← Chapters

အခန်း (၁၅၆-၁၅၉)

Vol. 13 Ch. 156-159

အခန်း (၁၅၆-၁၅၉)

Vol. 13 Ch. 156-159

အပိုင်း (၁၅၆)။

“မင်းသားဟီချင်က စေ့စပ်သေချာတဲ့ ပင်ကိုယ်စရိုက်ရှိသူဆိုတာ တကယ်ကို မှန်တာပဲ။ သခင်ကျိုးက ကျောက်စိမ်းပုလွေကို ဘယ်လက်မှ ညာလက်သို့ လွှဲပြောင်းလိုက်ပါသည်။ သူ့ပုံစံက ပိုမိုခန့်ညားသွားပုံပေါ်သည်။ "ဟွာနွန်ယင်နဲ့ ဟွာနွန်းယွီတို့ ညီအစ်မနှစ်ယောက်ကို ချန်ပီယံမြို့စားဆီ လက်ဆောင်အဖြစ် ပို့ပေးတာက တကယ်ကို အချက်နှစ်ချက်ပါတဲ့ ဗျူဟာပဲ။ ပထမအချက်၊ သူ့ဘက်မှာ ကျွန်တော်တို့ရဲ့ လူနှစ်ယောက်ကို ထားရှိနိုင် မယ်။ ဒုတိယအနေနဲ့၊ သူ ငြင်းဆန်ဖို့ ခက်ခဲလိမ့်မယ်။ ညီအစ်မနှစ်ယောက်ကို သူ့နေရာမှာ ထားရှိခွင့်ပေးမှာလား။ သူမတို့က အသက်ရှင်နေတဲ့ လူတွေ ဆိုတော့ သတ်ပစ်လိုက်မှာလား။ သူ့ကို မထိန်းချုပ်နိုင်ရင်တောင် အချိန်မရွေး အသုံးဝင်တဲ့ သတင်းအချက်အလက်တွေ ရရှိနိုင်မယ်။"

"ဒါက သဘာဝပဲလေ။ ဟွာနွန်ယင်နဲ့ ဟွာနွန်းယွီတို့က ယောင်ချီဂိုဏ်းရဲ့ ပန်းလမင်းခန်းမရဲ့ ခန်းမသခင်မတွေ ဖြစ်တယ်။ သူမတို့ရဲ့ တာအိုပညာ ကျင့်ကြံမူက အတော်လေး နက်ရှိုင်းတယ်လို့ ကြားဖူးတယ်။ သူမတို့က မျက်စိနဲ့နားအဖြစ် ဆောင်ရွက်နိုင်ရင် ကောင်းမယ်။ ဒီမိန်းကလေး နှစ်ယောက်က နားခံမလားဆိုတာ မသိသေးဘူး။" မင်းသားဟီချင်က ဘေးနားက ထိုင်ခုံပေါ်မှ ကျောက်စိမ်းခွက်တစ်လုံးကို ကောက်ယူရင်း အတွင်းမှ အရည်ကို ညင်သာစွာ စုပ်သောက်လိုက်သည်။

ကျောက်စိမ်းခွက်အတွင်းမှ အရည်သည် နို့ဖြူရောင် ပျစ်ခဲနေသည်။ နို့ဖြစ်သော်လည်း ၎င်းသည် နွားနို့မဟုတ်သလို ဆိတ်နို့လည်း မဟုတ်ပေ။ လူနို့ ဖြစ်သည်။

ဒါက တော်ဝင်ချန်မင်းဆက်၏ မြင့်မြတ်သော မင်းမျိုးမင်းနွယ်တွေ ကြားမှာ ရေပန်းစားသည့် အဖျော်ယမကာ တစ်မျိုး ဖြစ်သည်။ အခြေခံအားဖြင့် မင်းသားများနှင့် မြို့စားစံအိမ်တွေမှာ နို့တိုက်မိခင်တွေ ရှိကြပြီး၊ မင်းသားတွေ မြို့စားတွေအတွက် နို့ ညှစ်ပေးကြသည်။

ဆိုရိုးစကားအရ "နို့သောက်ပြီး သင့်ခွန်အားရှိသမျှကို အသုံးပြုပါ။" ၎င်းသည် တော်ဝင်ချန်မင်းဆက်၏ မြင့်မြတ်သော မင်းမျိုးမင်းနွယ်တွေ အားလုံး ယုံကြည်ကြသည့် အယူအဆ ဖြစ်သည်။ လူတစ်ယောက်၏ နို့သောက်ချိန်က ထိုလူ၏ခန္ဓာကိုယ် ခွန်အားကို ဆုံးဖြတ်ပေးသည်ဟု ယုံကြည်ကြသည်။ နို့ကို အချိန်ကြာကြာ သောက်သုံးလေ ခန္ဓာကိုယ်က ကောင်းမွန်ပြီး ခွန်အားရှိလေဟု ယုံကြည်ကြသည်။ ထို့ကြောင့် မင်းဆက် တည်ထောင်ချိန်က တည်းက နို့တိုက်မိခင်တွေ မွေးမြူပြီး နို့သောက်သည့် အလေ့အထ ရေပန်းစားခဲ့သည်။

"ဒီမိန်းကလေး နှစ်ယောက်က နားထောင်ရမယ်လို့ ကျွန်တော် ကတိပြုပါတယ်။ မနားထောင်ရင် ကျွန်တော် နားထောင်အောင် လုပ်နိုင်ပါတယ်။" သခင်ကျိုးက ပြုံးလျက် ပြောသည်။ သူ့လက်ထဲမှာ ဝှက်ဖဲတစ်ချပ် ရှိနေပုံပေါ်သည်။

"သခင်ကျိုးရဲ့ နည်းလမ်းတွေ ငါ သိပါတယ်။ ဒါပေမယ့် အလွန်အကျွံ မလုပ်မိပါစေနဲ့။ ယောင်ချီဂိုဏ်းက ကျွန်တော်ကို ထောက်ခံနေတာ ဖြစ်တယ်။ ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့က ယောင်ချီဂိုဏ်းရဲ့ တပည့်တွေ ဖြစ်တယ်။ သူတို့ကို လုံးဝ စိတ်ပျက်သွားအောင် မလုပ်ပါနဲ့။" မင်းသားဟီချင်က ပြောသည်။

"မင်းသားက မိန်းမတွေကို ပျော့ညံ့စွာ ဆက်ဆံနေပြန်ပြီနော်။ ဒီအမျိုးသမီးနှစ်ယောက်က အပြင်လူတွေနဲ့ ပူးပေါင်း လုပ်ဆောင်ခဲ့တယ်။ မင်းသားရဲ့ တားမြစ်ချက်တွေကို ချိုးဖောက်ရုံတင်မက ယောင်ချီဂိုဏ်းရဲ့ တားမြစ်ချက်တွေကိုပါ ချိုးဖောက်ခဲ့တယ်။ မင်းသားက သူတို့ကို မဆက်ဆံရင်တောင် ယောင်ချီဂိုဏ်းက သူမတို့ကို ကိုယ်တိုင် ဆက်ဆံမှာပဲ။ ဒါပေမယ့် တစ်မျိုးပြောရရင် ဒီအမျိုးသမီး နှစ်ယောက်က တော်တော်လေး ဉာဏ်ရှိတဲ့ လူတွေပဲ။ ဘာလို့ သင်္ဘောတွေကို အဲ့ဒီလူ ဘာတဲ့။ သူ့နာမည်က ဘာပါလိမ့်။ ဟုန်ယွိ… ဟုန်ယွိဆိုတဲ့ လူကို ရောင်းခဲ့ရတာလဲ။" သခင်ကျိုးက တွေးဆရင်း ပြောသည်။

"ဟုန်ယွိ၊ ဟုန်ရွှန်ကျိရဲ့ တရားမဝင် သားတစ်ယောက်။ အသက်ဆယ့်ငါးနှစ် မတိုင်ခင်မှာ သူက မြို့စားဝူဝင်စံအိမ်မှာ နေခဲ့တယ်။ ဘာထူးချွန်မှုမှ မရှိခဲ့ဘူး။ ဒါကြောင့် ဟုန်ရွှန်ကျိက သူ့ကို ကိုယ်ခံပညာ သင်ယူခွင့် မပေးခဲ့ဘူး။ ဒါပေမယ့် ဒီနှစ်နွေဦးအစမှာ သူက ရုတ်တရက် ကမ္ဘာကြီးကို အံ့အား သင့်စေခဲ့တယ်။ ကျောက်စိမ်းမြို့တော် ခရိုင်စစ် စာမေးပွဲမှာ အောင်မြင်ခဲ့တယ်။ ပြီးတော့ စတုတ္ထအစ်ဆီ ခိုလှုံခဲ့ပြီး ပစိတ်ဖိတ်ရေတပ်မှာ ပါဝင်ခဲ့ တယ်။ ဧရာမဝေလငါးကျွန်းက ပင်လယ်ဓါးပြတွေ နှိမ်နင်းရာမှာ မျက်ခုံးစိမ်းကို သတ်ခဲ့ပြီး ကြီးမားတဲ့ ကမ္မကုသိုလ်ကြီးကို ဆောင်ရွက်ခဲ့တယ်။"

မင်းသားဟီချင်က ဟုန်ယွိ၏နောက်ခံကို စကားလုံးတစ်လုံးမှ မချန်ဘဲ စေ့စေ့စပ်စပ် ပြောဆိုသည်။ ဟုန်ယွိသည် မင်းသားဟီချင်လို ပုဂ္ဂိုလ်ကြီး တစ်ဦး၏ အာရုံကို မဆွဲဆောင်နိုင်လောက်အောင် သေးငယ်သော်လည်း မင်းသားဟီချင်က အရာအားလုံးကို သူ့နှလုံးသားမှာ မှတ်သားထားသည့်နှယ် ပင်။ သူသည် အလွန်တရာ တွက်ချက်တတ်သူ ဖြစ်သည်။ ကြီးကြီးငယ်ငယ် အရေးကြီးကြီး မကြီးကြီး အရာအားလုံး သူ့နှလုံးသားမှာ စနစ်တကျ ရှိနေသည်။

အထူးသဖြင့် သူ ထိုကဲ့သို့ ပြောဆိုနေသည့် အချိန်အခါမျိုးမှာ စာအုပ်တစ်အုပ်ကို လှန်နေသလို ခံစားရသည်။ ကမ္ဘာပေါ်မှာ သူ မသိသည့်အရာ မရှိဘူး ဟု ခံစားရစေသည်။

"အိုး။ ဧရာမဝေလငါးကျွန်းရဲ့ ကျွန်းသခင်သုံးယောက်၊ မျက်ခုံးဝါ၊ မျက်ခုံးစိမ်းနဲ့ ကောင်းကင်ဓားပညာရှင် ဂန်လင်း၊ သူတို့အားလုံးက ထိပ်တန်း ရှင်တန်သိုင်းသခင် ကျွမ်းကျင်သူတွေပဲ။ သူတို့လက်အောက်မှာ ပင်လယ်ဓါးပြ ထောင်ချီ ရှိတယ်။ ပတ်ဝန်းကျင် ငါးကီလိုမီတာ အချင်းဝက်ထဲက အဆိပ်ပိုးမွှားတွေ အားလုံးကို စုစည်းပြီး ရူးသွပ်စွာ ကိုက်ဖြတ်ခိုင်းနိုင်တယ်။ ဧရာမဝေလငါးကျွန်းမှာ အဆိပ်ပိုးမွှားတွေ ထောင်သောင်းချီ ရှိတယ်။ ဒါက သူ့ကို ပိုမို အဆင်ပြေစေတယ်။ သူ့စကားတစ်ခွန်းနဲ့တင် ပစိတ်ဖိတ်ရေတပ်ကို ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်စေနိုင်တယ်။ ဒါ့အပြင် ယွန်မင်နဲ့ သံမဏိနတ်ဆိုး လေးတပ်ဖွဲ့ဝင်တွေက သူ့ဘက်မှာ ရှိနေတယ်။ ဒီလိုအခြေအနေမှာ ဟုန်ယွိတစ်ယောက်တည်းနဲ့ ဘယ်လိုလုပ် သတ်နိုင်မှာလဲ။" သခင်ကျိုးက စပ်စုစွာ မေးသည်။

"သူက ဟုန်ရွှန်ကျိရဲ့ သားဆိုမှတော့ သူ့ကို လျှော့တွက်လို့ မရဘူး။" မင်းသားဟီချင်က "နို့" ကို ကျောက်စိမ်းခွက်ထဲသို့ ထည့်လိုက်ပါသည်။ "ဟုန်ရွှန်ကျိက အရမ်းအားကြီးတယ်။ သူနဲ့ပတ်သက်တဲ့လူ ဒါမှမဟုတ် အရာဝတ္ထု ဘာမဆို လျှော့တွက်လို့မရဘူး။"

မင်းသားဟီချင်၏ စကားကို တုံ့ပြန်စဉ်မှာ ရုတ်တရက် အနီရောင်ဝတ် မိန်းမစိုးတစ်ဦးသည် ပင်မတံခါးမှ ဝင်လာပြီး ငှက်တစ်ကောင်ကို ရင်ခွင်မှာ ပွေ့ချီလာသည်။

"မင်းသား၊ အရေးတကြီး စာ။"

ဒီအနီရောင်ဝတ်ရုံဝတ် မိန်းမစိုးက အက်ရှရှ အသံဖြင့် ပြောသည်။ သူ့ရင်ခွင်ထဲမှ ငှက်က ရွှေနက်ရောင် ဖြစ်သည်။ အမွေးတွေက အလွန်ချောမွေ့ပြီး သံမဏိဖြင့် ထုလုပ်ထားသည့်အလား ထင်မှတ်ရသည်။ ထို့အပြင် ထိုငှက်မှာ သွေးမတ္တမြားကဲ့ နီရဲနေသည့် မျက်လုံးတစ်စုံ ရှိသည်။ ဆွဲဆောင်မှုရှိသည့် ပုံစံ၊ ချိတ်သဖွယ် ကောက်တွေးနေသည့် နှုတ်သီးနှင့် ချွန်ထက်သည့် ခြေသည်းများ ရှိပြီး လူကို ကိုက်စားတော့မည့်အလား ခံစားရသည်။

ထိုထူးဆန်းသော ငှက်၏ ခြေထောက်မှာ စာတစ်စောင် ချည်နှောင်ထားသည်။

"ဘာကိစ္စက ဒီလောက် အရေးတကြီး ဖြစ်နေတာလဲ။ ရွှေဇီးကွက်နဲ့ အရေးတကြီး စာပို့ရလောက်အောင်။" မင်းသားဟီချင်က မျက်မှောင်ကြုတ်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုထူးဆန်းသည့် ငှက်က ချက်ချင်း သူ့လက်ဆီ ပျံလာသည်။ လက်ကို ဝှေ့ယမ်းလိုက်ရင်း စာကို ချလိုက်သည်။ "ဒီ ရွှေဇီးကွက်ကို ကျောက်စိမ်းယုန် တစ်ကောင်လုံး ကျွေးလိုက်ပါ။"

ထိုရွှေဇီးကွက်သည် ယွန်မင်မြက်ခင်းပြင်ဒေသ နက်ရှိုင်းသောအရပ်မှ နတ်ငှက်တစ်မျိုး ဖြစ်သည်။ ၎င်းသည် ရက်စက်ပြီး လင်းယုန်တွေကိုတောင် အမဲလိုက်ရဲသည်။ မြက်ခင်းပြင်မှ သေးငယ်သည့် ဝံပုလွေတွေတောင် သူ့အမဲလိုက်မှုကနေ မလွတ်နိုင်ပေ။ ထို့အပြင်, ၎င်းသည် ဉာဏ်ရည် ထက်မြက် ပြီး လေ့ကျင့်ပေးနိုင်သည်။ မြက်ခင်းပြင်မှ မင်းမျိုးမင်းနွယ်ကြီးတွေ အားလုံး ရန်သူကို ထောက်လှမ်းဖို့နှင့် အမဲလိုက်ဖို့တွက် မွေးမြူကြသည်။

ပို၍အံ့သြစရာ ကောင်းသည်မှာ ထိုရွှေဇီးကွက်သည် လူများ၏ လေ့ကျင့်သင်ကြားပေးမူဖြင့် ကျွမ်းကျင်သူများ၏ လေးနှင့် မြှားတွေကိုတောင် ရှောင်ရှားနိုင်သည်။ ထို့အပြင် ၎င်းသည် ပျံသန်းရာ၌ လျှပ်စီးလက်သလို အလွန်မြန်ဆန်သည်။ ရန်သူ၏ စာပို့ငှက်တွေကို ကောင်းကင်မှာ အမဲလိုက် နိုင်ပြီး ရန်သူကို စာမပို့နိုင်အောင် လုပ်ဆောင်နိုင်သည်။ ကောင်းစွာ လေ့ကျင့်ထားသည့် ရွှေဇီးကွက် တစ်ကောင်သည် အလွန် တန်ဖိုးရှိသည်။ ၎င်းသည် မြက်ခင်းပြင်ဒေသတွင် ခြင်္သေ့ဘုရင်သည့် ညီမျှသည် နတ်ငှက်သတ္တဝါ တစ်မျိုး ဖြစ်သည်။ ငွေဒင်္ဂါးတစ်သိန်း သို့မဟုတ် နွားနှင့်သို့း အကောင်တစ်ထောင်နှင့်ပင် မဝယ်နိုင်ပေ။

အများအားဖြင့် ရွှေဇီးကွက်ကို အလွန်တရာ အရေးကြီးသည့် စာပို့ရန်အတွက်သာ အသုံးပြုကြသည်။

"မင်းသား….၊ ဘယ်လို အရေးကြီး စာပါလိမ့်။" သခင်ကျိုးက မင်းသားဟီချင်၏ မျက်နှာအမူအရာက ထူးဆန်းနေသည်ကို မြင်လိုက်သည်။

“ဟွာနွန်ယင်နဲ့ ဟွာနွန်းယွီတို့ကို စောင့်ရှောက်ခေါ်လာတဲ့ ယာဉ်တန်း ကြားဖြတ် တိုက်ခိုက်ခံလိုက်ရတယ်။" မင်းသားဟီချင်က လှောင်ရယ်လိုက် သည်။ "သူတို့ ရဲတင်းလွန်းတယ် ..."

"ဘယ်လိုလုပ် ကြားဖြတ် တိုက်ခိုက်ခံရတာလဲ။ ဘယ်သူ လုပ်ခဲ့တာလဲ။ သခင်ဖန်း၊ သခင်မဝမ်နဲ့ အကြီးအကဲရှန်လို့ လိုက်ပါသွားကြတယ်လေ။ ဒီ ကျွမ်းကျင်သူ သုံးယောက်က စစ်သည်နဲ့ မြင်းတပ်သား ထောင်ချီ ရှိနေရင်တောင် လာချင်သလိုလာ သွားချင်သလို ထွက်သွားနိုင်တယ်။ ဒါ့အပြင်, သခင်မလေးယွဲ့ရူလည်း လိုက်ပါခဲ့သေးတယ်။ အိမ်ရှေ့စံမင်းသားရဲ့ လုပ်ရပ်များလား။" သခင်ကျိုးက မျက်မှောင်ကြုတ်လိုက်သည်။

တချိန်တုန်းက မင်းသားဟီချင်သည် သူ့လူတွေကို စေလွှတ်ပြီး အိမ်ရှေ့စံမင်းသား၏ အဆင့်မြင့် အရာရှိကြီးတစ်ဦးကို တားဆီးခဲ့ဖူးသည်။ နှစ်ဘက် အင်အား ပြိုင်ဆိုင်နေကြချိန်မှာ တစ်ယောက်နှင့် တစ်ယောက် ဖျက်ဆီး ဆန့်ကျင်ကြသည်မှာ မထူးဆန်းပေ။ အခု မင်းသားဟီချင်၏ ယာဉ်တန်း ပြဿနာ ဖြစ်လာတော့ ပထမဆုံး တွေးမိသူက သဘာဝအတိုင်း အိမ်ရှေ့စံမင်းသား ဖြစ်သည်။

"အိမ်ရှေ့စံမင်းသား မဟုတ်ဘူး။" မင်းသားဟီချင်က ပြောသည်။ "ဘယ်သူလဲဆိုတာ မင်း မသိချင်ဘူးလား…။"

"ဘယ်သူလဲ။" သခင်ကျိုးက ပုလွေကို ဖြောင့်မတ်လိုက်သည်။

"ဟုန်ယွိပဲ။" မင်းသားဟီချင်က ရယ်လိုက်သည်။ အခုလိုအရာမျိုး ဖြစ်ပျက်နေချိန်မှာပင် မင်းသားက ရယ်မောနိုင်သည်။ ယင်းက သူ့ဉာဏ်ပညာ မည်မျှ ကြီးမားသည်ကို ပြသနေသည်။

"မဖြစ်နိုင်ဘူး။" သခင်ကျိုးသည် သူ့လက်ထဲက ပုလွေကို ကြေမွလုနီးပါး ဆုပ်လိုက်သည်။

"ဒီစာက ယွဲ့ရူကိုယ်တိုင် ရေးတဲ့စာပဲ။ ဟုန်ယွိရဲ့ စာမဟုတ်ဘူး။ သူနဲ့အတူ ရှင်တန်သိုင်းသခင် ကျွမ်းကျင်သူ နှစ်ယောက် ပါတယ်။ တစ်ယောက်က ဒေါသထန်ပြင်း မဟာအုပ်ထိန်းသူ လီလဲ့ပဲ။ စစ်ဘက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ကြေညာချက်ကိုလည်း ငါ ဖတ်ကြည့်ပြီးပြီ။ ငါ သိခဲ့တယ်။ ဝေလဲ့နဲ့အတူ ကျွမ်းကျင်သူတွေ အများကြီး ရှိနေတာ သူ ဘယ်လိုသတ်ခံရမှာလဲ။ ငါ သေချာပြောနိုင်တယ်။ ဒီကိစ္စကို ဟုန်ယွိ လုပ်ခဲ့တယ်ဆိုတာ။"

"ဟုန်ယွိ ဘယ်လောက်ပဲ စွမ်းနေပါစေ, ယွဲ့ရူနဲ့ ကျွမ်းကျင်သူ သုံးယောက် ရှိနေတာလေ။ သူက ဟွာနွန်ယင်နဲ့ ဟွာနွန်းယွီတို့ကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။"

"သေချာပေါက် မဖြစ်နိုင်ဘူးပေါ့။ ဒါပေမယ့် ရွှေပင့်ကူဘုရင် ရှိနေရင် မတူတော့ဘူး။"

မင်းသားဟီချင်က စာကို လက်ချောင်း နှစ်ချောင်းကြားမှာ ညှပ်ပြီး ကိုင်ထားလိုက်သည်။ လက်ချောင်းများက တစ်ချက်လှုပ်ခါသွားသည်နှင့် စာက ချွန်ထက်သော ဓားတစ်ချောင်းကဲ့သို့ သခင်ကျိုးဆီ ပျံသန်းသွားခဲ့သည်။ သခင်ကျိုးက စာကို လက်ဖြင့် ဖမ်းကာ ကြည့်လိုက်ပြီးနောက် အရာအားလုံး နားလည်သွားသည်။

စာထဲမှာ "ရွှေပင့်ကူဘုရင်က ပတ်ဝန်းကျင်မှာ ပုန်းနေတယ်။ ဒါကြောင့် တခြားလူတွေကို သူမ ဂရုမစိုက်နိုင်ဘူး ..." ဟု ရေးထားသည်။

စာပို့လိုက်သည့် လူက ယောင်ယွဲ့ရူ ဖြစ်သည်။

"ဒီဟုန်ယွိကို လျှော့တွက်လို့မရတော့ဘူး။ သူက မင်းသားယုရဲ့ ညာလက်ရုံး ဖြစ်လာခဲ့ပြီ။ မင်းသား၊ ကျွန်တော် တစ်ယောက်တည်း ပစိတ်ဖိတ် ရေတပ် ဌာန ချုပ်ကို သွားပြီး ဒီဟုန်ယွိက ဘယ်လိုလူမျိုးလဲဆိုတာ ကြည့်လိုက်ဦးမယ်။ အခွင့်အရေး ရှိရင် သူ့စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်မယ်။ ကျွန်တော်မှာ သူ့ကို အရူးဖြစ်အောင် လုပ်နိုင်တဲ့ နည်းလမ်းရာချီ ရှိပါတယ်။"

သခင်ကျိုးက ချက်ချင်းပင် သူ့ကျောကို ဆန့်လိုက်ပါသည်။ သူ့မျက်လုံးတွေက တစ္ဆေမီးတောက်နှစ်ခု ကဲ့သို့ စိမ်းပြာရောင် ပြောင်းသွားခဲ့ပါသည်။

"အင်း၊ မင်းရဲ့စွမ်းရည်တွေကို ငါ ယုံကြည်တယ်။ တစ်ယောက်ယောက် ခေါ်သွားဦးမလား။" မင်းသားဟီချင်က မေးသည်။

"မလိုဘူး။ လူ အများကြီး ခေါ်သွားရင် ပြဿနာများတယ်။ ဒါ့အပြင်, တကယ်လို့ ရွှေပင့်ကူဘုရင် တကယ်ရှိနေရင် လူဘယ်လောက်များများ အသုံးမဝင်ဘူး။" သခင်ကျိုးသည် ခြေတစ်လှမ်း လှမ်းလိုက်ရင်း ခန်းမထဲက ပျောက်ကွယ်သွားသည်။ သူ့ဘေးနားက မိန်းမစိုးတောင် သူ ဘယ်လို ထွက်ခွာသွားလဲ မသိလိုက်ပေ။

...

"မကြာသေးခင်က ငါဟာ သိပ်ကို ထင်ပေါ် ကျော်ကြားသွားခဲ့တယ်။ အရင်ဆုံး, ဝေလဲ့ကို သတ်ခဲ့တယ်။ ဒုတိယ မင်းသားဟီချင်ရဲ့ ယာဉ်တန်းကို လုယက်ခဲ့တယ်။ ဒီနှစ်ခုစလုံးက သိပ်ကိုကြီးမားတဲ့ ဖြစ်ရပ်တွေပဲ။ မရေမတွက်နိုင်တဲ့ လူတွေရဲ့ စိတ်အာရုံကို ဆွဲဆောင်နိုင်မှာ သေချာတယ်။ ငါ အခု အားမနည်းရင်တောင် သိပ်ကို ပေါ်လွင်ထင်ရှားလွန်းနေရင် အဆုံးမဲ့ဒုက္ခ, တိုက်ခိုက်မှုတွေ ခံရမှာ စိုးရတယ်။"

ပင်လယ်လေညင်းက တိုက်ခတ်နေသည်။ ပင်လယ်ရေ မျက်နှာပြင်ပေါ်မှာ စစ်သင်္ဘောများနှင့် သင်္ဘောကြီးတွေက အပြန်အလှန် ခုတ်မောင်းလျက် ရှိသည်။ ဝတ်စုံရှည်များကို ဝတ်ဆင်ထားပြီး လေး၊ မြှား၊ ဓား၊ လှံတွေ ကိုင်ဆောင်ထားကြသည့် စစ်သည်များသည် ကမ္ဘာကြီး တုန်ခါစေလောက် သည့် တိုက်ပွဲဟစ်ကြွေးသံဖြင့် ဟစ်ကြွေးနေကြပါသည်။

ထိုနေရာက ဟုန်ယွိ၏ ရေတပ်စခန်း လေ့ကျင့်ရေးတပ် ဖြစ်သည်။

ဟုန်ယွိသည် တပ်ရင်း ငါးရင်းကို ကွပ်ကဲရသည်။ သူ့လက်အောက်မှာ စစ်သင်္ဘော ရာချီ၊ ကင်းလှည့် သင်္ဘောရာချီရှိပြီး၊ လူငါးရာဆန့်သည့် အလံတင် သင်္ဘောကြီးတစ်စင်းကိုလည်း ကွပ်ကဲရသည်။ ထိုအင်အားက ပင်လယ်ပြင်ပေါ်မှာ သေးငယ်သည့် အင်အား မဟုတ်ပေ။ ပင်လယ်ဓါးပြအဖွဲ့ငယ် အားလုံးကို ရှင်းလင်းသုတ်သင်ပစ်ရန် လုံလောက်သည်။

ဟုန်ယွိက အလံတင်သင်္ဘောပေါ်မှာ ရပ်နေပြီး၊ သူ့ခွန်အားကို မည်သို့မည်ပုံ ဖုံးကွယ်ပြီး အချိန်ကို စောင့်ဆိုင်းရမလဲဆိုသည်ကို တွေးတောနေပါသည်။

မကြာသေးခင်က သူသည် ကြီးမားသည့် ဖြစ်ရပ်ကြီးနှစ်ခုကို လုပ်ဆောင်ခဲ့ပါသည်။ တစ်ခုက ဝေလဲ့ကို သတ်ဖြတ်ခြင်း ဖြစ်ပြီး၊ နောက်တစ်ခုက မင်းသား ဟီချင်၏ ယာဉ်တန်းကို လုယက်ခြင်း ဖြစ်သည်။ ထိုကိစ္စနှစ်ခုစလုံးက ကမ္ဘာကြီးကို တုန်လှုပ်စေသည့် အရာများ ဖြစ်ကြပါသည်။ သူကိုယ်သူ့တောင် ထင်ရှားလွန်းနေသည်ဟု ခံစားရသည်။

သို့သော်, သူသည် ထိုကိစ္စနှစ်ခုစလုံးကို မလုပ်မဖြစ် အတင်းကြပ် လုပ်ဆောင်ခဲ့ရခြင်း ဖြစ်ပါသည်။ သူ မလုပ်၍ မဖြစ်ပေ။ အကယ်၍, သူ ဝေလဲ့ကို မသတ်လျှင်, သူ သတ်ခံရမည်။ အကယ်၍, သူသည် ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့ကို မကယ်ခဲ့ဘူးဆိုလျှင်, သူ့အတွေးတွေက ချောမွေ့တော့မည် မဟုတ်တော့မည် မဟုတ်တော့ပေ။ သူ၏စိတ်ဝိညာဉ်က မြူခိုးများဖြင့် ဖုံးလွှမ်းနေလိမ့်မည်။ ထိုသို့ဖြစ်လျှင်, သူ့တာအိုပညာ ကျင့်ကြံမူသည် မည်သည့်အခါမှ တိုးတက်တော့မည် မဟုတ်ပေ။

ဤကိစ္စနှစ်ရပ် ပြီးစီးသွားသောအခါ, သူ့စိတ်က တည်ငြိမ်သွားခဲ့သည်။ သူသည် ယန်ကျန်းကို လှည့်စားပြီး ဆွဲဆောင်နိုင်ခဲ့သည်။ ပစိတ်ရေတပ်မှာ, သူ့ခွန်အားကို ဖုံးကွယ်ပြီး စုဆောင်းဖို့ အကောင်းဆုံး အချိန် ဖြစ်သည်။

လက်ရှိ အခြေအနေနှင့် ပတ်သက်ပြီး ဟုန်ယွိသည် အမြဲတစေ စေ့စေ့စပ်စပ် ခွဲခြမ်း စိတ်ဖြာသည်။

"ဒါပေမယ့် မကြာသေးခင်က ငါ ကောင်းတဲ့အရာ တစ်ခုကို လုပ်နိုင်ခဲ့တယ်။ သူ့စိတ်ဝိညာဉ်ကို တစ်နေ့လုံး ဆင်ခြင်ပြီး အဆင့်ဖြတ်ကျော်ဖို့ ကြိုးစားနေတဲ့ သခင်ဒွမ်လည်း ငါ့ပတ်ဝန်းကျင်မှာ သရဲ တစ္ဆေလို တွယ်ကပ်မနေတော့ဘူး။ ဒါပေမယ့် ဒီသွေးငါးမန်းအစောင့်တွေနဲ့ ဝေလငါးသတ် အသေခံ တပ်သားတွေက တကယ် ပြဿနာကောင်တွေပဲ။ သူတို့က ငါ့ကိုယ်ပိုင် စစ်သည်တွေလို့ အတင်း ပြောနေကြတယ်။ ငါ အခု သူတို့ကို မောင်းမထုတ်နိုင်တော့ဘူး။ ငါ့ခွန်အားကို တိုးမြှင့်ချင်ပေမယ့်, သူတို့ရှေ့မှာ လုပ်လို့မရဘူး။ မဟုတ်ရင် ငါရဲ့လှုပ်ရှားမှု တစ်ခုစီတိုင်းက ယန်ကျန်းရဲ့နားထဲ ရောက်သွားလိမ့်မယ်။"

သူသည် သူ့နောက်မှာ သပ်ရပ်စွာ ရပ်နေသည့် ငွေရောင်ဝတ်ရုံနှင့် မျက်နှာဖုံးတပ်ထားသည့် ဝေလငါး သတ် အသေခံတပ်သားများကို ကြည့်ရင်း ဟုန်ယွိသည် အလွန် စိတ်မသက်မသာ ခံစားရသည်။

ယခုအချိန်မှာ, ဤလူများသည် သူ့ကို ကာကွယ်ပေးနေကြပြီး၊ သူကိုယ်ပိုင် စစ်သည်များ အဖြစ် တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ကြလိမ့်မည်။ သို့သော် အခြေအနေ ပြောင်းသွားသည်နှင့် သူတို့ဓားတွေက ချက်ချင်းဆိုသလို သူ့လည်ပင်းပေါ် တင်ကြလိမ့်မည်။

ဟုန်ယွိသည် တွေးတောလေ ထိုလူများသည် သူ့မျက်စိတွင် ဆူးတွေဖြစ်လေဟု ခံစားရသည်။ သူတို့စိတ်ဝိညာဉ်တွေကို စုပ်ယူပြီး၊ ဝိညာဉ်ဝဲဂယက် ဖြင့် ကြိတ်မွှေပစ်ချင်စိတ်ပင် ဖြစ်ပေါ်လာသည်။

သူသည် လျှို့ဝှက်ယင်ဝိညာဉ် သတ်ဖြတ်ခြင်းနှင့် စိတ်ဝိညာဉ်စုပ်ယူခြင်း နည်းလမ်းကို ကျွမ်းကျင်ခဲ့ ပြီး၊ ဖြူစက်ပင်လယ်မြွေ တစ်ကောင်ကို သတ်ဖြတ်ခဲ့သော်လည်း လူတစ်ဦးတစ်ယောက်ကိုမှ မသတ်ဖြတ်ရသေးပေ။

ဟုန်ယွိသည် သဘာဝအတိုင်း ထိန်းချုပ်ခံရခြင်း သို့မဟုတ် စောင့်ကြည့်ခံရခြင်းမျိုးကို မကြိုက်ပေ။ ယန်ကျန်း၏ လုပ်ရပ်တွေက သူ့စိတ်နှလုံးထဲက ကြီးမားသည့် တားမြစ်ချက်ကို ချိုးဖောက်နေခဲ့သည်။

"မုကလေး၊ ထိုက်ဇူ၊ ချန်ဇီယန်၊ လီလဲ့၊ ဝန်ဖေးရန်၊ အကြီးအကဲရှန်၊ ပျံသန်းနေတဲ့ သွေးတစက်၊ သူတို့အားလုံး နောက်တစ်အဆင့်ကို ချိုးဖြတ် ဝင်ရောက်ဖို့ တရားထိုင်နေကြတယ်။ တကယ်လို့, သူတို့သာ အဆင့်ဖြတ်ကျော်နိုင်ခဲ့ရင်, ငါရဲ့ စုစုပေါင်း အင်အားက ချက်ချင်း နောက်တစ်အဆင့် အထိ ခုန်တက်သွားလိမ့်မယ်။ ဒီလူတွေ ငါ့ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်တော့ဘူး။"

နေဝင်ရီတရောအချိန် နီးကပ်လာသည်နှင့် ရေတပ်လေ့ကျင့်ရေး အဆုံးသတ်ခါနီးတွင်, ဟုန်ယွိသည် သူ့အစစ်မှန် ခွန်အားကို ဖုံးကွယ်ပြီး၊ အာရုံစူးစိုက်ခံရမူတွေကို ရှောင်ရှားကာ အချိန်ကောင်းကို မည်သို့မည်ပုံ စောင့်ဆိုင်းရမည်ကို မတွေးနိုင်သေးပေ။

"ပြန်ဆုတ်မယ်။ စခန်း ပြန်ကြစို့။" ဟုန်ယွိက အမိန့်ပေးလိုက်ရင်း အလံတင်သင်္ဘောပေါ်မှ သံခေါင်းလောင်းကြီးက ကျယ်လောင်စွာ မြည်ဟီးသွားပါ သည်။ ထို့နောက် သင်္ဘောတွေက တစ်စင်းပြီးတစ်စင်း သပ်ရပ်စွာ စုရုံးပြီး အလံတင်သင်္ဘောကို ကာကွယ်ရင်း ကမ်းခြေဆိပ်ကမ်းသို့ ဆိုက်ကပ်သွားကြ သည်။

မကြာခင် ရေတပ်စစ်သည် ထောင်ချီသည် သင်္ဘောတွေကို တည်ငြိမ်စွာ ထားပြီး စနစ်တကျ လျှောက်လှမ်းကာ စခန်းဆီသို့ ချီတက်လာကြသည်။ သူတို့၏ ကိုယ်ပိုင်တပ်စခန်းအသီးသီးသို့ ပြန်ရောက်ပြီးနောက် စားသောက်ရင်း အနားယူ ကြပါသည်။ ဤသည်မှာ သူတို့၏ ရိုးရှင်းသော နေ့စဉ်ဘဝ ဖြတ်သန်းမူ ဖြစ်သည်။

"ဗိုလ်ကြီး…၊ စခန်း ပြန်ကြပါစို့။" သွေးငါးမန်းအစောင့် ခေါင်းဆောင်က လာပြီး ပြောသည်။

"မင်းတို့ အရင် ပြန်ကြ။ ငါ ကမ်းခြေမှာ လမ်းလျှောက်ဦးမယ်။" ဟုန်ယွိ၏ မျက်လုံးတွေက လင်းလက်သွားပါသည်။

"ကျွန်တော်တို့ကို ဗိုလ်ချုပ်ကြီးက ဗိုလ်ကြီးကို ကာကွယ်ဖို့ စေလွှတ်ထားတယ်။ ဝေတိုင်ကန်ရဲ့ အသေခံစစ်သည်တွေ စခန်းပတ်ဝန်းကျင်မှာ လှုပ်ရှား နေကြတယ်။" သွေးငါးမန်းအစောင့် ခေါင်းဆောင်က ပြောသည်။ "ကျွန်တော်တို့ ဗိုလ်ကြီးအနီးကနေ ခြေတစ်လှမ်းမှ မခွာဘဲ ရှိနေရမယ်။"

"မင်းတို့ရဲ့အတွေးတွေကို ငါ လေးစားပါတယ်…"

ဟုန်ယွိက ထိုလူတွေကို ဂရုမစိုက်တော့ပေ။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ရင်း ကမ်းခြေသို့ ခြေတစ်လှမ်းချင်း လှမ်းကာ ထွက်လာခဲ့သည်။

ကောင်းကင်ကြီးက တဖြည်းဖြည်း မည်းမှောင်လာပြီး ကမ်းခြေမှာ ရှားပါးသည့် ငြိမ်သက်မူမျိုး ရှိလာသည်။ တစ်ယောက်တည်း တိတ်ဆိတ် ငြိမ်သက်စွာ နေပြီး တွေးတောရန် အလွန် သင့်တော်ပါသည်။ သွေးငါးမန်းအစောင့် ၄၉ ယောက်နှင့် ဝေလငါးသတ် အသေခံတပ်သား ကိုးယောက် သည် ဟုန်ယွိ၏ အတွေးများကို သိနေသည့်အလား ချက်ချင်းပင် အသံမထွက်ဘဲ သူနှင့် ခပ်ခွာခွာတွင် ရှိနေကြသည်။

ဟုန်ယွိက ခေါင်းညိတ်လိုက်ပါသည်။ ထိုစစ်သည်များသည် လျှို့ဝှက်စောင့်ကြည့်လိုသည့် ရည်ရွယ်ချက် ရှိနေသော်လည်း သူတို့၏ စိတ်သဘောထား တွေက လေးစားထိုက်ပါသည်။ သူတို့သည် ကျိုးဟန်ကဲ့သို့ မာန်မာနကြီးပြီး ရက်စက်ကြမ်းကြုတ်မှုမျိုး မရှိပေ။ ထိုသို့မဟုတ်လျှင် ဟုန်ယွိက သူတို့ကို လွန်ခဲ့သည့် အချိန်ကာလကတည်းက သတ်ပစ်မိမှာ သေချာပါသည်။

ကမ်းခြေမှာ လျှောက်လှမ်းနေရင်း ဟုန်ယွိသည် နူးညံ့သည့် သဲပွင့်လေးများကို တစ်လှမ်းပြီးတစ်လှမ်း လမ်းလျှောက်ရင်း ခံစားနေမိသည်။ သူ၏ အကြားအာရုံနှင့်စိတ်က အပြည့်အဝ ပွင့်နေခဲ့ပြီး ချက်ချင်းဆိုသလို တောအုပ်ထဲက အင်းဆက်များ၏ အော်ဟစ်သံ၊ ကြွက်နှင့် သေးငယ်သော ပိုးမွှား တိရစ္ဆာန်လေးများ၏ တွားသွားသံတွေ အားလုံးက သူ့နားထဲ ဝင်ရောက်လာပါသည်။

ထိုအသံများဖြင့် ထင်ဟပ်နေသည့် ပုံရိပ်များက ဟုန်ယွိ၏ နတ်ဘုရား စိတ်ဝိညာဉ်မှာ တစ်ခုပြီး တစ်ခု ထင်ပေါ်လာပါသည်။

ဟုန်ယွိသည် အသံအမျိုးစုံကို ကြားပြီးနောက် မြက်ခင်းပြင်နှင့် မြေပြင်ပေါ်မှာ တွားသွားနေသည့် တိရစ္ဆာန်များ၏ ပုံရိပ်များကို အသံနှင့်အတူ မျက်စိဖြင့် မြင်တွေ့နေသလို ခံစားနေရသည်။

သူ့အကြားအာရုံနှင့်အတူ, ဟုန်ယွိသည် သူနှင့် ခြေလှမ်းနှစ်ဆယ်လောက် ဝေးသည့် သဲပုံလေးတစ်ခုမှာ ကဏန်းတစ်ကောင်သည် တူးဆွရင်း ပူဖောင်းတွေ ထွေးထုတ်နေသည်ကို သူ့မျက်စိရှေ့မှာ လှုပ်ရှားနေသည့်အလား ခံစားလာရသည်။

"ဒါ နတ်ဘုရား စိတ်ဝိညာဉ်က သိမ်းပိုက်ခြင်းနယ်ပယ်ကို ဝင်ရောက်ပြီးမှ မြင်တွေ့နိုင်တဲ့ မြင်ကွင်းတစ်ခုပဲ။"

ဟုန်ယွိ ပျော်ရွှင်သွားသည်။ သူ သိလိုက်ပြီ။ အခုလို စိတ်ဖြင့် ခံစားသိမြင်နိုင်ခြင်းသည် ခန္ဓာကိုယ် သိမ်းပိုက်ခြင်းနယ်ပယ်ကို ချိုးဖြတ်ဝင်ရောက်ပြီး နောက်မှ မြင်တွေ့နိုင်သည့် မြင်ကွင်း ဖြစ်သည်။ အတားအဆီးတွေကို ချိုးဖြတ်ပြီး၊ ခက်ခဲကြမ်းတမ်းစွာ ကျင့်ကြံပြီးနောက်, သူသည် နောက်ဆုံးတွင် သိမ်းပိုက်ခြင်းနယ်ပယ်ထဲသို့ ဝင်ရောက်လာခဲ့ပြီ။

"သိမ်းပိုက်ခြင်းအဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်သွားနောက်, ငါ တိတ်တဆိတ် ထိုင်ပြီး၊ ငါ့စိတ်ကို ဆယ်ပေအချင်းဝက်အတွင်း ထူထပ်စွာ ဖြန့်ကျက်နိုင်ပြီ။ ဘယ်လိုလုပ်ကြံမူမျိုး ဒါမှမဟုတ် နှောက်ယှက်မှုမျိုးကိုမှ ကြောက်စရာမလိုတော့ဘူး။" ဟုန်ယွိသည် သိမ်းပိုက်ခြင်းအဆင့်၏ အကျိုးကျေးဇူးများကို သိရှိထားပါသည်။

"သခင်လေး ယွိ….။ ဒီအစေခံအိုကြီးက ဒီမှာ သခင်လေးကို စောင့်နေတာ ကြာလှပြီ။"

ရုတ်တရက် ပေါ့ပေါ့ပါးပါး ချောင်းဟန့်သံ တစ်ချက်က ဟုန်ယွိ၏ စိတ်ဝိညာဉ်ဖြင့် ကြည့်ရူနေသည့် အခြေအနေမှ နိုးထလာစေပါသည်။

"ဘယ်သူလဲ။" ဟုန်ယွိသည် သူ့စိတ်ဝိညာဉ်အာရုံကို ရုတ်သိမ်းပြီး ရှေ့ကို ကြည့်လိုက်သည်။ ခြေလှမ်းနှစ်ဆယ်လောက် ဝေးသည့် သဲပုံလေးနောက် မှာ အနက်ရောင်ဝတ် အဖိုးအိုတစ်ယောက် ရပ်နေပါသည်။

“ဝူအိမ်တော်ထိန်း။"

ဟုန်ယွိက ခေါင်းမော့ပြီး သက်ပြင်းရှည်ကြီး ချလိုက်ပါသည်။ သူ့ စိတ်ဝိညာဉ်ကို မြှင့်တင်လိုက်သည်။

အပိုင်း (၁၅၇)။

ဤတစ်ကြိမ်တွင် ဟုန်ယွိသည် သူ့နှလုံးသားထဲမှာ အမှန်ပင် အတော်လေး ထိတ်လန့်သွားခဲ့သည်။ သူ ထိတ်လန့်ရသည့် အကြောင်းရင်းမှာ အခြား တစ်စုံတစ်ရာကြောင့် မဟုတ်ပေ။ သူသည် သူ၏စိတ်ဝိညာဉ်အာရုံဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရူစစ်ဆေးနေစဉ်, သဲပုံအတွင်းရှိ ကဏန်းများ၊ ပင်လယ် ကမ်းစပ်ရှိ တောအုပ်ထဲက ကြွက်များ၊ ဆောင်းရာသီ အင်းဆက်ပိုးမွှားများကိုပင် ရှင်းလင်းစွာ မြင်နိုင်ခဲ့သည်။ သူ့စိတ်ဝိညာဉ်အာရုံကနေ မည်သည့် အရာမှ လွတ်မသွားခဲ့ပေ။ သို့သော် ယခုအခါ သဲပုံသေးသေးလေးနောက်တွင် ဝူအိမ်တော်ထိန်း အဖိုးကြီး ရပ်နေသည်။ သူ၏စိတ်ဝိညာဉ်အာရုံဖြင့် ကြည့်ရူရာတွင် ထိုလူကို လုံးဝ မမြင်နိုင်ခဲ့ပေ။ ထိုလူမရှိသည့်နှယ် ဖြစ်နေသည်။

သူသည် သဲပုံထဲက ကဏန်းတစ်ကောင်ကိုပင် မြင်နိုင်ခဲ့သော်လည်း၊ သဲပုံနောက်ကွယ်ရှိ အသက်ရှိ လူတစ်ဦးကို မမြင်နိုင်ခဲ့ပေ။ ဤအခြေအနေသည် အမှန်တကယ်ပင် ထူးဆန်းလွန်းသည်။

ချက်ချင်းဆိုသလို ဟုန်ယွိသည် သူ့မျက်လုံးများကို ပြန်မှိတ်လိုက်ပြီး စိတ်ဝိညာဉ်အာရုံဖြင့် ထပ်မံ စစ်ဆေးကြည့်သည်။ သဲပုံနောက်တွင် ဝူအိမ်တော်ထိန်း၏ အသံ၊ အသက်ရှူသံ၊ ပုံရိပ်၊ အငွေ့အသက် တစ်စုံတစ်ရာမျှ ရှိမနေခဲ့ပေ။ သို့သော် သူ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ဝူအိမ်တော်ထိန်းသည် အသက်ရှင်လျက် ခြေလှမ်းနှစ်ဆယ် အကွာတွင် ရပ်နေဆဲ ဖြစ်သည်။

ဤအခိုက်အတန့်တွင် ဟုန်ယွိသည် မိုက်မဲသူတစ်ဦး ဖြစ်နေခဲ့လျှင်ပင်၊ ဝူအိမ်တော်ထိန်း၏ စွမ်းအားသည် ထူးခြားပြီး မှော်ဆန်လွန်းသည်ဟု နားလည်နိုင်ပါသည်။ သူ၏အငွေ့အသက်သည် ပတ်ဝန်းကျင်နှင့် အပြည့်အဝ ပေါင်းစပ်နေပြီး၊ သူ၏အသက်စွမ်းအား အားလုံးကို ဖုံးကွယ်ထားသည်။

"သခင်လေးယွိ၊ သခင်လေးက တာအိုပညာရပ်မှာ တကယ်ကို ထူးချွန်ပါတယ်။ သခင်လေးက စိတ်ဝိညာဉ်ကို အခွံထဲကနေ ထွက်ခွာစရာတောင် မလိုအပ်တော့ဘဲ, စိတ်ဝိညာဉ်အာရုံနဲ့ ပတ်ဝန်းကျင်ကို တိုက်ရိုက် စစ်ဆေးနိုင်ပြီး၊ သက်ရှိအားလုံးရဲ့ အသက်စွမ်းအင်ကို ခံယူကာ၊ စိတ်ဝိညာဉ်ထံ ပြန်လည်ပို့ဆောင်ပြီး၊ မျက်စိနဲ့ မြင်တွေ့နေရတဲ့အလား ပုံရိပ်တစ်ခုစီတိုင်းကို ကြည့်ရူနိုင်နေပြီ။ ဒီလို တာအိုပညာရပ်မျိုးက စိတ်ဝိညာဉ်ကို အဆင့်မြင့် အဆင့်အထိ ကျင့်ကြံထားပြီး သိမ်းပိုက်ခြင်းအဆင့်ကို ရောက်ရှိမှ ရရှိနိုင်တဲ့ စွမ်းရည်တစ်ခုပဲ။ သခင်လေး ယွိ၊ သခင်လေးက တစ္ဆေအင်မော်တယ် အဆင့်ကို ရောက်ဖို့ အနည်းငယ်ပဲ လိုတော့တယ်..." ဝူအိမ်တော်ထိန်း အဖိုးအို၏အသံက ဟုန်ယွိ၏ နားထဲသို့ ဝင်ရောက်လာပါသည်။ အသံက အလွန်နူးညံ့သိမ်မွေ့သော်လည်း၊ ထိုနူးညံ့မှုထဲတွင် လူကို အားမရှိသလို ခံစားရစေသည့် ပင်ပန်းနွမ်းနယ်မှုတစ်ခုက နက်ရှိုင်းစွာ ပါဝင်နေသည်။

"နဂိုက ကျွန်တော် ထင်ခဲ့တာက သခင်လေးယွိဟာ ကိုယ်ခံပညာကို နည်းနည်းပါးပါး လေ့ကျင့်ထားတယ်ပေါ့။ ဘာလို့ဆို, ကျွန်တော်ဆိုတဲ့ ဒီအစေခံ အိုကြီးက သခင်လေးကို နှစ်ပေါင်းများစွာ ကြည့်ရှုခဲ့ပြီး၊ သခင်လေး ကြီးပြင်းလာပုံကို မြင်တွေ့ခဲ့ရလို့ပဲ။ သခင်လေးမှာ ခွန်အားရှိမရှိ၊ ဒီအစေခံ အိုကြီးတစ်ဦးတည်းတင် မဟုတ်ဘူး မြို့စားလည်း ရှင်းလင်းစွာ မြင်နိုင်တယ်။ မထင်မှတ်ဘဲ၊ သခင်လေးယွိက တာအိုပညာကျွမ်းကျင်သူတစ်ဦး ဖြစ်နေခဲ့တယ်။ တကယ်လို့ မြို့စားသာ ဒီအကြောင်းကို သိသွားရင် သူ ဘာတွေးမလဲ မသိနိုင်ဘူး။"

"ဝူအိမ်တော်ထိန်း၊ ဒီနေ့ ခင်ဗျား ဘာလို့ ပစိတ်ဖိတ်ရေတပ်ဌာနချုပ်ရဲ့ တားမြစ်နယ်မြေထဲကို ရုတ်တရက် ဝင်ရောက်လာရတာလဲ။ ဒါက နိုင်ငံရဲ့ ကမ်းရိုးတန်း ကာကွယ်ရေးတပ် ဖြစ်တယ်ဆိုတာ ခင်ဗျား သိထားသင့်တယ်။ ခွင့်ပြုချက်မရှိသူတွေ ဝင်ရောက်ခွင့် မပြုဘူး။ ဒီသတင်း ပေါက်ကြား သွားရင် မြို့စားဝူဝမ်စံအိမ်ရဲ့ ဂုဏ်သတင်းကို ထိခိုက်စေရုံတင်မကဘူး၊ စစ်ဥပဒေကိုပါ ချိုးဖောက်ရာ ရောက်တယ်။"

ဝူအိမ်တော်ထိန်း၏ စကားလုံးများကို ကြားလိုက်ရသောအခါ ဟုန်ယွိ၏ မျက်လုံးများက လင်းလက်လာသော်လည်း သူ့မျက်နှာပေါ်တွင် မည်သည့် အမူအရာမှ မပြပေ။ ဝေလငါးသတ် အသေခံတပ်သားများနှင့် သွေးငါးမန်းအစောင့်များ ၄၉ တို့သည် သူ့နောက်မှ နီးကပ်စွာ လိုက်နေသည်ကို ခံစားမိသောအခါ သူသည် အနည်းငယ် စိတ်သက်သာရာရသွားသည်။

မူလက ဤအစောင့်များ သူ့နောက်သို့ တကောက်ကောက် လိုက်နေသည်ကို မုန်းတီးခဲ့သော်လည်း၊ ယခုအခါတွင် ၎င်းတို့သည် နည်းလွန်းသည်ဟုပင် ခံစားရသည်။ သခင်ဒွမ်တစ်ယောက် သူ့ဘေးတွင် တစ်နေ့လုံး လိုက်ပါနေပေးလျှင် အကောင်းဆုံး ဖြစ်မည်။

ဟုန်ယွိသည် မြို့စားဝူဝမ်စံအိမ်ရှိ လျှို့ဝှက်ဆန်းကြယ်ဆုံးဖြစ်သော ဝူအိမ်တော်ထိန်း အဖိုးကြီးသည် သူနှင့် ခင်မင်ရင်းနှီးစွာ စကားပြောဆိုရန် ဤနေရာသို့ လာရောက်ခြင်း မဟုတ်ဘဲ၊ ဒုက္ခပေးရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း နားလည်သည်။

ဟုန်ယွိသည် ယခုအခါ မြို့စားဝူဝမ်စံအိမ်ရှိ မည်သူ့အပေါ်မှ ခံစားချက်ကောင်း မရှိတော့ပေ။ အကြောင်းမှာ ထိုစံအိမ်ရှိ မည်သူတစ်ဦးတစ်ယောက်က မှ သူ့ကို ကူညီခဲ့ခြင်း မရှိသောကြောင့်ဖြစ်ပြီး၊ သူ့အပေါ် ခံစားချက်ကောင်းရှိရန်ပင် ခက်ခဲလှသည်။

"သခင်လေးယွိ၊ အခုချိန်မှာ သခင်လေးက ဗိုလ်ကြီးတစ်ယောက်ဆိုတဲ့ ဂုဏ်သိက္ခာအချို့ ပိုင်ဆိုင်လာခဲ့ပြီ။ မြို့စားစံအိမ်မှာ ရှိခဲ့စဉ်ကထက် တကယ်ကို အများကြီး သန်မာလာတာပဲ... သခင်လေးရဲ့တိုးတက်မှုကို မြင်ရတော့ ဒီအစေခံအဖိုးကြီးလည်း အတော်လေး ဝမ်းမြောက်မိပါတယ်။"

ရုတ်တရက် ပင်လယ်လေညင်းက တစ်ချက် တိုက်ခတ်လာပြီး၊ ကောင်းကင်ရှိ အုံ့မှိုင်းနေသော တိမ်များကို လွင့်စင်သွားစေသည်။ မှိန်ဖျော့ဖျော့ လမင်းအလင်းရောင်သည် ပင်လယ်ရေပြင်ပေါ်သို့ ဖြာဆင်းကျလာပြီး၊ ဝူအိမ်တော်ထိန်း၏ သစ်ကြားသီးပုံစံ မျက်နှာပေါ် ထင်ဟပ်သွားပါသည်။ သူ၏မျက်နှာသည် မည်သည့် သက်ဝင်လှုပ်ရှားမှုမှ မရှိပေ။

"ဝူအိမ်တော်ထိန်း၊ ခင်ဗျား ဘာကြောင့် ကျွန်တော့်ကို လာရှာတာလဲ။ ကျွန်တော်ရဲ့ စစ်တပ်က အလုပ်များနေတယ်။ ခင်ဗျားနဲ့စကားပြောဖို့ အချိန် မရှိဘူး။" ထိုစကားများကို ကြားလိုက်ရသောအခါ ဟုန်ယွိသည် သူ့စိတ်နှလုံးထဲတွင် လှောင်ရယ်လိုက်သည်။ တချိန်တုန်းက ဝူအိမ်တော်ထိန်း၏ စွမ်းအားကို မြင်ရသောအခါ သူသည် အလွန်ကြောက်ရွံ့ခဲ့သော်လည်း၊ ယခုအခါတွင် မတူတော့ပေ။

"ကျွန်တော်က မြို့စားရဲ့အမိန့်ကို လိုက်နာပြီး သခင်လေးယွိကို စံအိမ်ကို ပြန်ခေါ်သွားဖို့ ရောက်လာတာပါ။ သခင်လေးယွိ နောက်ထပ် ပြဿနာ မရှာနိုင်အောင် တားဆီးဖို့ ဖြစ်တယ်။ ဒီရက်ပိုင်းအတွင်း သခင်လေးယွိလည်း အတော်လေး ဆော့ကစားပြီးသွားပြီ။ မြို့စားပြောတာက သခင်လေး ပြဿနာ ကြီးကြီးမားမား မဖြစ်ဘဲ သခင်လေးအသက် မဆုံးရှုံးခင် အမြန်ဆုံး ပြန်ခေါ်လာရမယ်တဲ့။"

ဝူအိမ်တော်ထိန်းသည် ဟုန်ယွိ၏ ဗိုလ်ကြီးဆန်ဆန် လေသံနှင့် တရားဝင် ဟန်ပြမှုကို ဂရုမစိုက်ပေ။ သူ၏ သစ်ကြားသီးပုံစံ မျက်နှာပေါ်တွင် ပြုံးလျက် ရှိပြီး ဟုန်ယွိကို ဆိုးသွမ်းသော ကလေးတစ်ဦးကို ကြည့်နေသကဲ့သို့ ကြည့်နေလေသည်။

ထိုအကြည့်က ဟုန်ယွိကို အထူးသဖြင့် ဒေါသထွက်စေသည်။

"ကျုပ်ကို ပြန်ခေါ်ဖို့လား။ ဆော့ကစားတာ လုံလောက်ပြီလား။" ဟုန်ယွိသည် ကောင်းစွာ ကျင့်ကြံထားသူတစ်ဦး ဖြစ်သည်။ သူ့စိတ်နှလုံးထဲတွင် ဒေါသဖြစ်ပြီးနောက်၊ ချက်ချင်းဆိုသလို တည်ငြိမ်သွားသည်။ သူက မျက်ခွံများကို အနည်းငယ် ပင့်လိုက်ပြီး၊ ရုတ်တရက် ကောင်းကင်ကို မော့ကြည့် ကာ ရယ်မောလိုက်သည်။ ထိုရယ်သံသည် ပင်လယ်ပြင်ကို တုန်ခါစေပြီး ရေလှိုင်းများကို ဖြစ်ပေါ်စေသည်။

ဝူအိမ်တော်ထိန်းသည် ဟုန်ယွိကို ကြည့်နေပြီး လှုပ်ရှားခြင်း မရှိသလို အသံလည်း မထွက်ပေ။ သူ ရယ်ပြီးသည်အထိ စောင့်နေသည့်နှယ်ပင်။

"တကယ်လို့, ကျုပ်က မပြန်ဘူးဆိုရင်ရော။" ရယ်မောပြီးနောက်၊ ဟုန်ယွိက ရယ်မောခြင်းကို ရပ်လိုက်ပြီး၊ နက်ရှိုင်းပြီး အေးစက်စက် အသံတစ်ခုက သူ့သွားကြားမှ ထွက်ပေါ်လာသည်။

"သခင်လေးယွိက မြို့စားစံအိမ်က လူတစ်ယောက် ဖြစ်တယ်။ မြို့စားစံအိမ်ရဲ့ မိသားစုစည်းမျဉ်းတွေကို မလေးစားလို့ မရဘူး မဟုတ်လား။" ဝူအိမ်တော်ထိန်းက တိုးညင်းစွာ ပြောသည်။

"မိသားစုစည်းမျဉ်း ဟုတ်လား။ ဟမ့်…။" ဟုန်ယွိ၏နှုတ်မှ စကားလုံးတစ်လုံး ထွက်ပေါ်လာပြီး၊ ရုတ်တရက် ခက်ထန်စွာ ပြောလိုက်သည်။ "ခင်ဗျားက မထီမဲ့မြင်ပြုနေတယ်။ ဒီနေရာက နိုင်ငံရဲ့ ကမ်းရိုးတန်းဒေသ ကာကွယ်ရေးတပ်နယ်မြေ ဖြစ်တယ်။ ကျုပ်ကလည်း စစ်ဘက်ဆိုင်ရာ ဝန်ကြီးဌာနက ကိုယ်တိုင် ခန့်အပ်ထားတဲ့ ဗိုလ်ကြီးတစ်ဦးပဲ။ ကမ်းရိုးတန်းဒေသကို ကာကွယ်ဖို့က ကြီးမားတဲ့ တာဝန်ကြီးတစ်ရပ်ပဲ။ ဒါကို ကလေးကစားစရာလို့ ဘယ်လိုလုပ် ခေါ်နိုင်မှာလဲ။ ဝူအိမ်တော်ထိန်း၊ ခင်ဗျား အမြန်ထွက်သွားပါ။ ဒီနေရာလာပြီး ပြဿနာ မရှာပါနှင့်။ မဟုတ်ရင်, ကမ်းရိုးတန်းဒေသ ကာကွယ်ရေးကို နှောက်ယှက်ပေးတဲ့ပြစ်မူနဲ့ အပြစ်ပေးတော့မှ ကျုပ်ကို အပြစ်မတင်နဲ့။"

ထိုသို့ပြောပြီးနောက်၊ ဟုန်ယွိ၏ ခန္ဓာကိုယ်သည် မလှုပ်ရှားသော်လည်း၊ သူ့ခန္ဓာကိုယ်က လှုပ်ရှားရန် အဆင်သင့် ဖြစ်နေခဲ့ပြီ။ မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်ပေါ်လာလျှင်၊ သွေးငါးမန်းအစောင့်များနှင့် ဝေလငါးသတ် အသေခံတပ်သားများထဲသို့ ဆုတ်ခွာမည် ဖြစ်သည်။

တစ်ဖက်တွင်မူ၊ ဝူအိမ်တော်ထိန်းသည် သူ၏အသက်စွမ်းအင်ကို ဖုံးကွယ်ပြီး ဟုန်ယွိ၏ စိတ်ဝိညာဉ်အာရုံကို သုံးစားမရအောင် လုပ်ဆောင်နိုင်ခြင်းက ပင် ထိတ်လန့်ဖို့ လုံလောက်နေပါပြီ။ ဟုန်ယွိသည် ထိုသို့သောလူတစ်ယောက်ကို လျှော့တွက်ရလောက်သည်အထိ မမောက်မာဝံ့ပေ။

ထို့ပြင်၊ သူသည် မြို့စားစံအိမ်တွင် နှစ်ပေါင်းများစွာ နေခဲ့ပြီး၊ ဝူအိမ်တော်ထိန်း၏ စွမ်းအားကြီးမားသော နည်းလမ်းများစွာကို ဝိုးတဝါး ကြားဖူးခဲ့သည်။

"ကျွန်တော်က ဟုန်မိသားစုရဲ့ အစေခံဖြစ်ပြီး၊ မြို့စားရဲ့အမိန့်ကိုပဲ နာခံခဲ့တယ်။ ဥပဒေများစွာ ရှိနိုင်ပေမယ့် မြို့စားကိုယ်တိုင်က အခုလိုလုပ်ဖို့ ပြောမှ တော့ အကြောင်းပြချက်တွေ ရှိနေမှာပဲ။ ဥပဒေတွေနဲ့ ပတ်သက်လာရင်တော့ မြို့စားကိုယ်တိုင် ကောင်းမွန်စွာ စီမံပါလိမ့်မယ်။ သခင်လေးယွိ စိတ်ပူစရာ မလိုပါဘူး။" ဝူအိမ်တော်ထိန်းသည် ဆိုးသွမ်းသော ကလေးတစ်ဦး၏ ဒေါသဖြစ်နေသည့် အမူအရာမျိုးဖြင့် သူ့ကို ကြည့်နေပြီး၊ ဟုန်ယွိ၏ နှလုံးသားထဲတွင် ၎င်းကို ထင်ရှားစွာ ခံစားနိုင်သည်။

သို့သော် ယခုအခါ ဟုန်ယွိသည် စိတ်ကို တည်ငြိမ်အောင် ထားပြီးဖြစ်သဖြင့် ထိုသို့သော အကြည့်မျိုးကို ဒေါသမဖြစ်တော့ပေ။

"ဒါဆိုရင်၊ ဝူအိမ်တော်ထိန်း၊ ခင်ဗျားက ကျုပ်ကို အတင်းခေါ်သွားမှာပေါ့။" ဟုန်ယွိက အေးစက်စွာ ပြုံးလိုက်ပြီး၊ အံတင်းတင်း ကြိတ်လျက်၊ သူ့နှလုံးသားထဲတွင် သတ်ဖြတ်လိုစိတ်က တဖြည်းဖြည်း ဆူပွက်လာသည်။

"ဟုတ်တယ်။" ဝူအိမ်တော်ထိန်းက ဟုန်ယွိ၏ သတ်ဖြတ်လိုစိတ်ကို ခံစားမိပြီး၊ ခေါင်းယမ်းလိုက်သည်။ "သခင်လေးယွိ၊ နောက်ထပ် ဆိုးသွမ်းမနေပါ နဲ့တော့။ ဒီအစေခံအဖိုးကြီးလည်း သိပါတယ်။ သခင်လေးဟာ မကြာသေးခင်က များစွာ တိုးတက်လာခဲ့ပြီး၊ တာအိုပညာကျွမ်းကျင်သူတစ်ဦး ဖြစ်လာခဲ့တယ်။ သခင်လေး လက်အောက်တွင် ကျွမ်းကျင်သူ အနည်းငယ်ရှိပြီး၊ လှည့်ကွက်အနည်းငယ်လည်း ရှိနေနိုင်တယ်။ ဒါပေမယ့် မြို့စားရဲ့ မျက်လုံးထဲမှာတော့ ဒီစွမ်းအားလေးက ကလေးကစားစရာ သက်သက်ပါပဲ။ ကျွန်တော်နှင့်အတူ ပြန်လိုက်ခဲ့ပါ။ ပြီးရင် မြို့စားကို တောင်းပန်လိုက်ပါ။ စံအိမ်မှာပဲ နာခံမူရှိရှိနဲ့ နေထိုင်ပါ။ ထပ်ပြီး ဆိုးသွမ်းမနေနဲ့တော့။ မြို့စားက သခင်လေးကို ဘာမှ မလုပ်ပါဘူး။"

"တောင်းပန်ရမယ်။ ကျုပ် ဘာမှားခဲ့လို့လဲ။ တောင်းပန်ဖို့ လိုလို့လား။" ဟုန်ယွိသည် တဖြည်းဖြည်း ထူထပ်လာသော သတ်ဖြတ်လိုစိတ်ကို တစ်စုတစည်းအဖြစ် စုစည်းလိုက်သည်။

"ဒါကိုတော့ ဒီအစေခံအဖိုးကြီးလည်း မရှင်းလင်းပါဘူး။ ဒါပေမယ့် မြို့စားက သခင်လေးရဲ့ဖခင် ဖြစ်သည်။ ဖခင်ကိုယ်တိုင်က သားတစ်ယောက်က မမှန်ကန်ဘူးလို့ ပြောလာမှတော့ မမှန်ကန်လို့ပေါ့။" ဝူအိမ်တော်ထိန်းက ခေါင်းယမ်းလိုက်ပြီး၊ သူ့ပုံစံက အလွန်စိတ်ရှည်သည့်ပုံ ပေါ်နေသည်။

"မူလကတော့ မြို့စားက ဒီတစ်ကြိမ် ဒီအစေခံအဖိုးကြီးကို သခင်လေးရဲ့ ကိုယ်ခံပညာကို ဖျက်ဆီးဖို့ ညွှန်ကြားခဲ့သည်။ ဒါကလည်း သခင်လေး ထပ်မံ ဆိုးသွမ်းပြီး၊ ပြဿနာရှာကနေ ဘေးဒုက္ခကြီးတွေ ဖြစ်ပေါ်လာမှာကို ကာကွယ်ဖို့ ဖြစ်တယ်။ ဒါပေမယ့်, ဒီအစေခံအဖိုးကြီးက သခင်လေးအနေနဲ့ သိုင်းပညာ လေ့ကျင့်ဖို့ မလွယ်ကူဘူးလို့ တွေးမိပြီး၊ ဖျက်ဆီးရမှာ နှမြောစရာ ဖြစ်လာတယ်။ ဒါကြောင့် သခင်လေးကို မြို့စားကို တောင်းပန်ဖို့ အကြံပေးတာပါ။ မြို့စားက သခင်လေးကို သေချာပေါက် ခွင့်လွှတ်ပါလမ့်မယ်။"

"တော်ပြီ။" ဟုန်ယွိသည် ဝူအိမ်တော်ထိန်း၏ စကားများကို ရုတ်တရက် ဖြတ်ပြောလိုက်သည်။

"ဝူအိမ်တော်ထိန်း၊ ဒီစကားတွေ ကျွန်တော့်ကို လာမပြောနဲ့။ ခင်ဗျားက မြို့စားစံအိမ်မှာ အချိန်အကြာဆုံး နေခဲ့သူပဲ။ ကျွန်တော်မမွေးခင်ကတည်းက ခင်ဗျားက တာဝန်ထမ်းဆောင်နေပြီ။ အချို့အရာတွေက ခင်ဗျားရဲ့ မျက်လုံးနဲ့ နားတွေကနေ ဖုံးထားလို့မရဘူးလို့ ကျွန်တော်ထင်သည်။ ကျွန်တော် တစ်ခုပဲ မေးမယ်။ အဲဒီတုန်းက ကျွန်တော့်မိခင် ဘယ်လိုသေဆုံးခဲ့လဲ…..။”

"သခင်လေးယွိရဲ့ မိခင်လား။ သူမက ပြင်းပြင်းထန်ထန် ဖျားနာပြီး၊ သွေးအန်ကာ သေဆုံးခဲ့ရတယ်။ အဲဒီတုန်းက သခင်လေးယွိက ခုနစ်နှစ်ပဲ ရှိသေး ပြီး၊ မိခင်ဘေးမှာ ရှိနေခဲ့တယ်လေ။ ဒါကြောင့် သခင်လေးက ဒီအကြောင်းကို ဒီအစေခံအဖိုးကြီးထက် ပိုပြီး ရှင်းရှင်းလင်းလင်း သိပါတယ်လေ။ ဘာလို့ ဒီအစေခံအဖိုးကြီးကို မေးနေရတာလဲ။" ဝူအိမ်တော်ထိန်း၏ သစ်ကြားသီးပုံစံ မျက်နှာက လှုပ်ရှားလာပြီး၊ အနည်းငယ် သက်ပြင်းချလိုက်သည်။

"အပြင်းအထန် ဖျားနာတယ်။ သွေးချောင်းဆိုးပြီး သေဆုံးသွားတယ်..." ဟုန်ယွိသည် ဝူအိမ်တော်ထိန်းကို အထင်သေးဟန်ဖြင့် ကြည့်လိုက်ပါသည်။ "ကမ္ဘာပေါ်မှာတောင် ရှားပါးတဲ့ ကိုယ်ခံပညာနဲ့ တာအိုပညာတွေကို တတ်ကျွမ်းနားလည်ထားတဲ့ တိုင်ရှန်ဂိုဏ်းရဲ့ သူတော်စင် မိန်းမပျိုတစ်ဦးက အပြင်းအထန် ဖျားနားပြီး သွေးချောင်းဆိုးကာ သေဆုံးသွားတယ်တဲ့လား။ ဒါက တကယ်ကို ရယ်စရာပဲ။"

"ဒါဆို သခင်လေးယွိလည်း သိပြီးသားပေါ့။ ဘာကြောင့် ဒီအစေခံအဖိုးကြီးကို မေးနေသေးတာလဲ။" ဝူအိမ်တော်ထိန်းသည် ထပ်မံ သက်ပြင်းချသည်။

"ကျွန်တော် သိတာပေါ့။ သေချာပေါက် သိတာပေါ့ဗျာ။ ကျွန်တော့်မိခင်အတွက် ကလဲ့စားမချေနိုင်ရင်၊ ကျွန်တော်ဟာ သားတစ်ယောက် မဟုတ်ဘူး။" ဟုန်ယွိက ခါးသီးစွာ ပြုံးလိုက်သည်။ "ဒါပေမယ့် ကျွန်တော်မသိသေးတဲ့ အရာတစ်ခု ရှိသေးတယ်။ ခင်ဗျားကိုယ်တိုင် မြို့စားက အရာအားလုံးကို သိတယ်လို့ ပြောခဲ့တယ်။ ဒီကိစ္စကိုရော သူ ရှင်းရှင်းလင်းလင်း သိရဲ့လား။ ဝူအိမ်တော်ထိန်း၊ ခင်ဗျား ကျွန်တော့်ကို လိမ်မပြောနဲ့၊ အကြောင်းပြချက် တွေ မပေးနဲ့….။”

"ရှင်းရှင်းလင်းလင်း သိပါတယ်..." ဝူအိမ်တော်ထိန်း၏ သစ်ကြားသီးပုံစံ မျက်နှာက ထပ်မံ လှုပ်ရှားသွားပြန်သည်။ "မြို့စားလည်း ဒီကိစ္စကို သိပါတယ်။ ဒါပေမယ့် မြို့စားမှာလည်း သူ့ကိုယ်ပိုင် အခက်အခဲတွေ အများကြီး ရှိတယ်။ ဒါပေမယ့် ဒီကိစ္စက မြို့စားနဲ့ သခင်လေးယွိတို့အကြား၊ သားဖနှစ်ယောက်ကြားက ကိစ္စတွေပဲ။ ဒီအစေခံအဖိုးကြီး ရှင်းရှင်းလင်းလင်း ရှင်းပြလို့မရဘူး။ ဒီတော့ သခင်လေးယွိက ကျွန်တော်နဲ့အတူ ပြန်သွားပြီး၊ မြို့စားနဲ့ သားဖအချင်းချင်း စကားပြောဆိုတာ ပိုကောင်းပါတယ်။"

"စကားပြောဆိုဖို့လား…..။ ဟား…..၊ ဟား…..၊ ဟား…..။" ဟုန်ယွိသည် အလွန်ရယ်စရာကောင်းသော ပျက်လုံးတစ်ခုကို ကြားလိုက်ရသည့်နှယ် ရယ်မောလိုက်ပါသည်။ ယခုအချိန်ထိ၊ သူသည် ဝူအိမ်တော်ထိန်းထံမှ တစ်ခုခုကို အတည်ပြုခဲ့သည်။ ၎င်းမှာ ဟုန်ရွှန်ကျိသည် သူ့မိခင်သေဆုံးမှုကို သိခဲ့သော်လည်း၊ ဟုန်ရွှန်ကျိသည် မတားဆီးသည့်အပြင် ရပ်ကြည့်နေခဲ့သည်။

"ဒီလူက အလွန်ရက်စက် ကြမ်းကြုတ်ပြီး ယုတ်မာတယ်။ ကမ္ဘာပေါ်မှာ သူ့လောက် ရက်စက်သူ မရှိလောက်ဘူး။"

ဟုန်ယွိ၏ နှလုံးသားထဲတွင်၊ သူ့ဘဝတစ်လျှောက် တစ်ကြိမ်တစ်ခါမျှ မခံစားဖူးသော အမျက်ဒေါသက တဖြည်းဖြည်း ထကြွလာသည်။ သူ၏ဖခင်၊ တော်ဝင်မင်းဆက်၏ တော်ဝင်နည်းပြဆရာ မြို့စားဝူဝမ် ဟုန်ရွှန်ကျိသည် ဤမျှ ရက်စက်ယုတ်မာသည့် နှလုံးသားကို ပိုင်ဆိုင်ထားမည်ဟု သူ တစ်ခါမျှ မတွေးမိခဲ့ဖူးပေ။

အကယ်၍ ဟုန်ယွိကိုယ်တိုင်သာ ဆိုလျှင်၊ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ပြီး၊ ထိုသို့လုပ်နိုင်မည် မဟုတ်ပေ။

ဟွာနွန်ယင်နှင့် ဟွာနွန်းယွီ, ထိုအမျိုးသမီးနှစ်ဦးသည် တန်ဖိုးမရှိသူများ ဖြစ်နေခဲ့လျှင်ပင်၊ သူသည် သူမတို့ကို ကယ်တင်ရန် ချက်ချင်းပင် မိုင်ထောင်ချီ ခရီးကို ဖြတ်ကျော်ခဲ့ပြီး၊ သူမတို့ကို ကယ်ထုတ်ရန်အတွက် အသက်စွန့်ပြီး ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ ထို့နောက် သူမတို့ကို ပင်လယ် ရပ်ခြားသို့ ပို့ဆောင်ရန် ပြင်ဆင်ပေးပြီး သူမတို့ကို ထိန်းချုပ်မထားခဲ့ပေ။

"မြို့စားမှာ သူ့ကိုယ်ပိုင် အခက်အခဲတွေ ရှိနေတယ်။ သခင်လေးယွိ ပြန်ရောက်ရင် မြို့စားက သခင်လေးကို ရှင်းပြမယ်လို့ ကျွန်တော် ယုံကြည်တယ်။ သူ့ရှင်းပြချက်ကို နားထောင်ပြီးတာနဲ့ သခင်လေးရဲ့ဒေါသလည်း ပြေပျောက်သွားလိမ့်မယ်။ ပြီးရင် မြို့စားရဲ့ အစီစဉ်တွေကို သေချာပေါက် နားထောင်ချင်လိမ့်မယ်" ဝူအိမ်တော်ထိန်းသည် တည်ငြိမ်သော လေသံဖြင့် တူညီသော စကားများကို ထပ်ခါတလဲလဲ ပြောသည်။

"ဒီအဖိုးကြီးကို သတ်ပစ်။"

ဤအခိုက်အတန့်တွင် ဟုန်ယွိသည် ဝူအိမ်တော်ထိန်း၏ စကားများကို နားမထောင်တော့ပေ။ သူ့နှလုံးသားထဲတွင် အမှန်တရားတစ်ခုကို အတည်ပြုခဲ့ပြီး၊ စိတ်သက်သာရာရသလို ခံစားရသည်။

သူသည် လျင်မြန်စွာ ဆုတ်ခွာလိုက်ပြီး၊ ချက်ချင်းဆိုသလို သွေးငါးမန်းအစောင့်များကြားသို့ ဝင်ရောက်သွားသည်။ ဆုတ်ခွာရင်း ဟုန်ယွိသည် အမိန့်ထုတ်လိုက်သည်။

"ဒီအဖိုးကို သတ်ပစ်။"

အပိုင်း (၁၅၈)။

ဟုန်ယွိသည် ဝူအိမ်တော်ထိန်းကို သတ်ဖြတ်ရန် အမိန့်ပေးလိုက်အချိန်မှာ၊ သူ့လုပ်ရပ်များဖြင့်ဖြစ်စေ, သူ့နှလုံးသားထဲတွင် ဖြစ်စေ, သူသည် မြို့စားဝူဝမ်စံအိမ်နှင့် ဆက်ဆံရေး အားလုံးကို လုံးဝ ဖြတ်တောက်လိုက်ပြီ ဖြစ်သည်။ အကယ်၍ သူသည် အဆင့်မြင့် ပညာရှင်တစ်ဦးဖြစ်လာပြီး မင်းသားယုထံ ခိုလှုံစဉ်ရန် သွားစဉ်ကတည်းက, မြို့စားဝူဝမ်စံအိမ်ကို ပုန်ကန်ခဲ့ပြီဟု ဆိုနိုင်ခဲ့လျှင်၊ ယခုအခါ ဝူအိမ်တော်ထိန်း၏ စကားများကို ကြားပြီးနောက်၊ ဟုန်ယွိသည် သူ၏ထင်မြင်ယူဆချက်ကို အတည်ပြုလိုက်ပါပြီ။ သူ့နှလုံးသားထဲမှ နောက်ဆုံးမျှော်လင့်ချက် ယဲ့ယဲ့လေးကို ဖယ်ရှား ပြီးနောက်၊ သူသည် မြို့စားဝူဝမ်စံအိမ်ကို လုံးဝ ဆန့်ကျင်ရန် ပြတ်သားစွာ ဆုံးဖြတ်ခဲ့သည်။ သူ၏ နှလုံးသားမဲ့သည့် ဖခင်ကို ဆန့်ကျင်ရန် ဆုံးဖြတ်ခဲ့ သည်။ သူ့မိခင်အတွက် တရားမျှတမှုကို ရှာဖွေပြီး ကလဲ့စားချေရန် ဆုံးဖြတ်ခဲ့သည်။

မိခင်ဖြစ်သူ သတ်ဖြတ်ခံရသည့် အမုန်းတရားသည် လုံးဝ ပြန်လည်သင့်မြတ်ဖို့ မဖြစ်နိုင်တော့ပေ။ အကယ်၍ ကလဲ့စားမချေနိုင်ခဲ့ပါက၊ ဟုန်ယွိသည် ဤကမ္ဘာပေါ်တွင် ဆက်လက်အသက်ရှင်ရန် မျက်နှာမရှိတော့ဟုပင် ခံစားရမည် ဖြစ်သည်။

ဝူအိမ်တော်ထိန်းနှင့် ပတ်သက်လျှင် ဟုန်ယွိသည် သူ့အပေါ် မည်သည့်အမုန်းတရားမျှ မရှိခဲ့ပေ။ အကြောင်းမှာ ဤအဖိုးအိုသည် လူတိုင်းအပေါ် အမြဲတမ်း ဖော်ရွေပြီး နှစ်လိုဖွယ်ကောင်းစွာ နေထိုင်ခဲ့သောကြောင့် ဖြစ်သည်။ သို့သော် ဤအချက်ကြောင့်ပင် ဟုန်ယွိသည် ပိုမိုသတိထားခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဤအဖိုးကြီးကို သတ်ပစ်ရမည်။

သူ့စိတ်ထဲမှာ မှန်သည်ဖြစ်စေ, မှားသည်ဖြစ်စေ, သူသည် ဤဝူအိမ်တော်ထိန်းကို လုံးဝ ဖယ်ရှားပစ်ရမည်။ ဤအဘိုးကြီးသည် ဟုန်ရွှန်ကျိ၏ အမိန့်များကိုသာ နားထောင်သည်။ ထိုကဲ့သို့ လူမျိုးသည် အလွန်ကြောက်စရာကောင်းသည်။ ဟုန်ယွိကို ရည်ရွယ်ချက်ရှိရှိဖြင့် သတ်ဖြတ်လိုသူများ ထက်ပင် ပိုမိုကြောက်စရာကောင်းသည်။

ခုနက ဝူအိမ်တော်ထိန်း၏ စကားများကို ကြားလိုက်ရသောအခါ၊ ဤအဘိုးကြီးသည် သူ့ဖခင်၏ ခွေးတစ်ကောင်ဖြစ်ကြောင်း ဟုန်ယွိ သိလိုက်ပါပြီ။ အလွန့်လွန် သစ္စာရှိသော ခွေးအိုကြီးတစ်ကောင် ဖြစ်သည်။ ဤခွေးအိုကြီးကို မဖယ်ရှားထားပါက၊ သူ့မိခင်အတွက် ကလဲ့စားချေရာ၌ မည်သည့် နည်းလမ်းဖြင့်မဆို ဟန့်တားခံရမည် ဖြစ်သည်။

ထို့ပြင် ဟုန်ယွိသည် ဤခွေးအိုကြီး၏ နည်းလမ်းများကို မြင်တွေ့ခဲ့ရပြီးပြီ။ ဤခွေးအိုကြီးသည် သူတွေ့ဆုံခဲ့ဖူးသော အစွမ်းထက်ပုဂ္ဂိုလ်များအနက်၊ အမှန်တကယ်ပင် ခန့်မှန်း၍ မရသူဟု ဆိုနိုင်ပါ သည်။

ဤခွေးအိုကြီးသည် သေချာပေါက် သာမန်လူတစ်ဦး မဟုတ်ပေ။ သူသည် ကျောက်ဖေးရုန်၊ ယောင်ယွဲ့ရူတို့ကဲ့သို့ ထူးချွန်သော လူငယ်ပါရမီရှင်များထက်ပင် ပိုမိုအစွမ်းထက်ပါသည်။ သူသည် ဇိယွဲ့, ယွမ်ဖေး, ချန်ယင်းရှာ, ဟုန်ရွှန်ကျိတို့နှင့် အဆင့်တူတွင် ရှိနေပါသည်။

ယင်းက ဟုန်ယွိ၏ ကြိုတင်ခံစားချက်ဖြစ်သည်။

သူသည် အတိတ်ကျမ်းစာကို စတင်ကျင့်ကြံပြီးကတည်းက၊ သူ၏စိတ်ဝိညာဉ် စွမ်းအားသည် မယုံနိုင်လောက်အောင် ခိုင်မာလာခဲ့သည်။ သူ၏ ကြိုတင်ခံစားချက်များသည်လည်း ပိုမိုအားကောင်းလာပြီး ပိုမိုတိကျလာခဲ့သည်။

သွေးငါးမန်းအစောင့်များ၏ အကာအကွယ်ထဲသို့ ဆုတ်ခွာသွားပြီးနောက်၊ ဟုန်ယွိသည် စိတ်သက်သာရာ ရသွားခဲ့ပါသည်။ သူသည် အတွေးတစ်ချက် ဖြင့် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို အသက်သွင်းပြီး၊ လီလဲ့၊ အကြီးအကဲရှန်၊ ဝမ်ဖေးရန်တို့နှင့် ဆက်သွယ်လိုက်ပါသည်။

ဟုန်ယွိသည် ဤကျွမ်းကျင်သူများ၏ စိတ်နှလုံးထဲတွင် စိတ်ဝိညာဉ် အမှတ်အသားတစ်ခုကို ထားရှိထားသည်။ ယခု ပစိဖိတ် ရေတပ်စခန်းသည် ဤနေရာနှင့် သိပ်မဝေးပေ။ ၎င်းတို့ ကျင့်ကြံရာမှ နိုးထလာသည်နှင့်၊ အလွန်လျင်မြန်စွာ ခံစားသိရှိနိုင်မည် ဖြစ်သည်။

ဤသုံးဦးနှင့် ဆက်သွယ်ရင်း၊ ဟုန်ယွိသည် သူတို့အား သခင်ဒွမ်ကို အကြောင်းကြားရန်လည်း ပြောကြားခဲ့ပါသည်။

ဤအခိုက်အတန့်တွင်၊ ဟုန်ယွိသည် သူ၏အင်အားအားလုံးကို စုစည်းရလိမ့်မည်။ ဤခွေးအိုကြီး ဝူအိမ်တော်ထိန်းကို ထာဝရ ပြန်မသွားနိုင်အောင် လုပ်ဆောင်ရမည်။

အကယ်၍ သူသည် တစ်ခုခုလုပ်ရန် ဆုံးဖြတ်ခဲ့လျှင်၊ ထိုအလုပ်ကို အဆုံးထိ လုပ်ဆောင်မည် ဖြစ်သည်။ ဟုန်ရွှန်ကျိသည် အစွန်းရောက်လွန်းသည်။ သူသည် သူ့မိခင်ကို သတ်ဖြတ်ရန် တစ်စုံတစ်ယောက်က စေခိုင်းခဲ့သည်ကို သိရှိသော်လည်း၊ ဂရုမစိုက်ခဲ့ပေ။ သူ့ကို သိုင်းပညာသင်ယူခြင်းမှ တားမြစ်ခဲ့သည်။ ယခု သူ အောင်မြင်လာသည်နှင့်၊ သူ့ကို ဖမ်းခေါ်ပြီး ကိုယ်ခံပညာကို ဖျက်ဆီးရန် သူ့လူကို ချက်ချင်း စေလွှတ်ခဲ့သည်။

ဤသို့သော ရက်စက်မှုနှင့် ပြတ်သားမှုသည် ဟုန်ယွိ မယှဉ်နိုင်သောအရာ ဖြစ်သည်။

"ကျုပ်သိုင်းပညာကို ဖျက်ဆီးပြီး၊ ခင်ဗျားရဲ့ ကရုဏာပြဖို့ ကျုပ်ကို အကျဉ်းချမလို့လား။ ခင်ဗျားရဲ့ ဘယ်ညာလက်ရုံးတွေကို ကျုပ် ဖျက်ဆီးမယ်။" ဟုန်ယွိသည် ဆုတ်ခွာရင်း၊ သူ၏အတွေးများက အလွှာလွှာ ပြောင်းလဲနေခဲ့သည်။ နောက်ဆုံးတွင် သူ ဆုံးဖြတ်ချက်ချလိုက်သည်။

ဤအခိုက်အတန့်တွင်၊ သူသည် မြို့စားဝူဝမ်စံအိမ်သို့ ပြန်သွားရန် မဖြစ်နိုင်တော့ကြောင်း သိခဲ့သည်။ အကယ်၍ ၎င်းသည် သူ့မိခင်ကိစ္စကြောင့် မဟုတ်ရင်တောင်, သူသည် ကျောက်ဖေးရုန်ကို သတ်ဖြတ်ပြီး ယင်ယန်မက်မွန်နတ်ဘုရားဓားကို ယူဆောင်သွားသည့် ကိစ္စကြောင့် သူသည် ကျောက်မိသားစု, ဟုန်ရွှန်ကျိတို့နှင့် ရန်ငြိုး ကြီးကြီးမားမား ဖွဲ့ထားပြီး ဖြစ်သည်။ အကယ်၍, သူ ပြန်သွားခဲ့မည်ဆိုလျှင်၊ ၎င်းသည် သူ့မိခင် သေဆုံးမှုကိစ္စကို ဖြေရှင်းရန်အတွက်သာ ဖြစ်ပါလိမ့်မည်။

သမိုင်းကို ကောင်းစွာ တတ်ကျွမ်းသူတစ်ဦး အနေဖြင့်၊ သူသည် မိမိကိုယ်တိုင်နှင့် အခြားသူများကို ထိခိုက်စေသည့် ဖြစ်ရပ်များကို အလွန် များပြားစွာ ဖတ်ရှုခဲ့ဖူးသည်။ သူသည် သားအဖ ဆက်ဆံရေးကြောင့် ကိုယ့်ကိုယ်ကိုယ် ချနင်းခံရနိုင်သော နေရာသို့ သူ့ကိုယ်သူ လုံးဝ စေလွှတ်မည်မဟုတ်ပေ။

ထို့ပြင်၊ သူသည် ဟုန်ရွှန်ကျိအပေါ် သားအဖဆိုသည့် ခံစားချက်များ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ဟုန်ယွိ၏ အမိန့်အောက်တွင်၊ ဝေလငါးသတ် အသေခံတပ်သား ကိုးဦးသည် အမိန့်နာခံကြသည်။ ဝေလငါးသတ် အသေခံတပ်သား ကိုးဦးသည် ဟုန်ယွိကို ထိန်းချုပ်ရန်နှင့် ကာကွယ်ပေးရန် ယန်ကျန်းထံမှ အမိန့်ရရှိထားသည်။ ယခု အမှောင်ထောင့်တစ်ခုမှ အဖိုးအိုတစ်ဦးသည် ရုတ်တရက် ပေါ်ထွက်လာပြီး၊ သူက ဟုန်ယွိကို ဖမ်းခေါ်သွားရန် လိုလားနေသည်။ သူတို့အနေဖြင့် ထိုလုပ်ရပ်ကို မည်သို့ ခွင့်ပြုနိုင်မည်နည်း။

အခြားအရာတွေကို မဆိုးထားနှင့်, သူတို့၏ အကာအကွယ် အောက်တွင်၊ ပစိတ်ဖိတ်ရေတပ်၏ ဗိုလ်ကြီးတစ်ဦးသည် တိုက်ရိုက် ဖမ်းဆီးခံခဲ့ရသည်။ အကယ်၍, ထိုသတင်းသာ, ပြန့်နှံ့သွားပါက၊ ရယ်စရာဟာသကြီးတစ်ခု ဖြစ်သွားပါလိမ့်မည်။ သူတို့သည် စစ်ဥပဒေမှ လွတ်မြောက်နိုင်မည် မဟုတ်သ လို, ယန်ကျန်း၏ ဂုဏ်သတင်းပါ ထိခိုက်လိမ့်မည်။

ဝှီး….၊ ဝှီး….။ စစ်သည်ကိုးဦးစလုံးသည် ငွေငါးမန်းသံချပ်ကာများကို ဝတ်ဆင်ထားပြီး၊ ၎င်းတို့၏ဦးခေါင်းများပင် ဖုံးအုပ်ထားသည်။ သူတို့သည် သူတို့၏ သတ်ဖြတ်ခြင်း စွမ်းအားကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။

လူကိုးယောက်၏ နောက်ကျောများသည် ချက်ချင်းဆိုသလို လေးကိုင်းပုံစံအဖြစ် ကွေးညွှတ်သွားသည်။ ဟုန်ယွိသည် ၎င်းတို့၏ နောက်ကျောနှင့် ခန္ဓာကိုယ်များကို ကွေးညွှတ်ထားရင်း၊ ကြွက်သားများ ဆွဲဆန့်သံ၊ အရိုးများ ကွေးညွှတ်သံတို့ကို ရှင်းလင်းစွာ ကြားနိုင်သည်။ ထိုအသံထဲတွင်၊ ကြီးမားသော ခွန်အားတစ်ခုကို စုစည်းပြီးနောက် ပေါက်ကွဲထွက်လာသည်။

ချွင်….။ ၎င်းတို့သည် စက်ဝိုင်းပြတ်ပုံစံ ငွေရောင်အလင်းတန်းနှင့်အတူ ရီဗာသံမဏိ ဓားကိုးချောင်းကို တစ်ပြိုင်နက် ဆွဲထုတ်လိုက်ကြသည်။ စစ်သည်တော် ကိုးယောက်သည် ဓားများကို တပြိုက်နက် ဆွဲထုတ်လိုက်ကြသော်လည်း၊ လူတစ်ဦးတည်း ဓားဆွဲထုတ်လိုက်သည့်နှယ် ဖြစ်နေသည်။ အသံတစ်ချက်သာကြားရပြီး၊ ၎င်းတို့၏ ပူးပေါင်းမူက အကြိမ်ထောင်ပေါင်းများစွာ လေ့ကျင့်ထားသည့် အတိုင်းပင်။

စစ်သည်တော် ကိုးဦးသည် ၎င်းတို့၏ခန္ဓာကိုယ်များကို ကွေးညွှတ်ပြီး၊ ပေါက်ကွဲကာ၊ ဓားများကို ဆွဲထုတ်ပြီး၊ တဟုန်ထိုး၊ ပျံသန်းသွားကြသည်။ အသက်တစ်ချက်ရှိုက် အချိန်အတွင်းမှာပင်, ၎င်းတို့သည် လှုပ်ရှားမှုငါးခုကို ပြီးမြောက်ခဲ့သည်။ နောက်ထပ် အသက်တစ်ရှိုက်အချိန်အတွင်းမှာ၊ ဓားအလင်းက ခြေလှမ်းနှစ်ဆယ်အကွာဝေးကို ဖြတ်ကျော်ပြီး၊ ဓားအလင်းတန်းဖြင့် ယက်လုပ်ထားသော ပိုက်ကွန်တစ်ခုအဖြစ် ဖြစ်ပေါ်လာကာ၊ အပေါ်မှ အောက်ခြေအထိ ဝူအိမ်တော်ထိန်းကို လုံးဝ ဖုံးအုပ်လိုက်ပါသည်။

ဤတစ်ခဏအတွင်း၊ စစ်သည်တော် ကိုးဦးသည် တစ်ညီတစ်ညွတ် လှုပ်ရှားပြီး တချိန်တည်းမှာ တိုက်ခိုက်ခဲ့ကြသည်။ ၎င်းတို့၏ စိတ်ဝိညာဉ်၊ စိတ်ဆန္ဒ၊ အသက်ရှူသံ၊ ဓားဆန္ဒသည်ပင် လုံဝ တစ်စုတစည်းတည်း ဖြစ်နေသည်။ ၎င်းတို့သည် လက် ၁၈ ဖက်၊ ခြေ ၁၈ ဖက်ရှိသော နတ်ဆိုး တစ်ကောင်နှယ်ပင်။

ဟုန်ယွိသည် သွေးအေးလင်းယုန် ဆယ့်သုံးဖော်၏ ဝိုင်းရံတိုက်ခိုက်ခြင်း နည်းလမ်းကို ကိုယ်တိုင် မြင်ဖူးခဲ့ပြီး၊ သွေးပုံစံသံမဏိအပ်ပင် ၎င်းတို့ကို ထိုးဖောက်၍ မရနိုင်ခဲ့ပေ။ သို့သော် ယခုအခါ ဝေလငါးသတ် အသေခံတပ်သားများ၏ ဝိုင်းရံတိုက်ခိုက်နည်းကို မြင်ပြီးနောက်၊ သွေးအေးလင်းယုန် ဆယ့်သုံးဖော်သည် လမ်းလျှောက်တတ်ခါစ ကလေးသာသာ ဖြစ်ကြောင်း သူ သိရှိလိုက်ပါသည်။

"တကယ်ကို ပြင်းထန်လှတယ်။" ဟုန်ယွိသည် ထိုလှုပ်ရှားမှုကို ကြည့်ရုံဖြင့်၊ ဤစစ်သည်ကိုးဦး၏ တိုက်ခိုက်မှု အောက်တွင်၊ မဟာဆရာသခင် တစ်ပါးပင်လျှင် ခုခံရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

ဤအချိန်တွင်၊ “ဖျစ်….၊ ဖျစ်….။” သွေးငါးမန်းအစောင့် ၁၉ ဦးသည် ၎င်းတို့၏လက်ထဲရှိ လေးများကို လျင်မြန်စွာ ဆွဲတင်လိုက်ကြသည်။

၎င်းတို့သည် နတ်ဘုရားဒူးလေးများကို အသုံးပြုကြသည်။ ၎င်းဒူးလေးများသည် သံချပ်ကာကိုပင် ထိုးဖောက်နိုင်သော အားကောင်းသည့် လက်နက် များ ဖြစ်သည်။ ခြေလှမ်းနှစ်ဆယ်အတွင်း မည်သည့်အရာမဆို သေသည်အထိ ပစ်ခတ်ခံရနိုင်ပါသည်။ ထိုကဲ့သို့ အစွမ်းထက်သော အကာကွယ် အင်အားဖြင့်ဆိုပါက၊ ၎င်းတို့သည် သိုင်းပညာရှင်များ၏ မည်သည့် တိုက်ခိုက်မှုကိုမဆို ကြောက်ရွံ့စရာ မလိုပေ။

သို့သော်၊ ဟုန်ယွိ၏ စိတ်ထဲတွင် စိတ်မသက်မသာ ခံစားမှုတစ်ခု ဖြတ်သန်းသွားခဲ့သည်။ အကြောင်းမှာ သူ့စကားသံ ကျဆင်းသွားသည်နှင့်၊ ဝူအိမ်တော်ထိန်းသည် ရုတ်တရက် ခေါင်းမော့လာသည်။ သူ၏ သစ်ကြားသီးပုံစံ မျက်နှာအသားရေက ချောမွေ့ပြီး၊ ဝိုင်းစက်လာကာ၊ သူ့မျက်လုံး တစ်စုံက ဟုန်ယွိကို နက်ရှိုင်းစွာ ကြည့်လိုက်သည်။

ထိုအကြည့်တစ်ချက်က ဟုန်ယွိသည် သူ့ဘေးတွင် စစ်သည်တော်နှင့် မြင်းထောင်ပေါင်းများစွာ ရှိနေသော်လည်း၊ သူသည် တစ်ဦးတည်း အကာအကွယ်မဲ့နေသလို ခံစားရစေသည်။

ဟိုတချိန်တုန်းက, ဟုန်ယွိသည် မြွေတောင်ကြားသို့ ဝင်ရောက် တိုက်ခိုက်ခဲ့စဉ်က၊ မျက်ခုံးစိမ်းသည် သူ့ကို လှံဖြင့် တိုက်ခိုက်ခဲ့ဖူးသည်။ ထိုအချိန်က သူသည် အထီးကျန်မှုကို ခံစားခဲ့ရသော်လည်း၊ ယခုကဲ့သို့ ပြင်းထန်ခြင်း မရှိခဲ့ပေ။ ထို့ပြင်၊ မျက်ခုံးစိမ်းသည် လှံကို အသုံးပြုခဲ့ပြီး၊ ဝူအိမ်တော်ထိန်း သည် မည်သည့်လှုပ်ရှားမှုကိုမျှ မပြုလုပ်ခဲ့ပေ။

ထို့ပြင်၊ ဟုန်ယွိ၏ ကိုယ်ခံပညာသည် ယခုအခါ ရှင်တန်သိုင်းသခင်အဆင့်သို့ ရောက်ရှိခဲ့ပြီး၊ သူသည် မြွေတောင်ကြားတွင် ရှိစဉ်ကထက် ဆယ်ဆမက သန်မာလာခဲ့သည်။ အကယ်၍, သူသည် ယခုအခါ မျက်ခုံးစိမ်းနှင့် တိုက်ခိုက်ရမည်ဆိုပါက၊ ဟုန်ယွိသည် ထိုကဲ့သို့ အထီးကျန်မှုမျိုးကို ခံစားရမည် မဟုတ်တော့ပေ။ သူ၏လက်ထဲရှိ ဖြိုခွဲခြင်းဆေဘာ, မိုးကြိုးလျှပ်စီးဆေဘာကျမ်းဖြင့်ဆိုပါက, သူသည် မျက်ခုံးစိမ်းကိုပင် သတ်ဖြတ်နိုင်လောက် သည်။

"ငါ ရှင်တန်သိုင်းသခင်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိနေခဲ့ပြီး၊ ငါ့စိတ်ဝိညာဉ်ကိုလည်း ခန္ဓာကိုယ်သိမ်းပိုက်ခြင်းနယ်ပယ်ရဲ့ အဆင့်မြင့်အဆင့် အထိ ကျင့်ကြံထားပြီးပြီ။ ငါ့လက်ရှိအင်အားက ယခင်ထက် ဆယ်ဆမက သန်မာလာပြီ။ ဒါပေမယ့်, ဒီခွေးအိုကြီးက ငါ့ကို အကြည့်လေး တစ်ချက်နဲ့ အထီးကျန်သလို ခံစားရအောင် လုပ်နိုင်ခဲ့တယ်။ သူ ဘယ်လောက် သန်မာလိုက်လဲ။"

ဟုန်ယွိ၏ စိတ်ထဲတွင် စိတ်မသက်မသာ ခံစားမှုက ချက်ချင်းဆိုသလို တိုးပွားလာခဲ့ပါသည်။

"သခင်လေး ယွိ…၊ သခင်လေး ဘာကြောင့် ဒီလိုလုပ်ရတာလဲ။" ဝူအိမ်တော်ထိန်း၏ လည်ချောင်းထဲမှ နက်ရှိုင်းသော သက်ပြင်းချသံတစ်ခု ထွက်ပေါ် လာသည်။ ၎င်းသည် ရှည်လျားပြီး နက်ရှိုင်းသော သက်ပြင်းချသံ ဖြစ်သည်။ ဝူအိမ်တော်ထိန်း၏ လှုပ်ရှားမှုသည် မီးခိုးအမျှင်တန်းနှင့် အလင်းတန်း တစ်ခုသဖွယ် ပြောင်းလဲသွားပုံရသည်။ သူ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့်၊ သူ၏အဝတ်အစားများသည် ရုတ်တရက် လေဖြည့်ထားသည့်နှယ် ဖောင်းကားလာသည်။

ဘုန်း….။ ဝူအိမ်တော်ထိန်းသည် သူ့လက်ဖဝါးကို တွန်းထုတ်လိုက်သည်နှင့်၊ ပတ်ဝန်းကျင်ရှိ လေစီးကြောင်းသည် လေပြင်းတစ်ချက်အဖြစ် တိုက်ခတ်သွားပုံရပြီး၊ အင်အားပြင်းစွာ တုန်ခါပြီး ပေါက်ကွဲထွက်လာသည်။ ထိုပေါက်ကွဲမူသည် ထိုနေ့က သခင်ဒွမ်၏ ချီပေါက်ကွဲမှုထက်ပင် ပိုမိုအားကောင်းပြီး ပိုမိုပြင်းထန်သည်။

သူ့ခန္ဓာကိုယ် ပတ်ပတ်လည်တွင်, ပေါက်ကွဲသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး၊ မြေပေါ်ရှိ သဲအမြောက်အမြားသည် ရုတ်ခြည်း တုန်ခါသွားကာ၊ သဲများသည် ဝေလငါးသတ် အသေခံတပ်သားဆီသို့ ပျံသန်းသွားသည်။

ဝူအိမ်တော်ထိန်း ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့်၊ ကမ်းခြေတစ်ခုလုံးသည် နစ်မြုပ်သွားပုံရသည်။ သူ၏ခြေထောက်ဖြင့် သဲအမြောက် အမြားကို လွှင့်ထုတ်ပြီးနောက် သဲနံရံတစ်ခု ဖြစ်ပေါ်လာသည်။ သဲတစ်ပွင့်စီတိုင်းသည် ဖုံးကွယ်ထားသော လက်နက်တစ်ခုကဲ့သို့ လေထဲတွင် တရှီးရှီး မြည်တမ်းနေသည်။ ထိုမြင်ကွင်းက သဲများ၏အင်အား မည်မျှပြင်းထန်သည်ကို ထင်ရှားစေသည်။

ဘုန်း…..၊ ဝေလငါးသတ် အသေခံတပ်သားများသည် ဝူအိမ်တော်ထိန်းက သူ့လက်ဖဝါး တွန်းထုတ်လိုက်ချိန်မှာ, သူတို့သည် နှေးကွေးသွားပုံရသည်။ သူတို့၏ ဓားခုတ်ပိုင်းချက်များ အောက်သို့ မရောက်လာခင်မှာ, ဝူအိမ်တော်ထိန်း၏ လက်ဖဝါးက ၎င်းတို့၏ရင်ဘတ်ပေါ်သို့ ရိုက်ချလိုက်ပြီး၊ ၎င်းတို့၏ ခန္ဓာကိုယ်မှ အသားများစုတ်ပြဲကာ အရိုးများ ကျိုးကြေသွားသည့်အသံ ထွက်ပေါ်လာသည်။

ဝေလငါးသတ် အသေခံတပ်သား နှစ်ဦးသည် အော်ဟစ်ရန်ပင် အချိန်မရခဲ့ဘဲ၊ တိုက်ရိုက် သေဆုံးသွားခဲ့သည်။ ၎င်းတို့၏ စိတ်ဝိညာဉ်များသည် ပြန့်ကျဲသွားသည်။ ၎င်းတို့၏ခန္ဓာကိုယ်များသည် ဝူအိမ်တော်ထိန်းဆီသို့ ပျံသန်းသွားခဲ့သည်။

ဘုန်း….။ ဝေလငါးသတ် အသေခံတပ်သားနှစ်ဦး သေဆုံးသွားသည့် အခိုက်တွင်၊ ထိုနေရာရှိ လူအားလုံးသည် ဝူအိမ်တော်ထိန်း သူတို့မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့ပြီး၊ အလောင်းနှစ်လောင်းသာ ကျန်ရစ်ခဲ့သည်ကို မြင်လိုက်ရပါသည်။ အလောင်းများသည် အမြှောက်ဆံများသဖွယ် ပြေးဝင်လာ ပြီး၊ ရှေ့ဆုံးမှ သွေးငါးမန်းအစောင့်အဖွဲ့ဝင် သုံးလေးဦးကို ချက်ချင်းဆိုသလို ထိမှန်သွားခဲ့သည်။

ဤသွေးငါးမန်း အစောင့်များသည် ကြံ့ခိုင်သော ခန္ဓာကိုယ်, သန်မာသော ကြွက်သား၊ အရိုးများနှင့်အတူ ခိုင်ခံ့သော သံချပ်ကာများကို ဝတ်ဆင်ထား ကြသည်။ သို့သော်၊ အလောင်းများ၏ ပြေးဝင်ရိုက်ခတ်သည့် အင်အားက တဟုန်ထိုး မောင်းနှင်လာသော မြင်းစစ်သည်များ၏ ပြေးဝင်လာသော အင်အားထက် ဆယ်ဆမက သန်မာသည်။ ၎င်းသည် ဆင်တစ်ကောင် ပြေးဝင်လာသည့်နှယ်ပင်။ သူတို့သည် လုံးဝ မတားဆီးနိုင်ပေ။

ရှီး….၊ ရှီး….၊ ရှီး…။ နတ်ဘုရား ဒူးလေးများမှ မြှားများသည်လည်း သေဆုံးစစ်သည်နှစ်ဦး၏ ခန္ဓာကိုယ်များကို ထိမှန်သွားခဲ့ပြီး၊ မည်သည့် အကျိုး သက်ရောက်မှုမျှ မရှိခဲ့ပေ။

"ရန်သူကို သတိထား။"

"ရန်သူက ဘယ်မှာလဲ။"

"သတိထား။”

“သူက အလောင်းတွေကြားမှာ ပုန်းနေတယ်။"

သွေးငါးမန်းအစောင့်များ၏ ခေါင်းဆောင်သည် ရှင်တန်သိုင်းသခင် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပြီး၊ သူသည် ရှေ့ဆုံးတွင် ရပ်နေကာ၊ ကျွမ်းကျင်သူ ဆယ်ဦးကို ဦးဆောင်ပြီး တိုက်ခိုက်မှုကို တားဆီးနေသည်။ သို့သော်၊ သူသည် ဝူအိမ်တော်ထိန်း၏ အရိပ်အယောင်ကို လုံးဝ ရှာမတွေ့နိုင်ခဲ့ပေ။

ဟုန်ယွိတစ်ဦးတည်းသာ သူ၏စိတ်ဝိညာဉ် အာရုံကို အမြင့်ဆုံးအဆင့်အထိ ဖွင့်လှစ်ထားခဲ့ပြီး၊ ထိုအခိုက်အတန့်တွင်၊ ဝူအိမ်တော်ထိန်းသည် သေဆုံးစစ်သည်နှစ်ဦးကို လက်ဖဝါးရိုက်ချက်ဖြင့် သတ်ဖြတ်ခဲ့ပြီး၊ ထို့နောက် သူ့ခန္ဓာကိုယက ရုတ်တရက် ကျုံ့သွားကာ၊ သေဆုံးသူ၏ အလောင်းနှင့် ပေါင်းစပ်သွားသည်ကို မြင်တွေ့ခဲ့ခြင်း ဖြစ်သည်။ သူ၏ကြီးမားသော ခန္ဓာကိုယ်သည် ကြီးမားသော ကျားသစ်တစ်ကောင်နှယ် ဖြစ်သော်လည်း၊ ပျောက်ကွယ်သွားသည့်အလား သူ၏လှုပ်ရှားမှုများကို မည်သူမျှ ခံစားသိရှိနိုင်ခြင်းမရှိခဲ့ပေ။

ဝူအိမ်တော်ထိန်းသည် ဤကျုံ့သွားသော အရှိန်ဟုန်ကို အသုံးပြုပြီး၊ အလောင်းများနှင့်အတူ ပြေးဝင်လာခဲ့ခြင်း ဖြစ်သည်။

ဘုန်း….။ သူသည် သွေးငါးမန်းအစောင့်များ၏ အလယ်သို့ ဝင်ရောက်တိုက်ခိုက်ပြီး၊ အလောင်းများသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ထို့နောက် ဝူအိမ်တော်ထိန်း၏ ခန္ဓာကိုယ်က ပေါ်ထွက်လာသည်။

သူပေါ်ထွက်လာသည်နှင့်၊ သူ့လက်ဖဝါး နှစ်ဖက်ကို ပွတ်သပ်ကာ၊ သူ့ခန္ဓာကိုယ်ကို ပြင်းထန်စွာ လှည့်ပတ်လိုက်သည်။ ပတ်ဝန်းကျင်ရှိ လေထုသည် ပေါက်ကွဲထွက်ပြီး၊ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ လူတိုင်းသည် လောင်ကျွမ်းနေသော အငွေ့အသက်တစ်ခုကို ခံစားရသည်။

ဟုန်ယွိ၏ အကြည့်တွေက ပေါက်ကွဲထွက်လု မတတ်ပင်။ ဝူအိမ်တော်ထိန်း၏ လက်ဖဝါးများသည် အကြိမ်နှစ်ဆယ်ကျော် ရိုက်ထုတ်ခဲ့ပြီး ဖြစ်သည်။ သွေးငါးမန်းအစောင့် ကျွမ်းကျင်သူနှစ်ဆယ်ကျော်သည် စာခြောက်အရုပ်များနှယ် လွင့်ထွက်သွားသည်။ ၎င်းတို့၏ပါးစပ်မှ သွေးများ, ကျိုးကြေနေ သော အဆုတ်အပိုင်းစများ အန်ထွက်လာပြီး၊ ကမ်းခြေတစ်ခုလုံး သွေးစွန်းသွားကာ သွေးအနံ့ဖြင့် ဖုံးလွှမ်းသွားပါသည်။

ထိုအဖြစ်ပျက်က မျက်တောင်နှစ်ခတ် အချိန်အတွင်းမှာ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။

ဟုန်ယွိသည် ကမ်းခြေတစ်ခုလုံးရှိ လေထုထဲတွင် ပြင်းထန်သော သွေးချီရနံ့က ပြန့်နှံ့နေသည်ကို ခံစားရသည်။ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် စိတ်မသက်မသာ ခံစားလာရပြီး၊ သူ့အတွေးများက အလုပ်မလုပ်တော့သည့်အတိုင်းပင်။ ဤပြင်းထန်သော သွေးရနံ့သည် ဝူအိမ်တော်ထိန်း၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်လာခြင်း ဖြစ်သည်။ ၎င်းသည် ထိုနေ့က မြို့စားဝူဝမ်စံအိမ်တွင် ဟုန်ရွှန်ကျိထံမှ သူခံစားခဲ့ရေ သွေးရနံ့နှင့် အတူတူပင်။

"သိုင်းသူတော်စင်"

ဟုန်ယွိ၏ စိတ်ထဲတွင် အန္တရာယ်ကြီးသည့် အတွေးတစ်ခုက မြင့်တက်လာခဲ့ပါသည်။

အပိုင်း (၁၅၉)။

ရှင်တန်သိုင်းသခင် ကျွမ်းကျင်သူ ၁၉ ဦးသည် ဓားနှင့်လှံ မထိုးဖောက်နိုင်သော ငွေငါးမန်းသံချပ်ကာများကို ဝတ်ဆင်ထားကြသည်။ ၎င်းတို့၏ အဖွဲ့လိုက် ပူးပေါင်းတိုက်ခိုက်မူသည် မည်သည့်အမှားယွင်းမှ မရှိခဲ့ပေ။ တိုက်ပွဲ ရာပေါင်းများစွာကို အတူတူ ဖြတ်သန်းခဲ့ဖူးသော သိုင်းသခင် ၄၉ ဦး သည် တုံ့ပြန်မှု မြန်ဆန်ပြီး၊ ခိုင်ခံ့သော သံချပ်ကာများကို ဝတ်ဆင်ထားကာ၊ နတ်ဘုရား ဒူးလေးများကို ပစ်ခတ်လိုက်သည်နှင့် သံချပ်ကာများကို ထိုးဖောက်နိုင်သည်။

ဤကဲ့သို့ အားကောင်းပြီး ခမ်းနားသော အဖွဲ့စည်းဖြင့်ဆိုပါက, သူတို့သည် ခြေလျင် တိုက်ခိုက်ရမည်ဆိုလျှင်ပင်၊ မြင်းစစ်သည် ရာပေါင်းများစွာ သို့မဟုတ် ထောင်ပေါင်းများစွာကိုပင် ဖျက်ဆီးနိုင်ပါသည်။ ဤကဲ့သို့ ခမ်းနားထည်ဝါသော အဖွဲ့စည်းဖြင့်၊ သိုင်းပညာရှင် တစ်ဦးကို ဝိုင်းဝန်း သတ်ဖြတ်ခြင်းက ကြက်တစ်ကောင်ကို သတ်ဖြတ်ရသည်နှင့် တူညီပါသည်။

ထို့ပြင်၊ သိုင်းပညာရှင်သည် အဝေးမှာ မဟုတ်ပေ။ သူသည် ခြေလှမ်းနှစ်ဆယ်အကွာတွင်သာ ရှိနေပြီး၊ နတ်ဘုရား ဒူးလေး ပစ်ခတ်နိုင်သည့် အကွာအဝေးအတွင်း ရှိနေဆဲ ဖြစ်သည်။

သွေးငါးမန်းအစောင့်များနှင့် ဝေလငါးသတ် အသေခံတပ်သားများ၏ ပူးပေါင်းတိုက်ခိုက်မှုသည် ပစိတ်ဖိတ်ရေတပ်၏ အစွမ်းထက်ဆုံး အင်အား ဖြစ်သည်။ ၎င်းတို့သည် ဗိုလ်ချုပ်ကြီး ယန်ကျန်း၏ ကိုယ်ရံတော်များ ဖြစ်ကြပြီး၊ တိုက်ပွဲတွင် ဗိုလ်ချုပ်ကြီးကို ကာကွယ်ပေးရသော အင်အားစု ဖြစ်သည်။

သို့သော်၊ ဤမျှအားကောင်းသော အင်အားစုသည် ဝူအိမ်တော်ထိန်းကဲ့သို့ အဖိုးအိုတစ်ဦးရှေ့တွင် မျက်တောင်တစ်ချက် နှစ်ချက်ခတ် အချိန်အတွင်း မှာပင် ဖျက်ဆီးခံလိုက်ရသည်။ မျက်တောင်တစ်ချက် နှစ်ချက်ခတ် အချိန်အတွင်းမှာပင်၊ သူတို့၏ ဖွဲ့စည်းမှုထဲသို့ ဝင်ရောက် သတ်ဖြတ်ခံခဲ့ရပြီး၊ သူတို့၏ ဖွဲ့စည်းပုံသည် ပြိုကွဲ ပျက်စီးသွားခဲ့ရသည်။

ဟုန်ယွိ၏ နှလုံးသားထဲတွင် ထိတ်လန့်မှုက လှိုင်းလုံးများကဲ့သို့ ဒလဟော တိုးဝင်လာသည်ဟုသာ ဖော်ပြလို့ရပေသည်။

အရိုးသားဆုံး ပြောရလျှင်၊ သူသည် ရုပ်ခန္ဓာကိုယ် သက်သက်ဖြင့် ဤမျှ အားကောင်းသော စွမ်းအားကို ပြသနိုင်သူကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ သူသည် ကိုယ်ခံပညာ ကျွမ်းကျင်သူများစွာကို တွေ့ဆုံခဲ့ဖူးသည်။ အစွမ်းထက်ဆုံးလူတွေက ယောင်ယွဲ့ရူနှင့် ကျောက်ဖေးရုန်တို့ ဖြစ်သည်။

သို့သော်၊ နတ်ဘုရားများကဲ့သို့ ကိုယ်ခံပညာ နည်းစနစ်များကို ပိုင်ဆိုင်ထားပြီး၊ အစွမ်းထက်လှပါသည်ဆိုသော ဤထင်ရှားသည့် လူငယ်များသည် ဝူအိမ်တော်ထိန်းလို ခွေးအိုကြီး၏ရှေ့တွင် သုံးနှစ်သား ကလေးများထက်ပင် ကလေးဆန်နေပြီး ရယ်စရာသာသာ ဖြစ်နေခဲ့ပါသည်။

ဝူအိမ်တော်ထိန်း၏ ပေါက်ကွဲထွက်လာသော ရုပ်ခန္ဓာခွန်အား၊ သွက်လက်သော နည်းလမ်းများ၊ အလောင်းနောက်ကွယ်တွင် ပုန်းအောင်းနေမှု၊ အမြှောက်များသဖွယ် ပျံသန်းမှု၊ လက်ဖဝါးဖြင့် ရိုက်နှက်မူ၊ ပေါက်ကွဲထွက်လာသော လေစီးကြောင်းများ၊ ပုံရိပ်မဲ့ ဖိနှိပ်မှုအငွေ့အသက်ကို ထုတ်လွှတ် နေမှုကို မြင်လိုက်ရသည့်အခါ၊ ဟုန်ယွိသည် သူက ရေတွင်းအောက်ခြေရှိ ဖားတစ်ကောင်ဖြစ်ကြောင်း ပထမဆုံးအကြိမ် သိရှိခဲ့ပါသည်။

သိုင်းပညာကို လေ့ကျင့်ခြင်းသည် အမှန်တကယ်ပင် ဤကဲ့သို့အဆင့်မျိုးထိ ရောက်ရှိနိုင်ခဲ့သည်။

သိုင်းပညာကို လေ့ကျင့်ခြင်းသည် တာအိုကျင့်ကြံမှုထက် နိမ့်ကျပြီး၊ သိုင်းပညာသည် တာအိုပညာအောက် နိမ့်ကျသည်ဟူသော အယူအဆသည် သူ့နှလုံးသားထဲတွင် လုံးဝ ပြိုလဲသွားခဲ့ပြီ။

ခွေးအိုကြီး ဝူအိမ်တော်ထိန်း၏ အားကောင်းသော စွမ်းအားသည် ဟုန်ယွိ၏ စိတ်ဝိညာဉ်အပေါ် ဖိနှိပ်မှုတစ်ခုကို ဖန်တီးပေးခဲ့သည်။

ဤစွမ်းအားသည် သူ့စိတ်ဝိညာဉ်ကို ဖိနှိပ်ပြီး စိတ်ပျက်အားငယ်မှုကို ဖြစ်ပေါ်စေနိုင်လောက်အောင် အားကောင်းသည်။ ဤသည်မှာ မည်သည့် ကိုယ်ခံပညာ အဆင့်နည်း။ ဤသည်မှာ မည်သည့်ကိုယ်ခံပညာ ကျင့်ကြံမှု အဆင့်နည်း။

မူလက ဤခွေးအိုကြီးသည် တာအိုနည်းစနစ်တစ်ခုခုကို ကျင့်ကြံထားသောကြောင့် မကြောက်မရွံ့ ဖြစ်နေသည်ဟု ဟုန်ယွိ ထင်ခဲ့မိသည်။ အကြောင်းမှာ တာအိုနည်းစနစ်များကို ကျင့်ကြံထားမှသာ သွေးငါးမန်းအစောင့်များနှင့် ဝေလငါးသတ် အသေခံတပ်သားများကို ရင်ဆိုင်နိုင်မည် ဖြစ်သောကြောင့်ပင်။

သို့သော်၊ အကယ်၍, တစ်ဖက်လူသည် တာအိုနည်းစနစ်များကို ကျင့်ကြံထားခဲ့လျှင်, ဟုန်ယွိသည် ကြောက်ရွှံ့မည် မဟုတ်ပေ။ သူသည် ယင်ယန် မက်မွန်နတ်ဘုရားဓားကို ပိုင်ဆိုင်ထားပြီး၊ အတိတ်ကျမ်းကို ကျင့်ကြံထားကာ၊ မကြာသေးခင်က သိမ်းပိုက်ခြင်းနယ်ပယ်သို့ ရောက်ရှိခဲ့သည်။ သူသည် လျှို့ဝှက် ယင်ဝိညာဉ်သတ်ဖြတ်ခြင်းနှင့် ဝိညာဉ်စုပ်ယူခြင်း နည်းစနစ်ကို ကျွမ်းကျင်ခဲ့ပြီ။

ဟုန်ယွိသည် တစ်ဖက်သူက တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်နေလျှင်ပင်၊ သူ ရင်ဆိုင်တိုက်ခိုက်နိုင်မည်ဟု တွက်ချက်ထားခဲ့သည်။

သို့သော်၊ ဟုန်ယွိသည် မှားယွင်းစွာ တွက်ချက်ထားမိသည်။ တစ်ဖက်လူသည် တာအိုနည်းစနစ်များကို လုံးဝ သိရှိထားခြင်း မရှိပေ။ ယင်းအစား၊ သူသည် သန့်စင်သော ကိုယ်ခံပညာ၊ အမြန်နှုန်း၊ ခွန်အား၊ လျင်မြန်မှုတို့ဖြင့် အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။ အကြောင်းမှာ ဝူအိမ်တော်ထိန်း၏ ကိုယ်ခံပညာသည် သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပင်။

ဟုန်ယွိသည် ယခုအခါ ရှင်တန်သိုင်းသခင် အစောပိုင်းအဆင့်တွင်ရှိနေပြီး၊ သိုင်းသူတော်စင်အဆင့်နှင့် ကမ္ဘာပေါင်းများစွာ ကွာခြားနေဆဲ ဖြစ်သော် လည်း၊ သူ၏အာရုံခံစားမှုသည် ထက်မြက်ပြီး၊ ကြိုတင်ခံစားချက်က အားကောင်းလှသည်။ ဝူအိမ်တော်ထိန်း၏ ချီနှင့်သွေးသည် ဟုန်ရွှန်ကျိနှင့် ယှဉ်ကြည့်လျှင်၊ ၎င်းသည် သာလွန်မှု မရှိသော်လည်း၊ အနည်းငယ် ဆင်တူသည်။ ၎င်းသည် သိုင်းသူတော်စင် ဖြစ်သည်မှာ သေချာသည်။ ထို့ပြင်၊ ၎င်းသည် စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းထားနိုင်သည့် သိုင်းသူတော်စင် ဖြစ်ပြီး၊ သူ၏ နည်းလမ်းများသည် ကြောက်မက်ဖွယ်ကောင်းပြီး၊ သူ၏ကျင့်ကြံမှုသည် မိုးကောင်းကင်ကို ဆန့်ကျင်နိုင်သည်။

သိုင်းသူတော်စင်တစ်ပါး၏ စွမ်းအားသည် တိုင်းတာ၍မရပေ။

လူတစ်ယောက်ကို သူတော်စင်ဟု ခေါ်ဆိုရသည့် ဤနယ်ပယ်သည် ပညာရှင်များကြားမှာပင် နှစ်ရာပေါင်းများစွာကြာသည်အထိ ရှားပါးသည်။ အကြီးမြတ်ဆုံးသော မဟာပညာရှင်တစ်ဦးပင်လျှင် မိမိကိုယ်ကို သူတော်စင်ဟု မခေါ်ဝံ့ပေ။

ပြိုင်ဘက်ကင်း သိုင်းသူတော်စင်တစ်ပါးကို မဆိုထားနှင့်, ယခုအချိန်ထိ၊ ဟုန်ယွိသည် စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်တစ်ခုတည်းဖြစ်အောင် ပေါင်းစည်း ထားသော မဟာဆရာသခင်ကိုတောင် တစ်ခါမျှ မမြင်ဖူးသေးပေ။

ဤအခိုက်အတန့်တွင်၊ ဟုန်ယွိသည် သူ၏ဖခင် ဟုန်ရွှန်ကျိသည် မည်မျှကြောက်မက်ဖွယ်ကောင်းပြီး၊ သူ၏ပတ်ဝန်းကျင်ရှိ အင်အားစုက မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

ဘုန်း…၊ ဘုန်း…၊ ဘုန်း…၊ ဘုန်း..။ ကျွမ်းကျင်သူ ဆယ်ဦးကျော်ကို ဦးဆောင်ခဲ့နေသည့် သွေးငါးမန်းအစောင့်များ၏ ခေါင်းဆောင်၊ ရှင်တန်သိုင်းသခင် ကျွမ်းကျင်သူသည် အသက်တစ်ရှိုက်အချိန် ဝယ်ယူရန် တခဏအတွင်းမှာပင် ကျွမ်းကျင်သူ နှစ်ဆယ်ကျော်ကို စတေးခဲ့ပြီး၊ ကိုယ်တိုင် စွန့်လွှတ်ကာ ဝူအိမ်တော်ထိန်းကို ဝိုင်းရံတိုက်ခိုက်ခဲ့သည်။

တစ်ချိန်တည်းမှာပင်, သူသည် သူ့လက်ကို မြှောက်လိုက်ပြီး၊ စူးရှသော လေချွန်သံတစ်ခုက ကောင်းကင်ယံကို ထိုးဖောက်သွားသည်။ ၎င်းသည် လေထုကို ထိုးဖောက်သွားသော မြှားတစ်စင်း ဖြစ်သည်။

ဤကဲ့သို့ လေချွန်မြှားသည် ဝမ်းနည်းဖွယ်အသံကို ထွက်ပေါ်စေသည်။ ၎င်းသည် ပစိတ်ဖိတ်ရေတပ်မှ မဖြစ်မနေ လိုအပ်မှသာ အသုံးပြုရန် ပေးထား သည့် ဆင့်ခေါ်အမိန့် ဖြစ်သည်။ ဤလေချွန်မြှားသံကို ကြားလိုက်ရသည်နှင့်၊ လူတိုင်း ကယ်ဆယ်ရန် လာရောက်ကြရမည် ဖြစ်သည်။

သို့သော်၊ ဤစူးရှသော လေချွန်မြှားသံသည် စတင်ထွက်ပေါ်လာသည်နှင့် ရုတ်တရက်ဆိုသလို ကျောက်စရစ် ခဲတစ်လုံးသည် လေထဲကို ဖြတ်ကျော် ပျံသန်းပြီး၊ လေချွန်မြှားကို တိကျစွာ ထိမှန်သွားခဲ့ကာ၊ လေချွန်သံသည်လည်း ထွက်ပေါ်လာသည်နှင့် ရုတ်တရက် တိတ်ဆိတ်သွားပါသည်။

ဤကမ်းခြေပေါ်တွင်၊ အသံတိတ်သွားသော လေချွန်မြှားသံကို မည်သူမှ မကြားနိုင်သလို၊ သတိမထားမိနိုင်သည့် အခွင့်အလမ်းက ရာခိုင်နှုန်း ၈၀ လောက် ရှိမည်။

၎င်းသည် ဝူအိမ်တော်ထိန်း၏ လက်ချက် ဖြစ်သည်။ သူသည် သူ့ပတ်ဝန်းကျင်ရှိ လူများကို လှည့်ပတ်ပြီး လက်ဖဝါးဖြင့် ရိုက်ထုတ်ဖြိုခွဲလိုက်သည်။ ထို့နောက်, သူ့မျက်လုံးများက လင်းလက်သွားခဲ့ပြီး၊ လေချွန်မြှားကို ဖြိုခွဲရန် ကမ်းခြေပေါ်ရှိ ကျောက်စရစ်ခဲတစ်လုံးကို ကန်ထုတ်လိုက်ခြင်း ဖြစ်သည်။

သူသည် ဝိုင်းရံခံထားရသော်လည်း၊ အရာအားလုံးကို ကြားနိုင်ပြီး၊ အရပ်မျက်နှာအားလုံးကို စောင့်ကြည့်နေနိုင်သည်။ သူသည် အရာအားလုံးကို တိကျစွာ တွက်ချက်ပြီး၊ အခြေအနေကို ထိန်းချုပ်ကာ၊ မည်သည့်အမှားယွင်းကိုမျှ ခွင့်မပြုခဲ့ပေ။

"သတ်……"

သွေးငါးမန်းအစောင့် ခေါင်းဆောင်၏ မျက်လုံးများသည် ထိတ်လန့်တုန်လှုပ်မူနှင့်အတူ ပြူးကျယ်သွားပါသည်။ သူ မတုန့်ပြန်နှိုင်ခင်မှာ သူ၏ လက်အောက်ရှိ လက်ရွေးစင် ကျွမ်းကျင်သူ ၄၉ ထဲမှ တစ်ဝက်သည် သတ်ဖြတ်ခံခဲ့ရသည်။ ထို့ပြင်၊ ၎င်းတို့သည် လူတစ်ဦးတည်း၏ လက်ချက်ဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

ဝှီး…၊ ဝှီး…၊ ဝှီး…။

ကျန်ရှိနေသော သွေးငါးမန်းအစောင့် ဒါဇင်ကျော်သည် ၎င်းတို့၏သံချပ်ကာများထဲတွင် ဖုံးကွယ်ထားသော ဓားမြှောင်များကို ဆွဲထုတ်လိုက်သည်။ ဓားမြှောင်များသည် ဓားပိုက်ကွန်တစ်ခုအဖြစ် စုစည်းသွားပြီး၊ မတူညီသော ထောင့်များမှ ဝူအိမ်တော်ထိန်းကို ထိုးစိုက်လိုက်သည်။

မူလက ဝူအိမ်တော်ထိန်း၏ လှုပ်ရှားမှုများကြောင့် ဤသွေးငါးမန်းအစောင့်များသည် သူ့အဝတ်အစားစွန်းကို ထိရန်ပင် မဖြစ်နိုင်ခဲ့ပေ။ သို့သော်၊ အဆုံးတွင် ဝူအိမ်တော်ထိန်းသည် လူသားတစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။ လူနှစ်ဆယ်ကျော် ဆက်ဆိုက် တိုက်ခိုက်ပြီးနောက်၊ သူ၏လှုပ်ရှားမှုများသည် ရပ်တန့်သွားသည်။

ဤသွေးငါးမန်းအစောင့်များသည် တိုက်ခိုက်ရန် အခွင့်အလမ်းကို ရှာဖွေရာတွင် ကျွမ်းကျင်သူများ ဖြစ်သည်။ သူတို့သည် ဝူအိမ်တော်ထိန်း၏ လှုပ်ရှားမှုများကို ရှင်းလင်းစွာ မြင်လိုက်ရသည်နှင့်၊ ထိုအခွင့်အရေးကို လက်လွှတ်မခံကြပေ။

ဟိုက်…..။

ထိုတုံ့ဆိုင်းသွားသည့် အခိုက်အတန့်မှာပင်, ဝေလငါးသတ် အသေခံတပ်သား ခုနစ်ဦးသည် ၎င်းတို့၏ ခန္ဓာကိုယ်များကို ကွေးညွှတ်လိုက်ပြီး၊ တစ်ညီတစ်ညွတ် ဟိန်းဟောက်လိုက်ကြပါသည်။ သူတို့သည် သူတို့၏ ရီဗာသံမဏိဓားများကို သူတို့၏ ခန္ဓာကိုယ်များနှင့် ပေါင်းစည်းလိုက်ပြီး၊ ဝူအိမ်တော်ထိန်း၏ နောက်ကျောကို ပစ်မှတ်ထားကာ ပျံသန်းလာခဲ့ကြသည်။

ဝေလငါးသတ် အသေခံတပ်သား ကိုးဦးအနက်၊ နှစ်ဦးသည် တစ်ချက်တည်းဖြင့် သတ်ဖြတ်ခံခဲ့ရသည်။ ယခုအခါ၊ ကျန်ရှိနေသည့် ခုနစ်ဦးသည် အရူးအမူး ဖြစ်သွားကြပြီး၊ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ် တစ်သားတည်းဖြစ်သည့် နယ်ပယ်သို့ အမှန်တကယ် ဝင်ရောက်သွားခဲ့ကြသည်။ သူတို့သည် ပြန်လည် အစားထိုးရန် မဖြစ်နိုင်တော့သည့် ဝမ်းနည်းကြေကွဲမူကို သယ်ဆောင်ထားရင်း၊ ရှေ့သို့ တဟုန်ထိုး ပြေးဝင် တိုက်ခိုက်ကြသည်။

ကမ်းခြေတစ်ခုလုံးသည် သတ်ဖြတ်လိုစိတ်၊ ပူပြင်းသောသွေး၊ စိတ်ပျက်အားငယ်မှု၊ ရက်စက်မှုတို့ဖြင့် ပြည့်နှက်နေသည်။ ၎င်းသည် နိုင်ငံနှစ်ခုကြားရှိ တိုက်ပွဲတစ်ခုနှယ်ပင်။ လေထုက ပြင်းထန်လွန်းသဖြင့် ပင်လယ်ကြီးပင်လျှင် ထိတ်လန့်သွားပုံရသည်။

သို့သော်၊ ဟုန်ယွိသည် တိုက်ပွဲထဲတွင် မပါဝင်ခဲ့ပေ။ ထိုအသက်ရှူချိန် အနည်းငယ်အတွင်းမှာ၊ သူ၏ခြေထောက်များက မရပ်မနား လျင်မြန်စွာ ဆုတ်ခွာသွားပြီး၊ ခြေလှမ်းလေးဆယ်မှ ငါးဆယ်အကွာသို့ အပြင်းထန် ဆုတ်ခွာသွားခဲ့သည်။

သူသည် ကြောက်လန့်ခြင်းကြောင့် မဟုတ်သလို၊ သွေးငါးမန်းအစောင့်များနှင့် ဝေလငါးသတ် အသေခံတပ်သား သတ်ဖြတ်ခံရရန် လိုလားနေခြင်း ကြောင့်လည်း မဟုတ်ပေ။ ယခုအချိန်တွင်၊ ဓားငှားပြီး သတ်ဖြတ်သည့် လှည့်ကွက်များကို ကစားခြင်းသည် သူ၏ပင်ကိုယ်စရိုက်နှင့် မကိုက်ညီပေ။

သူသည် ဤမျှ လျင်မြန်စွာ ဆုတ်ခွာရသည့် အကြောင်းအမှန်မှာ အကွာအဝေးသည် နီးကပ်လွန်းနေသောကြောင့် ဖြစ်သည်။ ထိုအကွာဝေးသည် တာအိုနည်းစနစ်များကို အသုံးပြုရန် အဆင်မပြေပေ။

ဝူအိမ်တော်ထိန်းသည် အလွန်အားကောင်းပြီး၊ သူ၏လှုပ်ရှားမှုများသည် အလွန်မြန်ဆန်သည်။ သူသည် မက်မွန်နတ်ဘုရားဓားကို အသုံးပြုမည်ဆို လျှင်ပင်၊ ပြိုင်ဘက် မဖြစ်နိုင်ပေ။ ဤမျှ နီးကပ်သော အကွာအဝေးအတွင်းမှာ, တာအိုနည်းစနစ်များ၏ အမြန်နှုန်းသည် ကိုယ်ခံပညာထက် မမြန်ဆန် ပေ။ သူ တာအိုပညာရပ်ကို အသုံးမပြုနိုင်ခင် သတ်ဖြတ်ခံရမည်ကို ဟုန်ယွိ သိသည်။

ခြေလှမ်းလေးဆယ်မှ ငါးဆယ်အကွာသို့ ဆုတ်ခွာခဲ့သော်လည်း၊ ၎င်းသည် ထိရောက်သော အကွာအဝေး မဟုတ်သေးပေ။

သိုင်းသူတော်စင်အဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် ရင်ဆိုင်ရာတွင်, အနည်းဆုံး ရုပ်ခန္ဓာကိုယ်ကို လုံခြုံသောနေရာတွင် ထားရှိသင့်ပေသည်။ ထို့နောက် စိတ်ဝိညာဉ်သည် အခွံထဲမှ သဲလွန်မရှိဘဲ ထွက်ပေါ်ကာ၊ ကောင်းကင်ထဲသို့ ပျံသန်းပြီး၊ မြေအောက်သို့ တိုးဝင်ကာ၊ ချောင်းမြောင်း တိုက်ခိုက်ခြင်းဖြင့် သတ်ဖြတ်ရမည်။

သိုင်းသူတော်စင်တစ်ပါးနှင့် နီးကပ်စွာ တိုက်ခိုက်ခြင်းသည် သေမင်းကို ဖိတ်ခေါ်ခြင်းပင် ဖြစ်သည်။

ချက်ချင်းဆိုသလို၊ သူသည် ခြေလှမ်းလေးဆယ်မှ ငါးဆယ်အကွာသို့ ဆုတ်ခွာခဲ့သည်။ ၎င်းသည် ထိရောက်သော အကွာအဝေး မဟုတ်သော်လည်း၊ ဟုန်ယွိသည် သူလှုပ်ရှားရမည်ကို သိသည်။ သူသည် သွေးငါးမန်းအစောင့်များနှင့် ဝေလငါးသတ် အသေခံတပ်သားများ၏ ဝမ်းနည်းကြေကွဲဖွယ် တိုက်ခိုက်မှုများနှင့် ပူပေါင်းဆောင်ရွက်ရမည် ဖြစ်သည်။

စိတ်ဝိညာဉ် အခွံမှထွက်ခွာခြင်း…..။

ချက်ချင်းဆိုသလို၊ သူသည် သူ့ဘေးရှိ မက်မွန်နတ်ဘုရားဓားထဲသို့ ဝင်ရောက်သွားခဲ့သည်။

ဝှမ်း…..၊ ဝှမ်း……၊ ဝှမ်း…..!

ကျောက်စိမ်းရောင်ဓားချီ အရိပ်တစ်ခုသည် နဂါးတစ်ကောင်ကဲ့သို့ ကောင်းကင်ယံသို့ ပျံတက်သွားပြီး၊ လေထုကို ဖြတ်သန်းကာ ၎င်း၏ နောက်ပိုင်း အမြီးရိပ်ကို လှည့်ပတ်လိုက်သည်။ ထို့နောက် ၎င်းသည် ဓားအရိပ်တစ်ရာအဖြစ်သို့ ပြောင်းလဲသွားပြီး၊ ဦဒေါင်းငှက် အမြီးဖြန့်လိုက်သည့်နှယ်၊ ပြန်လည် ဆုတ်ခွာသွားခဲ့သည်။ ဓားအရိပ်တစ်ရာသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး၊ ဓားချီလမ်းကြောင်းရှည်တစ်ခုကို ချန်ထားရစ်ကာ၊ ဝိုင်းရံခံထားရသော ဝူအိမ်တော်ထိန်း၏ ဦးခေါင်းဆီသို့ တိုက်ခိုက် ဆင်းသက်လာခဲ့သည်။

ဟုန်ယွိ၏ ဤလှုပ်ရှားမှုသည် သူ၏စိတ်ဝိညာဉ်က မက်မွန်နတ်ဘုရားဓားထဲသို့ ဝင်ရောက်ပြီး၊ တချက်တည်းဖြင့် စွမ်းအားကို စုစည်းထားခြင်း ဖြစ်သည်။

သူသည် မဟာနေမင်းရွှေကိုယ်ထည်ကို ဖွဲ့စည်းရန် သူ့စိတ်ဝိညာဉ်ကို အသုံးမပြုခဲ့သလို၊ ဝိညာဉ်ဝဲဂယက်ကိုလည်း အသုံးမပြုခဲ့ပေ။ အကြောင်းမှာ ယခုအခါ ညအချိန်ဖြစ်နေပြီ ဖြစ်သည်။ လရောင်ဖြင့် မီးလျှံကို ဖွဲ့စည်းခြင်းသည် အားထုတ်မှုများစွာ လိုအပ်သည်။ ဒုတိယအနေဖြင့်၊ သိုင်းသူတော်စင်၏ ချီနှင့်သွေးသည် ယန်ဓာတ်ဖြစ်ပြီး၊ စိတ်ဝိညာဉ်အပေါ် ကြီးမားသည့် ဖျက်ဆီးနိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။ ယခုအခါ, သူသည် ဓားထဲသို့ ဝင်ရောက်ထားပြီး၊ အကာအကွယ်ရရှိထားကာ၊ ထိခိုက်မှု မရှိနိုင်ပေ။ တတိယအနေဖြင့်၊ သူ့ပြိုင်ဘက်သည် စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းထားသည့် သိုင်းသူတော်စင်တစ်ပါး ဖြစ်သည်။ သူ့အပေါ် နတ်ဘုရား စိတ်ဝိညာဉ် တိုက်ခိုက်မှုမှန်သမျှ လုံးဝ အသုံးမဝင်ပေ။

သိုင်းသူတော်စင်တစ်ပါးကို အနိုင်ယူရန် တစ်ခုတည်းသော နည်းလမ်းမှာ သူ၏ရုပ်ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ရန် ဖြစ်သည်။ ၎င်းမှလွဲ၍ အခြား နည်းလမ်းမရှိပေ။

“ယင်ယန် မက်မွန်နတ်ဘုရားဓား….၊ ဒီဓားက တကယ်ကို မက်မွန်နတ်ဘုရားဓားပဲ… သခင်လေးယွိ… ဒီနေ့ သခင်လေး ပေးတဲ့ အံ့အားသင့်မှုတွေက ဒီအစေခံအိုကြီးအတွက် အလွန်ကို ကြီးမားလွန်းတယ်… သနားစရာပဲ….။ သနားစရာ……။ ဒီဓားပေါ်ထွက်လာတာနဲ့၊ သားအဖ ဆက်ဆံရေးလည်း ပျောက်ကွယ်သွားခဲ့ရပြီ။ သနားစရာပါလား….. ဟင်း……”

ကျောက်စိမ်းရောင် ဓားအရိပ်သည် ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်နှင့်၊ ဝိုင်းရံခံထားရသော ဝူအိမ်တော်ထိန်းသည် ဦးစွာ ထိတ်လန့်သွားသည်။ ထို့နောက်၊ သူ၏အဆုတ်ထဲမှ အဆုံးမရှိသော သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် ဝမ်းနည်းမှု၊ အကူညီမဲ့၊ နောင်တရမှုတို့ကို ခံစားရစေသည်။

မက်မွန်နတ်ဘုရားဓားထဲရှိ ဟုန်ယွိသည် ထိုစကားကို ရှင်းလင်းစွာ ကြားခဲ့ရသည်။ သို့သော်၊ သူသည် ယခုအခါ ကမ္ဘာကြီးကို မြင်ဖူးသူတစ်ဦး ဖြစ်ပြီး၊ ဤသို့သော စကားများဖြင့် သူ့စိတ်ခံစားချက်က ပြောင်းလဲသွားမည် မဟုတ်ပေ။

ဝူအိမ်တော်ထိန်း ပြောနေစဉ်တွင်၊ ဓားနှင့်ဓားမြှောင်တို့သည် သူ့ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိလာခဲ့သည်။ ချစ်ပ်…။ ချစ်ပ်… သူ၏အပြင်ဘက် အဝတ်အစားများသည် ရုတ်တရက် ဆုတ်ပြဲသွားပြီး။ အဝတ်စားအပိုင်းစများသည် လိပ်ပြာများသဖွယ် လွင့်ထွက်သွားသည်။

သို့သော်၊ ဆုတ်ပြဲသွားသော အပြင်ဘက် အဝတ်အစားအောက်တွင်၊ ရွှေစိမ်းရောင်ပိုးထည်တစ်ခုကို မြင်တွေ့ရသည်။ ၎င်းသည် ဒိုင်ဇင် ဘုရားကျောင်း၏ အထူးပြုလုပ်ထားသည့် ရွှေနက်ကာဇယာ ဖြစ်သည်။

ဤကာဇယာ၏ အရည်အသွေးသည် ကမ္မသုတ္တန်ပါ ကာဇယာထက်ပင် များစွာသာလွန်ပြီး၊ အမိတ္တဘသုတ္တန်၏ ကာဇယာနှင့် နီးကပ်လှသည်။ ဓားတွေ မည်မျှ ထက်မြက်သည်ဖြစ်စေ၊ ၎င်းပေါ်တွင် ခြစ်ရာတစ်ခုမျှပင် မချန်ထားနိုင်ခဲ့ပေ။

ဝူအိမ်တော်ထိန်း၏ ခန္ဓာကိုယ်သည် ကျုံ့သွားပြီး နူးညံ့ပျောပြောင်းလာသည်။ သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသော ဓားချက်တိုင်းသည် ဝါဂွမ်းထဲ သို့ နစ်ဝင်သွားပုံရသည်။ ထိုအခိုက်အတန့်တွင်၊ ဝူအိမ်တော်ထိန်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် ဖောင်းကားလာသည်။ သူ့ခန္ဓာကိုယ်၏ နူးညံ့မှုနှင့် မာကျောမှု၊ ကျုံ့ခြင်းချဲ့ကားခြင်းတို့က ပတ်ဝန်းကျင်ရှိ လေလှိုင်းများကို အမြှောက်ဆန်များနှယ် ပေါက်ကွဲစေသည်။

သူ့ခန္ဓာကိုယ်ကို ဓားဖြင့် ထိုးခဲ့သူမှန်သမျှ ၎င်းတို့၏ခန္ဓာကိုယ်များ ထုံကျဉ်သွားသည်ကို ခံစားရသည်။

“ရှင်ခြင်းဘီး၊ သေခြင်းဘီး… အနန္တမိုးကောင်းကင်…” ဝူအိမ်တော်ထိန်းသည် လက်တစ်ဖက်ကို ကွေးညွှတ်ပြီး၊ လက်မောင်းကို အပြင်သို့ လှည့်လိုက် သည်။ တရားဘီးတစ်ခုနှယ်၊ သူ၏ခြေထောက်များက မြေပြင်ပေါ်တွင် စက်ဝိုင်းပြတ်များစွာကို ရေးဆွဲလိုက်သည်။ သူ၏ခန္ဓာကိုယ် ရွေ့လျားလာ သည်နှင့်အမျှ၊ သူ့လက်များက ယွိမ်းနွဲ့သွားကာ၊ ဧရိယာတစ်ခုလုံး သူ့လက်အရိပ်များဖြင့် ပြည့်နှက်နေသော်လည်း၊ လေတိုးသံမရှိ သေဆုံးသွားသည့် အလား တိတ်ဆိတ်နေသည်။

သို့သော်၊ သူ့ကို ဝိုင်းရံထားသူ အားလုံးသည် သူ၏လက်မောင်းဖြင့် ရိုက်နှက်ခံလိုက်ရသည်။ လေပြင်းတိုက်ခတ်မှုကြောင့် ဂျုံပင်များ လွင့်စင်သွား သကဲ့သို့ ၎င်းတို့သည် ခြေလှမ်းဆယ်လှမ်း အကွာသို့ လွင့်ထွက်သွားပြီး၊ မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲကျလျက် ရှိသည်။ အသက်ရှင်သည့် လက္ခဏာများ လုံးဝ မပြတော့ပေ။

သွေးငါးမန်းအစောင့်များ၏ ခေါင်းဆောင်ပင်လျှင် ကမ်းခြေပေါ်သို့ လဲကျသွားချိန်တွင် အသံတစ်စုံတစ်ရာမှ ထွက်မလာခဲ့တော့ပေ။ ဝူအိမ်တော်ထိန်း၏ လက်သည် ပတ်ဝန်းကျင်ရှိ လူအားလုံး၏ အသက်စွမ်းအင်ကို ချက်ချင်း စုပ်ယူလိုက်သည့်နှယ်၊ ၎င်းတို့သည် နားမလည်နိုင်စွာ သေဆုံးသွားခဲ့ရသည်။

သူ့လက်မောင်းက လှုပ်ရှားပြီး သူ့ခန္ဓာကိုယ် လှည့်ပတ်လိုက်သည်နှင့်၊ ဝူအိမ်တော်ထိန်း၏ အခြား လက်တစ်ဖက်သည် သဲလွန်စမရှိ ပျောက်ကွယ်သွားပုံရသည်။ သို့သော် မက်မွန်နတ်ဘုရားဓား၏ ကျောက်စိမ်းရောင် အလင်းရောင်သည် မြေပြင်သို့ ထိုးကျလာသောအခါ၊ သူ၏ အခြားလက်တစ်ဖက် သည် ရုတ်တရက် ပေါ်ထွက်လာပြီး၊ လက်ချောင်းဖြင့် မက်မွန်နတ်ဘုရားဓား၏ ဓားသွားကို လှမ်းပွတ်လိုက်သည်။ ထို့နောက်၊ သဘာဝကျကျ သူ၏တံတောင်ဆစ်ဖြင့် ဖိချလိုက်ပြီး၊ ရွှေနက် ကာဇယာလက်မောင်းအိုးဖြင့် ဓားသွားကို ရစ်ပတ်ထားလိုက်သည်။ ထို့နောက် သူက မာန်တစ်ချက်သွင်းပြီး၊ လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။

ဝှမ်း….။

သူ လက်ဖဝါးကို ရိုက်ချလိုက်သည်နှင့်၊ ဧရာမဖားကြီးတစ်ကောင်သည် ရုတ်တရက် ဟိန်းဟောက် လိုက်သည့်အလား ဟိန်းဟောက်သံက ဆက်လက် ထွက်ပေါ်လာပြီး၊ သေမင်းတမန် တိတ်ဆိတ်နေမှုကို ဖြိုခွင်းကာ၊ တက်ကြွသော အသက်စွမ်းအင်များဖြင့် အစားထိုးလာခဲ့သည်။

လက်ဖဝါးတစ်ချက် ရိုက်ထုတ်လိုက်ခြင်းက ကြမ်းတမ်းသော ဆောင်းရာသီကို ဖြတ်ကျော်ပြီး၊ နွေဦးရာသီကို ပြန်လည် ရောက်ရှိစေခဲ့သည်။ ထိုကဲ့သို့ လက်သီးလေလှိုင်း၊ လက်သီးထိုးအသံ၊ လက်သီးဆန္ဒတို့က တာအိုနှင့် နီးကပ်နေပြီ ဖြစ်သည်။

မြှားတစ်စင်းထက်ပင် မြန်ဆန်သော မက်မွန်နတ်ဘုရားဓားသည် ဝူအိမ်တော်ထိန်း၏ ထိုတစ်ချက်တည်းသော လှုပ်ရှားမှုကြောင့် တားဆီးခံလိုက်ရပြီး၊ ၎င်း၏ တိုက်ခိုက်မှုအရှိန်ဟုန်လည်း ဆုံးရှုံးသွားခဲ့သည်။

ထို့နောက်၊ ဝူအိမ်တော်ထိန်း၏ လက်ချောင်းငါးချောင်းက တင်းကျပ်စွာ ဆုပ်ကိုင်လာပြီး၊ မက်မွန်နတ်ဘုရားဓားကို ဖမ်းဆုပ်လိုက်သည်။ သူ၏ လက်မောင်းတစ်ခုလုံးက ထူထဲလာပြီး၊ အဆက်မပြတ် ဝှေ့ယမ်းနေသည်။ မက်မွန်နတ်ဘုရားဓားသည် ဖမ်းဆုပ်ခံရပြီးနောက် အဆုံးမဲ့ စွမ်းအားကို ပိုင်ဆိုင်ထားသည့် ဧရာမစပါးအုံးမြွေကြီးတစ်ကောင်ကဲ့သို့ လှုပ်ရှားပျံသန်းနေသည်။

“သူ့ကိုယ်ခံပညာက ကြောက်မက်ဖွယ်ကောင်းလွန်းတယ်။ ဒါက အစစ်မှန် ကောင်းကင်ဘုံ သေမင်းဘီးလား။”

မက်မွန်နတ်ဘုရားဓားသည် ဝူအိမ်တော်ထိန်း၏ လက်ချောင်းများဖြင့် ဖမ်းဆုပ်ခံထားရသည်ကို ဟုန်ယွိ ခံစားရသည်။ သူသည် သူ့စိတ်ဝိညာဉ် စွမ်းအား အားလုံးကို အသုံးပြု၍ မက်မွန်နတ်ဘုရားဓားကို အပြင်းအထန် ရုန်းကန်ရန် တွန်းအားပေးခဲ့သော်လည်း၊ ပြိုင်ဘက်၏ လက်စွမ်းအားသည် တောင်တစ်လုံး ဖိချထားသည့်နှယ် ကြီးမားလွန်းသည်။

ပျံသန်းနေသော ဓားသည် တစ်ဖက်လက်တစ်ဖက်တည်းဖြင့် ဖမ်းဆုပ်ခံထားရသည်။

“မင်းတို့ သေချင်နေသေးလား။”

ဝူအိမ်တော်ထိန်းသည် ရုန်းကန်နေသော မက်မွန်နတ်ဘုရားဓားကို တစ်ဖက်လက်ဖြင့် ဖမ်းဆုပ်ထားပြီး၊ အခြားလက်တစ်ဖက်က လှစ်ခနဲ လှုပ်ရှားလိုက်ကာ၊ သူသည် ခြေလှမ်းနှစ်ဆယ်မှ သုံးဆယ်အကွာသို့ အလျင်အမြန် တည်နေရာ ပြောင်းသွားခဲ့သည်။ သူ၏မျက်လုံးများက ကျန်ရှိနေ သော သွေးငါးမန်းအစောင့်များနှင့် ဝေလငါးသတ် အသေခံတပ်သားများကို သိမ်းကျုံးကြည့်လိုက်ပါသည်။

တိုက်ပွဲစတင်ချိန်မှ ယခုအချိန်ထိ၊ စကားပြောချိန် အနည်းငယ်သာ ကြာမြင့်ခဲ့သည်။ သွေးငါးမန်းအစောင့် လေးဆယ့်ကိုးဦးအနက်၊ အနည်းငယ်သာ ကျန်ရှိတော့သည်။ ရှင်တန်သိုင်းသခင်အဆင့် ခေါင်းဆောင်ပင်လျှင် မြေပြင်ပေါ်တွင် ရိုက်နှက်ခံထားရပြီး၊ သေသည်ရှင်သည် မသိရသေးပေ။

ဝေလငါးသတ် အသေခံတပ်သားများအနက်၊ လေးဦးသာ ကျန်ရှိတော့သည်။ သူတို့သည် သူတို့၏ရီဗာသံမဏိဓားများကို ကိုင်ဆောင်ထားပြီး၊ ထိတ်လန့်တကြား အမူအရာဖြင့် ရပ်နေကြသည်။ သူတို့သည် တိုက်ခိုက်ရန် သတ္တိပင် ဆုံးရှုံးသွားကြပြီး၊ ဝူအိမ်တော်ထိန်းကို ဝိုင်းရံတိုက်ခိုက်ရန် မဝံ့ရဲကြတော့ပေ။

ဝူအိမ်တော်ထိန်း အသုံးပြုခဲ့သော နည်းလမ်းသည် အမှန်တကယ် ထိတ်လန့်ဖွယ်ကောင်းသည်။ ကျန်ရှိနေသော ဝေလငါးသတ် အသေခံ တပ်သားများသည် အသက်ကို စွန့်လွှတ်ရန် သတ္တိမနည်းသော်လည်း၊ သူတို့၏ပြိုင်ဘက်သည် သူတို့ကို အလွယ်တကူ သတ်ဖြတ်နိုင်ကြောင်း ရှင်းလင်းစွာ သိရှိသည်။ အကယ်၍ ၎င်းတို့သည် အသေခံတိုက်ခိုက်ဖို့ ဆက်လက် ရှေ့တိုးနေပါက, ၎င်းသည် သတ္တိမဟုတ် မိုက်မဲမှုသာ ဖြစ်သည်။

“သခင်လေးယွိ၊ သခင်လေးရဲ့ စိတ်ဝိညာဉ်က မက်မွန်နတ်ဘုရားဓားထဲမှာ ရှိနေပြီး၊ ကျွန်တော်အနေနဲ့ ဘာမှ မလုပ်နိုင်သလို၊ ဖျက်ဆီးဖို့လည်း မတတ်နိုင်ဘူး။ ဒါပေမယ့်၊ သခင်လေးရဲ့ ရုပ်ခန္ဓာကိုယ်က ဒီနေရာမှာ ရှိနေသေးတယ်ဆိုတာ မမေ့ပါနဲ့။ ဒီအစေခံအိုကြီးက သခင်လေးရဲ့ ရုပ်ခန္ဓာကိုယ် ကို ပြန်ယူသွားနိုင်ပါတယ်။” ဝူအိမ်တော်ထိန်းက မက်မွန်နတ်ဘုရားဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး၊ အနည်းငယ်မျှ ဖြေလျှော့ မထားရဲ ပေ။ သူ့မျက်ခုံးများ လှုပ်ခတ်သွားပြီး၊ သက်ပြင်းချကာ ပြောသည်။ “သခင်လေး ယွိ…၊ သခင်လေးရဲ့ စိတ်ဝိညာဉ်က သခင်လေးရဲ့ ရုပ်ခန္ဓာကိုယ်ထဲ ပြန်လည် ဝင်ရောက်တာ ပိုကောင်းပါတယ်။ တကယ်လို့, သခင်လေးသာ ဒီအစေခံအိုကြီးနဲ့အတူ မြို့စားထံ ပြန်လိုက်ဖို့ဆန္ဒရှိလျှင်၊ အရာအားလုံး ရှင်းလင်းသွားပါလိမ့်မယ်။ ဒါပေမယ့်…..၊ မက်မွန်နတ်ဘုရားဓား… ဒီမက်မွန်နတ်ဘုရားဓား… ဟင်း……”

ဟုန်ယွိသည် ဝူအိမ်တော်ထိန်း၏ စကားများကို ကြားသော်လည်း၊ နားမထောင်ခဲ့ပေ။ မက်မွန်နတ်ဘုရားဓားထဲတွင်၊ သူသည် သူ့စိတ်ဝိညာဉ်ကို အပြည့်အဝ လည်ပတ်ကာ၊ စွမ်းအင်ကို စုစည်းနေသည်။

အခုနက၊ သူသည် ဓားကို ထိန်းချုပ်ကာ၊ လှုပ်ရှားခြင်း, ပျံသန်းစေခြင်းဖြင့် ဝူအိမ်တော်ထိန်းနှင့် အင်အားပြိုင်ဆိုင်နေခဲ့သည်။ ဝူအိမ်တော်ထိန်းသည် ဤပျံသန်းနေသော ဓားကို ထိန်းချုပ်ရန် စွမ်းအင်များစွာ သုံးစွဲရမည်ကို သူသိသည်။ ထိန်းချုပ်ရခြင်းက သူ့အတွက် သေချာပေါက် လွယ်ကူမည် မဟုတ်ပေ။

“သခင်လေး ယွိ၊ သခင်လေးက ဆက်လက် ရုန်းကန်ချင်နေသေးတာလား။ ဒီလိုဆိုမှတော့, မယဉ်ကျေးတဲ့အတွက် ဒီအစေခံအိုကြီးကို အပြစ်မတင်ပါနဲ့…..။”

ဝူအိမ်တော်ထိန်းသည် သက်ပြင်းချပြီး၊ သူ၏ခန္ဓာကိုယ်က ထပ်မံလှုပ်ရှားသွားကာ၊ ကမ်းခြေပေါ်ရှိ ဟုန်ယွိ၏ ရုပ်ခန္ဓာကိုယ်ကို ဖမ်းဆုပ်ရန် တိုက်ရိုက် ရွှေ့လျားလိုက်သည်။

“ဘယ်သူက ပစိတ်ဖိတ်ရေတပ်မှာ ပြဿနာ လာရှာရဲတာလဲ” ထိုအခိုက်အတန့်တွင်၊ အဝေးမှ ရှည်လျားသော ဟစ်အော်သံတစ်ချက် ထွက်ပေါ်လာ သည်။ အသံက သခင်ဒွမ်၏ အသံဖြစ်သည်။

အဝေးမှ ဝူအိမ်တော်ထိန်းကို မြင်လိုက်ရသည်နှင့်၊ သခင်ဒွမ်သည် လက်ချောင်းဖြင့် ညွှန်ပြလိုက်သည်။ ရှီး…..၊ ပုံစံမဲ့ချီဓားတစ်ချောင်းက လေထဲတွင် စုစည်းပေါ်ထွက်လာပြီး၊ ဝူအိမ်တော်ထိန်း၏ နောက်ကျောတွင် ပေါ်ထွက်ကာကာ၊ အောက်သို့ ခုတ်ပိုင်းလိုက်ပါသည်။

All Chapters