မတော်တဆမှု
Vol. 91 Ch. 1273
ခေါင်းဆောင် အစည်းအဝေး ဆက်လက် ကျင်းပနေဆဲ ဖြစ်သည်။
ဒါပေမဲ့ ဒီအချိန်မှာ မြို့ကြီး တစ်မြို့လုံး မိုးတွေ သည်းထန်စွာ ရွာသွန်းနေသည်။ မိုးသည်းလွန်းလို့ အမြင်အာရုံတွေ ဝေဝါးနေပြီး လမ်းမတွေပေါ်မှာ လူသူကင်းမဲ့နေသည်။ ဘယ်သူမှ မိုးထဲလေထဲ ထွက်ရဲခြင်း မရှိကြပေ။
သည်းထန်သော မိုးရေတွေက လောကကြီးရဲ့ အညစ်အကြေးတွေကို ဆေးကြောပေးနိုင်ပေမယ့် သဘာဝလွန် အရာတွေကိုတော့ မသန့်စင်ပေးနိုင်ပေ။
လမ်းမတစ်ခုပေါ်တွင် ဝေဝါးနေသော ပုံရိပ်အချို့ မိုးရေထဲ ဖြတ်သန်းပြီး မြို့ထဲသို့ လမ်းလျှောက်ဝင်ရောက်လာသည်။ မိုးကာအင်္ကျီ မဝတ်ထားသလို ထီးလည်း မဆောင်းထားပေ။ ဒီအတိုင်း လမ်းလျှောက်လာခြင်း ဖြစ်သည်။
မိုးရေတွေက သူတို့ကို ရှောင်ကွင်းသွားသလို ဖြစ်နေပြီး သူတို့နဲ့ မိုးရေစက်တွေကြားမှာ ဘာထိတွေ့မှုမှ မရှိပေ။
မိုးဘယ်လောက် သည်းသည်း... ဒီလူတွေရဲ့ အဝတ်အစားတွေက ခြောက်သွေ့နေဆဲ ဖြစ်သည်။
ဒီထူးဆန်းတဲ့ မြင်ကွင်းကို လမ်းဘေးက လူတစ်ယောက် မြင်လိုက်ပြီး အံ့သြသွားကာ ဖုန်းနဲ့ ဓာတ်ပုံရိုက်ဖို့ ကြိုးစားလိုက်သည်။ ဒါပေမဲ့ ကင်မရာ မျက်နှာပြင်က မည်းနက်နေပြီး ဘာမှ ရိုက်လို့ မရပေ။
ဒီထူးဆန်းတဲ့ ပုံရိပ်တွေက မြန်မြန်ဆန်ဆန် လာပြီး မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားကြသည်။
မျက်တောင် တစ်ခတ်အတွင်းမှာပဲ လမ်းမပေါ်ကနေ ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာတဲ့ အချိန်မှာ လမ်းတစ်ဖက်ကို ကူးသွားပြီး နောက်ထပ် လမ်းဆုံ တစ်ခုကနေ ထွက်ခွာသွားကြပြီ ဖြစ်သည်။
အဲဒီ လမ်းဆုံ အလွန်မှာတော့ ပိတ်ဆို့ထားတာ ကြာပြီဖြစ်တဲ့ လမ်းမတစ်ခု ရှိသည်။
ပိတ်ဆို့ထားတဲ့ ဧရိယာ အလယ်မှာ အဆောက်အအုံ တစ်ခု ရှိသည်။
အဲဒါက ဖိန်အန်းမျှော်စင် ဖြစ်သည်။
မိုးရေထဲက ပုံရိပ်တွေက ဒီကန့်သတ်နယ်မြေ အဆောက်အအုံဆီ တည့်တည့် ဦးတည်သွားကြသည်။
ဘယ်သူမှ သူတို့ကို မတားဆီးနိုင်ခဲ့ပေ။
ဘာလို့လဲဆိုတော့ ဒီအချိန်မှာ ခေါင်းဆောင် အစည်းအဝေး ကျင်းပနေပြီး တစ္ဆေဆရာ အများစုက ဌာနချုပ်မှာ စုဝေးနေကြလို့ ဖြစ်သည်။ ဖိန်အန်းမျှော်စင်က နီးကပ်နေပေမယ့် ဘယ်သူမှ အာရုံစိုက်မနေကြပေ။ ဒီလို အရေးကြီးတဲ့ အချိန်မှာ ဖိန်အန်းမျှော်စင်ကို လူတစ်စု ကျူးကျော်ဝင်ရောက်လိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ကြဘူးလေ။
ဖိန်အန်းမျှော်စင်ထဲမှာ တန်ဖိုးရှိတဲ့ ပစ္စည်း ဘာမှ မရှိပါဘူး။ အမှောင်ထုနဲ့ ကြောက်မက်ဖွယ် အရာတွေပဲ ရှိတာပါ။ မဆင်မခြင် ဝင်သွားတဲ့ သူတိုင်း သေဆုံးခြင်းနဲ့ပဲ ရင်ဆိုင်ရမှာပါ။
ဒါပေမဲ့ မိုးရေထဲကနေ ရောက်လာတဲ့ ဒီလူတွေက သေမှာ မကြောက်ကြသလို ဖိန်အန်းမျှော်စင်ထဲက တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို လိုချင်တာလည်း မဟုတ်ကြပါဘူး။
သူတို့ရဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပါ။
မြို့တစ်မြို့လုံးကို ဝါးမြိုခဲ့ဖူးတဲ့၊ သဘာဝလွန် ဖိုင်မှတ်တမ်းတွေထဲမှာ ရည်ညွှန်းလေ့ရှိတဲ့... တစ္ဆေပန်းချီကား ဖြစ်သည်။
မိုးဆက်လက် ရွာသွန်းနေဆဲပင်။
ဒါပေမဲ့ မိုးရေထဲက ပုံရိပ်တွေကတော့ ဖိန်အန်းမျှော်စင်ထဲ ဝင်ရောက်ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။
တချိန်တည်းမှာပဲ...
ဌာနချုပ် အစည်းအဝေး စားပွဲဝိုင်းမှာ...
နေရောင်ခြည်အောက်တွင် ခေါင်းဆောင် အစည်းအဝေး ဆက်လက် ကျင်းပနေသည်။
ဒါပေမဲ့ အစည်းအဝေးက ပြီးဆုံးလုနီးပါး ဖြစ်နေပါပြီ။ အရေးကြီး ကိစ္စရပ် အများစု ဆွေးနွေးပြီးသွားပြီ ဖြစ်သည်။ အထူးသဖြင့် ချောင်ယန်ဟွာ ပြောပြတဲ့ နောဧသဘော စီမံကိန်း အကြောင်းက အားလုံးကို အံ့သြသွားစေခဲ့သည်။
"ကျန်းကျွင်း ပြည်ပမှာ အဆင်ပြေမှာပါ သူက သတိကြီးတယ်၊ အမြော်အမြင် ရှိတယ် ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ စွမ်းရည်လည်း ရှိတယ် ဒီကိစ္စအတွက် ငါတို့ အရမ်း စိတ်ပူနေစရာ မလိုပါဘူး"
ချောင်ယန်ဟွာ ပြောလိုက်သည်။
"နောဧသဘော စီမံကိန်းရဲ့ အကြမ်းဖျင်း အကြောင်းအရာကို အားလုံး ရှင်းရှင်းလင်းလင်း သိကြပြီ ထင်ပါတယ် ဒီကိစ္စက တကယ် ဖြစ်မလာနိုင်ဘူး ဆိုပေမယ့် ကြိုတင် ပြင်ဆင်ထားဖို့တော့ လိုပါတယ် တကယ်လို့ အဲဒီနေ့ ရောက်လာခဲ့ရင် အတိတ်က ရန်ငြိုးတွေကို ဘေးဖယ်ထားပြီး စည်းလုံးညီညွတ်ကြဖို့ မျှော်လင့်ပါတယ်"
"ဒါ သဘာဝကျတယ် သဘာဝလွန် ဖြစ်ရပ်တွေ ထိန်းချုပ်မရ ဖြစ်သွားတာကို ဘယ်သူမှ မလိုချင်ကြဘူး"
"တကယ်လို့ အဲဒီနေ့ ရောက်လာရင် ငါ ဝင်တားမှာပါ"
"စိတ်မပူပါနဲ့ လက်ထောက်ဝန်ကြီး... အများအကျိုးနဲ့ ယှဉ်ရင် ပုဂ္ဂိုလ်ရေး ရန်ငြိုးတွေက ဘာမှ မဟုတ်ပါဘူး"
ခေါင်းဆောင်တွေ ခေါင်းညိတ် သဘောတူလိုက်ကြသည်။ လိုအပ်ရင် ကူညီကြမယ်လို့ ကတိပေးလိုက်ကြသည်။
ဘာပဲဖြစ်ဖြစ် သဘာဝလွန် ဖြစ်ရပ်တွေ ထိန်းချုပ်မရ ဖြစ်သွားရင် သူတို့လည်း ဒုက္ခရောက်မှာပဲလေ။ ဘယ်သူမှ ထိန်းချုပ်မရတဲ့ ကမ္ဘာကြီးထဲမှာ မနေချင်ကြပါဘူး။ လူတိုင်းမှာ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေ ရှိကြတာကိုး။
"ကျေးဇူးတင်ပါတယ်"
ချောင်ယန်ဟွာ စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်စကား ပြောလိုက်သည်။
ယန်ကျန့်က ပြောလိုက်သည်။
"ငါတို့ အသက်ရှင်နေသရွေ့ မင်း စိုးရိမ်နေတဲ့ ကိစ္စ ဖြစ်လာမှာ မဟုတ်ပါဘူး ဒါပေမဲ့ ဆက်ပြီး စုံစမ်းခိုင်းထားပါ တစ်ခုခု ထူးခြားရင် ငါ ခေါင်းဆောင် အားလုံးကို ခေါ်ပြီး ဖြေရှင်းလိုက်ပါ့မယ်"
ချောင်ယန်ဟွာ ခေါင်းညိတ်လိုက်သည်။
အခြေအနေကို ဆက်လက် စောင့်ကြည့်ဖို့ လူတွေ သေချာပေါက် တာဝန်ပေးထားမှာပါ။ အခြေအနေက အခုမှ တည်ငြိမ်ကာစ ရှိသေးတာ။ တကယ်လို့ ဟို နိုင်ငံခြား အရူးတွေက နောဧသဘော စီမံကိန်းကို တကယ် အကောင်အထည် ဖော်လိုက်ရင် မကြာသေးမီ နှစ်တွေက ကြိုးပမ်းအားထုတ်မှုတွေ အားလုံး သဲထဲရေသွန် ဖြစ်ကုန်မှာ။
"ပဉ္စမမြောက် ကိစ္စကို ဆက်ဆွေးနွေးကြတာပေါ့ ဒီအစည်းအဝေးက အရမ်း မကြာသင့်ဘူး ခေါင်းဆောင်တွေ အကုန် စုနေတာက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး အစည်းအဝေး မြန်မြန် ပြီးရင် ပိုကောင်းမယ်"
ယန်ကျန့် အကြံပြုလိုက်သည်။
"ငါ သဘောတူတယ် ခေါင်းဆောင်တွေ မရှိရင် နေရာတော်တော်များများက အန္တရာယ် ရှိတယ်"
ဝမ်ချာလင်း ခေါင်းညိတ် ထောက်ခံလိုက်သည်။ သူ တာတုန်းမြို့ကို အမြန် ပြန်ချင်နေပြီ။
ရဲကျန့် ပြန်သွားပြီ ဆိုတော့ သူ့အစီအစဉ်တွေ စလို့ ရပြီလေ။
ချောင်ယန်ဟွာ ချက်ချင်း ပြန်ပြောလိုက်သည်။
"ဟုတ်ပါတယ်... အစည်းအဝေးက အရမ်း မကြာသင့်ပါဘူး ပဉ္စမမြောက် ကိစ္စကို ဆက်ကြတာပေါ့..."
"နေပါဦး"
သူ စကားစလိုက်တုန်းမှာပဲ ဖြတ်ပြောခံလိုက်ရသည်။
လီကျွင်း အလေးအနက် ပြောလိုက်သည်။
"အဲဒါ မတိုင်ခင် ယန်ကျန့်ကို ပုဂ္ဂိုလ်ရေး မေးခွန်းတစ်ခု လူသိရှင်ကြား မေးချင်ပါတယ်"
ချောင်ယန်ဟွာ ရပ်တန့်သွားသည်။ လီကျွင်း ဘာလုပ်ချင်လဲ ဆိုတာ သူ နားလည်လိုက်သည်။
တားသင့် မတားသင့် စဉ်းစားလိုက်ပေမယ့် နောက်ဆုံးတော့ မတားဖို့ ဆုံးဖြတ်လိုက်သည်။
"ဘာမေးချင်လို့လဲ"
ယန်ကျန့် တည်ငြိမ်စွာ မေးလိုက်သည်။
"ဝမ်ရှောင်မင်... ပါမောက္ခဝမ် သေဆုံးမှုနဲ့ ပတ်သက်ပြီး အဲဒီတုန်းက ဘာလို့ ပါမောက္ခဝမ်ကို သတ်ခဲ့လဲ ဆိုတာ ငါ သိချင်တယ်"
လီကျွင်း အလေးအနက် မေးလိုက်သည်။
သူ့ဘေးက ဝေ့ကျင်းလည်း ထုံထိုင်းစွာ ဝင်ပြောလိုက်သည်။
"ပါမောက္ခဝမ်ကို သတ်ရတဲ့ အကြောင်းရင်းကို ငါလည်း သိချင်တယ်"
တခြားသူတွေက ယန်ကျန့်ကို အာရုံစိုက်လာကြသည်။
ခေါင်းဆောင် တချို့က ဒီကိစ္စကို မသိကြသေးပေ။ ဘာလို့လဲဆိုတော့ ဝမ်ရှောင်မင်က မနက်ပိုင်းမှာ သေဆုံးခဲ့တာ ဖြစ်ပြီး အစည်းအဝေးက မွန်းလွဲ ၁ နာရီခွဲမှ စတာကိုး။ ခေါင်းဆောင် တချို့က အဲဒီအချိန်မှာ ဌာနချုပ်ကို မရောက်သေးဘူး။ လမ်းမှာပဲ ရှိသေးတယ်။ လင်းပေ့ နဲ့ ကျိုးဒန် ဆိုရင် ဘာမှကို မသိကြဘူး။
"ဝမ်ရှောင်မင်ကို ယန်ကျန့် သတ်လိုက်တာလား"
လင်းပေ့ နည်းနည်း လန့်သွားသည်။
ဝမ်ရှောင်မင်ကို သူ ရင်းနှီးတာ မဟုတ်ပေမယ့် ပြည်တွင်း သဘာဝလွန် လောကမှာတော့ ပါမောက္ခဝမ်ကို လူတိုင်း သိကြသည်။ သဘာဝလွန် သုတေသနတွေ လုပ်တယ်၊ တစ္ဆေ ပြန်လည်နိုးထမယ့် ပြဿနာကို ဖြေရှင်းပေးတယ်။ ဌာနချုပ်မှာ ရာထူး အရမ်းကြီးတယ်။
ယန်ကျန့် မအံ့သြပါဘူး။ လီကျွင်းကို ကြည့်ပြီး ပြောလိုက်သည်။
"သူ ငါ့ကို သေနတ်နဲ့ ပစ်တယ်... ငါ ပြန်သတ်လိုက်တယ် ရိုးရိုးလေးပါပဲ ဝမ်ရှောင်မင် အပါအဝင် ဘယ်သူမဆို ခေါင်းဆောင် တစ်ယောက်ကို တိုက်ခိုက်တာ မှားတယ်လေ ငါ သူ့ကို ရှင်းပစ်လိုက်တာ ဘာမှားလို့လဲ"
"ပါမောက္ခဝမ်က အဲဒီအချိန်မှာ နေမကောင်း ဖြစ်နေတာလေ မင်း သူ့ကို လျစ်လျူရှုထားလို့ ရသားနဲ့ ဘာလို့ မဖြစ်မနေ သတ်ပစ်ဖို့ လိုအပ်တာလဲ"
လီကျွင်း ဆက်မေးလိုက်သည်။
"မင်းရဲ့ စွမ်းရည်ကို ငါ ကောင်းကောင်း သိပါတယ် ပါမောက္ခဝမ်က မင်းကို နည်းနည်းလေးမှ ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး ငါ သိချင်တာက မင်း သူ့ကို သတ်လိုက်ရတဲ့ အကြောင်းရင်း အမှန်ပဲ"
"အကြောင်းရင်း အမှန် ဟုတ်လား"
ယန်ကျန့် နှုတ်ခမ်းထောင့် ကွေးတက်သွားပြီး အေးစက်စွာ ပြုံးလိုက်သည်။
"ရှင်းပြလို့ မရတာတော့ မဟုတ်ပါဘူး ဒါပေမဲ့ အကြောင်းရင်း အမှန်ကို သိရင် မင်း ကျေနပ်ပါ့မလား"
"ပါမောက္ခဝမ် သေဆုံးမှုနဲ့ ပတ်သက်ပြီး နောက်ကွယ်မှာ လျှို့ဝှက်ကြံစည်မှုတွေ မရှိဖို့ မျှော်လင့်ပါတယ် အမှန်တရားက ဘာပဲဖြစ်ဖြစ် ငါလက်ခံပါ့မယ်"
"အမှန်တရားက ရိုးရှင်းပါတယ်... သူက ငါ့လက်ချက်နဲ့ သေချင်လို့ပါ ဒါပါပဲ"
ယန်ကျန့် ဖြေလိုက်သည်။
"ဒါပဲလား"
ဝေ့ကျင်းရဲ့ မည်းမှောင်နေတဲ့ မျက်နှာက ယန်ကျန့်ကို ကြည့်ပြီး ထပ်မေးလိုက်သည်။
"ဒါပဲ... သူ့ကျန်းမာရေး အခြေအနေနဲ့ ဆိုရင် နောက်ထပ် ရက်အနည်းငယ်လောက်ပဲ ခံတော့မှာ မင်းတို့လည်း သိတာပဲ ဒါကြောင့် ဝမ်ရှောင်မင်က သူ့အသက်ကို အဆုံးသတ်ပေးမယ့်သူ ရှာလိုက်တာ မဟုတ်ရင် သူ ငါ့ကို ဘာလို့ သေနတ်နဲ့ ပစ်မှာလဲ ဒီအဖြေကို မကျေနပ်ရင် ဒုတိယ အဖြေ မပေးနိုင်တော့ဘူး"
"ဒါကြောင့်ကိုး"
လီကျွင်း တိတ်ဆိတ်သွားသည်။
သူ၊ ဝေ့ကျင်း၊ ချောင်ယန်... သုံးယောက်လုံး စုံစမ်းခဲ့ပြီးပြီ။ ယန်ကျန့်ရဲ့ အဖြေနဲ့ တူညီတဲ့ ကောက်ချက်တစ်ခု ရရှိခဲ့ကြသည်။
ပါမောက္ခဝမ်က သေလမ်းရှာခဲ့တာ။ သူ့သေဆုံးမှုနဲ့ အရာအားလုံးကို အဆုံးသတ်ပြီး အခြေအနေသစ် တစ်ခု ဖွင့်လှစ်ပေးခဲ့တာ။
နောက်ကွယ်မှာ ဘာကြံစည်မှုမှ မရှိဘူး။ ဘာရန်ငြိုးမှ မရှိဘူး။
"နားလည်ပါပြီ ဒါဆို ပါမောက္ခဝမ် သေဆုံးမှု ကိစ္စ ဒီမှာတင် ပြီးပါပြီ"
လီကျွင်း ပြောလိုက်ပြီး နောက်ထပ် ဆေးလိပ်တစ်လိပ် မီးညှိကာ ပြင်းပြင်း ရှိုက်လိုက်သည်။
တကယ်တမ်းကျတော့ သူ ယန်ကျန့်ကို အပြစ်မတင်ပါဘူး။ ပါမောက္ခဝမ် သေဆုံးတာကို လက်မခံနိုင်သေးလို့ အမှန်တရားကို ရှာဖွေပြီး စိတ်ဖြေသိမ့်ချင်ရုံ သက်သက်ပါ။
"ရလဒ်ကို သိပြီးသားပဲ ဘာလို့ မေးနေသေးတာလဲ"
ချောင်ယန် ခေါင်းခါလိုက်သည်။ လီကျွင်းက နည်းနည်း ဉာဏ်မရှိဘူးလို့ ခံစားလိုက်ရသည်။
ဒါပေမဲ့ ဒီလို ရိုးသားပြတ်သားတဲ့ စရိုက်ကမှ လီကျွင်းလေ။
"ကဲ... အစည်းအဝေး ဆက်ကြရအောင်"
ချောင်ယန်ဟွာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး ခေါင်းစဉ် ပြောင်းလိုက်သည်။ ပါမောက္ခဝမ် သေဆုံးမှု အကြောင်း ဆက်မဆွေးနွေးချင်တော့ပေ။
ဒီကိစ္စ ပြီးသွားပြီ။ ဆက်ပြောနေရင် စိတ်ဝမ်းကွဲစရာတွေ ဖြစ်လာလိမ့်မယ်။
"ပဉ္စမမြောက် ကိစ္စက..."
စကားစလိုက်တုန်းမှာပဲ... ရုတ်တရက်...
လျိုစန်း အစည်းအဝေး စားပွဲဝိုင်း ရှေ့မှာ ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။ မျက်နှာထား လေးနက်နေပြီး မြို့ထဲက တစ်နေရာကို လှမ်းကြည့်လိုက်သည်။
ဆက်တိုက် ဆိုသလို...
လျိုစန်းတင် မကဘဲ ဟယ်ယင်အာ၊ လီလဲ့ဖိန်၊ လင်းပေ့ တို့လည်း မျက်နှာ ပြောင်းလဲသွားပြီး အဲဒီနေရာကိုပဲ လှမ်းကြည့်လိုက်ကြသည်။
"ဘာဖြစ်တာလဲ တစ်ခုခု ဖြစ်လို့လား"
ကျိုးဒန် ပတ်ဝန်းကျင်ကို ကြည့်ပြီး ဇဝေဇဝါ ဖြစ်သွားသည်။
ဝမ်ချာလင်း မျက်မှောင်ကြုတ်လိုက်သည်။ သူလည်း မသေချာဘူး။
သူက တစ္ဆေဆရာ မဟုတ်တော့ သဘာဝလွန် အာရုံခံစားမှု သိပ်မကောင်းဘူးလေ။
"ဖိန်အန်းမျှော်စင်... ပြိုကျသွားပြီ"
ယန်ကျန့် ပြောလိုက်သည်။ နဖူးပေါ်က တစ္ဆေမျက်လုံးက ဂနာမငြိမ် လှုပ်ရှားနေပြီး အဝေးကို စူးစိုက်ကြည့်နေသည်။