အခန်း (၁၃၀-၁၃၂)
Vol. 11 Ch. 130-132
အခန်း (၁၃၀)။
"လေးနဲ့မြှားတွေ ပြင်ဆင်ထားကြ။"
ဟုန်ယွိက သူ့လက်ကို မြှောက်ပြီး အမိန့်ပေးလိုက်ပါသည်။ တပ်မှူးနှင့် တပ်ကြပ်ကြီးများ၏ ဦးဆောင်မှုအောက်တွင် စစ်သည်သုံးရာကျော်တို့သည် စနစ်တကျ ဖြန့်ကြက်လိုက်ကြသည်။ သူတို့သည် အကာကွယ်နေရာတွေကို ရှာဖွေပြီး၊ တစ်ချိန်တည်းမှာပင် ကျောပေါ်ရှိ လေးများကို ထုတ်ကာ မြှားများကို တပ်ဆင်လိုက်သည်။
တစ်ချိန်တည်းမှာပင် အနက်ရောင် သိမ်းငှက်ခံတပ်၏ ညီအစ်ကိုသုံးယောက်နှင့် တိမ်ဖြူအကြီးအကဲငါးဦးတို့လည်း စိုးရိမ်ထိတ်လန့်သွားကြသည်။ သူတို့သည် ကြံ့ခိုင်သန်မာသော လေးများကို ထုတ်ကာ ပတ်ဝန်းကျင်ရှိ မည်သည့် လှုပ်ရှားမှုကိုမဆို အနီးကပ် ဂရုပြုနေကြသည်။
အစိမ်းရောင်တပ်ရင်းမှ စစ်သည်များအားလုံးသည် အလေးချိန် ကီလိုဂရမ် ခြောက်ဆယ်ရှိသော ပိုးလေးများကို အသုံးပြုကြသည်။ ထိုလေးများသည် ခြေလှမ်း တစ်ရာ့ရှစ်ဆယ်အတွင်း အသေပစ်ခတ်နိုင်ပါသည်။ အနက်ရောင် သိမ်းငှက်ခံတပ်၏ ညီအစ်ကို သုံးယောက်နှင့် အမျိုးသားအဖြစ် ဟန်ဆောင်ထားသော ငွေလအစောင့်ရှစ်ဖော်တို့ အနေ ဖြင့်မူ, ၎င်းတို့၏ ကိုယ်ခံပညာသည် သိုင်းစစ်သည်တော် နယ်ပယ်တွင် ရှိနေကြသည်။ သို့သော် ၎င်းတို့၏လေးများကိုမူ ဂျင်ခြောက်ဆယ် အလေးချိန်ရှိသော အရွတ်များဖြင့် ပြုလုပ်ထားသည်။
တိမ်ဖြူ အကြီးအကဲငါးပါး၊ မုကလေး၊ ရှန်ထိုက်ဇူနှင့် ဟုန်ယွိတို့ အားလုံးသည် ထိပ်တန်းသိုင်းသခင်များ ဖြစ်ကြသည်။ သူတို့သည် ခြေလှမ်းလေးရာအထိ ပစ်ခတ်နိုင်သော သံမဏိသစ်သား မဟူရာအရိုးလေးများကို အသုံးပြုကြသည်။ သူတို့သည် မြွေတောင်ကြားအတွင်းမှ တောအုပ်ထဲအထိပင် ပစ်ခတ်နိုင်ပါသည်။
ချုံခိုတိုက်ခိုက်ရန် ဖုံးကွယ်ပြီးနောက် တစပြင်အလား တိတ်ဆိတ်သွားခဲ့သည်။ မြွေတောင်ကြားတွင် တဝေါဝေါ စီးဆင်းနေသော ရေသံမျှသာ ကြားနေရ၏။ အခြားမည်သည့်အသံမှ မကြားရပေ။ မြင်ကွင်းထဲမှာလည်း တစ်ယောက်မှ မရှိပါဘူး။ ပြူထွက်နေသော ကျောက်တုံးအချို့က တောင်ကြားတဖက်၏ အပြင်ဘက် မြင်ကွင်းကို ပိတ်ဆို့ထားပါသည်။
အနေထားအရဆို, ခြုံခိုတိုက်ခိုက်ခြင်းမျိုး လုံးဝ မရှိနိုင်ပါဘူး။ သို့သော်၊ ခြင်္သေ့ဘုရင်နှစ်ကောင်၏ တိုးညှင်းသောအသံ, ထောင်မတ်နေသော သားမွေးများအရ ရှေ့တွင် ပြင်းထန်သော ခြုံခိုတိုက်ခိုက်မူ ရှိနေကြောင်းကို လူတိုင်းအား ရှင်းရှင်းလင်းလင်း ပြောပြနေပါသည်။
"ငါ သွားကြည့်လိုက်မယ်။" ချီဇီယန်၏ ခန္ဓာကိုယ်က ကြောင်တစ်ကောင်လိုပင်။ သူသည် သက်တန့်ထိုးဖောက် လေးကို လက်ထဲတွင် ကိုင်ထားရင်း ကျားသစ်တစ်ကောင်ကဲ့သို့ ခုန်ထွက်သွားပါသည်။
မကြာသေးမီက ချီဇီယန်၏ ကိုယ်ခံပညာသည် အလွန်တိုးတက်လာခဲ့သည်။ ထိုလှုပ်ရှားမှုက လိမ္မာပါးနပ်ပြီး၊ လျင်မြန် ကာ မည်သည့်အသံမျှ မထွက်ပေ။ ယင်းက ရှင်တန်းသိုင်းသခင် ပညာရှင်တစ်ယောက်၏ နယ်ပယ်ကို ကွက်ကွက် ကွင်းကွင်း ပြသနေပါသည်။
ဟုန်ယွိသည် ချီဇီယန် ထွက်သွားသည်ကို မြင်သောအခါ တိတ်တဆိတ်ပင် သူ၏ စိတ်ဝိညာဉ်ကို အသုံးပြုခဲ့သည်။ အေးစက်သော လေပြင်းတစ်ချက် ရုတ်တရက် လှိမ့်တက်လာပြီးနောက်၊ သူသည် သူ့အခွံထဲမှ ထွက်လာခဲ့သည်။ သူသည် ချီဇီယန်၏ နောက်သို့ လိုက်ပါသွားခဲ့သည်။
ချီဇီယန်သည် တောထဲမှ ပြေးထွက်လာပြီး၊ စမ်းချောင်းများနှင့် ကျောက်စရစ်ခဲများ ပြည့်နေသော မြွေတောင် ကြားထဲသို့ ဆင်းသက်ပြီး၊ ခြေလှမ်း ခုနစ်ဆယ်မှ ရှစ်ဆယ်အထိ ပြေးသွားခဲ့သည်။ ရုတ်တရက် သူ့အမြင်အာရုံကို ပိတ်ဆို့ထားသည့် ရှည်လျားသော ချောက်ကမ်းပါး နှစ်ဖက်ဆီမှာ သံမဏိကြေးခွံချပ်ဝတ်နှင့် အနက်ရောင် သံမမောက်များ ဆောင်းထား သည့် လေးသမားအများအပြား ရုတ်တရက် ပေါ်လာပါသည်။ သူတို့သည် သံမဏိ နတ်ဆိုးများနှင့်ပင် တူနေ၏။
လေးသမား စုစုပေါင်း အယောက်နှစ်ဆယ်ရှိပြီး၊ လက်ထဲမှ လေးများ အားလုံးသည် ပိန်းပိတ်မှောင်အောင် မည်းနက်နေပါ သည်။ ၎င်းတို့အားလုံးသည် သံမဏိသစ်သား မဟူရာအရိုးလေးများ ဖြစ်သည်။ ၎င်းတို့၏ မြှားများသည်လည်း လင်းယုန် ငှက်မွေးမြှားများ ဖြစ်ကြပါသည်။
တစ်ချိန်တည်းမှာပင်၊ လူတစ်ဦးစီသည် ၎င်းတို့၏နောက်ကျောတွင် တစ်ပေရှည် ဓားရိုးပါ ကြီးမားသော ဆေဘာကြီးတွေ ကို သိုင်းလွယ်ထားကြသည်။ ဓားအရိုးတွေကို ရွှေငွေကြိုးများဖြင့် ရစ်ပတ်ထားသည်။
ထိုလူတွေ ထွက်ပေါ်လာသည်နှင့် မည်သည့်စကားမျှ မဆိုဘဲ လေးနှင့် မြှားကိုဆွဲကာ အမှန်ပင် အရှိန်အဟုန်ဖြင့် ဆက်တိုက် ပစ်ခတ်ကြတော့သည်။ ဘန်း…၊ ဘန်း…၊ ဘန်း…၊ လေးညှို့သံတွေ က ပြင်းထန်စွာ ထွက်ပေါ်နေပြီး မြှားတွေက ကျိုင်းတွေအလား လေထုကိုဖြတ်သန်းကာ ချီဇီယန်၏ခန္ဓာကိုယ်ဆီသို့ တည့်မတ်စွာ ပျံသန်းသွားကြပါသည်။
ဟုန်ယွိသည် ထိုလူများ အဆက်မပြတ် ပစ်ခတ်နေသည့် မြင်ကွင်းကို ကြည့်ရင်း အနည်းငယ် ထုံကျင်သွားပါသည်။ သူတို့သည် မြှားတွေကို လက်ထဲတွင်လှည့်ကာ ထန်းရွက်ယပ်တောင်ကဲ့သို့ လက်ချောင်းနှစ်ခုကြားတွင် ညှပ်ပြီး၊ လေးပေါ်တင်ပြီးနောက် ချီဇီယန်၏ ထွက်ပြေးရာ လမ်းကြောင်း အားလုံးကို ပိတ်ဆို့ပစ်ခတ်ကြခြင်း ဖြစ်သည်။
ဤလေးပစ်ကျွမ်းကျင်မှုဖြင့်ဆိုပါက, တော်ဝင်ချန် စစ်တပ်၏ လက်ရွေးစင်တပ်များသည်ပင် နှိုင်းယှဉ်၍ မရနိုင်ဘဲ သူတို့ထက် နိမ့်ကျပါသည်။
"ပင်လယ်ဓားပြတွေထဲမှာ ဒီလိုမျိုးလက်ရွေးစင် မြှားပစ်သမားတွေ ဘယ်လိုရှိနိုင်မှာလဲ" ဟုန်ယွိသည် ထိတ်လန့်သွား သော်လည်း သူသည် တာအိုပညာရပ် နည်းလမ်းများကို အသုံးမပြုခဲ့ပါ။ အဘယ်ကြောင့်ဆိုသော်, ဒီမြှားတွေက ချီဇီယန်ကို အန္တရာယ်မပေးနိုင်မှန်း သူသိထားသောကြောင့် ဖြစ်ပါသည်။
ယင်းကလည်း ချီဇီယန်သည် ငွေငါးမန်းချပ်ဝတ်ကို အပြည့်အစုံကို ဝတ်ဆင်ထားသည်ဆိုသော အကြောင်းပြချက်အပြင်, အခြားအကြောင်းပြချက် မရှိပေ။
ငွေငါးမန်းချပ်ဝတ်သည် ဓားနှင့် လှံများကို ခုခံရာတွင် အကောင်းဆုံး ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင်, ချီဇီယန်သည် သူ့ခန္ဓာကိုယ်ကို ကွေးညွှတ်ပြီး ခြေလက်နှင့် ဦးခေါင်းကို ငုံ့ကာ ဆုတ်လိုက် ရင်း သူ့တစ်ကိုယ်လုံးကို ဘောလုံးတစ်လုံးကဲ့သို့ လှည့်ပတ်လိုက်ပါသည်။ မြှား ၁၀ ချောင်းကျော်သည် သူ့ခန္ဓာကိုယ်ကို ထိမှန်သော်လည်း မထိုးဖောက်နိုင်ခဲ့ပေ။ ယင်းအစား ၎င်းတို့သည် ပြန်ကန်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။
ထို့နောက် ချီဇီယန်က ခုန်ထပြီး၊ အလျင်မြန် နောက်ပြန် ဆုတ်ပြေးသည်။ ချက်ခြင်းပင်၊ သူသည် ခြေလှမ်း ၈၀ ကျော်ကို တခဏချင်း ဆုတ်ခွာခဲ့ပြီး၊ သက်တန့်ထိုးဖောက်လေး၏ အကွာအဝေးအထိတိုင် သစ်တောအုပ်အနားသို့ ဆုတ်ခွာသွားခဲ့ သည်။ ထို့နောက် သူ၏လက်ထဲမှ သက်တန့်ထိုးဖောက်လေးကို ဖွင့်လိုက်သည်။ ရွီး…၊ ရွှီး…၊ ရွှီး…၊ မြှားငါးစင်းသည် တပ်သားငါးဦး၏ မျက်လုံးကို ဖောက်ဝင်သွားသည်။
သက်တန့်ထိုးဖောက်လေးကို အသုံးပြုထားသော ရှင်တန်သိုင်းသခင်တစ်ဦးသည် ခြေလှမ်း ၇၀၀ မှ ၈၀၀ အကွာအဝေး အတွင်း သတ်ဖြတ်နိုင်ပါသည်။ ထိုလူများသည် ငါးကြေးခွံချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားကြသော်လည်း သူတို့သည် ခြေလှမ်း ၄၈၀ အကွာဝေးမှာသာ ရှိနေကြပါသည်။ သက်တန့်ထိုးဖောက်လေး၏ စွမ်းအားဖြင့်ဆိုပါက, သံခမောက်များကို ဆောင်းထားကြသော သူတို့၏မျက်လုံးတွေကို ထိုးဖောက်ရန် လုံလောက်ပါသည်။
အလောင်းငါးလောင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
ချောက်ထဲမှ စူးရှသော လေတိုးသံတစ်ချက် ထွက်ပေါ်လာသည်။ ဤသံမဏိနတ်ဆိုးနှင့်တူသော လူအုပ်ကြီးသည် တစ်ခါမှ မထွက်ပေါ်ခဲ့သည့်အတိုင်း ကျောက်ဆောင်အပေါက်များအတွင်းသို့ ချက်ချင်း ပြန်ဝင်သွားခဲ့သည်။
"ဒီလူတွေက ယွန်မင်ရဲ့ သံမဏိနတ်ဆိုးတပ်ထဲက လက်ရွေးစင် လေးသမားတွေပဲ။ သူတို့ရဲ့ မြားပစ်စွမ်းရည်။ သေချာပါ တယ်။ သူတို့ရဲ့ မြားပစ်စွမ်းရည်အရ။ သူတို့ဟာ သံမဏိနတ်ဆိုးတပ်ဖွဲ့ဝင်တွေဆိုတာ ငါ သေချာပြောနိုင်တယ်။”
ချီဇီယန်သည် တောအုပ်ထဲသို့ ပြန်ဝင်လာပြီး ဟုန်ယွိအား ပြောသည်။ ထိုအချိန်တွင် ဟုန်ယွိသည် သူ့အခွံထဲသို့ ပြန်ဝင် လာပြီး မျက်လုံးများကို ဖွင့်လိုက်သည်။ "မျှော်လင့်ထားတဲ့အတိုင်းပဲ…။ ဒီဧရာမဝေလငါးကျွန်းထဲမှာ ပင်လယ်ဓားပြတွေ အပြင်, ယွန်မင်အင်ပါယာက ကျွမ်းကျင်သူတွေလည်း ရှိနေတယ်။ ပစိဖိတ်ရေတပ်က ပင်လယ်ဓားပြတွေကို နှိမ်နင်းဖို့ ဒီလောက်ကြီးမားတဲ့ တပ်အင်အားကို စုစည်းထားတဲ့အကြောင်း ယွန်မင်ကလည်း ဘယ်လိုလုပ် မသိဘဲနေမလဲ။ အထဲမှာ ဘယ်သူတွေ ပုန်းနေဦးမလဲ မသိဘူး။”
ဟုန်ယွိသည် တာအိုနည်းစနစ်ကို အသုံးပြုပြီး၊ နတ်ဆိုးသတ် မက်မွန်နတ်ဘုရားဓားကို အသက်သွင်းကာ ၎င်းတို့ အားလုံးကို သတ်နိုင်သော်လည်း၊ ထိုသို့ပြုလုပ်ခြင်းဖြင့် အရင်ဆုံး သူ့ကိုယ်သူ ထုတ်ဖော်ပြသရာ ရောက်သွားနိုင်ပါသည်။ ဒုတိယအနေဖြင့်, သူ့လက်အောက်ခံတပ်တွေကို လေ့ကျင့်စေချင်သည်။ တတိယအချက်မှာ မက်မွန်နတ်ဘုရားဓားသည် တုနှိုင်းမရသော ရတနာတစ်ခု ဖြစ်သည်။ ဒီဧရာမဝေလငါးကျွန်းမှာ တာအိုပညာရပ်များကို ကျင့်ကြံထားပြီး၊ ၎င်းနှင့် ပတ်သက်သည့်အရာတွေကို သိရှိသူတွေ ရှိကောင်းရှိနိုင်ပါသည်။ အကယ်၍, သူတို့ ရှာဖွေတွေ့ရှိသွားသည်နှင့် သူ ဒုက္ခရောက်လိမ့်မည်။
"ငါတို့ အခု ဘာလုပ်မှာလဲ" ချီဇီယန်က ဟုန်ယွိကို မေးသည်။
"ငါ့အမိန့်ကို စောင့်ပါ" ဟုန်ယွိက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ "ငါတို့ရဲ့ တည်နေရာကို ထုတ်ဖော်မခံရသေးဘူး။ အခုနက မင်းတစ်ယောက်တည်း ထွက်သွားပြီး၊ သူတို့ရဲ့ လက်ရွေးစင် ငါးယောက်ကို သတ်ပစ်လိုက်တယ်။ ငါတို့ရဲ့ အသေးစိတ် အချက်လက်တွေကို သူတို့ မသိသေးဘူး။ ယွန်မင်ရဲ့လူတွေ ရှိရင်တော့, ဒီဧရာမဝေလငါးကျွန်းမှာ ပင်လယ် ဓားပြတွေ အများကြီး မရှိနိုင်တော့ဘူး။ အခု စစ်တပ်က ဝင်လာတော့ သူတို့ အထိတ်တလန့် ဖြစ်သွားကြတယ်။ ဒီကျွမ်းကျင်သူအုပ်စုက ဒီနေရာမှာ ငါတို့ကို ခြုံခိုတိုက်ခိုက်ဖို့ စောင့်နေကြတာ။ ငါထင်တာတော့, သူတို့က အခွင့်အရေး ယူပြီး ငါတို့လူတွေကို မြန်မြန်ချေမှုန်း ပစ်မယ်။ ပြီးရင်, ပျောက်ကျားစစ်ပွဲအနေနဲ့ အခြားနေရာတွေကို ပြောင်းသွားလိမ့် မယ်။ ဒါက လူတွေကို အထိတ်တလန့် ဖြစ်စေပြီး သတိကြီးစွာထားအောင် လုပ်ဆောင်တာပဲ။ အခု သူတို့က ငါတို့ကို မသုတ်သင်နိုင်ခဲ့ဘူး။ ဒီတော့ သူတို့အတွက် ခြုံခိုတိုက်ခိုက်ဖို့ ဆက်လက် ပုန်းအောင်းနေဖို့က မဖြစ်နိုင်တော့ဘူး။ သူတို့အနေနဲ့ သည်းခံနိုင်စွမ်းကုန်ပြီး သေချာပေါက် အရင်ဆုံး လှုပ်ရှားလိမ့်မယ်…။”
"အရှင်က ပညာရှိပီသပါပေတယ်။ ကျွန်တော်တို့က ဒီနေရာမှာ ချောင်းမြောင်းနေပြီး၊ စိတ်ရှည်နိုင်စွမ်း ယှဉ်ပြိုင်ကြမယ်" ရန်ယင်မင်းသည် ဟုန်ယွိ၏ ရှင်းလင်းပြတ်သားသော အတွေးအမြင်ကို နားထောင်ခဲ့သည်။ ၎င်းသည် တပ်ရင်းမှူးတစ်ဦး ရှိသင့်ရှိထိုက်သော ဉာဏ်ရည်ဉာဏ်သွေး ဖြစ်သည်။ သူသည် သဘောကျသွားပြီး သူ့ကို မမြှောက်ပင့်ဘဲ မနေနိုင်ခဲ့ပါချေ။
ဟုန်ယွိသည် စိတ်ရှည်စွာ စောင့်ဆိုင်းနေစဉ်မှာ တစ်စုံတစ်ယောက် လေချွန်လိုက်သကဲ့သို့ အနှိုင်းမဲ့ ထူးဆန်းပြီး၊ မသဲမကွဲ ပင့်သက်ချသံက ရုတ်တရက် ချောက်နက်ထဲမှ ထွက်ပေါ်လာသည်။
"ဒီအသံက ဘာလဲ"
အဘယ်ကြောင့်ဆိုသော် လူတိုင်း အံ့ဩနေကြစဉ်မှာ အနံ့အသက်ဆိုးကြီးကလည်း ချောက်အတွင်းမှ လေနှင့်အတူ ရုတ်တရက် မျောပါလာခဲ့ပြီး၊ စိတ်ဓာတ်ကျသလို ခံစားရကာ အော့အန်ချင်စိတ် ဖြစ်ပေါ်လာပါသည်။
ခြင်္သေ့ဘုရင်နှစ်ကောင်သည် ၎င်းတို့၏အမွေးများ ထပ်မံထောင်မတ်သွားပြီး၊ သွားများကို ကိုက်ထားကြသည်။
"မြွေ…။ မြွေတွေ အများကြီးပဲ။”
ရုတ်တရက် မျက်လုံးအမြင်စူးရှသည့် စစ်သားတစ်ယောက်က အော်ပြောသည်။ ဟုန်ယွိ၏ မျက်လုံးတွေက လှုပ်ရှားသွား သည်။ သူသည် မြွေတောင်ကြား၏ စမ်းချောင်းများတွင်၊ ရောင်စုံမြွေများ ထူထပ်စွာ ပြည့်ကျပ်နေသည်ကို ရှင်းရှင်း လင်းလင်း မြင်လိုက်ရပါသည်။ ၎င်းတို့သည် စမ်းချောင်းကို ဖြတ်သန်း၍ သစ်တောဆီသို့ လျင်မြန်စွာ ကူးခတ်လာနေကြ သည်။ ထိုမြွေများသည် တြိဂံပုံစံ ဦးခေါင်းနှင့် ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် လှပသော ပုံစံများရှိသည်။ တစ်ချက်ကြည့် လိုက်ရုံဖြင့်, ၎င်းတို့သည် အလွန်မင်း အဆိပ်ပြင်းပြီး၊ တစ်ချက်ကိုက်ခံရရုံဖြင့်, ချက်ချင်း သေသွားနိုင်သည်ဟု လူတိုင်း ပြောနိုင်ပါသည်။
ဤအဆိပ်ပြင်း မြွေများသည် ရာနှင့်ချီရှိပြီး၊ သတ်ပစ်ရန်မဆိုထားနှင့်, ၎င်းတို့ကို ကြည့်ရုံမျှဖြင့်ပင် ဦးရေပြားကို ထုံကျင်စေသည်။ ခြေလှမ်းရှစ်ရာ… ခြေလှမ်းခုနစ်ရာ… ခြေလှမ်းခြောက်ရာ… ခြေလှမ်းငါးရာ… လူတိုင်း၏ လက်ဖဝါး တွေမှာ ချွေးတွေ တသီသကြီး စီးကျလာပါသည်။
စစ်သည် အနည်းငယ်သည် မထိန်းနိုင်တော့ဘဲ ၎င်းတို့၏လေးများကို ဆွဲထုတ်ကာ၊ ပစ်ခတ်ကြသည်။ သို့သော်လည်း မြှားတွေက မြွေတွေကို မထိမီ ရေထဲသို့ ပြုတ်ကျသွားကြသည်။
“ငါ့ခွင့်ပြုချက်မရှိဘဲ ဘယ်သူ မြှားတွေကို ပစ်ခဲ့တာလဲ။ ငါ့အမိန့်မပါဘဲ မြှားတွေကို ဘယ်သူ ပစ်တာလဲ။ ငါတို့ တပ်စခန်း ပြန်ရောက်တာနဲ့ တုတ်ဆယ်ချောင်းနဲ့ ရိုက်နှက်ပြစ်ပေးရမယ်" မထိန်းနိုင်ဘဲ မြှားပစ်လွှတ်ပြီးနောက် ခေါင်းငုံ့နေသည့် စစ်သားအနည်းငယ်ကို ကြည့်လိုက်ရင်း ဟုန်ယွိ၏ မျက်လုံးတွေက အေးစက်ပြီး တောက်ပနေ၏။
မြွေများသည် ခြေလှမ်း လေးရာခန့်အကွာသို့ ရောက်ရှိလာစဉ်မှာ ရွှေပင့်ကူက ရုတ်တရက် ထူးဆန်းစွာ အော်ဟစ်လိုက် ၏။ ရွှီး…၊ ရွှီး…၊ ရေပက်သံတွေ ကြားလာရသည်။ မူလက စနစ်တကျ ကူးခတ်နေသော မြွေများသည် တစ်စုံတစ်ခု ကြောင့် ထိတ်လန့်သွားပုံရသည်။ ၎င်းတို့သည် ရုတ်တရက် ဖရိုဖရဲဖြစ်ပြီး ထိတ်လန့်စွာ နောက်ပြန်ဆုတ်သွားသည်။
ရွှေပင့်ကူကြီးသည် အလွန်ကျေနပ်သည့်ပုံစံဖြင့် ထပ်ခါတလဲလဲ အော်ဟစ်သည်။ ထိုအဆိပ်ပြင်း မြွေများသည် ပို၍ပင် ထိတ်လန့်လာကာ အမိန့်မနာခံတော့ဘဲ နောက်ပြန် လှည့်သွားကြသည်။ မြွေတောင်ကြားသည် တခဏတာအတွင်း ပရမ်းပတာ ဖြစ်သွားပါသည်။
ကျောက်တုံးနောက်ကွယ်နှင့် ကျောက်နံရံများကြားတွင် ပုန်းအောင်းနေကြသော သံမဏိနတ်ဆိုး လေးတပ်ဖွဲ့ဝင်များ သည် နောက်ဆုံးတွင် အဆိပ်ပြင်းမြွေများ၏ တုန့်ပြန်တိုက်ခိုက်မူများကို ရှောင်ရှားကာ၊ မတတ်သာဘဲ တစ်ယောက်ပြီး တစ်ယောက် ပြေးထွက်လာကြပါသည်။
သူတို့ ထိတ်လန့်တုန်လှုပ်နေကြစဉ်မှာ, ဤအဆိပ်ပြင်းသော မြွေများသည် သူတို့၏ခြေထောက်များဆီသို့ ပြေးတက်သွား ကြပါသည်။ တချို့မြွေများဆို ၎င်းတို့၏ခန္ဓာကိုယ်ပေါ်သို့ပင် တက်သွားကြ၏။
"ဇီယန် ၊ ထိုက်ဇူ ၊ မုကလေး ၊ တိမ်ဖြူအကြီးအကဲ ငါးယောက်၊ ငါ့နောက်ကနေ လိုက်ပြီး ဒီလူတွေကို ပစ်သတ်လိုက်။ ကျန်တဲ့သူတွေက နောက်ကနေ လိုက်ခဲ့။”
ဤအခြေအနေကို မြင်သောအခါ ဟုန်ယွိသည် ခုန်တက်ပြီး အရင်ဆုံး တောအုပ်ထဲမှ ပြေးထွက်သွားခဲ့သည်။ မကြာခင်မှာပင် ကျွမ်းကျင်ပညာရှင် အဖွဲ့တစ်ဖွဲ့က သူ့နောက်မှ လိုက်ပါလာပြီး၊ ထိတ်လန့်တကြားဖြစ်နေသည့် သံမဏိ နတ်ဆိုး လေးတပ်ဖွဲ့ဝင်များထံသို့ အလျင်အမြန် ချဉ်းကပ်ခဲ့ကြသည်။
ဟုန်ယွိအနားမှ ကျွမ်းကျင်ပညာရှင် အများပြားသည် ဝံပုလွေနှင့် ကျားများကဲ့သို့ အပြင်းအထန် တိုက်ခိုက်ကြသည်။ သူတို့နှင့် ခြေလှမ်းသုံးလေးရာ ဝေးသောအခါတွင် မြှားများဖြင့် တုံ့ပြန်တိုက်ခိုက်ကြသည်။
ချွန်ထက်သော မြှားမိုးရွားသွန်းခြင်းနှင့်အတူ သတ္တုသံချပ်ကာများပေါ်သို့ ကျရောက်သွားကြပြီး၊ ရိုက်ခတ်သံများ ကျယ်လောင်စွာ ထွက်ပေါ်နေ၏။ ဤမြှားများသည် တိမ်ဖြူအကြီးအကဲငါးဦး၏ မြှားများဖြစ်သည်။ ဟုန်ယွိ၊ မုကလေး၊ ရှန်ထိုက်ဇူနှင့် ချီဇီယန်တို့၏ မြှားများသည် သံမဏိ နတ်ဆိုးအစောင့်ရှောက်များ၏ မျက်လုံးများကို တိတိကျကျ ထိမှန် သည်။
သံမဏိနတ်ဆိုးအစောင့်ရှောက် ဆယ်ယောက်ထက်မနည်းသည် ၎င်းတို့၏ခန္ဓာကိုယ်တွင် မြွေများ ရစ်ပတ်ထားသော ကြောင့် လက်တုံ့ပြန်ရန် အချိန်မရှိပေ။ သူတို့ မျက်လုံးတွေ ချက်ချင်း ထိုးဖောက်ခံရပြီး မြေပြင်ပေါ်သို့ လဲကျသွားပါသည်။
စစ်သည်သုံးရာကျော်သည် တောအုပ်အတွင်းမှ ချောက်အလယ်ဗဟိုသို့ စုရုံးရောက်ရှိလာချိန်မှာ သံမဏိနတ်ဆိုး အစောင့်ရှောက်များ အားလုံး သေဆုံးသွားကြသည်။
ရွှေပင့်ကူ၏ အငွေ့အသက် ပိုမိုနီးကပ်လာသည်နှင့်အမျှ အဆိပ်ပြင်း မြွေများသည် ကမန်းကတန်း ပြန်ဆုတ်သွားသည်။ ဟုန်ယွိနှင့် သူ့အဖွဲ့သည် သံမဏိနတ်ဆိုးအစောင့်များ၏ အလောင်းများအနီးသို့ ရောက်ရှိလာချိန်တွင် အဆိပ်ပြင်း မြွေများ လုံးဝ ထွက်ပြေးသွားကြပါပြီ။
“သူတို့ရဲ့ ချပ်ဝတ်တွေကို ချွတ်ယူပြီး၊ လေးနဲ့ မြှားတွေကို သိမ်းဆည်းကြ။ ဆေဘာတွေကိုလည်း ကောက်သိမ်းထားကြ။ အလောင်းတွေကို တစုတစည်း စုပုံထား။” ဟုန်ယွိက အမိန့်ပေးသည်။
အမိန့်ပေးသည်နှင့် တပြိုင်နက် စစ်သည်ဒါဇင်ပေါင်းများစွာက ချက်ချင်း ဝိုင်းအုံလာပြီး ငါးကြေးခွံသံမဏိ ချပ်ဝတ်နှင့် သံခမောက်တွေကို သေဆုံးပြီး လူ ၂၀ ၏ အလောင်းများမှ ချွတ်ယူလိုက်သည်။ အသံမျိုးစုံလည်း ကြားနေရသည်။
"ဒီငါးကြေးခွံချပ်ဝတ်တွေဟာ ယွန်မင်အင်ပါယာက မဟာဆရာသခင် ပန်းပဲဆရာတွေ ထုလုပ်ထားတဲ့ သံမဏိနတ်ဆိုး ငါးကြေးခွံချပ်ဝတ်အစစ်တွေပဲ။ ဒီချပ်ဝတ်တွေကို သံမဏိအအေးနဲ့ ထုလုပ်ထားပြီး၊ မီးမလိုဘူး။ အားစိုက်ထုတ်မှု အများ ကြီး လိုအပ်ပေမယ့် ပေါ့ပါးပြီး ခိုင်ခံ့တယ်။ တစ်ထည်ကို ငွေဒင်္ဂါးသောင်းတစ်ထောင် တန်တယ်။" ချီဇီယန်က ပြောသည် "ဒီလူတွေအားလုံးက အစွမ်းထက်တဲ့ သိုင်းသခင်တွေချည်းပဲ။ တကယ်လို့, သူတို့သာ ဒီတောအုပ်ထဲမှာ ခံစစ်ကိုအားကိုး ပြီး၊ နည်းဗျူဟာအတိုင်း တိုက်ခိုက်ရမယ်ဆိုရင်, သူတို့က လူရာပေါင်းများစွာ ဒါမှမဟုတ် ထောင်ပေါင်းများစွာကိုတောင် အလွယ်တကူ ချေမှုန်းပစ်နိုင်တယ်….."
ချွင်….။
ဟုန်ယွိသည် ဆေဘာကြီးတစ်လက်ကို ဆွဲထုတ်လိုက်သည်။ ၎င်းဆေဘာသည် နှင်းဖြူရောင်ဖြစ်ပြီး အသွားက အလွန်မင်း ထက်ရှသည်။ ၎င်းကို အနက်ရောင်သံမဏိဖြင့် ထုလုပ်ထားသည်။
"သံမဏိနတ်ဆိုးလေးတပ်ဖွဲ့ဝင် အယောက်နှစ်ဆယ်၊ အနက်ရောင်အရိုးလေး နှစ်ဆယ်၊ လင်းယုန်ငှက်မွှေးမြှား ထောင်ပေါင်းများစွာနဲ့ အနက်ရောင်သံမဏိဆေဘာ နှစ်ဆယ်။ ရိတ်သိမ်းမူက မနည်းပါဘူး။ ဒီကျွမ်းကျင်ပညာရှင် အယောက်နှစ်ဆယ်က ကြီးမားတဲ့ ကမ္မကုသိုလ်အဖြစ် အသုံးပြုဖို့ လုံလောက်ပါပြီ။” ရန်ယင်မင်းက ပြောသည်။
"ဟား…၊ ဟား….၊ ဟား….၊ ဟား….၊ ဟား….၊ ဟား…၊ တကယ်လို့, မင်းတို့က ကြီးမားတဲ့ ကမ္မကုသိုလ်ကြီးတစ်ခု ပြုလုပ်မယ်ဆိုရင်, မင်းတို့အနေနဲ့ အသက်ရှင်လျက် ပြန်နိုင်ဖို့လိုသေးတယ်နော်။" ရုတ်တရက် ချောက်နက်ထံမှ အေးစက်စက် လေတိုးသံတစ်ချက် တိုက်ခတ်သွားပြီးနောက် အသံက ထွက်ပေါ်လာပါသည် "မင်းတို့ကို ငါ လျှော့တွက်ခဲ့ မိတယ်။ တကယ်တော့ ပစိဖိတ်ရေတပ်မှာ ရွှေပင့်ကူလို တစ်စုံတစ်ယောက် တကယ်ရှိနေတာပါလား….။”
ဟုန်ယွိသည် လှမ်းကြည့်လိုက်စဉ် ချောက်၏အဆုံး၌ အစိမ်းရောင်မျက်ခုံးနှင့် အစိမ်းရောင်ဝတ်ရုံဝတ်ထားသည့် လူတစ်ဦးကို တွေ့လိုက်ရပါသည်။ ဤလူသည် လူသုံးလေးရာရှိသော ဟုန်ယွိ၏တပ်ကို ကြောက်ရွှံ့ခြင်းမရှိဘဲ ထိုနေရာ တွင် တစ်ယောက်တည်း ရပ်နေခဲ့သည်။
"မျက်ခုံးစိမ်း…" ဟုန်ယွိသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည် "သူ့ကို ဖယ်ရှားပစ်ရမယ်။ သူက ဧရာမ ဝေလငါးကျွန်း ပင်လယ်ဓားပြတွေရဲ့ ဒုတိယကျွန်းသခင် မျက်ခုံးစိမ်းပဲ။”
ဟုန်ယွိသည် ငွေကုန်သည်များ၏ အချက်အလက်များကို ဖတ်ဖူးပြီး၊ ဧရာမ ဝေလငါးကျွန်း ပင်လယ်ဓားပြတွေထဲတွင် ကျွန်းသခင်သုံးဦးရှိကြောင်း သိရှိထားပါသည်။ ဤလူသည် ၎င်းတို့ထဲက တစ်ယောက်ဖြစ်သည့် မျက်ခုံးစိမ်း ဖြစ်ပါသည်။
အကယ်၍, သူတို့သာ မျက်ခုံးစိမ်းကို ဖြုတ်ချနိုင်ခဲ့ပါက၊ သူတို့သည် ကြီးမားသော ကမ္မကုသိုလ်ကြီးတစ်ခု ပြုလုပ်နိုင်မည် ဖြစ်ပါသည်။
အခန်း (၁၃၁)။
"ဟုတ်…."
ဟုန်ယွိ၏ အမိန့်အရ စစ်သည်သုံးရာတို့သည် လေးများကိုဆွဲကာ မြှားများကို တပ်ဆင်ကြသည်။ သူတို့သည် ခြေလှမ်းပေါင်း ရာနှင့်ချီဝေးသော မျက်ခုံးစိမ်းဆီသို့ စနစ်တကျ ချီတက်ခဲ့ကြသည်။
ချွင်…။
ချီဇီယန်လည်း သူ့လေးကို တပ်ဆင်လိုက်ပြီး၊ မျက်ခုံးစိမ်း၏ မျက်လုံးများကို ချိန်ရွယ်ထားသည်။ သူ၏ ပြောင်မြောက်လှ သော လေးပစ်စွမ်းရည်၊ ကောင်းကင်မြွေမြှားကိုးစင်းနှင့် သက်တန့်ထိုးဖောက်လေး၏ စွမ်းအားဖြင့်ဆိုပါက, မျက်ခုံးစိမ်း လှုပ်ရှားနေသမျှကာလပတ်လုံး သူသည် အရပ်မျက်နှာအသီးသီးမှ မြှားမိုးရွာချခြင်းကို ချက်ချင်းခံ ရမည်ဖြစ်သည်။
"ငါ့ကို ဖယ်ရှားပစ်ဖို့လား.. ဟမ့်…။”
ဧရာမဝေလငါးကျွန်း၏ ဒုတိယကျွန်းသခင် မျက်ခုံးစိမ်းသည် ဟုန်ယွိ၏ အစိမ်းရောင်တပ်ရင်းကို တစ်ယောက်တည်းဖြင့် ရင်ဆိုင်ရင်း မြွေတောင်ကြား အဝင်ဝတွင် ရပ်နေခဲ့ပါသည်။ အစိမ်းရောင်တပ်ရင်းတွင်, ထိပ်တန်းသိုင်းဆရာများစွာ၊ ရှင်တန်သိုင်းသခင်တစ်ဦး၊ သိုင်းစစ်သည်တော်တစ်ဒါဇင်ကျော်၊ ရွှေပင့်ကူတစ်ကောင်နှင့် သွားမှအမြီးအထိ သံချပ်ကာ ဆင်မြန်းထားသော ဒေါသခက်ထန်သည့် ခြင်္သေ့ဘုရင်နှစ်ကောင်ကို ရှိနေပါသည်။ သူက အထင်သေးစွာ နှာခေါင်းရှုံ့လိုက် သည်။
ထိုကဲ့သို့ အင်အားကြီးမားသည့် တပ်တစ်ခုကို ရင်ဆိုင်နေရသည့်တိုင် မျက်ခုံးစိမ်းသည် လုံးဝ ကြောက်ရွှံ့ပုံ မပေါ်ချေ။ သူက ပုံမှန်အတိုင်း ငြိမ်သက်နေ၏။ သူ မည်သည့်အရာ ကြံစည်နေသည်ကို မည်သူမှ မသိပေ။
"သွား!"
မျက်ခုံးစိမ်းသည် ဟုန်ယွိ၏တပ်များ သူနှင့် ခြေလှမ်းခြောက်ရာဝေးသည့် တိုင်အောင် စောင့်ဆိုင်းနေခဲ့သည်။ ရုတ်တရက် သူက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ချောက်ကမ်းပါးတစ်ဖက်မှ ကြီးမားသော တစ္ဆေအရိပ်ကြီးများ ရုတ်ချည်း ပေါ်လာသည်။ ၎င်းတို့အားလုံးသည် သားရေချပ်ဝတ်များကို ဝတ်ဆင်ထားကြပြီး၊ ဓားနှင့်ဒိုင်းများကို ကိုင်ဆောင်ထားကြသည်။ ဤစစ်သားများ အားလုံးတွင် ခက်ထန်သောမျက်နှာ၊ ကြံ့ခိုင်သန်မာသော ခန္ဓာကိုယ်၊ မည်းမှောင်သော အသားအရေနှင့် အဖြူရောင်သွားများ ရှိနေသည်။ ၎င်းတို့သည် သားရဲများ၏ အငွေ့အသက်ကို ထုတ်လွှတ်ထားကြသည်။
သပ်ရပ်ပြီး စနစ်တကျ ချီတက်လာသော ထိုအုပ်စုတွင် စစ်သည် လေးငါးရာကျော် ရှိသည်။
ဤလူများသည် အလွန်မင်း အစွမ်းထက်သည့် သိုင်းတပည့်များ ဖြစ်ပုံရပြီး၊ အချို့မှာ သိုင်းစစ်သည်တော်များ ဖြစ်သည်။ ၎င်းတို့၏ အရည်အသွေးသည် ဟုန်ယွိ၏လက်အောက်ရှိ အစိမ်းရောင်တပ်ရင်းမှ စစ်သည်များနှင့် နှိုင်းယှဉ်ပါက အနည်းဆုံး အဆင့်တစ်ခု မြင့်မားသည်။
ထိုလူများ ပေါ်လာသည်နှင့် တပြိုင်နက် မျက်ခုံးစိမ်းသည် ဆုတ်ခွာသွားခဲ့သည်။ သူသည် သူ့ခြေဖဝါးကို မြေကြီးပေါ် ထိပုတ်ပြီးနောက် နောက်ပြန် ဆုတ်သွားခြင်းဖြစ်သည်။ သူ့ခန္ဓာကိုယ်က မြွေတစ်ကောင်လို တွန့်လိမ်သွားကာ ဓားနှင့် ဒိုင်းကာတပ်သားအုပ်စုထဲသို့ ချက်ချင်းပင် ခုန်ဆင်းသွားသည်။ ကြီးမားသော ဒိုင်းအကာကွယ်ကြီးက သူ့ခန္ဓာကိုယ်ကို လုံးလုံးလျားလျား ဖုံးလွှမ်းသွားပါသည်။
"ဒီလူရဲ့ ကိုယ်ခံပညာက တကယ်ကို နားမလည်နိုင်လောက်အောင်ကိုပဲ။ သူက စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ် တစ်သားတည်း ဖြစ်တဲ့ နယ်ပယ်ကို ရောက်နေပြီထင်တယ်" ချီဇီယန်က သူ့လေးနှင့်မြှားကို နှိမ့်လိုက်ပါသည်။ မျက်ခုံးစိမ်းသည် သူ့မြှား ပစ်ကွင်းထဲမှာ ရှိနေသော်လည်း, သူသည် ကောင်းကင်မြွေမြှားကိုးစင်းကို မပစ်ခတ်ခဲ့သေးပါ။ အဘယ်ကြောင့်ဆိုသော် သူသည် သူ၏ ထိုလှုပ်ရှားမှုပညာရပ်ကို အသုံးပြုချိန်မှာ, မျက်ခုံးစိမ်း၏တည်နေရာကို တိကျစွာ အာရုံစိုက်နိုင်စွမ်း မရှိသောကြောင့် ဖြစ်ပါသည်။
"စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်က တစ်သားတည်း ဖြစ်သွားပြီးနောက်၊ ပုစဉ်းရင်ကွဲတစ်ကောင်က မလှုပ်ရှားခင်မှာ ဆောင်းဦးလေကို အာရုံခံသလို, ငါ့မြှား ရွေ့လျားသွားတာနဲ့ သူက ငါ ပစ်ခတ်မယ့်နေရာကို အာရုံခံစားနိုင်တယ်….။”
"အစကတော့, ငါ မင်းအားလုံးကို ဒီသံမဏိနတ်ဆိုးမြှားတပ်ဖွဲ့ဝင် နှစ်ဆယ်, အဆိပ်ပြင်း မြွေတစ်ထောင်နဲ့ ချေမှုန်းဖို့ ရည်ရွယ်ထားခဲ့တယ်။ ဒါပေမယ့် မင်းတို့ရဲ့သိုင်းပညာက ဒီလောက်ကောင်းနေမယ်လို့ ငါ မမျှော်လင့်ထားဘူး၊ မင်းတို့ကို ကူညီဖို့ ရွှေပင့်ကူတစ်ကောင်တောင် ရှိနေတယ်။ ဒါပေမယ့် ဒါက အဆုံးသတ်ပါပြီ။”
မျက်ခုံးစိမ်း၏ မိုးပြိုမတတ်အသံက ဓားနှင့်ဒိုင်းလွှားကာ စစ်သည်များကြားထဲမှ ထွက်ပေါ်လာသည်။ ဤစစ်သားများ အားလုံးသည် အပြင်ဘက်တွင် သံမဏိဖြင့် ဖုံးကာထားသည့် လူထက်ဝက်ခန့်မြင့်သော သစ်သားဒိုင်းများကို ကိုင်ဆောင် ထားကြသည်။ ၎င်းဒိုင်းများသည် ပေဝက်ခန့် အထူရှိသောကြောင့် အပြင်းထန်ဆုံးသော မြှားများသည်ပင် ၎င်းတို့ကို ထိုးဖောက်ရန် ခက်ခဲပါလိမ့်မည်။
သူတို့၏ဆေဘာများသည် ယွန်မင်၏ ဆေဘာများ ဖြစ်ကြသည်။ ၎င်းတို့သည် အနက်ရောင်သံမဏိကဲ့သို့ အရည်အသွေး မမြင့်မားသော်လည်း ၎င်းတို့ကို သံမဏိဖြင့် ပြုလုပ်ထားဆဲ ဖြစ်သည်။ ဆေဘာတွေက အေးစက်ပြီး တောက်ပြောင်နေပုံ ရကာ လူတစ်ယောက်ကို အလွယ်တကူ ထစ်ခြမ်းခွဲပစ်နိုင်သည်။
ဟုန်ယွိ စကားပြောနေစဉ်မှာပင်၊ ထိုလူများသည် ပုရွက်ဆိတ်တပ်ကဲ့သို့ အလွှာလိုက် အလွှာလိုက် အထပ်ထပ်ဆင့်ကာ၊ လျှပ်စီးလက်သကဲ့သို့ ရှေ့သို့ တဟုန်ထိုး ချီတက်လာကြပါသည်။
ခြေလှမ်းခြောက်ရာ၊ ခြေလှမ်းငါးရာ၊ လေးရာ၊ ခြေလှမ်းသုံးရာ၊ ခြေလှမ်းနှစ်ရာ.
မြွေတောင်ကြားတစ်ခုလုံးတွင် ထိုလူများ၏ အရေအတွက်သည် ဟုန်ယွိ၏စစ်သားများထက်ပင် ပိုများနေပါသည်။ ထိုလူအုပ်စု၏ အရည်အသွေးအရ, သူတို့သည် ရှေ့ကို တဟုန်ထိုး ပြေးဝင်တိုက်ခိုက်သည်နှင့်, သိုးအုပ်ထဲက ကျားတွေ လို ဖြစ်လာကြလိမ့်မည်။ သူတို့သည် ဟုန်ယွိ၏ စစ်သည်အားလုံးကို ပေါင်းပင်မြက်ခြောက်များကို ချေမွပြီး၊ ပုပ်ပွနေ သော သစ်ပင်များကို ခုတ်ပိုင်းသကဲ့သို့ အလွယ်တကူ သတ်ပစ်နိုင်ပါလိမ့်မည်။
ရက်စက်ကြမ်းကြုတ်သော ဤဌာနေစစ်သည်များသည် တောရိုင်းတိရစ္ဆာန်များကဲ့သို့ လုယက်သတ်ဖြတ်ခြင်းများကို နှစ်ပေါင်းများစွာ အသားကျနေခဲ့သည်မှာ ထင်ရှားပါသည်။ ယခု သူတို့ အလျင်အမြန် ချဉ်းကပ်လာသည်နှင့်အမျှ ဟုန်ယွိ သည် အသက်ရှူကြပ်ပြီး၊ ပြင်းထန်သော အငွေ့အသက်တစ်ခုက သူ့ဆီသို့ ပြေးဝင်လာသည်ကို ခံစားလိုက်ရသည်။
"ပင်လယ်ဓားပြတစ်စု၊ ဒါပေမယ့် သူတို့က ပုံမှန်စစ်တပ်ထက်တောင် ပိုရက်စက်တယ်…"
"ဖွဲ့စည်းစုံအတိုင်း ပြင်ဆင်ကြ၊ မြှားတွေပစ်။ မင်းတို့ရဲ့ဆေဘာတွေကို ဆွဲထုတ်ပြီး တိုက်ပွဲဝင်ဖို့ ပြင်ဆင်ထားကြ။” ရန်သူများ အရှိန်အဟုန်ဖြင့် ချီတက်နေသဖြင့် ဟုန်ယွိသည် အများကြီးတွေးရန် အချိန်မရှိပေ။ သူက ချက်ချင်း အမိန့်ပေး လိုက်ရသည်။ ရန်သူများ ခြေလှမ်းတစ်ရာ အကွာဝေးသို့ ရောက်သောအခါ, သူသည် ပစ်မိန့်ပေးပြီးသည်နှင့် မြှားများသည် ကျိုင်းကောင်များကဲ့သို့ ပင်လယ်ဓားပြများဆီသို့ ပျံသန်းသွားကြသည်။
သို့သော် ဤကျိုင်းကောင်များနှင့်တူသော မြှားအများစုကို ပင်လယ်ဓားပြတွေက ဒိုင်းကာများဖြင့် ပိတ်ဆို့ထားသည်။ ဟုန်ယွိ၏မြှားများနှင့် အခြားမြားပစ်ကျွမ်းကျင် ပညာရှင်များ၏ မြှားအနည်းငယ်လောက်ကသာ ဒိုင်းအကာများကြားရှိ ကွက်လပ်ကို ဖြတ်သန်း၍ ပင်လယ်ဓားပြများ၏ သားရေချပ်ဝတ်တန်ဆာကို ထိုးဖောက်ဝင်ရောက်ပြီး၊ ဆယ်ဦးထက် မနည်း သေဆုံးသွားခဲ့သည်။
သို့သော် ရှေးသို့ တဟုန်ထိုး ချီတက်လာနေသော ထိုစစ်သည်အုပ်စုကို မရပ်တန့်နိုင်ခဲ့ပေ။
မြှားမိုးရွာသွန်းပြီးနောက် စစ်သည်သုံးရာကျော်သည် လေးနှင့်မြှားတွေကို ပစ်ချပြီး ဆေဘာများကို ဆွဲထုတ်ကြသည်။ သူတို့သည် ဒိုင်းအကာတွေနှင့်အတူ ရှေ့ကို ချီတက်နေသည့် ပင်လယ်ဓားပြတွေကို အေးစက်စွာ ကြည့်နေကြသည်။
ဟုန်ယွိသည် ဆန့်ကျင်ဘက် အင်အားစုနှစ်ခုကြား ထိပ်တိုက်ရင်ဆိုင်ရမည့် အန္တရာယ်နှင့် လူတိုင်း၏ စိတ်ဓာတ်ကို လျင်မြန်စွာ ခံစားရသည်။
သူသည် စိတ်ဝိညာဉ်ကို ပြုစုပျိုးထောင်သူဖြစ်ပြီး သူ၏ အတွေးကြံတွေက ထက်မြက်သည်။ တခဏချင်းမှာပင် ရောက်ရှိ နေကြသည့် လူတိုင်း၏ သွေးတွေက ပွက်ပွက်ဆူနေသည်ကို သူ ခံစားလိုက်ရ၏။ သူတို့၏ အတွေးတွေက စူးစိုက်မူ အားကောင်းပြီး၊ အနှိုင်းမဲ့ စိမ့်ဝင်နေကာ၊ မြွေတောင်ကြားတစ်ခုလုံးကို မြင်သာထင်သာရှိသော သတ်ဖြတ်ခြင်း အငွေ့အသက်ကြီးတစ်ခုက လွှမ်းခြုံထားကာ၊ လေထုတောင် အနည်းငယ် အေးခဲသွားသလိုပင်။
"အစိမ်းရောင်တပ်ရင်းက စစ်သည်တွေဟာ အကောင်းဆုံး ယူဆလို့မရပေမယ့်, ဒီလိုထိပ်တိုက်တွေ့မှုနဲ့ ကြုံတွေ့ရတဲ့ အခါ, သူတို့က ရှေ့တိုးပြီး၊ ဓားသွားတွေကို ဆွဲထုတ်ကာ တည်ငြိမ်စွာနဲ့ ဖွဲ့စည်းပုံအတိုင်း စောင့်ဆိုင်းနေတယ်။ အဲဒါက သူတို့ကို ပုံမှန်စစ်တပ်တစ်ခုလို့ ခေါ်ဖို့ လုံလောက်ပါပြီ။ တကယ်လို့, သာမန်ဓားပြတွေဆို, အခုလိုပုံစံမျိုးနဲ့ ရင်ဆိုင်တွေ့ အခါ, သူတို့ခြေထောက်တွေ ပျော့ခွေသွားမှာ စိုးရတယ်။ တချို့ဆို လှည့်ပြီး ထွက်ပြေးသွားလောက်တယ်။”
"ရွှီး…."
စစ်သည်နှစ်ဖွဲ့ ထိပ်တိုက်တွေ့ပြီး ပြင်းထန်သော တိုက်ပွဲတစ်ခုဖြစ်ပေါ်ရန် နီးကပ်လာချိန်တွင် ရုတ်တရက် မုကလေး ဘေးမှ ရွှေပင့်ကူသည် အသက်ပြင်းပြင်းရှုပြီး ထွေးထုတ်လိုက်၏။ ကြီးမားသော ငွေရောင်ပင့်ကူမျှင်ကြီးသည် ကောင်းကင်တွင် ပေါ်လာပြီး၊ ချက်ချင်းပင် ပြိုဆင်းလာကာ ရှေ့တန်းမှ စစ်သည်နှစ်ဆယ်ကို ရစ်ပတ်ထားပါသည်။
အလွန်စေးကပ်သော ပင့်ကူအိမ်က ၎င်းတို့၏ ခြေရာများကို တားဆီးထားသည်။ တဟုန်ထိုး ပြေးဝင်လာသော ပင်လယ်ဓားပြများသည် ၎င်းတို့၏ခြေလှမ်းများ ချက်ချင်း ယိမ်းယိုင်သွားသလို ခံစားလိုက်ရပြီး သူတို့၏ အရှိန်အဟုန်မှာ လည်း နှေးကွေးသွားသည်။
"သတ်….."
ဤအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ဟုန်ယွိသည် ငါးမန်းသတ်ဓားကို ထပ်မံ မြှောက်၍ အမိန့်ပေးလိုက်သည်။ သူသည် သူ့ကို ကာကွယ်ပေးထားသည့် ကျွမ်းကျင်သူတွေကို ဦးဆောင်ပြီး ရှေ့သို့ ပြေးဝင်သွားခဲ့သည်။
ယခုတစ်ကြိမ်က တကယ့်စစ်မြေပြင်မှာ သူ၏ ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပါသည်။ ပြီးခဲ့သည့်အကြိမ်, ဝူယွန်ခရိုင်တွင် ဓားပြများကို နှိမ်နှင်းရာတွင် အင်အားကွာဟမှုက အလွန်ကြီးမားသည်။ သူသည် နောက်ကွယ်မှ သတိထား စောင့်ကြည့် ရင်း တာအိုပညာရပ်ကို အသုံးပြု၍သာ ကျောက်ဖေးရုန်ကို တိုက်ခိုက်နိုင်ခဲ့ပါသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ, သူသည် လက်တွေ့ ခုတ်ပိုင်းသတ်ဖြတ်ရသည့် တိုက်ပွဲတစ်ခု ဖြစ်ပါသည်။
စစ်သည်နှစ်ဖွဲ့က ထိပ်တိုက်တွေ့ပြီးနောက် ပထမဆုံး ထိတွေ့သည်က ရှန်ထိုက်ဇူ၏ သတ္တုသံတုတ်ကြီးပါ။
ဘုန်း….။
ရှန်ထိုက်ဇူ၏ ကြီးမားသော သတ္တုသံတုတ်ကြီးသည် ဒိုင်းတစ်ခုထဲသို့ ပြင်းထန်စွာ တိုးဝင်သွားပြီး ဒိုင်းတစ်ခုလုံး ချက်ချင်း ကွဲအက်သွားခဲ့သည်။ နောက်ကွယ်မှ ဒိုင်းကိုကိုင်ဆောင်ထားသော ပင်လယ်ဓားပြသည် ကြိုးပြတ်နေသော စွန်ကဲ့သို့ လေထဲသို့ အမြင့်သို့ ပျံတက်သွားသည်။ သူ့နောက်ကွယ်က ပင်လယ်ဓားပြတွေတောင် ကြီးမားလှသည့် အင်အားကြောင့် သွေးအန်သွားကြကာ၊ တခဏအတွင်းမှာပင် သူတို့၏ ဖွဲ့စည်းပုံက လုံးဝကို ပျက်ယွင်းသွားခဲ့ရသည်။
ရှန်ထိုက်ဇူသည် ထူးခြားသော ခွန်အားဖြင့် မွေးဖွားလာခဲ့သူ ဖြစ်သည်။ သူသည် နွားသိုးနတ်ဆိုးခွန်အားလက်သီး ပညာရပ်နှင့် ကျားနတ်ဆိုးအရိုးပုံသွင်းခြင်းလက်သီးပညာရပ်ကို ပြုစုပျိုးထောင်ခဲ့ပြီး သူ၏ခန္ဓာကိုယ်ကို သန့်စင်ရန် အတွက် ဝိညာဉ်ဆေးများစွာကိုလည်း အသုံးပြုခဲ့သည်။ သူသည် ယွမ်ယန်ကောင်းကင်ပုလဲ ဟင်းချိုကိုတောင် သောက်ခဲ့ ဖူးသည်။ အခု သူသည် သာမန်ထက် ထူးခြားသည့် ခွန်အားကို ပိုင်ဆိုင်ထားသည်။ သတ္တုသံတုတ်ကြီးကို အသုံးပြုခြင်းနှင့် အတူ, သူသည် မပျက်ဆီးနိုင်သော ခွန်အားကိုပိုင်ဆိုင်ထားသည့် မျောက်ဝံနတ်ဆိုးအတိုင်းပင်။
အထူးသဖြင့်၊ သူသည် ဓားနှင့်လှံများကို ခံနိုင်ရည်ရှိသည့် ငွေငါးမန်းချပ်ဝတ်ကို ၀တ်ဆင်ထားခြင်းက သူ၏ရဲရင့်မူကို ထပ်လောင်းအားပေးနေခဲ့သည်။
လေးလံသော သံတုတ်ကြီးနှင့် လေးလံသော တူကြီးတို့သည် ဒိုင်းကာကြီးများကို ဖြတ်ကျော်ရန် အကောင်းဆုံး လက်နက် များ ဖြစ်ကြပါသည်။ ဤတိုက်ပွဲတွင် ရှန်ထိုက်ဇူသည် သူ၏ ခွန်အားကို အကောင်းဆုံး အသုံးချခဲ့သည်ဟု ဆိုနိုင်သည်။
"ကောင်းလိုက်တာ.." ရှန်ထိုက်ဇူ၏ ရဲစွမ်းသတ္တိကို မြင်လျှင် ဟုန်ယွိသည် တိတ်တဆိတ် ချီးကျူးလိုက်ပြီး၊ သူ့ခန္ဓာကိုယ် က ဖျတ်ခနဲ လှုပ်ရှားနေပြီး၊ အလင်းလှုပ်ရှားမှုပညာရပ် "လိပ်ပြာအမှုန့်ဖြန့်ကြဲခြင်း" သိုင်းကွက်ဖြင့် သူသည် ကွက်လပ်ထဲ သို့ ပြေးဝင်ကာ လက်ထဲမှ ငါးမန်းသတ်ဓားကို ဝှေ့ယမ်းလိုက်သည်။ ဒန်း၊ ဒန်း၊ ဒန်း! ဖြန်း…၊ ဖြန်း…၊ သံမဏိဆေဘာ သုံးချောင်း ကျိုးပျက်သွားပြီးနောက် လူသုံးယောက်၏ သားရေချပ်ဝတ်ကို တိုက်ရိုက် ဖြတ်တောက်ပစ်လိုက်သည်။ ဓားက အရိုးတွေကို ဖြတ်တောက်ပြီး၊ သွေးတွေလည်း ဖျန်းခနဲ လွင့်စင်သွားပါသည်။ ဟုန်ယွိ၏ ခန္ဓာကိုယ်သည် ချက်ချင်း ပင် သွေးများဖြင့် ဖုံးလွှမ်းသွားသည်။
ထိုအချိန်တွင် ငါးမန်းသတ်ဓား၏ ထက်ရှမှုကို အပြည့်အဝ ပြသသည်။
မူလက ဤပင်လယ်ဓားပြများ၏ သားရေချပ်ဝတ်များ၏ အရည်အသွေးသည် အလွန်ကောင်းမွန်သည်။ ချွန်ထက်သော သံမဏိဆေဘာများသည်ပင် ၎င်းတို့ကို ဖြတ်တောက်ရန် အခက်တွေ့နိုင်သည်။ သို့သော် ငါးမန်းသတ်ဓား၏ ဓားသွားအောက်တွင် ၎င်းတို့သည် စက္ကူနှင့် ထူးမခြားနားတော့ပေ။
ဆေဘာအလင်းတွေက လင်းလက်လာပြီး၊ အနည်းဆုံး ဆေဘာငါးချောင်းသည် ဟုန်ယွိ၏ ခန္ဓာကိုယ်ဆီသို့ တည့်တည့် တိုးဝင်သွားသည်။
ဟုန်ယွိသည် လူ ၃ ဦးကို တခဏချင်း သတ်ဖြတ်လိုက်သောအခါတွင် သူသည် အခြားသူများ၏ ပစ်မှတ်အဖြစ် သဘာဝ အတိုင်း ခံခဲ့ရသည်။ ဖရိုဖရဲဖြစ်နေသော စစ်တပ်အတွင်းမှာ, ကျွမ်းကျင်ပညာရှင်တစ်ဦးတောင်မှ အရပ်မျက်နှာ အသီးသီး ကို သတိထားနိုင်မှာ မဟုတ်ပါဘူး။
သို့သော်လည်း ဆေဘာငါးချောင်းသည် ဟုန်ယွိ၏ခန္ဓာကိုယ်အနီးသို့ နီးကပ်လာစဉ်မှာ ၎င်းတို့အားလုံးကို ထက်ရှသော ရီဗာသံမဏိဓားက ဖြတ်တောက်ပစ်လိုက်သည်။ ထို့နောက် ရီဗာသံမဏိဓားက လျှပ်စီးကဲ့သို့ ရွေ့လျားသွားပြီး ပင်လယ် ဓားပြငါးဦး၏ လည်ချောင်းများကို ဖြတ်တောက်ပစ်လိုက်၏။ နေရာတိုင်းမှာ သွေးတွေ လွင့်စင်သွားပါသည်။ စမ်းချောင်း ငယ်လေးလည်း အနီရောင်စွန်းထင်းသွားခဲ့သည်။
လှုပ်ရှားခဲ့သူက ဟုန်ယွိကို အကာအကွယ်ပေးနေသည့် ချီဇီယန် ဖြစ်ပါသည်။
တစ်ချိန်တည်းမှာပင်၊ ရှေ့သို့ ပြေးဝင်လာသော အခြားပင်လယ်ဓားပြ အနည်းငယ်ကိုလည်း တိမ်ဖြူအကြီးအကဲ ငါးဦး၏ ဆေဘာရှည်များက ပြတ်တောက်ပစ်ကြသည်။
သက်တော်စောင့်တစ်ယောက်၏ အခန်းကဏ္ဍက အဘယ်နည်း။ ကျွမ်းကျင်သော ကိုယ်ရံတော်တစ်ယောက်၏ အခန်းကဏ္ဍက အဘယ်နည်း။ ယခုအချိန်မှာတော့, သူတို့သည် ထိုအချက်တွေကို လုံးလုံးလျားလျား ထုတ်ဖော်ပြသခဲ့ကြ သည်။ ဟုန်ယွိသည် အလယ်မှ အမြန်ပြေးသွားပြီး ခုတ်ပိုင်းခြင်းကိုသာ ဂရုစိုက်သည်။ သူ့ဘေးနားတွင် သေစေလောက် သော ဓားချက်နှင့်လှံချက်များကို တားဆီးပေးရန် ကျွမ်းကျင်သူများ ရှိနေပြီး၊ တပ်ရင်းမှူးတစ်ဦး၏ ဘေးကင်းမှုကို ကာကွယ်ပေးထားသည်။ လိုအပ်လာသည့်အခါ, သက်တော်စောင့်များသည် ၎င်းတို့၏ ခန္ဓာကိုယ်များကို ပိတ်ဆို့တားဆီး ရန် အသုံးပြုကြရသည်။ ယင်းက သက်တော်စောင့်များ၏ အခန်းကဏ္ဍ ဖြစ်ပါသည်။
ကျွမ်းကျင်သော ကိုယ်ရံတော်များနှင့်အတူ၊ အစွမ်းထက်သော တပ်ရင်းမှူးတစ်ဦးသည် ရန်သူ၏ ဖွဲ့စည်းပုံထဲသို့ တဟုန် ထိုး ပြေးဝင်သွားချိန်မှာ, သူသည် သဘာဝအတိုင်း ရေထဲမှ ငါးတစ်ကောင်လို လျင်မြန်စွာ လှုပ်ရှားရင်း သူ့လမ်းကြောင်းရှိ အရာအားလုံးကို ချေမှုန်းပစ်သည်။
"ဘယ်လောက်တောင် ကျေနပ်စရာကောင်းလိုက်လဲ…."
အနီးကပ်တိုက်ပွဲတွင်၊ အစပိုင်း၌ ဟုန်ယွိသည် အနည်းငယ် ကြောက်ရွံ့နေသေးသော်လည်း၊ သူသည် ပင်လယ်ဓားပြ သုံးဦးကို ငါးမန်းသတ်ဓားဖြင့် သတ်ပစ်ပြီးနောက် ကျေနပ်သည့်စိတ်ခံစားချက်သာ ကျန်ရစ်တော့သည်။
ပင်လယ်ဓားပြတွေကို တိုက်ခိုက်နေသည့် သူ့အစိမ်းရောင်တပ်ရင်းမှ စစ်သည်များ၏ အခြေအနေနှင့် ပတ်သက်၍ သူသည် အခုချိန်မှာ ဂရုမစိုက်နိုင်တော့ပေ။ နှစ်ဖက်တပ်တွေ ထိပ်တိုက်တွေ့သည့်အခါ, ထိပ်တိုက်ရင်ဆိုင်ရုံသာ ရှိပါသည်။ ဤအစိမ်းရောင်တပ်ရင်းမှ စစ်သားများသည် အစစ်မှန် လက်ရွေးစင်များ ဖြစ်လာစေရန်အတွက် သွေးဖြင့် နှစ်ခြင်းခံမူကို ဖြတ်သန်းရန် အမှန်တကယ် လိုအပ်ပါသည်။
ပင်လယ်ဓားပြများသည် ရက်စက်ကြမ်းကြုတ်ကြသော်လည်း ဟုန်ယွိသည် ဤထိပ်တိုက်တိုက်ပွဲကို အနိုင်ယူနိုင်မည်ဟု ယုံကြည်နေဆဲ ဖြစ်သည်။
“နွားသိုးနတ်ဆိုး ဦးချိုခတ်ခြင်း….။ ကျားနတ်ဆိုး တောင်ပေါ်ကဆင်း ။” ဟုန်ယွိသည် ပင်လယ်ဓားပြတစ်ဦး၏ လည်ချောင်းကို ဓားဖြင့် ထိုးဖောက်သည်။ ထို့နောက် သူသည် သူ့ဓားကို လှည့်၍ အခြားပင်လယ်ဓားပြ၏ ရင်ဘတ်ကို ခုတ်ဖြတ်သည်။ တစ်ချိန်တည်းမှာပင် သူ့ခြေထောက်ကို ကန်ထုတ်ဖို့လည်း မမေ့ခဲ့ပါ။ သူ၏ ပြင်းထန်သော ထိုကန်ချက် ၏ စွမ်းအားသည် ဒိုင်းလွှားကိုင်ထားသည့် ပင်လယ်ဓားပြတစ်ဦး လွင့်ပျံသွားစေခဲ့သည်။
ဟုန်ယွိ၏ လက်ရှိ ခွန်အားသည် ရှန်ထိုက်ဇူထက် အားမနည်းပါဘူး။ သိုင်းပညာရပ်များ၏ ပျော့ပြောင်းမူနှင့် နားလည်မူ အပိုင်းတွင် သူသည် ရှန်ထိုက်ဇူ၏ အထက်မှ ရှိသည်။ သူ၏ဓားသိုင်းစွမ်းရည်သည် ပြင်းထန်ပြီး ထူးဆန်းသည်။ သူ၏သတ်ဖြတ်မှု အရှိန်ဟုန်သည် အမှန်ပင် အမြန်ဆုံး ဖြစ်သည်။ အနီးကပ်တိုက်ပွဲ အနည်းငယ် ကြာပြီးနောက်၊ လက်ရွေးစင် ပင်လယ်ဓားပြ ဆယ်ယောက်ကျော်သည် သူ့လက်ဖြင့် သေဆုံးသွားခဲ့သည်။
တိုက်ပွဲတွင် လုံးလုံးလျားလျား နစ်မြုပ်သွားသော ဟုန်ယွိသည် ရုတ်တရက် သူ့ကိုယ်သူ မယုံနိုင်လောက်အောင် တည်ငြိမ် သွားသော်လည်း အလွန်အမင်း စိတ်အားထက်သန်မူကို ခံစားလိုက်ရ၏။ သူ့ဘဝတွင် သင်ယူခဲ့သော ကိုယ်ခံပညာ အားလုံး- နွားသိုးနတ်ဆိုးခွန်အား လက်သီးပညာရပ်၊ ကျားနတ်ဆိုးအရိုးပုံသွင်းခြင်း လက်သီးပညာရပ် ကောင်းကင် ဝိညာဉ်ငယ်ဖမ်းယူခြင်း လက်ဝါးı လိပ်ပြာအကလက်သီး ကောင်းကင်ဘုံရစ်ပတ်ခြင်းလက်ဝါးı ငါးနဂါး အသွင်ကူးပြောင်း ခြင်း ကိုးသွယ်ı နတ်ဆိုးမျောက်ဝံ ဖရိုဖရဲနတ်ဘုရားတုတ်နှင့် တစ်ကြိမ်တစ်မျှ ပြင်းထန်စွာ မတိုက်ခိုက်ဖူးသည့် အခြား သိုင်းပညာရပ် ဒါဇင်ကျော်အားလုံးတို့သည် သူ့လက်ဖျားတွင် ရှိနေပါသည်။ တိုက်ပွဲအလယ်တွင်, ထိုပညာရပ်အားလုံးတို့ သည် တဖြည်းဖြည်း ပေါင်းစပ်ပြီး၊ သန့်စင်လာခဲ့သည်။ တဖြည်းဖြည်းနှင့် သူသည် ၎င်းတို့ကို ကျွမ်းကျင်လာခဲ့ပြီး၊ သူ့ကိုယ်ပိုင် ထူးခြားသည့် သိုင်းကွက်ပုံစံများကို ပုံဖော်လာပါသည်။
"အံ့သြစရာ မရှိတော့ဘူး၊ စစ်မြေပြင်ဟာ သိုင်းတာအိုရဲ့ မွေးဖွားရာမြေဖြစ်တယ်ဆိုတာ အံ့ဩစရာ မရှိတော့ပါဘူး။ အခုလို သတ်ဖြတ်ခြင်းမျိုးက လူတစ်ယောက်ရဲ့ ကျင့်ကြံမူကို တိုးတက်လာစေဖို့ တကယ်ကို အထောက်အကူ ဖြစ်စေတာပဲ။ ကိုယ်ခံပညာအားလုံးဟာ သတ်ဖြတ်ခြင်းအလယ်မှာ သန့်စင်ကြရတယ်။ အကြိမ်တစ်ရာ ဒါမှမဟုတ် အကြိမ်တစ်ထောင် သတ်ဖြတ်ပြီးနောက်၊ လူတစ်ယောက်ဟာ သူ့လက်သီးပညာရပ် အားလုံးကို ပေါင်းစပ်နိုင်မှာ ဖြစ်ပြီး၊ ဟုန်ရွှန်ကျိလို သူ့ကိုယ်ပိုင်ပုံစံကို ဖန်တီးနိုင်ကာ သိုင်းသူတော်စင်နယ်ပယ်သို့ တက်လှမ်းနိုင်လိမ့်မယ်…။”
ဟုန်ယွိသည် ရုတ်တရက် ဉာဏ်အလင်းတစ်မျိုး ရလာခဲ့သည်။
သူ့စိတ်သည် ထူးထူးခြားခြား အလွန်ကြည်လင်နေ၏။
တိုက်ခိုက်နေစဉ်မှာ၊ ဟုန်ယွိသည် စစ်မြေပြင်တစ်ခုလုံး၏ အခြေအနေကို နားလည်နိုင်ရန် သူ့အတွေးများကို ခွဲထုတ်ဖို့ လည်း မမေ့ခဲ့ပေ။ ခွန်အားနှင့် အရည်အသွေးအရာမှာ နှိုင်းယှဉ်ပါက, သူ့အစိမ်းရောင်တပ်ရင်းမှ စစ်သည်များသည် ပင်လယ်ဓားပြတွေထက် သိသိသာသာ ပိုဆိုးရွားသော်လည်း အနီးကပ် တိုက်ခိုက်ပြီးနောက် နောက်ပိုင်းတွင်, သူ့တပ်ဖွဲ့ သည် အမှန်ပင် အသာစီးရလာခဲ့သည်။
အခြားအကြောင်းပြချက် မရှိပေ။ ချီဇီယန်၊ ရှန်ထိုက်ဇူ၊ မုကလေး၊ တိမ်ဖြူအကြီးအကဲ ငါးပါး၊ အနက်ရောင် သိမ်းငှက်ခံတပ်ညီအကို သုံးယောက်၊ ငွေလမင်းစောင့် ရှစ်ယောက်၊ ရွှေပင့်ကူနှင့် ခြင်္သေ့ဘုရင်၊ ဤလက်ရွေးစင် အုပ်စု သည် အတူတကွ စုစည်းပြီး၊ တစ်စုတည်းအဖြစ် ပေါင်းစည်းကာ လှံရှည်ထိပ်ဖျားကဲ့သို့ ထိုးဖောက် ဝင်ရောက်ကြခြင်း ကြောင့် ဖြစ်ပါသည်။
၎င်းသည် လက်ရွေးစင်များ၏ စွမ်းအားဖြစ်ပြီး၊ စစ်ဘက်ဆိုင်ရာ နည်းဗျူဟာများတွင် စမ်းသပ်ပြီးဖြစ်သည့် စစ်မှန်သော ထိုးဖောက်ခြင်း နည်းဗျူဟာလည်း ဖြစ်ပါသည်။
ရှည်လျားသော မြွေတောင်ကြားထဲတွင်၊ အနီးကပ်တိုက်ခိုက်ခြင်းနှင့် လက်ရွေးစင်များ၏ ထိုးဖောက် တိုက်ခိုက်ခြင်းတို့ သည် ရလာဒ်ကို ဆုံးဖြတ်နိုင်ပါသည်။
စစ်မြေပြင်မှာဆိုလျှင်ပင်, ဘေးနားမှာ ကျွမ်းကျင်ပညာရှင်အစုအဖွဲ့နှင့်ဆိုပါက, ရဲစွမ်းသတ္တိပြည့်ဝသော စစ်ဗိုလ်ချုပ်ကြီး များသည် သူတို့နောက်မှာ အိုမင်းပြီး အားနည်းသည့် စစ်သည်အုပ်စုရှိရင်တောင် အင်အားကြီးသည့် တဖက်စစ်တပ်ကို အစိတ်စိတ် အမြွှာမြွှာ ဖြိုခွဲနိုင်ကြပါသည်။ တောင်ကြားတစ်ခုအတွင်းမှာဆို စကားထဲပင် ထည့်ပြောစရာ မလိုပါချေ။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် ထိုကျွမ်းကျင်သူများ၏ နောက်မှာ အိုမင်းပြီး အားနည်းသည့် စစ်သည်အုပ်စု အနီးကပ် လိုက်နေလျှင်ပင်, ထိုကျွမ်းကျင်ပညာရှင်များသည် အခြားမည်သည့် အရာကိုမျှ မစဉ်းစားဘဲ အခြေအနေကို အခွင့်ကောင်း ယူပြီး၊ ရှေ့သို့ တဟုန်ထိုး ပြေးဝင်တိုက်ခိုက်နိုင်သောကြောင့် ဖြစ်ပါသည်။ ယင်းက အလွန်မင်း အားစိုက်ထုတ်ရသော်လည်း လူတိုင်း လုပ်နိုင်ကြပါသည်။
လွင်ပြင်ပေါ်ရှိ စစ်မြေပြင်များသည်လည်း ဤအတိုင်းပင်။ တောင်ကြားအတွင်းရှိ စစ်မြေပြင်ကတော့ ပို၍ပင် ပြင်းထန်လှ သည်။ ပင်လယ်ဓားပြတွေ မည်မျှပင် အားကောင်းနေပါစေ၊ သို့မဟုတ် သူတို့မှာ လူ မည်မျှပင် များပြားနေပါစေ, ဟုန်ယွိ ၏ လက်ရွေးစင်အုပ်စု၏ ထိုးဖောက်ဝင်ရောက်မူ အရှိန်ဟုန်ကို တားဆီးဖို့ နည်းလမ်းမရှာနိုင်သရွေ့, သူတို့သည် အောင်ပွဲခံနိုင်သည်အထိ သူတို့၏ အသာစီးရမူကို ထိန်းသိမ်းထားရပါမည်။
ဟုန်ယွိ၏ ဦးဆောင်မှု အောက်တွင် သူ့နောက်မှ စစ်သည်သုံးရာကျော်သည် စုရုံးပြီး၊ နောက်သို့ အနီးကပ် လိုက်ပါလာကာ ရှည်လျားသော မြွေဝင်္ကပါတစ်ခုအသွင် ဖြစ်ပေါ်လာသည်။
ရှေ့က ပင်လယ်ဓားပြများသည် ဖရိုဖရဲ ပြန့်ကြဲကုန်ပြီး၊ ပြန်လည် မဖွဲ့စည်းနိုင်တော့ဘဲ သူတို့၏ စိတ်ဓာတ်ပိုင်းဆိုင်ရာက အားနည်းလာပါသည်။ အစိမ်းရောင်တပ်ရင်းမှ စစ်သားများသည် အတူတကွ စုစည်းကြပြီး၊ သူတို့၏ ဓားရှည်များကို စနစ်တကျ ဝှေ့ယမ်းကာ၊ တိုက်ပွဲကွင်းပြင်တွင် ဟစ်ကြွေးသံများ ထွက်ပေါ်နေသည်။ အချိန်အတွင်းမှာပင် သူတို့သည် ပင်လယ်ဓားပြအများပြားကို သတ်ပစ်နိုင်ခဲ့ပြီး၊ ဒဏ်ရာ အများအပြားရအောင် လုပ်နိုင်ခဲ့သည်။ သူတို့ဘက်မှ အသေ အပျောက်ကတော့ အလွန်နည်းပါးပါသည်။
အသက်ရူအချိန် ၁၀ဝ ကျော် ကြာပြီးနောက် အစိမ်းရောင်တပ်ရင်းသည် အသေအပျောက် နှစ်ဆယ်မှ သုံးဆယ်အထိ ခံစားခဲ့ရပြီး ပင်လယ်ဓားပြများသည် အသေအပျောက် တစ်ရာကျော် ရှိလာခဲ့သည်။
"တကယ်ကို မင်းတို့က ရှင်တန်သိုင်းသခင် ကျွမ်းကျင်သူတစ်ယောက်ရဲ့ ခွန်အားကို ပိုင်ဆိုင်ထားတာပဲ။ တစ်၊ နှစ်၊ သုံး၊ ရှင်တန်သိုင်းသခင် ကျွမ်းကျင်သူ သုံးယောက်။ ဒီလောက်များတဲ့ ရှင်တန်သိုင်းသခင် ကျွမ်းကျင်သူတွေ၊ မင်းတို့ ထိုးဖောက်နိုင်ခဲ့တာ အံ့ဩစရာ မရှိတော့ဘူး။”
ဟုန်ယွိသည် ပင်လယ်ဓားပြ၏ ဖွဲ့စည်းပုံကို ဖြိုခွင်းရန် ကြိုးပမ်းနေစဉ်မှာ, ထိုပင်လယ်ဓားပြအုပ်စု၏ နက်ရှိုင်းသော နေရာမှ အသံတစ်ခု ထွက်ပေါ်လာသည်။ ရုတ်ချည်းဆိုသလို လှံရှည်တစ်ချောင်းက လေဟာနယ်ကို တိုက်ရိုက် ထိုးဖောက်ပြီး ဟုန်ယွိ၏ ခေါင်းဆီသို့ လျင်မြန်စွာ ထိုးစိုက်လာသည်။ လှံ၏အရှိန်အဟုန်မှာ အပြောင်းအလဲ မြန်ပြီး၊ အေးစက်သော အလင်းတန်းများက ဟုန်ယွိ, ချီဇီယန်, ရှန်ထိုက်ဇူ မုကလေးနှင့် တိမ်ဖြူအကြီးအကဲ ငါးပါးတို့ကို လွှမ်းခြုံသွားပါသည်။ လှံ၏အရှိန်အဟုန်အရ, သူတို့ဆီသို့ လုံးလုံးလျားလျား ဦးတည်နေကြောင်းကို လူတိုင်း ခံစားနိုင်ပါ သည်။
လှံရှည် ချဉ်းကပ်လာသည်နှင့်အမျှ ဟုန်ယွိသည် ရုတ်တရက် အထီးကျန်သလို ခံစားလိုက်ရ၏။ သူ့ပတ်ဝန်းကျင်မှာ ကျွမ်းကျင်သူတွေ အများကြီးရှိနေသော်လည်း သူသည် လုံးဝ အထီးကျန်နေပုံရသည်။ သူသည် ထိုလှံကို ထိပ်တိုက် ရင်ဆိုင်ပြီး၊ ရှောင်တိမ်းနိုင်ရန် ပိတ်ဆို့ကာကွယ်နိုင်ဖို့ သူ့ကိုယ်သူသာ အားကိုးနိုင်ပါသည်။
ဟုန်ယွိသာမက, သူ့ဘေးနားက ပညာရှင်အသီးသီးလည်း ထိုကဲ့သို့ပင် ခံစားရသည်။
ဒီလှံ……။
လူတိုင်းသည် အထီးကျန်နေခဲ့သည်။
တစ္ဆေနှင့် နတ်ဘုရားများကို ငိုကြွေးစေနိုင်ပြီး၊ မြေကြီးကို ဖြိုခွဲနိုင်သော ထိုလှံနည်းပညာသည် အမှန်ပင် သိုင်းတာအို၏ အစစ်မှန်အဓိပ္ပာယ် ဖြစ်ပါသည်။
လှံကိုင်ဆောင်သူမှာ မျက်ခုံးစိမ်း ဖြစ်သည်။
"ဒါက စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ် တစ်သားတည်းဖြစ်လာတဲ့ ပြိုင်ဘက်ဘက်ကင်း ရှန်တန်သိုင်းသခင်နယ်ပယ် ကျွမ်းကျင် သူတစ်ဦးရဲ့ စွမ်းအားပဲလား။ ကိုယ်ခံပညာအရဆိုရင်, ဒါက ကျောက်ဖေးရုန်ထက်တောင် ပိုကြောက်စရာ ကောင်း တယ်။” လှံ၏အရှိန်ဟုန်ကို ရင်ဆိုင်ရင်း၊ ဟုန်ယွိက သူ့အစွမ်းရှိသမျှကို အသုံးပြုပြီး၊ လှံခေါင်းကို လမ်းကြောင်းပြောင်းရန် သူ့ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
သို့သော် လှံ၏ပစ်မှတ်က သူ့ထက် ဆယ်ဆ ပိုမြန်သည်။ လျှပ်တပြက်အတွင်းမှာပင်, ၎င်းသည် ရုတ်တရက် သူ့ဓားကို ထိမှန်သွားခဲ့သည်။ ကြီးမားသော အင်အားတစ်ခုက ပျံ့နှံ့ရောက်ရှိလာပြီး၊ ငါးမန်းသတ်ဓားသည် မြေပြင်ပေါ်သို့ ချက်ချင်း ပြုတ်ကျသွားပါသည်။
တစ်ချိန်တည်းမှာပင် လှံသည် နဂါးတစ်ကောင်ကဲ့သို့ မရေတွက်နိုင်သော အေးစက်စက် အလင်းတန်းများနှင့်အတူ လှံအရိပ်များဖြင့် တောက်ပသွားသည်။ ထို့နောက် တိမ်ဖြူအကြီးကဲငါးဦး၏လက်ထဲမှ လက်နက်များ လွင့်စင်သွားပြီး၊ မုကလေး, ရှန်ထိုက်ဇူတို့၏ လက်ထဲမှ လက်နက်များပင် ပြုတ်ကျသွားပါသည်။
"ဟိုက်…." ချီဇီယန်က သူ့ခွန်အားအားလုံးကို အသုံးပြုပြီး သူ၏ ငါးနဂါးလှိုင်းလုံးရိုက်ခတ် သိုင်းကွက်ဖြင့် လှံကို ခုတ်ပိုင်း လိုက်သည်။
လှံအရိပ်သည် နောက်ပြန် ဆုတ်သွားပြီး ရိုးရှင်းပြီး နက်မှောင်သော သံမဏိလှံအဖြစ်သို့ ပြောင်းလဲသွားသည်။
မျက်ခုံးစိမ်း၏လှံနှင့် ချီဇီယန်၏ ဓားသည် စိတ်ကူးယဉ်ဆန်သည့် မည်သည့်လှုပ်ရှားမှုမျိုးမှ မရှိဘဲ ထိပ်တိုက်ရင်ဆိုင် တိုက်မိသွားသည်။ ဟုန်ယွိသည် ချီဇီယန်၏ လက်ကောက်ဝတ် အနည်းငယ် တုန်ရီနေသည်ကို ယောင်ဝါးဝါး မြင်နေရ၏။
အစိမ်းရောင်တပ်ရင်း၏ ဦးဆောင် ထိုးဖောက်ခြင်းသည် နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။
မျက်ခုံးစိမ်း၏ နောက်ကွယ်မှ ပင်လယ်ဓားပြများသည် ဒီရေလှိုင်းကဲ့သို့ အရှိန်ဟုန်ဖြင့် ချီတက်လာကြသည်။
"တပ်ရင်းမှူးကို ကာကွယ်ကြ…" ချီဇီယန်က အော်ပြောလိုက်သည်။ သူသည် ဟုန်ယွိကို သူ့ခန္ဓာကိုယ်နှင့် ကာထားပြီး၊ သူ့ဆီသို့ ပြေးဝင်လာနေသော ပင်လယ်ဓားပြငါးဦးကို ခုတ်သတ်လိုက်သည်။
"ဒါဆို မင်းတို့နှစ်ယောက်က ရှင်တန်သိုင်းသခင်အဆင့် ကျွမ်းကျင်သူတွေ မဟုတ်ဘူးပေါ့။ မင်းတို့က ထူးထူးခြားခြား အရည်အချင်း ရှိနေရုံသက်သက်ပဲ…" မျက်ခုံးစိမ်းက မျက်လုံးများ ကျဉ်းမြောင်းသွားကာ၊ ဟုန်ယွိနှင့် ရှန်ထိုက်ဇူတို့ကို စိုက်ကြည့်နေသည်။ သူသည် အခြေအနေအရပ်ရပ်ကို လုံးလုံးလျားလျား နားလည်သွားခဲ့ပြီး၊ အရှင်လတ်လတ် ဖမ်းဆီးရန် အသင့်ဖြစ်နေသကဲ့သို့ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
"မင်းတို့ လက်နက်တွေကို ချပြီး၊ ငါ့ရဲ့ကျွန်တွေအဖြစ် လက်ခံလိုက်ပါ။ ဒါဆို မင်းတို့အသက်ကို ငါချမ်းသာပေးမယ်…"
မျက်ခုံးစိမ်းက ရယ်မောလိုက်သည်။
"ခင်ဗျားက သေခြင်းတရားကို တောင်းဆိုနေတာပဲ။ ဒီလိုဆိုမှတော့ ကျုပ်ကို အပြစ်မတင်နဲ့” ဟုန်ယွိက အော်ပြောလိုက် သည်။
ရုတ်တရက်ဆိုသလိုပင်, အေးစက်စက် လေပြင်းများ တိုက်ခတ်လာခြင်းနှင့်အတူ ကောင်းကင်ယံမှ နေရောင်ခြည်များ ဆင်းသက်လာသည်။ အပူလှိုင်းများ လှိမ့်တက်လာပြီး၊ တုန်ခါအသံနှင့်အတူ သူ့ရှေ့တွင် အလင်းပုံရိပ်တစ်ခု ပေါ်လာပါ သည်။ ၎င်းမှာ ဟုန်ယွိနှင့် တစ်ထပ်တည်းတူသည့် အလင်းပုံရိပ်ဖြစ်ပြီး၊ ၎င်း၏တစ်ကိုယ်လုံးက မီးလျှံများဖြင့် တောက်ပနေ၏။
ဤအလင်းရုပ်အသွင်သည် ဟုန်ယွိ၏ မဟာနေမင်းရွှေကိုယ်ထည် ဖြစ်သည်။
မဟာနေမင်းရွှေကိုယ်ထည် ပေါ်လာသည်နှင့် အနီးနားရှိ ပင်လယ်ဓားပြများသည် ချက်ချင်း မီးတောက်များအဖြစ်သို့ ပြောင်းလဲသွားပြီး၊ ဝမ်းနည်းဖွယ် ကျယ်လောင်သော အော်ဟစ်သံများ ထွက်ပေါ်လာကြသည်။
ဟုန်ယွိသည် မျက်ခုံးစိမ်းကို မျက်နှာမူရင်း တဟားဟား ရယ်မောကာ၊ မျက်ခုံးစိမ်းကို လက်သည်းဖြင့် လှမ်းကုတ်သည်။ ထိုကုတ်ခြစ်က မျက်ခုံးစိမ်းဆီ မရောက်ခင် အပူလှိုင်းတွေက အစိမ်းရောင် မျက်ခုံးမွေးတွေကို တွန့်ကွေးသွားစေပြီး၊ ညှော်အနံ့တွေ ထွက်ပေါ်လာသည်။
"တာအိုမှော်ပညာလား…" မျက်ခုံးစိမ်းက အော်ပြောလိုက်သည်။
ဟုန်ယွိသည် စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ပေါင်းစပ်ထားသည့် ရှင်တန်သိုင်းသခင်တစ်ဦးသည် ဤမျှ အစွမ်းထက်မည် ဟု မမျှော်လင့်ထားပေ။ သူသည် မဟာဆရာသခင်တစ်ယောက်ဖြစ်သည့် ကျောက်ဖေးရုန်ထက်ပင် တန်ခိုးကြီးနေသည်။ သူ့အနေဖြင့် အခြေအနေကို ပြောင်းလဲပစ်နိုင်ရန် တာအိုမှော်ပညာကို အသုံးပြုရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
မူလက, သူသည် အကြောင်းရင်းသုံးမျိုးကြောင့် တာအိုမှော်ပညာကို အသုံးမပြုခဲ့ပါဘူး။ ပထမအချက်က သူ့လူတွေကို လေ့ကျင့်စေလို၍ ဖြစ်သည်။ ဒုတိယအချက်မှာ, တစ်ဖက်တွင် ကျွမ်းကျင်ပညာရှင်အချို့ ရှိနေမည်ကို သူ ကြောက်သည်။ တတိယအချက်ကတော့ လူရာပေါင်းများစွာ၏ တိုက်ပွဲသည် ပြင်းထန်သော သတ်ဖြတ်လိုသည့် ဆန္ဒများဖြင့် ပြည့်နှက် နေပါသည်။ ၎င်းသည် လူတစ်သောင်း၏ တိုက်ပွဲကို မယှဉ်နိုင်သော်လည်း သူ့စိတ်ဝိညာဉ်အပေါ် သက်ရောက်မှုအချို့ ရှိနေနိုင်ပါသည်။
အထူးသဖြင့် မျက်ခုံးစိမ်းသည် စိတ်ဝိညာဉ်နှင့် ကိုယ်ခန္ဓာကို ပေါင်းစပ်ထားသည့် ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်သည်ဟု ချီဇီယန် ပြောသည်ကို ကြားပြီးနောက်, ဟုန်ယွိသည် သူ့ပြိုင်ဘက်က တာအိုမှော်ပညာကို သေချာပေါက် သိရှိထားခြင်း မရှိဘဲ၊ သူ့သိုင်းပညာကိုသာ မြှင့်တင်ရန် ဆုံးဖြတ်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိလိုက်ပါပြီ။
ကျောက်ဖေးရုန်၏ ကိုယ်ခံပညာကို သူ မြင်ဖူးသည်။ မျက်ခုံးစိမ်း၏ နယ်ပယ်က ကျောက်ဖေးရုန်လောက် မမြင့်မားပါဘူး။ ထို့ကြောင့် သူ၏လက်ရှိ လက်သီးပညာရပ်များနှင့်အတူ သူ့ပတ်ဝန်းကျင်မှ ကျွမ်းကျင်ပညာရှင်များစွာဖြင့် ဝိုင်းဝန်း တိုက်ခိုက်ပါက, မျက်ခုံးစိမ်းကို သေချာပေါက် သတ်နိုင်လိမ့်မည်ဟု ဟုန်ယွိက တွက်ချက်ထားခဲ့သည်။
သို့သော်၊ သူ၏ တစ်ခုတည်းသောအမှားမှာ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ပေါင်းစပ်ထားသည့် ပြိုင်ဘက်ကင်း ရှင်တန် သိုင်းသခင်တစ်ဦးသည် မဟာဆရာသခင်တစ်ဦးထက်ပင် ပို၍ပင် အစွမ်းထက်နေခြင်း ဖြစ်သည်။
ခက်ခဲကြမ်းတမ်းသော တိုက်ပွဲကို တိုက်ခိုက်ပြီး၊ သူ၏ကိုယ်ခံပညာကို မြှင့်တင်ရန် သူ၏ အစီအစဉ်မှာ မအောင်မြင်ခဲ့ပေ။ ဟုန်ယွိသည် သူ၏ဝှက်ဖဲကို အသုံးပြုရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
မဟာနေမင်းရွှေကိုယ်ထည် ပေါ်လာသည်နှင့် မီးတောက်များသည် တဟုန်ထိုး ထွက်ပေါ်လာပြီး၊ လျှပ်စီးများကဲ့သို့ ပျံ့နှံ့သွားသည်။ ၎င်းသည် သူ၏ခန္ဓာကိုယ်ထက် ဆယ်ဆပို၍ သွက်လက် လျင်မြန်ပြီး အထူးသဖြင့် အစွမ်းထက်သည်။ မျက်ခုံးစိမ်းသည် မည်မျှပင် အစွမ်းထက်နေပါစေ, သူနှင့် ယှဉ်နိုင်မည်ဟု ဟုန်ယွိအနေဖြင့် ယုံကြည်မထားပေ။
ဟုန်ယွိက တာအိုမှော်ပညာကို အသုံးပြုသည်ကို မြင်သောအခါ မျက်ခုံးစိမ်းသည် အံ့အားသင့်သွားခဲ့သည်။ သို့သော်၊ သူသည် စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ပေါင်းစပ်ထားသည့် ပြိုင်ဘက်ကင်း ရှင်တန်သိုင်းသခင်တစ်ဦး ဖြစ်သည်။ သူသည် လျင်မြန်စွာ တုံ့ပြန်လာပြီး လှံကို ပြန်ဆွဲ ထုတ်လိုက်သည်။ သူ့လက်ကို လှံဖြင့် လှီးဖြတ်ပြီး လတ်ဆတ်သော သွေးတွေ စီးကျလာသည်။ ရုတ်တရက် သူ့လက်ကို ခါလိုက်သည်နှင့် ပြင်းထန်သော ယန်ချီနှင့် ကြမ်းတမ်းသော လှံရိပ်တို့က ဟုန်ယွိ၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ထိုးစိုက်သွားခဲ့သည်။
"တကယ်လို့, တခြား ယင်စိတ်ဝိညာဉ်တွေသာဆိုရင် ခင်ဗျားရဲ့သွေးချီက သူတို့ကို သေချာပေါက် ထိခိုက်အောင် လုပ်နိုင် လိမ့်မယ်။ ကံမကောင်းစွာပဲ၊ အခု ကျုပ်ဖြစ်နေတယ်…" ဟုန်ယွိက နောက်တစ်ကြိမ် လှောင်ပြောင် ပြောပြီး၊ လှံအရိပ်ကို သူ့ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်ခွင့် ပြုလိုက်သည်။ သူသည် လှံပေါ်ရှိ သွေးချီကြောင့် အနည်းငယ် ထိုးစိုက်လာရုံ သာ ခံစားလိုက်ရ၏။ သူသည် အမိတ္တဘသုတ္တန်ကို အသက်သွင်းလိုက်ပြီးနောက် မည်သည့်နာကျင်မူကိုမှ မခံစားရတော့ ပေ။
ဆန့်ကျင်ဘက်အနေဖြင့်, လှံ၏သံမဏိကိုယ်ထည်တစ်ခုလုံး နီရဲနေပြီ ဖြစ်သည်။
အခန်း (၁၃၂)။
မီးတောက်မီးလျှံများက တဟုန်းဟုန်း တောက်လောင်နေပြီး၊ အပူလှိုင်းများ လှိမ့်တက်လာကာ လူသားတို့၏ ခွန်အား အကန့်သတ်ကို ကျော်လွန်သွားခဲ့သည်။ မည်သည့်အသွေးအသား ရုပ်ခန္ဓာကိုယ်မှ ခံနိုင်ရည်မရှိတော့ပေ။ ဤသည်မှာ တာအိုနည်းစနစ်၏ စွမ်းအားဖြစ်ပြီး၊ လူသားတို့၏ နားလည်နိုင်စွမ်းကို လုံးလုံးလျားလျား ကျော်လွန်နေသည့် တည်ရှိမှု ဖြစ်သည်။ ထို့ကြောင့် သူတို့ကို အင်မော်တယ်နှင့် နတ်ဘုရားများဟု ခေါ်ဆိုကြခြင်း ဖြစ်ပါသည်။
"ငါ့သွေးချီကတောင် သူ့ကို မထိခိုက်စေနိုင်ဘူး။ ဒီလူအုပ်စုလေးထဲမှာ ဒီလိုအစွမ်းထက်တဲ့ တာအိုပညာရပ်ကို ကျွမ်းကျင်သူတစ်ဦး တကယ် ရှိနေတာပဲ။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ မဖြစ်နိုင်ဘူး….။”
မျက်ခုံးစိမ်း၏ စိတ်နှလုံးထဲတွင် တုန်လှုပ်ချောက်ချားမှုက ကြီးမားလှသော လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ဖြစ်ပေါ်လာခဲ့သည်။
စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ပေါင်းစည်းထားသည့် အထွက်အထိပ် ရှင်တန်သိုင်းသခင် ကျွမ်းကျင်သူတစ်ဦးအနေဖြင့်, သူသည် တာအိုဆရာများကို မကြောက်ပေ။
သူ၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်သည် တစ်သားတည်း ဖြစ်နေသောကြောင့်၊ သူ၏ချီနှင့်သွေးသည် ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒ ရှိနေသည့်အပြင်, ကိုယ်ခံပညာ လေ့ကျင့်မှု၏ ခိုင်မာပြတ်သားသည့် စိတ်ဓာတ်ခွန်အားကိုလည်း ပိုင်ဆိုင်ထားပါသည်။ ယင်းက နတ်ဆိုးများ၊ သရဲတစ္ဆေများနှင့် နတ်ဘုရားများအားလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်ပါ သည်။
သူ၏သွေးချီသည် ပြီးပြည့်စုံစွာ အသွင်ပြောင်းမူကို ကြုံတွေ့ရပြီးနောက် သိုင်းသူတော်တစ်ပါး ဖြစ်လာသူထက် အဆပေါင်းများစွာ နိမ့်ကျနေသော်လည်း၊ သာမန် ယင်စိတ်ဝိညာဉ်များနှင့် တာအိုပညာရပ် ကျွမ်းကျင်သူများကို ရင်ဆိုင် ရန် လုံလောက်ပါသည်။
သေချာသည်မှာ, အကယ်၍ ၎င်းသည် တစ္ဆေအင်မော်တယ်အဆင့် ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်နေခဲ့ပါက၊ သူသည် သဘာဝအတိုင်း ကိုင်တွယ်ဖြေရှင်းနိုင်မည် မဟုတ်ပေ။ သို့သော်၊ အကယ်၍, သူသည် တစ္ဆေအင်မော်တယ်အဆင့် ကျွမ်းကျင်ပညာရှင်တဦးနှင့် ရင်ဆိုင်ကြုံတွေ့ရပါက၊ သူသည် နာခံမူရှိစွာဖြင့် အရှုံးကို ဝန်ခံပြီး သူ့ လက်အောက်ခံ လုပ်ဆောင်လိုက်ရုံပင်။ ယင်းက ကြီးကြီးမားမား ကိစ္စတစ်ခု မဟုတ်ပေ။
ယခုမူ ဟုန်ယွိသည် သူ၏သွေးချီကို လုံးဝ မကြောက်ခဲ့ပေ။ ပိုအံ့ဩစရာကောင်းသည်မှာ, သူသည် အမှန်ပင် မီးကို အသုံးပြုပြီး သူ့ကိုယ်သူ ရုပ်လုံးဖော်နိုင်ခဲ့သည်။ ထိုကဲ့သို့ အစွမ်းထက်သော စွမ်းအားကို ထုတ်လွှတ်နိုင်ခြင်းကြောင့်, သူသည် ကြောက်ရွံ့ ထိတ်လန့်မူကို မခံစားရဘဲ မနေနိုင်ခဲ့ပါချေ။
မီးသည် ကမ္ဘာပေါ်ရှိ ကောင်းကင်နှင့်မြေကြီးကြားတွင် အပြင်းထန်ဆုံး ယန်ဒြပ်စင် ဖြစ်သည်ကို လူတိုင်း သိထားကြပြီး၊ ၎င်းသည် စိတ်ဝိညာဉ်များအတွက် အလွန် အန္တရာယ်များသည်။ ယေဘုယျအားဖြင့်, ပြောရလျှင် မီးကိုထိန်းချုပ်နိုင်သော တာအိုပညာရပ်အားလုံးသည် ထိပ်တန်းပညာရပ်များ ဖြစ်ကြပါသည်။
"ဒီလူက ဘယ်ဂိုဏ်းက တာအိုနည်းစနစ်တွေကို သင်ယူခဲ့တာလဲ" လက်ထဲတွင်ရှိသော သံမဏိလှံမှ ပြင်းထန်သော အပူဒဏ်ကို ခံစားမိရင်း, မျက်ခုံးစိမ်းသည် အများကြီးတွေးတောရန် အချိန်မရှိပေ။ သူသည် ရုတ်တရက် သူ့ခန္ဓာကိုယ်ကို ကွေးညွှတ်ကာ ပုဇွန်တစ်ကောင်ကဲ့သို့ ပြန်ခုန်ဆုတ်လိုက်ပါသည်။ ဘန်း…၊ ဘန်း…၊ ဘန်း….၊ သူ၏ လက်အောက် ငယ်သား ပင်လယ်ဓားပြ သုံးလေးယောက်သည် လွင့်ပျံသွားခဲ့ပြီး၊ သူကိုယ်တိုင်က ဆယ်လှမ်းကျော် ဆုတ်ခွာသွားခဲ့ သည်။ ထို့နောက်, သူသည် ခန္ဓာကိုယ်ကို နှိမ့်ချကာ စမ်းချောင်းထဲတွင် နှစ်မြှုပ်ပစ်လိုက်သည်။ ကျယ်လောင်သော ဟစ်ကြွေးသံနှင့်အတူ သူသည် လှံကို မြှောက်လိုက်ပြီး ဟုန်ယွိဆီသို့ ရေလှိုင်းကြီးတစ်ခုကို တည့်မတ်စွာ ပစ်လွှတ်လိုက်သည်။
ထိုလှုပ်ရှားမူ အဆင့်ဆင့်သည် မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွားခြင်း ဖြစ်ပြီး၊ ယင်းက မျက်ခုံးစိမ်း၏ ကြောက်မက်ဖွယ် အစွမ်းကို ပြသနေပါသည်။
ဟုန်ယွိသည် သူ့ဆီသို့ ပျံသန်းလာသော ရေလှိုင်းကြီးကို ကြားဖြတ်ဟန့်တားရန် မကြိုးစားခဲ့ပေ။ ယင်းအစား၊ သူသည် သူ၏နတ်ဘုရား စိတ်ဝိညာဉ်၏ စွမ်းအားကို တိုးမြှင့်လိုက်ပါသည်။ ဘုန်း…။ သူ့ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များသည် ပို၍ ပြင်းထန်စွာ လောင်ကျွမ်းလာသည်နှင့်အမျှ ချောင်းအတွင်းရှိ ရေများ ဆူပွက်လာပါသည်။ သူ့ဆီသို့ တဟုန်ထိုး ပျံသန်းလာသော ရေလှိုင်းသည် ချက်ချင်းပင် အငွေ့ပျံသွားသည်။
သူသည် မျက်ခုံးစိမ်းကို တစ်ချက် ထိုးချလိုက်ပြီး၊ တဟုန်ထိုး ထွက်ပေါ်လာသော မီးတောက်များက လေထုကို ဖရိုဖရဲ ဖြစ်ပေါ်စေသည်။
သေရမည်ကို မကြောက်သည့် ပင်လယ်ဓားပြတချို့က သူ့ကို တားဆီးဖို့ ကြိုးစားခဲ့သော်လည်း, ဟုန်ယွိကို မထိခင်မှာပင် သူတို့၏ ခန္ဓာကိုယ်တွေက မီးလောင်သွားခဲ့ပါသည်။ သူတို့အရေပြားနှင့် အသားတို့သည် တူးခြစ်သွားကြပြီး၊ အလောင်း မပြည့်စုံဘဲ သေဆုံးသွားကြသည်။
"ရပ်! မျက်ခုံးစိမ်းတပ်ရင်း… နောက်ပြန်ဆုတ်။” မျက်ခုံးစိမ်းသည် ဟုန်ယွိ ချဉ်းကပ်လာသည်ကို မြင်သောအခါ ရုတ်တရက် ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။ သူ၏အမိန့်ပေးသံက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ပြီး၊ မြွေတောင်ကြား တစ်ခုလုံး တဟုန်ထိုး ပဲ့တင်ထပ်သွားခဲ့သည်။
အမိန့်ထုတ်ပြီးသည်နှင့် ပင်လယ်ဓားပြများ အားလုံး ဆုတ်ခွာ ပြေးကြသည်။ သူတို့ ဆုတ်ခွာသွားချိန်မှာတော့ ဟုန်ယွိ၏ တပ်ဖွဲ့တွေ တိုက်ခိုက်မူကြောင့် အများအပြား သေဆုံးသွားကြသည်။ မြေပြင်တွင် လူသေအလောင်းများ၊ ဒိုင်းများ၊ လေးများ၊ ဆေဘာဖြင့် ပြန့်ကျဲနေခဲ့သည်။
"မင်းက ဘယ်ဂိုဏ်းကလဲ။" မျက်ခုံးစိမ်းက လေထဲတွင် လွင့်မျောနေသော ဟုန်ယွိကို ကြည့်ရင်း၊ တိုက်ခိုက်မူ ရပ်တန့်ရန် သူ့လှံကို မြှောက်ပြီး တောင်းဆိုလိုက်သည်။ သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူသည် ခမ်းနားထည်ဝါ နေသေးသော်လည်း, အခုနက ဖြစ်ပေါ်နေသည့် သတ်ဖြတ်လိုသည့် အငွေ့အသက်များ မရှိတော့ပေ။
"ဒူးထောက်၊ ဒူးထောက်ပြီး စကားပြောပါ။”
ဟုန်ယွိသည် မျက်ခုံးစိမ်းကို အေးစက်စွာ ကြည့်နေသည်။ "ခင်ဗျားရဲ့ စွမ်းအားတွေ ဆုံးရှုံးသွားပြီ။ ခင်ဗျား လွတ်မြောက် နိုင်ဦးမယ် ထင်နေသေးလား။ ကျုပ်လက်ချောင်းတစ်ချောင်း လှန်လိုက်တာနဲ့ ခင်ဗျားရဲ့ပင်လယ်ဓားပြတွေကို ပြာအဖြစ် ပြောင်းလဲပစ်နိုင်တယ်။ ခင်ဗျားရဲ့လက်နက်တွေ ချလိုက်ပါ။ ကျုပ် ကျွန်ဖြစ်လာပါစေ၊ ကျုပ် ခင်ဗျားအသက်ကို ချမ်းသာပေးမယ်။”
"မင်းတို့အားလုံး…. မင်းတို့ရဲ့လက်နက်တွေကို ချလိုက်ကြ။ ဒီတစ်ခါ အရှုံးကို ငါ ဝန်ခံတယ်" မဆိုင်းမတွပင် မျက်ခုံးစိမ်း က သူ့လှံကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ပင်လယ်ဓားပြများသည် ၎င်းတို့၏ ဆေဘာများနှင့် ဒိုင်းများကို မြေပြင်ပေါ်သို့ ပစ်ချကြသည်။
တစ်ချိန်တည်းမှာပင် မျက်ခုံးစိမ်းသည် ရေထဲတွင် ဒူးထောက်လျက် လဲကျသွားသည်။
"ဟင်…." ဟုန်ယွိသည် မျက်ခုံးစိမ်းကို ဤမျှ တိုက်ရိုက်ဆန်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူသည် မယုံနိုင်လောက် အောင် တိုက်ရိုက်ဆန်လွန်းသည်။ ပြောပြီးသည်နှင့် သူသည် သူ့လက်နက်ကို ပစ်ချလိုက်ပြီး၊ ပြောသည့်အတိုင်း ဒူးထောက်ချလိုက်သည်။ ဤအရာက ကောင်းကင်နှင့် မြေကြီးကို ထိတ်လန့်တုန်လှုပ်စေပြီး နတ်ဘုရားတွေကို ငိုကြွေးစေနိုင်သည့် အစောပိုင်းက သူ့လှံချက် တိုက်ခိုက်သည့်ပုံစံနှင့် လုံးဝ ကွဲပြားနေပါသည်။
"ခင်ဗျားက သူရဲဘောကြောင်သူ တစ်ယောက်ပေမယ့် ခင်ဗျားရဲ့ ကိုယ်ခံပညာက စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ် တစ်သားတည်း ဖြစ်နေပြီ။ ဒါက အံ့ဩစရာပဲ" ဟုန်ယွိက အေးစက်သော အပြုံးဖြင့် ပြောသည်။
"သူတစ်ပါးရဲ့ အမိုးအောက် ရောက်နေချိန်မှာ ကျုပ်အနေနဲ့ ဘယ်လိုလုပ် ခေါင်းမငုံ့ဘဲ နေနိုင်မှာလဲ…။ ကျုပ်ဆိုတဲ့ မျက်ခုံးစိမ်းက နှစ်ပေါင်းများစွာ လုယူဖျက်ဆီးခဲ့တယ်။ ဧရာမဝေလငါးကျွန်းရဲ့ ခေါင်းဆောင်တစ်ဦး အနေနဲ့၊ ကျုပ်က ဘယ်သောအခါမှ အဆင်ခြင်မဲ့ ပြုမူခြင်းမရှိသလို မလိုအပ်တဲ့ စွန့်လွှတ်အနစ်နာခံတွေကိုလည်း ပြုလုပ်လေ့ မရှိဘူး။ မင်းရဲ့ တာအိုနည်းစနစ်တွေနဲ့ နတ်ဘုရား စိတ်ဝိညာဉ် စွမ်းရည်က ကျုပ်အတွက် ပြိုင်ဘက် မဟုတ်ဘူး။ ဒါကြောင့် မင်းရဲ့ ကျွန်အဖြစ် အစေခံဖို့ ကျုပ် ဆန္ဒရှိတယ်။ မင်း အခုနက ကျုပ် ကိုယ်ခံပညာကို မြင်ပြီးလောက်ပြီ။ ကျုပ်လို ကျွမ်းကျင်သူ တစ်ဦးနဲ့ဆို, မင်းရဲ့လက်အောက်ငယ်သားတွေ ပိုအားကောင်းလာမယ်ဆိုတာ သေချာတယ်။ ဒါ့အပြင်၊ ပစိဖိတ်ရေတပ် က အခုတစ်ကြိမ် ဧရာမဝေလငါးကျွန်းကို တိုက်ခိုက်နေပြီး၊ ငါကလည်း ဒီက အခြေအနေတွေကို သိထားတယ်။ တကယ်လို့, မင်းသာ ကျုပ်ကို မင်းရဲ့ကျွန်အဖြစ် လက်ခံယူရင်, ကျုပ် ချက်ချင်းပဲ လမ်းပြပေးမယ်။ မင်းလည်း ဆုချီးမြှင့် ခံရလိမ့်မယ်။" မျက်ခုံးစိမ်းက ဟုန်ယွိကို ကြည့်လိုက်ပါသည်။ သူသည် ဒူးထောက်နေသော်လည်း သူ့မျက်နှာပေါ်ရှိ အပြုံးက သူ့ကို အဆိပ်ပြင်းသည့် မြွေတစ်ကောင်ကဲ့သို့ အထင်ရောက်စေပါသည်။
“သူ့ကို သတ်လိုက်ပါ။ ဒီလူက သစ္စာမဲ့ပြီး ကောက်ကျစ်တယ်။ သူက အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်ပဲ။ ဒါကြောင့် သူ့ကို သုံ့ပန်းအဖြစ် မထားနဲ့။" ချီဇီယန်က ရုတ်တရက် ပြောလိုက်သည်။
"ကျုပ်လက်နက် ချပြီး၊ မင်းရဲ့ကျွန်အဖြစ် လက်ခံရင်၊ ကျုပ်အသက်ကို ချမ်းသာပေးမယ်လို့ မင်း အခုနက ပြောခဲ့တယ် မဟုတ်လား။ မင်း မလိမ်ဘူး မဟုတ်လား" မျက်ခုံးစိမ်း တခစ်ခစ် ရယ်မောလိုက်သည်။
"ဟုတ်ပါတယ်, ကျုပ် မလိမ်ပါဘူး။ ခင်ဗျား အမွှေးတိုင်တစ်ချောင်း ထွန်းညှိချိန်အတွင်း ကျုပ်ကို ကိုးကွယ်ပါ။ ခင်ဗျား အနေနဲ့ နတ်ဘုရားတစ်ပါးကို ကိုးကွယ်နေတဲ့အတိုင်း ခင်ဗျားရဲ့ စိတ်နှလုံးသားကို ဖွင့်လှစ်ထားပါ။ ကျုပ် ခင်ဗျားရဲ့ စိတ်နှလုံးထဲမှာ စည်းတံဆိပ်တစ်ခု ခတ်ထားမယ်။ ကျုပ်တာအိုနည်းစနစ်တွေက လေးနက်တယ်။ ဒါဆို, ခင်ဗျား ပျော်နေလား မပျော်ဘူးလားဆိုတာကအစ ကျုပ် ပြောနိုင်တယ်။ ကျုပ် ခင်ဗျားကို အမွှေးတိုင်တစ်ချောင်း ထွန်းညှိအချိန် ပေးမယ်။ စလို့ရပြီ…။”
ဟုန်ယွိက အေးစက်စွာ ပြောသည်။ သေချာသည်မှာ, သူသည် ဒီမျက်ခုံးစိမ်းကို သူ့ကျွန်အဖြစ် ခေါ်ယူချင်သည်။ ပထမ အချက်မှာ တဖက်လူ၏ ကိုယ်ခံပညာသည် ပြိုင်ဘက်ကင်းပြီး၊ ဒုတိယအချက်က သူသည် မြေပြင်အနေအထားနှင့် ရင်းနှီးကျွမ်းဝင်သည်။ သို့သော် ဤအဖော်သည် အဆိပ်ပြင်းသော မြွေတစ်ကောင် ဖြစ်သည်။ သူသည် ဟုန်ယွိကို ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေးကို စောင့်မျှော်နေမည်မှာ သေချာသည်။
သို့သော်, ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့ဆီမှ အတွေ့အကြုံအရ ဟုန်ယွိက ကြောက်လန့်ခြင်း မရှိပါဘူး။ သူသည် တစ်ဖက်လူအား သူ့ကို ကိုးကွယ်ခွင့်ပေးပြီး၊ သူ့စိတ်နှလုံးကို ဖွင့်လှစ်ကာ၊ သူ့စိတ်နှလုံးထဲတွင် ဘေးကင်းမူကို သေချာစေ မည့် စည်းတံဆိပ်တစ်ခု ချထားခဲ့နိုင်သည်။
“သူ့ကို ကိုးကွယ်ရပြီး၊ ငါ့စိတ်နှလုံးကို ဖွင့်လှစ်ထားရမယ်။ ပြီးရင် ငါ့စိတ်နှလုံးထဲမှာ စည်းတံဆိပ်တစ်ခု ချထားမယ်။” မမျှော်လင့်သည့် ဟုန်ယွိ၏စကားကို ကြားသောအခါ မျက်ခုံးစိမ်း၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။ "မင်းက အသက်မဲ့တာအိုဂိုဏ်းကလား။ ဒါမှမဟုတ် အစစ်မှန်လေဟာနယ်ဂိုဏ်းကလား။ အသက်မဲ့တာအိုဂိုဏ်းနဲ့ အစစ်မှန် လေဟာနယ်ဂိုဏ်းတို့ကပဲ လူတစ်ယောက်ရဲ့ စိတ်နှလုံးနဲ့ စိတ်ဝိညာဉ်ကို ထိန်းချုပ်နိုင်တာလေ။”
ထိုစကားကို ပြောရင်း, မျက်ခုံးစိမ်းက ထူးထူးခြားခြား ရယ်မောလိုက်ပါသည်။ သူသည် ရုတ်တရက် ခုန်တက်လာပြီး ပါးစပ်အပြည့် သွေးအန်ထုတ်ကာ၊ လေထဲမှာ လွင့်မျောနေသည့် ဟုန်ယွိထံသို့ ပစ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာ ပင်, သူပစ်ချထားသည့် လှံကို လှမ်းကိုင်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် လှုပ်ရှားသွားပြီး ချီဇီယန်နှင့် ဟုန်ယွိ၏ ခန္ဓာကိုယ်ဆီသို့ ပြင်းထန်စွာ ပြေးသွားခဲ့သည်။ ဤတစ်ကြိမ်တွင် သူသည် လျှပ်စီးကဲ့သို့ လျင်မြန်ပြီး သူ့အစွမ်းရှိသမျှကို အသုံးပြုခဲ့သည်။ ချိုင့်ဝှမ်းအတွင်း မြေပြင်ပေါ်ရှိ ကျောက်စရစ်အချို့သည် ခုန်တက်လာပြီး၊ ချိုင့်ဝှမ်းနှစ်ဖက်ရှိ ကျောက်တုံးများကို ထိမှန်ကာ မီးပန်းမီးပွားများ ဖြစ်ပေါ်လာသည်။
ဟုန်ယွိ၏ စစ်သည်အများအပြားသည်လည်း ထိုလွင့်ပျံလာသော ကျောက်တုံးများဖြင့် ထိမှန်သွားခဲ့သည်။ သူတို့၏ သားရေချပ်ဝတ်များသည် ကျိုးပဲ့သွားပြီး သွေးအန်ကာ ပြိုလဲကျသွားသည်။
ထိုပြင်းသန်သော လှုပ်ရှားမှုတွင် မျက်ခုံးစိမ်းသည် သူ့စွမ်းအားကို မည်မျှ အသုံးပြုထားကြောင်း ထိုစွမ်းအားက ပြသနေခဲ့သည်။
"ခင်ဗျားက သေချင်နေတာဘဲ…." ဟုန်ယွိက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့တစ်ကိုယ်လုံး လှုပ်ရှားလာပြီး မီးလျှံတွေက တဟုန်းဟုန်း တောက်လောင်လာကာ၊ သူသည် ရုတ်တရက် သူ့သည်းတွေကို ဆန့်ထုတ်ပြီး၊ မျက်ခုံးစိမ်း၏ ပုခုံးကို ဆုပ်ကိုင်လိုက်သည်။
ထို့နောက် မျက်ခုံးစိမ်းကို ဖမ်းယူရန် ကောင်းကင်ဘုံရစ်ပတ်ခြင်း လက်ဝါးကို အသုံးပြုခဲ့သည်။ မဟာနေမင်း ရွှေကိုယ်ထည်သည် သူ့ကို လုံးဝ ချည်နှောင်ထားသည်။
ဘန်း…။
မျက်ခုံးစိမ်း၏ တစ်ကိုယ်လုံး ပူလောင်လာသည်။ သို့သော် သူ့အသားနှင့် အရေပြားများ စုတ်ပြဲသွားသော်လည်း မျက်ခုံးစိမ်းသည် ထူးထူးခြားခြား ရယ်မောနေသေးသည်။ သူ့လက်ထဲက လှံက လှုပ်ရှားသွားပြီး၊ ရှေ့ကို ပြင်းပြင်း ထန်ထန် ထိုးလိုက်ပါသည်။
သို့သော် သူ့ခန္ဓာကိုယ်ကို ဟုန်ယွိက ချုပ်နှောင်ထားပြီး၊ သူ့ဆံပင်အားလုံး မီးလောင်သွားခဲ့သည်။ သူသည် သူ့လှံပညာရပ် ကို အပြည့်အဝ အသုံးပြုနိုင်ခြင်း မရှိခဲ့ဘဲ၊ ချီဇီယန်က ထိုလှံချက်များကို တစ်ချက်ပြီးတစ်ချက် ပိတ်ဆို့လိုက်သည်။
"မင်းက အံ့အားသင့်စရာပဲ…."
မျက်ခုံးစိမ်းသည် သူ့တိုက်ခိုက်မူ ကျရှုံးသွားသောကြောင့် သူသည် နောက်ဆုတ်ကာ စမ်းချောင်းထဲသို့ လှိမ့်ဆင်းသွားခဲ့ သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များကို ငြိမ်းသတ်ပြီးနောက်, သူသည် ပြင်းထန်စွာ ခုန်ထွက်သွားသည်။ သို့သော်, ဟုန်ယွိသည် ထိုအခွင့်အရေးကို လက်လွှတ်မခံခဲ့ပါဘူး။ သူသည် လွင့်မျောပျံသန်းသွားခဲ့ပြီး၊ သူ့ခွန်အားရှိသမျှ အားထုတ် ကာ၊ မျက်ခုံးစိမ်းကို ရိုက်နှက်လိုက်ပါသည်။ တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်မီးလျှံများက ပျံ့နှံ့သွား ကာ၊ အပူလှိုင်းများက ချက်ချင်းဆိုသလို မျက်ခုံးစိမ်းကို လွှမ်းခြုံသွားပါသည်။
မျက်ခုံးစိမ်းသည် မြေကြီးပြိုကွဲသွားလောက်သည့် အသံဖြင့် အော်ဟစ်လိုက်ပါသည်။ သူ့ခန္ဓာကိုယ် အစိတ်အပိုင်း များစွာ ကို ပြင်းထန်စွာ လောင်ကျွမ်းသွားခဲ့ပြီး၊ ညှော်အနံ့များ ထွက်ပေါ်နေသော်လည်း သူ၏တိုက်ခိုက်ရေး စွမ်းအားက အလွန် အစွမ်းထက်နေဆဲပင်။ သူသည် သူ့လက်ထဲက လှံရှည်ကို ဝှေ့ယမ်းပြီး ဟုန်ယွိကို တိုက်ခိုက်လိုက်သည်။
ပင်လယ်ဓားပြများ ဖြစ်စေ, စစ်သည်များဖြစ်စေ, သူတို့အားလုံး မှင်သက်စွာ ကြည့်နေကြသည်။ မီးလောင်နေသောလူနှင့် သက်ရှိလူသားတို့ အပြန်အလှန် တိုက်ခိုက်နေကြသည်ကို သူတို့ မြင်နိုင်ကြပါသည်။ တိုက်ပွဲက မြေကြီးပြိုကွဲလောက် သည်။ ပွက်ပွက်ဆူနေသော အိုးတစ်လုံးကဲ့သို့ စမ်းချောင်းမှ ရေခိုးအငွေ့များ အမြောက်အမြား ထွက်ပေါ်လာပါသည်။
"ဒီလူက ဘယ်လောက်တောင် အသက်ပြင်းလိုက်လဲ…”။
ဟုန်ယွိသည် အပူဒဏ်ကြောင့် နီရဲနေသော လှံထိပ်ဖျားကို ကိုင်ထားသော်လည်း မျက်ခုံးစိမ်းက ရုတ်တရက် ပြန်ဆွဲထုတ် သည်။
ယခုအချိန်တွင် မျက်ခုံးစိမ်းသည် မမှတ်မိနိုင်လောက်အောင် လောင်ကျွမ်းသွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူသည် ကျဉ်းထဲကျပ်ထဲ ရောက်နေသည့် သားရဲတစ်ကောင်ကဲ့သို့ သူ့လှံကို ပြင်းပြင်းထန်ထန် ဆောင့်ဆွဲနေဆဲ ဖြစ်သည်။
"မျက်ခုံးစိမ်းတပ်၊ နားထောင်စမ်း။ ချက်ချင်း ပြန်ဆုတ်ပါ။” မျက်ခုံးစိမ်းသည် ဤအခြေအနေဆိုးတွင် အမိန့်ထုတ် ပြန်ခဲ့ပြီးနောက်, နောက်ဆုတ်သွားသော ပင်လယ်ဓားပြများသည် ချက်ချင်း ထွက်ပြေးသွားကြသည်။
ဒိုင်း၊
မျက်ခုံးစိမ်းသည် အမိန့်ထုတ်ပြန်နေစဉ်မှာ ဟုန်ယွိက အခွင့်အရေးကို ဆုပ်ကိုင်ပြီး သူ့မျက်နှာကို လက်သီးဖြင့် ထိုးလိုက် သည်။ ပြင်းထန်သော မီးတောက်မီးလျှံများသည် ချက်ချင်းပင် သူ့အာရုံငါးပါး အတွင်းအင်္ဂါးများကို လောင်ကျွမ်းသွားကာ၊ သူ့ကို ခြေလှမ်းသုံးလှမ်း နောက်ပြန် ဆုတ်သွားရစေသည်။ ထို့နောက်, သူသည် စမ်းချောင်းထဲသို့ လဲကျသွားပြီး အကြိမ်ကြိမ် ရုန်းကန်ကြိုးစားသော်လည်း နောက်ဆုံးတွင် မထနိုင်ဘဲ သေဆုံးသွားခဲ့သည်။
ဧရာမဝေလငါးကျွန်း၏ ဒုတိယကျွန်းသခင်သည် သူ့တစ်ကိုယ်လုံး လောင်ကျွမ်းသွားပြီးနောက် သေဆုံးသွားခဲ့သည်။
ချီဇီယန်ပင်လျှင် သူ့ဦးရေပြားတွေ ထုံသွားသလို ခံစားရသည်။ ဤမျက်ခုံးစိမ်းသည် အလွန်အစွမ်းထက်သည်။ ထိုကဲ့သို့ အခြေအနေမျိုးတွင် မီးရှို့ခံခဲ့ရသော်လည်း ချောင်ပိတ်နေသည့် တိရစ္ဆာန်ကဲ့သို့ တိုက်ခိုက်ဆဲ ဖြစ်သည်။ အကယ်၍, ဟုန်ယွိသာ သူ့ကို ထိန်းချုပ်ပြီးမှ ရုတ်တရက် သူ့ကို လှည့်စားခဲ့မည်ဆိုလျှင်၊ အသေအပျောက်က ပိုဆိုးရွားသွားလိမ့်မည်။
"သူတို့နောက်ကို မလိုက်နဲ့တော့…။ အသေအပျောက်တွေကို ရေတွက်ပါ။ စစ်မြေပြင်ကို ရှင်းလင်းပြီး နာရီဝက်လောက် အနားယူကြ…။”
မျက်ခုံးစိမ်းကို သတ်ပြီးနောက်၊ ဟုန်ယွိသည် သူ၏စိတ်ဝိညာဉ်ကို ရုတ်သိမ်းပြီး သူ့ခန္ဓာကိုယ်ထဲသို့ ပြန်သွားခဲ့သည်။ သူ့စိတ်ဝိညာဉ်ကို တည်ငြိမ်သည်အထိ ပြန်လည်ကုစားရန် ၁၀ မိနစ်လောက် အချိန်ယူရသည်။ သူသည် အခုနက နေရောင်ကို အသုံးပြုခဲ့ပြီး၊ ယင်းက သူ့ကို အများကြီး ပျက်စီးစေသည်။
သူ ပြန်ကောင်းလာပြီးနောက် ဟုန်ယွိသည် မျက်လုံးဖွင့်ကာ အမိန့်အနည်းငယ် ပေးလိုက်သည်။ ထို့နောက် နှုတ်မိန့်ဖြင့် "ဒီတိုက်ပွဲကို လျှို့ဝှက်ထားပါ။ တကယ်လို့, ဒီသတင်းကို ဖြန့်ရဲတဲ့လူကို ချက်ချင်း သတ်ပစ်မယ်…"
သူသည် တာအိုပညာများဖြင့် တိုက်ပွဲတွင် အနိုင်ရခဲ့သည့်အကြောင်းကို ပစိဖိတ်ရေတပ်မှ ထိပ်တန်းအရာရှိများ သိရှိသွားမည်ကို မလိုလားပေ။
ထိုသို့မဟုတ်ဘဲ, အကယ်၍, ထိုစကားသာ အပြင်ထွက်သွားပါက, သူ့အနာဂတ်အတွက် တော်ဝင်တရားရုံးမှာ ရာထူး တိုးရေး လမ်းကြောင်းက အဆုံးသတ်သွားလိမ့်မည်။ အင်ပါယာတရားရုံးသည် ကိုယ်ခံပညာကို သိပ်ဂရုမစိုက်သော် လည်း, တာအိုနည်းစနစ်တွေနှင့် သဘာဝလွန် ကိစ္စရပ်တွေကို တားမြစ်ထားပါသည်။ တာအိုပညာရပ်များကို လေ့ကျင့် ထားသူများသည် အရာရှိများ သို့မဟုတ် စစ်ဗိုလ်ချုပ်များ ဖြစ်လာရန်မှာ မဖြစ်နိုင်တော့ပေ။
အသေအပျောက်စာရင်းကို လျင်မြန်စွာ စာရင်းပြုစုခဲ့သည်။
အစိမ်းရောင်တပ်ရင်းမှ တပ်ဖွဲ့ဝင် ၅၃ ဦး ကျဆုံးပြီး၊ ၁၈ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ ၎င်းအရေတွက်သည် မူလကတည်းက စစ်သည် ၃ဝဝ ကျော်သာရှိသော အစိမ်းရောင်တပ်ရင်းအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။
"ဒီမျက်ခုံးစိမ်းကို ငါတို့ မထိန်းချုပ်နိုင်ခဲ့တာ နှမျောစရာပဲ။ ဒီတခေါက် အသေအပျောက်က နည်းနည်းတော့ ပြင်းထန် တယ်။" ဟုန်ယွိသည် နှမျောစရာကောင်းသည်ဟု ခံစားရသည်။ မူလက သူသည် မျက်ခုံးစိမ်းကို ထိန်းချုပ်ချင်ခဲ့သော် လည်း၊ တစ်ဖက်လူက ရက်စက်ပြီး ခက်ထန်လွန်းသည်။ နောက်ဆုံး အခိုက်အတန့်မှာ သူ့အကြံအစည် ပျက်ဆီးသွားခဲ့ပြီး၊ သူ့အသက်ဖြင့် ရင်းကာ စွန့်စားသွားခဲ့သည်။ ထိုကဲ့သို့လူမျိုးကို ထိန်းချုပ်ဖို့က မဖြစ်နိုင်ပါဘူး။
“ငါတို့စစ်သည်တွေရဲ့ အလောင်းတွေကို စနစ်တကျ စီစဉ်ထားပါ။ တိုက်ပွဲပြီးသွားတဲ့အခါ သူတို့ကို စုစည်းပြီး၊ သင်္ဂြိုဟ်ဖို့ ပြန်လာကြမယ်။ ငါ သူတို့ကို သူတို့မွေးရပ်မြေကို ပြန်ပို့ပေးမယ်။" ဟုန်ယွိက ပြောသည်။