အခန်း (၁၄၃-၁၄၅)
Vol. 12 Ch. 143-145
အခန်း (၁၄၃)။
"စိတ်ဝိညာဉ် ခံစားမူ၊ လေဟာနယ်ထဲ ဖြန့်ကြဲစေ၊ စိတ်ဝိညာဉ် ခံစားမူ၊ စကြဝဠာထဲ ထိုးဖောက် ဝင်ရောက်ပါ .. "။
ဟုန်ယွိသည် မြေပြင်ပေါ်တွင် ကိုယ်ကိုဖြောင့်မတ်စွာ ထိုင်ကာ သူ့စိတ်ဝိညာဉ်ဆန္ဒကို အပြည့်အဝ အာရုံစိုက်ကာ သူ့စိတ်ဝိညာဉ်ဆန္ဒကို တိတ်ဆိတ်စွာ လည်ပတ်နေပါသည်။ သူ့စိတ်ဝိညာဉ်ဆန္ဒဖြင့် ဖန်တီးထားသော အတွေးများသည် ရေခဲတုံးကြီး အရည်ပျော်သွားသကဲ့သို့ တဖြည်းဖြည်းချင်း ပျံ့လွင့်သွားပါသည်။
သူသည် သူ့စိတ်ဝိညာဉ်ကို လည်ပတ်နေရင်း သူ့စွမ်းအင်ကို သုံးစွဲကာ၊ ဟွာနောင်ယင်နှင့် ဟွာနွန်ယွဲ့ တို့ကို ခံစားနိုင်ရန် အမှတ်အသားနှစ်ခုကို အသုံးပြုခဲ့ပါသည်။
ထိုသို့လုပ်ဆောင်ခြင်းသည် သူ့စိတ်ဝိညာဉ်ဆန္ဒအတွက် အလွန်အမင်း ပင်ပန်းပါသည်။ သို့သော် ယခုအခါ ဟုန်ယွိသည် ရုပ်လုံးဖော်ခြင်းနယ်ပယ်၏ မဟာပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိနေခဲ့ပြီး၊ မြူခိုးများကို ဖြတ်ကျော်ကာ၊ ခန္ဓာကိုယ်သိမ်းပိုက်ခြင်း နယ်ပယ်သို့ ရောက်ရှိလုနီးပါး ဖြစ်နေခဲ့ပါပြီ။ ထို့အပြင်၊ သူသည် အတိတ်ကျမ်းဂန်ကို ပြုစုပျိုးထောင်ခဲ့ပြီး၊ သူ့စိတ်ဝိညာဉ်ဆန္ဒ၏ ခံနိုင်ရည်က အခြားတာအို ပညာရပ်အားလုံးထက် သာလွန်ပါသည်။ ယခုလိုစွမ်းအင် ကုန်ခမ်းမှုက သူ့အခြေခံ အုတ်မြစ်ကို မထိခိုက်စေပါဘူး။
သူသည် သူ့စိတ်ဝိညာဉ်ဆန္ဒကို လှည့်ပတ်နေစဉ်မှာ သူ၏အတွေးများသည် လေဟာနယ်၊ အာကာသ နှင့် မြင်ကွင်းအမျိုးမျိုးတို့ကို ထိုးဖောက်ဝင်ရောက်သွားပြီး၊ ဟုန်ယွိ၏ စိတ်ဝိညာဉ်ဆန္ဒထဲမှာ လူများ ပေါ်လာပါသည်။ အဆုံးတွင် သူသည် မိန်းမနှစ်ယောက်ကို စိုက်ကြည့်လိုက်ပါသည်။
ထိုအမျိုးသမီး နှစ်ယောက်ကတော့ ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့ ဖြစ်ကြပါသည်။
သူမတို့နှစ်ဦးသည် မီးရှူးမီးတိုင်များဖြင့် ဝန်းရံထားသည့် လျှို့ဝှက်ခန်းတစ်ခုတွင် ရှိနေကြသည်။ ဘေးပတ်ပတ်လည်နံရံများသည် သံမဏိနှင့်ပြုလုပ်ထားသကဲ့သို့ ခဲညိုရောင် ရှိသည်။ နံရံများပေါ် တွင် နဂါးပုံစံများ, မြွေပုံစံများဖြင့် ရေးထားသော မှော်သင်္ကေတအဆောင်များ ရှိနေပါသည်။ အခန်းထဲမှာ, ကုတင်၊ စားပွဲနှင့် လိုအပ်သည့်အရာအားလုံး ရှိနေပါသည်။ ၎င်းတို့အပြင်, အခြား တန်ဖိုးရှိသည့်အရာ ဘာမှမရှိပါ။
ယင်းက ဟုန်ယွိသည် သူမတို့နှစ်ယောက်၏ စိတ်ထဲမှတဆင့် ခံစားသိရှိရသည့် အရာများ ဖြစ်သည်။
ထိုမြင်ကွင်းအရ သူမတို့နှစ်ယောက်သည် အကျဉ်းကျနေသည်မှာ ၁၀၀ ရာခိုင်နှုန်း သေချာပါပြီ။
"နွန်းယွီ၊ ဒီတစ်ခါ ငါတို့တော့ တကယ် အဆုံးသတ်သွားပြီ။ နတ်ဘုရား အကျဉ်းထောင်မှာ၊ လေးဘက် လေးတန် နံရံတွေကို သန့်စင်ထားတဲ့သံမဏိ, အေးခဲထားတဲ့ မြေကြီးနဲ့ ခွေးနက်သွေးတွေနဲ့ ရောစပ် ကာ ဆောက်လုပ်ထားတယ်။ အကြီးအကဲ မျိုးဆက်တွေရဲ့ အဆင့်မြင့်ပုဂ္ဂိုလ်တွေက သူတို့ရဲ့ အတွေး မျှင်တန်းတွေပေါင်းထည့်ကာ ကောင်းချီးပေးထားသေးတယ်။ ငါတို့ ဖြိုခွဲနိုင်ရင်တောင် အပြင်ကို ပျံထွက်နိုင်စွမ်း မရှိဘူး။”
ဤအချိန်တွင် သူမတို့သည် ယောင်ချီဂိုဏ်း၊ ကျောက်စိမ်းကြာပန်းတောင်၊ နတ်ဘုရား အကျဉ်းထောင်တွင် အကျဉ်းချခံနေရသည်။
နတ်ဘုရား အကျဉ်းထောင်သည် တာအိုမှော်ပညာရှင်များကို အကျဉ်းချရန်အတွက် ယောင်ချီဂိုဏ်း က အထူးဒီဇိုင်းထုတ်သည့် နေရာတစ်ခု ဖြစ်သည်။ နံရံများအားလုံးကို တာအိုမှော်ပညာရှင် များစွာ တို့က ၎င်းတို့၏ နတ်ဘုရား စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ရေးဆွဲထားသော မှော်သင်္ကေတ အဆောင်များဖြင့် ဖုံးအုပ်ထားသည်။ အထဲမှာ အကျဉ်းချခံရသည်နှင့် ထိုတာအိုမှော်ပညာရှင်သည် တစ္ဆေအင်မော်တယ် နယ်ပယ်သို့ မရောက်ရှိဘဲ ရုန်းထွက်နိုင်မည် မဟုတ်ပေ။
ဤနေရာသည် ယောင်ချီဂိုဏ်းမှ ပြစ်မှုကျူးလွန်သူများကို အကျဉ်းချရာ နေရာလည်း ဖြစ်ပါသည်။
ဟွာနွန်ယင်သည် ကုတင်ပေါ်တွင် ထိုင်နေပြီး၊ သူမမျက်လုံးတွေက မီးခိုးရောင် သမ်းနေပြီး၊ ထုံထိုင်း ပျင်းရိနေပုံပေါ်သည်။ သူမ၏ ဂုဏ်သိက္ခာနှင့် အရောင်အသွေးအားလုံး လုံးဝ ဆုံးရှုံးသွားခဲ့ပြီ။
"ဒီတစ်ခါ ဂိုဏ်းဆရာက ငါတို့ကို ဘယ်လိုဆက်ဆံမလဲ မသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ်, ငါတို့က ပန်းလ ခန်းမရဲ့ ခန်းမသခင်မတွေပဲ။ ငါတို့ဟွာမိသားစုကလည်း ချမ်းသာတဲ့မိသားစုတစ်ခုပဲ။ ဂိုဏ်းဆရာက ငါတို့ကို အပြစ်ပေးရင်တောင် သိပ်ရက်စက်မှာတော့ မဟုတ်ပါဘူး။” ဟွာနွန်းယွီ၏ နှုတ်ခမ်းများက အနည်းငယ် ခြောက်သွေ့နေပြီး အပေါ်ယံအလွှာတစ်ခု ရှိနေသည်။ သူမသည် ရေမသောက်ရသည် မှာ အတော်လေး ကြာနေသည့်အတိုင်းပင်။ သူမ၏ မျက်နှာကလည်း ဖြူရော်နေ၏။
"သိပ်မပြင်းထန်းဘူးလား…" ဟွာနွန်ယင်က ခါးသီးစွာ ပြုံးလိုက်ရင်း "ငါတို့ ဟွာမိသားစုမှာ လူ ဘယ်နှစ်ယောက် ရှိလဲ။ ဦးလေး၊ ညီအကိုမောင်နှမ၊ အဒေါ်၊ အဒေါ်လေးတွေ၊ ငါတို့ မျိုးနွယ်စု တစ်ခု လုံးက လူထောင်ပေါင်းများစွာဟာ ငါတို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်ဖို့အတွက် ငါတို့ သေတာကို တောင် မစောင့်နိုင်ကြတော့ဘူး။ ဒီတစ်ကြိမ် ငါတို့ အမှားလုပ်ခဲ့မိတယ်။ သူတို့က ငါတို့ကို အဆိပ်ခတ် မသတ်ခဲ့တာပဲ အံ့ဖွယ်ဖြစ်နေပါပြီ။”
"မှန်တယ်။" ဟွာနွန်းယွီသည် သူမပါးစပ်ထဲတွင် အဆိပ်ရှိနေသည့်အတိုင်း သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်ပါသည်။ "ဒါပေမယ့် မကောင်းတာ ဖြစ်တော့မယ်မှန်း ငါ သိတယ်။ ဒါကြောင့်, ငါက ဂိုဏ်းအကြီးအကဲတွေ ငါတို့ကို မဖမ်းခင်, သတင်းကို တိတ်တဆိတ် ဖြန့်ခဲ့ပြီးပြီ….။"
"သတင်းဖြန့်တော့ရော ဘာအသုံးဝင်မှာလဲ။" ဟွာနွန်ယင်၏ မျက်လုံးများသည် စိတ်ပျက် လက်ပျက် ဖြစ်သည့် အမူအရာနှင့် ပြည့်နှက်နေခဲ့ပြီး "ငါတို့ကို ဘယ်သူက လာကယ်မှာလဲ….။”
"အမှန်ပဲ။ ငါတို့ကို ကယ်တင်ဖို့ ဘယ်သူမှ လာမှာ မဟုတ်ပါဘူးလေ..." ဟွာနွန်းယွီသည် သူမ၏ ခြောက်သွေ့သော နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ပါသည်။
"မင်းတို့ကို ကယ်ဖို့ ငါ လာခဲ့မယ်..."
အမျိုးသမီးနှစ်ယောက် စကားပြောနေကြစဉ်မှာပင် ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။
"ဘယ်သူလဲ…။ ဘယ်သူလဲ”။
အမျိုးသမီး နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ဆတ်ခနဲ မတ်တပ် ထရပ်လိုက်ကြ သည်။ သို့သော်လည်း သူတို့သည် မည်သည့်လှုပ်ရှားမှုကိုမျှ သတိမထားမိခဲ့ပေ။
"ငါက ဟုန်ယွိပဲ။ ငါက ငါ့စိတ်ဝိညာဉ် စွမ်းအားနဲ့ လေဟာနယ်ကို ထိုးဖောက်ပြီး မင်းတို့နဲ့ စိတ်ချင်း ဆက်သွယ်နေတာ။ စိတ်နဲ့ပဲ ပြောပါ။” ဟုန်ယွိ၏အသံက အမျိုးသမီးနှစ်ယောက်၏ စိတ်နှလုံးထဲမှာ ဆက်ပြီး မြည်လာပါသည်။
"မင်းက ဟုန်ယွိလား?" နောက်ဆုံးတွင် အမျိုးသမီး နှစ်ဦးသည် အသိအာရုံတွေ ပြန်ရလာခဲ့ပြီး၊ အသံက သူမတို့ စိတ်နှလုံးထဲမှ ထွက်ပေါ်လာသည်ကို သိရှိနားလည်သွားပါသည်။
"မိုင်တစ်ထောင်အကွာကနေ စိတ်ချင်း ဆက်သွယ်ပြောဆိုဖို့က တစ္ဆေအင်မော်တယ်တစ်ပါးရဲ့ သဘာဝလွန် တန်ခိုးစွမ်းအားတွေ လိုအပ်တယ်။ နင် တကယ်ပဲ တစ္ဆေအင်မော်တယ်အဆင့်အထိ ကျင့်ကြံနိုင်ခဲ့ပြီလား။" အမျိုးသမီး နှစ်ယောက်သည် လွန်စွာ အပျော်လွန်သွားခဲ့ပြီး၊ သူမတို့ မျက်နှာ ပေါ်ရှိ မီးခိုးရောင် ဖျော့ဖျော့သည် လျင်မြန်စွာ မှိန်ဖျော့သွားကာ၊ သူမတို့အသားရေက ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။
စိတ်ငြိမ်သွားပြီးနောက် ဟွာနွန်ယင်သည် ထိုင်ချလိုက်ပြီး သူမစိတ်ထဲတွင် မေးလိုက်သည်။
"ငါက မိုင်ထောင်ချီအဝေးမှာ ရှိနေတာမဟုတ်ဘူး။ မင်းတို့နဲ့ မိုင်ဒါဇင်လောက်ပဲဝေးတဲ့ ထိုက်ချန် ရေကန်ကို ရောက်နေတာ။ ငါ မင်းတို့ကို ကယ်တင်ဖို့ ရောက်လာခဲ့တာပဲ။ ထိုက်ချန်ရေကန်အတွင်း က ကျောက်စိမ်းကြာပန်းတောင်နဲ့ ပတ်သက်တဲ့ အရာအားလုံးကို မြန်မြန် ပြောပြပါ။ မင်းတိုကို ကယ်တင်ဖို့နည်းလမ်း ရှိမရှိ ငါ ကြည့်ဦးမယ်။" ဟုန်ယွိ၏ အသံက အမျိုးသမီး နှစ်ယောက်စလုံး၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
"ဟုန်ယွိ၊ နင် ငါတို့ကို ဘာလို့ လာကယ်တာလဲ။"
ဟွာနွန်းယွီက မေးသည်။
သူမအနေဖြင့် ဟုန်ယွိက သူမတို့ကို ကယ်တင်မည်ဟု ဘယ်တုန်းကမှ စိတ်ကူးမိမှာ မဟုတ်ပါဘူး။ အဘယ်ကြောင့်ဆိုသော် ဟုန်ယွိသည် သူမတို့နှင့် မည်သို့မျှ မသက်ဆိုင်သလို အရောင်းအဝယ်ကိစ္စ ကလည်း အတင်းအကျပ် ထိန်းချုပ်ခံထားရသောကြောင့် သဘောတူခဲ့ရခြင်း ဖြစ်ပါသည်။ သူမတို့ကို ကယ်တင်ခဲ့ရင်တောင် ဟုန်ယွိအနေဖြင့် မည်သည့်အကျိုးကျေးဇူးမှ ရရှိမည်မဟုတ်ဘဲ, ယောင်ချီ ဂိုဏ်း၏ အမျက်ဒေါသကိုပင် ခံယူရဖွယ်ရှိပါသည်။ ထို့အပြင် သူမတို့ကို ကယ်တင်ဖို့က လွယ်ကူသည့် ကိစ္စတစ်ခု မဟုတ်ပေ။ အကယ်၍, အနည်းငယ် မှားယွင်းသွားပါက သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် နှစ်ခုစလုံး ပျက်သုဉ်းသွားနိုင်ပါသည်။
ဤကိစ္စက ထိခိုက်နစ်နာစရာ ရာပေါင်းများစွာ ကြုံတွေ့ရနိုင်ပြီး၊ မည်သည့် ကောင်းကျိုးမှ မရှိပေ။ ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့သည် ဟုန်ယွိလို ထက်မြက်သည့် လူတစ်ယောက်က ယခုလို မိုက်မဲသည့်အလုပ်ကို လုပ်ဆောင်လိမ့်မည်ဟု ထင်မထားခဲ့ပါဘူး။
သို့သော် အခု ဟုန်ယွိက ရောက်ရှိလာခဲ့ပြီ။
"အဓိပ္ပာယ်မဲ့ လျှောက်ပြောမနေနဲ့။ မင်းတို့နဲ့ စိတ်ချင်းဆက်သွယ်ရတာ ငါ့အတွက် အရမ်းပင်ပန်း တယ်။ အဓိကအချက်တွေကို ပြောပြပါ။ အခု မင်းတို့ကို ကယ်တင်ဖို့ ဘယ်လို အခွင့်အလမ်းမျိုးတွေ ရှိမလဲ။ ဘယ်လောက် သေချာလဲ" ဟုန်ယွိက အေးစက်စွာ ဟစ်အော်လိုက်သည်။ ယခုအချိန်က အဓိပ္ပာယ်မဲ့ စကားတွေ ပြောနေရမည့်အချိန် မဟုတ်ပါဘူး။ သူသည် ဤမိန်းမနှစ်ယောက်နှင့် အဓိပ္ပာယ်မဲ့ စကားတွေ မပြောချင်ပါဘူး။
"ဘာအခွင့်အရေးမှ မရှိဘူး၊ သေချာတာလည်း မရှိဘူး။" ဟွာနွန်ယင်၏ စိတ်အခြေအနေက စိတ်ပျက်နေသည့် ကလေးတစ်ယောက်လိုပင်။ "ငါတို့ယောင်ချီဂိုဏ်းက ကျောက်စိမ်းကြာပန်း တောင်ပေါ်မှာ ရှိတယ်။ အဆောက်အဦတွေနဲ့ ဘုရားကျောင်းပေါင်း တစ်ရာကျော် ရှိပြီး၊ တပည့် ထောင်ပေါင်းများစွာ ရှိတယ်။ နေရာတိုင်းမှာ ကာကွယ်ရေးနဲ့ ကင်းပုန်းတွေရှိတယ်။ ဒါ့အပြင်, ခန်းမ ကိုးခန်း ရှိပြီး၊ ခန်းမသခင်တိုင်းက ယင်စိတ်ဝိညာဉ်နဲ့ အရာဝတ္ထုတွေကို ထိန်းချုပ်ရာမှာ ကျွမ်းကျင်သူ တွေ ဖြစ်ကြတယ်။ အကြီးအကဲ ဆယ်ဦးကျော်ရှိပြီး၊ သူတို့အားလုံးက တာအိုပညာရပ်တွေမှာ ကျွမ်းကျင်ကြသူတွေပဲ။ ဒါတင်မကသေးဘူး, ငါတို့ဂိုဏ်းသခင်က အမြင့်ဆုံးတောင်ထိပ်မှာ နေထိုင် တယ်။ သူ နားမလည်နိုင်အောင် လျှို့ဝှက်ဆန်းကြယ်သူပဲ။ သူက တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်လာဖို့ ကျင့်ကြံနေမှာတောင် စိုးရတယ်။ ဂိုဏ်းသခင်ရဲ့ တပည့်တွေက ကိုယ်ခံပညာနဲ့ တာအို ပညာရပ်တွေမှာ ငါတို့ထက် ဆယ်ဆပိုပြီး အစွမ်းထက်တယ်။ ဒါ့အပြင်၊ ဂိုဏ်းထဲမှာ ငါတို့မသိနိုင်တဲ့ လျှို့ဝှက် အင်အားစုတွေ ရှိသေးတယ်။ နင့်မှာ လူသားအင်မော်တယ်တစ်ပါးရဲ့ အစွမ်းမျိုး မရှိရင်, ဒါမှမဟုတ် နင့်စိတ်ဝိညာဉ်က လျှပ်စီးကပ်ဘေး အချို့ကနေ ရှင်သန်လွတ်မြောက်နိုင်ခဲ့ရင်တော့ နင့်လမ်းကြောင်းတစ်လျှောက် တားဆီးသူမှန်သမျှကို သတ်ဖြတ်ပြီး ငါတို့ကို ကယ်တင်နိုင်လိမ့်မယ်။ မဟုတ်ရင်တော့ သိုင်းသူတော်စင် ဒါမှမဟုတ် တစ္ဆေအင်မော်တယ် ဖြစ်နေရင်တောင်, ကယ်တင်ဖို့ က မဖြစ်နိုင်ဘူး။”
"ယောင်ချီဂိုဏ်းမှာ ဒီလောက် အစွမ်းထက်တဲ့ အင်အားစုတွေ ရှိနေတာလား" ဟုန်ယွိက မေးသည်။ "ဒါပေမယ့် သူတို့က မင်းတို့ကို အကျဉ်းချထားပြီး၊ သတ်ပစ်တာမျိုး မရှိဘူး။ အဲဒါက ဘာဖြစ်လို့လဲ"
“သူတို့က ငါတို့ကို ကျောက်စိမ်းမြို့တော်ကို ပို့ပြီး မင်းသား ဟီချင်ရဲ့ အပြစ်ပေးမူကို ခံယူစေချင်ကြ တယ်။ မနက်ဖြန် မင်းသားဟီချင်ရဲ့ လူတွေ ရောက်ရှိလာလိမ့်မယ်။ ဒီနောက် ငါတို့ဂိုဏ်းက ကျွမ်းကျင်သူအချို့နဲ့အတူ သူတို့က ငါတို့ကို ကျောက်စိမ်းမြို့တော်ကို ခေါ်ဆောင်သွားလိမ့်မယ်။” ဟွာနွန်းယွီက ပြောသည်။
"ဒီလိုဆိုရင် ငါ သူတို့ကို လမ်းတဝက်မှာ ကြားဖြတ်တိုက်ခိုက်ပြီး မင်းတို့ကို ကယ်တင်နိုင်ပြီလေ" ဟုန်ယွိက ပြောသည်။
"ငါတို့ကို လိုက်ပို့တဲ့သူတွေက ကျွမ်းကျင်သူတွေ ဖြစ်မှာ သေချာတယ်။ နင်တစ်ယောက်တည်းနဲ့ မကိုင်တွယ်နိုင်မှာ စိုးတယ်" ဟွာနွန်ယင်၏ မျက်လုံးများက တောက်ပသွားသော်လည်း နောက်ပိုင်း တွင် ပြန်လည် မှေးမှိန်သွားပြန်သည်။ "နင့်မှာ ယင်ယန်မက်မွန် နတ်ဘုရားဓားရှိရင်တောင် နင် မကိုင်တွယ်နိုင်မှာ ငါ ကြောက်တယ်။ ဒါ့ပြင် မင်းသားဟီချင်ရဲ့ လူတွေဆီကနေ လွတ်မြောက်ဖို့က ခက်ခဲလိမ့်မယ်။"
"ဒီလောက် အဓိပ္ပာယ်မဲ့ စကားတွေ ပြောနေစရာ မလိုဘူး။ မနက်ဖြန်မှာ မင်းတို့ နှစ်ယောက်ကို လိုက်ပို့မယ့်လူတွေ ရောက်လာရင်, ငါ့နတ်ဘုရား စိတ်ဝိညာဉ်ကို အသုံးပြုပြီး မင်းတို့နှစ်ယောက်ကို ပြန်ဆက်သွယ်လိုက်မယ်။ ငါ အခြေအနေကို နားလည်ပြီးရင်၊ လမ်းခုလတ်မှာ ကြားဖြတ်တိုက်ခိုက် မယ်" ထိုစကားကို ပြောပြီးနောက် ဟုန်ယွိ၏ အသံသည် မိန်းကလေးနှစ်ယောက်၏ စိတ်ထဲမှ ပျောက်ကွယ်သွားခဲ့သည်။
"ငါတို့ ဘာလုပ်သင့်လဲ?" ဟွာနွန်းယွီက ဟွာနွန်ယင်ကို မေးသည်။
"သူ ငါတို့ကို ကယ်တင်ဖို့ ရောက်လာမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။" ဟွာနွန်ယင်က "အခုအချိန်မှာ သူက ငါတို့ရဲ့ တစ်ခုတည်းသော လွတ်မြောက်ဖို့ အခွင့်အရေးပဲ။ မင်းသားဟီက ရက်စက်တယ်။ သူက ငါတို့ကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး။ ငါတို့ ကျောက်စိမ်းမြို့တော်အထိ ခေါ်သွားခံရရင်တော့, သေတာထက်ပိုဆိုးတဲ့ ဘယ်လိုနှိပ်စက်ညှင်းပန်းမူမျိုးတွေ ကြုံတွေ့ရမလဲ ဘယ်သူမှ မသိနိုင်ဘူး။ ငါတို့ ကယ်တင်ခံရဖို့က သူ့ကိုပဲ စိတ်နှလုံးအကြွင်းမဲ့ အားကိုးရမှာပဲလေ။”
"အခြေအနေ ဘယ်လိုလဲ.."
ဟုန်ယွိ ရုတ်တရက် မျက်လုံးဖွင့်လာသည်ကို မြင်တော့ ရွှေပင့်ကူ ကျင်းရွှမ်အာက ရယ်မောရင်း မေးသည်။
"သွားကြရအောင်….၊ ကျောက်စိမ်းကြာပန်းတောင်ပေါ်က ယောင်ချီဂိုဏ်းက ငါတို့ တိုက်ရိုက် ဝင်ရောက်နိုင်တဲ့နေရာ မဟုတ်ဘူး။ ငါ့ရဲ့ယင်စိတ်ဝိညာဉ်နဲ့ ဝင်ရောက်ခဲ့ရင်တောင်, အတွင်းမှာရှိတဲ့ ကျွမ်းကျင်သူတွေက သိရှိနိုင်ပြီး ငါတို့ လွတ်မြောက်ဖို့ ခက်ခဲပေလိမ့်မယ်။”
ဟုန်ယွိက မတ်တပ် ထရပ်လိုက်ပါသည်။ ကောင်းကင်ကြီးက မှောင်နေပါပြီ။ လရောင်က ကျူပင်များပေါ်တွင် ထွန်းလင်းတောက်ပနေပြီး လေပြေညှင်းက တဖြူးဖြူး တိုက်ခတ်နေပါသည်။ ထူးခြားသည့် သဘာဝ မြင်ကွင်းတစ်ခုပင်။
လူသုံးယောက်နှင့် ရွှေပင့်ကူတစ်ကောင်သည် ၎င်းတို့၏မြင်းများသို့ ပေါ်တက်ပြီး ထိုက်ချန်ရေကန်မှ ချက်ခြင်း ထွက်လာခဲ့သည်။
ဟုန်ယွိသည် ယောင်ချီဂိုဏ်း၏ အစွမ်းကို သိရှိပြီးနောက်၊ အကယ်၍, သူသည် သူ၏ ယင်စိတ်ဝိညာဉ် ဖြင့် ဝင်ရောက်လာလျှင်ပင် ရှာဖွေတွေ့ရှိနိုင်ပြီး၊ အန္တရာယ်ကြုံတွေ့နိုင်သည်ကို သိပါသည်။ အထဲမှာ တစ္ဆေအင်မော်တယ်တစ်ပါးတောင် ရှိနေနိုင်ပါသည်။ ဟုန်ယွိသည် တစ္ဆေအင်မော်တယ်တစ်ပါးကို မက်မွန်နတ်ဘုရားဓားဖြင့်ပင် ခုခံနိုင်မည် မဟုတ်ပေ။
ထို့အပြင်၊ အထဲမှာ ကျွမ်းကျင်ပညာရှင် အများအပြား ရှိနေသေးသည်။
ယခုအချိန်တွင် သူမတို့ကို ကယ်တင်ရန် ဝင်ရောက်ခြင်းသည် သေခြင်းတရားကို တောင်းခံခြင်းနှင့် ထူးမခြားနားပေ။
ဟုန်ယွိသည် သူ့အစီအစဉ်တွေကို သေသေချာချာ စဉ်းစားထားရပါမည်။ သေချာသည်မှာ, သူသည် မည်သည့်အရာကိုမှ အဆင်ခြင်မဲ့ လုပ်ဆောင်မည် မဟုတ်ပေ။
အခု သူလုပ်ရမည့်အရာက တစ်ညလုံး အေးအေးချမ်းချမ်း အနားယူဖို့ ဖြစ်ပြီး၊ မနက်ဖန် အမျိုးသမီး နှစ်ဦးအား ကျောက်စိမ်းမြို့တော်သို့ ပို့ဆောင်မည့်လူများ ယင်ကျိုးမှ ထွက်ခွာချိန်မှာ, သူသည် လမ်းခုလတ်တွင် လျှပ်တပြက် ကြားဖြတ်တိုက်ခိုက်ပြီး၊ မိန်းကလေးနှစ်ဦးကို ကယ်တင်ကာ ပစိဖိတ် ရေတပ်ဌာနချုပ်သို့ ပြန်သွားရမည်။
ပစိဖိတ်ရေတပ်ဌာနချုပ်သို့ ရောက်သည်နှင့်, ယောင်ချီဂိုဏ်းသည် မည်မျှပင် တန်ခိုးကြီးသည်ဖြစ်စေ သူတို့နောက်ကို လိုက်လာမည် မဟုတ်ကြောင်း သူ ယုံကြည်ပါသည်။ သို့မဟုတ်ပါက, ဒိုင်ဇင် ဘုရားကျောင်းသည် သူတို့၏စံနမူနာ ဖြစ်လာပါလိမ့်မည်။
ယင်ကျိုး၏ ရာသီဥတုက အပြောင်းလဲ မြန်လွန်းပါသည်။ မနေ့က ဟုန်ယွိသည် လမ်းတလျှောက် တဟုန်ထိုး မောင်းနှင်လာချိန်မှာ, နေမင်းက ပူပြင်းပြီး၊ လမ်းက ဖုန်တလုံးလုံး ထနေခဲ့သည်။ ညဘက် တွင် လမင်းကြီးက တောက်ပနေသော်လည်း သန်းခေါင်ယံအချိန်၌ လေအေးများ တိုက်ခတ်လာကာ ကောင်းကင်ကြီးက မှောင်မိုက်သွားခဲ့သည်။ ထို့နောက် မိုးတွေ ရွာသွန်းလာခဲ့သည်။ နောက်တရက် နေ့ခင်းဘက်တွင် ကောင်းကင်ကြီးက တိမ်မည်းများဖြင့် ဖုံးလွှမ်းနေပြီး လျှပ်စီးများ တဖျတ်ဖျတ် လင်းလက်နေပါသည်။ မိုးခြိမ်းသံတွေက ကောင်းကင်မှာ တဂျိန်းဂျိန်း မြည်ဟီးနေပြီး ရံဖန်ရံခါ လျှပ်စီးများက လင်းလက်နေသည်။ မိုးက ဆက်တိုက် ရွာသွန်းနေပြီး မြေပြင်က ရွှံ့ဗွက်အတိ ဖြစ်သွားခဲ့ပြီ။
"မိုးကောင်းကင်က ငါ့ဘက်မှာ တကယ် မရှိဘူးလား…။"
ဟုန်ယွိသည် နောက်နေ့တွင် မိုးကြိုးမုန်တိုင်း ဖြစ်ပေါ်လာမည်ဟု မမျှော်လင့်ထားပေ။
မိုးကြိုးမုန်တိုင်းကြောင့် သူ၏တာအိုနည်းပညာများကို အသုံးမပြုနိုင်တော့ပေ။ မဟုတ်ပါက, သူ့စိတ်ဝိညာဉ်က သူ့အခွံထဲမှ ထွက်လာချိန်မှာ, ကောင်းကင်မှ ရုတ်တရက် လျှပ်စီးကြောင်း သူ့စိတ်ဝိညာဉ် ပြိုကွဲသွားမည် မဟုတ်ပါလား။
တစ္ဆေအင်မော်တယ်တစ်ပါးပင်လျှင် မိုးကြိုးမုန်တိုင်းထဲတွင် သူ၏တာအိုပညာရပ်များကို အသုံးမပြု ဝံ့ပေ။ လှည့်ပတ်သွားလာရာ၌ပင် သတိထားရပေလိမ့်မည်။
အဆုံးတွင်၊ စိတ်ဝိညာဉ်သည် အသက်၏အခြေခံအုတ်မြစ် ဖြစ်သည်။ အသဲနှလုံးမရှိဆုံးနှင့် အဖျက်စွမ်းအားအရှိဆုံးသော လျှပ်စီးကြောင်းဖြင့် မည်သူကရော အသက်နှင့်ရင်းပြီး ကစားဝံ့မည် နည်း။ နောက်နေတာလား….။
ပထမဆုံး မိုးကြိုးကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီး စိတ်ဝိညာဉ်တွင် သန့်စင်သော ယန်စွမ်းအင် တစွန်းတစကို ရရှိထားသော ထိပ်တန်းကျွမ်းကျင်သူများသာ မိုးကြိုးမုန်တိုင်းထဲတွင် လွတ်လွတ် လပ်လပ် သွားလာလှုပ်ရှားနိုင်ပါသည်။
သို့သော် ထိုကဲ့သို့သော ပညာရှင်မျိုးသည် ကမ္ဘာတဝှမ်းမှာပင် ရှားပါးပါသည်။ သင့်လက်ဆယ်ချောင်း ကို ဖြန့်၍ ရေတွက်လျှင်ပင် ပြည့်ကောင်းမှ ပြည့်နိုင်ပါလိမ့်မည်။
ဟုန်ယွိ၏ အဆုံးစွန်ဝှက်ဖဲသည် သူ၏ တာအိုနည်းပညာ ဖြစ်သည်။ တာအိုနည်းစနစ် အားသာချက် မရှိလျှင် သူ့ခွန်အားက အကန့်အသတ် ရှိလာလိမ့်မည်။ ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့ကို ကယ်တင်ဖို့ က ပိုခက်ခဲ့သွားလိမ့်မည်။
"သခင်လေး…။ စိတ်ဓာတ်မကျပါနဲ့၊ သခင်လေးက တာအိုနည်းပညာကို အသုံးမပြုနိုင်ရင် ရန်သူ လည်း အသုံးပြုလို့ မရဘူးလေ။ အခု သခင်လေးက ရှန်တန်သိုင်းသခင် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေ ပြီး၊ မိုးကြိုးလျှပ်စီးဆေဘာကျမ်းကိုလည်း လေ့ကျင့်ထားတယ်။ သခင်လေးလက်မှာ ဆေဘာနဲ့ဆို, သခင်လေးက ပြိုင်ဘက်ကင်းပဲ။ ရှန်တန်သိုင်းသခင် သုံးလေးယောက်က သခင်လေးကို ဘာမှ မ လုပ်နိုင်ပါဘူး။ တကယ်လို့, ငါတို့သုံးယောက်သာ ရုတ်တရက် တိုက်ခိုက်လိုက်ရင် မဟာဆရာသခင် တစ်ယောက်ကိုတောင် ချက်ချင်း သတ်ပစ်နိုင်ပါတယ်။ မင်းသား ဟီချင်က သိုင်းသူတော်စင် တစ်ယောက်ကို စေလွှတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..."
ဒီရက်တွေအတွင်း လီလဲ့၏ ယုံကြည်မှုက တရက်ထက်တရက် ပိုတိုးလာခဲ့သည်။ သူ့ကိုယ်ခံပညာက ပိုမိုသန့်စင်လာခဲ့ပြီး၊ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်က တစ်သားတည်း ဖြစ်နေခဲ့ပြီ။ ယွမ်ယန်ကောင်းကင် ပုလဲ ဟင်းချိုကို သောက်ဆုံးပြီးနောက်, သူ၏ကြွက်သားများ၊ အရိုးများနှင့် ကိုယ်အတွင်းအင်္ဂါများ သည် စုစည်းသွားခဲ့ပြီး၊ သူ၏ ချီနှင့်သွေးများက တည်ငြိမ်သွားခဲ့သည်။ သူသည် မဟာဆရာသခင် နယ်ပယ်သို့ ဖြတ်ကျော်ရန် ယောင်ဝါးဝါးပင် ခံစားနေရပြီ။ ထို့အပြင်၊ သူ၏အသက်ဓာတ်ကလည်း ဆယ်နှစ်ခန့် ငယ်သွားသောကြောင့် သူ့ယုံကြည်မှုက တဟုန်ထိုး တိုးမြင့်လာသည်။
ချီဇီယန်သည် သက်တန့်ထိုးဖောက်လေးကို တိတ်တဆိတ် ကိုင်ထားပြီး၊ သူ့မျက်လုံးများက ရှေ့မှ မိုးရေစက်ထဲကို ကြည့်နေပါသည်။
ဒီလမ်းက ရွှံ့ညွှန်တွေ ထူထပ်နေသည့် တရားဝင်လမ်းတစ်ခု ဖြစ်ပါသည်။ ကောင်းကင်ယံက မည်းမှောင်နေသော်လည်း အချိန်က မွန်းတည့်နေပြီ။ ဟုန်ယွိသည် နံနက်ခင်းကတည်းက သူ့စိတ်ဝိညာဉ်ကို တိတ်တဆိတ် အသုံးပြုခဲ့သည်။ ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့ကို သယ်ဆောင် လာသည့် ရထားတွဲသည် ဤလမ်းကိုဖြတ်၍ ထွက်ခွာလာပြီ ဖြစ်ကြောင်း သူ သိသည်။
အမျိုးသမီး နှစ်ဦးကို လူ ၂၀ ကျော် လိုက်ပါ ပို့ဆောင်ပေးခဲ့သည်။ အချို့မှာ ယောင်ချီဂိုဏ်း၏ ကျွမ်းကျင်သူများ ဖြစ်ပြီး၊ အချို့မှာ မင်းသား ဟီချင်၏ လူများ ဖြစ်သည်။
ဟုန်ယွိ၏ မျက်နှာပေါ်သို့ လေနှင့်အတူ မိုးရေစက်များ တိုက်ခတ်လာသည်။ မိုးရေစက်တွေက သူ့ခေါင်းနှင့် အဝတ်စားတွေ ရွှဲရွှဲစိုအောင် ရွာသွန်းနေသည်။ သူ့ခန္ဓာကိုယ်တွင် ခြောက်သွေ့နေသည့် နေရာ တစက်လေးတောင် မရှိပါဘူး။ သူသည် ဖြိုခွဲခြင်းဆေဘာကို မြင်းနောက်ဘက်တွင် ချထားပြီး၊ ၎င်းကို အချိန်မရွေး အလွယ်တကူ ဆွဲထုတ်နိုင်သည်။ လေးနှင့်မြှားတို့ကိုလည်း ချိတ်ဆွဲထားပြီး၊ သူသည် လက်နက်အပြည့်စုံ ပြင်ဆင်ထားသည်။
မြင်းသုံးကောင်သည် မိုးရေထဲတွင် မလှုပ်မယှက် ရပ်နေကြသည်။ သူတို့၏ သန်မာသည့် ခန္ဓာကိုယ် ထုတ်ဖော်ပြသထားပြီး၊ နှာဟီသံပင် မကြားရချေ။
ခပ်ဝေးဝေးတွင် ယာဉ်တန်းတစ်ခုက ယောင်ဝါးဝါး ပေါ်လာသည်။ မြင်းဆယ်စီးကျော်ရှိပြီး၊ အဝေးမှ ချဉ်းကပ်လာစဉ် လူတိုင်းက ထီးကြီးများကို ကိုင်ဆောင်ထားကြသည်။
"စလိုက်ရအောင်…”
ဟုန်ယွိသည် ယာဉ်တန်းကို မြင်သောအခါ အေးစက်သော မျက်နှာပေါ်တွင် သိမ်မွေ့သော အမူအရာ ပေါ်လာသည်။ သူက သူ့ခြေထောက်တွေကို ညှစ်ပြီး အချက်ပြလိုက်သည်။ ဝှီး….၊ လျှပ်စီးဖမ်းမြင်း၏ ခွာလေးခုက ခုန်ဆင်းသွားပြီး၊ ၎င်းသည် ငါးပေအကွာအဝေးကို တိုက်ရိုက် ဖုံးလွှမ်းသွားပါသည်။ မြေပြင်ပေါ်သို့ ဆင်းသက်သောအခါ မြင်းခွာသံက မိုးခြိမ်းသံကဲ့သို့ ဖြစ်ပေါ်နေသည်။ မြေပြင်သည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး၊ ရွှံ့ရေများက နေရာအနှံ့ ပြန့်ကျဲသွားခဲ့သည်။ ၎င်းသည် ရိုင်းစိုင်းသော သားရဲတစ်ကောင်ကဲ့သို အရှိန်အဟုန်ပြင်းစွာ ရှေ့သို့ ပြေးသွားခဲ့သည်။
ဟုန်ယွိ တဟုန်ထိုး မောင်းထွက်သွားပြီးချိန်မှာ လီလဲ့နှင့် ချီဇီယန်တို့သည် သူတို့၏မြင်းများကို အရှိန် အဟုန် မြှင့်တင်ပြီး၊ ဟုန်ယွိ၏ဘယ်ညာနှစ်ဖက်ကို အနီးကပ်စောင့်ရှောက်ရန် မောင်းထွက်သွားခဲ့ သည်။ မြင်းသုံးကောင်သည် တဟုန်ထိုး မြင့်တက်လာသော ရေလှိုင်းကြီးကဲ့သို့ တညီတညွတ်တည်း ပြေးဝင်သွားကာ လမ်းတလျှောက် ပိတ်ဆို့နေသော မည်သူ့ကိုမဆို ဖြိုခွဲပစ်တော့မည်။
"ယောင်ချီဂိုဏ်းရဲ့ သစ္စာဖောက်နှစ်ယောက်။ သူမတို့ကို ဒီအတိုင်း သတ်လိုက်ရင်လည်း အေးတာပဲ။ ဒါပေမယ့် မင်းသားက သူမတို့ကို ကျောက်စိမ်းမြို့တော်မှာ သူကိုယ်တိုင် စစ်ဆေးမေးမြန်းဖို့ ပို့ဆောင်ခိုင်ပြီး၊ အခုလို ရာသီဥတုမျိုးမှာ ငါတို့ကို အတင်း ခေါ်ဆောင်ခိုင်းခဲ့တယ်...။"
ရွှံ့ညွှန်ဗွက်ထနေသည့် တရားဝင်လမ်းမပေါ်မှာ ရထားနှင့် မြင်းဆယ်စီးကျော်က ရှေ့ကို တလှမ်းချင်း မောင်းနှင်လာကြသည်။ ဓားများ၊ သံချပ်ကာများ၊ သားရေဖိနပ်ရှည်များနှင့် သိုးသားရေများကို ဝင်ဆင်ထားကြသော ရဲရင့်သော စစ်သည်တော်များစွာတို့သည် ရထားများကို လိုက်ပါ စောင့်ကြပ် ရင်း အသေးစိတ် ပြောနေကြသည်။
"မင်းသား မုဆိုးဖိုတစ်ယောက်ပဲလေ။ လပန်းခန်းမရဲ့ ခန်းမသခင်မနှစ်ပါးဖြစ်တဲ့ ဒီပန်းနှစ်ပွင့်ကို မင်းသားက ကိုယ်လုပ်ဆောင်အဖြစ် သိမ်းပိုက်ချင်နေတာ ကြာပြီ။ သူမတို့က ရာဇဝတ်မှုတစ်ခုကို ကျူးလွန်ခဲ့ပေမယ့် သူမတို့ကို တစ်ချက်တည်းနဲ့ သတ်ပစ်ဖို့အထိ သူ ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာ လည်း။ သူမတို့ရဲ့ စိတ်ဝိညာဉ်တွေကို ဖြိုခွဲပစ်ဖို့လား။” စစ်သည်တော်တစ်ယောက်က ရယ်မောလိုက် ပါသည်။
မိုးက သည်းထန်စွာ ရွာသွန်းနေခြင်း၊ မိုးခြိမ်းသံများက မကြာခဏ ကြားနေရခြင်း၊ ရွှံ့ဗွက်များနှင့် အတူ လမ်းခရီးက ပျင်းရိဖွယ် ကောင်းလှပါသည်။ ငြီးငွေ့ဖွယ်ကို သက်သာစေဖို့အတွက် ရောက်တက်ရာရာ စကားပြောရန်မှလွဲပြီး တခြား ဖျော်ဖြေစရာ မရှိပါဘူး။
“ရူး…... တိတ်တိတ်နေကြစမ်း။ သခင်ဖန်း၊ သခင်မဝမ်နဲ့ အကြီးအကဲရှန်တို့လည်း ရထားပေါ်မှာ လိုက်ပါလာကြတယ်။ မင်းတို့က မင်းသား မကောင်းကြောင်း ပြောနေကြတယ်။ မင်းတို့ အသက် မရှင်ချင်ကြတော့ဘူးလား။ တကယ်လို့, မင်းတို့သာ ယောင်ချီဂိုဏ်းက မိန်းမပျိုတွေကို မပျော်မရွှင် ဖြစ်အောင် လုပ်မိရင်, သူတို့က မင်းတို့ကို ဒီအတိုင်း ကြည့်နေမယ်လို့ ထင်လား။” အခြား စစ်သည်တော်က ထိုစစ်သည်တော်ကိုကို အလျင်စလို ငေါက်ငမ်းလိုက်ပါသည်။
ထိုအချိန်တွင် ရထားတစ်စီးက ရုတ်တရက် ရပ်တန့်သွားသည်။ ကုလားကာများကို ရုတ်သိမ်းလိုက် ပြီးနောက် ပန်းထိုးဝတ်စုံ ဝတ်ထားသော အမျိုးသားတစ်ဦး ထွက်လာသည်။ ရထားပေါ်မှ ဆင်းလိုက် သည်နှင့် တပြိုင်နက် မြေပြင်သည် တုန်ခါသွားပုံရပြီး ရထားများက ရပ်တန့်သွားကြသည်။
ထို့နောက် ထိုလူက စကားပြောနေသော စစ်သည်နှစ်ယောက်ကို ကြည့်လိုက်သည်။ ကောင်းကင် တွင် လျှပ်တစ်ပြက် လျှပ်စီးများက လင်းလက်သွားပြီး သူ့မျက်လုံးများတွင် ရောင်ပြန်ဟပ်နေသည်။ သူ့မျက်လုံးတွေက လျှပ်စီးလက်နေသည့် ကမ္ဘာတစ်ခုလိုဖြစ်နေပြီး အလွန်လျှို့ဝှက်ဆန်းကြယ် သည်။
"အား…" ထိုလူ၏အကြည့်တစ်ချက် ခံလိုက်ရသော စောစောက ပြောခဲ့သော စစ်သည်တော်သည် မထိန်းနိုင်ဘဲ ရွှံ့ရေထဲသို့ ပစ်ကျသွားပါသည်။ သူ့တစ်ကိုယ်လုံး ကြက်ရိုင်းတစ်ကောင်လို တုန်ယင် နေသည်။ "သခင်ဖန်း ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသားပေးပါ။ ကျွန်တော် အခုနက မင်းသားကို မလေးမစား ပြောမိပါတယ်…."
“ရှေ့ဆယ်မိုင်လောက်မှာ ရန်သူက တိုက်ခိုက်ဖို့ လာနေတယ်။ ပြင်ဆင်ထားကြပါ။”
သခင်ဖန်းဟုခေါ်သည့် ထိုလူက အခုလေးတင် အိပ်ယာမှ နိုးထလာသည့် ကလေးတစ်ယောက် အလား အေးအေးဆေးဆေး စကားပြောသည်။
" သခင်မလေးယွဲ့ရူ ၊ မင်း ရန်သူကို တိုက်စရာမလိုဘူး။ ငါတို့ သူတို့နဲ့ ရင်ဆိုင်မယ်။”
အခန်း (၁၄၄)။
"ရန်သူလား..၊ ရန်သူက ဘယ်က ရောက်လာတာလဲ။ သခင်ဖန်း.. ရန်သူက ဘယ်က ရောက်လာတာ လဲ။”
ရွှံ့ရေထဲမှာ လဲလျောင်းနေသည့် စစ်သည်တော်က ချက်ချင်း ထခုန်ပြီး ပတ်ပတ်လည်ကို သတိထား ပြီး ကြည့်သည်။ သို့သော် သူသည် မည်သည့် လွဲချော်မူကိုမှ မမြင်ခဲ့ပေ။ ကောင်းကင်မှာ တိမ်မည်းတွေ နှင့် ပြည့်နေခဲ့ပြီး၊ မိုးက မရပ်မနား ရွာသွန်းနေကာ ပတ်ပတ်လည် မြင်ကွင်းတွေကို လုံးဝ မှုန်ဝါးစေ ပါသည်။
ရထားများဘေးရှိ အခြားစစ်သည်များသည်လည်း ၎င်းတို့၏ ဓားများကို ဓားအိမ်မှ ဆွဲထုတ်ကြသည်။ သူတို့သည် လှည့်ပတ်ကြည့်ရူသော်လည်း မည်သည့်လွဲမှားမူကိုမှ မတွေ့ရပေ။
အချိန်က မွန်းတည့်ချိန် ဖြစ်သော်လည်း မိုးသည်းထန်စွာ ရွာသွန်းနေပြီး၊ တိမ်စိုင် တိမ်မည်းများက ကောင်းကင်ယံကို ညနေမိုးချုပ်ချိန်ကဲ့သို့ အုံ့မှိုင်းစေခဲ့သည်။ ထိုစစ်သည်တော်တို့၏ အမြင်အာရုံက အဝေးအထိ မမြင်နိုင်ကြပေ။
"အရူးတွေ။" နွေးထွေးသော စမ်းရေကဲ့သို့ နွေးထွေးပြီး နူးညံ့သိမ်မွေ့သော အသံက ရထားတွဲတစ်ခုမှ ထွက်ပေါ်လာသည်။ ထို့နောက် ထိုရထား၏ ကန့်လန့်ကာသည် လှုပ်ရှားသွားပြီး၊ မြေပြင်ပေါ်၌ အမျိုးသမီးတစ်ဦး ပေါ်လာသည်။
ထိုအမျိုးသမီးသည် လှပသော မျက်ခုံးမွှေးများကို ပိုင်ဆိုင်ထားကာ၊ ငွေရောင်အစက်အပြောက်များ နှင့်အတူ နောက်ကျောမှာ ခေါင်းစွပ်ပါသည့် အပြာနုရောင် စစ်သည်တော် ၀တ်စုံကို ဝတ်ထားပြီး၊ ကျောက်မျက်အချို့ဖြင့် တန်ဆာဆင်ထားသည့် ဆတ်သားရေဖိနပ်တစ်ရံကို စီးထားကာ၊ ၎င်းတို့က သူမ၏ ရုပ်ရည်အသွင်ပြင်ကို လှပပြီး ရဲရင့်သည့်ပုံစံ ပေါ်လွင်စေသည်။ သူမသည် ရဲရင့်ပြီး၊ သူရဲကောင်းဆန်သော အငွေ့အသက်ကို ထုတ်ဖော်ပြသနေသည်။
သူမသည် ရေမျက်နှာပြင်ကို ထိတွေ့ကာ ပျံတက်သွားသော ပုစဉ်းတစ်ကောင်ကဲ့သို့ တိတ်တဆိတ် ဆင်းသက်လာခဲ့သည်။
ရွှံ့ဗွက်လမ်းသည် ရွှံ့ညွှန်များဖြင့် ပြည့်နေသည်။ သူမ မြေပင်ပေါ် ချနင်းလိုက်စဉ်မှာ ရွှံ့နွံများက ဘေးနှစ်ဖက်သို့ လွင့်စင်သွားပြီး၊ သူမ၏ဖိနပ်များက ကြာပန်းရွက်များအလား ထင်မှတ်ရပါသည်။ ဖိနပ်ပေါ်တွင် ရေတစ်စက် သို့မဟုတ် ရွှံ့ညွှန်တစ်စက်မှ မစင်ခဲ့ပေ။ ၎င်းတို့သည် အသစ်အတိုင်း သန့်ရှင်းနေသေးသည်။
သူမ မြေပြင်ပေါ် တက်လှမ်းခဲ့သည့်ပုံစံက အံ့ဩစရာပင်။
"သခင်မဝမ်။"
သူတို့ကို ဆူပူကြိမ်းမောင်းခဲ့သော အမျိုးသမီး ရထားပေါ်မှ ဆင်းလာသည်ကို မြင်သောအခါ စစ်သည်များသည် ချက်ချင်း ခေါင်းငုံ့ကာ၊ ကျယ်လောင်စွာ အသက်မရှုဝံ့ကြတော့ပေ။
“ဟုတ်ပါပြီ…၊ ဟုတ်ပါပြီ….၊ ကောင်းကင်ကြီးက မှောင်မဲနေပြီး၊ မိုးတွေက အသည်းအသန် ရွာသွန်းနေတယ်။ သူတို့ရဲ့ နိမ့်ကျတဲ့ ကိုယ်ခံပညာတွေနဲ့ဆို ဒီသတ်ဖြတ်ချင်စိတ်ကို ဘယ်လိုလုပ် ခံစားနိုင်မှာလဲ။ ဒါပေမယ့် ငါတို့ကို ကြားဖြတ်တိုက်ခိုက်ဖို့ ကြိုးစားနေတဲ့ ဒီလူတွေက ဘယ်သူတွေ လဲဆိုတာ ငါ ကြည့်ချင်ပါသေးတယ်။ သူတို့က သာမန်ဓားပြတွေလား ဒါမှမဟုတ် ဒီလူနှစ်ယောက်ကို ကယ်တင်ဖို့ ရောက်လာတာလား…။”
သက်ကြီးရွယ်အိုတစ်ဦး၏ အသံက ထွက်ပေါ်လာသည်။ အခြားရထားတစ်စင်း၏ ကန့်လန့်ကာသည် ရွေ့လျားသွားပြီးနောက် အဘိုးအိုတစ်ဦးသည် မြေပြင်ပေါ်တွင် ပေါ်လာသည်။ ထိုအဘိုးအိုသည် အရပ်က ကိုးပေရှိပြီး၊ သူ့ကျောကုန်းက တောင်ကုန်းနှင့် တူသည်။
ဤအဘိုးအိုသည် ကုလားအုတ်ရောင် ကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး၊ အဖြူရောင် ကျောက်စိမ်း များ စီချယ်ထားသည့် သံပရာခွံဦးထုပ်ကို ဆင်မြန်းထားပါသည်။ သူ မြေပြင်ပေါ်သို့ ဆင်းသက်လာ သည်နှင့် တပြိုင်နက် ပြင်းထန်သော ဖိနှိပ်မှု အရိပ်အယောင်ကို ခံစားရနိုင်ပါသည်။
"မင်းသားစံအိမ်က သခင်လေးယောက်ဖြစ်တဲ့ ကျိုး, ဖန်း, ဝမ်နဲ့ ရှန်တို့အကြောင်းကို ကျွန်မ ကြားဖူးနေတာ ကြာပြီ။ ကိုယ်တိုင်မြင်လိုက်ရတော့ ရှင်တို့ရဲ့ ကိုယ်ခံပညာစွမ်းရည်တွေက တကယ် ကို နားမလည်နိုင်အောင်ပါပဲ..." သခင်ဖန်း, သခင်မဝမ်နှင့် အကြီးအကဲရှန်တို့ ရထားပေါ်မှ ဆင်းလာ စဉ် နောက်ဆုံး မြင်းလှည်းပေါ်မှ ညင်သာစွာ သက်ပြင်းချသံကို ကြားလိုက်ရပါသည်။
"အဲဒီလောက်လည်း မဟုတ်ပါဘူး၊ သခင်မလေးယွဲ့ရူနဲ့ ယှဉ်လိုက်ရင် ငါတို့က ပိုးစုန်းကြူးလေးတွေ ပါ" သခင်ဖန်းက အနည်းငယ် ဦးပြန်ညွှတ်သည်။ "ဒီတစ်ခါတော့ မင်းသားက သခင်မလေးယွဲ့ရူနဲ့ သခင်မလေးယွဲ့ရှင်းတို့ကို အရေးကြီးတဲ့ ကိစ္စတစ်ခုအတွက် အတူလက်တွဲ လုပ်ဆောင်နိုင်ဖို့ ကျောက်စိမ်းမြို့တော်မှာ ဆုံစည်းဖို့ အထူးဖိတ်ကြားထားပါတယ်။ ငါ သိချင်တာက သခင်မလေး ယွဲ့ရှင်းအနေနဲ့..."
“ယွဲ့ရှင်းက ကောင်းကင်လကျမ်းကို နဝမအဆင့်ကို ဖြတ်ကျော်ပြီး၊ တစ္ဆေအင်မော်တယ် ဖြစ်လာဖို့ အတွက် သီးသန့် တံခါးပိတ် ကျင့်ကြံနေတယ်။ ငါတို့ ကျောက်စိမ်းမြို့တော်သို့ ရောက်တဲ့အခါ၊ ကျွန်မက မင်းသားကို အကြောင်းကြားပေးပါ့မယ်။ ယွဲ့ရှင်းက တစ္ဆေအင်မော်တယ်လမ်းကြောင်းကို အောင်မြင်စွာ ကျင့်ကြံပြီးတာနဲ့ သူမက သဘာဝအတိုင်း ကျောက်စိမ်းမြို့တော်သို့ သွားပါလိမ့်မယ်။" သခင်မလေး ယွဲ့ရူက ပြောသည်။ ထို့နောက် သူမ သက်ပြင်း တိုးတိုးလေး ချလိုက်ပါသည်။ မြင်းကောင်းတွေပဲ။ ကျေးဇူးပြုပြီး နောက်ပိုင်းကျ မြင်းတွေကို မထိခိုက်ပါစေနဲ့။”
ဟိုးအဝေးက လမ်းမကြီးမှာ မည်သူမှ မရှိပါဘူး။ လေနှင့်မိုးကလွဲ၍ တခြား ဘာသံမှ မကြားရပါဘူး။
သို့သော်၊ လျှို့ဝှက်ဆန်းကြယ်သော သခင်မလေးယွဲ့ရူ စကားပြီးဆုံးပြီး၊ အသက်သုံးရှိုက်ကြာပြီး နောက်တွင် မြေပြင်ပေါ်မှ ရွှံ့နွံများက ရုတ်တရက် တုန်ခါသွားသည်။ ရွှံ့နွံထဲမှ ကျောက်စရစ်ခဲတွေ တောင် လှုပ်ခတ်သွားခဲ့သည်။ အဝေးမှ မိုးခြိမ်းသံတွေက တစထက်တစတစ နီးကပ်လာခဲ့ပြီး၊ မျက်စိ တစ်မှိတ်အတွင်းမှာပင် နားမထောင်နိုင်လောက်အောင် ဆူညံလာပါသည်။ မိုးရေထဲမှာ ထောင်နှင့်ချီ သည့် စစ်သားတွေ, မြင်းတွေ သူတို့ဆီ တဟုန်ထိုး ပြေးဝင်လာသလို ခံစားလာရပါသည်။
ဤအရှိန်အဟုန်ကြောင့် မြင်းရထားတွေကို စောင့်ကြပ်နေကြသော စစ်သည်များကို တုန်လှုပ်သွား စေခဲ့ပါသည်။ သူတို့သည် တံတွေး မျိုချလိုက်ပြီး၊ ဓားရှည်များကို ကိုင်ဆောင်ထားသော သူတို့လက် တွေက မရပ်မနား တုန်ယင်သွားကြသည်။
တခဏချင်းမှာပင် လူသုံးယောက်နှင့် မြင်းသုံးကောင်သည် နတ်ဆိုးနတ်ဘုရားများကဲ့သို့ အဝေးက မိုးရေထဲမှာ ပေါ်လာပြီး အရှိန်ဟုန်ပြင်းပြင်းနှင့် သူတို့ဆီ ချဉ်းကပ်လာနေပါသည်။
လူသုံးယောက်နှင့် မြင်းသုံးကောင် ရှေ့သို့ တိုးလာစဉ်, ပြင်းထန်စွာ ရွာသွန်းသော မိုးရေထဲမှာ ရှည်လျားသော လမ်းတစ်ခုကို ဖန်တီးသွားခဲ့ကြသည်။ လူသုံးယောက်နှင့် မြင်းသုံးကောင်သည် မိုးရေစက်ကန့်လန့်ကာကို တိုက်ရိုက် စုတ်ပြဲသွားသလိုပင်။
ထီးများကိုယ်စီ ကိုင်ဆောင်ထားကြသော သခင်ဖန်း၊ သခင်မဝမ်နှင့် အကြီးအကဲရှန်တို့သည် ရထားများရှေ့တွင် ရပ်နေကြပြီး၊ လှုပ်ရှားခြင်း မရှိကြပေ။ သူတို့သည် လူသုံးယောက်နှင့် မြင်းသုံးကောင်ကို လုံးလုံးလျားလျား လျစ်လျူရှုထားသည့်အတိုင်းပင်။
ချွင်…။
လူသုံးယောက်နှင့် မြင်းသုံးကောင်တို့က ပို၍ နီးကပ်လာခဲ့လေပြီ။ ရုတ်တရက် သခင်ဖန်း၏ လက်ထဲ မှ ထီးသည် လှည့်ပတ်ကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့သည်။ သူ့လက်ထဲတွင် လေးတစ်စင်း နှင့် မြှားသုံးစင်းက မှော်ဆန်ဆန် ပေါ်လာပါသည်။ သူ့လက်ထဲမှာ မည်သည့်ခွန်အားမှ စိုက်ထုတ်စရာ မလိုသည့်အလား လေးညှို့ကို အပြည့်အဝ ဆွဲတင်ထားသည်။
ဤသည်မှာ သံမဏိသစ်သားမဟူရာ အရိုးလေး ဖြစ်သည်။ သို့သော် ၎င်းသည် သာမန် အရွယ်အစား ထက် ပိုကြီးသည်။ ၎င်းလေးသည် ယွန်မင်အင်ပါယာမှ ဖန်တီးထားပြီး၊ ခြေလှမ်း လေးငါးရာ အကွာအဝေး အထိ မြှားတွေကို ပစ်ဖတ်နိုင်ပါသည်။
သို့သော် လူသုံးယောက်နှင့် မြင်းသုံးကောင်တို့ သူတို့နှင့် ခြေလှမ်းရှစ်ရာခန့်အကွာ ရောက်ရှိလာချိန် မှာ, မြှားကိုးစင်းက တွန့်လိမ်ကွေ့ကောက်နေသည့် လမ်းကြောင်းများဖြင့် မြွေများကဲ့သို့ မိုးရေထဲမှ ရုတ်တရက် ထွက်ပေါ်လာပါသည်။ မြှားကိုးစင်းက လေဟာနယ်ကို ဖြတ်ကျော်ပြီး၊ သူတို့ဆီ တိုက်ရိုက် ပျံသန်းလာခဲ့သည်။ မြှားကိုးစင်းသည် ထူးဆန်းသော ထောင့်မှတ်များဖြင့် ပစ်လွှတ်ခဲ့ခြင်း ဖြစ်ပုံရပြီး ပြင်းထန်လှသည်။ ၎င်းတို့သည် မိုးရေထဲမှာ အဖြူရောင်မျဉ်းကြောင်းများကို ဖန်တီးလိုက် ကြပါသည်။ အပြင်းအထန် ရွာသွန်းနေသည့် မိုးရေစက်တွေက မြှားတွေအပေါ် လုံးဝ သက်ရောက်မူ မရှိပါဘူး။
မြှားတွေကို ခြေလှမ်း ခုနစ်ရာနှင့် ရှစ်ရာအကွာအဝေးမှ ပစ်ခတ်ခြင်းဖြစ်ပြီး၊ သခင်ဖန်း၏ ကြီးမား သော သံမဏိသစ်သားမဟူရာအရိုးလေး၏ အကွာဝေးထက် ခြေလှမ်းသုံးရာကျော် ပိုလွန်နေပါ သည်။
"ကောင်းကင်မြွေမြှားကိုးစင်း…။ နတ်ဘုရားလေး….။”
မြှားကိုးစင်းသည် လေထဲသို့ ထိုးဖောက် ဝင်ရောက်သွားသည်။ မြှားတစ်စင်းစီသည် သုံးချောင်း တစ်အုပ်စုဖြစ် ဖွဲ့စည်းသွားခဲ့ပြီး၊ ရက်စက်သည့် မြွေဦးခေါင်းတစ်ခုကဲ့သို့ လူသုံးယောက်ကို ဦးတည် တိုက်ခိုက်လာခဲ့သည်။
မြှားကိုးစင်းနှင့် ရင်ဆိုင်ရသောအခါ, မင်းသား ဟီချင်၏စံအိမ်မှ သခင်မဝမ်, အကြီးအကဲရှန်နှင့် ကျွမ်းကျင်သူ သုံးဦးစလုံး ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ သူတို့လက်ထဲမှာ ထီးကို ယမ်းခါ ပြီး ရှေ့ကို လွှင့်ပစ်လိုက်သည်။ ချက်ချင်းဆိုသလို သူတို့လက်နက်များ၏ အလင်းတန်းတွေက တောက်ပလာပြီး သူတို့၏ ဓားနှင့်ဆေဘာအရိပ်တွေဟာ သူတို့ခန္ဓာကိုယ်တွေကို ဖုံးလွှမ်းသွားပါ သည်။
တစ်ချိန်တည်းမှာပင်၊ သခင်ဖန်းသည် သူ၏ သံမဏိသစ်သား မဟူရာအရိုးလေးကို လွှင့်ပစ်လိုက် သည်။ သူက သံမဏိခေါက်ယပ်တောင်ကို ဝှေ့ယမ်းပြီး သူ့တစ်ကိုယ်လုံးကို ယပ်တောင်အရိပ်များဖြင့် လွှမ်းခြုံထားသည်။ သူသည် မြွေဦးခေါင်းနှင့်တူသော မြှားသုံးချောင်းကို အပြင်းအထန် ပိတ်ဆို့လိုက် သည်။
ဖန်း…၊ ဖန်း…၊ ဖန်း….။
ကိုးချ့်ဆက်တိုက် ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။ မြှားကိုးစင်းကို ကျွမ်းကျင် ပညာရှင်သုံးဦး၏ လက်နက်များက အမှန်ပင် ပိတ်ဆို့ထားနိုင်ခဲ့သည်။
သခင်ဖန်း၏လက်နက်မှာ သံမဏိယပ်တောင်ကြီး ဖြစ်သည်။ သခင်မဝမ်၏ လက်နက်မှာ အနက်ရောင် ကြာပွတ် ဖြစ်သည်။ အကြီးအကဲရှန်၏ လက်နက်ကတော့ အစွန်းနှစ်ဖက်စလုံးတွင် ပါးလွှာပြီး အလယ်တွင် ငွေကြိုးနှစ်ချောင်းပါသော ပျော့ပျောင်းသောလှံတံတစ်ချောင်း ဖြစ်သည်။
သို့သော် မြှားများကို ပိတ်ဆို့လိုက်စဉ်မှာ နောက်ထပ် လေးညှို့သံများ ဆက်တိုက် ထွက်ပေါ်လာ သည်။ အလားတူ နောက်ထပ် မြှားကိုးစင်းသည် လျှပ်စီးများကဲ့သို့ ထွက်ပေါ်လာပြန်သည်။ ယခုတစ်ကြိမ်မှာ မြှားတွေ၏ ထိုးဖောက်နိုင်စွမ်းက နှစ်ဆ ပိုမြန်သည်။ အခြားအကြောင်းပြချက် မရှိပေ။ ပထမအကြိမ် မြှားကို ခြေလှမ်းခုနစ်ရာမှ ရှစ်ရာအကွာအဝေးအတွင်း ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး၊ ယခုတစ်ကြိမ်မှာတော့ ခြေလှမ်း လေးငါးရာအကွာဝေးအတွင်းမှ ပစ်ခတ်ခဲ့သောကြောင့် ဖြစ်ပါသည်။
ဟုန်ယွိ ချီဇီယန်နှင့် လီလဲ့တို့သည် အသက်ရူချိန် အနည်းငယ်အတွင်းမှာ ၎င်းတို့၏မြင်းတွေကို အရှိန်ဟုန် မြှင့်ပြီး၊ ခြေလှမ်းသုံးလေးရာ အကွာအဝေးအထိ လျော့ချနိုင်ခဲ့သည်။
ကောင်းကင်မှာ မိုးခြိမ်းသံကြောင့် သူတို့၏ တာအိုနည်းစနစ်တွေကို အသုံးမချနိုင်ကြပေ။ ယင်းက သူတို့၏ အားသာချက်တွေကို ကြီးကြီးမားမား လျော့ပါးသွားပါသည်။ သို့သော် ဟုန်ယွိ, ချီဇီယန်နှင့် လီလဲ့တို့သည် ရှေ့သို့ တဟုန်ထိုး ပြေးတက်လာခဲ့ပြီး မြင်းရထားတန်းကို တုန်လှုပ်စေခဲ့ပါသည်။ သူတို့သည် သက်တန့်ထိုးဖောက်လေး၏ ပတ်ခတ်နိုင်သော အလွန်ဝေးကွာသော အကွာအဝေးနှင့် အလွန်စူးရှသော ထိုးဖောက်နိုင်စွမ်းကို အားကိုးခဲ့ကြသည်။
သူတို့သည် တာအိုပညာရပ်တွေကို အသုံးမပြုနိုင်ကြပါဘူး။ မည်သည့် သိုင်းပညာရပ်ဖြစ်စေ, မည်သည့် လျှို့ဝှက်လက်နက်များ သို့မဟုတ် လှံပစ်ခတ်ခြင်း ပညာရပ်ဖြစ်နေပါစေ, သိုင်းသူတော်စင် နှင့် လူသားအင်မော်တယ်တို့၏ အစွမ်းမျိုး မရှိပါက ခြေလှမ်း ၈၀၀ အကွာအဝေးကို တခဏချင်း ပစ်ခတ်နိုင်မည် မဟုတ်ပေ။
သက်တန့်ထိုးဖောက်လေးနှင့် ကောင်းကင်မြွေမြှားကိုးစင်းတို့၏ အစွမ်းဖြင့် ၎င်းတို့သည် ရန်သူ၏ စည်းချက်ကို ခြေလှမ်း ၈၀၀ အကွာမှ နှောင့်ယှက်ပေးနိုင်ပါသည်။ ထို့နောက် မြင်းများကို ရှေ့သို့ တဟုန်ထိုး ချီတက်မောင်းနှင်နိုင်ပြီး၊ ချက်ချင်းဆိုသလို မြင်းရထားစောင့် ကျွမ်းကျင်သူတွေကို သတ်ဖြတ်ကာ မိန်းကလေးနှစ်ယောက်ဖြစ်သည့် ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့ကို ကယ်တင်နိုင်လိမ့် မည်။
ဤအစီအစဉ် အားလုံးသည် သက်တန့်ထိုးဖောက်လေး၏ ပတ်ခတ်နိုင်သော အကွာအဝေးကို အခြေခံထားပြီး၊ အခုတော့ အောင်မြင်မူ ရရှိလာခဲ့ပြီ။.
တာအိုနည်းစနစ်မရှိဘဲ, တဖက်ရန်သူမှာ အလွန်ဝေးကွာသည့် အကွာဝေးအထိ ပစ်ခတ်နိုင်သော နတ်ဘုရားလေးမရှိပါက, သိုင်းသူတော်စင်နှင့် လူသားအင်မော်တယ်တို့၏ စွမ်းအားဖြင့်သာ လျှို့ဝှက် လက်နက်များနှင့် လှံများကို ခြေလှမ်း ၈၀၀ အကွာအဝေးအထိ ပစ်ချနိုင်ပါလိမ့်မည်။ ထိုသို့မဟုတ် လျှင်, တဖက်ရန်သူက ဟုန်ယွိ၏ နည်းဗျူဟာကို သိထားရင်တောင်, သူတို့အနေဖြင့် ဘာမှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဝေးမှ ဖိနှိပ်ခြင်း၏ စွမ်းအား ဖြစ်ပါသည်။ စစ်မြေပြင်မှာ ဖြစ်စေ, ကျွမ်းကျင်သူတွေကြား ပြိုင်ပွဲမှာဖြစ်စေ, ဤနည်းလမ်းကို တူညီစွာ အသုံးချနိုင်ပါသည်။
ဟုန်ယွိသည် ခြေလှမ်း ၄၀၀ အကွာသို့ ရောက်ရှိလာသောအခါ, သူနှင့် လီလဲ့တို့သည် သံမဏိ သစ်သားမဟူရာအရိုးလေးများကို တစ်ချိန်တည်းတွင် ဆုပ်ကိုင်ပြီး၊ မြှားတစ်စင်းစီ ပစ်လွှတ်လိုက် ကြသည်။ ထို့နောက် လေးများကို ဘေးသို့ ပစ်ချကာ၊ ဆေဘာများကို လက်ထဲတွင် ကိုယ်စီ ကိုင်လိုက်ကြသည်။
ဟုန်ယွိ၏လက်မှာ ဖြိုခွဲခြင်းဆေဘာရှိပြီး၊ လီလဲ့၏လက်ထဲမှာတော့ မြင်းတပ်သုံး ဆေဘာတစ်လက် ဖြစ်သည်။ ၎င်းကို ကျောက်တုံးဖြင့် ပြုလုပ်ထားပြီး ထူးထူးခြားခြား ထက်ရှသည်။ ၎င်းသည် တိုပြီး၊ အေးစိမ့်နေကာ၊ လူတစ်ယောက်၏ ကျောရိုးအောက်ပိုင်းကို အေးစိမ့်သွားစေနိုင်သည်။
"တဖက်ရန်သူထဲမှာ ကျွမ်းကျင်ပညာရှင်တွေ ရှိနေတယ်။ ကောင်းကင်မြွေမြှားကိုးစင်းက ယွန်မင် အင်ပါယာ ဆန်းကြယ်ကောင်ကင်ဘုံခန်းမရဲ့ အဆုံးစွန်သော မြားပစ်နည်းတစ်ခုပဲ။ ရှင်တန် သိုင်းသခင်နယ်ပယ် ကျွမ်းကျင်သူတွေတောင် တစ်ကြိမ်သုံးပြီးနောက် ကြွက်သားတွေ အားအင် ကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်သွားလိမ့်မယ်။ နှစ်ခါသုံးနိုင်ဖို့ ဘာအကြောင်းပြချက်မှ မရှိဘူး။ သူတို့ထဲ က တစ်ယောက်က ရှင်တန်သိုင်းသခင်နယ်ပယ်ကို ကျော်လွန်သွားတဲ့ မဟာဆရာသခင်တစ်ဦးများ ဖြစ်နေမလား။”
အသက်တစ်ရှိုက်အတွင်းမှာ, ကောင်းကင်မြွေကိုးစင်းဖြင့် နှစ်ကြိမ် တိုက်ခိုက်ခံရမူကြောင့် သခင်ဖန်း၊ သခင်မဝမ်နှင့် အကြီးအကဲရှန်တို့သည် အနည်းငယ် ဖရိုဖရဲ ဖြစ်သွားခဲ့ရသည်။ ထို့နောက် တွင်၊ ဟုန်ယွိနှင့် လီလဲ့တို့၏ မြှားမိုးများက ၎င်းတို့၏ဖွဲ့စည်းပုံကို ပိုမို ဖရိုဖရဲဖြစ်စေသည်။
တစ်ချိန်တည်းမှာပင် သူတို့သည် ပို၍ပင် တုန်လှုပ်သွားကြသည်။ အကြောင်းက ကောင်းကင်မြွေ မြှားကိုးစင်းကို နှစ်ကြိမ်ပစ်ခတ်ခဲ့သောကြောင့် ၎င်းတို့၏ ကြွက်သားများ၊ အရိုးများနှင့် အတွင်း အင်္ဂါများသည် မဟာဆရာသခင်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီဟု ဆိုလိုပါသည်။
သူတို့အားလုံးသည် ရှင်တန်သိုင်းသခင်နယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြပြီး၊ ၎င်းတို့အားလုံးသည် ရှင်တန်သိုင်းသခင်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်နေခဲ့ကြပြီ။ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ် ပေါင်းစပ်ထားမှု။ အစွမ်းထက် ကိုယ်ခံပညာ နည်းစနစ်များကို ပိုင်ဆိုင်ထားခြင်းကြောင့်သာ မဟုတ်ပါက, သူတို့အနေဖြင့် မင်းသားချင်ဟီ၏ နန်းတော်မှာ နေရာရှိမှာ မဟုတ်ပါဘူး။
သို့သော်, မဟာဆရာသခင်တစ်ပါးနှင့် တွေ့ဆုံရစဉ်မှာ, သူတို့သည် ထိတ်လန့်တုန်လှုပ်နေရဆဲပင်။ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို တသားတည်း ပေါင်းစပ်ခြင်းကို အောင်မြင်ခဲ့သော အထွက်အထိပ် ရှင်တန်သိုင်းသခင် ကျွမ်းကျင်သူတစ်ဦးသည် တစ်ဦးချင်း တိုက်ပွဲတွင် သာမန် မဟာဆရာသခင် တစ်ဦးကို သေချာပေါက် မရှုံးနိုင်သော်လည်း မဟာဆရာသခင်တစ်ဦးဆိုသည့် သက်ရောက်မူဖိအား က အံ့ဩစရာဖြစ်နေဆဲပင်။
မဟာဆရာသခင်တစ်ပါး ဖြစ်နေခြင်းက မည်သည့်အရာကို ဆိုလိုပါသနည်း။ ၎င်းတို့သည် ခြင်ဆီ သန့်စင်ခြင်း၏ လျှို့ဝှက်ပညာရပ်များကို ပိုင်ဆိုင်ထားသည်ဟု ဆိုလိုပါသည်။
ခြင်ဆီသန့်စင်ခြင်း လျှို့ဝှက်ပညာရပ်ကား အဘယ်နည်း။ ၎င်းသည် လူတစ်ယောက်အား ပြန်လည် မွေးဖွားနိုင်စေသည့် နတ်ဘုရားစွမ်းရည် လျှို့ဝှက်ပညာရပ်တစ်ခု ဖြစ်သည်။ ထိုနတ်ဘုရားစွမ်းရည် လျှို့ဝှက်ပညာရပ်ကို ပိုင်ဆိုင်ထားခြင်းဖြင့်၊ ရှေးခေတ်စစ်မြေပြင်များတွင် ဘုရင်တစ်ပါးအနေဖြင့် နယ်မြေများကိုပင် သိမ်းပိုက်တိုက်ခိုက်နိုင်သည်။ ခြင်ဆီသန့်စင်ခြင်း လျှို့ဝှက်ပညာရပ်များသည် သန့်စင်သော ကိုယ်ခံပညာနယ်မြေများတွင်သာ တွေ့ရှိနိုင်သည့် နတ်ဘုရားစွမ်းရည် လျှို့ဝှက် ပညာရပ်များ ဖြစ်ကြပါသည်။
ဤပညာရှင်သုံးဦးသည် အလွန်ထက်မြက်ပြီး လျင်မြန်စွာ တိုးတက်လာသော်လည်း၊ ၎င်းတို့တွင် ခြင်ဆီသန့်စင်ခြင်း လျှို့ဝှက်ပညာရပ်များ မရှိသောကြောင့် မဟာဆရာသခင်နယ်ပယ်သို့ မဝင်ရောက်နိုင်ခဲ့ကြပေ။ သူတို့သည် ရှင်တန်သိုင်းသခင်နယ်ပယ် အထွတ်အထိပ်တွင်သာ ပိတ်မိနေခဲ့ကြသည်။
ယခုအခိုက်တွင်၊ ချီဇီယန်သည် ကောင်းကင်မြွေ မြှားကိုးစင်းကို နှစ်ကြိမ်တိုင်တိုင် ပစ်ခတ်ခဲ့ပြီး၊ သူတို့အား မဟာဆရာသခင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးဟု မှားယွင်းစွာ ယုံကြည်သွားစေခဲ့ပါ သည်။ မဟာဆရာသခင် ကျွမ်းကျင်သူတစ်ဦး, ယင်းက ထိုပုဂ္ဂိုလ်သည် ပို၍ကြီးကျယ်ခမ်းနားသော ဂိုဏ်းတစ်ခု၏ ကျောထောက်နောက်ခံရှိသည်ဟု ဆိုလိုပါသည်။
အမှန်တော့ ချီဇီယန်သည် မဟာဆရာသခင်နယ်ပယ်သို့ မရောက်ခဲ့ပါဘူး။ သူသည် ယွမ်ယန် ကောင်းကင်ပုလဲ ဟင်းချိုကို စားသုံးခဲ့ခြင်းကြောင့်သာ သူ့ခန္ဓာကိုယ်က ပြန်လည်မွေးဖွားလာပြီး၊ သူ၏ ချီနှင့်သွေးများက တည်ငြိမ်သွားခဲ့သည်။ သူသည် ရှင်တန်သိုင်းသခင်နယ်ပယ်နှင့် မဟာဆရာ သခင်နယ်ပယ်အကြား ခြင်ဆီးသန့်စင်ရေး အတားအဆီးကို ဖြတ်ကျော်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။
သို့သော် ယခုအချိန်တွင် သခင်ဖန်း, သခင်မဝမ်နှင့် အကြီးအကဲရှန်တို့သည် စဉ်းစားရန် အချိန်မရှိ ပေ။ အကြောင်းမှာ ဟုန်ယွိ ချီဇီယန်နှင့် လီလဲ့တို့သည် သူတို့ရှေ့သို့ အရှိန်ဟုန်ဖြင့် ပြေးဝင်လာခဲ့ပြီး၊ အေးစက်သည့် သတ်ဖြတ်လိုစိတ်၊ မျက်စိကန်းလောက်သည့် ဆေဘာအလင်း, မတားဆီးနိုင်သည့် အရှိန်အဟုန်တို့ဖြင့် ရောက်ရှိလာသောကြောင့် ဖြစ်ပါသည်။ သူတို့အနေဖြင့် ပြန်တိုက်ခိုက်ဖို့ပင် မစဉ်းစားနိုင်လောက်အောင် စိတ်လှုပ်ရှားစရာကောင်းနေသည်။
ကျွမ်းကျင်ပညာရှင်များကြား တိုက်ခိုက်ကြသည့်အခါ, အရှိန်အဟုန်၊ ရဲရင့်မှုနှင့်အတူ တည်တည် ငြိမ်ငြိမ်ဖြင့် တိုက်ခိုက်တတ်ကြသည်။
မူလကအတိုင်း သခင်ဖန်း၊ သခင်မနှင့် အကြီးအကဲရှန်တို့သည့် ပူးပေါင်းထားပြီး၊ တာအို နည်းလမ်း များကို အသုံးမပြုနိုင်သော ဟုန်ယွိ ချီဇီယန်နှင့် လီလဲ့တို့နှင့် ယှဉ်ပြိုင်ပါက မည်သူအနိုင်ရမည်ကို ခန့်မှန်းရ ခက်ပါသည်။ ယခုမူ ကျွမ်းကျင်သူ သုံးဦးသည် ဖရိုဖရဲဖြစ်နေပြီး၊ ၎င်းတို့၏ အရှိန်အဟုန်က ဖိနှိပ်ခံလိုက်ရသည်။ သူတို့သည် မည်သည့်သတ္တိ ခွန်အားကိုမျှ မစုစည်းနိုင်တော့ပေ။ ယင်းက မည်သူက ပိုသန်မာလဲဆိုတာ သိသာနေပါသည်။
ဟုန်ယွိသည် ပထမဆုံး ရောက်ရှိလာသည်။ သူသည် မြင်းစီးပြီး အရှိန်ဟုန်ဖြင့် တိုးဝင်လာခဲ့သည်။ ခြေဆယ်လှမ်း အကွာတွင် သူသည် ရှေ့သို့ ခုန်တကလိုက်ပြီး စူးရှသော ဟစ်ကြွေးသံကို ထုတ်ဖော်လိုက်သည်။ "ကျားဆိုးတောင်ပေါ်ကဆင်း" သိုင်းကွက်ကို အသုံးပြုပြီး၊ သူ့ဆေဘာ အလင်းက အောက်ဘက်သို့ ဖြတ်သန်းသွားကာ၊ သခင်ဖန်းဆီသို့ တည့်တည့် ဦးတည်သွားလေသည်။
"လှိမ့်နေတဲ့ကျောက်တုံး”သိုင်း…၊ သခင်ဖန်းက ရုတ်တရက် ဟစ်အော်လိုက်ပါသည်။ သူ့အသံ ကြောင့် ပတ်ဝန်းကျင်လေထုပင် တုန်ခါသွားကာ မိုးရေစက်များတောင် ဦးတည်ရာအရပ် ပြောင်းလဲ သွားခဲ့သည်။ သူသည် နောက်ဆုတ်မည့်အစား ရှေ့သို့ ခြေတစ် လှမ်းတိုးလိုက်သည်။ ဟုန်ယွိ၏ ဆေဘာ အလင်းတန်းကို ထိပ်တိုက် ရင်ဆိုင်ရင်း လက်ထဲတွင်ရှိသော သံမဏိယပ်တောင်ကြီးကို ဝှေ့ယမ်းကာ ဟုန်ယွိ၏ ရင်ဘတ်ကို ထိုးလိုက်သည်။
သူသည် ရှင်တန်သိုင်းသခင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပြီး စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို တစ်သားတည်း ပေါင်းစည်းထားသူ ဖြစ်သည်။ သူ၏ ကိုယ်ခံပညာ အတွေ့အကြုံသည် ဟုန်ယွိထက် များစွာ သာလွန်သည်။ သူ့အရှိန်ဟုန်ကို ဖိနှိပ်ခံလိုက်ရပြီး၊ ဖရိုဖရဲ အခြေအနေအတွင်းမှာ ခြေတစ်လှမ်း နောက်ကျသွားသော်လည်း ဟုန်ယွိ၏ အားနည်းချက်တွေ ချက်ချင်း မြင်နိုင်ခဲ့သည်။ သူသည် နှစ်ယောက်စလုံး ဒဏ်ရာရမည့် နည်းလမ်းကို အသုံးပြုပြီး၊ ဟုန်ယွိ၏ တိုက်ခိုက်မှုကို ရပ်တန့်ရန် တွန်းအားပေးခဲ့သည်။
ဒီအဆင့်မှာ သူ အသာစီးရသည်နှင့် အရာအားလုံး ပြိုကွဲသွားလိမ့်မည်။
သို့သော် ဟုန်ယွိက သူ့ဆေဘာကို မြှောက်လိုက်သည်နှင့် ထူထဲသည့် လျှပ်စီးစပါးအုံး မြွေကြီး တစ်ကောင်သည် သူ့ခြေဖဝါးအောက်မှ မြင့်တက်လာပြီး သူ့ခန္ဓာကိုယ်အနှံ့ ရစ်ပတ်နေပုံရသည်။
"လျှပ်တပြက် မိုးကြိုးစက်ဝိုင်း"
ဝှီး…၊ ဆေဘာကို ခုတ်ပိုင်းလိုက်သည်နှင့် ဆေဘာနှင့် ယပ်တောင်တို့ အပြင်းအထန် တိုက်မိသွား သည်။ ယပ်တောင်ကိုင်ထားသော လက်မောင်းတစ်ဖက်က လေထဲသို့ လွင့်ပျံသွားခဲ့ပြီး၊ သွေးမိုးများ ရွာသွန်းလာသည်။ သခင်ဖန်း၏ ယပ်တောင်ကိုင်ထားသော လက်မောင်းသည် တို့ဟူးတုံးကဲ့သို့ ဆေဘာဖြင့် ဖြတ်တောက်ခံလိုက်ရပါပြီ။ ၎င်းတို့သည် မိုးရေထဲသို့ လွင့်ပျံသွားပြီး သွေးအနံ့က လူတိုင်း၏နှာခေါင်းထဲသို့ ဝင်ရောက်လာပါသည်။
ကံကောင်းထောက်မစွာ၊ ဤအရေးကြီးသော အခိုက်အတန့်တွင် သခင်ဖန်းသည် သူ၏ပုံရိပ်ကို ဂရုမစိုက်ခဲ့ပေ။ သူသည် မြေပြင်ပေါ်တွင် ပြင်းထန်စွာ လှိမ့်ချလိုက်ပြီး၊ ရွှံ့အထူအပါးများ ကပ်ပါလာ ရင်း မြင်းရထားဘီးအောက်သို့ လှိမ့်ဝင်သွားခဲ့သည်။ ထို့နောက် ခုန်ပျံပြီး လမ်းဘေးက လယ်ကွင်း တစ်ခုပေါ် ဆင်းသက်ရင်း အသက်ဘေးမှ လွတ်မြောက်ခဲ့ပါသည်။
ဒိုင်း၊
သို့သော် သူသည် သူ့အသက်ဘေးမှ လွတ်မြောက်နိုင်ခဲ့သော်လည်း သူ့နောက်မှ ရထားတွဲကို ဆွဲယူလာသော မြင်းနှစ်ကောင်သည် ဟုန်ယွိ၏ဆေဘာကြောင့် ဖျက်ဆီးခံခဲ့ရသည်။ မြင်းနှစ်ကောင် က ထစ်ခြမ်းကိုယ်စီကွဲကာ လေးကောင်ဖြစ်သွားပြီး၊ ရထားကလည်း ထက်ခြမ်းကွဲကာ နှစ်စင်း ဖြစ်သွားခဲ့သည်။
ရထားဘီးများနှင့် မြင်းအလောင်းတွေက မြေပြင်ပေါ်တွင် ပြန့်ကျဲနေပြီး သွေးရနံ့များက ထူထပ်လာ ထွက်ပေါ်လာသည်။ ဟုန်ယွိသည် တဟုန်ထိုး ပြေးသွားပြီး လျှပ်စီးဖမ်းမြင်းကို တက်စီးသည်။ သူ့နောက်ကျောက ဖြောင့်တန်းနေပြီး သူ့ဆေဘာကို အနည်းငယ် ဝှက်ထားသည်။ သူသည် သွေးမိုးရေထဲတွင် တဟုန်ထိုး ပြေးဝင်နေသော ရှေးခေတ်သေမင်းနတ်ဘုရားတစ်ပါးအလားပင်။
သခင်ဖန်း၏လက်ကို ဖြတ်တောက်ပြီး၊ ရထားနှင့်မြင်းများ အပိုင်းပိုင်း ခုတ်ဖြတ်သွားသည်ကို မြင်လျှင်, အနီးနားရှိစစ်သည်များသည် ဟုန်ယွိကို မတားဝံ့ကြပေ။ သူတို့သည် သူတို့ခြေနှစ်ချောင်း ဆုံးရှုံးမှ နောင်တရမည်ကို ကြောက်ရွှံ့ကြပြီး၊ ထွက်ပြေးဖို့ အသည်းအသန် ကြိုးစားကြလေသည်။
"ဒီဆေဘာကနေ လွတ်မြောက်နိုင်ခဲ့တာ ခင်ဗျား ကံကောင်းတယ်မှ။ မှတ်ထား! နောင်အနာဂတ်မှာ ခင်ဗျားရဲ့ယပ်တောင်ကို ကျုပ်ရှေ့မှာ မဝှေ့ယမ်းမိစေနဲ့။”
ဟုန်ယွိသည် ပထမဆုံးအကြိမ် သိုင်းပညာကို အသုံးပြုခဲ့ပြီး၊ သူသည် ထိုကဲ့သို့ ပြင်းထန်သော အငွေ့အသက်ကို ထုတ်လွှတ်နိုင်ခဲ့သည်။ သူ့စိတ်ထဲတွင် ကျေနပ်အားရမှု ခံစားချက်ကို ခံစားရပြီး သူ၏ အပြောအဆိုမှာလည်း စစ်တပ်အတွင်းမှ စစ်သည်များကဲ့သို့ ကြမ်းတမ်းလာသည်။
ဟုန်ယွိသည် မြင်းစီးပြီးနောက် နောက်ဆုံးမှ ဒုတိယမြောက် ရထားရှေ့သို့ တိကျစွာ ရောက်လာခဲ့ပြီး၊ သူ့ဆေဘာကို ဝှေ့ယမ်းလိုက်သည်။ ရထားက အပိုင်းပိုင်း ကွဲသွားသည်။ ရထားပေါ်ရှိ ဟွာနွန်ယင်နှင့် ဟွာနွန်းယွီ၏ မလှုပ်မယှက် ခန္ဓာကိုယ်များ ထွက်ပေါ်လာသည်။
မနက်ခင်းကတည်းက ဟုန်ယွိသည် ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့ကို စိတ်ချင်း ဆက်သွယ် ပြောဆိုခဲ့ ပြီး၊ သူမတို့သည် နောက်ဆုံးမှရေတွက်လျှင် ဒုတိယမြောက် ရထားတွင် ပိတ်မိနေကြောင်း သူ သိခဲ့ သည်။
သူမတို့၏ လက်ရှိအခြေအနေကို ကြည့်လိုက်တော့ ဟုန်ယွိသည် သူမတို့၏ စိတ်ဝိညာဉ်များ ဖိနှိပ်ခံထားရကြောင်း သိလိုက်ပြီး၊ သူမတို့သည် မူးလဲနေပုံရသည်။
"မြင်းပေါ်တက်…..၊ သွားကြရအောင်!” ဟုန်ယွိ၏ မျက်လုံးများက အလင်းရောင်တစ်ခု လင်းလက် လာပြီး၊ သူ့လက်ကို ဆန့်ထုတ်ကာ မိန်းကလေးနှစ်ယောက်ကို ဖမ်းဆွဲပြီး မြင်းပေါ်တင်မည့် အမူအရာ ပြုလိုက်သည်။
ဤအခိုက်အတန့်တွင် သက်ပြင်းချနှင့်အတူ တိုးညှင်းသောအသံက ထွက်ပေါ်လာသည် "မင်း တကယ်ပဲ သူတို့ကို ခေါ်ဆောင်သွားမှာလား"
ထိုအသံ သက်ပြင်းချစဉ်မှာ, ဖြူစင်သည့် ကျောက်စိမ်းသဖွယ် လက်က အသံထက်ပင် ပိုမြန်ပုံရပါ သည်။ လက်က ဟုန်ယွိ၏ နံရိုးအောက်က ထွက်ပေါ်လာခဲ့ပြီ။ နောက်ဆုံးရထား၏ ကန့်လန့်ကာ သည် လှုပ်ခတ်သွားခြင်း မရှိသော်လည်း အမျိုးသမီးတစ်ဦး ထွက်လာနေပြီ ဖြစ်သည်။ ဤလှုပ်ရှားမှု နည်းစနစ်မျိုးသည် ရုပ်ခန္ဓာကိုယ်မရှိသည့် ယင်စိတ်ဝိညာဉ်ပင် ဖြစ်နိုင်ကြောင်း လူအများကို သံသယ ဝင်စေနိုင်သည်။
ရုပ်ခန္ဓာကိုယ်၏ လျင်မြန်သွက်လက်မူသည် ယင်စိတ်ဝိညာဉ်ကဲ့သို့ ပုံသဏ္ဍာန် ကင်းမဲ့သည့် အနေထားထိ လေ့ကျင့်ထားသည်။ ၎င်းသည် မည်သည့်သိုင်းပညာမျိုး ဖြစ်သနည်း။
ရုတ်တရက် ဟုန်ယွိက သူ့လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး သူ့လက်ထဲက ဆေဘာကို လှည့်ကြည့် လိုက်သည်။ လျှပ်စီးစပါးအုံးမြွေကဲ့သို့ နောက်ထပ် ဆေဘာအလင်းတန်းက လင်းလက်သွားခဲ့သည်။
"ယောင်ချီဂိုဏ်းက ယောင်ယွဲ့ရူ၊ ငါ သူမကို ဘယ်လိုလုပ် လျစ်လျူရှုထားနိုင်မှာလဲ" ဟုန်ယွိသည် သူ၏လှုပ်ရှားမှုကို ချက်ခြင်း ပြောင်းလဲလိုက်ပြီး၊ သူ့ဆေဘာပညာရပ်ကို အကြိမ် ထောင်ပေါင်းများ စွာ တွက်ဆထားသည့်အလား လှုပ်ရှားလိုက်ရင်း, စွမ်းအင်ကို အမြင့်ဆုံးအထိ စုဆောင်းထားကာ ရုတ်တရက် ထုတ်လွှတ်လိုက်ပါသည်။ ထိုခုတ်ပိုင်းချက်သည် သခင်ဖန်း၏လက်ကို ခုတ်ပိုင်းခဲ့သော ခုတ်ပိုင်းချက်ထက်ပင် ပိုရက်စက်ပါသည်။
တစ်ချိန်တည်းမှာပင် သူသည် ဆေဘာကို ထုတ်ဖော်လိုက်ချိန်မှာ သူ့အောက်မှာ ပြေးနေသော လျှပ်စီးဖမ်းမြင်းသည် သူ့အရှိန်ဟုန်နှင့် လိုက်လျောညီထွေဖြစ်အောင် တွန်းတင်လိုက်, ဝပ်ဆင်း လိုက်ဖြင့် လိုက်လျောညီထွေ လှုပ်ရှားနေသည်။ ၎င်းသည် လျှပ်တပြက် မိုးကြိုးစက်ဝိုင်း၏ အစပြုမှု ဖြစ်ပါသည်။
လူနှင့်မြင်းတို့၏ ခွန်အားကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ခြင်း…..။
ဘန်း….။ ကောင်းကင်မှာ လျှပ်တစ်ပြက် လျှပ်စီးတချက် လင်းလက်သွားပြီး၊ မိုးခြိမ်းသံက မြည်ဟီး သွားခဲ့သည်။ ၎င်းသည် ဟုန်ယွိ၏ဆေဘာစွမ်းအားနှင့် လုံးလုံးလျားလျား ချိတ်ဆက်နေပုံရသည်။
ဒီဆေဘာ၊ လူ၊ မြင်း၊ မိုးကောင်းကင်၊ မိုးကြိုး၊ လျှပ်စစ်။ ပြီးပြည့်စုံသော ပေါင်းစပ်မှု။
အခန်း (၁၄၅)။
ဟုန်ယွိ၏ အတွေးများသည် စေ့စပ်သည်။ သူသည် ခွဲခြမ်းစိတ်ဖြာခြင်း၊ စီစဉ်ခြင်းနှင့် စီမံခြင်းတို့ကို ကောင်းစွာ လုပ်ဆောင်နိုင်ခဲ့သည်။ ယောင်ချီဂိုဏ်း၏ လျှို့ဝှက်ချက်များစွာကို သိပြီးနောက်၊ ယောင်ချီဂိုဏ်းတွင် ငယ်ရွယ်ပြီး ထူးချွန်သော ယောင်ယွဲ့ရှင်းအပြင်, လျှို့ဝှက်ဆန်းကြယ်ပြီး၊ တည်တည်ငြိမ်ငြိမ်နှင့် စိတ်ရှည်သည်းခံတတ်သော ယောင်ယွဲ့ရူဆိုသူလည်း ရှိနေသေးသည်ကို သူ မည်သို့ မသိဘဲနေမည်နည်း။
ယောင်ယွဲ့ရူ၏ ဂုဏ်သတင်းသည် အထွဋ်ထိပ်ကောင်းကင်နယ်မြေ၏ ကျောက်ဖေးရုန်လောက် မထင်ရှားသော်လည်း သူမ၏ကျင့်ကြံမှုသည် ကျောက်ဖေးရုန်အောက် နိမ့်ကျခြင်း မရှိပေ။ သူမ ကျောက်ဖေးရုန်လောက် မကျော်ကြားရသည့် အကြောင်းရင်းက ယင်ယန်မက်မွန်နတ်ဘုရားဓား ကြောင့် ဖြစ်ပါသည်။
သို့သော် ယောင်ယွဲ့ရူက လူအသိမချင်ပေ။ အကယ်၍, ယောင်ယွဲ့ရူသာ ဆန္ဒရှိပါက, သူမသည် ယောင်ယွဲ့ရှင်းထက် နိမ့်ကျမည်မဟုတ်ကြောင်းကို ယောင်ချီဂိုဏ်းမှ လူအနည်းငယ်ကသာ သိထား ကြပါသည်။
ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့သည် ယောင်ချီဂိုဏ်း၏ လပန်းခန်းမ၏ ခန်းမသခင်မများ ဖြစ်ကြသည်။ သေချာသည်မှာ, သူမတို့သည် အရာအားလုံးကို သိရှိကြသည်။ ယောင်ယွဲ့ရူ၏ ကျင့်ကြံမှု မည်မျှ အားကောင်းသည်ကို သူမတို့ မသိကြသော်လည်း၊ သူမတို့၏ ပြောပြထားမူကြောင့် ဟုန်ယွိသည် နိုးကြားသတိထားလာခဲ့သည်။
တိုက်ခိုက်ရာမှာ ကျွမ်းကျင်သူများသည် ထင်ရှားသော အောင်မြင်မှုများကို မမက်မောတတ်ကြပေ။ ဟုန်ယွိသည် သမိုင်းကြောင်းကို ရင်းနှီးခဲ့ပြီး၊ ဤသဘောတရားကို သဘာဝကျကျ သိထားပါသည်။ ယောင်ယွဲ့ရူသည် နောက်ဆုံးရထားတွင် ပုန်းအောင်းနေပြီး၊ ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့ကို ကျောက်စိမ်းမြို့တော်သို့ ပို့ဆောင်ရန် လိုက်ပါလာခဲ့သည်ကို ဟုန်ယွိသည် ကြိုတင်သိရှိထားသည်။
အခုလေးတင်၊ သူသည် အရှိန်ဟန်ဖြင့် ပြေးဝင်လာပြီး၊ ဆေဘာကို ဝှေ့ယမ်းကာ ရထားကို ဖျက်ဆီး လိုက်ပြီး၊ ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့ကို ဆွဲယူပြီး မြင်းပေါ်တင်ရန် ဟန်ဆောင်ခဲ့သည်။ သို့သော် ထိုလှုပ်ရှားမူသည် ရန်သူသည် သူ့အား အထင်သေးစေန် ဟန်ဆောင်မှုတစ်ခုသာ ဖြစ်ပါသည်။
နောက်ဆုံးရထားတွင် ပုန်းအောင်းနေသော ယောင်ယွဲ့ရူ၏ အငွေ့အသက်ကို သူ မခံစားနိုင်သော် လည်း သူမရှိနေသည့်အကြောင်းကို သူ ကြိုတင်သိရှိထားပြီး ဖြစ်သည်။
အခုလေးတင်၊ ယောင်ယွဲ့ရူသည် ရထားပေါ်မှာ ပုန်းအောင်းနေသော်လည်း မည်သည့်အငွေ့အသက် မှ ထွက်မလာခဲ့ပါဘူး။ မျက်စိနှင့်နား မည်မျှ ထက်မြက်နေပါစေ, သူသည် သူမ၏ တည်ရှိနေမူကို အာရုံ မခံနိုင်ခဲ့ပေ။ အကယ်၍ ဟုန်ယွိသာ ကြိုမသိခဲ့လျှင် နောက်ဆုံးရထားမှာ ဗလာဖြစ်နေသည်ဟု သေချာပေါက် ထင်မှတ်မှားလိမ့်မည်။
ယင်းမှနေ၍ ယောင်ယွဲ့ရူ၏ ကိုယ်ခံပညာသည် မဟာဆရာသခင်နယ်ပယ်ထဲသို့ ဝင်ရောက်နေပြီဟု မြင်နိုင်ပါသည်။ သူမသည် သူမ၏ချွေးပေါက်များ၊ နှလုံးခုန်သံ၊ သွေးစီးဆင်းမူနှင့် အသက်ရှူခြင်းတို့ ကို ထိန်းထားနိုင်ခဲ့သည်။
ဤနယ်ပယ်သည် ရှန်တန်သိုင်းသခင် ကျွမ်းကျင်သူများ ရောက်ရှိဖို့ခက်ခဲ့သည့် နယ်ပယ်ဖြစ်ပါသည်။
ထို့ကြောင့် ဟုန်ယွိ၏ ဆေဘာတိုက်ခိုက်မှုသည် အချိန်အတော်ကြာကတည်းက ကြိုတင်စီစဉ်ထား သည့် တိုက်ခိုက်မူ ဖြစ်ပါသည်။ သူသည် ကောင်းကင်၌ မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းတို့၏ စွမ်းအား၊ မြင်း၏ခွန်အားနှင့် ဖြိုခွဲခြင်းဆေဘာ၏ ထက်ရှမှုတို့ကိုလည်း ငှားရမ်းခဲ့သည်။ ယောင်ယွဲ့ရူ၏ ကိုယ်ခံပညာသည် မည်မျှပင် မြင့်မားပါစေ၊ ဤဆေဘာ၏ စွမ်းအားမှ လွတ်မြောက်ရန် သူမအတွက် ခက်ခဲလိမ့်မည်ဟု သူ တွက်ဆထားသည်။
မိုးကြိုးလျှပ်စီးဆေဘာကျမ်းဆိုသည့် အတိုင်းပင်။ ဤကျမ်းသည် လျှပ်စီးကြောင်း၏ အရှိန်အဟုန်ကို အသုံးပြုကာ လမ်းမှာရှိနေသည့် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။ လျှပ်တပြက် မိုးကြိုး စက်ဝိုင်းသည် ကောင်းကင်ယံမှ လျှပ်စီးကြောင်းများကို တုပထားသည့် လှုပ်ရှားမှုတစ်ခု ဖြစ်သည်။ ယခုအခါတွင်၊ ဟုန်ယွိသည် လျှပ်စီးကြောင်းအား အားဖြည့်ရန်အတွက် ဤရွေ့လျားမှု၏ စွမ်းအားကို ငှားရမ်းထားသည်။ မိုးကောင်းကင်ရှိ လျှပ်စီးကြောင်း၏ စွမ်းအားကို အမှန်တကယ် ငှားရမ်းရန် မဖြစ်နိုင်သော်လည်း၊ အသံ၊ အလင်းရောင်၊ ဘုန်းအာနုဘော်နှင့် လျှပ်စီးကြောင်း၏ အငွေ့အသက် တို့ကို ဆေဘာ၏ အငွေ့အသက်ထဲသို့ ပေါင်းစပ်ကာ တွန်းလှန်နိုင်ဖို့ ခက်ခဲသည့် ဖိအားတစ်ခုကို ဖန်တီးနိုင်သည်။
သို့သော် ဤလှုပ်ရှားမှုကို အချိန်ကိုက် အပြည့်အဝ ဖမ်းဆုပ်ထားဖို့ လိုပါသည်။
ဟုန်ယွိသည် လူနှင့်မြင်းကြား ပေါင်းစပ်မှုအတွက် စိတ်ပူစရာမလိုပေ။ သူသည် လျှပ်စီးဖမ်းမြင်းနှင့် စိတ်ဝိညာဉ် သိရှိနားလည်ရန် လေ့ကျင့်ထားသည်မှာ ကြာလှပါပြီ။
သို့သော်၊ ကောင်းကင်ယံတွင် မိုးခြိမ်းသံနှင့် လျှပ်စီးများ လင်းလက်နေချိန်မှာ ဖမ်းဆုပ်နိုင်ရန် ခက်ခဲစေပါသည်။
သို့သော် ဟုန်ယွိသည် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို လေ့ကျင့်ထားပြီး တာအိုပညာရပ်များကို ကျွမ်းကျင်သည်။ သူ၏ စိတ်ဝိညာဉ်သည် လျှပ်စီးကို ထူးထူးခြားခြား အာရုံခံနိုင်ပါသည်။ ကောင်းကင် ယံတွင် မိုးခြိမ်းသံနှင့် လျှပ်စီးတို့ လင်းလက်နေချိန်မှာ, သူ့စိတ်ထဲတွင် ကောင်းကင်ဘုံကိုးခု၌ ကြီးမား သော အဖျက်စွမ်းအားကို နားမလည်နိုင်စွာ ခံစားလိုက်ရပါသည်။
၎င်းစွမ်းအားသည် အလွန်အမင်း အဖျက်စွမ်းအား ပြင်းထန်ပြီး၊ ပေါက်ကွဲနေသည့် အခိုက်အတန့်မှာ လျှပ်စီးနှင့် မိုးခြိမ်းသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ဟုန်ယွိသည် သူ့စိတ်ဝိညာဉ်၏ အာရုံခံနိုင်စွမ်းကို အားကိုးပြီး၊ မိုးကောင်းကင်ဖြစ်စဉ်ကို ဆုပ်ကိုင်နိုင်ခဲ့သည်။ သူသည် ဆေဘာ၏ စွမ်းအားကို မိုးကောင်းကင်၏ ဖြစ်စဉ်နှင့် ပေါင်းစပ်ပြီး၊ နတ်ဘုရားများနှင့် သရဲတစ္ဆေများကိုပင် သတ်နိုင်သော ဆေဘာကို ဝှေ့ယမ်းလိုက်ပါသည်။
ဆေဘာကို ဝှေ့ယမ်းလိုက်အခါ ကောင်းကင်နှင့် မြေကြီးသည် အရောင်ပြောင်းသွားပုံရပါသည်။
ဟုန်ယွိသည် သေမျိုးကမ္ဘာသို့ ဆင်းသက်လာပြီး အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့် လျှပ်စီး နတ်ဘုရားအလားပင်။
လျှပ်စီးတွေကြားထဲမှာ ယောင်ယွဲ့ရူ၏ အံ့အားသင့်နေသည့် မျက်နှာက ရောင်ပြန်ဟပ်နေသည်။
ယောင်ယွဲ့ရူ၏အရေပြားသည် နှင်းဆီပန်းဖူးပေါ်က မနက်ခင်း နှင်းရည်စက်များကဲ့သို့ ကြည်လင်ပြီး၊ အနီးရောင်သမ်းနေသည်။ သူမ၏ မျက်နှာအသွင်အပြင်သည် အချိုးအစားကျပြီး၊ နူးညံ့သိမ်မွေ့ကာ၊ လက်ရာမြောက် လှပသည်။ သူမပုံစံက ပန်းချီသူတော်စင် ချန်ဒေါင်ဇီရေးဆွဲခဲ့သော နူးညံ့သိမ်မွေ့ သည့် နန်းတွင်းအမျိုးသမီးတစ်ဦးကဲ့သို့ပင်။
သို့သော် သူမ၏မျက်လုံးများက နက်ရှိုင်းပြီး တည်ငြိမ်နေ၏။ သူမ၏မျက်လုံးတစ်ဖက်စီမှာ သူငယ်အိမ် နှစ်ခု ရှိနေသည်။ မျက်ဆံနှစ်ထပ် ရှိနေသည့်အတိုင်းပင်။
နန်းတွင်းအမျိုးသမီး၏ မျက်နှာနှင့် သူငယ်အိမ်နှစ်ထပ်ပါ မျက်လုံးက သူမအား စိတ်နေစိတ်ထားကို လျှို့ဝှက်ဆန်းကြယ်စေသည်။ သူမကို နားလည်ရခက်စေပါသည်။ သူမသည် ကောင်းကင်ဘုံမှ နတ်သမီးတစ်ပါး, သို့မဟုတ် အခြားကမ္ဘာမှ နတ်ဆိုးတစ်ပါးဟု ထင်မှတ်ရသည်။ တနည်းအားဖြင့် ပြောရလျှင်, သူမသည် လူသားတစ်ယောက် မဖြစ်နိုင်ပေ။
ယောင်ယွဲ့ရူ၏ လက်တဖက်သည် ဟုန်ယွိ၏နံရိုးကို ထိတော့မည် ဖြစ်သည်။ ထိုပေါ့ပေါ့ပါးပါး ထိတွေ့မူလေးကပင် ဟုန်ယွိကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်ပါသည်။ ဟုန်ယွိသည် ငွေငါးမန်း ချပ်ဝတ်ကို ဝတ်ဆင်ထားသော်လည်း အစစ်မှန် မဟာဆရာသခင်တစ်ဦး၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
သို့သော်၊ ယခုအခါ ဟုန်ယွိသည် လျှပ်တပြက် မိုးကြိုးစက်ဝိုင်းကို ထုတ်ဖော်လိုက်သောကြောင့် အကယ်၍, ယောင်ယွဲ့ရူသည် သာမန်မျှသာ လှုပ်ရှားခဲ့ပါက သူမသည် ဖြိုခွဲခြင်းဆေဘာကြောင့် ပျက်စီးသွားမည် ဖြစ်ပြီး၊ သူမ၏ အသားအပိုင်းအစကိုတောင် ရှာတွေ့နိုင်တော့မှာ မဟုတ်ပါဘူး။
အကယ်၍, ဤနေရာမှာ သိုင်းသူတော်စင်တစ်ပါး ရှိနေပြီး၊ မတ်တပ်ရပ်ကာ ဟုန်ယွိ၏ ဆေဘာ ခုတ်ပိုင်းချက်ကို ထိပ်တိုက် ရင်ဆိုင်မည်ဆိုလျှင်ပင်၊ ဝမ်းနည်းစရာ ကောင်းသည့် ကံကြမ္မာကို သေချာပေါက် ခံစားသွားရလိမ့်မည်။
ယောင်ယွဲ့ရူသည် မည်မျှပင် ရက်စက်ကြမ်းကြုတ်သူ ဖြစ်နေပါစေ, ဟုန်ယွိကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ဖို့အတွက် သူမကိုယ်သူမ အပိုင်းပိုင်း ဖြတ်တောက်ခံရသည့် အသားပုံကြီးအဖြစ် ပြောင်းလဲဖို့ ဆန္ဒရှိမှာ မဟုတ်ပါဘူး။ ထို့ကြောင့် သူမလက်ကို ဆုတ်ခွာ လိုက်ရုံ သာ ရှိပါတော့သည်။
ဟုန်ယွိ၏ ဆေဘာတိုက်ခိုက်မှုသည် ပြင်းထန်လွန်းသောကြောင့် သူမသည် တန်ပြန် တိုက်ခိုက်နိုင် ခြင်း မရှိခဲ့ပေ။ ထို့အပြင် သူမသည် လက်နက်မဲ့ ဖြစ်နေသည်။
လက်နက်မဲ့ဖြင့် ဖြိုခွဲခြင်းဆေဘာကို ရင်ဆိုင်ခြင်း…၊ ယင်းက ကွာဟချက် အလွန်ကြီးမားလွန်းပါ သည်။ သူမသည် တန်ပြန် တိုက်ခိုက်ရန် အမှန်ပင် နေရာမရှိပေ။
ဝှီး….၊ ဝှီး…၊ ဝှီး….။
ချက်ချင်းဆိုသလို၊ ယောင်ယွဲ့ရူသည် သူမလက်ကို ပြန်ရုတ်လိုက်ပါသည်။ သူမလှုပ်ရှားမှုတွေက သူမလက်ကို ဘယ်တုန်းကမှ ဆန့်ထုတ်မထားသကဲ့သို့ မြန်ဆန်လွန်းသည်။ မကြာခင်မှာဘဲ, ရွှံ့ဗွက်လမ်းမပေါ်မှာ ခြေရာကိုးခု ပေါ်လာသည်။ ခြေရာတစ်ခုချင်းစီက စက်ဝိုင်းပုံစံ ကွေးကောက် နေခဲ့ပြီး၊ အကွေးကိုးကွင်းပုံစံ ရှိနေပါသည်။
ခြေရာကိုးခုသည် အစီစဉ်မရှိဘဲ တစ်ချိန်တည်း ပေါ်လာသည်။ အစဉ်တကျ မရှိခြင်းမျိုး လုံးဝ မရှိပေ။ ပေါ်လာသည်နှင့် တပြိုင်နက် ရေစီးကြောင်းကိုးခုက မြေပြင်ပေါ်သို့ ပက်ဖြန်းသွားခဲ့သည်။ ရွှံ့ရေများသည် ပြဒါးဖိတ်စဉ်သကဲ့သို့ မြေပြင်ပေါ် လှိမ့်သွားခဲ့ပြီး၊ နောက်ဆုံး ပြန့်ကျဲသွားခဲ့သည်။
အကယ်၍, ခြေရာများနှင့် ရွှံ့ရေများသာ အေးခဲနေပါက အံ့ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာပါလိမ့်မည်။
ခြေရာကိုးခုက ခြေလှမ်းနှစ်ဆယ် အကွာအထိ ကျယ်ပြန့်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ရွှံ့ရေများ ကျဆင်းသွားချိန်မှာ ယောင်ယွဲ့ရူ၏ ခန္ဓာကိုယ်သည်လည်း ခြေလှမ်းနှစ်ဆယ် အကွာတွင် ပေါ်လာသည်။ သူမသည် ဆေဘာတိုက်ခိုက်မှုကို လုံးဝ ရှောင်တိမ်းနိုင်ခဲ့သည်။ ရှောင်တိမ်း၍ မရနိုင်သည့် ပိုက်ကွန်ကဲ့သို့ ဆေဘာတိုက်ခိုက်မှုမှ သူမ မည်သို့ လွတ်မြောက်သွားခဲ့သည်ကို မည်သူ မျှ မသိခဲ့ကြပေ။
ယောင်ချီဂိုဏ်း၏ ခြေလှမ်းသိုင်းပညာ.. "ကိုးကွေ့ဆက်ခြေလှမ်း"
ဝှီး….။
ဖြိုခွဲခြင်းဆေဘာ၏ ဓားပေါ်တွင် လက်တစ်ချောင်းခန့် ကျယ်ပြီး ပေဝက်ရှည်သော ပိတ်စတစ်ခု တွဲလောင်းကျန်ရစ်ခဲ့သည်။ ဤပိတ်စသည် ဝတ်စုံလက်မောင်း၏ တစိတ်တပိုင်း ဖြစ်ပါသည်။ ဆေဘာပေါ်မှ သွေးတွေက မြေပြင်ပေါ်သို့ တစက်စက် ကျဆင်းနေသည်။ သို့တိုင် ဆေဘာသည် အသစ်အတိုင်း သန့်ရှင်းနေသေးသည်။ ၎င်းသည် ပို၍ပင် တောက်ပလာသည်။ ဆေဘာပေါ်မှာ သွေးစွန်းရာတစ်ချက်မှ မတွေ့ရပါဘူး။
ယောင်ယွဲ့ရူသည် လျင်မြန်စွာ ရှောင်ထွက်သွားသော်လည်း သူမ၏ ဝတ်စုံလက်မောင်းစွန်းက ဖြတ်တောက်ခံရဆဲ ဖြစ်သည်။ ထို့အပြင်, ဆေဘာပေါ်က သွေးစက်တွေက သူမထံမှ ဖြစ်သည်မှာ သေချာပါသည်။ သို့သော် သူမသည် ခြေလှမ်းနှစ်ဆယ်အကွာတွင် ရှိနေပြီး၊ သူမ၏ လက်နှစ်ချောင်း က ယခင်အတိုင်း အနီရောင် သလင်းကျောက်များကဲ့သို့ပင်။ ဒဏ်ရာ လုံးဝမရှိပါ။ မြင်ကွင်းက အရမ်းကို ထူးဆန်းပါသည်။
ထိုဆေဘာတိုက်ခိုက်မှု အပြီးတွင် ဟုန်ယွိသည် လုံးဝ မရပ်တန့်ခဲ့ပေ။ ယောင်ယွဲ့ရူ၏ အစွမ်းကြောင့် သူ အနည်းငယ်မျှပင် မအံ့ဩမိပေ။ ထိုဆေဘာတိုက်ခိုက်မှုက သူမ၏ ဝတ်စုံလက်မောင်းစွန်းကိုသာ ဖြတ်တောက်နိုင်ခဲ့သည်။ သူက ဆေဘာကို လှုပ်ယမ်းပြီး သူ့ခြေထောက်တွေကို ဖြည်းညှင်းစွာ ဖိပြီး အားစိုက်လိုက်ပါသည်။ သူသည် သူ့ကိုယ်နေဟန်ကို မြင်းထိုင်အနေအထား ပြောင်းလဲပြီး၊ ခုန်တက်လိုက်ပါသည်။ လျှပ်စီးဖမ်းမြင်းသည် ခြေလှမ်းနှစ်ဆယ်အကွာအထိ ခုန်လွှားလိုက်ကာ ကောင်းကင်မှနေ၍ ယောင်ယွဲ့ရူကို ပြင်းထန်စွာ ဖိချလိုက်ကါသည်။
ထိုမြင်း၏ အနေထားက လုံးဝကို ခုန်တက်ပြီး အောက်ကို ဖိဆင်းလိုက်ခြင်း ဖြစ်သည်။
မှန်ပါသည်၊ ကောင်းကင်ယံသို့ ခုန်တက်ပြီး ဖိဆင်းလိုက်ခြင်း ဖြစ်ပါသည်။ ဂျင် ၁၀၀၀ မှ ၂၀၀၀ ခန့် ရှိသော မြင်းတစ်ကောင်၏ခန္ဓာကိုယ်နှင့် ခုန်လိုက်သည့် အင်အား ပေါင်းလိုက်လျှင်, လူသားမဆိုထား နှင့်, ကျားတစ်ကောင်ကောင် စိစိမွမွ ကြေမွသွားပါလိမ့်မည်။
ဟုန်ယွိသည် မြင်းစီးနည်းစနစ်ကို အသုံးပြုခဲ့သည်။ သူသည် ယောင်ယွဲ့ရူ၏ တိုက်ခိုက်မှု ကျရှုံးခြင်း ကို အခွင့်ကောင်းယူခဲ့သည်။ သူမသည် ရှောင်တိမ်းပြီး၊ မြေပြင်ပေါ်သို့ ဆင်းသက်ကာ၊ ကိုးကွေ့ဆက် ခြေလှမ်းကို ဆက်တိုက် အသုံးပြုသွားခဲ့သည်။
ယောင်ယွဲ့ရူသည် လက်နက်မဲ့ဖြင့် သူ၏ သတ်ဖြတ်ခြင်းသိုင်းကွက်ဖြစ်သည့် လျှပ်တပြက် မိုးကြိုး စက်ဝိုင်းကို ရှောင်တိမ်းနိုင်ခဲ့သည်။ သူမ၏ ကိုယ်ခံပညာသည် ဟုန်ယွိထက် အနည်းဆုံး နှစ်ဆ သုံးဆ သာလွန်သည်။ ထိုကဲ့သို့ပုဂ္ဂိုလ်မျိုးနှင့် ရင်ဆိုင်ရသည့်အခါ, သူတို့သုံးယောက် ပူပေါင်း တိုက်ခိုက်ရင်တောင် အနိုင်ရဖို့ အခွင့်လမ်း မရှိသေးပါဘူး။ အကယ်၍, သူမကို တစ်ကြိမ်တည်းဖြင့် မသတ်ဖြတ်နိုင်ဘဲ ပြန်လည် ကုစားဖို့ အချိန်ပေးလိုက်ပါက သူတို့အတွက် အန္တရာယ်ဖြစ်လာလိမ့် မည်။
ထိုအချိန်တွင် ယောင်ယွဲ့ရူသည် ပြန်လှည့်ပြီး ကောင်းကင်ယံကို မော့ကြည့်လိုက်ပါသည်။ သူမသည် မြင်း၏ ကြီးမားပြင်းထန်သော အရှိန်အဟုန်ကို မျှော်ကြည့်မိသည်။ သူမ၏ မျက်လုံးများတွင် မျက်ဆံ လေးခု ရှိနေပြီး ဟုန်ယွိ၏ အရိပ်လေးခု ပေါ်လာသည်။
လေထဲတွင် မြင်း၏အရှိန်ဟုန်သည် ကြီးမားပြင်းထန်သော်လည်း၊ မြင်းသည် ခွန်အားကို ထိန်းချုပ် ရန် နည်းလမ်းမရှိပေ။ ပြုတ်ကျသွားသော မြင်းကို ရင်ဆိုင်ရာတွင်, ယောင်ယွဲ့ရူသည် မြင်းကို သတ်ဖြတ်ရန် သို့မဟုတ် ရှောင်တိမ်းရန် နည်းလမ်းများစွာ ရှိပါသည်။
သို့သော် မြင်းကျောပေါ်ရှိ ဟုန်ယွိသည် ရုတ်တရက် မြင်းကျောကုန်းနှင့် တင်းတင်းကျပ်ကျပ် ဝပ်နေ ကာ သူ့ပုံရိပ်က မြင်ကွင်းမှ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီး၊ သူ့ဆေဘာကိုလည်း ဖုံးကွယ်ထား သည်။ မြင်းပေါ်မှာ ပုန်းကွယ်နေပြီး သူ့ဆေဘာကို ဖုံးကွယ်ထားသည့် ထိုလုပ်ရပ်က ယောင်ယွဲ့ရူကို ပြန်းထန်သည့် ခြိမ်းခြောက်မူတစ်ခုဟု ခံစားရပါသည်။
သူမသည် မြင်းကို သတ်ဖြတ်နိုင်သော်လည်း မြင်းကို သတ်ပြီးနောက် ပြင်းထန်သော အရှိန်အဟုန်ကို ချေဖျက်ပစ်ရဦးမည်။ ထိုအခိုက်တန့်တွင်, အကယ်၍ ဟုန်ယွိသာ ရုတ်တရက် သတ်ဖြတ်ခြင်း သိုင်းကွက်ကို အသုံးပြုပါက အလွန်အန္တရာယ်များသည်။
ထို့ကြောင့် သူမ နောက်တစ်ကြိမ် ရှောင်ထွက်သွားရပြန်သည်။
ခြေရာကိုးခုသည် မြေပြင်ပေါ်တွင် တစ်ချိန်တည်း ပေါ်လာသည်။ သို့သော် ယခုတစ်ကြိမ်တွင် ခြေရာများကြား၌ ခြေလှမ်းဆယ်လှမ်းသာ ကွာဝေးပါသည်။ ယောင်ယွဲ့ရူသည် အဆက်မပြတ် အားထုတ်နေရခြင်းကြောင့် သူမ၏ခွန်အားများ ကုန်ဆုံးသွားကြောင်း ထင်ရှားပါသည်။
ဘုန်း…။
လျှပ်စီးဖမ်းမြင်းသည် အမြောက်ကျည်ကဲ့သို့ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆင်းသက်ခဲ့ပြီး မြေပြင်ကို တုန်လှုပ်စေခဲ့သည်။ ရွှံ့ရေတွေက တောင်တလုံးကဲ့သို့ တဟုန်ထိုး ထိုးတက်သွားခဲ့သည်။ ခြေလှမ်း ဆယ်လှမ်းအတွင်း မည်သူ့ကိုမျှ မမြင်နိုင်တော့ပေ။
မြင်းသည် မြေပြင်ပေါ်သို့ ဆင်းသက်လာသည်နှင့် တပြိုင်နက် ဟုန်ယွိသည် သူ့ဆေဘာကို လက်မှာ ကိုင်လျက် ရှေ့သို့ အမြန်ပြေး သွားခဲ့သည်။ သူသည် ရွှံ့ရေတွေပြည့်နေသည့် ကောင်းကင်ကို ဖြတ်ပြီး သူ့အတွေးတွေကို ယောင်ယွဲ့ရူဆီ အာရုံစိုက်ထားလိုက်သည်။ သူသည် နောက်တစ်ဖန် ကျားသစ်၏ အရှိန်ဟုန်, ဝက်ဝံတစ်ကောင်၏ ခွန်အား, လင်းယုန်ငှက်၏ ငုပ်လျှိုးနေသော အမြန်နှုန်းဖြင့် ပျံတက် သွားခဲ့သည်။
အခုနက တိုက်ခိုက်မူအတွင်းမှာ ဟုန်ယွိသည် ယောင်ယွဲ့ရူကို ဆုတ်ခွာသွားရန် အတင်းအကြပ် ဖိအားပေးနိုင်ခဲ့သည်။ သူသည် မြင်းကိုအသုံးပြုပြီး သူမအား နောက်တစ်ကြိမ် ဆုတ်ခွာခိုင်းခဲ့သည်။ ထို့နောက် မြင်းပေါ်မှ ဆင်းပြီး သူမကိုသတ်ဖြတ်ရန် ကြိုးစားခဲ့သည်။ ၎င်းသည် မြင်း၏ ရုပ်ပိုင်းဆိုင် ရာ ခွန်အားကို အသုံးပြုပြီး၊ ယောင်ယွဲ့ရူ၏ ခွန်အားကို ကုန်ခမ်းစေကာ၊ သူကိုယ်တိုင်ကတော့ ခွန်အားကို ချွေတာခဲ့သည်။ ယင်းက သူ့မှာ အသာစီးရနိုင်သည်ဟု ဆိုလိုပါသည်။
ယခု သူ မြင်းပေါ်မှ ဆင်းပြီး တိုက်ခိုက်ခြင်းသည် နောက်ဆုံး တိုက်ခိုက်ခြင်းပင်။
ရွှပ်….။ ရွှံ့ရေတွေက ပြန့်ကြဲကျလာပြီး၊ ဟုန်ယွိသည် ရွှံ့ရေထဲကနေ ချက်ချင်း ထွက်လာပါသည်။ သူ့ဆေဘာအလင်းက ယောင်ယွဲ့ရူကို ဖုံးလွှမ်းသွားခဲ့သည်။
ချွင်….၊ ပန်းနုရောင် လက်ချောင်းလေးကဲ့သို့ ပါးလွှာသည့် မှန်ကူကွက်ပုံစံ လှံကလေးတစ်ချောင်း သည် ယောင်ယွဲ့ရူ၏ လက်ထဲတွင် ရုတ်တရက် ပေါ်လာပါသည်။ သူမ လှုပ်ရှားလိုက်သည်နှင့် လှံသည် အသက်ဝင်လာပုံရသည်။ ၎င်းလှံတံသည် သန့်စင်သော သံမဏိမှ ထုလုပ်ထားသော လှံ အစစ်တစ်ချောင်းကဲ့သို့ မာကျောပြီး ဟုန်ယွိ၏ဆေဘာနှင့် ထိပ်တိုက် တွေ့ဆုံမိသွားသည်။
၎င်းသည် ယောင်ယွဲ့ရူ၏ ခါးတွင် ပတ်ထားသော ကြိုးတစ်ချောင်း ဖြစ်သည်။ ၎င်းကို "ပျော့ပြောင်းလက်နက် ကျောက်စိမ်းလက်ချောင်း" ဟု ခေါ်သည်။ သံမဏိကျောက်စိမ်းဖြင့် ပြုလုပ် ထားပြီး သံမဏိကြိုးအဖြစ်လည်း အသုံးပြုနိုင်သည်။ လှုပ်ခါလိုက်သောအခါ လှံတစ်ချောင်းအဖြစ်ပါ အသုံးပြုနိုင်သည်။
ဘန်း…၊ ဘန်း…၊ ဘန်း…။
ဘန်း… ပျော့ပြောင်းလက်နက် ကျောက်စိမ်းလက်ချောင်းသည် လှုပ်ခါသွားခဲ့ပြီး မုန်တိုင်းကဲ့သို့ မြန်ဆန်သည်။ ၎င်းသည် ဟုန်ယွိ၏ဆေဘာနှင့် အကြိမ်ပေါင်းများစွာ တိုက်မိခဲ့ပြီး နောက်ဆုံးတွင် ဆေဘာ၏စွမ်းအားကို တားဆီးနိုင်ခဲ့သည်။
"ဒါက ဆိုးလွန်းတယ်…. ဒီယောင်ယွဲ့ရူက အရမ်းကြောက်ဖို့ကောင်းတယ်။ ငါ သူမကို အခုလို တိုက်ခိုက်တာတောင် သတ်လို့ မရခဲ့ဘူး။ အခုအချိန်မှာတော့ ရန်သူကို ရင်ဆိုင်ဖို့ ချီဇီယန်နဲ့ လီလဲ့တို့ အပေါ်မှာပဲ မျှော်လင့်ချက် ထားနိုင်တော့တယ်။ ပြီးမှ ငါတို့သုံးယောက် ပူးပေါင်းပြီး သူမကို ဝိုင်းပြီး သတ်ပစ်ရမယ်။ ဒီအမျိုးသမီးက သိပ်ပြီး ခံနိုင်ရည် ကောင်းလွန်းတယ်။ ဒီလောက် ဖိအားပေးခံရတာ တောင် မသေနိုင်သေးဘူး!”
ဟုန်ယွိသည် အရာအားလုံးကို တွက်ချက်ထားခဲ့သည်။ အချိန်မှန်၊ နေရာမှန်၊ မှန်ကန်သည့်လူတွေ, အားလုံးက သူ့ဘက်မှာ ရှိနေခဲ့သည်။ သူသည် တဖက်လူ အသက်ဝဝရူခွင့်မရအောင် သူ့ဆေဘာ တိုက်ကွက်ကို အဆင်မပြတ် ထုတ်ဖော်ခဲ့သည်။ သူသည် ပြိုင်ဘက်၏ ရုပ်ပိုင်းဆိုင်ရာခွန်အား ကုန်ခမ်းစေရန် မြင်းကိုတောင် အသုံးပြုခဲ့သည်။ သူသည် အသာစီးရနေသော်လည်း ပြိုင်ဘက်ကို မသတ်နိုင်သေးပါဘူး။