊ ညှဉ်းပန်းနှိပ်စက်ခန်းမှာ ငါ အများကြီး ခံစားခဲ့ရတယ်”

စီတုအန်းသည် သူ့ပေါ်မှာ ကျန်နေသေးသည့် ချိန်းကြိုးများကို ထိတွေ့လိုက်သည်။

“ဒါပေမယ့်… ငါ တစ်ခါမှ အရှုံးမပေးခဲ့ဘူး ၊ ဖြစ်နိုင်ခြေ အနည်းငယ်လေး ရှိရင်တောင် အသက်ရှင်ဖို့ ငါ အကောင်းဆုံး ကြိုးစားမှာပဲ”

“လှည့်ပတ်ပြောနေတာပဲ… ကောင်းမင် ခဏနေ ရောက်လာတော့မယ်နော် ၊ ခင်ဗျားအတွက် သတင်းဆိုးတစ်ခု ပြောပြမယ် ၊ သူက အတိတ်နတ်ဘုရားရဲ့အိမ်ရာကနေ ထွက်လာပြီး ဒီနေရာကို ရောက်နေပြီ”

ကောင်းယန်၏မျက်နှာအမူအရာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သူသည် အရာအားလုံးအပေါ် ထုံထိုင်းနေခြင်းဖြစ်သည်။ သူ့မျက်လုံးများထဲတွင် စိတ်ခံစားမှုအပိုများ မရှိချေ။

“ငါက လှည့်ပတ်ပြောရတာကို အမုန်းဆုံးပဲ ၊ ငါ မင်းနဲ့ စကားအပိုတွေ ပြောနေတယ်လို့ မင်းထင်ရင် မင်းသေဖို့ နီးနေပြီလို့ အဓိပ္ပာယ်ရတယ်”

စီတုအန်းက သူ့ဝိညာဉ်ကို သေချာစစ်ဆေးလိုက်သည်။ သူသည် တစ်စုံတစ်ခုကို အတည်ပြုနေသည့်အလား သူ့မျက်နှာပေါ်က အပြုံးကို ထပ်မံထိန်းချုပ်ထားနိုင်ခြင်းမရှိတော့ချေ။

“ဒီအချိန်လေးကိုပဲ ငါအကြာကြီး စောင့်နေခဲ့တာ”

သူ့အရေပြားအောက်ရှိ အနက်ရောင်ယုံကြည်မှုများမှာ ကြောက်မက်ဖွယ်ကောင်းသည့် အတိုင်းအတာတစ်ခုအထိ စုပုံနေပြီဖြစ်သည်။ သူ့အရေပြားပေါ်တွင် အက်ကြောင်းများ ပေါ်ထွက်လာခဲ့သည်။ ယခုတစ်ကြိမ် သူထုတ်ဖော်လိုက်သော အရှိန်အဝါက အရင်ကထက် ပိုကြောက်မက်ဖွယ်ကောင်းနေလေသည်။ယင်းက အစောပိုင်းတုန်းက သူဟန်ဆောင်နေခဲ့သလိုပင်။

“မင်းရဲ့ ဝှက်ဖဲကို ငါ မသိဘူး၊ ငါ ဘာနဲ့ ရင်ဆိုင်ရမလဲဆိုတာလည်း မသိဘူး ၊ ဒါပေမယ့် ငါ့ကိုယ်ငါ အပါအဝင် အားလုံးအပေါ် ငါသံသယတစ်ခုရှိတယ်”

စီတုအန်း၏အသံသည် နာကျင်မှုကြောင့်သာမက စိတ်လှုပ်ရှားမှုကြောင့်ပါ တုန်ယင်နေလေသည်။

“ငါ့မှတ်ဉာဏ်က ပုံမှန်ပဲ၊ ငါ့ခန္ဓာကိုယ်လည်း မပြောင်းလဲဘူး ၊ မင်းရဲ့စွမ်းအားက အရမ်းထူးခြားပေမယ့် မင်းတစ်ခုကို လျစ်လျူရှုထားမိခဲ့တယ်”

ကောင်းယန် တုံ့ပြန်ခြင်းမရှိပေ။

“မင်း ငါ့ကို အများကြီး မေ့သွားအောင် လုပ်ခဲ့ပေမယ့် မင်းရဲ့စွမ်းအားက လူတစ်ယောက်တည်းကိုပဲ ပစ်မှတ်ထားနိုင်တာပဲ ၊ ကောင်းမင်ကို ကိုယ်စားပြုတဲ့ ချိန်းကြိုးတွေရော၊ငါ့ကိုရော အရာအားလုံးကို မေ့သွားအောင် မင်းမလုပ်နိုင်ဘူး”

စီတုအန်းသည် ကောင်းယန်၏စွမ်းအားအစစ်အမှန်မှာ မည်သည့်အရာဖြစ်သည်ကို မသိပေ။ သို့သော် ဤထက်မြက်သောလူက အသေးစိတ်များကို သတိပြုမိခဲ့သည်။

“ငါ့ခန္ဓာကိုယ်ကို ချိန်းကြိုး ၁၈ ချောင်း ထိုးဖောက်ထားတယ် ၊ တစ်ချောင်းချင်းစီမှာ ငါ ညှဉ်းပန်းနှိပ်စက်ပြီး သတ်ခဲ့တဲ့လူတွေရဲ့ နာမည်တွေကို ထွင်းထားတယ် ၊ငါဟာ သူတို့ရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို နေ့ရောညပါ ခံစားနေရတယ် ၊ ဒါပေမယ့်… ငါ့ပေါ်မှာ ကျန်နေသေးတဲ့ ချိန်းကြိုး ဘယ်နှစ်ချောင်းရှိလဲ ကြည့်လိုက်စမ်း”

ကောင်းယန်၏စွမ်းအားသည် ပစ်မှတ်တစ်ခုတည်းတွင်သာ အလုပ်လုပ်ခြင်းဖြစ်သည်။ စီတုအန်းသည် သူ့မှတ်ဉာဏ်ကို ဆုံးရှုံးခဲ့ရသော်လည်း အချိန်နောက်ပြန်ရစ်မှုတိုင်းတွင် သူ့ကိုယ်သူ ချုပ်နှောင်ထားသည့် အချုပ်အနှောင်များကို ထိခိုက်စေရန်နှင့် ချိန်းကြိုးများကို အားနည်းစေရန် အနာဂတ်နတ်ဘုရား၏ စွမ်းအားကို အသုံးပြုခဲ့သည်။ထိုရူးသွပ်‌သောလူသည် ဒုတိယအကြိမ် အချိန်နောက်ပြန်ရစ်စဉ်ကပင် ပြဿနာကို သတိထားမိခဲ့သော်လည်း သူတိတ်ဆိတ်စွာနေနေရန် ရွေးချယ်ခဲ့သည်။ အချိန်နောက်ပြန်ရစ်ခြင်းနှင့် မှတ်ဉာဏ်ဆုံးရှုံးခြင်းတိုင်းတွင် သူသည် သူ့အစီအစဉ်ကို အတည်ပြုခဲ့သည်။ စီတုအန်းသည် သူ့ကိုယ်သူ အကြွင်းမဲ့ ယုံကြည်ပေသည်။ သူသည် အချိန်တိုင်း သူ့ကိုယ်သူ ယုံကြည်ခဲ့သည်။ ထို့ကြောင့်သာ သူ ဤအစီအစဉ်ကို စီစဉ်နိုင်ခဲ့ခြင်းဖြစ်သည်။

“ငါဟာ အနာဂတ်နတ်ဘုရားနဲ့ နတ်ဘုရားစာချုပ် ချုပ်ထားပေမယ့် သူကငါ့ကို ဘယ်တုန်းကမှ လွှတ်ပေးဖို့အစီအစဉ်မရှိဘူး ၊ မင်းရဲ့အကူအညီမပါဘဲနဲ့ ချိန်းကြိုးတွေကို အကြိမ်ကြိမ် ဖယ်ရှားဖို့ သူက သူ့စွမ်းအားအကုန်ခံမှာ မဟုတ်ဘူး ၊ ဒီကောက်ကျစ်တဲ့နတ်ဘုရားက အဲ့ဒါနဲ့တောင် ငါ့ကိုထိန်းချုပ်ဖို့ စီစဉ်နေတာ”

စီတုအန်းက အချိန်မဖြုန်းခဲ့ပေ။ သူ့အပေါ်ရှိ ကျန်ရှိနေသေးသော ချိန်းကြိုးများသည် အက်ကြောင်းများ ပြည့်နေပြီဖြစ်သည်။ ချိန်းကြိုးတစ်ချောင်းသာ အကောင်းပတိမပျက်စီးဘဲ ကျန်ရစ်ခဲ့သည်။

“ကောင်းယန်၊ ငါ့ကို လွတ်လပ်မှု ပြန်ရအောင်ကူညီပေးတဲ့အတွက် ကျေးဇူးပဲ”

“ရပါတယ် ၊ ခင်ဗျား အဖြေကိုသိသွားရင်တောင် ကျုပ်က အတူတူလုပ်နေဦးမှာပဲ”

ကောင်းယန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျုပ်က အနာဂတ်နတ်ဘုရားရဲ့ ရုပ်တုကို တိုက်စားနေတာ ၊ ခင်ဗျားရဲ့ အချိန်နောက်ပြန်ရစ်မှုတိုင်းက သူ့စွမ်းအားကို လျော့ချဖို့ ကျုပ်ကိုကူညီပေးလိမ့်မယ် ၊ အဲ့ဒါကြောင့် ခင်ဗျားကို လွှတ်ထားပေးတာပဲ”

စီတုအန်းသည် လွတ်လပ်မှုအတွက် လုပ်နေခြင်းဖြစ်ပြီး ကောင်းယန်၏ ရည်ရွယ်ချက်က အနာဂတ်နတ်ဘုရား၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ရန်ဖြစ်သည်။ သူတို့သည် ရန်ဘက်များဖြစ်သော်လည်း ထူးခြားသည့် ဆက်နွှယ်မှုတစ်ခု ရှိနေသည်။ လျှို့ဝှက်ကြံစည်မှုက အသုံးမဝင်တော့သည့်အခါ သူတို့သည် တစ်ယောက်ကိုတစ်ယောက် အကျိုးဖြစ်စေမည့် အရာစ်ခုခုကို အတင်းအကြပ် လုပ်ဆောင်တတ်ကြသည်။ မြင်သာထင်သာ ဖြစ်သွားရင်ကော ဘာဖြစ်သလဲ။

“ညီမျှတဲ့ အလဲအလှယ်ဆိုတာ အပြန်အလှန်စတေးမှုပေါ်မှာ တည်ဆောက်ထားတာပဲ ၊ မင်း ဘာစတေးမှုမှမရှိဘဲ မင်းရဲ့ စွမ်းအားကို အသုံးပြုနိုင်မယ်ဆိုတာ ငါမယုံဘူး ၊ အခုချိန်မှာ ချိန်ခွင်လျှာက ယိမ်းနေပြီ”

ထို့နောက် စီတုအန်း၏လက်မောင်းများနှင့် နောက်ကျောက ဆုတ်ဖြဲခံလိုက်ရသည်။ သူ့ဒဏ်ရာများထဲမှ မျက်လုံးများ ပွင့်ဟလာသည်။ယင်းသည် အနာဂတ်နတ်ဘုရား ပေးထားသည့်စွမ်းအားကို သူပထမဆုံးအကြိမ် အင်အားပြည့်ထိန်းချုပ်ဖူးခြင်းဖြစ်သည်။

“မင်းရဲ့အကူအညီမပါဘဲ ငါ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး ၊ ငါ့ရဲ့ ကျေးဇူးတင်မှုကို ပြသတဲ့အနေနဲ့ မင်းနဲ့ကောင်းမင်ကို ဒီနေရာမှာ မြှုပ်နှံပေးပါ့မယ်”

ကားပါကင်ထဲရှိ အသားစများ လျင်မြန်စွာကြီးထွားလာကြသည်။ ဦးခေါင်းမဲ့ရုပ်တုသည် စီတုအန်း၏ ကိုယ်ဟန်အနေအထားအတိုင်း သူ့လက်မောင်းများကို မြှောက်လိုက်သည်။

အားနည်းနေသော ချိန်းကြိုးများ ပြိုကျသွားလေသည်။ သူ့ပခုံးရိုးကို ဖြတ်သွားသော ချိန်းကြိုးတစ်ချောင်းသာ မပျက်စီးဘဲ ကျန်ရစ်ခဲ့သည်။ သို့သော် စီတုအန်းသည် ကြမ်းတမ်းရိုင်းစိုင်းစွာ အော်ဟစ်ရယ်မောလိုက်သည်နှင့် အဆုံးမဲ့အနက်ရောင်ချည်မျှင်များ သူ့ခန္ဓာကိုယ်ထဲမှ တွားထွက်လာပြီး ထိုနောက်ဆုံးချိန်းကြိုးကို ရစ်ပတ်လိုက်သည်။

ကောင်းယန်၏မျက်လုံးများ မှိန်ဖျော့သွားသည်။ သူ စီတုအန်းဆီသို့ လျှောက်သွားလိုက်သည်။ သူသည် သူ့ခန္ဓာကိုယ်ကို စတေးလိုက်သည်နှင့် အချိန်နောက်ပြန်ရစ်ခြင်းကို ထပ်မံအသုံးပြုနိုင်မည်ဖြစ်သည်။

“မင်း မကြောက်တာ အံ့သြစရာမရှိပါဘူး ၊သေခြင်းတရားက မင်းပေးဆပ်ရမယ့် တန်ဖိုးပဲ”

စီတုအန်းနှင့် ဦးခေါင်းမဲ့ရုပ်တုတို့သည် သူတို့၏လက်ဖဝါးများကို အတူတကွ ပူးကပ်လိုက်ကြသည်။ အခြား ရုပ်အလောင်းများကလည်း သူတို့နှင့်အတူ လှုပ်ရှားကြသည်။ သူတို့သည် မျက်လုံးများမှိတ်၍ ဆုတောင်းစာများကို ရွတ်ဆိုကြသည်။ အကောင်အထည်ဖြစ်လာသော သေခြင်းတရား၏ အနံ့အသက်သည် ကောင်းယန်ကို ဆုပ်ကိုင်ထားမည့် ဧရာမလက်ကြီးတစ်ခုအဖြစ် ဖွဲ့တည်လာလေသည်။ စီတုအန်းသည် ကောင်းယန်ကို သတ်ဖြတ်ခြင်းမရှိပေ။ သူ့ကို ထိန်းချုပ်လိုက်ရုံသာဖြစ်သည်။ ထိုသို့ပြုလုပ်ပြီးနောက် စီတုအန်းသည် ကောင်းယန်၏ ခန္ဓာကိုယ်အစစ်အမှန်ကို ရှာဖွေရန် ကြိုးစားနေရင်း နောက်ဆုံးချိန်းကြိုးကို ဖျက်ဆီးနိုင်ရန် အာရုံစိုက်လိုက်သည်။

“မင်းနဲ့ ကောင်းမင်က ငါ့ကို နတ်ဆိုးလို့ ခေါ်ကြတယ် ၊ မင်းတို့လည်း မင်းတို့ရဲ့ စွမ်းအားကို အသုံးပြုတိုင်း သက်ရှိတွေကို စတေးကြတာပဲ၊ မင်းတို့က ငါနဲ့ဘာများ ကွာခြားနေလို့လဲ”

စီတုအန်း၏အကြည့်များက တဖျတ်ဖျတ်ဖြစ်နေခဲ့သည်။ ယခုအချိန်အထိ သူသည် ကောင်းယန်၏ ခန္ဓာကိုယ်အစစ်အမှန်က ဘာလဲ သို့မဟုတ် သူက လူသားတစ်ယောက် ဖြစ်သေးရဲ့လားဆိုတာကို မသိသေးချေ။

“လူတွေက အသက်ကြီးလာလေလေ စကားများလာလေလေပဲ”

ကောင်းယန်၏အသံက ပြောင်းလဲမှုမရှိပေ။ သူ ဆက်ပြောရန် ကြိုးစားနေစဉ် ရုတ်တရက် သူ့ခေါင်းကို လှည့်ကြည့်လိုက်သည်။

နံရံတစ်ခုပေါ်တွင် တစ်စုံတစ်ယောက်က အပေါက်တစ်ခုကို တူးထုတ်လိုက်သည်။ မြေအောက်ကားပါကင်ထဲကို တွားသွားချင်နေသော ရှရန်အား ဖန်လီက ထိန်းထားသည်ကို ဝိုးတဝါးမြင်နိုင်လေသည်။

All Chapters