← Chapters

ဖြစ်ရပ်များ၏ နောက်ကွယ်မှ ကြိုးကိုင်သူ

Vol. 1 Ch. 263

ဖြစ်ရပ်များ၏ နောက်ကွယ်မှ ကြိုးကိုင်သူ

Vol. 1 Ch. 263

"မိုးပြာနဂါး အင်ပါယာ"

ထိုအမည်သည် ကျန်းရီ၏ စိတ်ထဲ ထပ်မံထွက်ပေါ် လာခဲ့ပြန်သည်။ မိုးပြာနဂါး အင်ပါယာမှ လူများသာ  သူတော်စင်အဆင့် လက်နက် အမြောက်အမြား ပိုင်ဆိုင်လေသည်။ ကျန်းရီသည် ဆေးပေါင်းအိုးငယ် ပျံသန်း လာသည်ကို စော့င့်ကြည့် နေခဲ့သည်။ အားပြင်းလှသော ဖိအားသည် သူ့ပါးစပ်မှ သွေးများ စီးကျ လာစေသည်။ ကျန်းရီသည် ရွေးချယ်စရာ မရှိဘဲ မျှော်လင့်ချက်များ အားလုံးကို မီးဝိညာဉ်ကျောက်တုံး အပေါ်တွင်သာ ပုံအောထား လိုက်သည်။ ၎င်းသည် ဤဆေးပေါင်းအိုးအား မဖျက်ဆီးနိုင်လျှင် သူ့အတွက် သေခြင်းတရားသာ ရှိတော့သည်။

မီးဝိညာဉ်ပုလဲ တောက်ပလာခဲ့ပြီး မီးဝိညာဉ် ကျောက်တုံး ပေါ်ထွက်လာခဲ့သည်။ ကျန်းရီသည် အားကုန်သုံး၍ မီးဝိညာဉ် ကျောက်တုံးအား ဆေးပေါင်းအိုး ရှိရာ ပစ်ပေါက်လိုက်သည်။

မီးဝိညာဉ် ကျောက်တုံးသည် ကျန်းရီအား စိတ်မပျက်စေပေ။ ၎င်းသည် အုပ်ချုပ်သူ တံဆိပ်တုံးကိုတောင် လောင်ကျွမ်းစေနိုင်ရာ ဤသူတော်စင် အဆင့် လက်နက်သည်လည်း ခြွင်းချက် မဟုတ်ပေ။ ဆေးပေါင်းအိုးသည် မီးဝိညာဉ်ပုလဲနှင့် ထိတွေ့မိသည်နှင့် လောင်ကျွမ်းကာ အစိမ်းရောင် အလင်းများ မှိန်ဖျော့လာခဲ့သည်။ မီးဝိညာဉ် ကျောက်တုံးသည် ဆေးပါင်းအိုးအား အပေါက်တစ်ပေါက် ဖြစ်သွားသည်အထိ ဖျက်ဆီးပစ် လိုက်လေသည်။

"ဖူး ...”

အနက်ရောင်ဝတ် လူသည် သွေးတစ်ပွက် အန်ထုတ်လိုက်သည်။ သူ၏ မျက်နှာကို ကာထားသော အနက်ရောင် အဝတ်စမှာ နီရဲသွားခဲ့သည်။ သူတော်စင်အဆင့် လက်နက်သည် သူ့စိတ်ဝိညာဉ်နှင့် ပေါင်းစပ်ထားခြင်း ဖြစ်သောကြောင့် ၎င်းပျက်စီး သွားသည့်အခါ တန်ပြန်အားကို သူခံစားရသည်က ပုံမှန်သာ ဖြစ်သည်။ သူ့မျက်လုံးများတွင် အံ့အားသင့်မှုများ၊ မယုံကြည်နိုင်မှုများ ဖုံးလွှမ်းနေသည်။ သူစောစောက မျက်မြင်တွေ့ခဲ့ ရသော်လည်း မီးဝိညာဉ် ကျောက်တုံးသည် သူ့သူတော်စင် အဆင့် ဆေးပေါင်းအိုးကို ဖျက်ဆီး လိုက်နိုင်သည်အား သူမယုံနိုင်သေးပေ။

"ဝှစ်"

ကျန်းရီသည် ရန်သူအားနည်း နေသည်ကို အခွင့်ကောင်းယူ၍ ရှေ့သို့ ပြေးတက် သွားလိုက်သည်။ သူ့ရန်သူသည် မီးဝိညာဉ်ပုလဲကြောင့် မှင်တက်နေသည် ဖြစ်ရာ အခွင့်ကောင်းကို သူလက်မလွှတ်သင့်ပေ။

"ဝှစ်"

သူမထင်ထားသည်မှာ အနက်ရောင်ဝတ် လူသည် တစ်ခဏ မှင်တက် နေပြီးနောက် သူ့ထံ ပြေးဝင်မလာဘဲ နောက်လှည့်၍ ထွက်ပြေးလိုက်ခြင်း ဖြစ်သည်။ ထိုလူသည် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဋ္ဌမအဆင့်ထက် မြင့်၍ အလွန် မြန်လွန်းနေသည်။ သူတို့နှစ်ယောက်ကြား အကွာအဝေးမှာ ပို၍ တိုးလာခဲ့သည်။

"ဟွမ်ကြီး"

ကျန်းရီသည် ကမ္ဘာ့မီးလျှံများကို မြန်ဆန်စွာ ပြန်သိမ်းလိုက်ပြီး ဟွမ်ကြီးကို ဆင့်ခေါ်လိုက်သည်။ ကျုံးဝူ သားရဲကြီးမှာ သူ့ရှေ့တွင် ချက်ချင်းပေါ်ထွက် လာခဲ့သည်။ သူသည် မြန်ဆန်စွာ ခုန်တက်လိုက်ပြီး အနက်ဝတ်နှင့် လူနောက် လိုက်တော့သည်။

"တစ်ခုခုတော့ မှားနေပြီ"

ဆယ်မိုင်ကျော် ပြေးလိုက်ပြီးနောက် ကျန်းရီ ထိတ်လန့်သွားကာ တစ်ခုခုကို သဘောပေါက် သွားခဲ့သည်။ ဤလူသည် မြေခွေးလေးနှင့်လူ၏ ဆန့်ကျင်ဘက် အရပ်သို့ ပြေးလာခဲ့ခြင်း ဖြစ်သည်။ သူသည် ကျန်းရီအား ပစ်မှတ်ဆီမှ ဝေးရာသို့ မျှားခေါ် လာခဲ့ခြင်းသာ။

"ဟွမ်ကြီး ... ပြန်လှည့်"

သူ ဤလူအား သတ်နိုင် မသတ်နိုင်ခြင်းမှာ အကြောင်း မဟုတ်ပေ။ သူထိုသူများ အမီလိုက်နိုင်လျှင်တောင် သတ်နိုင်မည် မဟုတ်ချေ။ သူ့တာဝန်မှာ မြေခွေးလေးအား ခြေရာခံရန်သာ ဖြစ်သည်။ သူဆက်လိုက် နေလျှင် ဤသူများနောက် လိုက်ရန် ကြိုးစားခဲ့သမျှ အရာအားလုံး သဲထဲရေသွန် ဖြစ်ကုန်လိမ့်မည်။

"ဘွတ်အဲ ... ဘွတ်အဲ"

ဟွမ်ကြီးသည် အလွန် လျင်မြန်စွာ ရွေ့လျားနေခဲ့ပြီး ကျန်းရီမှာလည်း နှာခေါင်းကို အဆက်မပြတ် ရှုံ့ကာ မြေခွေးလေး၏ ရနံ့ကို ခြေရာခံ နေခဲ့သည်။ အနက်ရောင်ဝတ် လူတစ်ယောက်၏ နှောင့်ယှက်မှုကြောင့် မြေခွေးလေးနောက် အချိန်တိုအတွင်း အမီလိုက် နိုင်တော့မည် မဟုတ်ကြောင်း သူသိနေခဲ့သည်။ သူတို့အား လုံးဝမျက်ခြည် မပြတ်သွားသည်ကပင် ချီးကျူးစရာ ကောင်းနေလေပြီ။ ပစ်မှတ်သည် ကျုံးဝူသားရဲထက် မြန်ဆန်သည်။ မြေအောက်တွင်သာ မဟုတ်ပါက သူတို့ လိုက်ရန်ပင် မဖြစ်နိုင်လောက်ချေ။

တစ်နာရီခန့် ကြာပြီးနောက် ...

ကျန်းရီသည် ရပ်တန့်လိုက်ပြီး ရှေ့မှ မြေအောက် မြစ်ငယ်အား ခါးသီးသည့် အမူအရာနှင့် သုန်သုန်မှုန်မှုန် ကြည့်နေခဲ့သည်။

တစ်ဖက် လူများသည် ကျန်းရီ မြေခွေးလေး၏ ရနံ့ကို အာရုံခံနိုင်သည်အား ရိပ်မိသွားပုံ ရပြီး ရနံ့ မထွက်နိုင်အောင် မြေအောက်မြစ်ကို အသုံးချ၍ ပြေးကြရန် ဆုံးဖြတ်လိုက်ဟန် တူသည်။

မြေအောက်မြစ်သည် အရှေ့ဘက်မှ အစပြု၍ အနောက်ဘက်သို့ စီးဆင်းနေသည်။ ကျန်းရီသည် ရေဆန်သို့ သွားရမည်လား၊ ရေစုန်သို့ သွားရမည်လား ဝေခွဲမရ ဖြစ်နေသည်။ သူတစ်ဦးတည်း ဖြစ်နေရာ နှစ်ကိုယ်ခွဲ၍ သွားနိုင်သည့် အစွမ်းလည်း မရှိချေ။

"သွားစို့"

သူသည် ကံစမ်းရန် ဆုံးဖြတ်လိုက်ပြီး ဟွမ်ကြီးကို ထိန်းချုပ်၍ ရေစုန်အတိုင်း သွားစေလိုက်သည်။ အဆုံးတွင် တစ်နေ့လုံး လိုက်ပါသော်လည်း မြေခွေးလေး၏ ရနံ့ကို သူမရတော့ပေ။

"ဘန်း"

ကျန်းရီသည် ဟွမ်ကြီးကို မြေပေါ်တက်စေ လိုက်ပြီး နဂါးလင်းယုန်ကို ဆင့်ခေါ်ကာ အနီးဝန်းကျင်ဆီ ကင်းထောက်ခိုင်း လိုက်သည်။ သူသည် ပစ်မှတ်ကို မျက်ခြည်ပြတ် သွားကြောင်း သေချာသွားပြီး အိပ်စက်ရန် ဂူတစ်လုံးလည်း တွေ့နေသောကြောင့် နဂါးလင်းယုန်ကို ပြန်ဆင်းလာစေ လိုက်သည်။

ကျန်းရီသည် ရက်ပေါင်းများစွာ နေ့မနား၊ ညမနား မြေခွေးလေး၏ ရနံ့နောက် လိုက်နေခဲ့ ရသည်။ သူခံစားခဲ့ရသော ထိခိုက် ဒဏ်ရာများနှင့် သူ့တာဝန်၏ ပစ်မှတ်ကို မျက်ခြည်ပြတ် သွားသောကြောင့် ဖြစ်ပေါ်လာသော စိတ်ပျက်မှုတို့ ပေါင်းဆုံ သွားသောအခါ ကျန်းရီသည် စိတ်ရော၊ ကိုယ်ပါ ချုံးချုံးကျ နေတော့သည်။

ခြောက်နာရီကြာ အိပ်စက်ပြီးနောက် ကျန်းရီသည် အိပ်မက် တစ်ခုမှ နိုးထ လာခဲ့သည်။ သူသည် နတ်ဆိုးသားရဲ စစ်တပ်၏ ဖျက်ဆီးခြင်း ခံရသော မြို့တစ်မြို့ အကြောင်း အိပ်မက် မက်ခဲ့သည်။ သူ့အိပ်မက်ထဲတွင် မရေမတွက်နိုင်သော လူများသည် နတ်ဆိုး သားရဲများ၏ တစ်စစီ ဆွဲဖြဲခြင်း ခံနေရသည်။ ကလေးများသည် ကျယ်လောင်စူးရှစွာ အော်ငိုနေကြပြီး လူအားလုံး၏ အမူအရာမှာ ကြောက်ရွံ့ ထိတ်လန့်မှုများ ဖုံးလွှမ်း နေခဲ့သည်။ မြို့ထဲတွင် အလောင်းများ ပြန့်ကျဲနေပြီး သွေးများမှာ ချောင်းဖြစ် နေတော့သည်။

"နဂါးလင်းယုန် ... သွားစို့"

ကျန်းရီသည် ချွေးစေးများကို သုတ်လိုက်သည်။ သူသည် ပင်ပန်း နွမ်းနယ်ခြင်းလည်း မရှိတော့ရာ နဂါးလင်းယုန်ကြီးကို ခေါ်ကာ ကျင်းရှန်နိုင်ငံ၏ ကောင်းကင်ထက်တွင် မြေခွေးလေး ရှာပုံတော် ထွက်ခဲ့သည်။

တစ်ရက် ကြာပြီးနောက် ငါးရောင်စုံ ဥဒေါင်းငှက်ကို စီးနင်းလာသော ကျောင်းအုပ်ချီတို့သည် ကျန်းရီကို တွေ့သွားကြသည်။ ဒုကျောင်းအုပ် တစ်ယောက်သည် တိုက်ပွဲအတွင်း သေဆုံးခဲ့သောကြောင့် သူတို့လူစုသည် မူလက ငါးယောက်မှ လေးယောက်သာ ကျန်ရှိတော့သည်။ ကျောင်းအုပ်ချီမှ တစ်ပါး ကျန်သုံးယောက်သည် ဒဏ်ရာ ဒဏ်ချက်များ ဖုံးလွှမ်းနေခဲ့ပြီး ဒုကျောင်းအုပ်လျှို၏ လက်တစ်ဖက်မှာ ပြတ်တောက် နေခဲ့သည်။

"သူတို့တွေက အသေခံ တပ်သားတွေပဲ၊ တစ်ယောက်မှ အသက် မရှင်ကြဘူး ... ငါးယောက်လုံးက အလောင်းဆွေး အဆိပ်ကိုစားပြီး သတ်သေ သွားကြတယ်"

ကျောင်းအုပ်ချီ၏ မျက်လုံးများတွင် နွမ်းနယ်မှုများက အတိုင်းသား။ သူမသည် ကျန်းရီ မြေခွေးလေးကို မျက်ခြည်ပြတ် သွားမှန်း သိသည့်အခါ တုန်လှုပ်သွားပြီး ငါးရောင်စုံ ဥဒေါင်းငှက်ပေါ်မှ ပြုတ်ကျ မလိုတောင် ဖြစ်သွားခဲ့သည်။ သူမသည် ကိုယ်ရောစိတ်ပါ ပင်ပန်းမှုကို ထိန်းချုပ်ကာ ကျူးကော့ချမ်ယွမ်ထံ သတင်းပေးရန် ကျောက်စိမ်းပြားကို ထုတ်လိုက်သည်။

ရွှေယွဲ့လျန်မျှော်စင်၊ ဇင်ဘုရားကျောင်း၊ မိုးပြာနဂါး သင်တန်းကျောင်းနှင့် ဆူးပန်းပွင့်ပြာ သင်တန်းကျောင်းတို့မှ သူတို့အား ကူညီ၍ မြေခွေးလေးကို ရှာဖွေရန် ကျင်းရှန်နိုင်ငံထံ လူများ စေလွှတ်လာကြသည်။

ရွှေယွဲ့လျန်မျှော်စင်၊ ဇင်ဘုရားကျောင်းနှင့် ကျောင်းကြီး သုံးကျောင်းသည် နိုင်ငံ ခြောက်ခုနှင့် မလွတ်ကင်း သော်လည်း ဤအင်အားစု ငါးခုတွင် အာဏာအတွက် ယှဉ်ပြိုင်လိုစိတ်နှင့် ရည်မှန်းချက် ကြီးကြီးတို့ မရှိကြပေ။ ထို့ကြောင့် သူတို့အား ယုံကြည်၍ ရပေသည်။

ကျန်းရီသည်တို့ လူစုသည် ပင်ပန်းနေသော ကိုယ်များကို တရွတ်ဆွဲ၍ ဆက်ရှာဖွေ နေကြပါသော်လည်း ပို၍သာ စိတ်ပျက် လာခဲ့ရသည်။ သူတို့သည် မိုင်တစ်သောင်း ပတ်လည်အတွင်း သေသေချာချာ ရှာကြပါသော်လည်း မြေခွေးလေး၏ ရနံ့ကို မရခဲ့ပေ။

ကျန်းရီသည် ဆေးစွမ်းနှင့်ရော အနက်ရောင် အတွင်းအားနှင့်ပါ သူ့အနံ့ခံ အာရုံကို တိုးမြှင့်လိုက်သည်။ မြေခွေးလေး၏ ရနံ့ ရေးရေးမျှ ရလျှင်တောင် သူသိနိုင်သည်။ ယခုမူ မည်သည်ကိုမှ မခံစားမိရာ မြေခွေးလေးသည် အထူးရတနာ အတွင်း အဝှက်ခံ ထားရခြင်း သို့မဟုတ် သေသွားခြင်းသာ ဖြစ်နိုင်လေသည်။

"သေသွားခြင်း"

ကျန်းရီသည် ထိုရလဒ်အကြောင်း တွေးမိရုံနှင့်ပင် ထိတ်လန့်တုန်လှုပ် သွားခဲ့သည်။ မြေခွေးလေးသာ သေဆုံး သွားပါလျှင် နတ်ဆိုးဧကရီသည် ရွှေယို့လန်နှင့် မဟာမိတ် အဖွဲ့ပင် မထိန်းချုပ် နိုင်လောက်သည်အထိ ရူးသွပ် သွားလိမ့်မည်။ ထိုအချိန် ရောက်လာပါက နယ်မြေတွင် သွေးမုန်တိုင်း ထန်သွားလိမ့်မည်။ ဤကပ်ဘေးသည် လူသားမျိုးနွယ် အတွက် ကြီးမားသည့် ထိုးနှက်ချက်ကြီး ဖြစ်ပြီး နယ်မြေမှ လူအားလုံး၏ တစ်ဝက်ခန့်ပင် ဆုံးရှုံး သွားနိုင်သည်။

ရက်ပေါင်းများစွာ ကြာပြီးနောက် နတ်ဆိုးသားရဲ စစ်တပ်သည် မြို့ပေါင်းများစွာကို သွေးဖြင့် ဆေးကြောခဲ့ရင်း ကျင်းရှန်နိုင်ငံ၏ အလယ်ခန့်ကို ရောက်သွားခဲ့လေပြီ။ ကျင်းရှန်နိုင်ငံသည် အပြည့်အဝ မခုခံပဲ နောက်ဆုတ်၍သာ နေခဲ့သည်။ ထိုအချိန်အတွင်း စစ်သည် နှစ်သိန်းခန့် သတ်ဖြတ်ခံခဲ့ ရသည်။ နတ်ဆိုး ဧကရီသည် သာမန် ပြည်သူများကို မသတ်ကြရန် အမိန့်ထုတ် ထားသော်လည်း ပြည်သူများ တစ်သိန်းခန့်သည် အဆင့်နိမ့် နတ်ဆိုး သားရဲများ၏ ရက်စက်စွာ သတ်ဖြတ်ခြင်း ခံခဲ့ရလေသည်။

ဇင်ဘုရားကျောင်း၊ ရွှေယွဲ့လျန်မျှော်စင်နှင့် ကျန်ကျောင်းကြီး နှစ်ခုမှ စစ်ကူတို့သည် အလျင်အမြန် ရောက်ရှိလာကြပြီး ကျန်းရီတို့လူစုနှင့် ပေါင်းဆုံကာ မြေခွေးလေးကို ဆက်လက်ရှာဖွေ နေကြသည်။ ခုနစ်ရက် ကြာပြီးနောက် နတ်ဆိုးသားရဲ စစ်တပ်သည် ကျင်းရှန်နိုင်ငံ မြောက်ဘက်သို့ ရောက်နေပြီ ဖြစ်သော်လည်း ဘာခြေရာ လက်ရာမှ မတွေ့ရသေးပေ။

တစ်စုံတစ်ရာမှာ သူတို့အား ပဟေဠိ ဖြစ်စေ၏။ နတ်ဆိုးသားရဲ စစ်တပ်သည် မြောက်ဘက်သို့ ဆက်လက် ချီတက်နေပြီး ကျင်းရှန်နိုင်ငံ၏ တော်ဝင် မြို့တော်နှင့် မိုင်တစ်ရာခန့်သာ ကွာဝေးတော့ သော်လည်း နတ်ဆိုး ဧကရီသည် တော်ဝင် မြို့တော်ကို တိုက်ခိုက်ရန် အမိန့်မပေးခဲ့ပေ။ သူတို့သည် ကျင်းရှန်နိုင်ငံကို စိတ်ကြိုက် ဖျက်ဆီးပြီး၍ မြောက်ဘက် မန့်နိုင်ငံသို့ ချီတက်တော့မည့် အလား မြောက်ဘက် တည့်တည့်သို့သာ ဦးတည် နေကြသည်။

"မြောက်ဘက်"

လက်ရှိအချိန်တွင် ကျန်းရီတို့ လူစုသည် ကျင်းရှန်နိုင်ငံ မြောက်ဘက်တွင် ရှာဖွေနေခဲ့သည်။ သူတို့သည်၏ တောင်ဘက် မိုင်ရာအနည်းငယ် အကွာတွင် နတ်ဆိုးသားရဲ စစ်တပ် ရောက်နေပြီ ဖြစ်ကြောင်း သတင်းရသည့်အခါ ကျောင်းအုပ်ချီသည် ရှောင်တိမ်းကြရန် ပြောလာခဲ့သည်။ သို့သော် ကျန်းရီသည် တစ်စုံတစ်ခုကို သဘောပေါက် သွားခဲ့သည်။

"မြောက်ဘက် ... မြောက်ဘက်မန့်နိုင်ငံ၊ မိုးပြာနဂါးအင်ပါယာ"

သူရေရွတ်လိုက်ပြီး မြောက်ဘက် အရပ်သို့ ကြည့်ကာ ရုတ်တရက် အော်ဟစ်လိုက်သည်။

"ရှာနေတာကိုရပ်ပြီး ကြယ်ကောင်းကင်မြို့ဆီ သွားကြရအောင် ... မြေခွေးလေးက ကြယ်ကောင်းကင်မြို့ဆီ ယူသွားခံ ရတော့မယ်၊ မြေခွေးလေးကို ပြန်ပေးဆွဲတဲ့ သူက မိုးပြာနဂါး အင်ပါယာက မဟုတ်ဘူး ... သူတို့ရဲ့ ရည်ရွယ်ချက်က နတ်ဆိုးသားရဲ စစ်တပ်ကို သုံးပြီး ကြယ်ကောင်းကင် မြို့ကို ဖျက်ဆီးပြီး မိုးပြာနဂါး အင်ပါယာကို ဖယ်ရှား လိုက်ဖို့ပဲ"

ကျန်းရီ၏ စိတ်ထဲတွင် ထုတ်မပြောလိုက်သော အခြား တစ်ခုလည်း ကျန်ရှိနေသေး၏။ သူ့စိတ်ထဲတွင် ထောင်ထောင်မောင်းမောင်း ပုံရိပ်တစ်ခုကို မြင်ယောင်နေ၏။

ကျန်းပိုင်လီ ...

သူ့စိတ်ထဲတွင် သေချာနေသော ခံစားချက်တစ်ခု ရှိနေခဲ့၏၊ ဤကဲ့သို့ အညှာအတာ မဲ့လှသော၊ ရက်စက်လှသော၊ ရည်ရွယ်ချက် ကြီးလှသော ဇာတ်လမ်းကို အရည်အချင်း၊ ပရိယာယ်နှင့် သိုင်းပညာတို့တွင် ပြည့်စုံသော သူ့အဖေကသာ ဖန်တီးနိုင် လောက်လေသည်။

***

All Chapters