အနာဂတ်နတ်ဘုရား၏မူလ
Vol. 29 Ch. 428
အနာဂတ်ဟူသည် လူများစွာ၏စိတ်ကူးယဉ်မှုနှင့် မျှော်လင့်ချက်ဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။ သို့သော်လည်း တချို့လူများအတွက်မူ ခါးသီးမှုများကိုသာ ကိုယ်စားပြုလေသည်။ အနာဂတ်နတ်ဘုရား၏ နှလုံးသားပေါ်ရှိသံချောင်းများကို ဆွဲထုတ်ရန် ကောင်းမင်သည် နတ်ဘုရား၏အခန်းထဲသို့ ဝင်ခဲ့ရသည်။အမျိုးသမီးသရဲ၏ ကူညီမှုကြောင့် အနာဂတ်နတ်ဘုရား၏နှလုံးသားကို သူထိတွေ့နိုင်ခဲ့သည်။သူသည် နတ်ဘုရားဖန်တီးထားသော အဆုံးမဲ့စိတ်ကူးယဉ်မှုများကြား အစစ်အမှန်အနာဂတ်ကို ရှာတွေ့ရန်လိုအပ်သည်။
ရွှံ့ရုပ်တုကို ဖျက်ဆီးလိုက်ခြင်းသည် အနာဂတ်နတ်ဘုရား၏ယုံကြည်မှုအစိုင်အခဲကြီးကို ဖျက်ဆီးပစ်ခြင်းနှင့် ညီမျှပေသည်။နတ်ဘုရားကလေးကို သိမ်းပိုက်ခြင်းသည် အနာဂတ်နတ်ဘုရား၏အထောက်အပံ့ကို ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။ ကောင်းမင် လုပ်ဆောင်နေသောအရာသည် အနာဂတ်နတ်ဘုရား၏အသိစိတ်ကို ဖျက်ဆီးရန်ဖြစ်သည်။ ကောင်းမင်သည် များစွာသော သွေးနီရောင်မြို့တော်ရွေးချယ်ခံတို့၏ ပူးပေါင်းအားထုတ်မှုကြောင့် ထိုအခွင့်အရေးကို ရရှိခဲ့ခြင်းဖြစ်သည်။
အခန်းထဲတွင် ဘာဖြစ်ပျက်မည်ကို သူမသိပေ။သူ့မျက်နှာက ပြောင်းလဲသွားသည်။သူ့အသိစိတ်သည် မရဏဘုံ၏ အနက်ရှိုင်းဆုံးအပိုင်းထဲသို့ နစ်ဝင်နေခဲ့ပြီဖြစ်သည်။
ယင်းသည် ဟန်ဟိုင်းရှိ လူသားနှင့်နတ်ဘုရားတို့ကြားမှ ပထမဆုံးတိုက်ပွဲဖြစ်ပေသည်။ ကိုယ်ကျင့်စရိုက် သို့မဟုတ် မှတ်ဉာဏ်များထဲမှ မည်သည့်လစ်ဟင်းချက်မဆို အားနည်းချက်တစ်ခုဖြစ်လာပေလိမ့်မည်။ သူတို့သည် နတ်ဘုရားနောက်လိုက်များ၏အနာဂတ်များထဲတွင် လှုပ်ရှားနေကြသည်။သူတို့သည် သေခြင်းတရားထံတွင် သေဆုံးနေကြပြီး အိမ်မက်များထဲတွင် ပြန်လည်မွေးဖွားနေကြသည်။
ထိုသို့ပြင်းထန်လှသော စိတ်ပျက်အားငယ်မှုထဲတွင် သာမန်လူသားတစ်ယောက်သည် တောင့်ခံနိုင်မည်မဟုတ်ချေ။သို့သော်လည်း ကောင်းမင်ကား ကြီးစွာသောချွင်းချက်ဖြစ်သည်။သူသည် များစွာသော အဆိုးရွားဆုံးအနာဂတ်များကို ကြုံတွေ့ခဲ့ပြီးပြီဖြစ်သည်။သူ့တွင်ရှိသော သေခြင်းတရားများသည် အနာဂတ်နတ်ဘုရား၏နောက်လိုက်များ စိတ်ကူးယဉ်နိုင်သည့် မည်သည့်အနာဂတ်ထက်မဆို ဆိုးဝါးသည်။စိတ်ပျက်အားငယ်မှုကို ဖန်တီးနိုင်သည့် နတ်ဘုရားသည် စိတ်ပျက်အားငယ်မှုမျိုးစုံကို မြည်းစမ်းခဲ့ဖူးသည့် လူသားတစ်ယောက်နှင့် ကြုံတွေ့နေရတော့သည်။နှစ်ဖက်လုံးသည် ပုံမှန်မဟုတ်လောက်အောင် စိတ်ဓာတ်ခိုင်မာကြပြီး မည်သူကမှ တုန်လှုပ်ခြင်းမရှိချေ။
အနာဂတ်နတ်ဘုရား၏ နှလုံးသားထဲတွင် ကောင်းမင်သည် မတူညီသော ဘဝမျိုးစုံကိုဖြတ်သန်းနေရသည်။ အဆိုးရွားဆုံးအနာဂတ်တစ်ခုကို သူကြုံတွေ့လိုက်တိုင်း သူ၏ကိုယ်စိတ်ကြံ့ခိုင်မှုမှာ ပိုထက်မြလာလေသည်။သူသည် ဓားတစ်ချောင်းကဲ့သို့ အနာဂတ်နတ်ဘုရား၏နှလုံးသားဆီသို့ တစ်လက်မချင်းဖြည်းညင်းစွာရှေ့တိုး၍ သူနှင့်သက်ဆိုင်သည့် မှတ်ဉာဏ်ကို ရှာမတွေ့မချင်း ရှေ့ဆက်လျက်ရှိသည်။
သူ မျက်လုံးဘယ်နှစ်ကြိမ် ဖွင့်ကြည့်ခဲ့မိသည်ကို မသိတော့ပေ။ ကောင်းမင်သည် အခြားလူတစ်ယောက်၏ အဆိုးရွားဆုံးအနာဂတ်မှ လွတ်မြောက်လာသောအခါတွင် စိတ်ပျက်အားငယ်စရာ မှတ်ဉာဏ်အသစ်တစ်ခုထဲသို့ ပစ်ချခံလိုက်ရပြန်သည်။
ဤနောက်ဆုံးမှတ်ဉာဏ်သည် အခြားအရာများနှင့် မတူပေ။ ၎င်းသည် အလွန်ကြည်လင်ပြတ်သားနေပြီး အစစ်အမှန်ဆန်သည်။ ဖျော့တော့သော ရနံ့တစ်ခုပင် ရနေသေးသည်။
ကောင်းမင် ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ နံရံများအပါအဝင် အရာများစွာကို ဖောက်ထွင်းမြင်နိုင်ကြောင်း သတိပြုမိလိုက်သည်။ သူ သူ့ခန္ဓာကိုယ်ကို လှုပ်ရှားရန် ကြိုးစားလိုက်သော်လည်း သူ့ခြေလက်များကို အာရုံမခံစားနိုင်ပေ။
“ဒီတစ်ခါ ငါ ဘယ်သူ့အနာဂတ်ထဲ ရောက်နေတာလဲ”
တံခါးပွင့်လာသည်။ အဘိုးအိုတစ်ဦးသည် ယဇ်ပူဇော်စရာပစ္စည်းများထည့်ထားသည့် ဗန်းတစ်ခုကို ကိုင်ဆောင်လျက် တုန်တုန်ယင်ယင် လမ်းလျှောက်လာသည်ကို ကောင်းမင် မြင်လိုက်ရသည်။ သူသည် တစ်စုံတစ်ခုကို ရေရွတ်နေသည်။ သူသည် ဗန်းကို ချထားလိုက်ပြီး ပြန်လည်ထွက်ပြေးသွား၏။ အိုဟောင်းနေသော တံခါးဟောင်းကြီး ပြန်ပိတ်သွားပြီး ပတ်ဝန်းကျင်သည် အမှောင်ထုထဲသို့ တဖန်နစ်မြုပ်သွားတော့သည်။
“ငါ ဘယ်ရောက်နေတာလဲ ၊ ငါ အချည်ခံထားရတာလား ၊ ငါ ဟင်းသီးဟင်းရွက်လို ဖြစ်နေတဲ့ လူနာတစ်ယောက်ရဲ့ အနာဂတ်ထဲ ရောက်နေတာလား”
ကောင်းမင် ထိတ်လန့်သွားခြင်းမရှိပေ။ သူသည် မျက်မမြင်လူနှင့် အခြားလူနာအမျိုးမျိုး၏ အနာဂတ်များကို ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ မည်သည်ကမှ သူ့ကို မတုန်လှုပ်စေနိုင်တော့။ အချိန်စီးဆင်းမှုမှာ ဝေဝါးနေလေသည်။ ကောင်းမင်သည် နာရီသံများကိုပင် မကြားရပေ။ အဝေးမှ မောင်းသံတစ်ခုကိုသာ ကြားနေရသည်။
တံခါးပြန်ပွင့်လာသောအခါ ဝတုတ်တုတ်ကလေးတစ်ယောက် ပြေးဝင်လာ၏။ ကလေးသည် ကြမ်းတမ်းပုံပေါက်သော်လည်း သူခိုးတစ်ယောက်ကဲ့သို့ ပြုမူနေလေသည်။ သူသည် ဘောလုံးတစ်လုံးလို ကောင်းမင်ဆီသို့ ပြေးလာသည်။ သူသည် အဘိုးအိုအတိုင်း လိုက်လုပ်၍ သူ့အိတ်ကပ်ထဲမှ ယဇ်ပူဇော်စရာအချို့ကို ထုတ်ယူလိုက်ပြီး စားပွဲပေါ်တင်လိုက်သည်။ ထို့နောက် သူက ကောင်းမင်ကို အကြိမ်အနည်းငယ် ဦးချကန်တော့လိုက်သည်။ သူသည် ‘အနိုင်ကျင့်တဲ့သူတွေ သူ့ကို ဆက်အနိုင်မကျင့်ဖို့နဲ့ သူ့အမေ နေပြန်ကောင်းလာဖို့’ မျှော်လင့်ကြောင်း ရေရွတ်နေခဲ့သည်။ ဆုတောင်းများစွာကိုပါ ရေရွတ်နေလေသည်။ ယင်းက ကောင်းမင်အား ရယ်ချင်စိတ်ရော ဝမ်းနည်းစိတ်ပါ ဖြစ်စေခဲ့သည်။
“ငါ ဒီကလေးရဲ့ မှတ်ဉာဏ်ထဲ ရောက်နေတာလား ၊ ဒါလည်း မဟုတ်သေးပါဘူး...”
နေ့ရက်များ ကုန်ဆုံးသွားသည်။ ကောင်းမင်သည် ထိုသံသရာကို ဖောက်ထွက်ရန် နည်းလမ်းမရှာနိုင်ခဲ့ပေ။ အဘိုးအိုက မကြာခဏ ရောက်မလာတတ်ပေ။ အများစုမှာ သန်းခေါင်ယံအချိန်တွင် ခိုးဝင်လာပြီး ဆုတောင်းတတ်သော ဝတုတ်တုတ်ကလေးသာ ဖြစ်သည်။ သို့သော်လည်း သူ့ဆုတောင်းများက တစ်ခါမှ မပြည့်ခဲ့ပေ။
“ဆုတောင်းတာ အလကားပဲဆိုတာ သူသိရက်နဲ့ နေ့တိုင်း ရောက်လာနေတုန်းပဲ ၊ သူက ငါ့ကို သူ့ရဲ့ ယုံကြည်မှုအဖြစ် သတ်မှတ်လိုက်တာလား”
ကောင်လေးမှာ တဖြည်းဖြည်း ကြီးပြင်းလာခဲ့သည်။ သူ့အဝတ်အစားများပေါ်တွင် ထူးဆန်းသော ပုံစံကွက်များ စတင်ပါရှိလာသည်။ယင်းသည် ကောင်းမင် အရင်က မကြုံဖူးသော အရာဖြစ်သည်။
“ပျင်းစရာကောင်းလိုက်တဲ့ အနာဂတ်ပဲ”
ကောင်းမင် သမ်းဝေလိုက်သည်။ သူ့အသိစိတ်သည် အမှောင်ထဲတွင် ပုန်းအောင်းနေခြင်းဖြစ်သည်။ သူ့အသိစိတ်က ဘယ်လူပုဂ္ဂိုလ် သို့မဟုတ် ဘယ်အရာဝတ္ထုတွင် တွယ်ကပ်နေမှန်း သူ မသိသေးချေ။
သုံးရက်ကြာပြီးသောအခါတွင် လျင်မြန်သော ခြေသံများ ထွက်ပေါ်လာခဲ့သည်။ တံခါးအပြင်ဘက်မှ ငိုယိုအကူအညီတောင်းသံများ ထွက်ပေါ်လာသည်။ သွေးနံ့က သူ့နှာခေါင်းကို တိုက်ခိုက်သွားသည်။ ထွန်းညှိထားသော ဖယောင်းတိုင်များ မြေကြီးပေါ် လဲကျသွား၏။ အဘိုးအိုသည် ဝတုတ်တုတ်ကလေးကို ပွေ့ချီ၍ အခန်းထဲသို့ ပြေးဝင်လာလေသည်။ သူက ကလေးကို စားပွဲအောက်ထဲသို့ ထိုးထည့်လိုက်သည်။ သူသည် ခြေရာလက်ရာအားလုံးကို ဖျောက်ဖျက်လိုက်ပြီး ထွက်သွားသည်။ ကလေးမှာ ကြောက်ရွံ့မှုဖြင့် တုန်ယင်နေလေသည်။သူသည် အသံထွက်သွားမည် စိုးသဖြင့် ငိုပင် မငိုရဲရှာပေ။
မကြာမီ တံခါးကို ရိုက်ချိုးသံ ကြားလိုက်ရသည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများ သန္ဓေပြောင်းနေသော ရွာသားများသည် ဓားများနှင့် လယ်ယာသုံးကိရိယာများကို ကိုင်ဆောင်လျက် ဝင်ရောက်လာကြသည်။ သူတို့ ကောင်းမင်ရှိရာသို့ လှည့်ကြည့်လိုက်သောအခါ သူတို့မျက်နှာပေါ်တွင် တွေဝေတုံ့ဆိုင်းမှုများ ပေါ်လာသည်။ သူတို့သည် စိတ်လှုပ်ရှားနေသလို ကြောက်လည်း ကြောက်ရွံ့နေကြသည်။ နောက်ဆုံးတွင် မည်သူကမျှ အခန်းထဲသို့ ဝင်မလာရဲခဲ့ကြပေ။ သူတို့သည် သွေးစွန်းနေသော ကိရိယာများကို ဘေးချ၍ ကောင်းမင်ကို ဦးညွှတ်လိုက်ကြသည်။ ထို့နောက် သူတို့ ထွက်သွားကြသည်။
ရာဇဝတ်ကောင်များသည် တံခါးကို မပိတ်ခဲ့သဖြင့် ကောင်းမင်နှင့် စားပွဲအောက်မှ ကလေးတို့သည် တံခါးအပြင်ဘက်တွင် ဖြစ်ပျက်ခဲ့သမျှကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။ သူတို့သည် သွေးချောင်းစီးသော သတ်ဖြတ်ပွဲကြီးတစ်ခုလုံးကို မျက်မြင်တွေ့ခဲ့ရသည်။
သွေးနံ့သည် ပုပ်သိုးသိုးနံ့အဖြစ်သို့ ပြောင်းလဲသွား၏။ ဝတုတ်တုတ်ကလေးသည် နေထွက်လာသည့်တိုင်အောင် အပြင်ထွက်ရန် မဝံ့ရဲခဲ့ပေ။ ဒုတိယညတွင် အခြားလူတစ်စု ရောက်လာကြသည်။ သူတို့ နေရာကို စစ်ဆေးလိုက်ပြီး တံခါးကို သော့ခတ်၍ ထွက်သွားကြသည်။
ကလေးသည် သူ့ဘာသာ ရုန်းကန်ရှင်သန်ခဲ့သည်။သူသည် ယဇ်ပလ္လင်ပေါ်တွင် ကျန်ရစ်ခဲ့သော အစားအစာများကို စားသောက်၍ အသက်ဆက်ခဲ့ရသည်။ နောက်ဆုံးတွင် သူ ထွက်ပြေးလွတ်မြောက်သွားသည်။
ကောင်းမင်သည် ကြမ်းပြင်ပေါ်ရှိ ကွဲအက်နေသော မှန်စမှတစ်ဆင့် သူဘယ်ရောက်နေသည်ကို မြင်လိုက်ရသည်။ ယဇ်ပလ္လင်နောက်ရှိ နံရံများသည် အဆောင်လက်ဖွဲ့များဖြင့် ဖုံးလွှမ်းနေလေသည်။ ၎င်းတို့အား ဤအခန်းကို ချိတ်ပိတ်ထားရန် အသုံးပြုထားခြင်းဖြစ်သည်။
နံရံများကို ဖောက်ထွင်းမြင်နိုင်သော စွမ်းရည်မှတစ်ဆင့် ကောင်းမင်၏ယူဆချက် မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ယခုတစ်ကြိမ်တွင် သူသည် လူတစ်ယောက်၏မှတ်ဉာဏ်ထဲ ရောက်ရှိနေခြင်း မဟုတ်ဘဲ သရဲခြောက်သောအိမ်တစ်လုံး၏ မှတ်ဉာဏ်ထဲ ရောက်နေခြင်းဖြစ်သည်။ သူသည် အဆောက်အအုံတစ်ခု ဖြစ်လာခဲ့ခြင်းဖြစ်သည်။
အစပိုင်းတွင် ထိုအိမ်သည် ပုံမှန်အိမ်တစ်လုံး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ထိုနေရာတွင် အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့ပြီးနောက် ၎င်းသည် မတူညီသောအသံများနှင့် ဆုတောင်းသံများကို ကြားခဲ့ရသည်။ ၎င်းသည် လူသားများ၏ခံစားချက်များကို မြည်းစမ်းခဲ့ပြီး လူသားသွေးကို စားသုံးခဲ့သည်။ ၎င်းသည် တဖြည်းဖြည်းဖြင့် အသိစိတ် ဝင်လာခဲ့သည်။
၎င်းသည် လေးလံလှသော အချိန်စီးဆင်းမှုကို စုဆောင်းခဲ့ပြီး လူသားများ၏ အနာဂတ်နှင့်ပတ်သက်သော စိတ်ကူးယဉ်အိပ်မက်များကို ထောက်ပံ့ပေးခဲ့သည်။ ၎င်း၏မျက်နှာသည် အဆောင်လက်ဖွဲ့များ ကပ်ထားသောနံရံများဖြစ်ပြီး ၎င်း၏ကျောပြင်သည် သွေးစွန်းနေသော ကြမ်းပြင်ဖြစ်သည်။
“ဒါက အနာဂတ်နတ်ဘုရားရဲ့ မှတ်ဉာဏ်လား ၊ သူက သရဲခြောက်တဲ့အိမ်တစ်လုံးအဖြစ်ကနေ စတင်ခဲ့တာလား”
အိမ်ကြီးသည်စွန့်ပစ်ခံထားရပြီးနောက် အချိန်ကာလတစ်ခုအကြာတွင် ပိုင်ရှင်အသစ်တစ်ဦး ရောက်ရှိလာသည်။ သို့သော် ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော ဖြစ်ရပ်များ အိမ်ထဲတွင် ဆက်လက်ဖြစ်ပွားနေခဲ့ပြီး နောက်ဆုံးတွင် အိမ်ကြီးသည် ဆွေးမြေ့ပျက်စီး၍ ကျန်ရစ်ခဲ့သည်။ ကောင်းမင် ပြန်လည်ပျင်းရိလာသောအခါ သူ့စိတ်ထဲတွင် ဆိုးယုတ်သော အတွေးတစ်ခု ပေါ်လာလေသည်။
“ ဒီနေရာကို သက်ရှိလူသားတချို့ ရောက်လာအောင် ငါ မျှားခေါ်ကြည့်ရမလား”