← Chapters

အခန်း (၁၇၄-၁၇၆)

Vol. 15 Ch. 174-176

အခန်း (၁၇၄-၁၇၆)

Vol. 15 Ch. 174-176

အခန်း (၁၇၄)။

ကောင်းကင်စက်ဝိုင်း အထွဋ်အထိပ်ခန်းမအတွင်း၌ နန်ကျိုးပြည်နယ်ရှိ အထွဋ်အထိပ်ကောင်းကင်နယ်မြေ၏ အကြီးအကဲများသည် ဘယ်ညာ ဘေးနှစ်ဖက်တွင် စုဝေးနေကြသည်။

ခေါင်းဆောင်သည် ခန်းမကြီး၏ ထိပ်ဆုံးရှိ စားပွဲရှည်တစ်ခုနောက်တွင် ထိုင်နေသည်။ သူမသည် တိမ်တိုက်များပေါ်တွင် ပိုးထည်ထိုးထားသည့် ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ ထိုပိုးထည်သည် စီးဆင်းနေသော ရေလှိုင်းများကဲ့သို့ တောက်ပသည်။

ခေါင်းဆောင်သည် သူမ၏ဆံပင်တွင် ရွှေဆံထိုး တစ်ချောင်း ထိုးထားပြီး၊ ထိုရွှေဆံထိုးမှ တွဲလျားကျနေသော ဆွဲသီးသည် အမှန်ပင် အသက်ရှင်နေ သကဲ့သို့ ထင်မှတ်ရသည့် ရွှေနီရောင် မီးလျှံဖီးနစ်ငှက် ဖြစ်သည်။ သူမ၏မျက်နှာသည် ပါးလွှာသော ဇာပုဝါတစ်ထည်ဖြင့် ဖုံးအုပ်ထားသောကြောင့် သူမ၏မူလရုပ်သွင်ကို မမြင်ရပေ။

သို့သော် အထွဋ်အထိပ်ကောင်းကင်နယ်မြေ၏ ခေါင်းဆောင်သည် အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း ထင်ရှားသည်။

သူမရှေ့ရှိ စားပွဲပေါ်တွင် ကျောက်စိမ်းဓားတစ်ချောင်း၊ ခရမ်းရွှေရောင် ဘူးသီးတစ်လုံးနှင့် စာလိပ်တစ်ခု ရှိသည်။ ထိုထူးဆန်းသော ဖယောင်းကိုပင် မီးထွန်းထားပြီး၊ သူမသည် ဂူအတွင်း၌ ကျင့်ကြံနေသည့် အင်မော်တယ်တစ်ဦးကဲ့သို့ အံဝင်ခွင်ကျဖြစ်စေသည့် အနေထားတစ်ခုကို ဖန်တီးထားပါ သည်။

“ဖေးရုန်က သေဆုံးသွားပြီ။ ယင်ယန်မက်မွန်နတ်ဘုရားဓားက မန်ပိုင်ယွန်ရဲ့သား ဟုန်ယွိလက်ထဲ ကျရောက်သွားတယ်။ အကြီးအကဲတွေ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်သင့်တယ်လို့ ရှင်တို့ ထင်လဲ။”

အထွဋ်အထိပ်ကောင်းကင်နယ်မြေ၏ ခေါင်းဆောင်၊ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက စကားပြောသည်။ သူမ၏အသံသည် နူးညံ့သော်လည်း၊ မီးခိုးကဲ့သို့ လေထဲတွင် အချိန်အကြာကြီး တည်ရှိနိုင်သည့်အလား ပျံ့လွင့်နေသည်။ သူမ၏အသံဖြစ်စေ၊ သူမကိုယ်တိုင်ဖြစ်စေ၊ ဤအထွဋ်အထိပ် ကောင်းကင်နယ်မြေ၏ ခေါင်းဆောင်သည် အလွန်လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

“မဖြစ်နိုင်ပါဘူး။ ဖေးရုန်က ခန္ဓာကိုယ်သိမ်းပိုက်ခြင်းနယ်ပယ်ကို မဟာပြီးပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံထားပြီး၊ သိုင်းပညာမှာဆိုရင်လည်း မဟာဆရာသခင်အဆင့်ပဲ။ သူမက တစ္ဆေအင်မော်တယ်အဆင့်နဲ့ ခြေတစ်လှမ်းပဲ ဝေးတော့တယ်။ ဟုန်ယွိလို လူတစ်ယောက်က သူမကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ။ ဟုန်ယွိက မန်ပိုင်ယွန်ရဲ့သားဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် သူက မြို့စားဝူဝမ်စံအိမ်မှာ နှစ်ပေါင်းများစွာ စာပေကိုပဲ သင်ယူခွင့်ရပြီး၊ သိုင်းပညာ ကျင့်ကြံခွင့်မရခဲ့ဘူးလို့ ပြောကြတယ်။ သူ့မှာ သိုင်းပညာရော တာအိုပညာပါ လုံးဝ မရှိဘူး။ ဒီလိုလူမျိုး အယောက် တစ်သောင်းရှိရင်တောင် ဖေးရုန်ကို သတ်နိုင်မှာ မဟုတ်ဘူး။”

ထိုအချိန်တွင် ညာဖက်တမ်းရှေ့ဆုံးတွင် ထိုင်နေသော ဆံပင်ဖြူဖြူ မျက်နှာနီရဲနေသော အဘိုးအိုတစ်ဦးက စကားပြောလိုက်သည်။ ဤအဘိုးအို၏ ဆံပင်နှင့် မုတ်ဆိတ်များသည် ဖြူဖွေးနေသော်လည်း၊ သူ၏အသားအရေသည် ကလေးငယ်တစ်ဦး၏ အသားအရေကဲ့သို့ တောက်ပနေသည်။ သူ့မျက်လုံးတွေကို ဖွင့်လိုက်ပိတ်လိုက် ပြုလုပ်ချိန်မှာ မျက်လုံးများသည် လျှပ်စီးဓားသွားများကဲ့သို့ ထက်ရှနေသည်။ ယင်းက သူ့သိုင်းပညာရပ်၏ နက်ရှိုင်းသော ကျင့်ကြံမှုကို ဖော်ပြနေသည်။ သူ၏စရိုက်သည် တည်ငြိမ်ပြီး၊ မဟာဆရာသခင်တစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။

ခန်းမတစ်ခုလုံးတွင် အကြီးအကဲ ၃၆ ဦး ရှိပြီး၊ ဘယ်ညာနှစ်ဖက်တွင် ထိုင်နေကြသည်။ သို့သော် ဘယ်ညာရှိ အကြီးအကဲများ၏ အရေအတွက်သည် မတူညီပေ။ ဘယ်ဖက်တွင် ၆ ဦးသာရှိပြီး၊ ညာဖက်တွင် အယောက် ၃၀ ရှိသည်။

အကယ်၍, သင်သည် ကျွမ်းကျင်ပညာရှင်တစ်ဦးဆိုလျှင်, တစ်ချက်ကြည့်လိုက်ရုံဖြင့်, ဘယ်ဖက်ရှိ အကြီးအကဲ ၆ ဦးသည် တာအိုပညာရပ်များကို ကျင့်ကြံသူများဖြစ်ပြီး၊ ညာဖက်တွင် ထိုင်နေသူများသည် သိုင်းပညာရပ်ကို ကျင့်ကြံသူများဖြစ်ကြောင်း သိရှိနိုင်သည်။

သိုင်းပညာရပ်နှင့် တာအိုပညာရပ်တို့အကြား ကွာခြားချက်က ကြီးမားသည်။ သိုင်းပညာရပ် ကျင့်ကြံရန်သည် လွယ်ကူသော်လည်း၊ တာအိုပညာသည် ကျင့်ကြံရန် ခက်ခဲလှသည်။ တာအိုပညာရပ်သည် သင်ယူရန် မလွယ်ကူသလို၊ ကျွမ်းကျင်ဖို့ဆို, ပို၍ပင် ခက်ခဲပါသည်။ ထို့ပြင်၊ တာအိုပညာရပ်သည် အရာဝတ္ထုမောင်းနှင်ခြင်းအဆင့်သို့ မရောက်ရှိပါက၊ လက်တွေ့တွင် အသုံးမဝင်ပေ။ သို့သော် တာအိုပညာရပ် ကျင့်ကြံသူ တစ်ရာတွင်၊ အရာဝတ္ထု မောင်းနှင်ခြင်းအဆင့်သို့ ရောက်ရှိသူသည် နှစ်ယောက်သုံးယောက်လောက်သာ ရှိတတ်ကြသည်။

“အကြီးအကဲထျန်၊ ဒီကိစ္စမှာ သက်သေအထောက်အထားတွေ ခိုင်မာတယ်။ သံသယဖြစ်စရာ မလိုပါဘူး။ ဟုန်ရွှန်ကျိ စံအိမ်မှာရှိတဲ့ သခင်ဝူက ဟုန်ယွိ ကို စံအိမ်ကို ပြန်ခေါ်ဖို့ အမိန့်ရခဲ့တယ်။ သူကိုယ်တိုင် တိုက်ခိုက်ခဲ့ပေမယ့်၊ ဟုန်ယွိက တွန်းလှန်နိုင်ခဲ့တယ်။ အခု သခင်ဝူက ဟုန်ခမ်းရဲ့ စံအိမ်မှာ ရောက်နေတယ်။”

အထွဋ်ထိပ်ကောင်းကင်နယ်မြေ ခေါင်းဆောင်၏ မီးခိုးကဲ့သို့အသံက ထပ်မံ ထွက်ပေါ်လာသည်။

“သခင်ဝူ ကိုယ်တိုင် လှုပ်ရှားခဲ့တယ်ပေါ့။ သူတောင် ဟုန်ယွိကို မဖမ်းနိုင်ခဲ့ဘူးလား။ လွန်ခဲ့တဲ့ဆယ်နှစ်လောက်က ကျွန်တော်နဲ့အတူ သခင်ဝူက လက်စွမ်းပြခဲ့ဖူးတယ်။ အဲဒီတုန်းက သူ့ရဲ့သိုင်းပညာရပ်ဟာ မဟာဆရာသခင်အဆင့်ရဲ့ အထွဋ်အထိပ်ကို ရောက်ရှိနေပြီး၊ သိုင်းသူတော်စင်နယ်ပယ် ထဲ ခြေတစ်ဝက် ဝင်ရောက်နေပြီ။ အခုဆို သူက တည်ငြိမ်တဲ့အသွင်ကူးပြောင်းမူကို ခံယူပြီးဖြစ်နေမှာတောင် စိုးရတယ်။ သိုင်းသူတော်စင်တစ်ဦးလို လေးစားရတဲ့လူတောင် ဟုန်ယွိကို ဖမ်းမရဘူးလား။”

အကြီးအကဲထျန်က ထိတ်လန့်စွာ ပြောလိုက်သည်။

“ကြည့်ရတာ, တိုင်ရှန်တာအိုဂိုဏ်းက ဝင်ရောက်နှောက်ယှက်နေတာ ဖြစ်မယ်။ တကယ်လို့, ငါသာ ကြိုသိထားခဲ့ရင်၊ အဲဒီအယုတ်တမာလေးကို မဒမ်ကျောက်ကို အဆိပ်ခတ်ပြီး သတ်ပစ်ခိုင်းခဲ့ပါတယ်။ ဒါပေမယ့် ဟုန်ရွှန်ကျိက သူ့သားကို သတ်ပစ်မှာကို မလိုလားဘူး။ သူက ငါတို့ အထွဋ်ထိပ် ကောင်းကင်နယ်မြေက လူလေ။ တိုင်ရှန်တာအိုဂိုဏ်းကို ရင်ဆိုင်ဖို့ သားတစ်ယောက်ကို စတေးလို့ မရဘူးလား။”

ဘယ်ဖက်ရှိ တာအိုပညာရပ် ကျင့်ကြံထားသူ ၆ ဦးထဲမှ အဘွားအိုတစ်ဦးက စူးစူးဝါးဝါး အသံဖြင့် ပြောလိုက်သည်။ ဤအဘွားအို၏ မျက်နှာသည် နီမြန်းနေပြီး၊ အသက်ကြီးပုံ ပေါက်သော်လည်း၊ စွမ်းအင်အပြည့်ရှိသည်။ သူမ၏ သိုင်းပညာရပ်သည် ရှင်တန်သိုင်းသခင်အဆင့်သို့ ရောက်ရှိထား ကြောင်း ထင်ရှားသည်။ သိုင်းပညာနှင့် တာအိုပညာရပ် နှစ်မျိုးစလုံးကို ကျင့်ကြံသူများသည် လူတစ်ရာတွင် လူတစ်ဦးလောက်သာ ရှင်တန်သိုင်းသခင်အဆင့်သို့ ရောက်ရှိနိုင်ပါသည်။

သို့သော် ဤအချိန်တွင် ကောင်းကင်စက်ဝိုင်း အထွဋ်အထိပ်ခန်းမတွင် ထိုင်နေသော အကြီးအကဲ ၃၀ ဦးစလုံးသည် မဟာဆရာသခင်အဆင့်များ ဖြစ်ကြသည်။

အမှန်တွင်၊ အထွဋ်ထိပ်ကောင်းကင်နယ်မြေသည် သန့်စင်သော ကိုယ်ခံပညာနယ်မြေအသစ်တစ်ခုအဖြစ် လူသိများပြီး၊ ၎င်းတို့လက်အောက်တွင် ထူးချွန်သူများစွာ ရှိသည်။ သိုင်းပညာရပ်ကျင့်ကြံသူ အကြီးအကဲ ၃၀ သည် အထွက်အထိပ် မဟာဆရာသခင်အဆင့်မှ အစောပိုင်း မဟာဆရာသခင် အဆင့်အထိ အမျိုးမျိုး ရှိသည်။ ၎င်းတို့တစ်ဦးချင်းစီသည် အစွမ်းထက်သည့် ပုံရိပ်ကိုယ်စီ ပိုင်ဆိုင်ထားသူများ ဖြစ်ကြပါသည်။

မဟာဆရာသခင်အဆင့်တစ်ဦးသည် ဂိုဏ်းတစ်ခုကို တည်ထောင်နိုင်သူဖြစ်ပြီး၊ ၎င်းကိုယ်တိုင်က အင်အားကို ကိုယ်စားပြုသည်။

“အကြီးအကဲဟွမ်၊ ဟုန်ရွှန်ကျိကို ဘာလုပ်ရမယ်ဆိုတာ သူတစ်ပါးက ညွှန်ကြားနေစရာ မလိုဘူး။ သူက အခုချိန်မှာ တော်ဝင်နည်းပြဆရာတစ်ဦး ဖြစ်နေပြီ။ သူက သိုင်းသူတော်စင်အဆင့်ရဲ့ အထွဋ်အထိပ်မှာ ရှိနေပြီး၊ လူသားအင်မော်တယ်အဆင့်ကို ခြေတစ်လှမ်း ဝင်ရောက်နေပြီ။ တကယ်လို့, သူဟာ လူသားအင်မော်တယ် ဖြစ်လာခဲ့ရင်၊ ငါတို့ အထွဋ်ထိပ်ကောင်းကင်နယ်မြေက သူ့ကို အားကိုးရဦးမယ်။ တကယ်လို့ သန့်စင်တဲ့ ကိုယ်ခံပညာ နယ်မြေတစ်ခုမှာ လူသားအင်မော်တယ်တစ်ပါး မရှိဘူးဆိုရင်၊ ဘယ်လိုလုပ် သန့်စင်တဲ့ ကိုယ်ခံပညာနယ်မြေလို့ ခေါ်ဆိုနိုင်မှာလဲ။”

ဇာပုဝါမှတဆင့်၊ အထွဋ်ထိပ်ကောင်းကင်နယ်မြေ၏ ခေါင်းဆောင်သည် အကြီးအကဲဟွမ်ကို နက်ရှိုင်းစွာ ကြည့်လိုက်သည်။ သူမ၏မျက်ဆံများက မှောက်မိုက်နေသော ရေဝဲဂယက်များနှင့်တူပြီး၊ လူတိုင်းကို ကြက်သီးထစေသည်။

“ခေါင်းဆောင်၊ ကျွန်မ မတော်တဆ ပြောမိသွားပါတယ်။” အကြီးအကဲဟွမ်ဆိုသည့် အဘွားကြီးက အလျင်စလို ပြောလိုက်သည်။

“အကြီးအကဲထျန်၊ အကြီးအကဲလုံ၊ အကြီးအကဲရှာ၊ သင်တို့သုံးဦးက အထွဋ်အထိပ်နတ်ဘုရားဗိုလ်ချုပ် ၁၈ ဦးကို ဦးဆောင်ပြီး၊ အကြီးအကဲဟွမ်ကို ကာကွယ်ပေးထား။ သခင်ဝူနဲ့ တွေ့ဆုံပြီး ဟုန်ယွိကို ဖမ်းဆီးရာမှာ ကူညီပေးလိုက်ပါ။ ယင်ယန်မက်မွန်နတ်ဘုရားဓားကို မဖြစ်မနေ ပြန်ယူရမယ်။”

ရုတ်တရက်၊ အထွဋ်ထိပ်ကောင်းကင်နယ်မြေ၏ ခေါင်းဆောင်က အမိန့်ပေးလိုက်သည်။ သူမသည် ယခင်က စကားပြောခဲ့သော အကြီးအကဲဟွမ် အပါအဝင် အကြီးအကဲသုံးဦးကို အမည်တပ် အမိန့်ပေးလိုက်သည်။

အထွဋ်အထိပ်နတ်ဘုရားဗိုလ်ချုပ်များသည် ဒိုင်ဇင်ဘုရားကျောင်း၏ ရွှေကိုယ်ထည်ရဟန္တာများကို အတုခိုးထားခြင်း ဖြစ်သည်။ ၎င်းတို့အားလုံးသည် ရှင်တန်သိုင်းသခင်အဆင့် ထူးချွန်သူများဖြစ်ပြီး၊ အထွဋ်ထိပ်ကောင်းကင်နယ်မြေ၏ အဓိကအင်အား ဖြစ်သည်။

“ခေါင်းဆောင်၊ တကယ်လို့, တိုင်ရှန်တာအိုဂိုဏ်းက ဝင်ရောက်နှောက်ယှက်နေတယ်ဆိုရင်၊ ကျွန်တော် စိုးရိမ်တာက…” ထိုအချိန်တွင်၊ နောက်ထပ် အကြီးအကဲတစ်ဦး ဖြစ်သည့် လူငယ်တစ်ဦးက ထရပ်လိုက်သည်။ ဤလူငယ်သည် ဟုန်ယွိထက်ပင် ငယ်ရွယ်ပုံရသည့် ဆယ်ကျော်သက်တစ်ဦး ဖြစ်သည်။ သူ၏ပါးစပ်ပေါ်ရှိ နှုတ်ခမ်းမွှေးရေးရေးမှတဆင့် သူက အရွယ်မရောက်သေးကြောင်း ပြသနေသည်။ သူ့ခန္ဓာကိုယ်မှ ကလေးငယ်တစ်ဦး၏ နို့ရနံ့ပင် ထွက်နေသည်။ ဤရနံ့ကိုအစွဲပြု၍ တစ်စုံတစ်ဦးကို ဆဲရေးရာတွင် အသုံးပြုပါက၊ နို့အနံ့မစင်သေးသည့်ကလေးဟု ပြောဆိုကြလိမ့်မည်။

“ဟမ်။ ရှောင်လျံ၊ မင်း ဘာပြောစရာရှိလဲ။” အထွဋ်ထိပ်ကောင်းကင်နယ်မြေ၏ ခေါင်းဆောင်သည် နောက်ဆုံးထိုင်နေသော လူငယ်ကို ကြည့်ပြီး အနည်းငယ် ခေါင်းညိတ်လိုက်သည်။

“တိုင်ရှန်တာအိုဂိုဏ်းက ဟုန်ယွိရဲ့နောက်ကွယ်မှာ ရှိတယ်။ တိုင်ရှန်တာအိုဂိုဏ်းက ဝင်ရောက်နှောက်ယှက်နေတယ်ဆိုရင်၊ ခေါင်းဆောင် ကိုယ်တိုင် လှုပ်ရှားရင်တောင် ဟုန်ယွိကို မဖမ်းနိုင်မှာ ကျွန်တော် စိုးတယ်။” ရှောင်လျံဟု အမည်ရသော လူငယ်က ထရပ်ပြီး ပြောလိုက်သည်။

“တိုင်ရှန်တာအိုဂိုဏ်းက လူဦးရေနည်းပါးတယ်။ သူတော်စင်မိန်းမပျို ဆုမူက အခု ကျောက်စိမ်းမြို့တော်မှာ ရှိနေတယ်။”

“ဆုမူက ဘာမှမဟုတ်ဘူး။ ဒါ့အပြင်, တကယ်လို့, မိုနိုဂါတာရီကိုယ်တိုင် လှုပ်ရှားရင်တောင်၊ သူ့မှာ ဘယ်လောက် အသက်များများရှိ မလုံလောက် ဘူး။”

“မိုနိုဂါတာရီက သူ့ကိုယ်သူတောင် ဂရုမစိုက်နိုင်တော့ဘူး။ ဉဒေါင်းငှက်ဘုရင် ရှင်ရွှမ်း၊ ကောင်းကင်မြွေဘုရင် ရှင်မိုး၊ ဆန်းကြယ်ကောင်ကင်ဘုံခန်းမ ခေါင်းဆောင်နဲ့သူ့ဇနီး၊ အနှစ်သာရနတ်ဘုရားကျောင်းရဲ့ မဟာအကြီးအကဲ သူတော်စင်တူယွမ်၊ အစစ်မှန်ခုနှစ်စဉ်ကြယ်ဂိုဏ်း ပိုင်ဖေးရှန်တို့လို ပြိုင်ဘက်ကင်း ပညာရှင်ကြီးငါးဦးက ပူးပေါင်းပြီး မိုနိုဂါတာရီကို သမုဒ္ဒရာထဲမှာ လိုက်ဖမ်းနေကြတယ်။ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်ပဲ မြင့်မားနေပါစေ၊ သူ့ကိုယ်သူတောင် ဂရုမစိုက်နိုင်ဘူး။ တစ်ကြိမ်မှာ ကျင့်ကျုံနဲ့ငါ ပူးပေါင်းပြီး မိုနိုဂါတာရီနဲ့ တိုက်ခိုက်ခဲ့တယ်။”

အထွဋ်ထိပ်ကောင်းကင်နယ်မြေ၏ ခေါင်းဆောင်က ပြုံးလျက် အမှန်တရားကို ဖော်ထုတ်လိုက်သည်။

“ဘာ။ ခေါင်းဆောင်က မိုနိုဂါတာရီနဲ့ တိုက်ခိုက်ခဲ့တာလား။” ရှောင်လျံဟုအမည်ရသော လူငယ်သည် တုန်လှုပ်သွားသည်။

“ဟုတ်တယ်။ ကျင့်ကျုံနဲ့ငါဟာ ဗုဒ္ဓတစ်ထောင်ကျွန်းမှာရှိတဲ့ ဝင်္ကဘာအကွေ့အဆုံးကို သွားခဲ့တယ်။ ဒါပေမယ့် သူ့ကို ကိုယ်တိုင်တော့ မတွေ့ခဲ့ရဘူး။ သူ့ရဲ့ပြင်ပကိုယ်ထည် မီးလျှံနဂါးကိုးကောင်ကိုပဲ တွေ့ခဲ့တယ်။”

အထွဋ်ထိပ်ကောင်းကင်နယ်မြေ ခေါင်းဆောင်၏ ဇာပုဝါနောက်ကွယ်ရှိ မျက်လုံးများသည် တခဏမျှမှိတ်သွားခဲ့ပြီး၊ သူမသည် တစ်ခုခုကို ပြန်လည် အမှတ်ရနေသလိုပင်။ သူမပြောပြသော ကျင့်ကျုံ ဆိုသူသည် သူမ၏ခင်ပွန်းဖြစ်သူ ယန်ကျင့်ကျုံ ဖြစ်သည်။

“ဒီပြိုင်ဘက်ကင်း ပညာရှင်ခြောက်ဦးက ကမ္ဘာကြီးကို တုန်လှုပ်စေနိုင်တဲ့ ပုဂ္ဂိုလ်ကြီးတွေပဲ။ မိုနိုဂိုတာရီကို သတ်ဖို့ အတူတူ ပူပေါင်း လုပ်ဆောင်နေကြတယ်ဆိုရင်၊ မိုနိုဂိုတာရီလည်း သူ့ကိုယ်သူ ဂရုမစိုက်နိုင်တာ သေချာပါတယ်။ ဒီလိုဆိုရင်၊ ဟုန်ယွိရဲ့စွမ်းရည်ကို ကြည့်ဖို့ ကျွန်တော် လည်း လိုက်သွားခွင့်ပြုဖို့ တောင်းဆိုပါတယ်။” ရှောင်လျံက ပြောသည်။

“ကောင်းပြီ၊ သွားလိုက်ပါ။” အထွဋ်ထိပ်ကောင်းကင်နယ်မြေ၏ ခေါင်းဆောင်က ခေါင်းညိတ်လိုက်သည်။

နန်ကျိုးပြည်နယ်ခုနစ်ခုရှိ ဘုရင်ခံစံအိမ်တွင် ဝေတိုင်ကန်သည် အုပ်ချုပ်ရေးမှူးအဖြစ် သုံးဆယ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သော်လည်း၊ သူ၏သား ဝေလဲ့ ဆုံးရှုံးရခြင်းကြောင့် ဖြစ်ပေါ်လာသော ဝမ်းနည်းကြေကွဲမှုကနေ ပြန်လည်သက်သာနိုင်သေးပါ။ ဤအချိန်တွင် ဝေတိုင်ကန်သည် လက်တင် ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ သူ၏နဖူးသည် သွေးနှင့်ချီစွမ်းအင်များ ဦးနှောက်သို့ စီးဆင်းသွားသည့်အလား မက်မွန်သီးကဲ့သို့ နီရဲနေသည်။

“ဘာလဲ။ လီလဲ့က ဟုန်ယွိဘက်ကို ပူးပေါင်းသွားပြီဆိုတာ သိလာရပြီလား။ ဝေလဲ့ရဲ့ ဖြိုခွဲခြင်းဆေဘာကလည်း သူ့လက်ထဲမှာ ရှိနေတယ်လား။ ဒါဆို, ဝေလဲ့ကို သူသတ်လိုက်တာ ဖြစ်မယ်။ ဟုန်ယွိ၊ လီလဲ့၊ မင်းတို့အားလုံးကို ငါ အပိုင်းပိုင်း ဖြတ်ပစ်မယ်။ ဆီဒင်ထိုင်ခုံပါ မြင်းလှည်း အသင့်ပြင်ဆင်ထား။ ငါကိုယ်တိုင် ပစိဖိတ်ရေတပ်ဌာနချုပ်ကို သွားပြီး ယန်ကျန်းနဲ့ စကားပြောမယ်။”

ဝေတိုင်ကန်သည် ထပ်မံ ဆုပ်ကိုင်လိုက်ရာ၊ ကုလားထိုင်၏ လက်တင်သစ်သားသည် အပိုင်းပိုင်းကွဲသွားခဲ့ပြီး၊ သူလည်း ထရပ်တော့မည်။

“အဖေ၊ ဒေါသမထွက်ပါနဲ့။ သတင်းတစ်ခုကို အခုပဲ ကျွန်တော် သိလိုက်ရတယ်။ မနေ့ညက ယန်ကျန်းက ဟုန်ယွိကို ပင်လယ်ပြင်မှာ ကင်းထောက်ဖို့ တာဝန်ပေးခဲ့တယ်။ သူဟာ ညတွင်းချင်း ထွက်ခွာပြီး ရွက်လွှင့်ထွက်သွားခဲ့ပြီ။”

ထိုအချိန်တွင် အသက်သုံးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦး ဝင်လာသည်။ သူ၏လှုပ်ရှားမှုနှင့် အမူအရာများသည် ကျက်သရေရှိသည်။ ၎င်းသည် ဝေတိုင်ကန်၏ ဒုတိယသား ဝေလျံချန်း ဖြစ်သည်။

“ဒါဆို ပိုကောင်းတာပေါ့။ ယန်ကျန်းလည်း ဒီဟုန်ယွိက ကပ်ဘေးရောဂါဖြန့်သူတစ်ဦး ဖြစ်တယ်ဆိုတာ သိပုံရတယ်။ သူ့ကို အဝေးကို ပထုတ်လိုက် တယ်။ ဟမ်း…။ ညတွင်းချင်း ထွက်သွားတယ်ပေါ့။ လိုက်ဖမ်းဖို့ အချိန်ကိုက်ပဲ။” ဝေတိုင်ကန်သည် သားဖြစ်သူဆုံးရှုံးရခြင်း၏ ဝမ်းနည်းမှုကို မထိန်းချုပ်နိုင်သေးပါ။ ထိုသတင်းကို ကြားလိုက်ရပြီးနောက်၊ သူသည် ကောင်းကင်ကို ကြည့်ပြီး ခါးသီးစွာ ရယ်လိုက်သည်။ သူ၏သွားများကြားမှ သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာသည်။ “ဝေဖိုး၊ ဝေမိုင်။ မင်းတို့နှစ်ယောက်စီက သေမင်းအစောင့်တပ် တပ်သားတစ်ရာစီ ခေါ်သွားပြီး၊ အမြန်သင်္ဘော ၁၀ စီးနဲ့ ဟုန်ယွိကို လိုက်ဖမ်းပါ။”

“ဟုတ်ကဲ့။”

မျက်နှာအေးစက်ပြီး ပိန်လှီသည့် ကျွမ်းကျင်သူ နှစ်ဦးသည် အမိန့်ကို လက်ခံပြီး၊ ခြံဝင်းထဲရှိ အဝေးတနေရာတွင် ဒူးထောက်လိုက်သည်။ ၎င်းတို့သည် ဝေဖိုးနှင့် ဝေမိုင်တို့ ဖြစ်ပြီး၊ သေမင်းအစောင့်တပ်၏ တပ်မှူးများဖြစ်သည်။

“ဝေတူ၊ ဝေဟန်။ မင်းတို့နှစ်ယောက်စီက ဝံပုလွေအစောင့်တပ် တပ်သားတစ်ရာစီနဲ့ မီးမြှားငါးထောင်စီ ယူသွားပြီး၊ အမြန်သင်္ဘော ၁၀ စီးနဲ့ ဟုန်ယွိ ကို လိုက်ဖမ်းပါ။”

“ဟုတ်ကဲ့။”

ကိုးပေမြင့် သံမဏိတိုင်များနှင့်တူသည့် လူသန်ကြီးနှစ်ဦးသည် ခြံဝင်းအလယ်တွင် ပေါ်ထွက်လာသည်။ ၎င်းတို့၏ ကြီးမားသော ခန္ဓာကိုယ်များသည် ရှန်ထိုက်ဇူနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ ၎င်းတို့၏ ဖောင်းကားနေသော ကိုယ်ခန္ဓာအဖုထစ်များက ဘုရားကျောင်းများရှိ ဟာကျူလီဘုရင်၏ ရုပ်ထုများနှင့်တူပြီး၊ အဆုံးမဲ့ ပေါက်ကွဲစွမ်းအားကို ပြသနေသည်။ ၎င်းတို့သည် ဝေတိုင်ကန်၏ ဝံပုလွေအစောင့်တပ်၏ တပ်မှူးနှစ်ဦး ဖြစ်သည်။

“ဝေဆန်း၊ ဝေရှန်း။ မင်းတို့နှစ်ယောက်စီက ရေနတ်ဆိုးတပ်စုကနေ ကျွမ်းကျင်သူတစ်ရာစီကို ခေါ်ဆောင်ပြီး၊ အမြန်သင်္ဘော ၁၀ စီးနဲ့ ဟုန်ယွိကို လိုက်ဖမ်းပါ။ သူ့ရဲ့သင်္ဘောတွေကို ဖြတ်တောက်ပစ်။”

“ဟုတ်ကဲ့။”

ငါးမန်းသားရေရေငုပ်ဝတ်စုံ ဝတ်ဆင်ထားသော ပညာရှင်နှစ်ဦးသည် ခြံဝင်းအလယ်တွင် ဒူးထောက်လိုက်သည်။

“ဝေလျံ၊ ဝေကုံ၊ ဝေရှန်း၊ မင်းတို့အိမ်တော်ထိန်းသုံးယောက်က ငါ့ရဲ့ကိုယ်ပိုင်အစောင့်တပ်ဖြစ်တဲ့ ကောင်းကင်ဓားအစောင့် ၂၄ ဦးကို ခေါ်သွားပါ။”

အနက်ရောင်ဝတ်ရုံဝတ်ထားသော အစေခံအိုကြီးသုံးဦးလည်း ထွက်လာပြီး တုံ့ပြန်လိုက်သည်။

“သခင်ဝေ၊ တဖက်လူမှာ တာအိုပညာရပ် ကျွမ်းကျင်သူတွေ ရှိနေတယ်။ ရှင် လွှတ်လိုက်တဲ့သူတွေက တပ်တစ်တပ်ကို ဖျက်ဆီးနိုင်တဲ့ လူတွေချည်းပါ ပဲ။ ဒါပေမယ့် ရေပေါ်တိုက်ပွဲမှာ လူတွေကို သတ်ဖြတ်တဲ့အခါ တာအိုပညာရပ် ထူးချွန်သူတွေက အားသာတယ်။”

ဝေတိုင်ကန်သည် အမိန့်တစ်ခုပြီးတစ်ခု ထုတ်ပြန်လိုက်သည်နှင့်၊ ပညာရှင်များလည်း ပိုမိုစုဝေးလာသည်။

ထိုစဉ် တံခါးဝမှ အသံတစ်သံ ထွက်ပေါ်လာသည်။

“ဘယ်သူလဲ။” ဝေတိုင်ကန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

“အဖေ၊ သူမက သခင်မလေး ယုရှင်းပါ။” ဝေလျံချန်းက အလျင်စလို ပြောလိုက်သည်။

“ဟုတ်တယ်၊ ကျွန်မပါ။” အသံထွက်ပေါ်လာသည်နှင့်၊ တံခါးဝမှ လူတစ်ဦး ဝင်လာသည်။ သူမသည် ပညာရှင်တစ်ဦးကဲ့သို့ ဝတ်ဆင်ထားပြီး၊ ခေါင်းပေါ်တွင် ဦးထုပ်တစ်လုံး ဆောင်းထားသည်။

“ဝေဦးလေး၊ ကျွန်မ ရှင့်ကို ဘုရင်ခံဝေတိုင်ကန်လို့ ခေါ်ရမလား၊ ဒါမှမဟုတ် နတ်လက်ကောင်းကင်ဓား ရမ်ခန်းလို့ ခေါ်ရမလား။”

ဤအမျိုးသမီး ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက်၊ ဝေတိုင်ကန်ကို ထိတ်လန့်သွားစေသော စကားတစ်ခွန်း ပြောလိုက်ပါသည်။

“ဒီလူအိုကြီးရဲ့ ဝေမျိုးရိုးအမည်ကို ဧကရာဇ်က ပေးသနားခဲ့တာ။ ဒီလူအိုကြီးရဲ့ နောက်ခံကို ဧကရာဇ်က အတိအလင်း သိပါတယ်။ သေချာတာက ဒီလူအိုကြီးရဲ့ မျိုးရိုးအမည်က ဝေပါပဲ။ သခင်မလေး ယုရှင်း၊ မင်းက ကောင်းကင်နဂါးဂိုဏ်းက တပည့်တစ်ဦးဖြစ်ပြီး၊ ယွန်မင်ရွှေရောင်ဝံပုလွေ တပ်ဖွဲ့ရဲ့ ခေါင်းဆောင်လည်း ဖြစ်တယ်။ ငါတို့က ရန်သူတွေဖြစ်တယ်။ မင်းက ဒီလူအိုကြီးရဲ့ အုပ်ချုပ်ရေးမှူးစံအိမ်ကို ဘာလို့ ရောက်လာတာလဲ။ ဒီလူအိုကြီးက မင်းကို ဖမ်းဆီမှာကို မကြောက်ဘူးလား။”

ဝေတိုင်ကန်သည် ပညာရှင်ဝတ်စုံဖြင့် အမျိုးသမီးကို ကြည့်ပြီး၊ သူမ၏ထိတ်လန့်စရာ စကားများကြောင့် အနည်းငယ်မျှ မအံ့သြခဲ့ပါ။

“ကျွန်မအဖေရဲ့မျက်နှာကို ထောက်ပြီး၊ ဝေဦးလေးက ကျွန်မရဲ့ မသင့်လျော်တဲ့ စကားတွေကို စိတ်ထဲမထားဘူးဆိုတာ သေချာပါတယ်။” ထိုအမျိုးသမီးက ရယ်မောလိုက်သည်။

“ဟမ့်။” ဝေတိုင်ကန်သည် ထိုအမျိုးသမီးက သူ၏ဖခင်အကြောင်း ထုတ်ပြောလာသည်ကို ကြားလိုက်ရသည့်အခါ၊ အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြန်ထိုင်လိုက်သည်။ ဤအမျိုးသမီး၏ဖခင်သည် အလွန်ကြောက်စရာကောင်းမည့်ပုံ ပေါ်သည်။

“ဒီတစ်ကြိမ်မှာ ကျွန်မက အဖေနဲ့အတူ တော်ဝင်ချန်နိုင်ငံကို ရောက်လာခဲ့တယ်။ ဝေဦးလေးနဲ့ ကျွန်မတို့ဟာ နှစ်နိုင်ငံစလုံးမှာ ကိုယ်ပိုင် တာဝန်တွေ အသီးသီးရှိတယ်။ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေက အများပြည်သူဆိုင်ရာ ကိစ္စတွေဖြစ်ပြီး၊ ပုဂ္ဂိုလ်ရေးကိစ္စကတော့ ပုဂ္ဂိုလ်ရေး ကိစ္စပါပဲ။ ဒီတစ်ကြိမ်မှာ ကျွန်မက အများပြည်သူဆိုင်ရာ ကိစ္စတွေကို ပြောဖို့လာတာ မဟုတ်ဘူး။ ဝေဦးလေးကို ယွန်မင်နိုင်ငံနဲ့ ပူးပေါင်းဖို့လည်း ဖိတ်ခေါ်မှာ မဟုတ်ဘူး။ ဝေဦးလေးရဲ့သား ဆုံးရှုံးသွားတယ်။ ပြီးတော့ ရန်သူကလည်း တာအိုပညာရပ် ထူးချွန်သူဖြစ်နေတယ်လို့ ကျွန်မ သတင်းကြားထားတယ်။ ကျွန်မက ကျွန်မတတ်နိုင်တဲ့အရာကို လုပ်ဆောင်ပေးဖို့ ဒီကို ရောက်လာတာပါ။” ဤအမျိုးသမီးသည် ယွန်မင် ကောင်းကင်နဂါးဂိုဏ်း၏ ထိပ်တန်း လူငယ်ကျွမ်းကျင်သူ ရှင်းယုဆန် ဖြစ်သည်။ သူမသည် ကျောက်ဖေးရုန်၊ ဆုမူ၊ ယောင်ယွဲ့ရှင်းတို့နှင့်အတူ နာမည်ကျော်ကြားသူ ဖြစ်သည်။

“သခင် ရှင်ရွှမ်းက တော်ဝင်ချန်ကို ဘာလာလုပ်တာလဲ။” ဝေတိုင်ကန်က မေးလိုက်သည်။

“အဖေရယ်၊ ရှင်မိုး၊ ဆန်းကြယ်ကောင်ကင်ဘုံခန်းမ ခေါင်းဆောင်ရယ်၊ သူတော်စင်တူယွမ်ရယ်၊ ဂိုဏ်းခေါင်းဆောင် ပိုင်ဖေးရှန်တို့က မိုနိုဂိုတာရီကို သတ်ဖို့ ပူးပေါင်းလိုက်ကြတယ်။”

ရှင်းယုဆန်က ပုဂ္ဂိုလ်တစ်ဦးချင်းစီကို ထုတ်ဖော်ပြောပြတိုင်း၊ ဝေတိုင်ကန်၏ ခန္ဓာကိုယ်သည် တဆတ်ဆတ် တုန်လှုပ်သွားသည်။ သူမ ဖော်ပြခဲ့သော ပုဂ္ဂိုလ်တစ်ဦးစီသည် မှော်စွမ်းအင်တစ်မျိုးကို ပိုင်ဆိုင်ထားပုံရသည်။ အမှန်ပင်၊ သူမဖော်ပြသော ပုဂ္ဂိုလ်တစ်ဦးစီသည် ကမ္ဘာကြီးကို တုန်လှုပ်စေနိုင် သည့် ပြိုင်ဘက်ကင်း ပညာရှင်ကြီးများ ဖြစ်ကြသည်။ ၎င်းတို့ ခြေတစ်လှမ်းနင်းလိုက်ရုံဖြင့် ကမ္ဘာကြီးသည် တုန်လှုပ်သွားနိုင်သည်။

ရှင်းယုဆန်၏ ဖခင်သည် မဟာနတ်ဆိုးအင်မော်တယ်ရှစ်ဦး၏ ခေါင်းဆောင် ဉဒေါင်းငှက်ဘုရင် ရှင်ရွှမ်း ဖြစ်သည်။ ဝေတိုင်ကန်သည် မည်သို့ သူ့ကို မကြောက်ဘဲနေမည်နည်း။

ဆောင်းဦးရာသီမှာ, ပင်လယ်ပြင်ပေါ်တွင် လေနှင့်လှိုင်းများသည် ငြိမ်သက်နေပြီး၊ ဆောင်းဦးရာသီ၏ လေကောင်းလေသန့်က လန်းဆန်းတက်ကြွ စေသည်။ ဆောင်းဦးနေရောင်သည် နွေးထွေးစွာ ထွန်းလင်းနေပြီး၊ ညနေခင်းရှိ ပင်လယ်ပြင်သည် ရွှေရောင်အပိုင်းအစများဖြင့် လင်းလက်နေကာ အနှိုင်းမဲ့ လှပသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်သည်။

လူ ၈၀၀ စီးနိုင်သော ဆင်စွယ်သင်္ဘောကြီး နှစ်စီးနှင့် သံချပ်ကာတပ် သင်္ဘောပျံ ငါးစီးသည် ပင်လယ်ပြင်ပေါ်တွင် တစ်ရက်တစ်ည ရွက်လွှင့်ခဲ့သည်။ မနေ့ညကတည်းက စတင်ရွက်လွှင့်ခဲ့ပြီး၊ တစ်ရက်လုံး ဆက်လက် ခရီးနှင်ခဲ့သည်။ ၎င်းတို့သည် တော်ဝင်ချန်၏ နယ်မြေကို စွန့်ခွာပြီး၊ ပင်လယ်ပြင် ပေါ်တွင် လွင့်မျောနေကြသည်။

ဟုန်ယွိ၏ သင်္ဘောသည် ကောင်းကင်လေနိုင်ငံသို့ ဦးတည် ရွက်လွှင့်နေသည်။ ထိုနေရာသို့ရောက်ရန် ရက်ပေါင်းဆယ်ရက်ခန့် ကြာဦးမည် ဖြစ်သည်။

အချိန်ကား ညနေခင်း ဖြစ်နေပြီ။ တစ်ရက်တစ်ညလုံး ရွက်လွှင့်ပြီးနောက်၊ အဆိုင်းပြောင်းလဲထားသော သင်္ဘောသားများပင် ပင်ပန်းနွမ်းနယ်နေကြ သည်။ ထို့ကြောင့် ၎င်းတို့သည် ကျောက်ဆူးချ၊ ရွက်များကို ချထားပြီး၊ ထမင်းချက်ပြုတ်ကာ အနားယူကြသည်။

ပတ်ဝန်းကျင်တစ်ခွင်တွင် ပင်လယ်ပြင်၏ အပြာရောင်လှိုင်းများသာ ရှိသည်။ ကျွန်းများ သို့မဟုတ် ကုန်းမြေများ မရှိသဖြင့် အထီးကျန်ဆန်လွန်း သည်။ ပင်လယ်ပြင်ပေါ်တွင် ရပ်တန့်ထားသော သင်္ဘော ၇ စီးသည် အနည်းငယ် အထီးကျန်ပြီး အကူအညီမဲ့ပုံ ပေါ်နေသည်။ အောက်တွင် အနှိုင်းမဲ့ နက်ရှိုင်းသည့် ပင်လယ်ကြီးက လူတို့ကို သည်းထိတ်ရင်ဖိုစရာ လျှို့ဝှက်ဆန်းကြယ်မှုတစ်မျိုးကို ပေးစွမ်းနေသည်။

ဤသည်မှာ ဟုန်ယွိအနေဖြင့် ပထမဆုံးအကြိမ် ပင်လယ်ပြင်သို့ ထွက်ခွာလာခြင်း ဖြစ်သည်။ ယခင်က သူသည် ဧရာမဝေလငါးကျွန်းသို့ သွားခဲ့စဉ်, သင်္ဘောရာပေါင်းများစွာနှင့် လူထောင်ပေါင်းများစွာ နောက်သို့ လိုက်ပါခဲ့ရသည်။ လူများစွာနှင့်အတူ ရှိခဲ့သောကြောင့် အထီးကျန်မှုကို မခံစားခဲ့ရပေ။ ယခုအခါ သူတစ်ဦးတည်း အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်လာရသည့်အခါ၊ သူသည် ပင်လယ်ပြင်၏ အထီးကျန်မှုနှင့် သည်းထိတ်ရင်ဖို ခံစားချက်ကို ခံစားလိုက်ရသည်။

“နောက်ဆုံးအကြိမ် ငါ ယင်စိတ်ဝိညာဉ်နဲ့ ပင်လယ်ထဲကို ဝင်ရောက်ခဲ့စဉ်တုန်းက၊ ရေတိမ်ပိုင်းပဲ ရှိသေးတယ်။ ကမ်းစပ်ကနေ လီဒါဇင်အနည်းငယ် လောက်ပဲ ဝေးတယ်။ အခု ငါတို့က ပင်လယ်အလယ်မှာ ရောက်နေပြီဆိုတော့၊ နက်ရှိုင်းတဲ့ ပင်လယ်ထဲမှာ ဘာတွေရှိလဲဆိုတာ ကြည့်ကြည့်ရ အောင်။”

ဟုန်ယွိသည် သူ့ပတ်ဝန်းကျင်ရှိ အဆုံးမရှိသော ပင်လယ်ပြင်ကို ကြည့်လိုက်ပါသည်။ ရုတ်တရက် စိတ်ကူးတစ်ခု ပေါ်လာပြီး၊ သူသည် ချီစိတ်ဝိညာဉ်ကို အေးစက်သော လေပြည်အဖြစ် ပြောင်းလဲကာ ရေထဲသို့ ခုန်ဆင်းလိုက်သည်။

ချက်ပြုတ်ထားသော အစားအသောက်နှင့် အသားများ၏ အနံ့ကြောင့် ပင်လယ်ထဲရှိ တိရစ္ဆာန်အချို့၏ စိတ်ဝင်စားမှုကို ဆွဲဆောင်ခဲ့ပုံရသည်။ ဟုန်ယွိ ၏ စိတ်ဝိညာဉ်သည် ရေထဲသို့ ဝင်ရောက်လိုက်သည်နှင့်၊ အဝေးရှိ ရေမျက်နှာပြင်ပေါ်တွင် ငါးမန်းအုပ်၏ ဆူးတောင်များ ပေါ်ထွက်လာသည်။

“အာယွိ၊ အဲဒါ ငါးမန်းအုပ်ပဲ။ ငါးမန်းတွေက ရက်စက်တယ်။ ငါတို့သင်္ဘောကို ထိခိုက်စေနိုင်မလား။”

ဟုန်ယွိ၏ဘေးတွင် ရပ်နေသော ရွှေပင့်ကူ ကျင်းရွှမ်အာက အဝေးတနေရာကို ကြည့်ပြီး အော်ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ ဒီဆင်စွယ်သင်္ဘောက သံမဏိသစ်သားနဲ့ ပြုလုပ်ထားတာ။ ဒီသစ်သားက နှစ်ပေါင်းများစွာ ဆီစိမ်ထားတဲ့ သစ်သားတွေပဲ။ သင်္ဘော ကိုယ်ထည်က သံမဏိအလွှာတွေနဲ့ ဖုံးအုပ်ထားတယ်။ ဓားနဲ့တောင် မဖြတ်နိုင်ဘူး။ ဒူးလေးကြီးနဲ့တောင် မဖောက်ထွင်းနိုင်ဘူး။ ငါးမန်းတွေဆို စကားထဲတောင် ထည့်ပြောစရာ မလိုဘူး။ သံချပ်ကာတပ် သင်္ဘောပျံ ၅ စီးဆို ပိုတောင်ခိုင်ခံ့သေးတယ်။ ငါးမန်းတအုပ် ရောက်လာမှတော့, ငါတို့က တချို့ကိုဖမ်းပြီး ဆန်ရိက္ခာကို ချွေတာလို့ရတာပေါ့။ ငါးမန်းသားရေကို ခွာလိုက်ရင် သားရေကောင်းတစ်ခု ရမယ်။” ချီဇီယန်က ဘေးကနေ ပြောသည်။

“ဒါပေမယ့် ဒီကောင်တွေက သာမန်ငါးမန်းတွေပဲ။ ငွေငါးမန်းက ဘယ်လိုပုံစံလဲဆိုတာ ကြည့်ချင်လိုက်တာ။” မုကလေးက သူမဝတ်ထားသော ငွေငါးမန်းချပ်ဝတ်ကို ထိတွေ့ရင်း ပြောလိုက်သည်။

အခန်း (၁၇၅)။

ဖျန်း….။

ပင်လယ်ရေပြင်ပေါ်တွင် နွားတစ်ကောင် အရွယ်စားရှိသော အနက်ရောင် ငါးမန်းတစ်ကောင်သည် ရေမျက်နှာပြင်သို့ ခုန်ထွက်လာပြီး သင်္ဘောတစ်စီး ကို ဝင်တိုက်လိုက်သည်။ အပြင်းအထန် ထိခိုက်မှုကြောင့် သံချပ်ကာတပ် သင်္ဘောပျံတစ်စီးသည် တုန်ခါသွားပြီး၊ သံမဏိအချင်းချင်း ထိတွေ့သံကဲ့သို့ ခပ်အုပ်အုပ်အသံက နားထဲသို့ စူးရှစွာ ဝင်ရောက်လာခဲ့သည်။

သင်္ဘောတစ်စီးလုံး တခဏမျှ ယိမ်းထိုးသွားပြီးနောက် ပြန်လည် တည်ငြိမ်သွားသည်။

“ရွှီး…..”

လှံတစ်ချောင်းက ပြင်းထန်စွာ ပျံထွက်သွားပြီး၊ ခုန်ထွက်လာသော အနက်ရောင်ငါးမန်းကို ထိုးဖောက်လိုက်သည်။ လှံသည် ပင်လယ်ပြင်ပေါ်သို့ ပြန်ကျသွားပြီး၊ သွေးများက ရေမျက်နှာပြင်ပေါ် ပက်ဖျန်းသွားခဲ့သည်။ သွေးနံ့ကြောင့် အခြားငါးမန်းအုပ်စုများ ပိုမိုစုဝေးလာကြပြီး၊ မကြာခင်မှာပင် ထိုးဖောက်ခံရသော ငါးမန်းသည် အခြားငါးမန်းများ၏ ကိုက်ဖြဲဆွဲငင်မူကြောင့် အပိုင်းပိုင်း ကွဲထွက်သွားပါသည်။

“အင်း…. ဒီသခင်မလေးက ငါးမန်းတောင် လတ်လတ်ဆတ်ဆတ် စားချင်လိုက်တာ….”

ရွှေပင့်ကူ ကျင်းရွှမ်အာသည် ဤအခြေအနေကို မြင်ပြီး အော်ပြောလိုက်သည်။

“ဒီငါးမန်းတွေက ပေါင်တစ်ထောင်ကျော်လောက် အလေးချိန်ရှိတယ်။ ငါတို့ သတ်နိုင်ရင်တောင် သယ်ယူဖို့ မလွယ်ဘူး။ ပိုက်ကွန်နဲ့တောင် မထိန်းနိုင် ဘူး။ မဟုတ်ရင် ငါးမန်းဆူးတောင်တွေက ဘာလို့ ဒီလောက် စျေးကြီးနေမှာလဲ။ ယွန်မင်နိုင်ငံမှာဆို ငါးမန်းဆူးတောင် တစ်ချောင်းကို မြင်းအနည်းငယ် နဲ့ လဲလှယ်လို့ရတယ်။”

ချီဇီယန်သည် ကျင်းရွှမ်အာတစ်ယောက် ဒေါသထွက်ပြီး ခုန်ပေါက်နေသည်ကို မြင်လျှင်, လက်နှစ်ဖက်ကို ဖြန့်ရင်း ပြောသည်။

“ရိုရန်အင်ပါယာမှာလည်း ငါးမန်းတောင်က ရှားပါးပစ္စည်းပဲ။ ကျွန်မလည်း နည်းနည်းပဲ စားဖူးတယ်။ အဲဒီအရသာကတော့၊ အင်း…အင်း…” ကျင်းရွှမ်အာသည် သင်္ဘောအောက်တွင် ကူးခတ်နေသော ငါးမန်းများကို ကြည့်ရင်း၊ တံတွေးမျိုချင်လာပါသည်။

“ချီဇီယန်၊ ရှင်က မဟာဆရာသခင်တစ်ဦးပဲ။ တောင်ပေါ်မှာဆို ကျားတွေနဲ့တိုက်နိုင်ပြီး၊ ပင်လယ်ထဲမှာဆို ငါးမန်းဖမ်းနိုင်တယ်လေ။ မြန်မြန်ဆင်းပြီး ငါးမန်းတစ်ကောင် ဖမ်းပေးစမ်းပါ။ ဆူးတောင်ကိုဖြတ်ပြီး ဟင်းချိုချက်သောက်ချင်လို့။” ကျင်းရွှမ်အာက အော်ပြောလိုက်သည်။

“မင်းက ငါ့ကို လူသားအင်မော်တယ် ဒါမှမဟုတ် သိုင်းသူတော်စင်တစ်ယောက်လို့ ထင်နေတာလား။ ပင်လယ်ထဲမှာ ငါးမန်းဖမ်းခိုင်းတယ်ပေါ့။ ငါ တောင်ပေါ်မှာ ကျားတွေနဲ့တိုက်နိုင်ပေမယ့်၊ ပင်လယ်ထဲမှာ ငါးမန်းဖမ်းတာကျ မတူတော့ဘူး။ အောက်မှာ အနည်းဆုံး ငါးမန်းတစ်ရာလောက် ရှိတယ်။ ငါဆင်းသွားရင် အပိုင်းပိုင်း ဆွဲဖြဲခံရမှာပေါ့။” ချီဇီယန်က ကျင်းရွှမ်အာအား ငတုံးငအတစ်ယောက်ကို ကြည့်နေသည့်ပုံဖြင့် ကြည့်ရင်း ပြန်ပြောလိုက်သည်။

သင်္ဘောအောက်တွင် အနက်ရောင်ငါးမန်းအုပ်များသည် အုံးအုံးကျွက်ကျွက် ဖြစ်နေပြီး၊ ရေမျက်နှာပြင်ပေါ်တွင် ရေများက တဗွမ်းဗွမ်း ပက်ဖျန်းနေ သည်။ မြင်းကွင်းက ကြောက်စရာအတိပင်။ ရေထဲတွင် ဝေဝါးစွာမြင်ရသော ငါးမန်းများ၏ အရိပ်များသည် နွားတစ်ကောင် အရွယ်စားရှိပြီး၊ မယုံနိုင်လောက်အောင် သန်မာကြသည်။ တစ်ခါတစ်ရံ ရေမျက်နှာပြင်ပေါ်သို့ ခုန်ထွက်လာကာ၊ ၎င်းတို့၏ ဖြူဖွေးပြီး နက်ရှိုင်းသော အစွယ်များကို ပြသနေသည်။

ချီဇီယန်သည် မဟာဆရာသခင်တစ်ဦး ဖြစ်သော်လည်း၊ ပင်လယ်ထဲသို့ ခုန်ဆင်းပြီး ငါးမန်းဖမ်းခြင်းက သေမင်းကို ဖိတ်ခေါ်နေသလို ဖြစ်နေပါသည်။

ရေထဲတွင် ငါးမန်းတစ်ကောင်၏ခွန်အားသည် ကျားတစ်ကောင်နှင့် ညီမျှသည်။ ကုန်းပေါ်တွင်ဆိုပါက ချီဇီယန်သည် လက်နက်အပြည့်အစုံဖြင့် ကျားအကောင် ရာပေါင်းများစွာကို ရင်ဆိုင်နိုင်သည်။ သို့သော် ပင်လယ်ထဲတွင် ရက်စက်သော ငါးမန်းရာပေါင်းများစွာကို ရင်ဆိုင်ရမည်ဆိုပါက အနိုင်ယူရန် မဖြစ်နိုင်ပေ။

သိုင်းပညာ ထူးချွန်သူများ ဖြစ်နေလျှင်ပင်, ရေအောက်တွင် ၎င်းတို့၏ သိုင်းပညာစွမ်းရည်သည် ကုန်းပေါ်ရှိစွမ်းရည်၏ ဆယ်ပုံတစ်ပုံအောက်သာ ရှိပါသည်။

“ဗွမ်း…..”

ရေပက်ဖျန်းသံက ထွက်ပေါ်လာသည်။ ဟုန်ယွိက ငါးမန်းတွေကို ဖမ်းဆီရန် အမိန့်ပေးခဲ့သော်လည်း၊ သင်္ဘောပေါ်ရှိ စစ်သည်များသည် ကူရာမဲ့ ဖြစ်နေကြပါသည်။ သူတို့သည် ပိုက်ကွန်ကြီးတစ်ခုကို ပြင်ဆင်ခဲ့သော်လည်း၊ ပိုက်ကွန်ကြီးကို ပစ်ချလိုက်သည်နှင့် ငါးမန်းများက ချက်ချင်း ဆွဲဖြဲလိုက်ကြသည်။ စစ်သည်တစ်ဦးဆို သင်္ဘောပေါ်မှ ဆွဲချခံရလုမတတ်ပင် ဖြစ်သွားသည်။ ဤမျှကြီးမားသော ငါးမန်းအုပ်ကို သံမဏိပိုက်ကွန်ဖြင့် ပင် ဖမ်းယူရန် ခက်ခဲသည်။

“တကယ်လို့, အထူး ငါးဖမ်းသင်္ဘောတစ်စီး ဆိုရင်တော့၊ လေးလံတဲ့ ပိုက်ကွန်ကြီးတွေကို ကြိုတင်ပြင်ဆင်ထားပြီး၊ ငါးမန်းတွေကို မြူဆွယ်နိုင်တယ်။ သူတို့ကို ပင်ပန်းအောင်လုပ်ပြီးတာနဲ့ ဖမ်းယူနိုင်ပြီ။ ဒါပေမယ့် ငါတို့မှာ အဲဒီလို ပြင်ဆင်မှုမျိုး မရှိဘူး။” လီလဲ့က အောက်ရှိ ငါးမန်းများကို ကြည့်ရင်း၊ ဖြူတစ်ကောင်ကို ကိုက်ဖို့ကြိုးစားနေသော ခွေးတစ်ကောင်လို ခံစားရပြီး၊ ဘယ်နေရာကစရမှန်းမသိ ဖြစ်နေသည်။

“ဟမ့်…၊ ငါ့ရဲ့ ပျံသန်းနိုင်ဓားနဲ့ဆိုရင် ဒီငါးမန်းအုပ်ကို အလွယ်တကူ သတ်ဖြတ်နိုင်တယ်။ ဒါပေမယ့် အပေါ်ကို ဖမ်းတင်ဖို့က ခက်ခဲမယ်။ ပျံသန်းနိုင် ဓားနဲ့ သတ်လိုက်ရင် သူတို့ရဲ့သားရေလည်း ပျက်ဆီးသွားပြီး၊ အဝတ်စားလုပ်ဖို့ ခက်မယ်။” ကျင်းရွှမ်အာက ပြောသည်။ သူမသည် မျက်လုံးများကို လှည့်ပတ် ကစားရင်း၊ ရုတ်တရက် လှုပ်ရှားမူက ရပ်တန့်သွားသည်။

သူမထံမှ အေးစက်စက် လေပြင်းတစ်ချက် ထွက်ပေါ်လာပြီး၊ ရေမျက်နှာပြင်ပေါ်သို့ ကျရောက်သွားသည်။ ရုတ်တရက် ပင်လယ်ရေထုသည် စုစည်းပြီး ဧရာမလက်ကြီးတစ်ဖက်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုလက်ကြီးက ငါးမန်းတစ်ကောင်ကို တင်းတင်းကြပ်ကြပ် ဖမ်းဆုပ်ပြီး၊ သင်္ဘောပေါ်သို့ ပစ်တင်ရန် အားထုတ်လိုက်သည်။

စစ်သည်များစွာသည် အံ့အားသင့်သွားကြသည်။

သို့သော်၊ နွားအရွယ်စားရှိသော ထိုအနက်ရောင်ငါးမန်းကြီးသည် ပြင်းထန်စွာ ရုန်းကန်ပြီး ကြမ်းကြုတ်စွာ ရိုက်နှက်သည်။ ဘန်း…..။ ထိုငါးမန်း၏ ပြင်းထန်သော ရုန်းကန်မှုကြောင့် ပင်လယ်ရေဖြင့် ဖွဲ့စည်းထားသော ဧရာမလက်ကြီးသည် ရုတ်တရက် ကွဲအက်သွားပြီး၊ ရေများအဖြစ်သို့ ပြန်လည်ပြိုကွဲကာ ရေမျက်နှာပြင်ပေါ်သို့ ပြန်ကျဲသွားခဲ့သည်။ ငါးမန်းကြီးလည်း ပြန်လည် ပြုတ်ကျသွားသည်။

“ဟူး….။ ငါ့ရဲ့ ဝိညာဉ်စွမ်းအားက ငါးမန်းဖမ်းဖို့ မလုံလောက်ဘူး။”

ကျင်းရွှမ်အာသည် ယခုလေးတင် ဝိညာဉ်စီးဆင်းမှုကို အသုံးပြု၍ ပင်လယ်ရေကို စုစည်းပြီး ငါးမန်းဖမ်းရန် ကြိုးစားခဲ့သည်။ သို့သော် ငါးမန်း၏ ခွန်အားသည် အလွန်ကြီးမားလွန်းသည်။ သူမ၏ ဝိညာဉ်စွမ်းအားဖြင့် ၎င်းကို မထိန်းချုပ်နိုင်ခဲ့ပေ။ ငါးမန်းသေတစ်ကောင် ဖြစ်နေလျှင်ပင်၊ သူမ၏ ဝိညာဉ်စွမ်းအားဖြင့် ပင်လယ်ရေကို သိပ်သည်းပြီး ဖမ်းယူရန်မှာ မဖြစ်နိုင်ပေ။ ငါးမန်းသေတစ်ကောင်သည် ကီလိုထောင်ပေါင်းများစွာ အလေးချိန် ရှိသည်။

“ကျင်းရွှမ်အာ၊ မင်း ရုပ်လုံးဖော်ခြင်းနယ်ပယ်ကို ကျင့်ကြံပြီးပြီလား။” ဟုန်ယွိသည် ကျင်းရွှမ်အာ၏ ပြုမူပုံကို ကြည့်ပြီး၊ မအံ့ဩဘဲ မနေနိုင်ခဲ့ပါချေ။

“ဟုတ်တယ်လေ။ ငါ နင်နဲ့အတူ လိုက်လာရင်း မက်မွန်နတ်ဘုရားရဲ့ ဝိညာဉ်စွမ်းအားကို အများကြီး စုပ်ယူခဲ့ရတယ်။ ဒီလိုနဲ့ ငါလည်း သဘာဝအတိုင်း အဆင့်တက်သွားတာပဲ။” ကျင်းရွှမ်အာက ရုတ်တရက် မျက်လုံးများကို လှည့်ပတ်ကစားရင်း ပြောသည်။ “အာယွိ၊ မြန်မြန်လေး….၊ ငါးမန်းအရှင် အနည်းငယ် ဖမ်းပေးစမ်းပါ။”

“ကောင်းပြီ။” ဟုန်ယွိက ပြုံးလိုက်ပြီး၊ လက်ချောင်းများကို အနည်းငယ် လှုပ်ရှားလိုက်သည်။ ချီစိတ်ဝိညာဉ်လေပြင်း ခုနစ်ခု ရှစ်ခုသည် ရေမျက်နှာ ပြင်ပေါ်သို့ လွင့်မျောသွားသည်။ ရုတ်တရက်၊ ပင်လယ်ရေများသည် ဧရာမရေဘောလုံးကြီးများအဖြစ် စုစည်းပြီး ရေမျက်နှာပြင်ပေါ်တွင် ပေါ်ထွက် လာသည်။

ရေဘောလုံးတစ်ခုစီထဲတွင် အနက်ရောင်ငါးမန်းကြီးတစ်ကောင်စီ ပါဝင်နေသည်။ အနက်ရောင်ငါးမန်းကြီးများသည် ခေါင်းများကို ခါယမ်းပြီး အမြီးများကို လှုပ်ရှားကာ ပြင်းထန်စွာ ရုန်းကန်နေကြသော်လည်း၊ ဧရာမရေဘောလုံးကြီးကို မဖျက်ဆီးနိုင်ကြပေ။

မျက်စိတစ်မှိတ်အတွင်းမှာ၊ ဧရာမရေဘောလုံးကြီးများသည် လူတိုင်း၏ ခေါင်းထက်သို့ ပျံတက်လာသည်။ ရုတ်တရက်၊ ရေဘောလုံးတစ်ခုပေါ်တွင် အက်ကွဲတစ်ခုပေါ်လာပြီး၊ အထဲရှိ ငါးမန်းကြီးသည် ဘုန်းခနဲ ကုန်းပတ်ပေါ်သို့ ပြုတ်ကျလာသည်။ သို့သော် ရေဘောလုံးသည် လုံးဝ ပြိုကွဲမသွားခဲ့ပါ။ ယင်းက ဟုန်ယွိ၏ စိတ်ဝိညာဉ်အပေါ် တိကျသော ထိန်းချုပ်မှုနှင့် ကြီးမားသော စွမ်းအားကို ပြသနေသည်။

အနီးနားတွင် ရပ်နေသော သခင်ကျိုးသည် ဟုန်ယွိ၏ ဤလှုပ်ရှားမှုကို မြင်ပြီး၊ သူ့မျက်ခုံးများက တဆတ်ဆတ် တုန်ခါသွားသည်။ သူ၏စိတ်ထဲရှိ အတွေးများကို လုံးဝ ဖယ်ရှားလိုက်သည်။

ကုန်းပတ်ပေါ်သို့ ပြုတ်ကျလာသော အနက်ရောင်ငါးမန်းခုနစ်ကောင်, ရှစ်ကောင်ခန့်သည် ၎င်းတို့၏အမြီးများကို ပြင်းထန်စွာ ရိုက်ခတ်ရင်း၊ တဖျန်းဖျန်း ရိုက်ခတ်သံများ ထွက်ပေါ်လာသည်။ ရိုက်ခတ်သံက ထိပ်တန်းသိုင်းသခင်တစ်ဦး၏ လက်ဖဝါးအားကဲ့သို့ ပြင်းထန်သည်။

ကံကောင်းစွာဖြင့်၊ လူရှစ်ရာတင်ဆောင်နိုင်သော ဤဆင်စွယ်သင်္ဘောကြီးသည် အလွန်ကြီးမားပြီး၊ ကုန်းပတ်က သံမဏိအလွှာကဲ့သို့ ထူထဲသည်။ မဟုတ်ပါက ငါးမန်းများ၏ အမြီးရိုက်ခတ်မှုကြောင့် ပြိုကွဲသွားနိုင်သည်။

ပင်လယ်ရေထဲမှ ထွက်လာခဲ့ရသော်လည်း၊ အနက်ရောင်ငါးမန်းကြီးများသည် ရက်စက်ကြမ်းကြုတ်နေဆဲ ဖြစ်သည်။ ၎င်းတို့၏ ပြင်းထန်သော ရုန်းကန်မှုကို မြင်သူတိုင်းသည် ရူးသွပ်နေသော နွားရိုင်းတစ်ကောင်ကို အမှတ်ရသွားစေသည်။

“ငါတို့လို ကျွမ်းကျင်သူတွေတောင် အနက်ရောင်ငါးမန်းကြီးတွေကို ဖမ်းလို့မရဘူး။ သာမန်ငါးဖမ်းသမားတွေဟာ ခိုင်ခံ့တဲ့သင်္ဘောတွေ မရှိသလို တာအိုပညာရပ်ကိုလည်း မသိကြဘူး။ သူတို့ ဘယ်လိုဖမ်းနိုင်လဲဆိုတာ စဉ်းစားလို့တောင် မရဘူး။”

မုကလေးက ရုတ်တရက် သက်ပြင်းချလိုက်သည်။

“ဒီငါးမန်းတွေက ဘာမှမဟုတ်ဘူး။ ငွေမန်းငါးတွေဆိုရင်တော့ ဒီထက် နှစ်ဆသုံးဆ ပိုကြီးတယ်။ ရက်စက်ပြီး ဉာဏ်ရည်လည်း ရှိကြတယ်။ သူတို့ဆို ပင်လယ်ရေပြင်ပေါ် သုံးလေးကျန်းလောက် ခုန်တက်နိုင်ပြီး၊ ရေတွေကို ပစ်ဖျန်းထုတ်နိုင်တယ်။ အဲဒီရေလှိုင်းတွေက လူကြီးတစ်ယောက်ကိုတောင် သတ်ပစ်နိုင်တယ်။ အရွယ်ရောက်ပြီးသား ငွေမန်းငါးတစ်ကောင်ဟာ ဒီလိုသာမန်ငါးမန်းတွေကို ဒါဇင်နဲ့ချီပြီး အလွယ်တကူ သတ်ပစ်နိုင်တယ်။ အဲဒါကမှ ပင်လယ်ထဲမှာ ဘုရင်စစ်စစ်ပဲ။ ဒါပေမယ့် ပင်လယ်ရပ်ခြားနိုင်ငံက အချို့ငါးဖမ်းသမားတွေဟာ အဲဒီငါးတွေကိုလည်း ဖမ်းနိုင်ကြတယ်။”

ဝမ်ဖေးရန်က ဘေးမှာနေ၍၊ သက်ပြင်းချရင်း ပြောသည်။

“တပ်သားတွေ၊ ဒီငါးမန်းတွေကို အောက်မှာရှိတဲ့ မီးဖိုချောင်ထဲ သယ်သွားကြ။ ဆူးတောင်တွေကို ဖြတ်ပြီး သားရေကို ခွာဖို့ ပြင်ဆင်ကြ။” ဟုန်ယွိက အမိန့်ပေးလိုက်သည်။

ချက်ချင်းပင်၊ စစ်သည်တစ်စုသည် အံ့အားသင့်နေရာမှ ရှေ့သို့ ထွက်လာကြသည်။ သူတို့သည် လေးဦးတစ်ဖွဲ့ဖြစ်ပြီး၊ ငါးမန်းများကို တင်းတင်း ကြပ်ကြပ် ဖမ်းဆုပ်ကာ၊ ကြိုးများဖြင့် ချည်နှောင်ပြီး အောက်သို့ သယ်ယူသွားကြသည်။

“သွေးတွေထုတ်ပြီး သစ်သားပုံးထဲ ထည့်ထားကြ။ ငါးမန်းသွေးက ဆေးကောင်းတစ်ခွက်ပဲ။” ဟုန်ယွိက ထပ်မံ ညွှန်ကြားသည်။ သူသည် ဆေးပညာ စာအုပ်များကို ဖတ်ဖူးပြီး၊ ငါးမန်းသွေးသည် အသုံးဝင်မှုများစွာရှိကြောင်း သိရှိထားသည်။ သွေးက ခန္ဓာကိုယ်ကို သန်မာစေပြီး၊ အူထဲရှိ ပိုးမွှားများနှင့် အဆိပ်တောက်များကို ဖယ်ရှားပေးနိုင်သည်။ ပင်လယ်ပြင်ရှိ စစ်သည်များအတွက် ဆေးဖော်စပ်ရန် သင့်လျော်သည်။

“အာယွိ၊ မြန်မြန်. မြန်မြန်….၊ ဒီငါးမန်းတွေ အားလုံးကို ဖမ်းလိုက်ပါ။ ငါတို့ နတ်ဘုရားလေနိုင်ငံကို ရောက်တဲ့အခါ, ဒီငါးမန်းတွေကို ရောင်းလိုက်ရင်, ငါတို့ ပိုက်ဆံအများကြီးရနိုင်မယ်။” ကျင်းရွမ်အာက အလျင်စလို အော်ပြောလိုက်သည်။

“ဒီမှာ ငါးမန်းအကောင်ရေ ရာချီပြီးရှိတယ်။ အားလုံးဖမ်းလိုက်ရင် ပေါင်တစ်သိန်းကျော်လောက် အလေးချိန် ရှိမယ်။ ဒါတွေကို တင်ပြီးရင် သင်္ဘောကို ဘယ်လို မောင်းနှင်မှာလဲ။ မင်းမှာ အဲဒီ… ဘာလဲ။ စကြာဝဠာအိတ် ရှိလို့လား။”

ဟုန်ယွိက လက်ကို ဆန့်ထုတ်လိုက်ရာ ကျင်းရွမ်အာက သူ့ပုခုံးပေါ်သို့ ခုန်တက်လာသည်။

“ဒိုင်ဇင်ဘုရားကျောင်းရဲ့ ရတနာဖြစ်တဲ့ စကြာဝဠာအိတ်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ပျောက်ကွယ်သွားခဲ့ပြီ။ ရှိတဲ့နေရာ သိထားခဲ့ရင် ငါ့အဘိုးက ဘာပဲဖြစ်ဖြစ် ခိုးယူဖို့ကြိုးစားမှာပဲလေ။” ကျင်းရွမ်အာက တခစ်ခစ် ရယ်မောလိုက်သည်။

လူတိုင်းသည် ကုန်းပတ်ပေါ်တွင် ခဏမျှ စကားပြောကြပြီး၊ ပင်လယ်ရှုခင်းကို ခံစားကြသည်။ နေဝင်လာသည်နှင့်အမျှ ကောင်းကင်ကြီးသည် မှောင်မိုက်လာသည်။ ပင်လယ်ပြင်မှာ တောက်ပသော လမင်းတစ်စင်း ထွက်ပေါ်လာပြီး၊ ရေမျက်နှာပြင်ပေါ်တွင် တောက်ပစွာ ထွန်းလင်းနေသည်။

တချိန်တည်းမှာပင် ညစာစားပွဲက စီစဉ်ပြီးစီးပြီးပြီ။

ဘေးမှာ မဟော်ဂနီ သစ်သားကုလားထိုင်များနှင့်အတူ အလယ်တွင် ဧရာမစားပွဲကြီးတစ်ခု ရှိသည်။ စားပွဲပေါ်တွင် မွှေးပျံ့သော ဟင်းလျာများဖြင့် ပြည့်နှက်နေသည်။ အလေးချိန် သုံးလေးပေါင်ရှိသော ပင်လယ်ဂဏန်းကြီးများ၊ ရွှေရောင်ဂဏန်းဥများ၊ မီးနီရောင်ပုစွန်ကြီးများ၊ စတာ့ဂျန်ငါးဥများနှင့် အတူ ဟင်းချိုအိုးတစ်လုံးတို့ ရှိနေသည်။ ငါးမန်းအသားကို ပါးပါးလှီးထားပြီး၊ ဘေးတွင် ငံပြာရည်တစ်ခွက်စီ ချထားသည်။ ၎င်းတို့ကို ဟင်းချိုအိုးထဲ တွင် ထည့်ပြုတ်ပြီး ငံပြာရည်ထဲ နှစ်စားလျှင် အရသာရှိလှသည်။ ထို့ပြင်၊ ကုန်းမြေမှ ယူလာသော လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ သစ်သီး များ၊ အုန်းရည်နှင့် လိမ္မော်သီးများလည်း ရှိသည်။ ပင်လယ်ပြင်၌ ရွက်လွှင့်ရာတွင် အရေးကြီးဆုံးမှာ အသားမဟုတ်ဘဲ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ ဖြစ်သည်။ မဟုတ်ပါက အချိန်အကြာကြီး ရွက်လွှင့်ပြီးနောက် လူတိုင်း ဖျားနာလာနိုင်သည်။

“ဒီဝိုင်က အရသာရှိလိုက်တာ။ ဘယ်လိုဝိုင်မျိုးလဲ။ တကယ်ကို အရသာရှိတယ်။” ကျင်းရွမ်အာက ပျော်ရွှင်စွာ စားသောက်နေသည်။ သူမအတွက် အထူးအစေခံတစ်ဦးက ဝန်ဆောင်မှုပေးနေသည်။ သူမ၏ရှေ့တွင် ဖန်ခွက်တစ်လုံးရှိပြီး၊ အထဲတွင် သွေးနီရောင် ဝိုင်ရှိသည်။ တစ်ငုံ သောက်လိုက် သည်နှင့် လေထဲ လွင့်မျောသွားသလို ခံစားရသော်လည်း၊ သာမန်ဝိုင်များကဲ့သို့ ပြင်းထန်သော အရသာမျိုး မရှိပေ။

“ဒီဝိုင်က ဟွာလျိုနိုင်ငံမှာ စိုက်ပျိုးတဲ့ စပျစ်သီးတွေနဲ့ ဖော်စပ်ထားတဲ့ ဝိုင်ပဲ။ နှစ် ၂၀၀ သက်တမ်း ရှိတယ်။ ဟွာလျိုနိုင်ငံရဲ့ တော်ဝင်နန်းတော်၊ နတ်ဘုရားကျောင်းရဲ့ မဟာပုရောဟိတ်ကြီးနဲ့ မဟာအကြီးအကဲတွေပဲ သုံးဆောင်နိုင်တယ်။ ငါတို့ညီအစ်မနှစ်ယောက်က နှစ်ပေါင်းများစွာ စုဆောင်း ထားပြီး၊ သေတ္တာ ၂ ခု အပြည့်ရှိတယ်။ ဒီဝိုင်တွေကို ပြည်ပမှာ ရောင်းချဖို့ စီစဉ်ထားတာ။ ဟွာလျိုနိုင်ငံရဲ့ မင်းမျိုးမင်းနွယ်တွေတောင် ဒီလိုဝိုင်မျိုးကို သောက်နိုင်ဖို့ ခက်ခဲတယ်ဆိုတာ သိထားသင့်တယ်။ နတ်ဘုရားလေနိုင်ငံ၊ ယွန်နိုင်ငံ၊ လျှိုဇူနိုင်ငံနဲ့ တခြားနိုင်ငံတွေမှာဆို ဒီဝိုင်သေတ္တာ ၂ ခုကို ရွှေသေတ္တာနှစ်ခုထက်ပိုတဲ့ တန်ဖိုးနဲ့ လဲလှယ်လို့ရတယ်။” ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့က ရှင်းပြသည်။

“ဒီလိုဝိုင်မျိုးကို ငါ သောက်ဖူးတယ်၊ ဒါပေမယ့် နှစ် ၁၀၀ သက်တမ်းပဲ ရှိတယ်။” သခင်ကျိုးက ဂရုတစိုက် တစ်ငုံသောက်လိုက်ပြီး၊ သူ့မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ “ဒီနှစ် ၂၀၀ သက်တမ်းဝိုင်က နှစ် ၁၀၀ သက်တမ်းဝိုင်ထက် အရသာပိုကောင်းတယ်။”

“သေချာတာပေါ့။ ဒီဝိုင်က ရှေးဟောင်းပစ္စည်းလိုပဲ။ သက်တမ်းကြာလေလေ၊ တန်ဖိုးပိုရှိလေပဲ။” ဟွာနွန်ယင်က ပြောသည်။

“ချာရာဒေသ အနှစ်သာရနတ်ဘုရားကျောင်းမှာ တူဂူလပ်စ်လို့ခေါ်တဲ့ နှစ်ထောင်သက်တမ်းရှိ ဝိုင်တစ်မျိုး ရှိတယ်လို့ ငါ ကြားဖူးတယ်။ တော်ဝင် ချန်ဘာသာစကားနဲ့ဆို ဒီဝိုင်က နတ်ဆိုးနတ်ဘုရားရဲ့သွေးလို့ အဓိပ္ပာယ်ရတယ်။ သခင်ကျိုး….၊ ခင်ဗျား အဲဒီဝိုင်ကို တွေ့ဖူးလား။”

ဟုန်ယွိက သခင်ကျိုးကို ကြည့်ပြီး ရုတ်တရက် မေးလိုက်သည်။ အနောက်ဒေသရှိ ချာရာဒေသ ဝိုင်အကြောင်း ပြောလိုက်သည်နှင့်၊ ဟုန်ယွိသည် အနောက်ဒေသ၏ ဓလေ့ထုံးတမ်းများကို မှတ်တမ်းတင်ထားသော မှတ်စုစာအုပ်ကို ရုတ်တရက် အမှတ်ရသွားသည်။ ၎င်းစာအုပ်တွင် လျှို့ဝှက်ဝိုင် တစ်မျိုးကို ဖော်ပြထားသည်။

“တူဂူလပ်စ်….၊ နတ်ဆိုးနတ်ဘုရားရဲ့သွေး…..” သခင်ကျိုးသည် ဟုန်ယွိ၏ စကားကို ကြားလိုက်သည်နှင့်၊ သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားပြီး၊ လက်ထဲရှိ ဝိုင်ခွက်ပင် ဖိတ်မလိုဖြစ်သွားသည်။ “နတ်ဆိုးနတ်ဘုရားရဲ့သွေးအကြောင်း မင်း ဘယ်လိုသိတာလဲ။ မြန်မြန် ပြောစမ်း။”

ထိုစကားများ ထွက်ပေါ်ပြီးသည်နှင့်၊ သခင်ကျိုးသည် ချက်ချင်း နောင်တရသွားသည်။ ယခုအချိန်မှာ ဟုန်ယွိသည် သူ့သခင်ဖြစ်ပြီး၊ သူ၏လေသံက အလွန် ကြမ်းတမ်းသွားခဲ့သည်။

“သခင်လေးယွိ၊ ကျွန်တော် မတော်တဆ ပြောမိသွားပါတယ်။ အခုနက ကျွန်တော် အံ့အားသင့်လို့ပါ။ နတ်ဆိုးနတ်ဘုရားသွေးအကြောင်း သခင်လေး ဘယ်လိုသိရတာလဲ။” သခင်ကျိုးက ပတ်ဝန်းကျင်ရှိလူများ၏ သတ်ဖြတ်လိုသော အကြည့်များကို မြင်လိုက်ရသည်နှင့်၊ အလျင်စလို အသံကို နှိမ့်လိုက်သည်။

“ငါ စာအုပ်တွေ အများကြီး ဖတ်ဖူးတယ်။ အထူးသဖြင့် အနောက်ဘက်ဒေသရဲ့ ဓလေ့ထုံးတမ်းတွေအကြောင်းပေါ့။ ငါ ဒီအကြောင်းကို နည်းနည်း တော့ သိထားတယ်။ အနောက်ဘက်ဒေသက နိုင်ငံတွေမှာ နတ်ဘုရားတန်ခိုးစွမ်းအားက တော်ဝင်အာဏာထက် ပိုကြီးမြတ်တယ်။ ချာရာနိုင်ငံရဲ့ ဧကရာဇ်ဟာ နန်းတက်တဲ့အခါ အနှစ်သာရနတ်ဘုရားကျောင်းမှာ သရဖူဆောင်းရတယ်လို့ ငါ ကြားဖူးတယ်။ ဒါက ငါတို့ တော်ဝင်ချန်နိုင်ငံနဲ့ အတော် လေး ကွဲပြားတယ်။” ဟုန်ယွိက ပြောသည်။ “ငါတို့ရဲ့ ကောင်းကင်ဧကရာဇ်တွေဟာ နှစ်ပေါင်းထောင်ချီ ဖြတ်သန်းခဲ့ပြီး၊ မင်းဆက်တွေလည်း ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပြောင်းလဲခဲ့တယ်။ ဗုဒ္ဓဘာသာဖြစ်စေ, တာအိုဘာသာဖြစ်စေ, ဧကရာဇ်ကို သရဖူဆောင်းပေးပြီး နိုင်ငံကို ချုပ်ကိုင်တဲ့ ယဇ်ပူဇော်ခြင်းလိုကိစ္စမျိုးတွေကို လုပ်ဆောင်လို့မရဘူး။ ဒီလောက် အင်အားကြီးမားတဲ့ ဒိုင်ဇင်ဘုရားကျောင်းတောင် ဧကရာဇ်အာဏာကို အလွန် ကြောက်ရွံ့ရတယ်။”

ဟုန်ယွိသည် ပင်လယ်ရေပြင်ပေါ်ရှိ လရောင်အောက် ညစာစားပွဲတွင် စကားပြောချင်စိတ် ဖြစ်ပေါ်လာသည်။ ပြည်ပကို ရွက်လွှင့်ပြီး သုခဘုံတစ်ခုကို ရှာဖွေကာ၊ အသစ်ပြန်စတင်ပြီး ပင်လယ်ဘုရင်တစ်ပါး ဖြစ်လာခြင်းသည်လည်း မဆိုးဟုပင် သူ ရုတ်တရက် ခံစားရသည်။

သို့သော်, သူသည် သူ့မိခင်၏ရန်ကြွေး ပြန်မဆပ်ရသေးသည်ကို သတိရလိုက်သည်နှင့်၊ သူ၏အတွေးများက အေးစက်သွားခဲ့သည်။

ချာရာနိုင်ငံနှင့် အနောက်ဒေသ၏ နိုင်ငံငယ်လေးများအကြောင်း ပြောရင်း၊ ဟုန်ယွိသည် ထိုဘာသာရေး ဂိုဏ်းများက ဧကရာဇ်ကို သရဖူဆောင်းပေး နိုင်သည်ဟု သိရသောအခါ အံ့အားသင့်သွားခဲ့သည်။

ဧကရာဇ်သည် မိုးကောင်းကင်၏သားတော် တန်ခိုးရှင်တစ်ပါး ဖြစ်သည်။ ပညာရှင်များ၏ စာအုပ်များတွင်၊ ဧကရာဇ် စစ်ကြောင်းထွက်သည့်အခါ၊ လေဘုရင်နှင့် မိုးဘုရင်တို့လို နတ်ဘုရားများသည် လမ်းရှင်းပေးရပြီး ဧကရာဇ်ကို ကာကွယ်ရသည်။ ဧကရာဇ်သည် နတ်ဘုရားများကို မည်သို့ ကိုးကွယ်မည်နည်း။

“အနောက်ဘက်ဒေသက နိုင်ငံတွေရဲ့ ယဉ်ကျေးမှုတွေက ငါတို့နဲ့ အတော်လေး ကွဲပြားတယ်။ သဘာဝအတိုင်း တော်ဝင်နန်းတော်တွေကလည်း ကွဲပြားတယ်။” သခင်ကျိုးက ပြောသည်။ “ငါတို့က သူတို့ကို ထူးဆန်းတယ်လို့ ထင်သလိုမျိုး၊ သူတို့ကလည်း ငါတို့ကို ထူးဆန်းတယ်လို့ မထင်ကြဘူး လား။”

“ဒါလည်း ဟုတ်တာပဲ။ ဒါနဲ့၊ အခုနက နတ်ဆိုးနတ်ဘုရားရဲ့သွေးဆိုတာက ဘာလဲ။ ဒီအကြောင်းကို အဘိုး တစ်ခါ ပြောဖူးတယ်လို့ ငါ မှတ်မိတယ်၊ ဒါပေမယ့် ငါ အာရုံမစိုက်ခဲ့မိဘူး။” ကျင်းရွမ်အာက မေးလိုက်သည်။

“နတ်ဆိုးနတ်ဘုရားသွေးက ဟွာလျှိုအင်ပါယာရဲ့ အနှစ်သာရ နတ်ဘုရားကျောင်းက ဝိုင်တစ်မျိုးပဲ။ ရှေးခေတ်က ဟွာလျှိုအင်ပါယာရဲ့ ဂိုဏ်းခေါင်းဆောင်က နတ်ဆိုးနတ်ဘုရားတစ်ပါးကို သတ်ဖြတ်ခဲ့ပြီး၊ သူ့သွေးနဲ့ ဝိုင်ဖော်စပ်ခဲ့တယ်လို့ ဆိုကြတယ်။ ဒီဝိုင်တစ်စက်ချင်းစီက သိုင်းပညာနဲ့ တာအိုပညာ ကျင့်ကြံသူတွေ အိပ်မက်မက်ရတဲ့ ဝိညာဉ်ဆေးတစ်လက်ပဲ။ ဒီဝိုင်အနည်းငယ်ကို မျက်ခုံးကြားမှာ လိမ်းပေးလိုက်ရင်၊ အသက်ဓာတ်အနှစ်သာရစုစည်းမူထဲ စိမ့်ဝင်သွားပြီး၊ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ချီနဲ့သွေးကို အလွန်အားဖြည့်ပေးနိုင်တယ်။ တစ်ချိန်တည်းဆိုသလို နတ်ဘုရား စိတ်ဝိညာဉ်လည်း ကျယ်ပြန့်လာလိမ့်မယ်။ ဒီဝိုင်တစ်စက်ကို စုပ်ယူလိုက်ရင် တစ္ဆေအင်မော်တယ်နယ်ပယ်ရဲ့ အတားအဆီးကို ဖြတ်ကျော်နိုင်တယ်လို့ ဒဏ္ဍာရီမှာ ဆိုထားတယ်။” သခင်ကျိုးသည် ဤရတနာအကြောင်းကို ပြောရင်း၊ သူ့ခွက်ထဲရှိ ဝိုင်က နတ်ဆိုးနတ်ဘုရားသွေး ဖြစ်သွားသည့်အလား နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပါသည်။

“တစ္ဆေအင်မော်တယ်နယ်ပယ်ရဲ့ အတားအဆီးကို ဖြတ်ကျော်နိုင်တဲ့ ဝိုင်တစ်မျိုးလား။ ဒီလောကမှာ ဒီလိုအရာမျိုး ရှိသေးတယ်လား။” ဟုန်ယွိက အနည်းငယ် ပြုံးလိုက်သည်။ “သိုင်းပညာရပ်ဖြစ်စေ, တာအိုပညာရပ်ဖြစ်စေ, အားလုံးက ကြိုးစားအားထုတ်မှုနဲ့အတူ တစ်စတစ်စ နားလည်အောင် ကျင့်ကြံရတာပဲ။ ဝိညာဉ်ဆေးဝါးတွေဆိုတာက အားဖြည့်ပေးရုံ သက်သက်ပဲ ဖြစ်နိုင်တယ်။ ယွမ်ယန် ကောင်းကင်ပုလဲလို ဝိညာဉ်ဆေးဝါးနဲ့တောင် လီလဲ့၊ အကြီးအကဲရှန်၊ ဖေးရန်တို့ဟာ မဟာဆရာသခင်နယ်ပယ်ကို မရောက်ခဲ့ကြဘူး။ သိုင်းပညာရပ်မှာတောင် ဒီလိုဖြစ်နေမှတော့, တာအိုပညာဆို နားလည်မှုကို ပိုအလေးပေးရလိမ့်မယ်”။

ဟုန်ယွိသည် တစ္ဆေအင်မော်တယ်အဆင့်၏ အတားအဆီးကို ဖြတ်ကျော်နိုင်သည့် ဝိညာဉ်ဆေးတစ်မျိုး ရှိနိုင်မည်ဟု သူ မယုံကြည်ပါ။

တစ္ဆေအင်မော်တယ်နယ်ပယ်၏ အတားအဆီးက ကိုယ်တိုင်၏ နားလည်မှုပေါ်မှာ မူတည်နေသည်။ အကယ်၍ ဖြတ်ကျော်နိုင်ခဲ့မည်ဆိုလျှင်၊ သူသည် မက်မွန်နတ်ဘုရား၏ ဝိညာဉ်ကို စုပ်ယူခဲ့ပြီး၊ သူ၏နတ်ဘုရား စိတ်ဝိညာဉ်သည် မယုံနိုင်ဖွယ် အတိုင်းတာတစ်ခုအထိ သန်မာလာခဲ့ပြီးဖြစ်ကာ၊ သူသည် တစ္ဆေအင်မော်တယ်နယ်ပယ်သို့ အချိန်ကြာမြင့်စွာကတည်းက ဖြတ်ကျော်ပြီးလောက်ပြီ။ သို့သော် သူသည် ဒီနေ့အထိ ထိုအတားအဆီးနှင့် အလွန်အလှမ်းဝေးနေဆဲပင်။

“သခင်လေးယွိ ပြောတာ မှန်ပါတယ်။ ဒါပေမယ့် ဘယ်သူမှ မစမ်းကြဖူးတော့ ကျွန်တော်လည်း အသေချာ မသိရဘူး။” သခင်ကျိုးက ထပ်မံ ထောက်ခံလိုက်သည်။

“နတ်ဆိုးနတ်ဘုရားရဲ့သွေးနဲ့ နှိုင်းယှဉ်ရင်၊ ယွမ်ယန်ကောင်းကင်ပုလဲက ကောင်းကင်နဲ့မြေကြီးရဲ့ ရတနာဖြစ်ပေမယ့် အဝေးကြီး လိုပါသေးတယ်…”

ထိုအချိန်မှာပင်၊ အဝေးပင်လယ်ပြင်မှ ပုလွေသံက ပဲ့တင်ထပ် ထွက်ပေါ်လာကာ ၎င်းပုလွေသံနှင့် အတူ အသံတစ်ခုက ရေပြင်ကို ဖြတ်သန်း၍ ထွက်ပေါ်လာပါသည်။

ဟုန်ယွိ၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားပါသည်။

သူသည် ပုလွေသံနှင့်အတူ ထိုအသံက ချန်ယင်းရှာ၏ အသံဖြစ်ကြောင်း ကောင်းစွာ သိထားသည်။

ထိုအမျိုးသမီး။

မဟာနတ်ဆိုးအင်မော်တယ်ရှစ်ပါးထဲမှ တစ်ပါးဖြစ်သည့် ငွေမန်းငါး……။

အခန်း (၁၇၆)။

“ဆိုးလိုက်တာ…။ ငါ ဘယ်လောက်ပဲ သေချာ စီစဉ်ထားပါစေ၊ ဒီရန်သူကြီး ငါ့ဆီရောက်လာမယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး….။”

ဟုန်ယွိသည် သူ့လက်များ အနည်းငယ် တုန်ယင်နေသည်ကို ရုတ်တရက် သတိပြုမိသွားသည်။

မူလက သူသည် ပင်လယ်ပြင်သို့ ထွက်ခွာပြီးနောက်၊ ဝေတိုင်ကန်နှင့် ဝူအိမ်တော်ထိန်းတို့သည် သူ့နောက် လိုက်လာနိုင်သည်ဟု တွက်ဆထားသည်။ ကျယ်ပြောလှသော ပင်လယ်ပြင်ပေါ်တွင်၊ ဝူအိမ်တော်ထိန်း ကိုယ်တိုင် ရောက်လာလျှင်ပင်၊ ဟုန်ယွိသည် သူ၏ တာအိုပညာရပ်ဖြင့် ၎င်းကို သတ်နိုင်မည်ဟု ယုံကြည်ထားသည်။

ပင်လယ်ပြင်သည် တာအိုပညာရှင်များ၏ ကမ္ဘာဖြစ်သည်။

သို့သော် သူသည် ပင်လယ်ပြင်တွင် ပို၍အင်အားကြီးမားသော ရန်သူတစ်ဦး ရှိနေသည်ကို လျစ်လျူရှုခဲ့မိသည်။ ၎င်းသည် ငွေငါးမန်း, ချန်ယင်းရှာပင် ဖြစ်သည်။ လွန်ခဲ့သော တစ်နှစ်အတွင်း သူရင်ဆိုင်ခဲ့ရသော အင်အားကြီး ပုဂ္ဂိုလ်များထဲတွင်၊ ချန်ယင်းရှာသည် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်း၍မရသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူမသည် သိုင်းသူတော်စင်ဖြစ်သည့် ဝူအိမ်တော်ထိန်းကိုပင် ကျော်လွန်နေသည်။

ဟုန်ယွိ၏ လက်ရှိအင်အားဖြင့်, သခင်ကျိုးအပါအဝင် သူ၏လက်အောက်ရှိ ရှင်တန်သိုင်းသခင်အဆင့် ကျွမ်းကျင်သူများနှင့်အတူ ကောင်းမွန်စွာ စီစဉ်ပြီး၊ ပူးပေါင်းတိုက်ခိုက်မည်ဆိုပါက, ကုန်းပေါ်မှာဆိုလျှင်ပင် ဝူအိမ်တော်ထိန်းကို သတ်နိုင်ဖွယ် ရှိသည်။

သို့သော် ချန်ယင်းရှာကို ရင်ဆိုင်ရမည် ဆိုပါက၊ ဟုန်ယွိတွင် အနည်းငယ်မျှပင် ယုံကြည်ချက် မရှိပေ။

အထူးသဖြင့် ပင်လယ်ပြင်ပေါ်တွင်၊ ရန်သူသည် နတ်ဆိုးအင်မော်တယ် ငွေငါးမန်းဘုရင် ဖြစ်နေသည်။ သူမ၏ ရေထဲတွင် ကျွမ်းကျင်မှုသည် ဟုန်ယွိကဲ့သို့ ရေနှင့်အကျွမ်းဝင်မူမရှိသည့် ပစိဖိတ်ရေတပ် ဗိုလ်ကြီးတစ်ဦးထက် အဆပေါင်းများစွာ သာလွန်သည်။

“ဖျတ်…..၊ ဖျတ်….၊ ဖျတ်…..”

ညစာစားပွဲတွင် ရှိနေကြသူအားလုံး ထရပ်လိုက်ကြပြီး၊ အသံထွက်ပေါ်လာရာဆီသို့ လှမ်းကြည့်ကြသည်။

“သတိထားကြ….။ ဒူးလေးတွေကို တင်ပြီး အဆင်သင့်လုပ်ထားကြ။ လေးသမားတွေ၊ အသင့်ပြင်ဆင်ထား…။”

အစိမ်းရောင်တပ်ရင်း၏ လက်ရှိတပ်မှူး ရန်ယင်မင်းက ဟစ်အော်လိုက်သည်။ သင်္ဘောပေါ်ရှိ စစ်သည်များအားလုံး လက်နက်များ ကိုယ်စီကိုင်ဆောင်လိုက်ကြသည်။ လေးကြိုးတင်သံများနှင့် လေးကိုင်များ၏ တကျွိကျွိသံများသာ ကြားနေရသည်။

ချီဇီယန်သည် သက်တန့်ထိုးဖောက်လေးကို လွယ်ကူစွာ ဆွဲဖွင့်ပြီး လပြည့်ဝန်းပုံစံဖြင့် အပြည့်အဝ ဆွဲတင်လိုက်သည်။ မှော်သင်္ကေတများဖြင့် ဖုံးလွှမ်းနေသော သစ်သားမြှားတစ်ချောင်းကို တပ်ဆင်ထားပြီး၊ ၎င်းပေါ်တွင် မှော်သင်္ကေတအဆောင်များ ရေးထိုးထားကာ၊ ယမ်းအနံ့များ သင်းပျံ့နေသည်။

ဤသည်မှာ ဖန်ရှန်းတာအိုဂိုဏ်းမှ သန့်စင်ထားသော မီးလျှံအဆောင်မြှား ဖြစ်သည်။ ပစ်လွှတ်လိုက်သည်နှင့် ပြင်းထန်သော ပွတ်တိုက်မှုဖြစ်ပြီး ပေါက်ကွဲထွက်မည် ဖြစ်သည်။ ထိုမြှားသည် မြို့တံခါးတစ်ခုကို ဖျက်ဆီးနိုင်သည့်အပြင်၊ သင်္ဘောတစ်စီးကိုလည်း ဖျက်ဆီးနိုင်သည်။ ၎င်းသည် ရေပြင်ပေါ်တွင် အစွမ်းထက်သော လက်နက်ဖြစ်သည်။ ဤမီးလျှံအဆောင်မြှားများကို ဧရာမဝေလငါးကျွန်းတွင် တွေ့ခဲ့ရသည့် ဝေလဲ့၏ လက်ထောက်များ ဖြစ်ကြသော ရှောင်ရှန်နှင့် ရှောင်ယုဆိုသည့် ဖန်ရှန်းတာအိုဂိုဏ်း၏ စွန့်ပစ်ခံတပည့်နှစ်ဦးက ဖန်တီးထားခြင်း ဖြစ်သည်။

ရွှေပင့်ကူ ကျင်းရွမ်အာလည်း စားသောက်နေရင်း ရပ်လိုက်သည်။ သူမ၏ ယင်ဝိညာဉ်က ပေါ်ထွက်လာပြီး၊ သေးငယ်သော ယင်ဝိညာဉ်လေဘောလုံး တစ်ခုက သူမ၏ဦးခေါင်းတဝိုက်တွင် လည်ပတ်နေသည်။ ထို့နောက် ဤ ယင်ဝိညာဉ်လေဘောလုံးသည် သွေးပုံစံသံမဏိအပ်ထဲသို့ ထိုးဖောက် ဝင်ရောက်သွားပြီး၊ အပ်သည် အနီရောင်မျဉ်းကြောင်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျံသန်းသွားသည်။ ဤသွေးပုံစံသံမဏိအပ်သည် ဟုန်ယွိအတွက် အသုံးမဝင်သော ပစ္စည်းဖြစ်သော်လည်း၊ ၎င်းအပ်ကို ယာယီအနေဖြင့် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ရန် မှော်လက်နက်အဖြစ် ကျင်းရွမ်အာကို ပေးထားသည်။

ထိုအပ်ကို မုရုန်ယန်ထံ ရောင်းချပြီးဖြစ်သော်လည်း၊ ယခုအချိန်သည် အရောင်းဝယ်လုပ်ရန် အချိန်မရောက်သေးသဖြင့်၊ ၎င်းကို အသုံးချခြင်းက အကောင်းဆုံး ဖြစ်သည်။

လီလဲ့၊ ဝမ်ဖေးရန်၊ အကြီးအကဲရှန်၊ သွေးတစ်စက်၊ မုကလေး၊ ရှန်ထိုက်ဇူစသည့် ရှင်တန်သိုင်းသခင်အဆင့် ကျွမ်းကျင်သူများသည် ၎င်းတို့၏ သံမဏိသစ်သားမဟူရာအရိုးလေးများကို ကိုင်ဆောင်ပြီး ပစ်လွှတ်ရန် အဆင်သင့်ဖြစ်နေကြပြီ။

သခင်ကျိုးလည်း သူ၏ ကျောက်စိမ်းပုလွေကို ကိုင်ထားပြီး၊ သေးငယ်သော ယင်လေဘောလုံးလေးများသည် အပေါ်အောက် လှုပ်ရှားနေသည်။ သူသည် ယင်စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်မှ ခွဲထုတ်ပြီး မန္တန်တစ်ခုကို အသုံးပြုရန် ပြင်ဆင်နေပုံရသည်။

အဝေးရှိ ပင်လယ်ပြင်မှ ပုလွေသံ အနည်းငယ် ထွက်ပေါ်လာသည်။ လူသည် ပေါ်မလာသေးသော်လည်း၊ ထိုတိုးဖျော့ဖျော့ အသံတွေက ဟုန်ယွိနှင့် အခြားသူများကို ရန်သူကြီးကို ရင်ဆိုင်နေရသကဲ့သို့ ခံစားရစေသည်။ ငွေငါးမန်းဘုရင်၏ ရက်စက်ကြမ်းကြုတ်သော နာမည်ဂုဏ်သတင်းက ဤအခိုက်အတန့်တွင် မျက်ဝါးထင်ထင် ပေါ်လွင်နေလေသည်။

ဤအချိန်တွင် ပင်လယ်ပြင်သည် တိတ်ဆိတ်နေသည်။ ငွေရောင်လမင်းကြီးတစ်စင်းသာ ပင်လယ်ပြင်မှာ ထွက်ပေါ်နေပြီး၊ ကောင်းကင်အလယ်တွင် ဆွဲချိတ်ထားသကဲ့သို့ ကောင်းကင်မြေကြီးကို ထွန်းလင်းပေးနေသည်။ လမင်းကြီးသည် အလွန်ကြည်လင်ပြီး သန့်စင်သည့်ခံစားချက်ကို ပေးစွမ်းနေ သည်။

ချန်ယင်းရှာသည် စကားပြောပြီးနောက်၊ မည်သည့်အခါမှ မပေါ်လာခဲ့သည့်အတိုင်း တိတ်ဆိတ်သွား ပါသည်။

သို့သော် ရောက်ရှိနေသူလူအားလုံး၏ စိတ်နှလုံးများသည် ပို၍ပင် လေးလံလာကြသည်။ အားလုံးသည် ရုတ်တရက် နက်ရှိုင်းသော ပင်လယ်ကြီးထဲမှ ရက်စက်ကြမ်းကြုတ်သော ပင်လယ်သားရဲတစ်ကောင် ထွက်ပေါ်လာပြီး သူတို့အားလုံး မျိုချခံရတော့မည့်အလား သင်္ဘောအောက်ရှိ ပင်လယ်ပြင်ဆီ သို့ သူတို့အကြည့်များကို လှည့်ကြည့်ကြသည်။

ဤမရေမရာ ပေါ်ထွက်လာမည့်အခြေအနေက လူတို့အား ကြောက်ရွံ့မှုကို အမှန်တကယ် ဖြစ်ပေါ်စေသည်။

“ပင်လယ်ပြင်ထက် ထွန်းလင်းနေတဲ့ လတစ်စင်း၊ ကမ္ဘာစွန်းနှစ်ဖက်မှ ဒီအချိန်လေးကို အတူခံစား။ ချစ်သူတွေအတွက် လွမ်းဆွေးတမ်းတ ရှည်ကြာလွန်းတဲ့ည၊ ပြန်လည်တမ်းတ လွမ်းမောရတဲ့ ညနေခင်း” ဤတင်းမာပြီး ကြောက်စရာကောင်းသော လေထုထဲတွင်၊ ဟုန်ယွိသည် ရုတ်တရက် ကဗျာတစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။ သူသည် ရယ်မောရင်း စကားလုံးတစ်လုံးချင်းစီးကို ဖြည်းဖြည်း ရွတ်ဆိုသည်။ “အိုး၊ သခင်မလေး ချန်ယင်းရှာ။ အဲဒီနေ့ ကျွန်တော်တို့ ခွဲခွာပြီးကတည်းက ကျွန်တော် ခင်ဗျားကို အရမ်းလွမ်းဆွတ်နေခဲ့တယ်။ အခုတော့ ပင်လယ်ပြင်ထက်မှာ လမင်းကြီးက တောက်ပ ထွန်းလင်းနေပြီ။ ကမ္ဘာစွန်းနှစ်ဖက် ရောက်နေကြတဲ့ ကျွန်တော်တို့လည်း ပြန်လည်တွေ့ဆုံရပြီပေါ့။ တကယ်ကို ထူးခြားတဲ့ ခံစားချက်ပဲ… ယင်းရှာမိန်းကလေး၊ ခင်ဗျား ဘာလို့ ပုန်းနေရတာလဲ။ ထွက်လာပြီး ကျွန်တော့်ကို လာတွေ့ပါဦး။ ကျွန်တော်တို့ စိတ်ကြိုက် သောက်ကြတာပေါ့။ ဒီလှပတဲ့ ရှုခင်းကို မဖြုန်းတီးမိစေနဲ့။”

ဟုန်ယွိသည် ပြောရင်း၊ သူ့မျက်ခုံးကြားရှိ အစက်က ဆက်တိုက်ခုန်နေသည်။ သူသည် လျှို့ဝှက်စွမ်းအင် အပေါ်ပိုင်းသန္ဓေသားကျင့်စဉ်ကို အသက်သွင်းထားသည်။ ဤအခိုက်အတန့်တွင်၊ သူ၏ စိတ်ဝိညာဉ်သည် တိုက်ပွဲအတွက် ပြင်ဆင်နေပြီး၊ ခန္ဓာကိုယ်ထဲမှ ထွက်မလာသေးပါ။ ယင်းအစား၊ သူ့စိတ်ဝိညာဉ်ကို လျှို့ဝှက်စွမ်းအင် အထက်ပိုင်းသန္ဓေသားထဲတွင် စုစည်းထားသည်။ သူသည် မိခင်၏သားအိမ်ထဲတွင် ကွေးနေသော သန္ဓေသားတစ်ဦးကဲ့သို့ ပုံဖော်ထားပြီး၊ သူ့ခန္ဓာကိုယ် တစ်ခုလုံးမှ ခွန်အားများကို စဉ်ဆက်မပြတ် စုပ်ယူကာ ကိုယ့်ကိုယ်ကို သန်မာစေသည်။

ဤသည်မှာ သူတော်စင်သန္ဓေသားဖွဲ့စည်းမှုဟု လူသိများပြီး၊ အနှစ်သာရ နတ်ဘုရားကျောင်း၏ သိမ်မွေ့ဆုံး နည်းလမ်းဖြစ်သော လျှို့ဝှက်စွမ်းအင် အထက်ပိုင်းသန္ဓေသားကျင့်စဉ်ဖြစ်သည်။

ဟုန်ယွိသည် သူ၏ခွန်အားအားလုံးကို စုစည်းထားပြီး၊ ချန်ယင်းရှာ ရုတ်တရက် ပေါ်ထွက်လာရန် စောင့်ဆိုင်းနေသည်။ ထို့နောက် သူ၏ အပြင်းထန် ဆုံး စွမ်းအားဖြင့် ရန်သူကို ထိပ်တိုက် တိုက်ခိုက်မည်ဖြစ်သည်။

ကမ္ဘာပေါ်ရှိ မဟာနတ်ဆိုးအင်မော်တယ်ရှစ်ဦးထဲက တစ်ယောက်ကို ရင်ဆိုင်ရာတွင်, ဟုန်ယွိတွင် အနည်းငယ်မျှပင် ယုံကြည်ချက် မရှိသော်လည်း၊ သူသည် သူ့အသက်အတွက် တိုက်ပွဲဝင်ရမည်သာ ဖြစ်သည်။

သူသည် ကဗျာကောင်းတစ်ပုဒ်ကို ရွတ်ဆိုခဲ့ပြီး၊ ထိုကဗျာ၏ခံစားချက်က လှပသော်လည်း အနည်းငယ် ပေါ့ပျက်ပျက် ဖြစ်နေသည်။ ကဗျာက ချန်ယင်းရှာကို ချစ်သူတစ်ဦးအဖြစ် ဥပစာပြုထားပြီး၊ ပင်လယ်ပြင်ထက် ငွေလမင်းကြီး ထွန်းလင်းချိန်မှာ ကမ္ဘာခြားကာ ဝေးကွာနေသော ချစ်သူနှစ်ဦးသည် လမင်းကို လှမ်းကြည့်ရင်း၊ တချိန်တုန်းက သူတို့ ဆုံတွေ့ခဲ့ရသည့် အချိန်လေးကို မလွှမ်းမော မတမ်းတဘဲ မနေနိုင်ဟု ဆိုလိုသည်။

ဟုန်ယွိသည် ဤကဗျာကို ရွတ်ဆိုခြင်း၏ ရည်ရွယ်ချက်မှာ သဘာဝအတိုင်း ချန်ယင်းရှာကို ရန်စရန် ဖြစ်သည်။ ချန်ယင်းရှာ၏ မရေရာမသေချာသည့်ပုံရိပ်က လူတို့ကို ဖိအားအများဆုံး ဖြစ်စေသည်။ သူမသည် တိုက်ရိုက် ထွက်ပေါ်လာပြီး လက်စားချေခြင်းက ပိုကောင်းသည်။

“ပင်လယ်ပြင်ထက် ထွန်းလင်းနေတဲ့ လတစ်စင်း၊ ကမ္ဘာစွန်းနှစ်ဖက်မှ ဒီအချိန်လေးကို အတူခံစား… ကဗျာကောင်းပဲ။ တကယ့်ကို ကဗျာကောင်းပဲ။ ထာဝရကဗျာကောင်းတစ်ပုဒ်လို့ ခေါ်ဆိုထိုက်တယ်။ မင်းက တခြားသူတွေရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူတတ်သူလို့ပဲ ငါ ထင်ထားခဲ့တာ။ ဒီလို ကဗျာကောင်းတွေ ရေးတတ်မယ်လို့ မထင်ထားမိဘူး။”

ဟုန်ယွိ၏ကဗျာသည် ချန်ယင်းရှာ၏ အသံကို အမှန်တကယ် ဆွဲထုတ်နိုင်ခဲ့သည်။

“ဒါပေမယ့်၊ ငါတို့နှစ်ယောက် ထိပ်တိုက်ရင်ဆိုင်နေတုန်း အရေးကြီးတဲ့အခိုက်တန့်မှာ, မင်းက ယွမ်ယန်ကောင်းကင်ပုလဲကို လုယူသွားခဲ့တယ်။ ဒီလို အခွင့်ရေးမှုမျိုးကို ငါ ခွင့်မလွှတ်နိုင်ဘူး။ ငါ့ရဲ့ ရေမိုးကြိုးကို ခံယူလိုက်စမ်း။”

သူမ စကားပြောပြီးပြီးချင်း, သင်္ဘောနှင့် နှစ်လီမှ သုံးလီခန့်အကွာရှိ ပင်လယ်ရေပြင်မျက်နှာပြင်သည် ရုတ်တရက် ပေါက်ကွဲသွားသည်။ အချင်းဝက် အလျားဆယ်ပေကျော်ရှိသည့် ရေများဖြင့် ဖွဲ့စည်းထားသော ရေဘောလုံးကြီးတစ်လုံးသည် ကောင်းကင်ထဲသို့ ပျံတက်လာသည်။

ဟုန်ယွိ ခန့်မှန်းချက်အရ၊ ဤရေဘောလုံးသည် ရေကန်ငယ်တစ်ခုကို ဖြည့်နိုင်လောက်သည်။

ဧရာမရေဘောလုံးကြီးသည် ပေါ်ထွက်လာပြီးနောက် တဖြည်းဖြည်း သေးငယ်လာသည်။ နောက်ဆုံးတွင် ရေဇလုံအရွယ်အစားသာ ကျန်ရှိသည်။ အလွန်မင်း သိပ်သည်းထားသော ရေဘောလုံးကြီးသည် ကြည်လင်ပြတ်သားပြီး၊ လရောင်ကိုပင် ရောင်ပြန်ထင်ဟပ်စေကာ၊ ငွေရောင်အလင်းတန်းများ ဖရိုဖရဲ ဖြာထွက်နေသည်။ ၎င်းသည် ကောင်းကင်ရှိ လမင်းကို အရောင်မှေးမှိန်သွားစေသည်။

ရောက်ရှိနေသူ လူအားလုံးသည် ဖိအားတစ်ခုကို ခံစားရသည်။

ဤသည်မှာ ရေကို အလွန်မင်း သိပ်သည်းစွာ ဖိသိပ်ထားပြီးနောက် အလွန်ပြင်းထန်သော ပေါက်ကွဲစွမ်းအား ပါဝင်နေပြီး၊ အန္တရာယ်ကို ဖြစ်ပေါ်စေနိုင် သည့် ခံစားချက်ဖြစ်သည်။

ရောက်ရှိနေသော လူအားလုံးသည် လရောင်ဖြင့် ရောင်ပြန်ဟပ်နေသည့် ရေဘောလုံးကြီးကို နှစ်လီသုံးလီ အကွာအဝေးမှ ကြည့်နေကြသည်။ အကယ်၍, ဤရေဘောလုံးကြီးသာ ပေါက်ကွဲသွားပါက ရှိသမျှ သင်္ဘောအုပ်တစ်ခုလုံး ဖျက်ဆီးခံရမည်ကို မည်သူမှ သံသယ မရှိကြပေ။

“မဟာ အစစ်မှန်နေနတ်ဘုရား!”

မျက်စိတစ်မှိတ်အတွင်း၊ ရေဘောလုံးသည် လမင်းကဲ့သို့ ငွေရောင်အလင်းတန်းအဖြစ် သိပ်သည်းလာသည်။ မလှုပ်မယှက် ဖြစ်နေသော ဟုန်ယွိသည် ရုတ်တရက် လှုပ်ရှားလိုက်သည်။

သူ၏မျက်ခုံးကြားမှ အလွန်မင်းပါးလွှာသော ယင်အမျှင်တန်း လေပြင်းတစ်ချက်သည် လျင်မြန်စွာ ပျံ့နှံ့ထွက်ပေါ်လာပြီး၊ ဆယ်ပေကျော်အကွာသို့ ရောက်ရှိသွားသည်။ ထို့နောက် ကောင်းကင်ယံတွင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာပုံရပြီး၊ အဆုံးမရှိသော လရောင်အားလုံးသည် ထိုယင်အမျှင်တန်း လေပြင်းထဲသို့ စုပ်ယူခံလိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်း၊ ထိုယင်လေပြင်းသည် သန့်စင်သော ငွေရောင်အလင်းတန်းအဖြစ် သို့ ပြောင်းလဲသွားသည်။ ထို့နောက် ငွေရောင်အလင်းတန်းသည် ပိုမိုသိပ်သည်းလာပြီး ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ မီးလျှံအမျှင်တန်း တချို့သည် ပတ်ပတ်လည်တွင် မျောပါလာပြီး၊ လူတိုင်းသည် မခံမရပ်နိုင်သည့် အပူချိန်ကို ခံစားရသည်။

ဤယင်အမျှင်တန်း လေပြင်းသည် ငွေရောင်မှ ရွှေရောင်သို့ ပြောင်းလဲသွားပြီး၊ ရုတ်တရက် ရေဘောလုံးဆီသို့ ပျံသန်းသွားသည်။ ထို့နောက် ဟုန်းခနဲ ပေါက်ကွဲသံနှင့်အတူ, ယမ်းပုံကြီးကို မီးရှို့လိုက်သည့်အလား ပြင်းထန်သော မီးလျှံများ ထွက်ပေါ်လာသည်။ လေထဲတွင်၊ မီးလျှံကာဇယာဝတ်ရုံ ဝတ်ဆင်ထားသည့် အနန္တတန်ခိုးရှင် ဗုဒ္ဓရုပ်ပုံတစ်ခုက မှုန်ဝါးစွာ ဖြစ်ပေါ်လာသည်။ ဗုဒ္ဓ၏ဦးခေါင်းပေါ်တွင် နေရောင်ခြည် ရောင်ခြည်တော် စက်ဝိုင်း တစ်ခုရှိပြီး၊ မီးလျှံကြာပန်း ထိုင်ခုံပေါ်တွင် ထိုင်နေသည်။

ဤမှုန်ဝါးဝါး ဗုဒ္ဓရုပ်ပုံတော် ပေါ်ထွက်လာသည်နှင့် တပြိုင်နက်၊ ဗုဒ္ဓရုပ်ပုံတော်သည် ထိုရေဘောလုံးပေါ်သို့ ပြင်းထန်စွာ ထိုင်ချလိုက်ပြီး၊ ရေဘောလုံး ကို ဘယ်တော့မှ ထပ်မံ မပေါ်ထွက်စေလိုသည့်အတိုင်း ရေအောက်သို့ ဖိနှိပ်လိုက်သည်။

ဘုန်း….။

ရေဘောလုံးသည် မီးလျှံဗုဒ္ဓရုပ်ပုံ၏ ဖိနှိပ်မှုနှင့် ရင်ဆိုင်ရသည်နှင့်၊ ရုတ်တရက် ပေါက်ကွဲသွားသည်။

ကမ္ဘာမြေကြီးကို လှုပ်ခတ်စေသော အသံတစ်ခု ထွက်ပေါ်လာသည်။ အသံက အလွန်ကျယ်လောင်လွန်းသဖြင့် လူတိုင်း၏နားများသည် အပ်နှင့် ထိုးခံရသလို ခံစားရသည်။ ပင်လယ်ပြင်ပေါ်တွင် မုန်တိုင်းထန်သလို လှိုင်းလုံးကြီးများ တဝုန်းဝုန်း မြင့်တက်လာသည်။

ဗွမ်း….၊ ဗွမ်း…..။

ကျောက်ဆူးချထားသည့် လူ ၈၀၀ စီးနိုင်သော သင်္ဘောကြီးသည် ပြင်းထန်စွာ ယိမ်းထိုးသွားသည်။ ကုန်းပတ်ပေါ်ရှိ ပန်းကန်များအားလုံး မြေပေါ်သို့ ပြုတ်ကျပြီး၊ အစိပ်စိပ်မွှာမွှာ ကြေမွသွားသည်။ ရွှေပင့်ကူ ကျင်းရွမ်အာ၏ နှလုံးသားထဲတွင် နာကျင်မှုကို ခံစားရပြီး၊ အော်ဟစ်လုမတတ်ဖြစ်သွား သည်။

ဤပေါက်ကွဲမှုဖြင့်၊ ရေဘောလုံးသည် မီးလျှံဗုဒ္ဓရုပ်ပုံကို အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးလိုက်သည်။ မီးလျှံများနှင့် မီးပွားများသည် နေရာအနှံ့ ပျံ့လွင့်သွားပြီး၊ ပင်လယ်ပြင်ပေါ်သို့ တရှဲရှဲမြည်အသံဖြင့် ကျရောက်ကာ သဲလွန်စမကျန် ပျောက်ကွယ်သွားသည်။ ပင်လယ်ပြင်ပေါ်တွင် ထူထပ်သော ရေခိုးရေငွေ့ တိမ်တိုက်တစ်ခု ထွက်ပေါ်လာပြီးနောက်၊ ပင်လယ်လေညှင့်ကြောင့် ပြန့်ကျဲသွားခဲ့သည်။ သို့သော် လူတိုင်းသည် ရေခိုးရေငွေ့၏ အပူချိန် ကို ခံစားရသည်နှင့်၊ သူတို့သည် ရေနွေးအိုးထဲတွင် ရှိနေသလို ခံစားရသည်။

ရေဘောလုံးသည် မီးလျှံဗုဒ္ဓရုပ်ပုံကို ဖျက်ဆီးလိုက်သော်လည်း၊ ၎င်းသည်လည်း အငွေ့ပြန်သွားခဲ့သည်။ ပိုမိုတိကျစွာပြောရလျှင်၊ ၎င်းပေါ်ရှိ စိတ်ဝိညာဉ် စွမ်းအားသည် ဖယ်ရှားခံလိုက်ရသည်။

ဘန်း….။

ပြင်းထန်သော ပေါက်ကွဲမှုအပြီးတွင်၊ ဟုန်ယွိ၏ ခန္ဓာကိုယ်သည် ရုတ်တရက် တစ်လှမ်းနောက်ဆုတ်သွားပြီး၊ သူ၏မျက်နှာသည် ကြောက်စရာ ကောင်းလောက်အောင် ဖြူဖျော့သွားသည်။ ၎င်းသည် နှစ်ပေါင်းများစွာ နေရောင်အောက် မထွက်ရဲဘဲ ပြင်းထန်သော ဖျားနာမှုကို ခံစားခဲ့နေရသည့် လူမမာတစ်ဦးနှင့် တူသည်။ တစ်ချိန်တည်းမှာပင်၊ သူ၏နှာခေါင်းနှင့် မျက်လုံးထောင့်များမှ သွေးစီးကြောင်းလေးခု စီးကျလာသည်။

“အား!” မုကလေးသည် သူ့ကို အနီးကပ်စောင့်ကြပ်နေရင်း၊ ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် အော်ဟစ်လိုက်သည်။ သူမသည် နှင်းဖြူရောင် လက်ကိုင်ပုဝါ တစ်ထည်ကို ထုတ်ယူပြီး သွေးများကို သုတ်ပေးသည်။

“စိတ်မပူပါနဲ့။ အခုလေးတင် ငါ ခြင်ဆီထုတ်ယူပြီး စွမ်းအင်ပြောင်းလဲခြင်းနည်းလမ်းကို အသုံးပြုပြီး၊ ငါ့ယင်စိတ်ဝိညာဉ်ကို အားဖြည့်ပေးခဲ့ပြီး၊ ငါ့သွေးနဲ့ဝိညာဉ်ရဲ့ အကူအညီနဲ့အတူ, မဟာ အစစ်မှန် နေနတ်ဘုရားမီးလျှံကို ဖွဲ့စည်းဖို့ ငါတာအိုပညာကို အသုံးပြုခဲ့တယ်။ မဟုတ်ရင် အဲဒီ ရေမိုးကြိုးကို တားဆီးနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ငါ့ရဲ့သွေးနဲ့ချီက အလွန်ပြင်းထန်လွန်းသွားတယ်။”

ဟုန်ယွိ၏အသံသည် အနည်းငယ် အက်ကွဲနေသည်။ ချောင်းဆိုးလိုက်ပြီးနောက် သွေးတလုတ် အန်ထုတ်လိုက်သည်နှင့်၊ သူ၏အသံသည် ပိုမိုကြည်လင်လာသည်။

“ယင်းရှာမိန်းကလေး၊ ဘယ်လိုလဲ။ ကျွန်တော့် တာအိုပညာက တိုးတက်လာတယ် မဟုတ်လား။” မျက်လုံးမှိတ်ကာ သက်သာလာရန် သုံးကြိမ်ခန့် အသက်ရှူပြီးနောက်၊ ဟုန်ယွိသည် ရွှေဆေးလုံး တစ်လုံးကို ထုတ်ယူပြီး ပါးစပ်ထဲထည့်ကာ၊ တံတွေးဖြင့် ဖျော်ပြီး မျိုချလိုက်သည်။ ထို့နောက်မှ သူသည် အနည်းငယ် သက်သာလာသည်။ ထို့ကြောင့် သူသည် အသံကို မြှင့်တင်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

ယခုလေးတင်၊ သူသည် လျှို့ဝှက်စမ်းအင် အထက်ပိုင်းသန္ဓေသားကျင့်စဉ်ကို အတင်းအဓမ္မ အသုံးပြုခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး၏ သွေးနှင့်ချီ၊ အရိုးတွင်းခြင်ဆီ၊ သွေးနှင့်ဝိညာဉ် အားလုံးသည် ယန်စွမ်းအင်ဖြစ်ပြီး၊ သူ့ယင်စိတ်ဝိညာဉ်ကို စွမ်းအားဖြည့်တင်းပေးသည်။ အင်အားများစွာ စုစည်းပြီးနောက်၊ မီးလျှံများကို ဖွဲ့စည်းကာ မဟာ အစစ်မှန်နေနတ်ဘုရားကို ဖန်တီးပြီး ရေမိုးကြိုးကို တားဆီးခဲ့သည်။

သို့သော် သူ့ခန္ဓာကိုယ် တစ်ခုလုံး၏ သွေးနှင့်ချီသည် အလွန်ကုန်ဆုံးသွားပြီး၊ ပြင်းထန်သော ဖျားနာမှုကို ခံစားခဲ့ရသလို၊ သူ့ခန္ဓာကိုယ်သည် အလွန်မင်း အားနည်းသွားခဲ့သည်။

ယခုအချိန်တွင် ဟုန်ယွိသည် သိုင်းသခင်တစ်ဦးနှင့် တိုက်ပွဲဝင်ရမည်ဆိုလျှင်ပင်, အနိုင်ရရန် မဖြစ်နိုင်တော့ပါ။

“လျှို့ဝှက်စမ်းအင် အထက်ပိုင်းသန္ဓေသားကျင့်စဉ်ကို လှုံ့ဆော်ပြီး၊ စိတ်ဝိညာဉ်ကို စွမ်းအားဖြည့်တင်းကာ၊ စိတ်ဝိညာဉ်ရဲ့ စွမ်းအားကို စုစည်းနိုင်တဲ့ ဒီနည်းလမ်းက တကယ်ကို အစွမ်းထက်တယ်။ ဒါပေမယ့် ခန္ဓာကိုယ်ကို အလွန်ထိခိုက်စေတယ်။ ဒီနည်းကို တစ်ကြိမ်ပဲ အသုံးပြုနိုင်တယ်။ ဒါပေမယ့် တကယ်လို့, ငါသာ သိုင်းသူတော်စင်အဆင့်ကို ရောက်သွားခဲ့ရင်, ငါ ဒီနည်းလမ်းကို အသုံးပြုနိုင်မှာ မဟုတ်လား။ ငါ့စိတ်ဝိညာဉ်က ဘယ်လောက်ထိ သန်မာလာမလဲ။ ဒါပေမယ့် ယန်ကိုအသုံးပြုပြီး၊ ယင်ကို ကူညီတဲ့ ဒီလျှို့ဝှက်နည်းလမ်းမှာ အားနည်းချက်တစ်ခု ရှိနေသေးတယ်။ အဲဒါက အသုံးပြုနိုင် ဖို့ အချိန်ယူရတယ်။ တကယ့်တိုက်ပွဲတွေမှာဆို ရလဒ်ကို ချက်ချင်း ဆုံးဖြတ်နိုင်တယ်။ ယန်ကိုအသုံးပြုပြီး ယင်ကို ကူညီပေးနိုင်တဲ့ နည်းလမ်းကို အသုံးပြုဖို့ အချိန်မရှိဘူး။”

ဤသည်မှာ ဟုန်ယွိသည် သခင်ကျိုးထံမှ အတင်းအဓမ္မ ဖိအားပေးယူထားသော လျှို့ဝှက်နည်းလမ်းကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သည်။ တကယ့်တိုက်ပွဲအတွင်းမှာ၊ သူသည် ဤနည်းလမ်း၏ အားနည်းချက်ကို နားလည်လာသည်။

“အင်း။ အဲဒီတုန်းက မင်းက ယင်ဝိညာဉ်အဆင့်မှာပဲ (ယင်သခင်) ရှိသေးတယ်။ အခု မင်းရဲ့ စိတ်ဝိညာဉ်က တစ္ဆေအင်မော်တယ်ရဲ့ စွမ်းအားနဲ့ ညီမျှနေ ပြီ။ တစ္ဆေအင်မော်တယ်နယ်ပယ်ကို မဖြတ်ကျော်နိုင်သေးပေမယ့်၊ မင်းရဲ့စိတ်ဝိညာဉ်စွမ်းအားက ဒီလောက်အထိ ကြီးမားလာတယ်လား။ မင်းက ကျင့်ကြံရာမှာ သဘာဝအတိုင်း ထူးချွန်သူလား။ ဒါမှမဟုတ် ကျွမ်းကျင်ပညာရှင်တစ်ဦးကနေ ပြန်လည်မွေးဖွားလာသူလား။ မဟုတ်ဘူး။ တကယ်လို့, မင်းသာ ကျင့်ကြံမှုမှာ သဘာဝအတိုင်း ထူးချွန်သူဆိုရင်၊ တစ္ဆေအင်မော်တယ်ဖြစ်နေတာ ကြာလောက်ပြီ။ ကျွမ်းကျင်ပညာရှင်တစ်ဦးကနေ ပြန်လည် မွေးဖွားလာသူဆိုရင်လည်း တစ္ဆေအင်မော်တယ် ဖြစ်နေလောက်ပြီ။ တစ္ဆေအင်မော်တယ်နယ်ပယ် အတားအဆီးက ကျင့်ကြံမှုမှာ သဘာဝအတိုင်း ထူးချွန်သူတွေနဲ့ ပြန်လည်မွေးဖွားသူတွေအတွက် ပြဿနာကြီး မဟုတ်ဘူး။” ချန်ယင်းရှာ၏ အနည်းငယ် အံ့အားသင့်နေသည့် အသံသည် အဝေးမှ ထပ်မံ ထွက်ပေါ်လာသည်။

“သေချာတာပေါ့၊ ကျွန်တော်က ကျင့်ကြံမှုမှာ သဘာဝအတိုင်း ထူးချွန်သူ မဟုတ်သလို၊ ကျွမ်းကျင်ပညာရှင်တစ်ဦးကနေ ပြန်လည်မွေးဖွားလာသူ လည်း မဟုတ်ဘူး။ ကျွန်တော်က လျှို့ဝှက်ပညာတချို့ကို ကျင့်ကြံထားရုံပါ။ တကယ်လို့, ယင်းရှာမိန်းကလေး စိတ်ဝင်စားရင်၊ ကိုယ်တိုင် ထွက်လာပြီး စကားပြောကြည့်ပါဦး။ ကျွန်တော် ယွမ်ယန်ကောင်းကင်ပုလဲကို သေချာပေါက် ပြန်ပေးပါ့မယ်။ ယင်းရှာမိန်းကလေးက ကျွန်တော်ကို သတ်ချင်တယ် ဆိုရင်တော့၊ လျှို့ဝှက်ပညာရပ်တွေ ဆက်ပြီး အသုံးပြုလိုက်ပါ။ တကယ်ပြောရရင်၊ အဲဒီနေ့က ယင်းရှာမိန်းကလေးကို မဟာနတ်ဆိုးအင်မော်တယ် ရှစ်ဦးထဲက ငွေငါးမန်းဘုရင်ဆိုတာ သိခဲ့ရင်၊ ကျွန်တော်က ယွမ်ယန်ကောင်းကင်ပုလဲကို လုယူဖို့အတွက် တိုက်ခိုက်ခဲ့မှာ မဟုတ်ဘူး။”

ဟုန်ယွိက ဆက်လက် အော်ပြောသည်။

သူသည် အရှုံးပေးနေခြင်း မဟုတ်ပေ။ အမှန်တရားကို ပြောနေခြင်း ဖြစ်သည်။ အကယ်၍, သူသာ ချန်ယင်းရှာက မဟာနတ်ဆိုးအင်မော်တယ်ရှစ်ဦး ထဲမှ ငွေငါးမန်းဘုရင် ဖြစ်သည်ကို သိခဲ့မည်ဆိုလျှင်, သူသည် ယွမ်ယန်ကောင်းကင်ပုလဲကို လုယူဖို့ သေချာပေါက် သွားရောက်တိုက်ခိုက်ခဲ့မည် မဟုတ်ပေ။

ယခုအခါ ပင်လယ်ပြင်ပေါ်တွင်၊ ငွေငါးမန်းဘုရင်ကဲ့သို့ နတ်ဆိုးအင်မော်တယ်တစ်ပါးနှင့် သေသည်အထိ တိုက်ပွဲဝင်ရန် မလိုအပ်ပေ။ အကယ်၍, သူသာ သေသည်အထိ တိုက်ပွဲဝင်ခဲ့မည်ဆိုလျှင်, ဝူအိမ်တော်ထိန်း၊ ဝေတိုင်ကန်၊ အထွဋ်အထိပ်ကောင်းကင်နယ်မြေနှင့် သူ့နောက်ကို လိုက်လာသည့် လူအများပြားသည် သူ့အားနည်းချက်ကို အခွင့်ကောင်းယူသွားနိုင်သည်။ ထိုအချိန်ရောက်လျှင်, သူသည် အော်ငိုချင်လျှင်ပင် နောက်ကျသွားလိမ့် မည်။

“အခုဆိုရင် ငါ့မှာ အင်အားအနည်းငယ်ရှိပြီး၊ ကျင့်ကြံမှုကလည်း အားမနည်းပေမယ့်၊ ငွေငါးမန်းဘုရင်လို နတ်ဆိုးအင်မော်တယ်နဲ့ ယှဉ်ရင် ငါက အားနည်းနေသေးတယ်။ မဟာနတ်ဆိုးအင်မော်တယ်ရှစ်ဦးဆိုတာ ပြိုင်ဘက်ကင်း ထူးချွန်သူတွေပဲ။ သေတဲ့အထိ တိုက်ပွဲဝင်ရမယ်ဆို မတန်ဘူး။”

ဟုန်ယွိသည် ထိုစကားကို ပြောပြီးနောက် သူ့စိတ်ထဲတွင် တွက်ချက်လိုက်ပါသည်။

ထို့ပြင်၊ ချန်ယင်းရှာနှင့် သူ့ကြားတွင် ဖြေရှင်းလို့မရနိုင်သည့် ရန်ငြိုးရန်စမျိုး မရှိပါ။ ဟုန်ယွိ ယုံကြည်ထားသည်မှာ၊ တစ်ဖက်လူက သေသည်အထိ တိုက်ပွဲဝင်ရန် ဆန္ဒမရှိပါက၊ သူ့ငွေရောင်လျှာ၏ စကားပြောနိုင်စွမ်းဖြင့် ချန်ယင်းရှာနှင့် ရင်းနှီးလာနိုင်သည်။

ပို၍အရေးကြီးသည်မှာ၊ ဟုန်ယွိ၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုက သူ့တွင် စကားပြောဆိုရန် အင်အားရှိကြောင်း ပြသခဲ့ပြီး ဖြစ်သည်။ အကယ်၍ စကားပြောဆိုရန် အင်အားရှိနေမည်ဆိုပါက၊ သူ၏စကားများသည်လည်း အနှစ်သာရရှိလာမည် ဖြစ်သည်။

“အို့….။ မင်းက ယွမ်ယန်ကောင်းကင်ပုလဲကို ငါ့ကို ပြန်ပေးမယ်တဲ့လား?” ချန်ယင်းရှာသည် အနည်းငယ် အံ့အားသင့်သွားပုံရသည်။ “အခုနက မင်းရဲ့ အစွမ်းအရဆို, မင်းက ဒီရတနာကို ကာကွယ်နိုင်တယ်ဆိုတာ ပြသနေတာပဲ။ ဘာလို့ ငါ့ကို ပြန်ပေးမှာလဲ…..။”

“ဟားဟား….” ဟုန်ယွိက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “တစ်ခါတစ်ရံမှာ ဘယ်အချိန်မှာ ပေးရမယ်၊ ဘယ်အချိန်မှာ ယူရမယ်ဆိုတာကို သိထားဖို့ လိုတယ်။ ယင်းရှာမိန်းကလေးလို မဟာနတ်ဆိုးအင်မော်တယ်ရှစ်ဦးထဲက တစ်ဦးဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုတည်းနဲ့တင် ကျွန်တော် ဒီဆုံးဖြတ်ချက်ချဖို့ လုံလောက်ပါပြီလေ။”

“ဒါဆိုရင်လည်း ငါ ယူလိုက်တော့မယ်…”

ထိုအချိန်တွင်၊ ပင်လယ်ပြင်၏ တောင်ဘက်ခြမ်းမှ အဖြူရောင်အစက်တစ်ခု ပေါ်ထွက်လာသည်။ ၎င်းသည် ပိုမိုနီးကပ်လာသည်နှင့်အမျှ၊ အဖြူရောင် အစက်သည် တဖြည်းဖြည်း ပိုကြီးလာပြီး၊ ဝေလငါးတစ်ကောင်နှင့် တူလာသည်။

အမှန်မှာ, ၎င်းသည် ငွေဖြူရောင်မန်းငါးကြီး တစ်ကောင်ဖြစ်ပြီး၊ အသစ်စက်စက် ငွေဒင်္ဂါးအရောင်နှင့် တူသည်။

ဟုန်ယွိနှင့် အခြားသူများသည် မျက်လုံးများ ဝိုင်းစက်သွားကာ ကြည့်နေကြသည်။ ဤမန်းငါးကြီးသည် သူတို့၏ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေသည်။

ဟုန်ယွိသည် နီးကပ်လာသော မန်းငါးကြီးကို ကြည့်ရင်း၊ သူသည် ဆင်ကြီးတစ်ကောင်ကို ကြည့်နေသည့် ကြောင်ပေါက်လေး တစ်ကောင်နှင့် တူသလို ခံစားရသည်။ အရွယ်အစား ကွာခြားချက်သည် အလွန်ကြီးမားလွန်းသည်။ ဤဧရာမမန်းငါးသည် လူ ၈၀၀ စီးနိုင်သော သင်္ဘောတစ်စီး၏ သုံးပုံတစ်ပုံ အရွယ်အစား ရှိသည်။

မန်းငါးကြီး၏ နောက်ကျောပေါ်တွင် လူတစ်ဦး ထိုင်နေသည်။ မျက်နှာက ချန်ယင်းရှာ၏ မျက်နှာဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင် သူမသည် အဝတ်အစား ပြောင်းလဲထားသည်။ ယခင်တစ်ကြိမ်က အဝါဖျော့ရောင်ဝတ်စုံ ဖြစ်ခဲ့သော်လည်း၊ ယခုတစ်ကြိမ်တွင် သန့်စင်သော အဖြူရောင်ဝတ်စုံ ဖြစ်သည်။ သူမ၏ခြေထောက်များသည် ဖိနပ်မပါဘဲ ဗလာဖြစ်နေပြီး၊ မန်းငါးကြီး၏ ဦးခေါင်းပေါ်တွင် ထိုင်နေကာ၊ ခြေထောက်များဖြင့် ရေကို တို့ထိ ဆော့ကစားနေသည်။

“ဟမ်…။ ယင်စိတ်ဝိညာဉ် မဟုတ်ဘူး၊ ရုပ်ခန္ဓာကိုယ်လား….”

ဟုန်ယွိသည် မန်းငါးခေါင်းပေါ်တွင် ထိုင်နေသော ချန်ယင်းရှာ၏ပုံရိပ်က ယင်စိတ်ဝိညာဉ် မဟုတ်ဘဲ၊ ရုပ်ခန္ဓာကိုယ်ဖြစ်ကြောင်း သိရှိနိုင်ပါသည်။

All Chapters