ဖြစ်တည်မှု၏ အဓိပ္ပာယ်
Vol. 32 Ch. 393
ရိုင်းစိုင်းတဲ့ ရယ်သံတွေ ကြားမှာ ဝိညာဉ် အခြေအနေနဲ့ လူတစ်ယောက် မြေအောက်ကနေ ပျံတက်လာခဲ့လေသည်။
သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားတဲ့ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတွေက ကျန်းပေရန် မြင်ဖူးသမျှ ဘယ်လက်စားချေ ဝိညာဉ်ထက်မဆို ပိုသိပ်သည်းနေလေသည်။
"ဟားဟားဟားဟား ဖေ့ရှင်း..."
ကြောက်မက်ဖွယ် ဝိညာဉ်ရဲ့ ရယ်သံ ရုတ်တရက် ရပ်တန့်သွားလေသည်။
သွေးရောင်လွှမ်းနေတဲ့ မျက်လုံးတစ်စုံက ကျန်းပေရန် ဘက်ကို လှည့်ကြည့်ပြီး မေးခွန်းထုတ်လိုက်လေသည်။
"မင်းက ဘယ်သူလဲ"
ကြောက်မက်ဖွယ် ဝိညာဉ်ရဲ့ လုံးဝ အံ့အားသင့်နေတဲ့ မျက်နှာထားကို ကြည့်ပြီး ကျန်းပေရန် ပြန်ပြုံးပြလိုက်လေသည်။
သူ ဘယ်လို ဖြေရမလဲ။ ကျွန်တော်က လမ်းကြုံ ဝင်လာတာပါ လို့ ပြောရမလား။
ဒါမှမဟုတ် ကျွန်တော့် ညီလေးနဲ့ အတူ လာကြည့်တာပါ လို့ ပြောရမလား။
လေထဲမှာ ကြောက်မက်ဖွယ် ဝိညာဉ်က သူ့ဘာသာသူ စိတ်လှုပ်ရှားလာပြီး ကျန်းပေရန်ကို လက်ညှိုးထိုးကာ ဟိန်းဟောက်လိုက်လေသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ နိမိတ်ဖတ်ချက် ထဲမှာ မင်း လုံးဝ မပါဘူး မင်း ဒီမှာ မရှိသင့်ဘူး ပြီးတော့ မင်း ဒီမှာ ရှိနေဖို့ လုံးဝ မဖြစ်နိုင်ဘူး"
ကြောက်မက်ဖွယ် ဝိညာဉ်က စိတ်ဖောက်ပြန်နေတာကို ကြည့်ပြီး ကျန်းပေရန်က သူ့ကို ဘယ်လို ကောင်းကောင်း ဆက်သွယ်ရမလဲ စဉ်းစားနေတုန်း အဲ့ဒီ ဝိညာဉ်က အောက်ကို ဒိုင်ဗင်ထိုးဆင်းသွားပြီး သူ့ပစ်မှတ်က ခုနစ်လေး ဆီ တည့်တည့် ဦးတည်နေတာ တွေ့လိုက်ရလေသည်။
"နေဦး"
ကျန်းပေရန်က သူ့ရဲ့ ဝိညာဉ်အာရုံကို သုံးပြီး ကြောက်မက်ဖွယ် ဝိညာဉ်ကို ထိန်းချုပ်ကာ လေထဲမှာ ရပ်တန့်လိုက်လေသည်။
"ငါတို့ ဆွေးနွေးလို့ ရပါတယ် ငါ့ရှေ့မှာတင် ကိုယ်ခန္ဓာကို သိမ်းပိုက်ဖို့ ကြိုးစားတာက နည်းနည်း ရိုင်းပြရာ မကျဘူးလား"
မြဲမြံစွာ ပိတ်ဆို့ခံလိုက်ရတဲ့အခါ ကြောက်မက်ဖွယ် ဝိညာဉ်က ထပ်ပြီး ရူးသွပ်သွားလေသည်။
"ဒီလို မဖြစ်သင့်ဘူး ဒီလို မဖြစ်သင့်ဘူး ဒီလို လုံးဝ မဖြစ်သင့်ဘူး"
သူ့ရဲ့ ဟိန်းဟောက်သံတွေ ကြားမှာ ကြောက်မက်ဖွယ် ဝိညာဉ်က အနီရောင် မြူခိုးတိမ်တိုက် အဖြစ် ပြောင်းလဲသွားပြီး လေထဲ ပျောက်ကွယ်သွားလေသည်။
'အာ ဒါအကုန်ပဲလား'
ကြောက်မက်ဖွယ် ဝိညာဉ်က ဒီလိုပဲ ပျောက်ကွယ်သွားတာ ကြည့်ပြီး သူ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုက ညံ့ဖျင်းတာလား ဖိအားကို ခံနိုင်ရည် ရှိမှုက အားနည်းတာလား ကျန်းပေရန် မပြောတတ်တော့ပေ။
မတော်တဆမှု သေးသေးလေး တစ်ခုနဲ့တင် သူ့စိတ်ဓာတ် ပျက်စီးသွားတယ် ဆိုတော့ သူ ဘယ်လိုလုပ် ကြီးကျယ်တဲ့ အရာတွေ ပြီးမြောက်နိုင်မှာလဲ။
တောက်လျှောက်လုံး ကြောင်တောင်တောင် ဖြစ်နေခဲ့တဲ့ ခုနစ်လေးက နောက်ဆုံးတော့ သတိပြန်ဝင်လာပြီး သတိထား မေးလိုက်လေသည်။
"အစ်ကိုဝမ်... ခုနက အရာက ဘာလဲ"
"အဲ့ဒါ အရေးမကြီးပါဘူး မင်း လုပ်စရာ ရှိတာ ဆက်လုပ်ပါ"
ကျန်းပေရန်ရဲ့ တုံ့ပြန်မှုနဲ့ မတူဘဲ ခုနစ်လေးက ကြောက်မက်ဖွယ် ဝိညာဉ်ကို မြင်လိုက်တဲ့ အခိုက်အတန့်မှာ သူ့ဝိညာဉ် ပြင်းထန်စွာ တုန်ခါသွားတာ ခံစားလိုက်ရလေသည်။
အစ်ကိုဝမ်သာ သူ့ဘေးနားမှာ မရှိရင် သူ ခြေထောက်တွေ ပျော့ခွေပြီး မြေကြီးပေါ် လဲကျသွားလောက်ပြီ ဖြစ်သည်။
ဒါက ဖော်ပြလို့ မရနိုင်တဲ့ ကြောက်ရွံ့မှုမျိုး သားကောင်က မုဆိုးရဲ့ ဖမ်းဆီးခြင်း ခံလိုက်ရတဲ့ အခိုက်အတန့် လိုမျိုး….
မျှော်လင့်ချက် မဲ့လွန်းလို့ အော်တောင် မအော်နိုင်တော့ပေ။
အထူးသဖြင့် ကြောက်မက်ဖွယ် ဝိညာဉ်က သူ့ဆီ ဒိုင်ဗင်ထိုးဆင်းလာတဲ့ အခါမှာ ခုနစ်လေး သူ့ရင်ထဲမှာ ထိတ်လန့်မှုတွေ ပြည့်နှက်သွားသလို ခံစားလိုက်ရလေသည်။
အစ်ကိုဝမ်သာ ကြောက်မက်ဖွယ် ဝိညာဉ်ကို အချိန်မီ တားဆီးမပေးခဲ့ရင် သူ နေရာမှာတင် သတိလစ်သွားလောက်သည်။
ဒါပေမဲ့ အစ်ကိုဝမ်ရဲ့ ပေါ့ပေါ့ပါးပါး အဖြေကို ကြားလိုက်ရတော့ ခုနစ်လေး ရင်ထဲက ကြောက်ရွံ့မှုတွေ ချက်ချင်း ပျောက်ကွယ်သွားလေသည်။
သူ ခြေလှမ်းလှမ်းပြီး နန်းတော် အလယ်ဘက်ကို လျှောက်သွားလိုက်လေသည်။
ကျန်းပေရန် ကတော့ ဂရုမစိုက်နိုင်လောက်အောင် နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေပြီ ဖြစ်သည်။
သူ ပါဝင်ပတ်သက်နေပြီးပြီ ဖြစ်သလို စနစ်ကလည်း ဘာရွေးချယ်မှုမှ မပေးတာကြောင့် အစ်ကိုကြီး နေရာကနေ အဆုံးထိ သရုပ်ဆောင်ပြီး ခုနစ်လေးကို ဒီအတားအဆီး ကျော်ဖြတ်နိုင်အောင် ကူညီပေးလိုက်တာ ပိုကောင်းလေသည်။
စောစောက ကြောက်မက်ဖွယ် ဝိညာဉ်နဲ့ ပတ်သက်လို့တော့ အဲ့ဒါက ခုနစ်လေး အပေါ် မကောင်းတဲ့ ရည်ရွယ်ချက် ရှိတာ သေချာပေမယ့် ခုနစ်လေးကို ဒီနေရာ ရောက်လာအောင် ဦးဆောင်ခဲ့သူလို့ ကျန်းပေရန် မထင်ပေ။
အကြောင်းရင်းက ရိုးရှင်းပါသည်။
တကယ်လို့ သူက ခုနစ်လေးကို ဒီနေရာ ရောက်လာအောင် မျှားခေါ်ချင်တာ ဆိုရင် ဘာလို့ ဒီလောက် ရှုပ်ထွေးတဲ့ "စစ်ဆေးရေး ဂိတ်" တွေ အများကြီး ထားရှိခဲ့တာလဲ။
အစီအရင်တွေကို နားလည်ဖို့ လိုအပ်တယ် ပြီးတော့...
'ဟင်'
ဒါကို တွေးမိတော့ ကျန်းပေရန် ကြီးမားတဲ့ ပြဿနာ တစ်ခုကို ရုတ်တရက် သတိထားမိလိုက်လေသည်။
'ဒါက... ငါက သူ့ရဲ့ ကြီးထွားမှုကို အရှိန်မြှင့်ပေးနေတာများလား'
ဒီလို တွေးကြည့်ရင် အဲ့ဒီ "စစ်ဆေးရေး ဂိတ်" တွေက ခုနစ်လေးကို နောက်ပိုင်းမှ ဒီနေရာကို ရှာတွေ့စေဖို့ ရည်ရွယ်ချက် ရှိရှိ တည်ဆောက်ထားတာ ထင်ရှားနေလေသည်။
သာမန် ဇာတ်လမ်း အတိုင်း ဆိုရင် ခုနစ်လေးက ကျွန်းပေါ် ရောက်တဲ့အခါ မှတ်ဉာဏ်တချို့ နိုးထလာသင့်တယ် ပြီးတော့ အများဆုံး သူ ဂျူဇီမင် နဲ့ တွေ့ဆုံမိရုံလောက်ပဲ ဖြစ်သင့်သည်။
အဲ့ဒီနောက် သူတို့နှစ်ယောက်က လျှို့ဝှက်ဆန်းကြယ် အဝိုင်းပြား တစ်ခုကို မတော်တဆ တွေ့ရှိပြီး ဒီကျွန်းပေါ်မှာ သူ အရင်က ရောက်ဖူးတဲ့ နေရာ တစ်နေရာ ရှိတယ် ဆိုတာ အတည်ပြုနိုင်ရုံလောက်ပဲ ဖြစ်သင့်သည်။
အများဆုံးတော့ ဒါက နိဒါန်း ပျိုးထားတာလောက်ပဲ ဖြစ်မှာပါ။
ဒါပေမဲ့ သူ့ရဲ့ လုပ်ရပ်တွေကြောင့် အပိုင်း ၈၀ လောက် ရှိနိုင်တဲ့ ဇာတ်လမ်းတွဲ တစ်ခုလုံးကို သူ လုံးဝ ကျော်ဖြတ်ပစ်လိုက်သလို ဖြစ်သွားလေသည်။
ရွှေရောင် ဆေးအိုး ကျွန်း ပေါ်က လျှို့ဝှက်ဆန်းကြယ် အဝိုင်းပြားတွေ အားလုံးရဲ့ တည်နေရာကို ရှာဖွေတာပဲ ဖြစ်ဖြစ် ခုနစ်လေးကို စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှု ခံနိုင်ရည် ရှိအောင် အတင်းအကျပ် ကူညီပေးတာပဲ ဖြစ်ဖြစ်။
အားလုံးက ခုနစ်လေးကို ဒီ လျှို့ဝှက်ခန်းဆီ အချိန်မတိုင်ခင် ရောက်လာအောင် လုပ်လိုက်တာနဲ့ အတူတူပါပဲ။
'သောက်ကျိုးနည်း ငါက ဇာတ်လိုက်ရဲ့ လိမ်ညာမှု ဖြစ်သွားပါလား'
ကျန်းပေရန် ဒီအချက်ကို တကယ် မစဉ်းစားမိခဲ့ပေ။
အဓိက က ရွှေရောင် ဆေးအိုး ကျွန်း ရဲ့ လျှို့ဝှက်ချက်တွေကို သူ အရမ်း သိချင်လွန်းလို့ ခုနစ်လေးကို အဓိက ကိရိယာ အဖြစ် အသုံးပြုခဲ့မိတာကြောင့် ဖြစ်လေသည်။
အခု သူက လျှို့ဝှက်ချက် တစ်စိတ်တစ်ပိုင်းကို ဖော်ထုတ်နိုင်ခဲ့ပေမယ့် သူ နည်းနည်း နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်လွန်းနေပြီ ဖြစ်သည်။
တစ်ခုတည်းသော စိတ်သက်သာစရာက စနစ်က ခုနစ်လေးကို ကူညီတာနဲ့ ပတ်သက်ပြီး အစကနေ အဆုံးထိ ဘာရွေးချယ်မှုမှ မပြခဲ့တာပါပဲ ဆိုလိုတာက စနစ်က ဒီကိစ္စကို အန္တရာယ် ရှိတယ်လို့ မယူဆဘူး ဆိုတဲ့ သဘော ဖြစ်လေသည်။
ဒါတွေ အားလုံးကို ခွဲခြမ်းစိတ်ဖြာပြီးနောက် စောစောက ကြောက်မက်ဖွယ် ဝိညာဉ်ရဲ့ စကားတွေက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းလာခဲ့လေသည်။
'ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ နိမိတ်ဖတ်ချက် ထဲမှာ မင်း လုံးဝ မပါဘူး'
ဇာတ်လမ်းသာ ပုံမှန် အတိုင်း ဖြစ်ခဲ့ရင် ခုနစ်လေးက ဒီ လျှို့ဝှက်ခန်းကို ဂိမ်းနှောင်းပိုင်းလောက်မှ ရောက်လာသင့်တာ။
အဲ့ဒီ အခြေအနေ ဆိုရင် ဒီ ကြောက်မက်ဖွယ် ဝိညာဉ်က အဆင့် အရမ်း မြင့်မားနေသင့်တယ် မဟုတ်ရင် သူက ဇာတ်လိုက်နဲ့ ယှဉ်ပြိုင်ဖို့ ထိုက်တန်တဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ပေ။
ပြီးတော့ သူ့ရဲ့ မြင့်မားတဲ့ အဆင့်က သူ ယုံကြည်တဲ့ နိမိတ်ဖတ်ချက်ကလည်း အရည်အသွေး မြင့်မားတယ် ဆိုတာ ပြသနေသည် အနည်းဆုံးတော့ ကူလျန်ရမ်း လောက် စွမ်းရည်ရှိတဲ့ ဗေဒင်ဆရာ တစ်ယောက်က ဟောကိန်းထုတ်ထားတာ ဖြစ်လောက်သည်။
'ဒါဆို ငါ ရောက်လာတာက ဒီတိုက်ကြီးရဲ့ မူလ ဖွံ့ဖြိုးတိုးတက်မှုကို အနှောင့်အယှက် ဖြစ်စေခဲ့တာလား'
ဒီလို တွေးမိတော့ ကောင်းကင်တာအို က သူ့ကို ဘာလို့ ဒီလောက် ပစ်မှတ်ထားနေလဲ ဆိုတာ ကျန်းပေရန် ကောင်းကောင်း နားလည်သွားလေသည်။
သူ့ကို ပိုးကောင် တစ်ကောင်လို သဘောထားပြီး ရှင်းထုတ်ဖို့ ကြိုးစားနေတာကိုး။
'လီးပဲ ငါက ဒီကို လာချင်လို့ လာခဲ့တာမှ မဟုတ်တာ'
ကျန်းပေရန် ရုတ်တရက် အလွန် နစ်နာသလို ခံစားလိုက်ရလေသည်။
သူက ဆိုရှယ်လစ်စနစ်ရဲ့ ဆက်ခံသူ တစ်ယောက် အနေနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်နေခဲ့တာ ဒီကို အကြောင်းပြချက် မရှိဘဲ ဆွဲခေါ်ခံရတာ တစ်ခုတည်းတင် မကဘူး အခု ကောင်းကင်ဘုံက သူ့ကို သတ်ဖို့ နည်းလမ်းပေါင်းစုံနဲ့တောင် ကြိုးစားနေသေးသည်။
'ငါ ဘယ်သူ့ကို ရန်စမိလို့လဲ'
'တောက် ဒီ ကောင်းကင်ဘုံက ငါ့ကို သည်းမခံနိုင်ရင် ငါကလည်း ဆန့်ကျင်... ထားလိုက်ပါ ထားလိုက်ပါ စတာပါ စတာပါ'
'ဒါပေမဲ့ အဲ့ဒါလည်း မဟုတ်သေးဘူး...'
ကူလျန်ရမ်း ရဲ့ နိမိတ်ဖတ်ချက်ကို ကျန်းပေရန် ရုတ်တရက် ပြန်သတိရလိုက်လေသည်။
အဲ့ဒါက ကောင်းကင်တာအို က ပြင်ဆင်ထားတဲ့ နိဒါန်းပျိုးမှု ဆိုတာ သိသာနေလေသည်။
မဟုတ်ရင် ဘာလို့ ရှီဖုန်းလန်ကို စိတ်နှလုံးပြန်ဂိုဏ်း ဆီ ပို့လိုက်မှာလဲ။
တစ်နည်းအားဖြင့် ပြောရရင် ကောင်းကင်တာအိုက သူ ဒီတိုက်ကြီးကို ရောက်လာမယ် ဆိုတာ ကြာကတည်းက သိထားပြီး သူ့အပေါ် ကြိုတင် ပြင်ဆင်မှုတွေ အများကြီး လုပ်ထားပြီးသား ဖြစ်လေသည်။
'ဒါမှမဟုတ်... အဲ့ဒီ ကြောက်မက်ဖွယ် ဝိညာဉ်ရဲ့ ခေတ်တုန်းက ငါ ပေါ်လာမယ် ဆိုတာ ကောင်းကင်တာအို မသိသေးတာများလား'
ဒီလို တွေးလိုက်တော့ ပိုပြီး အဓိပ္ပာယ် ရှိတယ်လို့ ကျန်းပေရန် ခံစားမိလေသည်။
ကောင်းကင်တာအိုက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ ဒါမှမဟုတ် သောင်းပေါင်းများစွာ ကတည်းက နိဒါန်းပျိုးမှုတွေ မရေမတွက်နိုင်အောင် ချထားခဲ့ပြီး နောင်လာနောက်သားတွေ ဖော်ထုတ်ဖို့ စောင့်ဆိုင်းနေခဲ့တာ။
ဒါပေမဲ့ သူလို ပိုးကောင် တစ်ကောင် ပေါ်လာတော့ သူ့ကို ပြင်ဆင် ဖို့ ဒီလောက် စိတ်လောနေတာ ဖြစ်မည်။
သူ့ရဲ့ အတိတ် အတွေ့အကြုံတွေကို ပြန်စဉ်းစားကြည့်တော့ ဇာတ်လိုက် ကံကြမ္မာ ပါတဲ့ လူ သုံးယောက်နဲ့ သူ တွေ့ဆုံခဲ့ပြီးပြီ ဆိုတာ ကျန်းပေရန် သတိထားမိလိုက်လေသည်။
သူတို့ အားလုံးမှာ ကောင်းကင်တာအို စီစဉ်ထားတဲ့ ဇာတ်ညွှန်းတွေ မူလက ရှိခဲ့နိုင်ပေမယ့် သူတို့ အားလုံး သူ့ရဲ့ လွှမ်းမိုးမှုကို အတိုင်းအတာ တစ်ခု အထိ ခံခဲ့ရလေသည်။
အဲ့ဒါသာ အမှန်ဆိုရင် သူ့ကို ဒီကမ္ဘာဆီ ဘယ်သူက ပို့လိုက်တာလဲ ပြီးတော့ ဒီအဖြစ်အပျက် အားလုံးထဲမှာ စနစ်က ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်နေတာလဲ။
ရှုပ်ထွေးနေပြီ လုံးဝ ရှုပ်ထွေးနေပြီ။
ဒါတွေကို ကျန်းပေရန် အရင်က စဉ်းစားဖူးပေမယ့် ဘယ်က စရှင်းရမလဲ မသိတာကြောင့် နည်းနည်း စဉ်းစားပြီးရင် လက်လျှော့လိုက်လေ့ ရှိသည်။
ဒီတစ်ခါ သူက သဲလွန်စ အနည်းငယ် ရုတ်တရက် ဖမ်းမိလိုက်တာကြောင့် တွေးတောမှုထဲ နောက်တစ်ကြိမ် နစ်မြုပ်သွားရပြန်လေသည်။
ဒီကမ္ဘာပေါ်မှာ ငါ့ ဖြစ်တည်မှုရဲ့ အဓိပ္ပာယ်က ဘာလဲ။
ဒါပေမဲ့ ခဏကြာတော့ ကျန်းပေရန် စိတ်ထဲကနေ ပန်းသီး တစ်လုံးကို မြေကြီးပေါ် ပြင်းပြင်းထန်ထန် ပေါက်ချလိုက်လေသည်။
'ငါက ဒီမှာ ဒဿနပညာရှင် လုပ်ဖို့ ရောက်နေတာလား'
ဒီလို မေးခွန်းမျိုးတွေ စဉ်းစားရတာ အရမ်း ပင်ပန်းလွန်းသည်။
ဘာပဲဖြစ်ဖြစ် ဒီအခြေအနေက ကြာခဲ့ပြီ ပြီးတော့ သူ့ဘဝက ပိုပိုကောင်းလာနေတာပဲ။
ဒီလိုပဲ ဆက်နေထိုင်သွားတာ အဆင်ပြေပါတယ်။
အနာဂတ် အတွက်တော့ အဲ့ဒီ အခြေအနေ ရောက်မှပဲ ဖြေရှင်းကြတာပေါ့။
အဓိက က အခု သူက သဲလွန်စ နည်းနည်းပဲ မိထားတာ ဆိုတော့ တကယ်တမ်း ခွဲခြမ်းစိတ်ဖြာစရာ ဘာမှ မရှိသေးပေ။
နောက်ပိုင်း ဘာဖြစ်မလဲ ဆိုတာ စောင့်ကြည့်ရဦးမှာပေါ့။
ဘယ်လိုပဲ ဖြစ်ဖြစ် သူ့ရဲ့ ဘဝ ရည်မှန်းချက်တွေက လောလောဆယ် ပြောင်းလဲမှာ မဟုတ်ပေ။
နှစ်ခု ရှိလေသည်။
အသက်ရှင်ဖို့ နဲ့ ပိုမို သက်သောင့်သက်သာ နေထိုင်ဖို့။
သဲလွန်စ ဘာမှ မတွေ့ရသေးဘဲ ကိုယ့်ဒုက္ခ ကိုယ်မရှာချင်ပေ။
အဲ့ဒါက အရမ်း ပင်ပန်းလွန်းသည်။
"အစ်ကိုဝမ် မြန်မြန် ကြည့်ပါဦး"
ကျန်းပေရန် သူ့အတွေးတွေနဲ့ သူ ပြေလည်သွားတုန်း ခုနစ်လေးရဲ့ အော်သံက သူ့နားထဲ ရုတ်တရက် ရောက်လာလေသည်။
ခုနစ်လေး ရှိရာဘက်ကို ကြည့်လိုက်တော့ နံရံပေါ်က အနက်ရောင် နွယ်ပင် တစ်စိတ်တစ်ပိုင်း ရုတ်တရက် ညှိုးနွမ်းသွားပြီး အနောက်မှာ ဖုံးကွယ်ထားတဲ့ အရာတစ်ခု ပေါ်လာတာ တွေ့လိုက်ရလေသည်။
'ဒီပစ္စည်း ထပ်တွေ့ပြန်ပြီ...'
ပေါ်လာတဲ့ အပေါက်ထဲမှာ နောက်ထပ် လျှို့ဝှက်ဆန်းကြယ် အဝိုင်းပြား တစ်ခု တိတ်တဆိတ် ချိတ်ဆွဲထားလေသည်။
ဒါပေမဲ့ တောင်ကြားထဲက ဟာတွေနဲ့ ယှဉ်ရင် ဒီအဝိုင်းပြားမှာ လျှို့ဝှက်ဆန်းကြယ် သင်္ကေတတွေ ပါဝင်ရုံသာမက အလွန် အရည်အသွေး မြင့်မားတဲ့ ကျောက်စိမ်း အများအပြားလည်း မြှုပ်နှံထားလေသည်။
နောက်တစ်စက္ကန့်မှာ လျှို့ဝှက်ဆန်းကြယ် အဝိုင်းပြားက ရုတ်တရက် တောက်ပစွာ လင်းလက်လာလေသည်။
ခုနစ်လေးရဲ့ အံ့သြနေတဲ့ မျက်လုံးတွေ ရှေ့မှာ ငွေရောင် အလင်းတန်း တစ်ခု ပစ်လွှတ်လိုက်ပြီး ခန်းမ အလယ်မှာ မီးမောင်းထိုးထားသလိုမျိုး အလင်းရောင် စက်ဝိုင်း တစ်ခု ဖန်တီးလိုက်လေသည်။
"အစ်ကိုဝမ်..." ခုနစ်လေးက ညွှန်ကြားချက် တောင်းခံဖို့ ကျန်းပေရန် ဘက် ချက်ချင်း လှည့်ကြည့်လိုက်လေသည်။
"အထဲ ဝင်ပြီး စမ်းကြည့်လိုက်"
သူ နားမလည်နိုင်တဲ့ အရာတွေ အများကြီး ကြုံတွေ့ပြီးနောက် အခု ခုနစ်လေး စိတ်ထဲမှာ အတွေး တစ်ခုတည်းပဲ ကျန်တော့သည်၊ အဲ့ဒါကတော့...
အစ်ကိုဝမ် ပြောတာ နားထောင်မယ်။
ဒါကြောင့် ကျန်းပေရန်ရဲ့ အမိန့်ကို ကြားတော့ ခုနစ်လေးက "မီးမောင်း" ထဲကို ဘာမှ မတွေဝေဘဲ ဝင်လိုက်လေသည်။
ဒီတစ်ခါ ခုနစ်လေး မအော်ဟစ်သလို ဘာ မျက်နှာ အမူအရာ အပြောင်းအလဲမှ မပြပေ။
သူက ငြိမ်သက်စွာ ရပ်နေရုံသာ ရပ်နေသည် ဒါပေမဲ့ သူ့ဝိညာဉ်က လွင့်ပါသွားပုံ ရသည် မဟုတ်ရင် သူ ဒီလောက် တိတ်ဆိတ်နေမှာ မဟုတ်ပေ။
ဒီတစ်ခါ ခုနစ်လေးရဲ့ ဝိညာဉ်က ခန္ဓာကိုယ် အပြင်ဘက် ရောက်နေတာ အထူး ကြာရှည်လေသည်။
အမွှေးတိုင် တစ်တိုင်စာ အချိန် ကုန်ဆုံးသွားပြီးနောက်မှ သူ ဖြည်းညှင်းစွာ နိုးလာခဲ့လေသည်။
ဒါပေမဲ့ မျက်လုံး ဖွင့်လိုက်တာနဲ့ ခုနစ်လေး သဟဇာတ မဖြစ်မှု တစ်ခုကို ခံစားလိုက်ရသည် သူ့စိတ်နဲ့ ဝိညာဉ် ကွဲကွာနေသလိုမျိုးပင် ဖြစ်သည်။
သူ့မျက်စိရှေ့က မြင်ကွင်းက ပြောင်းလဲနေပြီး သူ ဘယ်ရောက်နေလဲ၊ သူက ခုနစ်လေးလား ဒါမှမဟုတ် သူ့မှတ်ဉာဏ်ထဲက လူလား ဆိုတာ မသေချာ ဖြစ်နေလေသည်။
"နိုးထလော့"
အဲ့ဒီအချိန်မှာ သူ ရင်းနှီးတဲ့ ခေါ်သံ တစ်ခု ကြားလိုက်ရလေသည်။
ခုနစ်လေးရဲ့ ဝိညာဉ် သုံးပါးနဲ့ စိတ် ခုနစ်ပါး ချက်ချင်း သူ့ခန္ဓာကိုယ်ထဲ ပြန်ရောက်လာပြီး သူ့မျက်စိရှေ့က မြင်ကွင်းက နန်းတော်ထဲ နောက်ဆုံးတော့ ပြန်ရောက်လာခဲ့လေသည်။
သူ့ရှေ့မှာ ရပ်နေတာက သူ အလေးစားဆုံး အစ်ကိုဝမ် ပင် ဖြစ်၏။
တုန်လှုပ်နေတုန်း ဖြစ်တဲ့ ခုနစ်လေးကို ကြည့်ပြီး ကျန်းပေရန် ပြုံးကာ ပြောလိုက်လေသည်။
"ဒါက ဒုတိယအကြိမ် ဖြစ်ပုံရတယ်"
ခုနစ်လေး ခဏ ကြောင်သွားပြီးမှ သူ လျှို့ဝှက်နယ်မြေ ကနေ ပြန်ရောက်တုန်းက သူ့ကို အပြည့်အဝ နိုးထလာအောင် လုပ်ပေးခဲ့တာ အစ်ကိုဝမ် ပဲ ဆိုတာ သတိရလိုက်လေသည်။
"ကံကောင်းလို့ အစ်ကိုဝမ်က အချိန်တိုင်း ကျွန်တော်နဲ့ အတူ ရှိနေပေးတာ မဟုတ်ရင် ကျွန်တော် အရူး ဖြစ်သွားမှာ ကြောက်တယ်"
ပြောပြီးနောက် ခုနစ်လေး သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး လေးလေးနက်နက် ပြောလိုက်လေသည်။
"အစ်ကိုဝမ် ကျွန်တော် အစ်ကို့ကို ပြောစရာ အရေးကြီး ကိစ္စ တစ်ခု ရှိတယ်"
"အင်း ငါ နားထောင်နေတယ်"
"ကျွန်တော်က ရှေးခေတ်က အနက်ရောင်ဧကရာဇ် တစ်ပါးရဲ့ ဝင်စားခြင်း ဖြစ်ပုံရတယ်"
'ဘုရားရေ...'
အများကြီး ကြုံတွေ့ပြီးနောက် ခုနစ်လေးက စွမ်းအားကြီး ပုဂ္ဂိုလ် တစ်ယောက်ယောက်ရဲ့ ဝင်စားခြင်း ဖြစ်မယ်လို့ ကျန်းပေရန် အတော်အတန် ခန့်မှန်းမိပြီးသား ဖြစ်သည်။
ဒါပေမဲ့ ခုနစ်လေးက အနက်ရောင်ဧကရာဇ် တစ်ပါးရဲ့ ဝင်စားခြင်းလို့ ပြောတာ ကြားတော့ သူ နည်းနည်း အံ့သြသွားတုန်းပင်။
ဘာပဲဖြစ်ဖြစ် လက်ရှိ နဂါးနက် ကုန်းမြေတိုက်ကြီး ပေါ်က အစွမ်းအထက်ဆုံး တိုက်ခိုက်ရေး အင်အားက အနက်ရောင်သူတော်စင်တွေ ဖြစ်ပုံရလေသည်။
မဟုတ်ရင် ဒီ ရွှေရောင် ဆေးအိုး ကျွန်း ရဲ့ ကာကွယ်ရေး မဟာအစီအရင်ကို ချိုးဖျက်ဖို့ ကြိုးစားနေတာ အနက်ရောင်သူတော်စင် တစ်စုတည်း ဖြစ်နေမှာ မဟုတ်ပေ။
ထို့အပြင် ဒီ ကျွန်းတိုက်ခိုက်ပွဲမှာရော ပြီးခဲ့တဲ့ အကြိမ် နိုင်ငံခြောက်နိုင်ငံက သစ်သားဝိညာဉ် သွေးကြော ကို လုယူတုန်းကရော ရောက်လာတဲ့ ထိပ်တန်း ပညာရှင်တွေ အားလုံးက အနက်ရောင်သူတော်စင်တွေ ချည်းပဲ ဖြစ်သည်။
အနက်ရောင်ဧကရာဇ်တွေ တကယ် ရှိခဲ့ရင် နိုင်ငံခြောက်နိုင်ငံ သဘောတရား ဆိုတာ ရှိမှာ မဟုတ်တော့ဘဲ နဂါးနက် ကုန်းမြေတိုက်ကြီး တစ်ခုလုံး ပေါင်းစည်းသွားတာ ကြာပြီ ဖြစ်လောက်သည်။
ဒါကြောင့် ခုနစ်လေးက အနက်ရောင်ဧကရာဇ် တစ်ပါးရဲ့ ဝင်စားခြင်း ဖြစ်တယ်လို့ ပြောတာ ကြားတော့ ကျန်းပေရန် အရမ်း အံ့သြသွားရတာ ဖြစ်သည်။
အနက်ရောင်ဧကရာဇ် တစ်ပါး အခု ပေါ်လာရင် သိုင်းလောက တစ်ခုလုံးကို မိနစ်ပိုင်း အတွင်း တကယ် ပေါင်းစည်းပစ်နိုင်လောက်သည်။
'ဇာတ်လိုက် ဆိုတာ ဇာတ်လိုက်ပါပဲ... သူက တကယ် တစ်ခုခုပဲ'
အစ်ကိုဝမ်ရဲ့ မျက်နှာထား တည်ငြိမ်နေတာ မြင်တော့ သူ ခုနက ချက်ပြုတ်ထားတဲ့ ခန့်မှန်းချက် တစ်ခုကို ခုနစ်လေး ပိုပြီး သေချာသွားလေသည်။
အစ်ကိုဝမ်က ရှေးခေတ်ကတည်းက နေထိုင်လာတဲ့ မသေမျိုး အဖိုးကြီး တစ်ယောက်ပဲ။
သူက အနက်ရောင်ဧကရာဇ် တစ်ပါးရဲ့ ဝင်စားခြင်း ဆိုတာ တစ်ချက်ကြည့်ရုံနဲ့ ပြောနိုင်တယ် ဒါမှမဟုတ် သူက သူ့ကို အထူးတလည် လာရှာတာ ဖြစ်လောက်တယ်။
ဒါမှသာ အစ်ကိုဝမ်နဲ့ ပတ်သက်တဲ့ မယုံကြည်နိုင်စရာ အရာအားလုံးကို ရှင်းပြလို့ ရမှာ ဖြစ်သည်။
"တခြား ဘာသိလိုက်ရသေးလဲ" တောက်ပနေတဲ့ လျှို့ဝှက်ဆန်းကြယ် အဝိုင်းပြားကို ငေးကြည့်ရင်း ကျန်းပေရန် မေးလိုက်လေသည်။
"ကျွန်တော် မေ့သွားပြီ..." ခုနစ်လေးက ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်လေသည်။
"ကျွန်တော် စနိုးတုန်းက အရာတွေ အများကြီး မြင်ခဲ့ရသလို ခံစားရပေမယ့် ချက်ချင်း ပြန်မေ့သွားတယ် ကျွန်တော်က အနက်ရောင်ဧကရာဇ် တစ်ပါးရဲ့ ဝင်စားခြင်း ဆိုတာပဲ မှတ်မိတော့တယ်"
'ကောင်းလိုက်တာ အဲ့ဒါတွေ အကုန် အလကား ဖြစ်သွားပြီ'
သတင်းကြီး တစ်ခု ရလိုက်ပေမယ့် ကျန်းပေရန်ရဲ့ မျှော်လင့်ချက်တွေနဲ့ မကိုက်ညီခဲ့ပေ။
သူက အနက်ရောင်ဧကရာဇ် တစ်ပါးရဲ့ ဝင်စားခြင်း ဆိုတဲ့ သတင်းကို နောင်ကျရင် အသုံးပြုလို့ ရမလား ဆိုတာပဲ ကြည့်ရတော့မည်။
"နေဦး နောက်ထပ် တစ်ခု ရှိသေးတယ်" ခုနစ်လေး ရုတ်တရက် ခေါင်းမော့ပြီး အော်လိုက်လေသည်။
"ပြော"
"တောင်တန်း ဒေသ အပြင် ရွှေရောင် ဆေးအိုး ကျွန်း ပေါ်မှာ နောက်ထပ် ဝိညာဉ်ဆက်သွယ်ရေး အဝိုင်းပြားတွေ ရှိသေးတယ် အဲ့ဒါတွေ အကုန် ရှာတွေ့သရွေ့ ကျွန်တော် အရာအားလုံးကို သိနိုင်လိမ့်မယ်"
'တောင်တန်း ဒေသ အပြင်... ဆိုလိုတာက တခြား မြေပုံတွေမှာပါ သွားရှာရမယ် ပေါ့ ဝိညာဉ်ဆက်သွယ်ရေး အဝိုင်းပြားတွေ ဆိုတာက ဟို လျှို့ဝှက်ဆန်းကြယ် အဝိုင်းပြားတွေရဲ့ နာမည် ဖြစ်လောက်တယ်...'
ဒါပေမဲ့ ရွှေရောင် ဆေးအိုး ကျွန်း က တစ်နှစ်မှာ တစ်ကြိမ်ပဲ ပွင့်တာ ပြီးတော့ အနက်ရောင်ဧကရာဇ် နယ်ပယ် အထက် လူတွေ ဝင်လို့ မရဘူး။
ခုနစ်လေးရဲ့ ကျင့်ကြံခြင်း နှုန်းနဲ့ ဆိုရင် နောက်နှစ်လောက် ဆိုရင် သူ အနက်ရောင်ဧကရာဇ် နယ်ပယ်ကို ဖောက်ထွက်သွားဖို့ ဖြစ်နိုင်ခြေ အရမ်း များလေသည်။
အဲ့ဒီအခါကျရင် သူ ဘာလုပ်မလဲ။ ရွှေရောင် ဆေးအိုး ကျွန်း ရဲ့ ကန့်သတ်ချက်တွေက ခုနစ်လေးရဲ့ ကျင့်ကြံခြင်း အဆင့် အလိုက် ပြောင်းလဲသွားမှာများလား။
ဒီမေးခွန်းတွေ ဆက်တိုက် တွေးနေတုန်း ခုနစ်လေးက နံရံ တစ်ဖက်ဆီ ရုတ်တရက် ပြေးသွားလေသည်။
တစ်ချိန်တည်းမှာပဲ နံရံပေါ်က အနက်ရောင် နွယ်ပင် တစ်စိတ်တစ်ပိုင်းက အရင်တုန်းကလိုပဲ ညှိုးနွမ်း သေဆုံးသွားပြီး ကြီးမားတဲ့ ကြေးမုံပြင်ကြီး တစ်ချပ် ပေါ်လာလေသည်။
"အစ်ကိုဝမ် ဒါက အပြင်ဘက်ကို ဦးတည်သွားတာ နောက်နှစ် ရွှေရောင် ဆေးအိုး ကျွန်း ပြန်ပွင့်တဲ့အခါ ကျွန်တော်တို့ ဒီကနေ ဝင်လို့ ရတယ်"
'ဘုရားရေ ငါ လုံးဝ မှင်သက်သွားပြီ'
သူ့ရဲ့ တွေးခေါ်မှုတွေ အားလုံး အလကား ဖြစ်သွားသလို ကျန်းပေရန် ချက်ချင်း ခံစားလိုက်ရလေသည်။
တစ်ဖက်လူက အဖြေကို သူ့ဆီ တိုက်ရိုက် ပစ်ပေးလိုက်တာကိုး။
ကြေးမုံပြင်ဆီ ဖြည်းညှင်းစွာ လျှောက်သွားပြီး ကျန်းပေရန်က သူ့ရဲ့ ဝိညာဉ်အာရုံနဲ့ စမ်းသပ်ကြည့်ရာ ဒီကြေးမုံပြင်ရဲ့ သဘောသဘာဝက ကျွန်းအပြင်ဘက်မှာ ပေါ်လာတဲ့ ဝင်ပေါက်တွေနဲ့ တကယ် တူညီနေတာ တွေ့လိုက်ရလေသည်။
ခြေတစ်လှမ်း တိုးလိုက်ပြီး စနစ်က ဘာအသိပေးချက်မှ မပြတာ ကျန်းပေရန် တွေ့လိုက်ရလေသည်။
ဒီ ဝင်ပေါက်က သူတို့ကို အနက်ရောင်သူတော်စင် တစ်စုရဲ့ စောင့်ကြည့်နေတဲ့ မျက်လုံးတွေ အောက် ကျွန်းအပြင်ဘက်ဆီ တိုက်ရိုက် ပို့ဆောင်မှာ မဟုတ်ဘူး ဆိုတာ သူ သိလိုက်လေသည်။
မဟုတ်ရင် စနစ်က သူ့ကို ဒီလို မိုက်မဲတဲ့ ကိစ္စမျိုး လုပ်ခွင့်ပြုမှာ သေချာပေါက် မဟုတ်ပေ။
ဒါကြောင့် ကျန်းပေရန်က နောက်ထပ် ခြေတစ်လှမ်း တိုးပြီး ကြီးမားတဲ့ ကြေးမုံပြင်ကြီးထဲ ဝင်သွားလိုက်လေသည်။
သူ့အမြင်အာရုံ မည်းမှောင်သွားပြီး ပြန်လင်းလာလေသည်။
ကျန်းပေရန်က တဲအိမ်လေး တစ်လုံးထဲ ရောက်နေတာ တွေ့လိုက်ရသည်၊ အရမ်း ရိုးရှင်းတဲ့ တဲအိမ်လေး တစ်လုံး။
မကြာခင်မှာပဲ ခုနစ်လေးလည်း ကြေးမုံပြင်ကို ဖြတ်ပြီး ရောက်လာလေသည်။
တဲအိမ်ရဲ့ အပြင်အဆင်ကို မြင်လိုက်တာနဲ့ သူက ပြင်းထန်တဲ့ လွမ်းဆွတ်မှု ခံစားချက်တွေ ရုတ်တရက် ပြည့်နှက်လာလေသည်။
"အစ်ကိုဝမ်... ကျွန်တော် ဒီမှာ အကြာကြီး နေခဲ့ဖူးတယ် ထင်တယ်"
ခုနစ်လေးက ဟောင်းနွမ်းနေတဲ့ လေးထောင့် စားပွဲ တစ်လုံးကို ထိရင်း ပြောလိုက်လေသည်။
ခေါင်းညိတ်လိုက်ပြီး ကျန်းပေရန် သစ်သားတံခါးကို တွန်းဖွင့်ကာ အပြင်ထွက်လိုက်လေသည်။
အဖြူရောင်... အဆုံးမရှိတဲ့ အဖြူရောင် ကွင်းပြင်ကြီး။
ဒါက ရေခဲနဲ့ ဆီးနှင်းတွေ ဖုံးလွှမ်းနေတဲ့ နယ်မြေ တစ်ခု ဖြစ်သည်။
ဒီ အဆုံးမဲ့ ဆီးနှင်းကွင်းပြင်ကြီးထဲမှာ ဒီ အထီးကျန် သစ်သား တဲအိမ်လေး တစ်လုံးတည်းသာ ရှိနေလေသည်။
"ဒါ ဘယ်နေရာလဲ" သူ့နောက် လိုက်လာတဲ့ ခုနစ်လေးကို ကြည့်ပြီး ကျန်းပေရန် မေးလိုက်လေသည်။
"ဒီလောက် အေးစက်တဲ့ နေရာ... အလယ်ပိုင်း လွင်ပြင် ထဲမှာပဲ ရှိနေသေးတယ် ဆိုရင် ဒါက တန်တိုင်းပြည် ရဲ့ နယ်မြေထဲမှာ ဖြစ်လောက်တယ်"
ခုနစ်လေးလည်း မသေချာတာ မြင်တော့ ကျန်းပေရန် ပြောလိုက်လေသည်။
"တံခါး ပိတ်လိုက် အပြင်ထွက်ပြီး သွားကြည့်ကြရအောင်"