← Chapters

အားလုံးက ရှင့်လက်ထဲမှာ

Vol. 1 Ch. 264

အားလုံးက ရှင့်လက်ထဲမှာ

Vol. 1 Ch. 264

"ဝှစ်"

မြောက်ဘက်မန့်နိုင်ငံ၏ ကောင်းကင်ယံထက်တွင် ငါးရောင်စုံ ဥဒေါင်းငှက် တစ်ကောင်၊ နဂါးလင်းယုန် တစ်ကောင်နှင့် ထူးဆန်းသော ငှက်ကြီး တစ်ကောင်တို့သည် လျင်မြန်စွာ ပျံသန်း နေခဲ့သည်။ ငှက်တစ်ကောင်စီတိုင်း၏ ကျောထက်တွင် လူဆယ်ယောက် ကျော်စီ မတ်တတ် ရပ်နေကြသည်။

ထိုလူများတွင် အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ် မရွေးပါသည့် အပြင် ဘုန်းကြီး အနည်းငယ်တောင် ပါသေးလေသည်။ လူအားလုံး အမူအရာသည် သုန်မှုန်နေခဲ့သည်။  အများစုမှာ သွေးနီရောင် ထနေသော မျက်လုံးများ၊ ညစ်ပတ်နေသော အဝတ်အစားများ၊ ရှုပ်ပွနေသော ဆံပင်များနှင့် အလွန်အမင်း ပင်ပန်း နွမ်းနွယ်ပုံ ပေါက်နေခဲ့သည်။

နတ်ဆိုးသားရဲစစ်တပ်သည် လမ်းတစ်လျှောက်တွင် အကြီးအကျယ် ဖျက်ဆီး၍ မြောက်ဘက်မန့် နိုင်ငံအတွင်း ဝင်ရောက်လာခဲ့ပြီ ဖြစ်လေသည်။ ကျန်းရီတို့အဖွဲ့သည် မြေခွေးလေး ကြယ်ကောင်းကင် မြို့တွင် ရှိမည်ဟု ကောက်ချက်ချလိုက်ကြသည်။ သူတို့သည် ပျက်စီး ဆုံးရှုံးမှုများကို တတ်နိုင်သမျှ မြန်မြန်အဆုံးသတ်ရန် မြေခွေးလေးကို မြန်မြန်ဆန်ဆန် ရှာတွေ့ချင်ကြသည်။

မြောက်ဘက်မန့်နိုင်ငံ၏ ဘုရင်သည် အလွန်ဉာဏ်များ လေသည်။ သူသည် နတ်ဆိုးသားရဲ စစ်တပ်တွင် နောက်ဆုံးပန်းတိုင်ရှိမည်မှန်း ခန့်မှန်းထားခဲ့သည်။ သူသည် နတ်ဆိုးသားရဲ စစ်တပ်ကို တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ ဦးဆောင်သည်လား၊ နတ်ဆိုးဧကရီ ကိုယ်တိုင်ကပဲ ကြယ်ကောင်းကင်မြို့ကို ဖျက်ဆီးချင်၍ ကြံစည်သည်လား စသောအချက်တို့ကို သူလုံးဝ ဂရုမစိုက်ပေ။ သူသည် ထိုအစီအစဉ် အောင်မြင်ရန် ကူညီရမည်ကိုပင် သဘော ခွေ့နေလေသည်။

ထို့ကြောင့် သူသည် နတ်ဆိုးသားရဲ စစ်တပ်ကို တားဆီးရန် စစ်တပ်များ စီစဉ်ခြင်း မရှိဘဲ လူတိုင်းကိုသာ တောင်ဘက်ပိုင်းရှိ မြို့များထံ တတ်နိုင်သမျှ မြန်မြန်ရွှေ့ပြောင်း စေလိုက်သည်။ မြောက်ဘက်တွင် နတ်ဆိုးသားရဲများ ဖျက်ဆီးရန် မြို့အလွတ်များကိုသာ ချန်ထားစေလိုက်သည်။

ကျန်းရီ ခန့်မှန်းထားသည့်အတိုင်း နတ်ဆိုးသားရဲစစ်တပ်သည် ကြယ်ကောင်းကင်မြို့ထံ တန်းတန်းမတ်မတ် ဦးတည် သွားခဲ့သည်။ မိုးပြာနဂါး အင်ပါယာသည် ကျီးလန့်စာစား ဖြစ်နေကြသည်။ ကြယ်ကောင်းကင်မြို့သည် မိုးပြာနဂါးအင်ပါယာ၏ အခြေခံအုတ်မြစ် ဖြစ်သည်။ ကြယ်ကောင်းကင်မြို့ ဖျက်ဆီး ခံလိုက်ရလျှင် မိုးပြာနဂါးအင်ပါယာ လုံးဝပျက်စီးသွားလိမ့်မည်။

အကူအညီ တောင်းစာများသည် နေရာတိုင်းသို့ ရောက်ရှိလာခဲ့သည်။ မိုးပြာနဂါး အင်ပါယာသည် နတ်ဆိုးသားရဲ စစ်တပ် ပြိုကွဲအောင် လုပ်နိုင်မည့်သူအား သူတော်စင်အဆင့် လက်နက်တစ်ခုနှင့် ကောင်းကင် ကျောက်တုံး အခုတစ်ရာ ပေးမည်ဟုပင် ကြေငြာခဲ့သည်။

လက်စားချေချိန် ရောက်ရှိလာခဲ့ပေပြီ။

ကြယ်ကောင်းကင်မြို့သို့ ဦးတည်လာနေသော ကျန်းရီတို့ လူစုမှတစ်ပါး မည်သည့်နိုင်ငံကမှ စစ်သည် စေလွှတ်ပေးခြင်း မရှိပေ။ နတ်ဆိုးသားရဲများ စတင်ထကြွစဉ်အခါ မိုးပြာနဂါး အင်ပါယာ၏ အပြုအများသည် နယ်မြေတစ်ခုလုံးအား စိတ်ပျက်စေခဲ့သည်။ ယခု သူတို့ အန္တရာယ် ရှိနေပြီဖြစ်ရာ နိုင်ငံခြောက်ခုက ဝမ်းတောင်သာကြသည်။ အဘယ့်ကြောင့် စစ်သည် စေလွှတ် ပေးရမည်နည်း။

ရွှေယို့လန်၊ ဇင်ဘုရားကျောင်းမှ ဘုန်းတော်ကြီး၊ ကျူးကော့ချမ်ယွမ်နှင့် ကျန်ကျောင်းအုပ် နှစ်ယောက်သည် အတော်လေး စိတ်ပူနေကြသည်။ မိုးပြာနဂါးအင်ပါယာ ပျောက်ကွယ်သွားလျှင် နယ်မြေ၏ အင်အား ညီမျှမှု ပျက်စီး သွားလိမ့်မည်။ နတ်ဆိုးသားရဲများ ပုန်ကန်ကြမည်ကို ဘေးဖယ်ထားလျှင်တောင် နိုင်ငံခြောက်ခုသည် စစ်တိုက်၍သာ နေကြလိမ့်မည်။ စစ်ပွဲတစ်ပွဲ စတင်သည်နှင့် အများဆုံးခံစားရမည့် သူများမှာ သာမန်တိုင်းသူ ပြည်သားတို့သာ ဖြစ်လေသည်။

နတ်ဆိုးဧကရီသည် နောက်ဆုံးသော အတားအဆီးကို ကျော်ဖြတ်၍ ကောင်းကင် ဧကရာဇ်အဆင့် ရောက်သွားပြီ ဖြစ်ကြောင်း ထင်ရှားနေသည်။ ရွှေယို့လန်တို့ ငါးယောက်ပေါင်း၍ တိုက်ခိုက် မည်ဆိုလျှင်တောင် သူတို့တွင် သူမကို သေချာပေါက် အနိုင်ရမည်ဟူသော ယုံကြည်ချက် မရှိပေ။ သူတို့ငါးယောက်သာ တိုက်ပွဲအတွင်း သေဆုံးသွားပါလျှင် နတ်ဆိုးဧကရီကို ဖိနှိပ်နိုင်မည့်သူ မရှိတော့ဘဲ နယ်မြေသည် နတ်ဆိုးသားရဲများ၏ စားကျက် ဖြစ်သွားလိမ့်မည်။

ထို့ကြောင့် ရွှေယို့လန်တို့ လူစုသည် မလှုပ်ရှားသေးဘဲ ကြယ်ကောင်းကင်မြို့မှ တိုက်ပွဲ ပြီးဆုံးသည်အထိ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ မိုးပြာနဂါး အင်ပါယာသည် နှစ်ပေါင်း တစ်သောင်းကျော်ကြာ အားပြန်ဖြည့်နေသည်ဖြစ်ရာ သူတို့တွင် ဝှက်ဖဲများစွာ ရှိမည်မှာ သေချာ သလောက်ပင်။ မိုးပြာနဂါးအင်ပါယာ တိုက်ပွဲပြီးမှ သူတို့ ဝင်ပါလျှင်လည်း နောက်မကျသေးပေ။

နတ်ဆိုးသားရဲ စစ်တပ်သည် မြောက်ဘက် လျန်နိုင်ငံနှင့် မန့်နိုင်ငံ အကြားရှိ ကြယ်ကောင်းကင်မြို့ထံ တည့်တည့်မတ်မတ် သွားနေခဲ့သည်။ မြောက်ဘက်မန့်နိုင်ငံသည် မန့်နိုင်ငံသည် နတ်ဆိုးသားရဲများ အတွက် လမ်းကြိုရှင်းပေး ထားခဲ့သည်။ ထို့ကြောင့် နတ်ဆိုးသားရဲများ ကြယ်ကောင်းကင် မြို့သို့ရောက်ရန် သုံးရက်သာ ကြာမြင့်ခဲသည်။

ကျန်းရီတို့လူစုသည် ကြယ်ကောင်းကင်မြို့ အပြင်သို့ မွန်းတည့်ချိန်တွင် ရောက်သွားကြပြီး ရှေ့မှမြို့ကြီးကို ငေးကြည့်နေကြသည်။ သူတို့အားလုံး၏ ရင်ထဲတွင် လေးလံနေကြသည်။

ကြယ်ကောင်းကင်မြို့သည် မိုးပြာနဂါး အင်ပါယာ၏ ထီးနန်းစိုက်ရာ မြို့တော့ဖြစ်ပြီး နယ်မြေတွင် အကြီးဆုံးမြို့ဖြစ်သည်။ မြို့ထဲတွင် နေထိုင်ကြသူများမှာ သန်းပေါင်းများစွာ ရှိလေသည်။ ကြယ်ကောင်းကင်မြို့သာ ဖျက်ဆီးခံရလျှင် ထိုသူအားလုံးတို့၏ အသက်များပါ မြှုပ်နှံခံရလိမ့်မည်။

"ဘယ်သူလဲ...ကြယ်ကောင်းကင်မြို့က အဝင်ပိတ်ထားတယ်၊ မြန်မြန်ထွက်သွာစမ်း...မဟုတ်ရင် သတ်ပစ် ရလိမ့်မယ်"

မြို့တံတိုင်းများထက်တွင် အနက်ရောင်ချပ်ဝတ်တို့ ဝတ်ဆင်ထားသော် အင်ပါယာအစောင့်များ ရှိနေလေသည်။ သူတို့သည် သံခေါင်းဆောင်းများကိုပါ ဆောင်းထားပြီး မျက်လုံးနေရာသာ အလွတ် ထားလေသည်။ လက်မှလည်း ပုဆိန်သွားတပ် လှံရှည်များ ကိုင်ဆောင်ထားခဲ့သည်။

ရွှေယွဲ့လျန်မျှော်စင်မှ လူများ၊ ဇင်ဘုရားကျောင်းမှ ဘုန်းကြီးလေး ဟွေ့ကန်းနှင့် အခြားလူများ အားလုံးသည် ကျန်းရီကို ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာများတွင် 'မင်းက အင်ပါယာရဲ့ ကင်းထောက် သံတမန် မဟုတ်ဘူးလား၊ ဒီကိစ္စကို မင်းရှင်းသင့်တယ်'ဟု စာရေးထားသကဲ့သို့ပင်။

ကျန်းရီသည် နှာခေါင်းကို ပွတ်လိုက်ရင်း အနက်ရောင်တံဆိပ်ပြား တစ်ခုကို ထုတ်ကာ မြို့တံတိုင်းဆီ ပစ်ချပေးလိုက်သည်။

"အာ"

အောက်မှ စစ်သူကြီးသည် တံဆိပ်ပြားကို လက်တစ်ဖက်နှင့် ဖမ်းလိုက်သည်။ သူသည် တစ်ချက် ကြည့်လိုက်ပြီးနောက် မျက်ဝန်းတွင် လေးစားသည့် အရိပ်အယောင်များ ချက်ချင်း ပေါ်ထွက်လာခဲ့သည်။ ထို့နောက် သူသည် ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်ပြီး နှုတ်ဆက်လာလေသည်။

"စစ်သူကြီး ချန်ယွိက ကင်းထောက်သံတမန်ကျန်းနဲ့ ဧည့်သည်တွေကို နှုတ်ခွန်းဆက်ပါတယ်"

"ကင်းထောက် သံတမန်ကျန်းနဲ့ ဧည့်သည်တွေကို နှုတ်ခွန်းဆက်ပါတယ်"

စစ်သူကြီး ဒူးထောက် လိုက်သောအခါ ကျန်သောင်းချီသော စစ်သည် အားလုံးကလည်း ဒူးထောက်၍ နှုတ်ဆက် လာကြသည်။ စစ်သည်တစ်ဦးသည်ပင် သတင်းပို့ရန် နန်းတော်ရှိရာ အပြေး ထွက်သွားခဲ့သည်။

"ဟမ်"

ကျန်းရီသည် ကင်းထောက် သံတမန်ဟူသော အဆင့်အတန်း ဤမျှ အသုံးဝင်မည်ဟု ထင်မထားခဲ့ပေ။ အင်ပါယာ၏ စစ်သူကြီးပင် ဒူးထောက်၍ နှုတ်ဆက်လာခဲ့သည်။ ကျောင်းအုပ်ချီတို့ လူစုမှာ ဆွံ့အ နေကြတော့သည်။ ကျန်းရီသည် အရှက်ပြေ နှာခေါင်းပွတ်၍ ပြောလိုက်သည်။

"အားလုံးပဲ အဆင်ပြေသလို နေကြပါ၊ ငါတို့ မြို့ထဲဝင်လို့ ရပြီလား"

"ရတာပေါ့"

စစ်သူကြီးသည် မတ်တတ် ရပ်လိုက်ပြီး လက်နှစ်ဖက်ဆုပ်ကာ ပြောလာခဲ့သည်။

"ကင်းထောက်သံတမန်ကျန်း...ခင်ဗျားလို အဆင့်အတန်းနဲ့ လူအတွက် မြို့ထဲဝင်တာ မပြောနဲ့၊ အင်ပါယာနန်းတွင်းထဲတောင် တိုက်ရိုက်ဝင်လို့ ရတယ်"

"ကောင်းတယ်...သွားကြစို့"

ကျန်းရီသည် လက်တစ်ဖက် ဝှေ့လိုက်ရာ ငှက်ကြီးသုံးကောင်မှာ အင်ပါယာနန်းတော် ရှိရာဘက် ပျံသန်း သွားခဲ့သည်။ မြို့တွင်းသို့ ရောက်သည်နှင့် ကျန်းရီသည် နဂါးလင်းယုန်ကြီးကို လှည့်ပတ် ပျံသန်းခိုင်းလိုက်ပြီး မြေခွေးလေး၏ ရနံ့ကို ကြိုးစား၍ ခြေရာခံနေလိုက်သည်။

"မရှိဘူး"

မြို့ကို တစ်ပတ်ပတ်ပြီးသော်လည်း ကျန်းရီသည် မြေခွေးရနံ့ အစအနတောင် မရသည့်အတွက် အံ့အားသင့် နေခဲ့သည်။ မြေခွေးလေးသည် အထူးသီးသန့် ရတနာတစ်ခုခုအတွင်း ရောက်နေခြင်း သို့မဟုတ် သေဆုံးသွားခြင်း ဖြစ်နိုင်သလို မြို့ထဲတွင် မရှိခြင်းလည်း ဖြစ်နိုင်သည်။

"ဝှစ်"

စစ်သူကြီးတစ်ဦးသည် လူတစ်စုကို ဦးဆောင်၍ အလောတကြီး ပြေးလာခဲ့ပြီး ခပ်လှမ်းလှမ်းတည်းက အော်ပြောလာခဲ့သည်။

"ကင်းထောက် သံတမန်ကျန်း...မင်းသမီးလင်းရွှယ်က အရေးပေါ် ဆင့်ခေါ်လိုက်ပါတယ်"

ကျန်းရီသည် ခဏစဉ်းစားလိုက်ပြီးနောက် သူ့နောက်မှ ဒုကျောင်းအုပ် နှစ်ယောက်ကို ပြောကာ နဂါးလင်းယုန်ကြီးကို သိမ်း၍ အောက်သို့ ခုန်ချလိုက်သည်။ ထို့နောက် သူသည် ထိုစစ်သူကြီးတို့ လူစုနှင့်အတူ နန်းတော်ရှိရာဘက် ပြေးသွားလိုက်သည်။ ကျန်လူများမှာ သဲလွန်စများ ရှာဖွေရန် လူစုခွဲလိုက်ကြသည်။

ကျန်းရီသည် တပ်စုတစ်ခုကို ဦးဆောင်၍ အားကုန် ပြေးလွှားပြီးနောက် နန်းတော်ထဲ တိုက်ရိုက် ဝင်ရောက်၍ သူယခင်က ရောက်ခဲ့ဖူးသော ခန်းမရှေ့ ဦးတည်လိုက်သည်။

"မင်းသမီးက ကင်းထောက်သံတမန်ကျန်းကို ထုံးတမ်းစဉ်လာတွေ လုပ်မနေဘဲ တန်းဝင်လာခဲ့ဖို့ ပြောထားပါတယ်"

အပြင်တွင် စောင့်နေသော ကုန်းကုန်းကြီးသည် ကျန်းရီမရောက်ခင်ကပင် အော်ပြောလာခဲ့သည်။ ကျန်းရီသည်လည်း နှုတ်ဆက်ခြင်းပင် မပြုတော့ဘဲ ခြေလှမ်းကျဲကြီးများနှင့် ဝင်သွားလိုက်သည်။

ခရမ်းရောင် ဝတ်စုံကို ဆင်မြန်းထားသော မင်းသမီးလင်းရွှယ်သည် ခန်းမထဲတွင် ထိုင်လို့နေသည်။ သူမသည် ကျန်းရီ နှုတ်ဆက်တော့မည်အား မြင်သောအခါ သေးသွယ်သော လက်လေးပြကာ တားဆီးလိုက်သည်။ ထို့နောက် သူမသည် လေးနက်စွာ ပြောကြားလာခဲ့သည်။

"ကင်းထောက်သံတမန်ကျန်း...အခြေအနေဘယ်လိုလဲ၊ ရှင်တို့အုပ်စု တစ်ခုခုကို သတိထားမိလို့ ကြယ်ကောင်းကင်မြို့ဆီ တန်းတန်းမတ်မတ် ရောက်လာတာမလား"

ကျန်းရီသည် ခေါင်းအသာငြိမ့်ကာ ပြောလိုက်သည်။

"မင်းသမီး...ကျွန်တော်တို့ ခန့်မှန်းချက်အရ နတ်ဆိုးဧကရီရဲ့ သမီးဖြစ်တဲ့ မြေခွေးလေးက ကြယ်ကောင်းကင်မြို့ထဲမှာ ရှိနေတယ်၊ ကျွန်တော်က မြေခွေးလေးကို မြင်ဖူးပြီးတော့ လမ်းမှာလည်း ပြန်ပေးဆွဲသူတွေနဲ့ တွေ့ခဲ့သေးတယ်...အဲတုန်းက လူအင်အား မလုံလောက်လို့ သူတို့ လွတ်သွားခဲ့တယ်၊ မြေခွေးလေးက အခု ထူးဆန်းတဲ့ ရတနာတစ်ခုခုထဲ ရှိနေလောက်တယ်၊ ဒါကြောင့် ကျွန်တော် သူအနံ့ကို မရတော့ဘူး...နတ်ဆိုး ဧကရီကလည်း ဒီလိုခံစားမိလို့ ကြယ်ကောင်းကင်မြို့ဆီ တည့်တည့်မတ်မတ် လာနေတာ...ကျွန်တော်တို့ နတ်ဆိုးဧကရီကို စစ်တပ်ပြန်သိမ်းစေချင်ရင် လုပ်ရမှာက တစ်ခုပဲရှိတယ်၊ မြေခွေးလေးကို တတ်နိုင်သမျှ မြန်မြန် ရှာဖို့ပဲ"

ကျန်းရီ အားလုံးကို ရှင်းပြပြီးနောက် မင်းသမီးလင်းရွှယ်၏ စွဲဆောင်မှုရှိသော မျက်နှာထက်တွင် အေးစက်သော အငွေ့အသက်များ ဖြစ်တည်လာခဲ့သည်။ သူမသည် မတ်တတ် ထရပ်ကာ ပြောလိုက်သည်။

"ကင်းထောက် သံတမန်ကျန်း... ရှင်မြေခွေးလေးကို အစွမ်းကုန်ရှာပါ၊ လိုအပ်တာမှန်သမျှ ကျွန်မဆီမှာ တောင်းဆိုနိုင်တယ်၊ အင်ပါယာ စစ်တပ် တစ်ခုလုံးကိုလည်း ရှင်သုံးနိုင်တယ်... နတ်ဆိုးသားရဲ စစ်တပ် ဒီကိုရောက်မလာခင် မြေခွေးလေးကို ရှာနိုင်မှ ဖြစ်မယ်၊ ကောင်းကင် ကြယ်တာရာ မြို့ထဲက သန်းပေါင်းများစွာသော အသက်တွေနဲ့ မိုးပြာနဂါးအင်ပါယာရဲ့ တည်ရှိမှု အားလုံးက ရှင့်လက်ထဲမှာပဲ..."

"ဒါက..."

ကျန်းရီသည် သူ့ပုခုံးထက်မှ ဖိအားမှာ ပိုတိုးလာသည်ဟု ခံစားလိုက်ရပြီး မျက်မှောင်ကြုတ်လိုက်သည်။

"မြို့ထဲက လူတွေက ရှောင်တိမ်းခိုင်းလိုက်လို့ မရဘူးလား"

"မရဘူး"

မင်းသမီးလင်းရွှယ် ပင့်သက်ရှိုက်လိုက်လေ၏။

"ကြယ်ကောင်းကင်မြို့သားတွေက ဒီမှာနေတာ နှစ်တစ်သောင်း ကျော်ကြားခဲ့ပြီ၊ သူတို့က အင်ပါယာကိုပဲ သစ္စာရှိပြီး ဒီမှာပဲ မျိူးဆက်တစ်ဆက်ပြီးတစ်ဆက် နေလာခဲ့ကြတာ... သူတို့ကို တခြားနိုင်ငံတွေဆီ ရှောင်တိမ်း ခိုင်းလိုက်တာထက် သတ်လိုက်တာက ပိုလွယ်လိမ့်မယ်..."

"နားလည်ပါပြီ"

ကျန်းရီသည် တည်ကြည်စွာ ခေါင်းညိတ်လိုက်ပြီး အံကြိတ်၍ ပြောလိုက်သည်။

"ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်၊ မြေခွေးလေးကို ရှာတွေ့မလား ဆိုတာကတော့ ကောင်းကင်ရဲ့ အလိုအတိုင်းပါပဲ"

*****

All Chapters