တစ်ယောက်တည်း
Vol. 90 Ch. 1264
ယန်ကျန့်က အိပ်စရာ မလိုပါဘူး။ ပင်ပန်းတယ်လို့ မခံစားရသလို အိပ်ချင်တယ်လို့လည်း မခံစားရပါဘူး။ ဒါပေမဲ့ တစ္ဆေအိပ်မက်ကနေ ပြောင်းလဲလာတဲ့ တစ္ဆေခွေးဆိုးကြီးက သူ့ခန္ဓာကိုယ်ထဲ ကပ်ပါလာပြီးတဲ့နောက်ပိုင်းမှာ သူ အိပ်စက်ရတာကို တဖြည်းဖြည်း သဘောကျလာတယ်။
အိပ်စက်တာကို သဘောကျတာထက် အိပ်မက်မက်ရတာကို ပိုသဘောကျတယ် ဆိုရင် ပိုမှန်မယ်။
အိပ်မက်ထဲက အရာအားလုံးက တကယ်လို့ ထင်ရလောက်အောင် လက်တွေ့ဆန်တယ်။ အိပ်မက်ထဲမှာ ဆိုရင် ယန်ကျန့်က တစ္ဆေအကြမ်းစားတွေကြောင့် ပျောက်ဆုံးသွားတဲ့ သူ့စိတ်ခံစားချက်တွေကို ပြန်ရတတ်တယ်။ အိပ်မက်ထဲမှာ သူက သာမန်လူတစ်ယောက်ပါပဲ။ ကြောက်ရွံ့တတ်တယ်၊ ပျော်ရွှင်တတ်တယ်၊ စိတ်လှုပ်ရှားတတ်တယ်။ သူက သူ့ကိုယ်သူ အိပ်မက်ထဲမှာ ပြန်ရှာတွေ့ဖို့ လိုအပ်တယ်။ လူသားဆန်တဲ့ ခံစားချက်ကို ပြန်ရချင်တယ်။ ဒါမှ သဘာဝလွန် လွှမ်းမိုးမှုတွေကြောင့် ခံစားချက်မရှိတဲ့ ဘီလူးကြီး တစ်ကောင်အဖြစ် လုံးဝ ပြောင်းလဲမသွားအောင် ကာကွယ်နိုင်မှာ။
ဒါပေမဲ့ အိပ်မက်ထဲမှာတော့ ယန်ကျန့်က အထီးကျန်တယ်။
ဘာလို့လဲဆိုတော့ ဒါက သူ့ရဲ့ အိပ်မက်နယ်မြေလေ။ ကမ္ဘာကြီးက ကျယ်ပြောပေမယ့် သက်ရှိလူသား တစ်ယောက်မှ မရှိဘူး။ သူနဲ့ သန်မာထွားကြိုင်းပြီး ရှင်းပြလို့မရနိုင်လောက်အောင် စွမ်းအားကြီးတဲ့ အနက်ရောင် တစ္ဆေခွေးဆိုးကြီးပဲ ရှိတယ်။
တစ္ဆေအိပ်မက်ကမ္ဘာထဲမှာ...
အဲဒီအချိန်မှာ ယန်ကျန့် ထူးဆန်းတဲ့ လမ်းကလေး တစ်ခုပေါ်မှာ ရပ်နေပြီး အဝေးကို ငေးကြည့်နေတယ်။ လမ်းအဆုံးမှာ ဥရောပစတိုင် ရဲတိုက်ဟောင်းကြီး တစ်ခု ရှိနေတယ်။
ဒီအဆောက်အအုံက အိပ်မက်ကမ္ဘာနဲ့ လုံးဝ မသက်ဆိုင်သလို ထင်ရပြီး အရမ်း ထူးခြားနေတယ်။
ဘာလို့လဲဆိုတော့ အဲဒီနေရာက တစ္ဆေအိပ်မက်ကမ္ဘာရဲ့ အစိတ်အပိုင်း မဟုတ်တော့ဘူး။ "အိပ်မက်ဆိုး" လို့ ကုဒ်နံပါတ် ပေးထားတဲ့ တစ္ဆေအကြမ်းစား တစ်ကောင် တည်ဆောက်ထားတဲ့ အိပ်မက် ဖြစ်နေလို့ပဲ။
သဘာဝလွန် အိပ်မက်နှစ်ခု ထိပ်တိုက်တွေ့တာ ကြာပြီ။ လမ်းကလေး တစ်ခုနဲ့ ဆက်သွယ်ထားပြီး တခြားတစ်ဖက်ရဲ့ အိပ်မက်ထဲ ဝင်ရောက်နိုင်စေတယ်။
ဒါပေမဲ့ ဘယ်သူက ပိုသန်မာလဲ ဆိုတဲ့အပေါ် မူတည်ပြီး အိပ်မက်တွေကို ထိန်းချုပ်ခွင့် ရမှာ ဖြစ်သည်။
အားနည်းတဲ့သူက ပဟေဠိ တစ်ခုလို ဖြစ်သွားပြီး လုံးဝ ဝါးမြိုခံလိုက်ရလိမ့်မယ်။
"အိပ်မက်ထဲက ခွေးက ရဲတိုက်ထဲက တစ္ဆေဆရာကို မဖမ်းမိသေးဘူးလား"
ယန်ကျန့် ရဲတိုက်ဆီ လျှောက်သွားလိုက်တယ်။
မကြာခင်မှာပဲ ရဲတိုက် သံတံခါးဝကို ရောက်သွားတယ်။
ရဲတိုက် ခြံဝင်းထဲမှာ တစ္ဆေခွေးဆိုးကြီး လှည့်လည်သွားလာထားတဲ့ ခြေရာလက်ရာတွေ အများကြီး ရှိနေတယ်။ သိသာတာကတော့ ဒီနေရာကို တစ္ဆေခွေးဆိုးကြီးက သိမ်းပိုက်ထားတာ ကြာပြီ။ အခွင့်အရေး တစ်ခု၊ အချိန်တစ်ခုပဲ လိုတော့တယ်။ ပြီးရင် တစ္ဆေအိပ်မက်ကမ္ဘာထဲ အပြည့်အဝ ပေါင်းစည်းသွားလိမ့်မယ်။
အဲဒီအချိန်ကျရင် တစ္ဆေခွေးဆိုးကြီးက ပိုပြီး ကြောက်စရာ ကောင်းလာလိမ့်မယ်။
ယန်ကျန့် အထဲဝင်ပြီး မစူးစမ်းတော့ဘူး။ အိပ်မက်ထဲမှာ သူက သာမန်လူ တစ်ယောက်ပဲလေ။ အိပ်မက်ဆိုး ကမ္ဘာထဲ ဖြတ်ကျော်ဝင်ရောက်တာက နည်းနည်း အန္တရာယ် ရှိတယ်။
သူ လုပ်စရာ ရှိတာက ရလဒ် ထွက်လာမယ့် အချိန်ကို တိတ်တိတ်လေး စောင့်နေဖို့ပဲ။ လောစရာ မလိုဘူး။
ဒါကြောင့်...ယန်ကျန့် ခွေးကျောင်းပြီးတာနဲ့ လှည့်ပြန်လာခဲ့တယ်။
သူ အိပ်မက်ထဲမှာ တစ်ညတာ ကုန်ဆုံးလိုက်ပြီး နောက်တစ်နေ့ မနက် စောစော နိုးလာတယ်။
နိုးလာတယ်လို့ ပြောတာထက် တစ္ဆေအိပ်မက်ကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်ပြီး လက်တွေ့ဘဝထဲ ပြန်ရောက်လာတယ်လို့ ပြောရင် ပိုမှန်လိမ့်မယ်။
"အချိန်က အတော်ပဲ... ထွက်ဖို့ ပြင်ဆင်တာ ပိုကောင်းမယ်"
ယန်ကျန့် အချိန် ကြည့်လိုက်တယ်။
မနက် ၈ နာရီ ရှိပြီ။
သူ အချိန်တိကျစွာ နိုးလာခဲ့တယ်။ အိပ်မက်ကမ္ဘာထဲမှာ မျောမနေဘူး။
ခဏလောက် ပြင်ဆင်ပြီးနောက်...
ယန်ကျန့် အခန်းထဲက ထွက်လာပြီး ၄ ထပ်က ရေကူးကန်ဆီ ဦးတည်သွားလိုက်သည်။
ရေကန်က သဘာဝလွန် စွမ်းအားတွေနဲ့ ညစ်ညမ်းနေပြီး တစ္ဆေရေကန်နဲ့ ချိတ်ဆက်ထားပြီး အဲဒီကနေတဆင့် သူ ခြေရာချန်ထားခဲ့တဲ့ ဘယ်နေရာကိုမဆို သွားလို့ ရတယ်။ တစ္ဆေနယ်မြေ သုံးပြီး အားကုန်ခံစရာ မလိုတော့ဘူး။
"မင်္ဂလာနံနက်ခင်းပါ ဥက္ကဋ္ဌယန်"
အောက်ထပ် ဆင်းလာတုန်း လှေကားတက်လာတဲ့ ကျန်းလီချင်းနဲ့ တွေ့တယ်။ သူ့မျက်လုံးတွေ တောက်ပသွားပြီး ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်လိုက်သည်။
"ငါ့ကို ရှာနေတာလား"
ယန်ကျန့် သူ့ကို ကြည့်ပြီး မေးလိုက်သည်။
ကျန်းလီချင်း နည်းနည်း ကြောင်သွားပြီး အမြန် ပြန်ဖြေလိုက်သည်။
"မဟုတ်ပါဘူး အသံကြားလို့ မနက်စာ စားဖို့ လာခေါ်တာပါ ကျန်းယန် ဒီနေ့ မနက်စာ လုပ်ဖို့ စောစောထထားတာ"
ယန်ကျန့် လှေကား ဆက်ဆင်းရင်း ပြောလိုက်သည်။
"ငါ မဆာဘူး လောလောဆယ် မစားတော့ဘူး ပြီးတော့ ဒီနေ့ ဌာနချုပ် သွားစရာ ရှိတယ် အလုပ်ရှုပ်လိမ့်မယ်"
"ခရီးထွက်ရဦးမှာလား"
ကျန်းလီချင်း စိုးရိမ်တကြီး မေးလိုက်သည်။
"ခရီးထွက်တာ မဟုတ်ဘူး အစည်းအဝေး သွားတက်တာ"
ယန်ကျန့် ပြန်ဖြေသည်။
"ခေါင်းဆောင် အစည်းအဝေး ဆိုတော့ အရေးကြီး ကိစ္စ ဖြစ်မှာပဲ ဂရုစိုက်သွားနော် ဘေးကင်းကင်းနဲ့ ပြန်လာပါ"
သူမက မှတ်တမ်းယူရာမှာ ကူညီပေးနေပြီး ယန်ကျန့် ကြုံတွေ့ရတာတွေကို အများကြီး သိထားသည်။ ဒါပေမဲ့ အပြင်ရောက်ရင် ဘာမှ မပြောဘူး။ ဘာမှ မသိသလို ဟန်ဆောင်နေတတ်သည်။ အန္တရာယ်တွေကို ဆွဲဆောင်မိပြီး အကြောင်းမဲ့ သေသွားမှာ ကြောက်လို့လေ။
ယန်ကျန့် ၄ ထပ်က ရေကူးကန်ဆီ ရောက်သွားပြီ။ ရေကန်ထဲ ဆင်းသွားပေမယ့် သူ့ခန္ဓာကိုယ်က နစ်မသွားဘဲ ရေပေါ်မှာ လမ်းလျှောက်နေတယ်။
"ငါ အဆင်ပြေပါတယ် ပြီးတော့ သတိပေးလိုက်ဦးမယ်... လောလောဆယ် ဒီနားကို ဘယ်သူမှ မလာစေနဲ့ အထူးသဖြင့် ဒီရေကန်နားပေါ့ အရမ်း အန္တရာယ်များတယ် သဘာဝလွန် ကိစ္စတွေနဲ့ ဆိုင်နေလို့ ဒါပေမဲ့ ငါ့သတိပေးချက်က မလိုအပ်လောက်ပါဘူး မင်းက မှတ်တမ်းယူထားတာပဲ တစ္ဆေရေကန် ဖြစ်ရပ်အကြောင်း သိမှာပါ..."
ယန်ကျန့် စကားပြောရင်း သူ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း နစ်မြုပ်သွားတယ်။
ရေကန်က မနက်ပေမယ့် ဒီအချိန်မှာတော့ အရာအားလုံးကို ဝါးမြိုနိုင်တဲ့ ချောက်ကမ်းပါးကြီး တစ်ခုလို ဖြစ်နေတယ်။
"နားလည်ပြီ... နောက်မှ ဒီနေရာကို သော့ခတ်ထားလိုက်မယ် ဘယ်သူမှ ဝင်ခွင့်မပေးဘူး"
ကျန်းလီချင်း ရေကန်နား မကပ်ရဲဘူး။ အန္တရာယ် ရှိမှန်း သူ ကောင်းကောင်း သိတယ်။
ပြုတ်ကျသွားရင် သာမန်လူ တစ်ယောက် အနေနဲ့ ချက်ချင်း နစ်မြုပ်သွားပြီး ဘယ်တော့မှ ပြန်တက်လာနိုင်မှာ မဟုတ်ဘူး။
ပြီးတော့ ရေကန်ထဲမှာ ကြောက်စရာကောင်းတဲ့ ရေအလောင်းကောင်တွေ ရံဖန်ရံခါ ပေါ်လာတတ်သေးတယ်။ အရမ်းကို ခြောက်ခြားစရာ ကောင်းတယ်။
မကြာမီ...ယန်ကျန့် ရေကန်ထဲ နစ်မြုပ်သွားပြီး အမြင်အာရုံထဲကနေ လုံးဝ ပျောက်ကွယ်သွားတာကို ကျန်းလီချင်း ကြည့်နေလိုက်သည်။
သူမ ကြောက်လန့်တကြား ဖြစ်နေပြီး အေးစက်နေတဲ့ ရေကန်နားမှာ ဆက်မနေရဲတော့ဘူး။ ၄ ထပ်ကနေ ချက်ချင်း ထွက်ခွာပြီး ရေကန်ရှိတဲ့ အခန်းကို သော့ခတ်လိုက်သည်။
"သောက်ကျိုးနည်း... မနက်စာကို ပင်ပင်ပန်းပန်း လုပ်ထားရတာကို မစားဘူးတဲ့ မသွားခင် နှုတ်တောင် မဆက်သွားဘူး တကယ်ပဲ အဲဒီလောက် အလုပ်ရှုပ်နေတာလား"
ကျန်းလီချင်း အောက်ထပ်ဆင်းလာတော့ ဒယ်အိုးပြား ကိုင်ထားပြီး စိတ်ဆိုးနေတဲ့ ကျန်းယန်နဲ့ တွေ့သည်။
"သူ အစည်းအဝေး သွားတာပါ အရမ်း အရေးကြီးတဲ့ ကိစ္စမို့ပါ စိတ်မဆိုးပါနဲ့ ဥက္ကဋ္ဌယန်က တကယ် အလုပ်ရှုပ်တာ နေ့တိုင်း သဘာဝလွန် ဖြစ်ရပ်တွေနဲ့ လုံးပန်းနေရတာ အများအားဖြင့် ငါ သူ့အတွက် စိတ်ပူမိတယ်"
ကျန်းလီချင်း သက်ပြင်းချပြီး ပြောလိုက်သည်။
ကျန်းယန် ပါးဖောင်းကာ ပြန်ပြောသည်။
"ဒါပေမဲ့ ငါ သူနဲ့အတူ သေရွာပြန် ခရီးတွေ သွားဖူးတယ်လေ ပြီးခဲ့တဲ့ တစ်ခေါက် တစ္ဆေကို ကိုင်တွယ်တုန်းက အဲဒီလောက် တုတ်တဲ့ သံတုတ်ကြီးနဲ့ ငါ့ဗိုက်ကို ထိုးထည့်လိုက်သေးတာ ငါ သူ့လက်ချက်နဲ့ သေလုနီးပါး ဖြစ်ခဲ့ဖူးတယ်"
"ဒါပေမဲ့ ငါ သူ့ကို လုံးဝ အပြစ်မတင်ဘူး ဘာလို့လဲဆိုတော့ ငါ သူ့ကို ချစ်လို့လေ"
"နင်က နည်းနည်းမှ မရှက်ဘူးနော်"
ကျန်းလီချင်း ရယ်မောပြီး ပြောလိုက်သည်။
ကျန်းယန် နှုတ်ခမ်းဆူလိုက်ကာ ပြန်ပြောသည်။
"ဒါဆို နင်ကရော ဘာလို့ ညဘက်ကြီး ယန်ကျန့် အခန်းထဲ ခိုးဝင်ရတာလဲ နင်ကရော အရမ်း ရှက်တတ်နေလို့လား"
ကျန်းလီချင်း မျက်နှာ နည်းနည်း ရဲသွားပြီး ရှက်သွားသည်။
သူတို့နှစ်ယောက် စကားပြောနေတုန်းမှာ ယန်ကျန့်က ဌာနချုပ် ရှိတဲ့ မြို့ကို ရောက်နေပြီ။
ယန်ကျန့် တွက်ချက်မှု အရဆိုရင် ဒီအချိန်မှာ ခေါင်းဆောင် တော်တော်များများက ခရီးစထွက်ခါစပဲ ရှိဦးမယ်။ ဌာနချုပ်ကို မရောက်သေးဘူး။ အရာအားလုံး အဆင်ပြေရင် အစည်းအဝေးက နေ့လယ်လောက် ဒါမှမဟုတ် မွန်းလွဲပိုင်းလောက်မှ စလိမ့်မယ်။
ဒီကြားထဲ သူ ဝမ်ရှောင်မင်ကို သွားရှာဖို့ စီစဉ်လိုက်သည်။
ချက်ချင်းပင်...ယန်ကျန့် ချောင်ယန်ဟွာကို ထပ်ပြီး ဆက်သွယ်လိုက်သည်။ ဒါပေမဲ့ ချောင်ယန်ဟွာက ခေါင်းဆောင် အစည်းအဝေး အတွက် အလုပ်ရှုပ်နေလို့ ရှန်လျန်ကို တာဝန်လွှဲပေးထားတယ်။
ရှန်လျန် အချိန်မဖြုန်းဘဲ သူနဲ့ ဝမ်ရှောင်မင် တွေ့ဖို့ နေရာတစ်ခု အမြန် စီစဉ်ပေးလိုက်သည်။
ဒါပေမဲ့ သူ စီစဉ်ပေးတဲ့ နေရာက နည်းနည်း ထူးခြားတယ်။
ဌာနချုပ် အတွင်းထဲမှာ မဟုတ်ဘူး။
မြို့ထဲက သာမန် ရပ်ကွက်လေး တစ်ခုထဲမှာ။
ရပ်ကွက်က မထူးခြားပါဘူး။ သာမန် ပြည်သူတွေ နေထိုင်ကြပြီး ဘာအန္တရာယ်မှ မရှိပါဘူး။
ယန်ကျန့် ရောက်သွားတဲ့အခါ ဝမ်ရှောင်မင်ကို သက်တော်စောင့်တွေ ဝန်းရံထားတာ တွေ့လိုက်ရတယ်။ သူကတော့ သစ်ပင်အိုကြီးအောက်မှာ ရပ်ထားတဲ့ ဝှီးချဲပေါ်မှာ ထိုင်နေသည်။ ဒီတွေ့ဆုံပွဲကို စီစဉ်ထားတာ ကြာပြီဖြစ်ပြီး ယန်ကျန့် ရောက်လာမှာကို စောင့်နေပုံ ရသည်။
"မင်း နောက်ကျတယ် ယန်ကျန့်"
ဝမ်ရှောင်မင် သစ်ပင်အိုကြီးကို ကြည့်နေရာကနေ ခဏကြာမှ ခေါင်းလှည့်လာတယ်။
"မင်းက စောနေတာပါ မင်း ငါ့ကို စောင့်နေတာ ကြာပြီနဲ့ တူတယ်"
ယန်ကျန့် လျှောက်လာရင်း ပြောလိုက်တယ်။
ရှန်လျန်လည်း အနီးနားမှာ ရှိနေပြီး သက်တော်စောင့်တွေကို ထွက်သွားဖို့ စီစဉ်လိုက်တယ်။
ယန်ကျန့် ရောက်လာမှတော့ ဒီနေရာ လုံခြုံရေးက ပြဿနာ မရှိတော့ဘူး။ ပြီးတော့ သူတို့ စကားပြောတာကို ဘေးကလူတွေ နားထောင်ဖို့ မသင့်တော်ဘူးလေ။
"ခေါင်းဆောင် အစည်းအဝေး ခေါ်ရင် မင်းနဲ့ သီးသန့် စကားပြောမယ်လို့ ငါ ပြောခဲ့တယ်လေ မင်းက အရမ်း ထိရောက်မှု ရှိတာပဲ သူတို့ ဒီနေ့ ဌာနချုပ်ကို ရောက်လာကြလိမ့်မယ် အစည်းအဝေးက မွန်းလွဲ ၂ နာရီလောက်မှ စမှာ ဆိုတော့ ငါတို့ တွေ့ဆုံပွဲကိုလည်း ရှေ့တိုးလိုက်တာပေါ့"
ဝမ်ရှောင်မင်က ပြောလိုက်တယ်။
"ပြီးခဲ့တဲ့ တစ်ခေါက် လူ့အရေပြားကျမ်း ရတုန်းက မင်း ဘာတွေ ရှာတွေ့ခဲ့လဲ လူ့အရေပြားကျမ်းရဲ့ လျှို့ဝှက်ချက်က ဘာလဲ"
ယန်ကျန့် အချိန်မဖြုန်းဘဲ တိုက်ရိုက် မေးလိုက်တယ်။
"ဒီအချိန်မှာ မင်း ရိုးသားမယ်လို့ မျှော်လင့်ပါတယ် ဝေ့လည်ကြောင်ပတ် လုပ်မနေပါနဲ့ ငါ့မှာ သည်းခံနိုင်စွမ်း သိပ်မရှိဘူး ဆိုတာ မင်း သိပါတယ်"
ဝမ်ရှောင်မင် ဖြည်းညှင်းစွာ ပြောလိုက်တယ်။
"ဒီမေးခွန်းကို မဖြေခင် ငါ မင်းကို တစ်ခု အရင် မေးချင်တယ် သဘာဝလွန် ပစ္စည်း တစ်ခုရဲ့ လျှို့ဝှက်ချက်ကို သိချင်တာ ဘာလို့ ဒီလောက်တောင် ဇွဲကောင်းနေရတာလဲ ဘယ်လို ပေါ်လာတာလဲ၊ ဘယ်သူ လုပ်ခဲ့တာလဲ ဆိုတာ သိချင်လို့လား ဒါတွေ သိပြီးရင် မင်း ဘာအကျိုး ရမှာလဲ မင်း တစ္ဆေဖယောင်းတိုင် သုံးသလိုပေါ့ သူ့လုပ်ဆောင်ချက်ကို သိရင် ပြီးတာပဲ ဘာလို့ သူ့မူလအစကို စိတ်ဝင်စားနေရတာလဲ"
"လူတစ်ယောက်နဲ့ တစ်ယောက် လိုချင်တာချင်း မတူဘူးလေ ဒါက ငါတို့ ပူးပေါင်းဆောင်ရွက်မှုရဲ့ တစ်စိတ်တစ်ပိုင်းပဲ မင်း စိတ်ပူစရာ မလိုပါဘူး"
ယန်ကျန့် ပြန်ဖြေလိုက်တယ်။
ဝမ်ရှောင်မင် ဖျော့တော့စွာ ပြုံးလိုက်တယ်။
"အဲဒီ အဖြေက မင်းစရိုက်နဲ့ ကိုက်ညီပါတယ် လူ့အရေပြားကျမ်းက သဘာဝလွန် ပစ္စည်း တစ်ခု အနေနဲ့ တကယ်ကို ထူးခြားပါတယ် ပြီးခဲ့တဲ့ တစ်ခေါက် ငါ ရတုန်းက သူ ငါ့ကို အများကြီး ပြောပြခဲ့တယ် အနာဂတ် အဝေးကြီးကို ဟောကိန်းထုတ်ခဲ့တယ် တချို့က မှန်တယ် တချို့က လက်တွေ့ မဖြစ်လာသေးဘူး အတိုင်းအတာ တစ်ခုအထိတော့ ဒီသဘာဝလွန် ပစ္စည်းက အနာဂတ်ကို ကြိုမြင်နိုင်စွမ်း ရှိပုံရတယ်"
"ဒါပေမဲ့ အဲဒီအပေါ် ငါ့ရဲ့ ခန့်မှန်းချက်က ဒီထက် ပိုပါတယ် လူ့အရေပြားကျမ်းက သဘာဝလွန် ပစ္စည်း တစ်ခု ဖြစ်ပေမယ့် တကယ်တမ်းကျတော့ တစ္ဆေ မဟုတ်ဘဲ လူတစ်ယောက် ဖြစ်နိုင်တယ်"
လူတစ်ယောက် ဟုတ်လား။
ယန်ကျန့် မျက်နှာထား အနည်းငယ် ပြောင်းလဲသွားတယ်။
လူ့အရေပြားကျမ်းက လူတစ်ယောက် ဖြစ်နိုင်တယ်လား။