သေရမှာ မကြောက်ရင် လိုက်လာခဲ့လေ
Vol. 1 Ch. 262
"အရှေ့ဘက်ကို"
တစ္ဆေမျက်လုံး မြို့တော်၏ မြေအောက် သုံးဆယ်ကီလိုမီတာ အကွာတွင် ကျန်းရီသည် ကျုံးဝူသားရဲကို မရပ်မနား မောင်းနှင်လျက် ရှိသည်။ မြေအောက်တွင် မြောက်ဘက်သို့ ဦးတည်နေသော ပုံမှန်အရွယ်အစား ဥမင်တစ်ခု ရှိလေသည်။ ကျန်းရီသည် အချိန်တစ်ခု ကြာအောင် လိုက်နေပြီးနောက် ဥမင်မှာ ရုတ်တရက် လမ်းကြောင်း ပြောင်းသွားသည်ကို သတိထားမိ လိုက်သည်။ လိုက်နေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း လူတစ်ယောက်ကိုမှ မတွေ့ရသေးပေ။ ကျန်းရီသာ မြေခွေးလေး၏ ရနံ့ကို ခြေရာမခံနိုင်လျှင် သူတို့၏ ပစ်မှတ် ပျောက်နေလောက်ပေပြီ။
"ကျောင်းအုပ်ချီ အချိန်မရွေး တိုက်ပွဲဝင်ဖို့ ပြင်ထားပါ၊ ရန်သူက အားကောင်းပြီး ကောင်းကင် လက်နက်တွေ ရှိတဲ့အပြင် အရမ်းလည်း မြန်နေတယ်"
နှစ်နာရီကြာ လိုက်ပြီးနောက် ကျန်းရီသည် မြေခွေးလေး၏ ရနံ့မှာ ပိုပြင်းလာပြီမှန်း သတိပြုမိ လိုက်သည်။ ထို့ကြောင့် သူသည် ကျောင်းအုပ်ချီတို့ လူစုအား ကြိုတင် အသိပေးလိုက်သည်။
"ကျန်းရီ ... စိတ်မပူနဲ့၊ ငါတို့သေရမယ် ဆိုရင်တောင် မြေခွေးလေးကို ကယ်မယ်"
ကျောင်းအုပ်ချီ၊ ဒုကျောင်းအုပ်လျှိုနှင့် ကျန်လူများသည် ဆုံးဖြတ် ထားသည့်ဟန်နှင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ မြေခွေးလေးသည် အသက်ပေါင်း များစွာ၏ သေရေးရှင်ရေးနှင့် သက်ဆိုင်နေသည့် အပြင် နတ်ဆိုး ဧကရီကလည်း မြေခွေးလေးကို ပြန်မအပ်နိုင်မချင်း နတ်ဆိုးသားရဲ စစ်တပ်ကို ပြန်မသိမ်းဟု ပြောသွားခဲ့သည်။ မြေခွေးလေးကို ရှာမတွေ့လျှင် နယ်မြေတစ်ခုလုံး အထိနာမည့် အပြင် သေဆုံးသူ အရေအတွက်မှာလည်း ဆက်လက်မြင့်တက် နေလိမ့်မည်။ သူတို့ တတ်နိုင်သည့်အရာ မရှိတော့လျှင် ရွှေယို့လန်၊ ကျူးကော့ချမ်ယွမ်နှင့် အခြားသော ထိပ်သီး သိုင်းသမားတို့သည် အသက်ကိုရင်း၍ တိုက်ခိုက် ရလိမ့်မည်။ အဆုံးတွင် နှစ်ဖက်လုံး အကြီးအကျယ် ဆုံးရှုံးရမည်သာ။
"အမ်"
နောက်ထပ် မိုင်အနည်းငယ် ဆက်လိုက်ပြီးနောက် ဥမင်မှာ မြေပေါ်သို့ မြင့်တက် သွားသည်ကို ကျန်းရီ တွေ့လိုက်ရသည်။ မြေခွေးလေး၏ ရနံ့မှာလည်း ပိုမိုသိပ်သည်း လာခဲ့သည်။ သူသည် ကျုံးဝူသားရဲကို အပေါ်သို့ ပြေးတက်ရန် ထိန်းချုပ်ရင်း အကြားအာရုံကို တိုးမြှင့်ကာ နားစွင့်လိုက်သည်။
"သူတို့ရှေ့မှာပဲ၊ ရှစ်ယောက်ရှိတယ် ... အကုန်လုံးက စိတ်ဝိညာဉ် မျောလွင့် ခရီးသည် သတ္တမအဆင့်နဲ့ အထက်မှာ ရှိတယ်"
ကျန်းရီ အော်ပြောလိုက်သည်။ ကျောင်းအုပ်ချီနှင့် ကျန်လူများသည် လက်နက် အသီးသီးကို ဆွဲထုတ်၍ တိုက်ခိုက်ရန် အဆင်သင့် ပြင်လိုက်ကြသည်။
"ဘန်း"
မြေပြင်ပွင့်ထွက် သွားခဲ့ပြီး ကျုံးဝူသားရဲ မြေပေါ် ရောက်သွားခဲ့သည်။ ကျောင်းအုပ်ချီတို့ လူစုသည် လေပေါ် ပျံတက်၍ အဘက်ဘက်သို့ ပြေးသွားကာ လူခွဲလိုက်ကြသည်။
"အဲဒီမှာပဲ"
ကျောင်းအုပ်ချီသည် သူမ၏ စူးရှလှသော မျက်လုံးအစုံနှင့် ဝေ့ကြည့်ကာ အော်ဟစ်လိုက်ရင်း ဘယ်ဘက်ရှိ တောင်ထွတ်တစ်ခုထံ အားကုန် ပြေးသွားခဲ့သည်။ ကျန်လူများမှာ သူမနောက်မှ ပြေးလိုက် သွားကြသည်။ ကျန်းရီလည်း လှမ်းကြည့်လိုက်သော် လျင်မြန်စွာ ပြေးလွှားနေသော အရိပ်ရှစ်ခုကို မြင်လိုက်ရသည်။ သူတို့အားလုံးသည် သူခိုး အဝတ်အစားများကို ဝတ်ဆင်ထားပြီး မျက်နှာအား အနက်ရောင် အဝတ်စဖြင့် ဖုံးအုပ် ထားကြသည်။ ကျန်းရီသည် အနက်ရောင် အတွင်းအားဖြင့် အမြင်အာရုံကို တိုးမြှင့်၍ လှမ်းကြည့်လိုက်ရာ လူတစ်ယောက်မှာ အိတ်တစ်လုံးကို ကျောထက်သယ်၍ ပြေးလွှား နေသည်ကို မြင်လိုက်ရသည်။ သူသည် အသက်ရှိုက်၍ ရှူလိုက်ပြီး အော်ပြောလိုက်သည်။
"မြေခွေးလေးက အဲဒီ အိတ်ထဲမှာ"
"ဝှစ်"
ကျောင်းအုပ်ချီတို့ လူစုသည် အပြေးလိုက်သွားရင်း ကျောင်းအုပ်ချီ အော်ဟစ်လိုက်သည်။
"မင်းတို့အားလုံး အဲဒီမှာ ချက်ချင်းရပ်ပြီး မြေခွေးလေးကို လွှတ်လိုက်စမ်း၊ မင်းတို့ကို အဲဒီလိုမျိုးလုပ်ဖို့ ဘယ်သူက မြှောက်ပေး လိုက်တယ်တော့ မသိဘူး ... ဒါပေမဲ့ နတ်ဆိုးဧကရီရဲ့ သမီးကို ပြန်ပေးဆွဲ ပြီးမှတော့ မင်းတို့က လူသားမျိုးနွယ်ရဲ့ အပြစ်သားတွေပဲ ... မင်းတို့ရဲ့ လမ်းကို မပြင်ရင် လူသား အားလုံးရဲ့ ရန်သူ ဖြစ်သွားလိမ့်မယ်"
"ဟမ့်"
အိတ်ကို သယ်ဆောင်ထားသော အနက်ရောင် အဝတ်အစားနှင့် လူသည် နောက်လှည့်ကာ နှာမှုတ်လိုက်သည်။ သူ့မျက်လုံးများတွင် လူသတ်ငွေ့များ ပြည့်လို့နေသည်။ သူ လက်ဟန်တစ်ချက် ပြလိုက်ရာ လူငါးယောက်သည် ကျောင်းအုပ်ချီတို့အား တိုက်ခိုက်ရန် လူစုခွဲ လိုက်ကြသည်။ သူနှင့် ကျန်နှစ်ဦးသည် တောင်ထိပ်သို့ အလွန် လျင်မြန်စွာ ပြေးတက်သွားကာ လူတိုင်း၏ မျက်လုံးအောက်မှ ကွယ်ပျောက် သွားကြသည်။
"နဂါးလင်းယုန်"
ကျန်းရီသည် ပင်ပင်ပန်းပန်း ကြိုးစားပြီးမှသာ ထိုလူစုကို တွေ့ခဲ့ရသည်။ သူမည်သို့ လက်လွှတ်ခံနိုင် ပါမည်နည်း။ သူသည် ကျောင်းအုပ်ချီတို့ လူစု ရန်သူငါးယောက်နှင့် ပြင်းထန်လှသော တိုက်ပွဲအတွင်း ပိတ်မိနေသည်ကို မြင်သောအခါ ချက်ချင်းပင် ကျုံးဝူသားရဲကို ပြန်သိမ်း၍ အခြား ဝိညာဉ်သားရဲ အဆောင်ကို ထုတ်ကာ နဂါးလင်းယုန်ကို ဆင့်ခေါ်လိုက်သည်။ သူသည် ကျန်ရန်သူ သုံးယောက်နောက် ကောင်းကင်ထက်မှ လိုက်ရန် ဆုံးဖြတ်လိုက်သည်။
"အမ်"
ကျောင်းအုပ်ချီနှင့် အခြားသော ဒုကျောင်းအုပ်များ ဆွံ့အ သွားကြသည်။ ကျန်းရီ၏ ဝိညာဉ်သားရဲမှာ ကျုံးဝူသားရဲ မဟုတ်ပေလော။ အဘယ့်ကြောင့် ကျုံးဝူသားရဲမှ နဂါးလင်းယုန် ဖြစ်သွားလေ သနည်း။ သို့သော် ရန်သူ ငါးယောက်သည် အနီးရောက်နေပြီ ဖြစ်ရာ သူတို့တွင် တွေးတောနေရန် အချိန်မရှိဘဲ တိုက်ပွဲ အပေါ်တွင်သာ အာရုံစိုက် လိုက်ရသည်။ ကျောင်းအုပ်ချီသည် ပါးစပ်ဖွင့်၍ ကျန်းရီထံ လှမ်းအော်လိုက်သည်။
"ကျန်းရီ ... မင်းသူတို့နောက်ကို ရအောင်လိုက်သွား မလွတ်စေနဲ့၊ ငါတို့ ဒီငါးယောက်ကို သတ်ပြီး မင်းဆီ အမီလိုက်လာမယ့် အချိန်ထိပဲ စောင့်နေပေး"
"ချူး ... ချူး"
နဂါးလင်းယုန်ကြီးသည် လေများ လှိုင်းထသွားသည် အထိ တောင်ပံကြီးများကို ခတ်၍ ပျံသန်း သွားခဲ့သည်။ ကျန်းရီသည် အမြင့်သို့ မတက်ဝံ့ဘဲ အလောတကြီး ပြေးလွှားနေသော လူသုံးယောက်ကို မျက်ခြည်မပြတ် စောင့်ကြည့် နေလေသည်။ လူသုံးယောက်သည် အလွန် လျင်မြန်လှသည်။ ကျန်းရီသည် ဤကဲ့သို့သော မြေအနေအထားတွင် ကောင်းကင်မှသာ လိုက်ခြင်းမဟုတ်လျှင် ထိုသုံးယောက်ကို မျက်ခြည်ပြတ် သွားသည်မှာ အလွန်ကြာနေ လောက်ပေပြီ။
ရုတ်တရက် အနက်ဝတ်နှင့်လူ၏ ကျောထက်ရှိ အိတ်ထဲမှ ငိုသံဖျော့ဖျော့ တစ်ခု ထွက်လာခဲ့သည်။ ထို့နောက် အဖြူရောင် အလင်းတန်း နှစ်ခုကပါ လိုက်ပါလာပြီး ကျန်းရီ၏ စိတ်ထဲသို့ အသံတစ်သံ ဝင်ရောက် လာလေသည်။
"အရှင် ... ရှောင်ဖေးကို မြန်မြန်ကယ်ပါ၊ ရှောင်ဖေး အရမ်းကြောက်တယ်၊ ဧကရီ မယ်တော်ကို တွေ့ချင်တယ် "
"ရှောင်ဖေး ... မြေခွေးလေး"
ကျန်းရီ၏ကိုယ်သည် ဆတ်ခနဲ တုန်ခါသွားခဲ့ပြီး ချက်ချင်း အော်ဟစ်လိုက်သည်။
"ရှောင်ဖေး ... မကြောက်နဲ့၊ ငါသေချာပေါက် မင်းကိုကယ်ပြီး မင်းအမေဆီ ခေါ်သွားပေးမယ်"
"အရှင် ... ရှောင်ဖေးကို မြန်မြန်ကယ်ပါ၊ ဧကရီ မယ်တော်က အရှင့် ကျေးဇူးဆပ်မှာပါ"
အလင်းတန်း နှစ်ခု ထပ်မံထွက်ပေါ် လာသောအခါ ဝတ်စုံနက်နှင့် လူသည် တွေ့ရှိ သွားခဲ့သည်။ သူသည် လက်ကိုဆန့်၍ အိတ်ကိုရိုက်ကာ မြေခွေးလေးအား သတိလစ် သွားစေလေသည်။
သူသည် ကောင်းကင်ထက်ရှိ ကျန်းရီထံ တစ်ချက် ဝေ့ကြည့်ကာ ရက်စက်သော အပြုံးတစ်ပွင့်ကို ဖန်တီးလိုက်သည်။ ထို့နောက် သူသည် အော်ပြောလိုက်သည်။
"ကောင်လေး ... သေရမှာကို မကြောက်ရင် လိုက်သာလာခဲ့"
"ဟမ့်"
ကျန်းရီသည် ထိုလူများနှင့် ရန်ဖြစ်မနေတော့ဘဲ နဂါး လင်းယုန်ကြီးကိုသာ အောက်သို့ ထိုးဆင်းစေ လိုက်သည်။ မီးဝိညာဉ် ပုလဲသည် တောက်ပသွားခဲ့ပြီး မီးဝိညာဉ် ကျောက်တုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ထို့နောက် သူသည် အမည်မသိသော စွမ်းအင်ကို နဂါးလင်းယုန်ကြီး ထံလည်း မြန်ဆန်စွာ လွှဲပြောင်းပေး လိုက်ပြီး လောင်ကျွမ်း သွားမည်အား ကာကွယ်လိုက်သည်။ သူသည် မီးဝိညာဉ် ကျောက်တုံးအား သေစေလောက်သော အင်အားနှင့် ရိုက်ချလိုက်ပြီး အောက်မှ လူသုံးယောက်ထံ ပို၍ ကပ်သွားလိုက်သည်။
မီးဝိညာဉ် ကျောက်တုံး ပေါ်ထွက်လာခဲ့သည့် ခဏတွင် အနီးအနားမှ လေထုသည် စုတ်ပြဲသွားမတတ် ပူပြင်း လာလေသည်။
"မြေအောက်ကနေ ပြေးကြရအောင်"
ကျန်းရီသည် သူတို့နှင့် အတော်ဝေးဝေးတွင် ရှိနေသည့်အတွက် ကံကောင်းသွားသည်။ မီးဝိညာဉ် ကျောက်တုံးသည် သူတို့အား မမီလာပေ။ သူတို့ သုံးယောက်သည် အတော်လေး ကြောက်လန့်နေခဲ့ပြီ ဖြစ်သည်။ ရှေ့မှတစ်ယောက်သည် ရွှေရောင် ဓားရှည်ကို ဆွဲထုတ်ကာ ဥမင်တစ်ခု တူး၍ ပြေးဝင် သွားခဲ့သည်။
"ဟူး ... ဟူး"
မီးဝိညာဉ်ကျောက်တုံး ကျဆင်းလာခဲ့ပြီး အနီးရှိ သစ်ပင်များ မီးစွဲလောင် ကုန်သည်။ မကြာခင်မှာပင် ထိုနေရာသည် မီးလောင်ပြင်ကြီး ဖြစ်သွားခဲ့သည်။
"နဂါးလင်းယုန် ... ပြန်တော့"
ကျန်းရီသည် ထိုလူများ မြေအောက်သို့ ဝင်သွားသည်ကို တွေ့သောအခါ ဘာကိုမှ ဂရုမစိုက်တော့ပေ။ သူသည် ချက်ချင်း နဂါး လင်းယုန်ကြီးကို ပြန်သိမ်းကာ ဟွမ်ကြီးကို ဆင့်ခေါ်၍ ဆက်လက် ပြေးလိုက် သွားခဲ့သည်။
သူသည် မြေအောက်မီတာ သုံးထောင်ခန့်သို့ ရောက်လုဆဲဆဲတွင် အလွန်ကြောက်မက်ဖွယ် ကောင်းသော အန္တရာယ် အငွေ့အသက်ကို ခံစားလိုက် ရသည်။ သူ့မျက်လုံးများ ကျဉ်းမြောင်း သွားခဲ့ပြီး ကျုံးဝူသားရဲကို ချက်ချင်း ပြန်သိမ်းကာ ကမ္ဘာ့မီးလျှံများ ထုတ်လွှတ်လိုက်သည်။
"ရွှစ်"
ရုတ်တရက် ဘယ်ဘက်ခြမ်းရှိ ရွှံ့များထဲမှ လခြမ်းပုံ ဓားအလင်း တစ်ခုသည် ရွှံ့များ၊ ကျောက်သားများကို အမှုန်များ ဖြစ်သွားသည်အထိ ဖျက်ဆီး၍ ပျံထွက် လာခဲ့သည်။
"ဖုန်း ... ဖုန်း ... ဖုန်း"
ကျန်းရီသာ အချိန်ကိုက် ကမ္ဘာ့ မီးလျှံများကို ထုတ်ဖော်လိုက်ခြင်း မရှိပါက ဓားအလင်းကြောင့် တစ်စစီ ဖြစ်သွား လောက်ပေသည်။ ဓားအလင်းနှင့် ကမ္ဘာ့မီးလျှံများ ထိတွေ့ သွားခဲ့ချိန်တွင် ကမ္ဘာ့မီးလျှံ တစ်ဝက်ခန့် လွင့်စဉ် သွားပြီးမှသာ တိုက်ခိုက်မှု ကျေပျက် သွားခဲ့သည်။
"ဖူး ..."
ကမ္ဘာ့ မီးလျှံများသည် တိုက်ခိုက်မှုကို ခုခံနိုင် လိုက်သော်လည်း အတွင်းအား တိုက်ခိုက်မှုသည် ပြင်းထန် လွန်းသောကြောင့် ကျန်းရီ၏ ကိုယ်တွင်းအင်္ဂါများ တုန်ခါ သွားခဲ့ပြီး သွေးတစ်ပွက် အန်ထုတ် လိုက်ရသည်။
"ဟမ့် ... ကောင်လေး၊ မင်းက ငါတို့ရဲ့ကိစ္စမှာ ဝင်ရှုပ်ရဲတယ်လား ... ဒီလိုဆိုတော့ မင်းသေလိုက်တော့"
အနက်ရောင် အရိပ်တစ်ခုသည် မလှမ်းမကမ်းရှိ ဥမင်ထဲမှ မျက်စိ ကျိန်းလောက်သော သတ်ဖြတ်ခြင်း အရှိန်အဝါတို့နှင့် ထွက်ပေါ် လာခဲ့သည်။ ထိုသူသည် အစိမ်းရောင် ဆေးပေါင်းအိုးငယ် တစ်လုံးကို ပစ်လွှတ်လိုက်သည်။ ကျန်းရီသည် အဝေးမှပင် ကျဆင်းလာသော ဖိအားတို့ကို ခံစားနေရသည်။ ကျန်းရီ၏ကိုယ်သည် မလှုပ်ရှားနိုင်တော့ဘဲ အုပ်ချုပ်သူ တံဆိပ်တုံးနှင့် ရင်ဆိုင်ရသည့် အခါကလို သူ့ကိုယ်တွင်းမှ သွေးများ ပွက်ပွက်ဆူ လာခဲ့သည်။
ထွက်ပေါ် လာသည်မှာ သူတော်စင်အဆင့် လက်နက်သာ။
***