← Chapters

အင်ပါယာရဲ့ အိမ်တော်ကြီးတွေကို ဝိုင်းလိုက်

Vol. 1 Ch. 265

အင်ပါယာရဲ့ အိမ်တော်ကြီးတွေကို ဝိုင်းလိုက်

Vol. 1 Ch. 265

အင်ပါယာ နန်းတော်ကို အင်ပါယာအစောင့် ငါးသောင်းက စောင့်ကြပ်၍ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် လက်ရွေးစင် စစ်သူကြီး ဆယ်ယောက် ရှိသည်။ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ပဉ္စမအဆင့်နှင့်အထက် စစ်သူကြီးမှာ အယောက်တစ်ရာရှိ၍ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့် တပ်မှူး အယောက်တစ်ထောင် ရှိသည်။

မင်းသမီးလင်းရွှယ်သည် ကံတရားကို လောင်းကြေးထပ်၍ ကျန်းရီကို ယုံကြည်လိုက်ကာ ထိုစစ်သည် ငါးထောင်ကို အမိန့်ပေးနိုင်သည့် အာဏာအား လွှဲပြောင်း ပေးခဲ့သည်။ ကျန်းရီတစ်ယောက် သာလျှင် မြေခွေးလေးကို မြင်ဖူးသည်။ ကျန်းရီတို့လူစုသည် မြေခွေးလေးကို ရှာဖွေနေသည်မှာ အချိန်အတော် ကြာခဲ့ပြီ ဖြစ်သည်။ ထို့ပြင် ကျန်းရီသည် ကင်းထောက်သံတမန်ဖြစ်ရာ သူမတို့ အင်ပါယာမှ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။ ထို့ကြောင့် သူမသည် ကျန်းရီကို ယုံကြည်လိုက်ခြင်း ဖြစ်လေသည်။

ကျန်းရီသည် စစ်တပ်ရေးရာ ကိစ္စများတွင် သိပ်မကျွမ်းကျင်ပေ။ ထို့ကြောင့် သူသည် လက်ရွေးစင် စစ်သူကြီး ဆယ်ယောက်ကို စုဝေးခိုင်းကာ မြေအောက်ကီလိုမီတာ သုံးဆယ်အပါအဝင် မြို့ကို နေရာလပ်မကျန် ရှာဖွေခိုင်းလိုက်သည်။ သံသယဝင်စရာ လူတစ်ယောက် တွေ့ပါကလည်း ချက်ချင်း ဖမ်းဆီးရမည်၊ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် သတ္တမအဆင့်နှင့် အထက်လူများ၏ အမည်များကို မှတ်တမ်းတင်ရမည်၊ မရင်းနှီးသည့် လူများ တွေ့လိုက်ပါလျှင်လည်း ဖမ်းဆီးရမည်ဟု အမိန့်ပေးလိုက်သည်။

ကျန်းရီ အမိန့်ထုတ်လိုက်လေလျှင် ကြယ်ကောင်းကင် တစ်မြို့လုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။ နတ်ဆိုးသားရဲ စစ်တပ်သည် မြို့ထံ ရောက်လာတော့မည် ဖြစ်ရာ လူတိုင်းသည် နာနာခံခံနှင့် ပူးပေါင်းဆောင်ရွက် ပေးကြသည်။ ငါးသောင်းသော စစ်သည်တို့လည်း မြို့ကိုလှည့်လည် စစ်ဆေးနေချိန်တွင် စစ်သူကြီးတစ်ဦးသည် တပ်စုတစ်ခုကို ဦးဆောင်၍ မြေအောက်ဥမင်များစွာ တူးကာ သေချာ ရှာဖွေနေခဲ့သည်။

တစ်ညတည်း၌ မြေအောက်တွင် ရှာဖွေကြသည့် တပ်စုထံမှ အားတက်စရာ သတင်းတစ်ခု ရလာခဲ့သည်။ ကြယ်ကောင်းကင်မြို့၏ အောက်ဘက်တွင် လောလောလတ်လတ် တူးထားသည့် ဥမင်တစ်ခု တွေ့ရှိခဲ့သည်၊ မြေအောက်တားမြစ် အစီအရင်များတွင်လည်း အပေါက်တစ်ခု တွေ့ခဲ့ရသည်ဟု ဆိုသည်။ တစ်စုံတစ်ယောက်သည် စွမ်းအင်တစ်ခုခုကို သုံး၍ တားမြစ်အစီအရင်ကို ဖျက်ဆီးကာ မြို့တွင်းသို့ ခိုးဝင်လာကြောင်း ထင်ရှားသည်။

"ရှာကြ၊ ရှာကြ...တစ်နေရာမှ မကျန်စေနဲ့၊ အဲ့လူတွေကိုရှာ"

မြေခွေးလေးသည် မည်သည့်နေရာမှ မသွားဘဲ မြို့ထဲတွင်သာ ရှိနေသေးကြောင်း ကျန်းရီပို၍ သေချာသွားခဲ့သည်။ မြေခွေးလေး အသက်ရှင်နိုင်ချေလည် ပိုများလေသည်။ မသမာသူတို့သည် နတ်ဆိုးသားရဲ စစ်တပ်ကြီးအား ကြယ်ကောင်းကင်မြို့ထံ ကျူးကျော်စေချင်လျှင် မြေခွေးလေးအား အသက်ရှင်လျက် ထား၍ မြို့ထဲတွင် ဝှက်ထားရန် လိုလေသည်။

အင်ပါယာစစ်သည် ငါးသောင်းသည် မြို့ကို တစ်ရက်နှင့်တစ်ည ဆယ်ကြိမ်တိုင် ပိုက်စိပ်တိုက် ရှာဖွေခဲ့ပြီးနောက်  မင်္သကာစရာ လူထောင်ပေါင်းများစွာကို ဖမ်းမိခဲ့သည်။ သို့သော် အဖမ်းခံရသူများကို စစ်ဆေးပြီးသော်လည်း မည်သည့် သဲလွန်စမှ မရခဲ့ပေ။

"ဒါက မဖြစ်နိုင်ဘူး"

ကျန်းရီ၊ ကျောင်းအုပ်ချီနှင့် ကျန်လူများသည် ခန်းမတစ်ခုထဲတွင် စုဝေးနေကြသည်။ သတင်း အားလုံးကို စုစည်းပြီးနောက် လူတိုင်းသည် သံသယဝင်လာကြသည်။

မိုးပြာနဂါးအင်ပါယာမှ ဒုကျောင်းအုပ် တစ်ယောက်သည် မျက်တောင် တဖျတ်ဖျတ်ခတ်ကာ မယုံကြည်သလို မေးလာခဲ့သည်။

"ကျန်းရီ...အဲဒီမြေခွေးလေးက တကယ်ပဲ ကြယ်ကောင်းကင် မြို့ထဲမှာလား၊ ငါတို့ ဒီလောက် သေချာရှာနေတာ ဘာလို့မတွေ့ရတာလဲ"

"အမှန်ပဲ"

ဆူးပန်းပွင့်ပြာ သင်တန်းကျောင်းမှ ဒုကျောင်းအုပ် ဖြစ်ဟန်ရသော စွဲဆောင်မှု ရှိလှသည့် အမျိုးသမီးသည်လည်း ဝင်ပြောလာခဲ့သည်။

"အင်ပါယာစစ်သည် ငါးသောင်းက ရှာနေတာ၊ ကြယ်ကောင်းကင်မြို့ ဘယ်လောက်ကြီးကြီး သူစိမ်းတစ်ယောက် လောက်တော့ တွေ့ရမှာပဲ... စိတ်ဝိညာဉ်မျောလွင့် ခရီးသည် သတ္တမ အဆင့်ထက်မြင့်တဲ့သူ နည်းနည်းပဲရှိတာ၊ မြို့ထဲမှာ ဘယ်လိုများ ပုန်းနေနိုင်မှာလဲ"

"ဒီမှာပဲ သေချာပေါက်ရှိတယ်"

ကျန်းရီသည် အခိုင်အမာ ဆိုလိုက်သည်။ သူ့တွင် မြေခွေးလေး မြို့ထဲတွင်သာ ရှိနေကြောင်း သေချာသည့် ခံစားချက်တစ်မျိုး ရနေသည်။ သူသည် လက်ရွေးစင် စစ်သူကြီးဆယ်ဦးထဲမှ တစ်ဦးအား ကြည့်ကာ မေးလိုက်သည်။

"မြို့ထဲမှာ မရှာရသေးတဲ့ နေရာ ရှိသေးလား"

"တခြားနေရာ မရှိတော့ဘူး"

ထိုသူသည် ဘေးပတ်လည်ကို ကြည့်လိုက်ပြီးနောက် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"အင်ပါယာနန်းတော်၊ မင်းသားခြောက်ယောက်နဲ့ မင်းသမီး ခြောက်ယောက်ရဲ့ အိမ်တော်တွေက လွဲပြီး.... တော်ဝင်နန်းတော်က အစောင့်အကြပ်တွေနဲ့ ပြည့်နေတယ် ဘယ်သူမှ ကျူးကျော်ရဲမှာ မဟုတ်ဘူး... မင်းသား၊ မင်းသမီးတွေရဲ့ အိမ်တော်တွေကျတော့ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံး အဆင့်တွေ စောင့်ကြပ်ပြီး နေ့ရော၊ညပါ ကင်းလှည့်နေတဲ့ လျှို့ဝှက်အစောင့်တွေလည်း ရှိတယ်... အဲ့လူတွေ ဘယ်လောက်အစွမ်းရှိရှိ ခိုးဝင်ပြီး ရက်တွေအကြာကြီး နေနေနိုင်မှာ မဟုတ်ဘူး"

"အဲ့နေရာတွေကို သွားရှာကြ"

ကျန်းရီ၏ မျက်လုံးများထဲတွင် ကျောချမ်းစရာ အငွေ့အသက်တို့ ပြည့်နေပြီး အော်ဟစ် လိုက်သည်။

"ချက်ချင်း စစ်တပ်ကို စုဝေးပြီး မင်းသား၊ မင်းသမီးတွေရဲ့ အိမ်တော်ကို ရှာခိုင်းလိုက်"

လက်ရွေးစင် စစ်သူကြီးဆယ်ဦးသည် ကျန်းရီ သူတို့အား မင်းသား၊ မင်းသမီးများ၏ အိမ်တော်များကို ဝိုင်းစေချင်ကြောင်း ကြားရသည့်အခါ ဆွံ့အ သွားကြသည်။ ကျန်းရီ ပုန်ကန် ချင်နေသည်လော၊ သူ့တွင် သတ္တိရှိသော်လည်း သူတို့စစ်သူကြီးများတွင် သတ္တိမရှိပေ။ ထိုသူများသည် ဧကရာဇ်၏ သားတော်၊ သမီးတော်များ ဖြစ်ကြလေသည်။

လက်ရွေးစင် စစ်သူကြီးတစ်ဦးသည် အရှက်ပြေနှာခေါင်းပွတ်၍ ပြောလာခဲ့သည်။

"ကင်းထောက် သံတမန်ကျန်း...မင်းကြီးရဲ့ အမိန့်စာမပါဘဲ ဘယ်သူမှ မင်းသား၊ မင်းသမီးတွေရဲ့ အိမ်တော်ကို ဝင်ခွင့်မရှိဘူး၊ အဲ့နေရာတွေကို ရှာချင်ရင် မင်းကြီးဆီက အမိန့်စာ တောင်းဆိုဖို့ပဲ ရှိတယ်"

"မင်းကြီး ဟုတ်လား"

ကျန်းရီ၏ မျက်ခုံးနှစ်ဖက် ပင့်တက် သွားခဲ့သည်။ သူအင်ပါယာနန်းတွင်းထဲ အကြိမ်အနည်းငယ် ရောက်ဖူးသော်လည်း ဧကရာဇ်သည် တစ်ကြိမ်မှ ကိုယ်ထင်ပြလာခြင်း မရှိခဲ့ပေ။ အခြေအနေသည် သေရေးရှင်ရေး ဖြစ်နေသော်လည်း မင်းသမီး လင်းရွှယ်ကသာ တာဝန်ယူ ဦးစီးနေခဲ့သည်။ သူသည် ထိုဧကရာဇ်၏ တည်ရှိမှုကိုပင် သံသယဝင်နေပြီ ဖြစ်သည်။

ကျန်းရီသည် အတွေးထဲနစ်နေခဲ့ပြီးနောက် မေးမြန်းလိုက်သည်။

"မင်းသမီးလင်းရွှယ်ရဲ့ အမိန့်ရရင်ရော သူတို့ရဲ့အိမ်တော်တွေကို ရှာလို့ရပြီလား"

"သေချာပေါက် ရတာပေါ့"

လက်ရွေးစင်စစ်သူကြီးသည် ခေါင်းညိတ်လိုက်သည်။

"မင်းသမီးလင်းရွှယ်က ကိုယ်စားအုပ်ချုပ်သူ ဖြစ်တယ်၊ ဒါကြောင့် သူမရဲ့အမိန့်က ဧကရာဇ်ရဲ့ အမိန့်နဲ့ အတူတူပဲ...သူမသာ အမိန့်ထုတ်ပေးရင် မင်းသား၊ မင်းသမီးတွေရဲ့ အိမ်တော်တွေကို ချက်ချင်း သွားရှာလို့ရတယ်"

"ကောင်းပြီ...ငါအခုပဲ သွားတောင်းဆိုလိုက်မယ်"

ကျန်းရီသည် နဂါးလင်းယုန်ကြီးကို ဆင့်ခေါ်ကာ နန်းတော်ရှိရာ ပျံသန်း သွားခဲ့သည်။ ထို့နောက် မင်းသမီးလင်းရွှယ်၏ ရွှယ်ယွဲ့နန်းဆောင် အရောက်တွင် နဂါးလင်းယုန်ကြီးအား ဆင်းသက် စေလိုက်သည်။

"ဘာ...ရှင်က ကျွန်မ အစ်ကိုတော်၊ အစ်မတော်တွေရဲ့ အိမ်တော်တွေကို ရှာချင်တယ် ဟုတ်လား"

ကျန်းရီ၏ တောင်းဆိုချက်ကိုကြားသော် မင်းသမီးလင်းရွှယ်၏ မျက်ခုံး လှလှလေးများ ကျုံ့သွားကြသည်။ သူမသည် နှုတ်ခမ်းဆူကာ ပြောလာခဲ့သည်။

"သူတို့အိမ်တော်တွေကို စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံး အဆင့်တွေက အချိန်ပြည့် စောင့်ကြပ်နေတယ်၊ ပုံမှန်လူတွေ ကျူးကျော်နိုင်မှာ မဟုတ်ဘူး... သူတို့အိမ်တော်တွေကို ရှာဖို့ မလိုလောက်ဘူး မလား"

ကျန်းရီ နှာခေါင်းရှုံ့လိုက်သည်။

"ပုံမှန်အခြေအနေဆိုရင်တော့ အဲ့လူတွေ သေချာပေါက် ဝင်နိုင်မှာ မဟုတ်ဘူး၊ ကျွန်တော် စိုးရိမ်တာက သူလျှိုတစ်ယောက် ရှိနေမှာစိုးတာပဲ"

"သူလျှိုဟုတ်လား"

မင်းသမီးလင်းရွှယ်၏ ဆွဲဆောင်မှုရှိသော မျက်နှာလေးမှာ အေးစက်သွားပြီး ခြိမ်းခြောက်သည့် လေသံနှင့် ဆိုလာခဲ့သည်။

"ကျွန်မရဲ့ အစ်ကိုတော်၊ အစ်မတော်တွေက ကြိုးကိုင်သူနဲ့ ပူးပေါင်း ထားတယ်လို့ ရှင်ပြောနေတာလား... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ကြယ်ကောင်းကင်မြို့ ပျက်စီးသွားရင် သူတို့လည်း သေရမှာပဲလေ...မဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး၊ ကျန်းရီ...ရှင်စကားကို သတိထားပြောပါ"

"ခြီး..."

ကျန်းရီသည် ရယ်ချလိုက်ပြီး ပခုံးတွန့်လိုက်သည်။

"ကျွန်တော့်ကို မယုံမှတော့ ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး၊ ဒီကင်းထောက် သံတမန်ဆိုတာလည်း ကျွန်တော်ဆက်မလုပ်ချင်ဘူး... ကျွန်တော့်လူတွေကို ခေါ်ပြီး ထွက်သွား ပါတော့မယ်၊ မင်းသမီး...ဂရုစိုက်ပါ"

စကားဆုံးသည်နှင့် ကျန်းရီသည် တံဆိပ်ပြား၊ တံဆိပ်တုံးနှင့် ရွှေဓားတို့ကို ထုတ်ကာ စားပွဲပေါ် တင်လိုက်သည်။ ထို့နောက်သူသည် တည်ငြိမ်စွာ လှည့်ထွက်လာခဲ့သည်။ မင်းသမီး လင်းရွှယ်သည် သူ့ကိုမယုံရာ သူကလည်း ဝင်မစွက်ဖက်သင့်တော့ပေ။

ထိုလူများ အင်ပါယာ၏ အိမ်တော်ကြီးများထဲတွင် ပုန်းနေနိုင်သည်ဟူသော သူ့သံသယသည် မစဉ်းမစားပဲ ပြောချလိုက်ခြင်း မဟုတ်ပါချေ။ သူသည် ဤဖြစ်ရပ်၏ နောက်ကွယ်တွင် ကျန်းပိုင်လီ ရှိနေသည်ဟု ခန့်မှန်းမိသော်လည်း သူ့အဖေအကြောင်းကို သူသေချာမသိပေ။ သူသည် ကျန်းပိုင်လီ လုပ်ခဲ့သော အရာများကိုသာ ကြားဖူးခြင်း ဖြစ်လေသည်။

ကျန်းပိုင်လီ၏ စွမ်းရည်များသည် အလွန်ကြောက်စရာ ကောင်းသည်။ သူသည် အသက်လေးဆယ် အရွယ်၌ပင် နယ်မြေ၏ အတော်ဆုံး သိုင်းသမား ဆယ်ဦးထဲမှ တစ်ယောက် ဖြစ်နေပြီးနှင့်သည်ကို ကြည့်ပါက သူမည်မျှ အစွမ်းထက်ကြောင်း သိနိုင်လေသည်။ ကျန်းရီ၏ အမြင်တွင် ကျန်းပိုင်လီသည် သူ့သိုင်းစွမ်းရည်များကြောင့် ကြောက်ဖို့ကောင်းခြင်း မဟုတ်ဘဲ ဉာဏ်ရည်ကြောင့် ကြောက်ဖို့ကောင်းနေခြင်း ဖြစ်သည်။

သူသည် အနောက်ဘက်နယ်စပ်မြို့စား လော့ကဲအရှင် မဖြစ်မီကပင် စစ်သည်များကို ဦးဆောင်၍ စစ်တိုက်ခဲ့သည်မှာ ရှုံးပွဲမရှိခဲ့ပေ။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်က သူသည် ရှားနိုင်ငံ၏ စစ်သည်သိန်းချီကို နှိမ်နင်းခဲ့ပြီး ရှားနိုင်ငံကို သိမ်းပိုက်နိုင်လုနီးပါး ဖြစ်သည်အထိ တိုက်ခိုက်ခဲ့သည်။

သူအနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်ဖြစ်လာပြီးနောက် ရှန်ဝူနိုင်ငံတွင် လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုကလို တိုက်ပွဲများ မရှိတော့ပေ။ လူတိုင်းသည် ကျန်းပိုင်လီ၏ ဉာဏ်ပညာကို မေ့လျော့ နေခဲ့ကြသည်။ လူတိုင်းသည် သူ၏ သိုင်းအစွမ်းကိုသာ အာရုံစိုက်နေကြရာ သိုင်းပညာတာအို၏ ထိပ်ဆုံးတွင် ရှိနေသူဟုတောင် ထင်မှတ်ခဲ့ရသည့် လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုအကြာက ကျန်းပိုင်လီမှာ တိမ်မြုပ်စ ပြုနေခဲ့သည်။

ကျန်းရီသည် ဤဖြစ်ရပ်၏ နောက်ကွယ်မှ ကြိုးကိုင်သူမှာ ကျန်းပိုင်လီ ဖြစ်ကြောင်း ခန့်မှန်းမိသည်နှင့် သူ၏ ဂုဏ်သရေထွန်းပြောင်ခဲ့သော တိုက်ပွဲများ၏ မှတ်တမ်းကိုပါ စဉ်းစားမိ လိုက်သည်။ ကျန်းပိုင်လီသည် သတ္တိနှင့် ရည်မှန်းချက်ကြီးကြီးတို့ ရှိရာ အရာရာကို ထောင့်ပေါင်းစုံမှ ကြိုမတွေးထားဘဲ နေပါမည်လော။

အင်ပါယာ၏ မင်းသား၊ မင်းသမီးများသည် အပြင်လူနှင့် ပူးပေါင်း၍ အင်ပါယာကို အကွက်ချကြံစည်လိမ့်မည်ဟု မည်သူကမှ ထင်ကြမည် မဟုတ်ပေ။ ထို့ကြောင့် ထိုလူများသည် အင်ပါယာ မင်းသား၊မင်းသမီးများ၏ အိမ်တော်ထဲတွင် ပုန်းနေပါက အလုံခြုံဆုံး ဖြစ်သည်။ ထို့ကြောင့် ထိုလူများသည် အင်ပါယာ၏ အိမ်တော်ကြီးများ တစ်ခုခုတွင် ပုန်းအောင်းနေရမည်ဟု ကျန်းရီ တွေးလိုက်ခြင်း ဖြစ်သည်။

"ကျန်းရီ..."

ကျန်းရီ လှည့်ထွက်သွားသည်ကိုမြင်လျှင် မင်းသမီးလင်းရွှယ်၏ မျက်နှာလှလှလေး စတင်ပျက်ယွင်းလာခဲ့သည်။ သူမသည် ကျန်းရီ၏ နာမည်ကို ခေါ်လိုက်သော်လည်း ကျန်းရီသည် မည်သို့မှ မတုံ့ပြန်ဘဲ ဆက်လျှောက် သွားခဲ့သည်။ သူမသည် စိတ်လှုပ်ရှားသွားကာ ကျန်းရီကို အော်ခေါ်လိုက်သည်။

"ကျန်းရီ...နေဦး၊ ကျွန်မ အမိန့်စာထုတ်ပေးမယ်...ရှင်လုပ်ချင်တာကို လုပ်နိုင်တယ်၊ အရမ်းကြီး မလွန်သွားစေဖို့ပဲ ကျွန်မမျှော်လင့်တယ်...သူတို့တွေက လင်းရွှယ်ရဲ့ မိသားစုတွေမို့"

*****

All Chapters