← Chapters

မင်းငါ့ကို နတ်ဘုရားတစ်ပါးလို ရိုသေသင့်တယ်

Vol. 6 Ch. 53

မင်းငါ့ကို နတ်ဘုရားတစ်ပါးလို ရိုသေသင့်တယ်

Vol. 6 Ch. 53

"..."

ထိုအချိန်တွင် ဝတ်ရုံနက် လင်းကျဲသည် ဒေါသကြောင့် စကားမပြောနိုင်ဖြစ်သွားသည်။

တစ်ခဏတာ သူဘာပြန်ပြောရမှန်း မသိတော့ပေ။

"လင်းကျဲ၊ မင်း သွားလို့ရပြီ" ထိုအချိန်တွင် ကျန်းခယ် ရယ်မောလိုက်ပြီး ရှန်းချန်ကောကို လေးစားသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ရှန်းချန်ကောကို ပေးခဲ့သော ကတိများနှင့် ပတ်သက်၍...

သူ တကယ် လုပ်ပေးနိုင်သည်။

နောက်ပိုင်းကျလျှင် အထက်လူကြီးများကို ပြောလိုက်ယုံပင်။

ရှန်းချန်ကောက မစ်ရှင်မှတ်တမ်းထဲမှ မှတ်တမ်းတင်ထားသည့် အရာအား ရရှိခဲ့သည်ဟု ပြောလိုက်လျှင် ရလေပြီ။

ထိုသို့ဆိုလျှင် အနည်းငယ်မျှမှ ပြဿနာရှိမည် မဟုတ်သေချာလေသည်။

ရှန်းချန်ကော တကယ်ပင် ရခဲ့ခြင်းဟုတ်မဟုတ် ဆိုသည်တော့ သူ့တာဝန်မဟုတ်တော့ပေ။

အကယ်၍ မရခဲ့လျှင်ပင် နောက်ပိုင်းအဖွဲ့အစည်းမှ စစ်ဆေးမေးမြန်းလာပါက ကိစ္စမရှိတော့ပါဘူး။

ဤလူငယ်၏ပါရမီသည် အလွန်ကောင်းမွန်သောကြောင့် အထက်လူကြီးများ သူ့ကို အပြစ်ပေးမည်မဟုတ်တာသေချာလေ၏။

သေချာပေါက် သူ့ကို အလေးပေး စောင့်ကြည့်ကြမှာပင်။

မြူခိုးနေထိုင်သူ အဖွဲ့အစည်းထဲတွင် အားကိုးစရာ ရှိသွားပြီဆိုပါက မည်သည့်ပြဿနာမှ ရှိတော့မည်မဟုတ်ပေ။

ဤအဖွဲ့အစည်းသည် အလွန်အမင်း နက်နဲလှသည်။

သို့သော်...

"မင်းနာမည်က... ချန်ကော မလား"

"မင်း ခန္ဓာကိုယ်ကျင့်ကြံခြင်း ကို ပြောင်းပြီး လေ့ကျင့်လို့ မရဘူးလား... ခန္ဓာကိုယ်ကျင့်ကြံခြင်း လေ့ကျင့်တာကမှ ယောကျာ်းပီသတာ၊ ဓားကျင့်ကြံတာက ဘာမှမစွမ်းဘူး။ ခန္ဓာကိုယ်ကျင့်ကြံခြင်း လေ့ကျင့်ထားသူ တစ်ယောက်ရဲ့ လက်ဝါးတစ်ချက်က ကောင်းကင်နဲ့ မြေပြင်ကို..." သူ စကားမဆုံးခင်မှာပင်...

ရှန်းချန်ကောသည် ဓားတစ်ချက်ဖြင့် ကောင်းကင်နှင့် မြေပြင်ကို ရုတ်တရက် ပိုင်းချလိုက်သည်။

ကြီးမားသော ဓားအလင်းတန်းသည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေပြီး မျက်စိတစ်မှိတ်အတွင်း အမှောင်မြူခိုးများကို နှစ်ပိုင်းခွဲလိုက်သကဲ့သို့ ဖြစ်သွားသည်။

ထိုအထဲတွင် ပါဝင်သော အရှိန်အဝါသည် အလွန် ကြမ်းတမ်းသည်။

ထိုနေရာရှိ မြူခိုးနေထိုင်သူ ငါးဦးတို့ ကြက်သီးထသွားကြသည်။

သူတို့သည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဓားကျင့်ကြံသူကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။

ထိုဓားအလင်းတန်းသည် ပေါ့ပေါ့ပါးပါး ထုတ်ဖော်လိုက်ခြင်း ဖြစ်သော်လည်း ၎င်း၏ စွမ်းအားသည်...

ဤနေရာရှိ နတ်တံတားအဆင့် မြူခိုးနေထိုင်သူ လေးဦးကို တိုက်ရိုက် သတ်ဖြတ်ပစ်နိုင်သည်။

အကယ်၍ သူ အစွမ်းကုန်ထုတ်သုံးလိုက်လျှင်... ထို့အပြင် မရေမတွက်နိုင်သော ဝှက်ဖဲများ ထပ်ပေါင်းထည့်လိုက်လျှင်... ကူးပြောင်းခြင်းအဆင့် မြူခိုးနေထိုင်သူ ကျန်းခယ်သည် တစ်ကိုယ်လုံး တုန်ယင်သွားသည်။

အနည်းဆုံးတော့ ယခု လက်ဝါးပျက်စီးနေသော သူသည် ရှန်းချန်ကော၏ပြိုင်ဘက် လုံးဝ မဟုတ်နိုင်ပေ။

'အပြင်ဘက်စက်ဝိုင်းကနေ ဘာလို့ ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ လူငယ်တစ်ယောက် ပေါ်လာရတာလဲ။'

သူသည် များစွာ မသိခဲ့လျှင် ယခုလူငယ်သည် ယခင်က ပေါ်ပေါက်ခဲ့သော ကြောက်မက်ဖွယ် နတ်ဆိုးအသွင်ပြောင်းထားသည်ဟု သံသယဝင်မိမှာ သေချာလေသည်။

"ဓားကျင့်ကြံတာလည်း မဆိုးပါဘူးလို့ ကျုပ်ထင်တယ်" ရှန်းချန်ကော ပြုံးပြီး ပြောလိုက်သည်။

"ဟုတ်ပါတယ် ဟုတ်ပါတယ်" ထိုလူအနည်းငယ်က ကြက်ကလေးစပါးကောက်သလို ခေါင်းညိတ်လိုက်ကြသည်။

မူလက ရှန်းချန်ကော မြူခိုးနေထိုင်သူ အဖွဲ့အစည်းသို့ ဝင်ရောက်ရန် ဆုံးဖြတ်ပြီးနောက် မျက်နှာထားပြောင်းရန်ကြံစည်ခဲ့သော လင်းကျဲသည် ယခုအခါ ကြောက်မက်ဖွယ် ဓားအလင်းတန်းကို ထုတ်ဖော်လိုက်သော လူငယ်ကို ကြောင်ငေးစွာ ကြည့်နေသည်။

သူ၏မကြာမီပြောင်းလဲတော့မည့် သူ၏ ကောက်ကျစ်စဉ်းလဲသော မျက်နှာထားကို ပြန်လည် ပြင်ဆင်လိုက်သည်။

သူ့ခေါင်းပေါ်တွင် ချွေးစေးများ ပြည့်နေသည်။

ဒီကောင်...

ကြောက်စရာကောင်းလိုက်တဲ့ ဓား...

သူ့တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော ဓားနည်းစနစ်ကို ရှိထားသည်ဖြစ်ရမည်။

လင်းကျဲသည် ရှန်းချန်ကောကို တိတ်တဆိတ် စိုက်ကြည့်လိုက်သည်။

ရှန်းချန်ကောကလည်း ထူးဆန်းစွာ ပြန်ကြည့်လိုက်သည်။

လင်းကျဲ ချောင်းဟန့်လိုက်ပြီး ယဉ်ကျေးသိမ်မွေ့စွာ ပြုံးလိုက်သည်။

"မင်းမှာ ကိုယ်ပိုင်ရွေးချယ်မှု ရှိပြီးသားဆိုတော့ ငါလည်း အတင်းမတိုက်တွန်းတော့ပါဘူး။ နောက်မှ ငါတို့ ပြန်ဆုံကြတာပေါ့" လင်းကျဲ ဦးညွှတ်လိုက်ပြီး လှည့်ထွက်ကာ အမှောင်မြူခိုးထဲသို့ ပျောက်ကွယ်သွားသည်။

ထိုအချိန်တွင် ကျန်းခယ် ဟားတိုက်ရယ်မောလိုက်သည်။

သူ့ပြိုင်ဘက်ဟောင်း အရှက်ကွဲသွားသည်ကို မြင်ရသောအခါ စိတ်ထဲတွင် အလွန် ကျေနပ်နေပုံရသည်။

ထို့နောက် သူ အံကြိတ်လိုက်သည်။

လက်မှ နာကျင်မှုကြောင့် သူ့နဖူးပေါ်တွင် ချွေးစေးများ ပြည့်နှက်နေပြီ ဖြစ်သည်။

"မကြာခင် ငါ လူလွှတ်ပြီး မင်းရဲ့ ပါရမီအဆင့်ကို အကဲဖြတ်ခိုင်းလိုက်မယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် ငါ မင်းကို တစ်ခု မေးချင်တယ်"

ထိုအချိန်တွင် ကျန်းခယ်၏မျက်လုံးများ လှုပ်သွားသည်။

အစောပိုင်းက နတ်ဆိုး... ရှန်းချန်ကော တကယ် မြင်လိုက်လား၊ မမြင်လိုက်ဘူးလား ဆိုတာ သူ သိဖို့ လိုအပ်သည်။

"မင်း နတ်ဆိုး တစ်ကောင်ကောင်ကို တွေ့လိုက်လား။အရမ်း ကြောက်စရာကောင်းတဲ့ နတ်ဆိုးလေ"

ရှန်းချန်ကော ကြောင်အသွားသည်။

"နတ်ဆိုးလား မတွေ့ပါဘူး"

သူ တကယ် နတ်ဆိုးကို မတွေ့ခဲ့ပေ။

'မျက်လုံးတစ်လုံးကိုပဲ တွေ့ခဲ့တာ။

အဲဒါက နတ်ဆိုးနဲ့ ဘာဆိုင်လို့လဲ။'

သို့သော် ထိုမျက်လုံးသည် သူ့ခေါင်းထဲတွင် မည်သည့်အရာများရေရွတ်နေမှန်းမသိပဲ ဆူညံနေကာ သူ့ကို အလွန်စိတ်အနှောင့်အယှက် ဖြစ်စေလေသည်။

ကျန်းခယ်သည် ရှန်းချန်ကော လိမ်ပြောနေပုံ မရသည်ကို တွေ့သောအခါ အနည်းငယ် စိတ်ပျက်သွားသည်။

သူ အတွေးများလွန်ကဲသွားပုံရသည်။

သို့သော် ဤလူငယ်၏ပါရမီမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။

'သူက လွတ်မြောက်ခြင်းအဆင့် အထွတ်အထိပ်မှာပဲ ရှိသေးတာ... နေပါဦး၊ လွတ်မြောက်ခြင်းအဆင့် အထွတ်အထိပ်'

"မင်း လွတ်မြောက်ခြင်းအဆင့် ကနေ နတ်တံတားအဆင့် ကို ဘယ်တော့မှ မတက်လှမ်းနိုင်သလို ခံစားရလား" ထိုအချိန်တွင် ကျန်းခယ် ရုတ်တရက် မေးလိုက်သည်။

ရှန်းချန်ကော ခေါင်းညိတ်လိုက်သည်။

"ခင်ဗျား ဘာဖြစ်နေတာလဲဆိုတာ သိလား"

"ထင်ထားတဲ့အတိုင်းပဲ" ကျန်းခယ် စိတ်ထဲတွင် ရေရွတ်လိုက်ပြီး ပြောလိုက်သည်။

"မင်းလို ပါရမီရှင်မျိုးက အမှောင်နတ်ဘုရားကျောက်တိုင်ရဲ့ ရွေးချယ်တာကို ခံရလိမ့်မယ်ဆိုတာ ငါ သိပြီးသားပါ"

"အမှောင်နတ်ဘုရားကျောက်တိုင်"

"အမှောင်နတ်ဘုရားကျောက်တိုင် ဆိုတာ အရမ်း ထူးခြားတဲ့ တည်ရှိမှုတစ်ခုပါ။ သူ့ဘာသာသူ နေရာလွတ်တစ်ခု ဖန်တီးထားပြီး 'မဟာအပျက်အစီး' လို့ ခေါ်တယ်။ အမှောင်နတ်ဘုရားကျောက်တိုင်က ရှေးကျပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အထွတ်အထိပ်ရတနာတစ်ခု ဖြစ်ပြီး အတွင်းထဲမှာ မရေမတွက်နိုင်တဲ့ တာအိုနည်းစနစ်တွေနဲ့ ပျက်သုဉ်းခြင်းချီ တွေ ပါဝင်နေတယ်"

"ဆယ်နှစ်တစ်ကြိမ် အမှောင်နတ်ဘုရားကျောက်တိုင်က လွတ်မြောက်ခြင်းအဆင့် အထွတ်အထိပ် ရောက်နေတဲ့ အစွမ်းထက်သူ (၁၀၀) ကို ရွေးချယ်ပြီး ကျောက်တိုင်ပေါ်မှာ မှတ်တမ်းတင်တယ်။ သတ်မှတ်ထားတဲ့ ရက်ရောက်ရင် အမှောင်နတ်ဘုရားကျောက်တိုင် က စွမ်းအားတစ်လွှာထုတ်လွှတ်ပြီး မဟာအပျက်အစီးနယ်မြေကို ဖန်တီးပေးတယ်။ မင်းတို့ အဲဒီမှာ နတ်တံတားအဆင့် ကို ချိုးဖျက်ဝင်ရောက်ရလိမ့်မယ်။ အဲဒီနေရာက ပါရမီရှင်တွေအတွက် ကောင်းချီးနယ်မြေပဲ။ ပျက်သုဉ်းခြင်းချီ ကို အများကြီး တိုးမြှင့်ပေးနိုင်ပြီး ကိုယ်ပိုင် အသက်ဝိညာဉ်နတ်ဆိုး ကိုတောင် မွေးဖွားပေးနိုင်တယ်"

ရှန်းချန်ကော စိတ်ဝင်စားသွားသည်။

"ဒါတင်မကဘူး၊တခြား ထူးဆန်းတဲ့ အရာတွေလည်း အများကြီး ရှိသေးတယ်။ အတိုချုပ်ပြောရရင် အဲဒါက ပါရမီရှင်တွေ ယှဉ်ပြိုင်ကြတဲ့ ထူးခြားတဲ့ နေရာလွတ်တစ်ခုပဲ"

"ကျုပ် အဲဒီကို ဆင့်ခေါ်ခံရမှာလား" ရှန်းချန်ကော မေးလိုက်သည်။

"မဟုတ်ဘူး။မင်းရဲ့ ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို အမှောင်နတ်ဘုရားကျောက်တိုင် က လမ်းညွှန်ပို့ဆောင်ပေးပြီး အထဲကို ဝင်ရောက်စေမှာ။ အမှောင်နတ်ဘုရားကျောက်တိုင် က မင်းရဲ့ သတင်းအချက်အလက် အပြည့်အစုံကို ကူးယူပြီး မွေးဖွားပေးလိုက်တဲ့ဝိညာဉ်ကို ခန္ဓာကိုယ်ပေါ်မှာ ပေါင်းစပ်ပေးပြီး ထူးခြားတဲ့ ပုံစံနဲ့တည်ရှိနေလိမ့်မယ်"

သြော်... ဒါကြောင့်ကိုး။

"နေ့ဘက်မှာ မင်း မူလနေရာမှာပဲ ရှိနေလိမ့်မယ်။ ညဘက်ကျရင်တော့ လူသူကင်းမဲ့တဲ့ နေရာတစ်ခု ရှာရမယ်။ ဒါမှမဟုတ် မင်းကို ကာကွယ်ပေးမယ့်သူ ရှာရမယ်။အမှောင်နတ်ဘုရားကျောက်တိုင် က မင်းကို အဲဒီနေရာလွတ်ထဲ ဆွဲခေါ်သွားလိမ့်မယ်"

ရှန်းချန်ကော နားလည်သွားသည်။

"ငါ သွားတော့မယ်" ကျန်းခယ် ပြောလိုက်သည်။

"ကျိဘ... မင်း ဒီမှာ နေခဲ့ပြီး အဖွဲ့အစည်းအကြောင်း သူ့ကို ပြောပြလိုက်ပါ။ အဖွဲ့အစည်းက လူတွေ လာပြီး အကဲဖြတ်တဲ့အထိ စောင့်ပါ။ ဒါပေမဲ့ အမှောင်နတ်ဘုရားကျောက်တိုင် ရဲ့ ရွေးချယ်ခြင်း ခံရတယ်ဆိုရင်တော့ သေချာပေါက် ကြောက်မက်ဖွယ်ကောင်းတဲ့ ပါရမီရှင်ပဲ ဖြစ်ရမယ်"

ကျိဘ သည် ထိုစကားကို ကြားသောအခါ သိပ်မလိုလားပုံရသည်။

ရှန်းချန်ကောသည် သူ့နာမည်က အနည်းငယ် ထူးဆန်းသည်ဟု ခံစားမိသော်လည်း ထုတ်မပြောတော့ပေ။ (မှတ်ချက် - Ji Ba(ကျီပါ/ကျိဘ) ဆိုတာ တရုတ်စကားမှာ လော် အသံထွက်နှင့် ဆင်တူပါတယ်)

ထိုအချိန်တွင် ကျန်းခယ်နှင့် တခြားသူများ ထွက်သွားကြပြီ ဖြစ်သည်။

ကျိဘသည် လက်ပိုက်ပြီး ထိုနေရာတွင် ရပ်နေသည်။

သူသည် ရှန်းချန်ကောအပေါ် အနည်းငယ် မကျေနပ်ပုံရသည်။

ရိုးရိုးသားသား ပြောရလျှင် ဓားကျင့်ကြံသူများအပေါ် သူ၏စိတ်ထဲတွင် အစွဲအလမ်း အနည်းငယ် ရှိနေသည်။

ခန္ဓာကိုယ်ကျင့်ကြံခြင်း လေ့ကျင့်သူများသည် ရှန်းချန်ကောကဲ့သို့ ချောမောခန့်ညားပြီး ဆွဲဆောင်မှုရှိသောသူများကို အလွန်ဆန့်ကျင်ကြသည်။

အထူးသဖြင့် သူက လွတ်လပ်သော ဓားကျင့်ကြံသူ ဖြစ်နေသောကြောင့် ပိုဆိုးသည်။

ထို့ကြောင့် ရှန်းချန်ကော သူ့ကို လက်သီးတစ်ချက် ထိုးလိုက်သည်။

သူတို့တွင် ရန်ငြိုးရန်စ မရှိပေ။

ဤကောင်သည် သူ့ကို အနည်းငယ် လေးစားသင့်သည်ဟု သူ ခံစားရသောကြောင့်ပင်။

ကျိဘ ဒေါသထွက်သွားသည်။

ထို့နောက် ဓားသုံးလက် သူ့ကိုဝိုင်းရံထားလိုက်ချိန်မှာတော့ ကျိဘသည် ကြောင်ကလေးတစ်ကောင်လို ချက်ချင်းယဉ်ကျေးသိမ်မွေ့သွားပြီး ရိုးသားဖော်ရွေသော အပြုံးကိုပြသလိုက်သည်။

"လုပ်ပါဦး... ဓားသမားတွေက ကြင်နာမှုနဲ့ တရားမျှတမှုကို အလေးထားကြတာမလား။ မင်းဓားကို ခဏခဏ ထုတ်မပြပါနဲ့"

"ဒါဆိုရင်တော့ ခွင့်လွှတ်ပါ"

ရှန်းချန်ကော ဓားသုံးလက်ကို ပြန်သိမ်းလိုက်သည်။

ကျိဘ သက်ပြင်းချလိုက်သည်။

ရုတ်တရက် သူခံစားလိုက်ရသည်မှာ သူသည် ဤသခင်လေးကို အချိန်အတိုင်းအတာတစ်ခုအထိ ပြုစုစောင့်ရှောက်ရတော့မည် ဟူ၍ပင်။

ဒါပေမဲ့ ဒီကောင် ဘာလို့ ဒီလောက် စွမ်းအားကြီးနေရတာလဲ။

သူက လွတ်မြောက်ခြင်းအဆင့် အထွတ်အထိပ်ပဲ ရှိသေးတာလေ။

ဒါပေမဲ့လည်း အမှောင်နတ်ဘုရားကျောက်တိုင် ရွေးချယ်ခံရတဲ့သူတွေအားလုံးက သောက်ကျိုးနဲမွန်းစတားတွေပဲလေ။

ထိုအချိန်တွင် ရှန်းချန်ကော၏ မျက်လုံးများ ရုတ်တရက် အနည်းငယ် လှုပ်ခတ်သွားသည်။

သူ့စိတ်ထဲတွင် အပြောင်းအလဲ တစ်စုံတစ်ရာ ဖြစ်ပေါ်နေပုံရသည်။

ဝုန်း

တောင်နှင့်ပင်လယ်များ မှောက်လှန်သွားသကဲ့သို့ပင်။

သူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

သူ့စိတ်ထဲတွင် အဆက်မပြတ်တီးတိုးပြောနေသော အသံသည် ပို၍ရှင်းလင်းလာသည်။

"မင်း ငါ့ကို... နတ်ဘုရားတစ်ပါးလို ရိုသေသင့်တယ်... အင်မော်တယ်တစ်ပါးလို ကြောက်ရွံ့သင့်တယ်..."

ရှန်းချန်ကော၏မျက်လုံးများ အနည်းငယ် လင်းလက်သွားသည်။

ရုတ်တရက် သူ့မျက်ဝန်းများ ကျုံ့သွားသည်။

အလွန် ကြီးမားမြင့်မားသော ပုံရိပ်တစ်ခုကို သူ မြင်လိုက်ရသကဲ့သို့ ဖြစ်နေသည်။

ထိုပုံရိပ်သည် သူ့ရှေ့တွင် မရှိတာသေချာသော်လည်း သူ့စိတ်ထဲတွင်ပေါ်လာသည်။

ကြီးမားမြင့်မားပြီး ရှေးကျသော ခန္ဓာကိုယ်၊ ခမ်းနားထည်ဝါပြီး၊အာဏာအရှိန်အဝါပြည့်နှက်နေသည်။

မျက်လုံးတစ်စုံသည် အလွန်တောက်ပပြီး နက်ရှိုင်းကာ အဆုံးမဲ့နှစ်ကာလများကို ဖြတ်သန်းလာသကဲ့သို့ ဖြစ်နေသည်။

"မင်း... ကျွန်ပဲဖြစ်သင့်တယ်"

ဒုန်း

ထိုခမ်းနားသော အသံကြီးသည် သူ့နားထဲတွင် ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

ရှန်းချန်ကောသည် အဆုံးမဲ့ အနီရောင်အလင်းများ သူ့စိတ်ထဲတွင် ပျံ့နှံ့လာပြီး သူ့ဝိညာဉ်ကို ချည်နှောင်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။

ရှန်းချန်ကော၏အသိစိတ် ချက်ချင်း ရှုပ်ထွေးသွားသည်။

"စိတ်ဝိညာဉ်ကျင့်စဉ်"(စိတ်ဝိညာဉ်လမ်းညွှန်ကျမ်း)

သူ အံကြိတ်လိုက်သည်။

ပတ်ဝန်းကျင်ရှိ အမှောင်မြူခိုးများ ရုတ်တရက် လွှမ်းခြုံလာပြီး ပျံ့နှံ့သွားသည်။

ဘေးနားရှိ ကျိဘ၏မျက်နှာ ပြောင်းလဲသွားသည်။

ရှန်းချန်ကော၏ အခြေအနေ မူမမှန်တော့ပေ။

အလွန် ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်ပင်။

ထိုရှေးကျပြီး ခမ်းနားသောခံစားချက်ကြောင့် သူ ချက်ချင်း ဒူးထောက်ချင်စိတ် ပေါက်လာသည်။

အမှောင်မြူခိုးများ ဤနေရာကို လွှမ်းခြုံထားသဖြင့် ရှန်းချန်ကောထံတွင် ဘာတွေ ဖြစ်ပျက်နေသည်ကို သူ မမြင်ရတော့ပေ။

"မျက်လုံးတစ်လုံးကများ"

"မင်း ငါ့ကို နတ်ဘုရားတစ်ပါးလို ရိုသေသင့်တယ်"

စိတ်ဝိညာဉ်ကျင့်စဉ်သည် လျှင်မြန်စွာလည်ပတ်လာသလို မဟာပျက်သုဉ်းခြင်းကျမ်းကလည်း ချက်ချင်းပင် လှုပ်ရှားလာလေသည်။

ပတ်ဝန်းကျင်ရှိအမှောင်မြူခိုးများသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော အခြေအနေဖြင့် ရုတ်တရက်လည်ပတ်လာပြီး ကြီးမားသောအမှောင်မြူခိုးဝဲဂယက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

All Chapters