ငါက အနာဂတ်မရှိတဲ့သူပဲ
Vol. 29 Ch. 429
အိမ်သည် လူများပိုမိုဝင်ရောက်လာစေရန် တောင့်တလာသောအခါမှသာ ၎င်းသည် သရဲခြောက်သောအိမ်တစ်လုံး အစစ်အမှန် ဖြစ်လာခဲ့သည်။ ဖြစ်ကောင်းဖြစ်နိုင်သည်က ၎င်းသည် သွေးထွက်သံယိုများကို အလွန်အကျွံ မြင်တွေ့ခဲ့ရခြင်း သို့မဟုတ် ဆုတောင်းသံများကို အလွန်အကျွံ ကြားခဲ့ရခြင်း ဖြစ်နိုင်သည်။ အတွေးအမျိုးမျိုးသည် ကောင်းမင်၏စိတ်ထဲတွင် ပွက်လောရိုက်လာခဲ့သည်။ အတွေးတိုင်းသည် အိမ်တစ်လုံး မပြုလုပ်သင့်သော အရာတစ်ခုခုကို လုပ်ဆောင်ရန် သူ့ကို သွေးဆောင်နေခဲ့သည်။
ကောင်းမင်သည် နာကျင်မှုများစွာကို ကျော်ဖြတ်၍ ရှင်သန်ခဲ့ပြီးဖြစ်သဖြင့် ဤအတွေးများက သူ့ကို ဖျက်ဆီးနိုင်ခြင်းမရှိဘဲ သဘာဝအတိုင်းအိမ်ကို ဟောင်းနွမ်းပျက်စီးစေရန်သာ ခွင့်ပြုထားလိုက်သည်။ ကြမ်းပြင်များ ကွဲအက်လာခဲ့သည်။ ခေါင်မိုးကြွပ်များ ပြိုကျကုန်သည်။ ပင့်ကူအိမ်များ အခန်းအနှံ့ ပေါက်ရောက်လာပြီး တောမြက်ရိုင်းများက ခြံဝင်းကို သိမ်းပိုက်လိုက်လေသည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ကောင်းမင်သည် အချိန်၏ထိတွေ့မှုကို ဤမျှပြင်းပြင်းထန်ထန် ခံစားရသည်မှာ ဤသည်က ပထမဆုံးဖြစ်သည်။ စက္ကန့်တိုင်းသည် အိုဟောင်းနေသော အိမ်ထဲသို့ စိမ့်ဝင်သွားပြီး သူ့ကို ဖြည်းညှင်းစွာ တိုက်စားနေခဲ့သည်။ သူ့အသိစိတ်သည် ဝေဝါးလာပြီး သူ့စိတ်အတွေးများက နှေးကွေးလာခဲ့သည်။ ကောင်းမင်သည် ဈာန်ဝင်စားသောအခြေအနေသို့ ရောက်ရှိသွားသည်။
ရေတွက်မရနိုင်သော နှစ်များစွာကြာပြီးနောက် အိမ်ဟောင်း၏တံခါးဝသည် တစ်ဖန်ပြန်ပွင့်လာတော့သည်။ ဖြူဖျော့နေသော လက်တစ်ဖက်က အနီရောင်မီးအိမ်တစ်ခုကို ကိုင်ဆောင်လျက် တံခါးခုံကို ကျော်ဖြတ်ဝင်ရောက်လာလေသည်။
ဖုန်မှုန့်များ လွင့်ပျံသွားပြီး ကောင်းမင် တဖြည်းဖြည်းမျက်လုံးဖွင့်လိုက်သည်။ အနီရောင်မီးအိမ်က အဘိုးအိုတစ်ဦး၏မျက်နှာကို အလင်းရောင်ပေးနေသည်။ ကောင်းမင်သည် ထိုလူကို မမှတ်မိသော်လည်း ထိုအဘိုးအိုကမူ ဤနေရာကို အလွန်ရင်းနှီးပုံရသည်။သူသည် သူ၏မှတ်ဉာဏ်များအတိုင်း လိုက်နာ၍ ယဇ်ပူဇော်စရာများကို စားပွဲပေါ် တင်လိုက်သည်။ သူသည် အဆောင်လက်ဖွဲ့များဖြင့် ဖုံးလွှမ်းနေသော နံရံကို မှီ၍ သူ၏ဇာတ်လမ်းကို ပြောပြခဲ့သည်။ အရေးအကြောင်းများဖြင့် ဇရာထောင်းနေသောမျက်နှာက ကောင်းမင်ရှိရာသို့ စိုက်ကြည့်နေခဲ့သည်။ သူ့လေသံမှတစ်ဆင့် ကောင်းမင်သည် သူ့ကို ဖြည်းဖြည်းချင်း ပြန်မှတ်မိလာသည်။ ဤအဘိုးအိုသည် ယခင်က ဝတုတ်တုတ်ကလေးဖြစ်ပြီး လူသတ်ပွဲမှ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူဖြစ်ပေသည်။
သူသည် သူ၏ဘဝတစ်ခုလုံးကို အသုံးပြုခဲ့သော်လည်း လက်စားချေရန် မအောင်မြင်ခဲ့ပေ။ သူ အိုမင်းသွားခဲ့ပြီဖြစ်သည်။ သူသည် ကံကြမ္မာ၏မတရားမှုကို အော်ဟစ်ကာ ကောင်းမင်ကို ပြောပြနေခဲ့သည်။ သူ့အဘိုး၏စကားများ အမှန်တကယ်ဖြစ်လာစေရန် သူမျှော်လင့်ခဲ့သည်။ သူသည် သရဲနှင့် နတ်ဘုရားများ အမှန်တကယ်ရှိစေရန် ဆုတောင်းခဲ့သည်။ သူ့အသက်ကို ပေးဆပ်ရလျှင်ပင် သူ၏လက်စားချေမှုကို အောင်မြင်ရမည်ဖြစ်သည်။
ကောင်းမင် စောင့်ကြည့်နေစဉ်အတွင်း အဘိုးအိုက သူ၏လက်ကောက်ဝတ်ကို ဓားဖြင့် လှီးဖြတ်လိုက်လေသည်။ သူသည် ထူးဆန်းသော မန္တန်အချို့ကို ရွတ်ဆိုရင်း သူ့လက်များစွေးစွေးနီသွားသည်။ အရူးတစ်ယောက်ကဲ့သို့ သူသည် နံရံပေါ်ရှိ အဆောင်လက်ဖွဲ့များအားလုံးကို ဆွဲဖြဲပစ်လိုက်သည်။ အဆောင်လက်ဖွဲ့များတွင် စွမ်းအားမရှိကြောင်း ကောင်းမင် ကောင်းကောင်းသိသည်။ အကြောင်းမှာ သူသည် ၎င်းတို့ထံမှ မည်သည့်အရာကိုမျှ အာရုံခံစားမိခြင်း မရှိခဲ့သောကြောင့်ဖြစ်သည်။ အဘိုးအိုသည် အဆောင်လက်ဖွဲ့များအားလုံးကို ဆွဲဖြဲပစ်လိုက်လျှင်ပင် မည်သည့်အရာမှ ပြောင်းလဲသွားမည်မဟုတ်ပေ။ သူသည် သရဲခြောက်သောအိမ်တစ်လုံးသာဖြစ်ပြီး နတ်ဘုရားတစ်ပါးမဟုတ်ပေ။ ကြောက်မက်ဖွယ်ကောင်းခြင်းနှင့် ကံဆိုးခြင်း၏အဓိပ္ပာယ်များကို လူသားများက သူ့အပေါ် သတ်မှတ်ပေးခဲ့ခြင်းသာဖြစ်သည်။
ယခင်က ဝတုတ်တုတ်ကလေးသည် ဤအိမ်နှင့်ပတ်သက်သည့် ထိတ်လန့်ခြောက်ခြားဖွယ်ဇာတ်လမ်းများအား သူ့မိသားစုပြောပြသည်ကို နားထောင်ရင်း ကြီးပြင်းလာခဲ့ရသည်။ သူ့ခန္ဓာကိုယ်က သူ့ကို ဆက်လက်မထောက်ပံ့နိုင်တော့သည့်အခါ သူသည် လက်စားချေလိုသော မျှော်လင့်ချက်ကို ဤနေရာတွင် ထားရှိခဲ့သည်။ သို့သော်လည်း နောက်ဆုံးရလဒ်က သူ့ကိုခြေမွပစ်ခဲ့သည်။ နတ်ဘုရားတို့၏ အံ့ဖွယ်တန်ခိုးပြာဋိဟာများ မဖြစ်ပေါ်ခဲ့သလို နတ်ဆိုးသရဲများလည်း ပေါ်မလာခဲ့ပါပေ။
သူ့ထံမှ သွေးများ စီးကျလာသည်နှင့်အမျှ ထိုလူသည် အသက်ရှင်လိုသောသတ္တိကို ဆုံးရှုံးသွားပုံရသည်။ လက်စားချေလိုသော ဆန္ဒက သူ့အသက်ကို ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။ သူ၏ဆန္ဒမှာ သူ့ရန်သူများကို သူ၏လက်ဖြင့် လည်ပင်းညှစ်သတ်ရန်ဖြစ်သည်။ ထိုသို့ မဖြစ်နိုင်ခဲ့ပါက အိမ်ထဲရှိ ‘နတ်ဆိုးသရဲ’ကိုသာ အားကိုးရပေတော့မည်။
နတ်ဆိုးသရဲသည် ကြောက်စရာအကောင်းဆုံးတည်ရှိမှုဖြစ်ပါသော်လည်း ၎င်းသည် သူ၏နောက်ဆုံးအားကိုးရာ ဖြစ်ခဲ့ရသည်။
“ဘာကြောင့်လဲ ၊ သူတို့ ဒီလောက်အပြစ်တွေ လုပ်ထားတာတောင် ဘာလို့ သူတို့ အဆင်ပြေနေရတာလဲ ၊ ငါက ဘာဖြစ်လို့ ဒီလောက်ခံစားနေရတာလဲ ၊ နတ်ဘုရား… ခင်ဗျားရှိနေတာကို ကျုပ်သိတယ် ၊ ကျုပ်ဆုတောင်းသံတွေကို ကြားရဲ့လား ၊ ကျုပ်ရဲ့ဘိုးဘေးတွေ ခင်ဗျားကို အချိန်အကြာကြီး ကိုးကွယ်ခဲ့တာပဲ ၊ ခင်ဗျား ကျုပ်ကို ကူညီပေးပါလား ၊ ခင်ဗျား ကျုပ်ကို ကူညီပေးနိုင်မလား”
ဘဝတွင် မျှော်လင့်ချက်မရှိသူများသည် နတ်ဘုရားထံ ဦးလှည့်လာတတ်ကြသည်။ယင်းသည် နတ်ဘုရားရှိနေခြင်းကြောင့် မဟုတ်သော်လည်း များစွာသောလူများက သူတို့၏မျှော်လင့်ချက်ကို နတ်ဘုရားရဲ့ တည်ရှိမှုပေါ် ပုံအပ်ထားကြခြင်းသာ ဖြစ်သည်။
အဘိုးအို၏အသံက ကောင်းမင်၏နှလုံးသားထဲသို့ ရောက်ရှိလာလေသည်။ သူ့နတ်ကွန်းမှနေ၍ သွေးစွန်းနေသောလက်များဖြင့် နံရံနားတွင် လဲလျောင်းနေသော အဘိုးအိုကို သူ ငုံ့ကြည့်လိုက်သည်။ ဆွဲဖြဲခံထားသော အဆောင်လက်ဖွဲ့များသည် အဘိုးအို၏ဘဝကဲ့သို့ပင် မပြည့်မစုံဖြစ်နေခဲ့သည်။
အဘိုးအို ယဇ်ပလ္လင်ဘေးတွင် သေဆုံးသွားသောအခါ ကောင်းမင်အတွင်းရှိ အတွေးများ ထိန်းချုပ်မရစွာ ပေါက်ကွဲလာတော့သည်။ အဘိုးအို၏နောက်ဆုံးစွဲလမ်းမှုသည် သူ့စိတ်ထဲတွင် စွဲထင်ကျန်ရစ်ခဲ့သည်။ သူ နတ်ဘုရားမဟုတ်ကြောင်း ကောင်းမင်သိသည်။ ရှုပ်ထွေးနေသော အတွေးများကလည်း သူတို့ နတ်ဘုရားမဟုတ်ကြောင်း သိကြသည်။ သို့သော် ကိစ္စများသည် ကံကြမ္မာစီစဉ်ထားသည့် လမ်းကြောင်းအတိုင်း ရှေ့ဆက်နေခဲ့သည်။
သူသည် ဤအရာများကို ထပ်မံဖိနှိပ်ထားနိုင်ခြင်းမရှိတော့ပေ။ ကြောက်မက်ဖွယ်ကောင်းသော အတွေးအမျိုးမျိုးတို့ အမြစ်တွယ်လာကြသည်။ သရဲခြောက်သောအိမ်ကြီးသည် စတင်ပြောင်းလဲလာတော့သည်။ ကောင်းမင်သည်လည်း ကြီးမားစွာ လွှမ်းမိုးခံနေရသည်။ သူ ဝါးမြိုခံနေရသည်ဟု ခံစားနေရသည်။ ကောင်းမင်သည် သူတတ်နိုင်သမျှ အပြင်းအထန် ခုခံခဲ့သည်။
သို့သော် ကောင်းမင်နှင့် အိမ်ကြီးသည် အဘိုးအို၏ရုပ်အလောင်းကို မည်သို့လုပ်ဆောင်ရမည်ဟူသော အချက်၌ အတွေးချင်းတူနေခဲ့သည်။
အိမ်ကြီးသည် အဘိုးအို၏ရုပ်အလောင်းအား အိမ်အတွင်း၌ ဆွေးမြေ့ပျက်စီးစေရန် ခွင့်ပြုလိုက်သည်။ ပန်းများနှင့် ဒုဓလီပန်းများ သူ့ခန္ဓာကိုယ်ပေါ်တွင် ပေါက်ရောက်လာခဲ့သည်။ ဤသည်မှာ သူ၏ဘဝတွင် အလှပဆုံးသော အချိန်ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
ဤအိမ်ကြီးကို သူ၏ယုံကြည်မှုအဖြစ်သတ်မှတ်ခဲ့သော အဘိုးအိုသည် လောကကြီးကို စွန့်ခွာသွားခဲ့ချေသည်။ မကြာမီအချိန်၌ သူမေ့ပျောက်သွားပြီး သူ့မှတ်ဉာဏ်ကို ဖြတ်ကျော်သွားလိမ့်မည်ဟု ကောင်းမင်ထင်ထားခဲ့သည်။ သို့သော် ၎င်းသည် အစမျှသာ ဖြစ်သည်။ အဘိုးအို၏သေဆုံးမှုက မီးပွားများကဲ့သို့ပင် ဆိုးယုတ်သောအတွေးများကို လင်းလက်စေခဲ့သည်။ အဘိုးအို၏နောက်ဆုံးခေါ်ဆိုမှုသည် ရွှံ့နွံများထဲမှ ရောက်ရှိလာသော လက်တစ်ဖက်နှင့်တူသည်။ ၎င်းက မည်သည့်မကောင်းဆိုးဝါးမျိုးကို ဆွဲထုတ်လာမည်ကို မည်သူသိနိုင်မည်နည်း။
အချိန်သည် နှင်းများကဲ့သို့ ကျဆင်းနေခဲ့သည်။ ကောင်းမင်သည် ဆိုးယုတ်သော အတွေးများနှင့် တိုက်ခိုက်နေခဲ့ပြီး လူများစွာသည် သရဲခြောက်သောအိမ်အကြောင်းကို ပိုမိုသိလိုလာကြသည်။ သူတို့သည် သရဲခြောက်သောအိမ်က သူတို့၏ရန်သူများကို ကျိန်စာတိုက်နိုင်ပြီး အနာဂတ်ကို ဖျက်ဆီးနိုင်သည်ဟူသော ကောလာဟလများကို ကြားခဲ့ကြရသည်။ ကောလာဟလများက နေရာအနှံ့ ပျံ့နှံ့သွားတော့သည်။ ချောင်ပိတ်မိနေသည့် များစွာသောလူသားများသည် ဤနေရာကို သူတို့၏နောက်ဆုံးမျှော်လင့်ချက်အဖြစ် စတင်သဘောထားလာကြသည်။ သူတို့သည် အခြားသူများ၏အနာဂတ်ကို ဖျက်ဆီးနိုင်ရန် မျှော်လင့်ချက်ဖြင့် သူတို့ကိုယ်တိုင်ပင် သရဲခြောက်သောအိမ်ထဲသို့ ဆန္ဒအလျောက် ဝင်ရောက်လာခဲ့ကြသည်။ သူတို့သည် သူတို့ကိုယ်သူတို့ ယဇ်ပူဇော်ခဲ့ကြသည်။
ထိုနေရာကို ရောက်လာသူတိုင်းသည် အလွန်ပြင်းထန်သော မျှော်လင့်ချက်များကို ယူဆောင်လာကြသောကြောင့် ကောင်းမင်သည် သူ၏တိုက်ပွဲကို တဖြည်းဖြည်းရှုံးနိမ့်လာရသည်။ သူတို့သည် ဆိုးယုတ်မှုဖြင့် ပြည့်နှက်နေသော နတ်ဘုရားတစ်ပါးဖြစ်လျှင်ပင် ‘နတ်ဘုရား’၏ တည်ရှိမှုကို ပို၍ယုံကြည်လိုကြသည်။ ကောလာဟလများကြောင့် နောက်လိုက်များ ပိုမိုရရှိလာတော့သည်။ လက်တွေ့ဘဝတွင် ဖြစ်ပျက်နေသော အမှန်တကယ်သေဆုံးမှုများသည် အိမ်ကြီးတွင် နောက်လိုက်များနှင့် ဆုတောင်းသူများ ပိုမိုထွက်ပေါ်လာစေခဲ့သည်။
အိမ်ဟောင်းသည် ပြန်လည်ပြုပြင်မွမ်းမံခံခဲ့ရသည်။ ထူးဆန်းသော နတ်ဘုရားရုပ်တုကို ယဇ်ပလ္လင်ပေါ်တွင် တင်ထားခဲ့သည်။ နတ်ဆိုးနတ်ဘုရားကို ယုံကြည်သူများ အတူတကွ စုဝေးလာကြသည်။ သူတို့သည် နတ်ဆိုးရည်မှန်းချက်များ အောင်မြင်ရန်အတွက် သူတို့ကိုယ်သူတို့ နတ်ဘုရား၏လက်ချောင်းများအဖြစ် စတေးကြလိမ့်မည်ဖြစ်သည်။
ကောင်းမင်သည် ထိုကြောက်မက်ဖွယ်ကောင်းသော အတွေးများဖြင့် အသက်ရှူကျပ်လာတော့သည်။ သူသည် ၎င်းတို့ကို မထိတွေ့လိုသော်လည်း ခုခံရန် မတတ်နိုင်ခဲ့ပေ။သူသည် စားပွဲပေါ်ရှိ ရုပ်တုက သူ့ကို ပြုံးပြနေသည်ကိုသာ ကြည့်နေခဲ့ရသည်။ ရုပ်တု၏မျက်နှာသည် ပိုမိုရှင်းလင်းလာ၏။ ၎င်းသည် ကောင်းမင်နှင့် တူနေလေသည်။ ရုပ်တုအပြည့်အဝ ပြီးဆုံးသွားသောအချိန်သည် ကောင်းမင်၏ဘဝ ပြီးဆုံးသွားသည့်အချိန် ဖြစ်လာပေလိမ့်မည်။
“ငါ လှုပ်ရှားလို့ မရဘူး ၊ ဘာမှ လုပ်လို့ မရဘူး ၊ ငါက အိမ်တစ်လုံးပဲ ၊ ငါဒါကို ဘယ်လို ဖျက်ဆီးနိုင်မလဲ”
တစ်ခုတည်းသော ဖြေရှင်းနည်းမှာ ကောင်းမင်သည် ဆိုးယုတ်သော အတွေးများကို လက်ခံလိုက်ပြီး နတ်ဘုရား၏အမှောင်မှိုက်ဆုံးအပိုင်းကို ဝါးမြိုကာ နတ်ဘုရား၏နောက်လိုက်များကို ထိန်းချုပ်ရန်ဖြစ်သည်။ သို့သော်လည်း သူထိုသို့ပြုလုပ်လိုက်ပါက အနာဂတ်နတ်ဘုရား၏ အစီအစဉ်များထဲသို့ လမ်းလျှောက်ဝင်သွားသလိုဖြစ်လိမ့်မည်...။
“ငါ့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူး ၊ ဒါက အနာဂတ်နတ်ဘုရား ငါ့ကို ပြောပြဖို့ ကြိုးစားနေတဲ့ဟာလား”
သူ၏အသိစိတ်သည် ဆိုးယုတ်သောအတွေးများကို စားသုံးလိုက်တော့သည်။ ကောင်းမင်သည် မှောင်မိုက်သော အတွေးများ ကူးစက်ခံလိုက်ရသော်လည်း နောက်လိုက်များကို တစ်စိတ်တစ်ပိုင်း ထိန်းချုပ်နိုင်သည့်စွမ်းအားကိုလည်း ရရှိခဲ့သည်။
၎င်းသည် အလွန်ထူးခြားသော ယှဉ်ပြိုင်မှုဖြစ်သည်။ နှစ်ဖက်စလုံးသည် ယုံကြည်မှုအတွက် တိုက်ခိုက်ရန်အတွက် နောက်လိုက်များ၏ဆန္ဒများကို သူတို့၏ကိုယ်ပိုင်နည်းလမ်းများဖြင့် ဖြည့်ဆည်းပေးရမည်ဖြစ်သည်။ ကျန်ရှိသူသည် အနာဂတ်နတ်ဘုရားအစစ်အမှန် ဖြစ်လာပေလိမ့်မည်။