ဓားစာခံများ
Vol. 29 Ch. 434
ထိုသို့ပြောလိုက်ပြီးနောက် လျိုယီသည် သူမ၏အနီရောင် ကျောင်းသားကောင်စီတံဆိပ်ကို တပ်ဆင်ကာ ထွက်ခွာသွားလေသည်။ ကောင်းမင် သူမကို မတားခဲ့ပေ။ အရိပ်ကမ္ဘာနှင့် လူနေရပ်ကွက်ထဲတွင် ကျန်ရှိနေကြသော သရဲများက လျိုယီကို တက်ကြွစွာ ရှောင်ရှားလိုက်ကြသည်။
သူတို့ ဟန်သဲ့ကိုယ်ပိုင်ကျောင်းတွင် ရှိနေစဉ်က ကောင်းမင်သည် လျိုယီနှင့်ရင်းနှီးကျွမ်းဝင်မှုတစ်ခုကို ခံစားနေရဆဲဖြစ်သည်။ သို့သော်လည်း သူမသည် ထိုနောက်ပိုင်းတွင် လုံးဝလျှို့ဝှက်ဆန်းကြယ်သောလူတစ်ဦး ဖြစ်လာခဲ့သည်။
ကောင်းမင်သည် အခန်း ၁၃ မှ လူနှစ်ဦးကို အများဆုံးသတိထားခဲ့သည်။ ၎င်းတို့မှာ ကောင်းယန်နှင့် လျိုယီတို့ ဖြစ်သည်။ တိုက်ဆိုင်စွာပင် သူတို့နှစ်ဦးလုံးသည် ကျောင်းသားကောင်စီမှ ဖြစ်ကြသည်။ သို့သော်လည်း လျိုယီသည် အနီရောင်တံဆိပ်ကိုဝတ်ဆင်ပြီး ကောင်းယန်က အဖြူရောင်တံဆိပ်ကို ဝတ်ဆင်သည်။
“လျိုယီ မလိမ်ခဲ့ပါဘူး ၊ တံခါးနောက်မှာ ဘယ်သူမှမြင်ချင်မှာမဟုတ်တဲ့အနာဂတ်ကို ကျုပ်တို့ မြင်ခဲ့ရတာ အမှန်ပါပဲ ၊ လူသားမျိုးနွယ်တွေဟာ... ဘေးကပ်ဆိုးရဲ့ကိုယ်စားပြုမှု ဖြစ်လာခဲ့တယ်”
အဖွဲ့တစ်ခေါင်းဆောင်သည် ကောင်းမင်ထံချဉ်းကပ်ရန် သတ္တိမွေးလိုက်လိုက်သည်။
“ကိုယ့်ကိုယ်ကို ရှာတွေ့နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် ၊ ကျုပ်တို့ကြားက နားလည်မှုလွဲစရာတွေဟာ ကျင်းထောင်ရှန်းနဲ့ ရုံးချုပ်ရဲ့ လက်ချက်ပါဗျာ”
ကောင်းမင် မတုံ့ပြန်သောကြောင့် ထိုလူက လျင်မြန်စွာ ထပ်ပြောသည်။
“ကျုပ်တို့ ရှင်းလုက သေမင်းဂိမ်းထဲမှာ အကြာကြီး နေခဲ့ရတယ် ၊ ရုံးချုပ်က ကျုပ်တို့ကို ဓားတွေအဖြစ်ပဲ မြင်တယ် ၊ သူတို့က ကျုပ်တို့ကို မယုံကြည်ဘူး ၊ဒါကို ဝမ်ကျားဆီ ရှင်းပြဖို့ အခွင့်အရေးပေးပါ”
“ရှင်းလုက ဂိမ်းလား”
ကောင်းမင် ပြုံးလိုက်သည်။
“ဟန်ဟိုင်းကနေ ဘယ်သူမှ အမှန်တကယ်မထွက်ခွာခဲ့ဖူးဘူး၊ ဆိုတော့ ... ခင်ဗျားတို့ လာခဲ့တဲ့ ရှင်းလုက တကယ့်ရှင်းလုဆိုတာ ခင်ဗျားဘယ်လိုပြောနိုင်မလဲ”
ကောင်းမင်သည် ကေကို သတ်ဖြတ်ခဲ့ပြီး ဝမ်ကျားကို အကြိမ်များစွာ လှည့်စားခဲ့သော်လည်း အပြန်အလှန်အားဖြင့် မည်သည့်အရာမှမဆုံးရှုံးခဲ့ပေ။
“အမှန်တရား နီးကပ်လာနေပြီ ၊မကြာခင် အရာအားလုံးကို ခင်ဗျားမှတ်မိလာလိမ့်မယ်”
ဟန်ဟိုင်းသည် ထောင်တစ်ခုဖြစ်သည်။ လူတိုင်း၏မှတ်ဉာဏ်များသည် တည်းဖြတ်ခံထားရသည်။ ဟန်ဟိုင်းရှိ မည်သည့်အင်အားစုနောက်ကွယ်တွင်မဆို သွေးနီရောင်မြို့တော်ပိုင်ရှင်တစ်ဦး ရှိနေနိုင်သည်။ ဤသည်မှာ ကောင်းမင်သည် အနာဂတ်နတ်ဘုရား၏မှတ်ဉာဏ်ထဲတွင် နားလည်ခဲ့သော အရာဖြစ်သည်။ ဟန်ဟိုင်း သွေးနီရောင်မြို့တော်၏ လူသေဓာတ်ပုံတွင် ရွေးချယ်ခံ ၁၃ ဦး ရှိခဲ့သည်။ တိုက်ဆိုင်စွာဖြင့် ဟန်ဟိုင်းအပါအဝင် အဆုံးမဲ့အနက်ရောင်မြူခိုးကမ္ဘာတွင် သွေးနီရောင်မြို့တော် ၁၃ မြို့ ရှိနေခဲ့သည်။ ထာဝရဘဝအိမ်ရာအတွင်း၌ အော်ဟစ်သံများ မရပ်မနား ပဲ့တင်ထပ်နေသည်။ ကောင်းမင် မော့ကြည့်လိုက်သည်။ အနာဂတ်နတ်ဘုရား၏နှလုံးသားကို ပေါင်းစည်းပြီးနောက် ကိစ္စများကိုရှုမြင်သော သူ့အမြင်က ကွဲပြားသွားသည်။
“ခင်ဗျားကို ဝမ်ကျားနဲ့ တွေ့ခွင့်ပေးမယ် ၊ သူ အခု ကျင်းထောင်ရှန်းရဲ့ လူတွေ လိုက်ဖမ်းတာခံနေရတယ် ၊ ကျုပ်တို့ အခုလှေတစ်စင်းတည်းပေါ် ရောက်နေပြီ”
အဖွဲ့တစ်ခေါင်းဆောင်သည် သူတို့၏နားလည်မှုလွဲနေခြင်းကို ဖြေရှင်းရန် ဆုံးဖြတ်ထားသော်လည်း ကောင်းမင် သူ့ကို ငြင်းပယ်လိုက်သည်။
“သူတို့ မကြာခင် ဒီကို ရောက်လာလိမ့်မယ်”
ကောင်းမင် စကားဆုံးသည်နှင့် ထာဝရဘဝအိမ်ရာအတွင်းရှိ နာရီများ လျင်မြန်စွာ ရွေ့လျားသွားသည်။ သွေးများစွာသည် မြေပြင်ကို စွန်းထင်းသွား၏။ သူ၏အသံသည် အခန်းတိုင်းတွင် ပဲ့တင်ထပ်သွားသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် အဆောက်အအုံရှိ လုံခြုံရေးတံခါးများအားလုံး ပွင့်ထွက်သွားသည်။ ဒဏ်ရာရထားသော ဝမ်ကျားနှင့် လုံခြုံရေးအဖွဲ့ဝင်အချို့၏ခေါင်းဆောင်များသည် အတူတကွ ရပ်နေကြသည်။ ကော်ရစ်ဒါ၏အခြားတစ်ဖက်တွင် လူဦးခေါင်းများ လှိမ့်ဆင်းလာလေသည်။ ကျိုးကျွင်းနှင့် ယွမ်ဟွေ့တို့သည်လည်း သူတို့၏လက်အောက်ငယ်သားများနှင့်အတူ ထွက်ပေါ်လာကြသည်။ သူတို့ခန္ဓာကိုယ်ပေါ်ရှိ သရဲတက်တူးများက အသက်ဝင်နေကြသည်။ သူတို့သည် လူသားများလား သရဲများလားဖြစ်သည်ကို ခွဲခြားမရနိုင်တော့ပေ။
ကော်ရစ်ဒါတွင် ကောင်းမင်ကို မြင်လိုက်သောအခါ နှစ်ဖက်စလုံး သတိထားလိုက်ကြသည်။ ကံကောင်းစွာဖြင့် သူတို့သည် သူတို့၏သရဲတက်တူးစွမ်းအားကို ပြန်လည်ရရှိခဲ့ကြပြီးဖြစ်သည်။
“အဆောက်အအုံထဲက ကျန်တဲ့ ခြောက်ခြားဂိမ်းကစားသမားတွေ ဘယ်မှာလဲ”
အဖွဲ့တစ်ခေါင်းဆောင်မှာ စိုးရိမ်တကြီး ဖြစ်နေလေသည်။ သူက ကောင်းမင်ကိုယ်စား တောင်းဆိုလိုက်သည်။
သူမ၏ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော အမျိုးသမီးခေါင်းဆောင်က ကျိုးကျွင်းကိုလက်ညှိုးထိုးကာ ရဲရဲနီနေသောမျက်လုံးများဖြင့် စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။
“သူ သူတို့အားလုံးကို ယဇ်ပူဇော်လိုက်ပြီ”
“မင်း လိမ်နေတာပဲ”
လူအုပ်ထဲတွင် ပုန်းနေသော ဟယ်ကျင်း ခုန်ထွက်လာသည်။ အားနည်းနေသော ခြောက်ခြားဂိမ်းကစားသမားများစွာက သူ့နောက်မှ လိုက်ပါလာကြသည်။ သူတို့သည် ယဇ်ပူဇော်ခံရလုနီးပါး ဖြစ်ခဲ့ရသည်။ သူတို့၏ခန္ဓာကိုယ်များပေါ်တွင် တစ်ခါသုံး သရဲတက်တူးများစွာ ရေးဆွဲခံထားရသည်။
“ကျုပ်တို့ ဒီကစားသမားတွေကို ရှာတွေ့တော့ သူတို့က ယဇ်ပလ္လင်မှာ အချည်ခံထားရတာ ၊ ရှင်းလုက လာတဲ့ ခင်ဗျားတို့သောက်ရူးတွေက သရဲတွေကြောင့် ဖောက်ပြန်နေကြပြီ ၊ ခင်ဗျားတို့က သူတို့ကို လူသားအဖြစ်တောင် သတ်မှတ်တာမဟုတ်ဘူး”
ဟယ်ကျင်း အသံကျယ်ကျယ် အော်ဟစ်လိုက်သည်။ အမျိုးသမီးခေါင်းဆောင်က ပြန်လည်ငြင်းခုံသည်။ နှစ်ဖက်လုံးက သူတို့၏ ‘အပြစ်ကင်းစင်မှု’ ကို သက်သေပြရန် တစ်ဦးကိုတစ်ဦး အသရေဖျက်နေခဲ့ကြသည်။
“တိတ်စမ်း”
ကျိုးကျွင်း ရုတ်တရက် ပြောလိုက်သည်။ သူသည် မြို့တော်အရှေ့ပိုင်းလုံခြုံရေးအဖွဲ့ဝင်အားလုံး၏ ရှေ့တွင် ရပ်နေခြင်းဖြစ်သည်။ သူ၏အကြည့်များက ကောင်းမင်ပေါ်တွင် အာရုံစိုက်နေသည်။ သူတို့ ဟန်သဲ့ကိုယ်ပိုင်ကျောင်းတွင် ပထမဆုံးတွေ့ဆုံခဲ့စဉ်က သူသည် ကွင်းစုံစမ်းစစ်ဆေးရေးဌာန၏ အကြီးအကဲ ဖြစ်သည်။ သူ့တွင် တောက်ပသော အနာဂတ်တစ်ခုရှိခဲ့သည်။ သူသည် ကောင်းမင်ကို ပြဿနာတစ်ခုအဖြစ်ပင် မသတ်မှတ်ခဲ့ပေ။ သို့သော်လည်း ဤတစ်ကြိမ်တွင်တော် ကောင်းမင်သည် အနာဂတ်နတ်ဘုရားနှင့်ဆင်တူသော တည်ရှိမှုကို ထုတ်လွှတ်နေလေသည်။ သူသည် နတ်ဘုရားမီးလျှံတစ်ခု ထွန်းညှိထားသော နတ်ဆိုးနတ်ဘုရားတစ်ပါး ဖြစ်နေခဲ့သည်။
“ကောင်းမင်၊ ငါတို့ကို ထားတာက မင်းအတွက် ပိုအသုံးဝင်ပါတယ် ၊ ရုံးချုပ်က ငါတို့ကိုကယ်ဖို့ မင်းကို အများကြီး ကမ်းလှမ်းလိမ့်မယ် ၊ သူတို့ မင်းကို ရွှေ့ပြောင်းပေးလိမ့်မယ်”
ကျိုးကျွင်းသည် ကျင်းထောင်ရှန်း ပေးခဲ့သော မစ်ရှင်များကို သူတို့ကျရှုံးခဲ့ကြောင်း သိသည်။ သူတို့၏ ပစ်မှတ်နှစ်ခုစလုံးသည် အသက်ရှင်နေဆဲဖြစ်သည်။ သူတို့မှာ စိုးရိမ်ဖွယ်အနေအထားတွင် ရောက်ရှိနေကြသည်။
“ငါ့ကို ရွှေ့ပြောင်းဖို့က မလွယ်ဘူးနော်”
ကောင်းမင်သည် သူ၏သူငယ်ချင်းဟောင်းကို စိုက်ကြည့်လိုက်သည်။
“ငါတို့ အဆောင်တစ်ခုတည်းနေတုန်းက မင်းကို ရိုးသားပြီးကြင်နာတဲ့လူလို့ ထင်ခဲ့တာ။ မင်းက ငါတို့အတန်းဖော်အားလုံးရဲ့သွေးတွေကို မင်းလက်ပေါ် မှာ အဆုံးသတ်စေမယ်လို့ ဘယ်သူထင်ခဲ့မှာလဲ”
“ကျင်းထောင်ရှန်းက အတိတ်နတ်ဘုရားနဲ့ အနာဂတ်နတ်ဘုရားတွေနဲ့ ပူးပေါင်းခဲ့ပြီး ခြောက်ခြားဂိမ်းကစားသမားတွေနဲ့ဝမ်ကျားကို ထောင်ချောက်ဆင်ခဲ့တာ ၊ သူ့ရဲ့ အစီအစဉ် ချောချောမွေ့မွေ့ဖြစ်ဖို့အတွက် ရုံးချုပ်ရဲ့အင်အားစုတွေကို စည်းရုံးခဲ့တယ် ၊ မင်း ဒီအခွင့်အရေးကို အသုံးပြုပြီး တောင်ဘက်ဆိပ်ကမ်း စုံစမ်းစစ်ဆေးရေးဌာနချုပ်ထဲကို ထိုးဖောက်မယ်ဆိုတာလည်း သူ ခန့်မှန်းပြီးသားပဲ”
ကျိုးကျွင်းသည် အမှန်တရားကိုသာ ပြောနေခြင်းဖြစ်သည်။
“မင်းရဲ့ သရဲမိတ်ဆွေတွေက အခု ရုံးချုပ်ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေလောက်ပြီ”
ရွှမ်ဝမ် ၊ ကျန်းတင်း၊ ခွေးကြီးနှင့် ကျန်လူများက ကောင်းမင်ကို မကယ်တင်ခဲ့ကြသည်မှာ သူတို့ ဆန္ဒမရှိ၍မဟုတ်ဘဲ သူတို့တွင် သူတို့၏ကိုယ်ပိုင်မစ်ရှင်များ ရှိနေသောကြောင့်ဖြစ်သည်။ ရုံးချုပ်သည် ဤကြီးမားသောလူရွေးပွဲကို သုံး၍ ကောင်းမင်ကိုသတ်ဖြတ်လိုခဲ့သည်။ သဘာဝအတိုင်း ကောင်းမင်သည် သူ၏ကိုယ်ပိုင်တန်ပြန်တိုက်ခိုက်မှုကို စတင်ရမည်ဖြစ်သည်။ သို့သော် နှစ်ဖက်စလုံးသည် တစ်ဖက်ကိုတစ်ဖက်ကို အလွန်အမင်းလျှော့တွက်မိခဲ့ကြသည်။
“ရုံးချုပ်မှာ သူတို့ရဲ့ကိုယ်ပိုင် အိပ်မက်သရဲတွေ ရှိတယ်”
ကျိုးကျွင်း၏စကားများက ကြီးမားသော လှိုင်းလုံးကြီးတစ်ခုကို ဖြစ်သွားစေသည်။
“ဒါကြောင့် စီတုအန်းက ဒီလောက်အထိ နာခံနေတယ်လို့ မင်းထင်နေတာလား”
“ငါ ထင်ထားတဲ့အတိုင်းပဲ”
ကောင်းမင်က ကျိုးကျွင်းကို စစ်ဆေးလိုက်သည်။
“ကျင်းထောင်ရှန်းကို ဆက်သွယ်လိုက် ၊ ငါ သူနဲ့ စကားပြောချင်တယ်”
“မင်း ငါ့ကို လွှတ်ပေးမလို့လား”
ကျိုးကျွင်း အံ့အားသင့်သွားသည်။ ကောင်းမင်သည် ပြောရဆိုရ လွယ်ကူနေသောကြောင့် ဖြစ်သည်။
“ထာဝရဘဝအိမ်ရာတွေရှေ့မှာ ငါ့ကို လာတွေ့ဖို့ ပြောလိုက် … သူ မလာရဲရင် ငါသူ့ကို သွားတွေ့မယ်”
ကျင်းထောင်ရှန်း၏ပုံရိပ်သည် ကောင်းမင်၏မျက်လုံးထဲတွင် လျှပ်တစ်ပြက် ပေါ်ထွက်လာသည်။ အတိတ်နှင့်အနာဂတ်မှ ထိုလူသည် ဖြည်းညင်းစွာပင် ကောင်းမင်၏ဝါးမြိုခြင်းခံလိုက်ရပြီး ပျောက်ကွယ်သွားခဲ့သည်။
“ကျန်တဲ့သူတွေ ဒီမှာပဲ နေလို့ရတယ် ၊ မင်းတို့က ရုံးချုပ်အတွက် ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ ငါ သိချင်တယ်”
“ကောင်းမင်၊ ကျုပ်တို့ ဆွေးနွေးလို့ရတယ်”
အဖွဲ့တစ်ခေါင်းဆောင်၏ သရဲတက်တူးသည် ပြန်လည်ကောင်းမွန်လာခဲ့သော်လည်း သူ တိုက်ခိုက်လိုခြင်း မရှိပေ။ သူသည် ငြိမ်းချမ်းရေးသမားဖြစ်ရန် ကြိုးစားနေခဲ့သော်လည်း ကောင်းမင်က ဝမ်ကျားကို လွှတ်ပေးရန် စီစဉ်ထားခြင်းမရှိပေ။
ကောင်းမင်သည် ကျိုးကျွင်းအတွက် တံခါးဖွင့်ပေးလိုက်သည်။ ကျိုးကျွင်း ထွက်ခွာသွားပြီးနောက် ကောင်းမင်သည် တံခါးတွင် တစ်ကိုယ်တည်းရပ်လိုက်သည်။သူ၏လက်များကို ရင်ဘတ်ပေါ် ဖိလိုက်သည်။ လက်ချောင်းက သူ့အသားထဲသို့ တူးဆွဝင်ရောက်သွားသည်။
“တံခါးပွင့်စမ်း”
ဤသည်မှာ အနာဂတ်နတ်ဘုရားကိုစုပ်ယူပြီးနောက် သူ၏စွမ်းအားအပြည့်ဖြင့် ညှဉ်းပန်းနှိပ်စက်ခန်းကို ပထမဆုံးအကြိမ် ဖွင့်လိုက်ခြင်းဖြစ်သည်။ သူ့အစီအစဉ်မှာ ရိုးရှင်းသည်။ သူသည် ဝင်ပေါက်အား သူ၏နယ်ပယ်ထဲသို့ ပေါင်းစည်းရန် စီစဉ်ထားသည်။ သူသည် ကျင်းထောင်ရှန်းကို ညှဉ်းပန်းနှိပ်စက်ခန်းထဲသို့ အတင်းအကျပ် ဆွဲခေါ်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။