အငှားလုပ်သား မဟုတ်တော့ဘူး
Vol. 32 Ch. 394
"အစ်ကိုဝမ် ကျွန်တော် စုံစမ်းပြီးပါပြီ ဒီနေရာက ဝေတိုင်းပြည် ရဲ့ နယ်မြေပါ"
ဆီးနှင်းတွေ ထူထပ်စွာ ကျဆင်းနေတဲ့ လမ်းမပေါ်က ဆိုင်ငယ်လေး တစ်ခုထဲမှာ သတင်းအချက်အလက် စုဆောင်းပြီး ပြန်ရောက်လာတဲ့ ခုနစ်လေးက ဝိုင်နွှေးနေတဲ့ ကျန်းပေရန်ကို လက်သီးဆုပ် အရိုအသေပြုရင်း ပြောလိုက်လေသည်။
'ဝေတိုင်းပြည်...'
ဒီတိုင်းပြည်နဲ့ ပတ်သက်ပြီး ကျန်းပေရန် အထင်အမြင်တချို့ ရှိလေသည်။
ရှန့်တိုင်းပြည် လိုပဲ ဒါက ထောင့်ကျတဲ့ နေရာမှာ ရှိနေတဲ့ နယ်စပ် နိုင်ငံငယ်လေး တစ်ခု ဖြစ်လေသည်။
ပြောပလောက်တဲ့ ဝိညာဉ်စွမ်းအင် မရှိသလို အရင်းအမြစ်တွေလည်း မရှိပေ။
သူ့ရဲ့ ကိုယ်ပိုင် စက်ဝိုင်းလေးထဲမှာပဲ ရောင့်ရဲနေတတ်တဲ့ အားနည်းတဲ့ နိုင်ငံလေး တစ်ခု ဖြစ်လေသည်။
ဒါပေမဲ့ အဲ့ဒါတွေက အရေးမကြီးပေ။
အရေးကြီးတာက သူ အပြင်ရောက်နေပြီ ဆိုတာနဲ့ နဂါးနက် ကုန်းမြေတိုက်ကြီး ပေါ်မှာ ရှိနေတုန်းပဲ ဆိုတာကို ကျန်းပေရန် သိလိုက်ရတာ ဖြစ်လေသည်။
ပြီးတော့ အဲ့ဒါက ဘာအဓိပ္ပာယ်လဲ ဆိုတော့...
သူက သူများအတွက် အလုပ်လုပ်ပေးနေတဲ့ အငှားလုပ်သား မဟုတ်တော့ဘူး ဆိုတဲ့ အဓိပ္ပာယ်ပင် ဖြစ်သည်။
ရွှေရောင် ဆေးအိုး ကျွန်း ပေါ်က ကုန်ကြမ်း ပစ္စည်းတွေ အားလုံးကို ဒီ ဝင်ပေါက်ကနေ တဆင့် သယ်ထုတ်သွားလို့ ရပြီ ဖြစ်သည် ဆိုလိုတာက စစ်ဆေးခံရမယ့် အန္တရာယ် လုံးဝ မရှိတော့ပေ။
'မိုက်တယ်'
ခုနစ်လေးကို ပိုက်ဆံ ရှင်းခိုင်းပြီးနောက် ကျန်းပေရန်က သူ့ကို ခေါ်ပြီး ဆီးနှင်းပြင်ဆီ ပြန်လာခဲ့လေသည်။
သစ်သား တဲအိမ်လေးနား ကပ်လာတာနဲ့ ကျန်းပေရန်ရဲ့ ဝိညာဉ်အာရုံ လှုပ်ရှားသွားလေသည်။
ဒါက မဟာအစီအရင် တစ်ခုခုထဲ ဝင်ရောက်လိုက်မိတဲ့ လက္ခဏာ ဖြစ်လေသည်။
စောစောက ထွက်လာတုန်းက ဒီတဲအိမ်လေး ပတ်ဝန်းကျင်မှာ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားတဲ့ ပေါင်းစပ် အစီအရင် တစ်ခု ရှိနေတာကို ကျန်းပေရန် သိပြီးသား ဖြစ်သည် ဒါက တဲအိမ်လေးကို ဖုံးကွယ်ဖို့ ဆိုတာ သိသာလေသည်။
မဟုတ်ရင် ဒီလောက် ကျယ်ပြောတဲ့ ဆီးနှင်းပြင်ကြီးထဲမှာ သစ်သား တဲအိမ်လေး တစ်လုံးတည်း ရှိနေတာက အရမ်း ထင်ရှားနေလိမ့်မည်။
ဒါပေမဲ့ အစီအရင်က သူ့ရဲ့ ဝင်ထွက်သွားလာမှုကို မတားဆီးတာကြောင့် လောလောဆယ် လေ့လာဖို့ အစီအစဉ် မရှိသေးပေ။
အရေးကြီးတဲ့ လုပ်ငန်းက ကျွန်းပေါ် အမြန်ပြန်တက်ပြီး "ကုန်ပစ္စည်း ဖြည့်တင်း" ဖို့ ဖြစ်သည်။
သစ်သား တဲအိမ်လေးထဲမှာ ထူးခြားတဲ့ ပစ္စည်း ဘာမှ မရှိတာ စစ်ဆေးပြီးနောက် နောက်တစ်ခေါက်ကျရင် ဂျူဇီမင်ကို ခေါ်လာပြီး ကြည့်ခိုင်းဖို့ ကျန်းပေရန် ဆုံးဖြတ်လိုက်လေသည်။
ကြေးမုံပြင်ဆီ လျှောက်သွားရင်း ခုနစ်လေးက သစ်သား တဲအိမ်လေးကို ပြန်လှည့်ကြည့်လိုက်ရာ ထူးဆန်းတဲ့ ခံစားချက် တစ်ခု သူ့ရင်ထဲမှာ ပြည့်နှက်လာလေသည်။
သူ ဒီနေရာကို တစ်ခါမှ မရောက်ဖူးဘူး ဆိုတာ သေချာပေမယ့် အရာအားလုံးကို လွမ်းဆွတ်နေသလို ခံစားနေရလေသည်။
"အစ်ကိုဝမ်..." ခုနစ်လေး ရုတ်တရက် ခေါ်လိုက်လေသည်။
"ဘာလဲ"
"တစ်နေ့ကျရင် ကျွန်တော့် မှတ်ဉာဏ်တွေ အကုန် ပြန်ရလာရင် ကျွန်တော်က... ကျွန်တော် ဖြစ်နေဦးမလား"
"ငါ မသိဘူး"
ဒီတစ်ခါ ကျန်းပေရန်က ပဟေဠိဆန်ဆန် စကားတွေ မပြောသလို ခုနစ်လေးကိုလည်း မနှစ်သိမ့်ပေးခဲ့ပေ။
ဘာလို့လဲဆိုတော့ ခုနစ်လေးရဲ့ တွေးထင်မှုက တကယ် ဖြစ်နိုင်ချေ ရှိလို့ ဖြစ်သည်။
ဟို ရှေးဟောင်း အနက်ရောင်ဧကရာဇ်ရဲ့ မှတ်ဉာဏ်တွေ အပြည့်အဝ ပြန်ရောက်လာရင် ခုနစ်လေးရဲ့ ကိုယ်ပိုင် ဆန္ဒတွေ ဆက်ရှိနေမလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လေသည်။
ဒါကြောင့် ဒါက ခုနစ်လေး ကိုယ်တိုင် ရွေးချယ်ရမယ့် ကိစ္စ ဖြစ်လေသည်။
ကျန်းပေရန်က ဘယ်လိုနည်းနဲ့မှ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ပေ။
အစ်ကိုဝမ်ရဲ့ အဖြေကို ကြားတော့ ခုနစ်လေး သိသိသာသာ ကြောင်သွားပြီး ဒီလောကကြီးမှာ အစ်ကိုဝမ် မသိတဲ့ အရာ ရှိသေးပါလား ဆိုပြီး အံ့သြသွားမိလေသည်။
"အစ်ကိုဝမ် ဒါဆို ကျွန်တော် ဘယ်လို..."
"ဒါက မင်းဘာသာ စဉ်းစားရမယ့် ကိစ္စပါ သူများတွေရဲ့ အမြင်ကို နားထောင်နေစရာ မလိုဘူး"
ခုနစ်လေးရဲ့ ပခုံးကို ပုတ်လိုက်ပြီး ကျန်းပေရန် ကြေးမုံပြင်ထဲ ဝင်သွားလေသည်။
ခုနစ်လေး နေရာမှာတင် ခဏလောက် ကြောင်ရပ်နေမိလေသည်။
အစ်ကိုဝမ် ပြောတာ မမှားဘူးလို့ သူ ခံစားလိုက်ရလေသည်။
ဒါက သူ့ကံကြမ္မာပဲလေ သေချာတာပေါ့ သူကပဲ ရွေးချယ်ရမှာ။
"ငါက ဘာတွေ လျှောက်မေးနေတာလဲ" ခုနစ်လေးက သူ့နဖူးကို စိတ်ပျက်လက်ပျက် ရိုက်လိုက်ပြီး ကြေးမုံပြင်ထဲ လိုက်ဝင်သွားလေသည်။
ယိုယွင်းပျက်စီးနေတဲ့ နန်းတော်ထဲ နောက်တစ်ကြိမ် ပြန်ရောက်လာတော့ ကျန်းပေရန်က အခုမှ တယ်လီပို့ လုပ်ပြီး ရောက်လာတဲ့ ခုနစ်လေးကို ကြည့်ပြီး ပြောလိုက်လေသည်။
"ဒါဆို မင်း အခုကစပြီး ရွှေရောင် ဆေးအိုး ကျွန်း ကို လွတ်လွတ်လပ်လပ် ဝင်ထွက်လို့ ရပြီလား"
ခုနစ်လေး ခေါင်းခါလိုက်လေသည်။
"မရဘူး အခုလိုပါပဲ ရွှေရောင် ဆေးအိုး ကျွန်း ပွင့်တဲ့ အချိန်မှပဲ ကျွန်တော် ဝင်လို့ ရမှာ"
'သောက်သုံးမကျတဲ့ စည်းကမ်းပဲ'
ကျန်းပေရန်က မူလက ရွှေရောင် ဆေးအိုး ကျွန်း ကို ဂိုဒေါင် အဖြစ် သုံးဖို့ စီစဉ်ထားတာ သူ့အစီအစဉ်က ဒီလောက် မြန်မြန် ပျက်စီးသွားလိမ့်မယ်လို့ မထင်ထားခဲ့မိပေ။
ရက်နည်းနည်းပဲ ကျန်တော့တာမို့ ကျန်းပေရန် သဘာဝကျကျပဲ မြန်မြန်လုပ်ပြီး ပစ္စည်းကောင်းတွေ သွားရွေးရတော့မည်။
ဒါကြောင့် ကျန်းပေရန် ခေါင်းညိတ်ပြီး ပြောလိုက်လေသည်။
"ဒီမှာ လုပ်စရာ ကျန်သေးလား"
ခုနစ်လေးက နန်းတော်ကို ဝေ့ကြည့်လိုက်ပြီး ခေါင်းခါလိုက်လေသည်။
"မရှိတော့ဘူး"
"ဒါဆို သွားကြစို့"
ခုနစ်လေး ဦးဆောင်မှုနဲ့ အတူ သူတို့ နှစ်ယောက် နောက်ထပ် ဝင်ပေါက် တစ်ခုကနေ မြေပြင်ပေါ် အမြန် ပြန်တက်လာခဲ့ကြလေသည်။
'လက်ရာမြောက်တဲ့ ဒီဇိုင်းပဲ'
တောင်နံရံ ဘေးမှာ သူတို့ကို စောင့်နေတုန်း ဖြစ်တဲ့ ဂျူဇီမင်ကို ရှာဖို့ ခုနစ်လေးကို ခေါ်သွားရင်း ကျန်းပေရန် စိတ်ထဲကနေ ချီးကျူးလိုက်လေသည်။
"စီနီယာ ခုနစ်လေး"
ကျန်းပေရန် ပြန်ရောက်လာတာ မြင်တော့ ဂျူဇီမင် အံ့သြဝမ်းသာစွာ အော်ဟစ်လိုက်လေသည်။
သူတို့ နှစ်ယောက် တခြားနေရာကို တယ်လီပို့ လုပ်ခံလိုက်ရပြီး ပြန်မလာနိုင်တော့ဘူးလို့ သူ ခုနက ထင်နေခဲ့တာ။
"ခုနစ်လေး မင်းနဲ့ ဇီမင် စခန်းကို အရင် ပြန်ပြီး စောင့်နေကြ တစုံတရာ ဖြစ်လာရင် စက္ကူစွန် ကို သုံးပြီး ငါ့ကို ဆက်သွယ်"
"ဟုတ်ကဲ့"
သူတို့ နှစ်ယောက် ပြိုင်တူ ဖြေလိုက်ပြီး လေထဲ ခုန်တက်ကာ စခန်းဆီ ပျံသန်းသွားကြလေသည်။
သူတို့ နှစ်ယောက် သူ့အမြင်အာရုံထဲကနေ လုံးဝ ပျောက်ကွယ်သွားပြီးနောက် ကျန်းပေရန် သူ့ဆံပင်ကို သပ်တင်လိုက်ပြီး တောက်ပတဲ့ အပြုံး တစ်ခု ပြုံးလိုက်လေသည်။
ကျွန်းပေါ်က အနက်ရောင်ဘုရင်တွေ အားလုံးက အခု စခန်းမှာ စုဝေးနေကြပြီ ဆိုတော့ သူ ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်မိမှာကို လုံးဝ စိတ်ပူစရာ မလိုတော့ပေ။
ဒီတောင်ကြားထဲမှာ သူ ကြိုက်သလို လျှောက်သွားလို့ ရပြီ။
ထို့အပြင် သူ့ဆီမှာ အဖိုးတန် ပစ္စည်း အမြောက်အမြားရဲ့ တည်နေရာကို မှတ်သားထားတဲ့ မြေပုံ တစ်ခု ရှိနေလေသည်။
ဒါတွေ အားလုံးက ရတနာရှာဖွေရေး အဖွဲ့တွေ ပြန်သယ်လာပေးတဲ့ သတင်းအချက်အလက်တွေ ဖြစ်လေသည်။
ဒီပစ္စည်းတွေက အရမ်း နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားတာ ဒါမှမဟုတ် တစ်စုံတစ်ယောက် စောင့်ကြပ်နေတာတွေ ဖြစ်သည်။
ဒါပေမဲ့ လက်ရှိ ကျန်းပေရန် အတွက်တော့ ဒါတွေက ပြဿနာ မဟုတ်တော့ပေ။
သူ အခု အမြင့်ဆုံး တောင်ထိပ်ပေါ် ရပ်ပြီး ကျယ်လောင်စွာ ကြေညာလို့ ရပြီ...
ဒီငါး... အော် မဟုတ်ဘူး ဒီတောင်တန်းကို ငါ ပိုင်သွားပြီ။
ကောင်းကင်ကို မော့ကြည့်ပြီး သုံးကြိမ်တိုင်တိုင် အားရပါးရ ရယ်မောလိုက်ပြီးနောက် မြေပုံပေါ်မှာ မှတ်သားထားတဲ့ ပထမဆုံး နေရာဆီ ကျန်းပေရန် ပြေးထွက်သွားလိုက်လေသည်။
ဒီအချိန်မှာ စခန်းဆီ ပြန်ရောက်နေတဲ့ လင်ရှီယွင်က ခုနစ်လေး ပြန်ရောက်လာလို့ စိတ်ပူကြောင်း ပြောပြီးနောက် ခေါင်းစဉ် ပြောင်းလိုက်လေသည်။
"မင်းရဲ့ အစ်ကိုဝမ် ဘယ်ရောက်နေလဲ ဒီရက်ပိုင်း ငါ သူ့ကို လုံးဝ မတွေ့ရဘူး"
ဒီနောက်ဆုံး ရက်အနည်းငယ် အတွင်းမှာ သူမ ထိပ်တန်း သုံးယောက် ဝင်နိုင်အောင် အရင်းအမြစ်တွေကို ဘယ်လို ခွဲဝေမလဲ ဆိုတာ ညှိနှိုင်းဖို့ ဆရာ သေချာပေါက် ရောက်လာလိမ့်မယ်လို့ လင်ရှီယွင် မူလက ထင်ထားခဲ့တာ။
ဒါပေမဲ့ အခု ရက်နည်းနည်းပဲ ကျန်တော့တာတောင် ဆရာက သူမကို တစ်ခါမှ လာမရှာသေးတာက သူမကို နည်းနည်း ပင်ပန်းစေလေသည်။
လင်ရှီယွင်ဘက် လက်သီးဆုပ် အရိုအသေပြုပြီး ခုနစ်လေး ပြန်ဖြေလိုက်လေသည်။
"အစ်ကိုဝမ်က သူ့ကိစ္စနဲ့သူ အလုပ်ရှုပ်နေတာ ကျွန်တော် မေးဖို့ အဆင်မပြေဘူး"
ခုနစ်လေးဆီကနေ ဘာသတင်းမှ ရမှာ မဟုတ်မှန်း သိလိုက်တော့ လင်ရှီယွင် တခြား နည်းလမ်း စမ်းကြည့်ရတော့လေသည်။
"ဒါဆို မင်းရဲ့ အစ်ကိုဝမ်က ထိပ်တန်း သုံးယောက် ဝင်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး မင်းကို ဘာညွှန်ကြားချက်မှ မပေးထားဘူးလား"
"ပေးထားတယ် သခင်မလေး စိတ်ချပါ"
"ဟူး... ဒါဆို နောက်တစ်ခါ မင်းရဲ့ အစ်ကိုဝမ်ကို သွားရှာရင် ငါ့ကို အသိပေးလို့ ရမလား ငါလည်း သူ့ကို ဆွေးနွေးစရာ ကိစ္စတချို့ ရှိလို့"
"သခင်မလေး သဘောမကွေ့ရင် ခုနစ်လေးက သခင်မလေး အစား စကားပါးပေးမယ် ဒါမှမဟုတ် ဒီကိစ္စကို အစ်ကိုဝမ် သိအောင် ပြောပေးပါ့မယ်"
သူ့ရှေ့က အမျိုးသမီးက သူ အသိအမှတ်ပြုထားတဲ့ မရီးတွေထဲက တစ်ယောက် ဖြစ်ပေမယ့် အစ်ကိုဝမ်ရဲ့ စိတ်နေသဘောထားကိုလည်း သူ နားလည်လေသည်။
သူသာ သူ့သဘောနဲ့သူ လင်ရှီယွင်ကို ခေါ်သွားခဲ့ရင် အစ်ကိုဝမ်ရဲ့ ရင်ထဲမှာ သူ့အဆင့်အတန်းက ထိုးကျသွားလောက်လေသည်။
အဲ့ဒါက သူ လက်မခံနိုင်ဆုံး အရာပဲ။
ဒါကြောင့် မရီးရဲ့ တောင်းဆိုမှု ဖြစ်ပေမယ့် သူ ယဉ်ကျေးစွာ ငြင်းပယ်လိုက်ရုံသာ ရှိတော့လေသည်။
"ဒါဆို... ဒါဆို ငါ့အစား စကားပါးပေး ငါ သူ့ကို ဧကရာဇ် အဆိပ်ကောင် အကြောင်း ပြောစရာ ရှိတယ်လို့"
"ကောင်းပါပြီ ခုနစ်လေး သေချာပေါက် စကားပါးပေးလိုက်ပါ့မယ်"
သူက လင်ရှီယွင်ဘက် လက်သီးဆုပ် အရိုအသေပြုလိုက်လေသည်။
"ကျွန်တော် အခု ကင်းလှည့်ဖို့ သွားလိုက်ဦးမယ် သခင်မလေး လိုအပ်တာ ရှိရင် ခေါ်လိုက်ပါ"
"ကျေးဇူးတင်ပါတယ် ပင်ပန်းနေပြီ"
"ဒါ ကျွန်တော့် တာဝန်ပါ"
ပြောပြီးနောက် ခုနစ်လေး လင်ရှီယွင်ရဲ့ အခန်းထဲကနေ ထွက်ခွာသွားလေသည်။
တံခါးပိတ်သံ ကြားလိုက်ရတော့ လင်ရှီယွင် စားပွဲပေါ် မှောက်ချလိုက်ပြီး နည်းနည်း စိတ်ဓာတ်ကျသွားလေသည်။
မသိတာက တစ်ပိုင်း၊ ဆရာက ဒီကျွန်းပေါ်မှာ ရှိနေတယ် ဆိုတာ သိလိုက်ရကတည်းက လင်ရှီယွင်က နေ့ရောညပါ သူ့ကို တွေးနေမိပြီး ပြန်တွေ့ရဖို့ အမြဲ မျှော်လင့်နေမိတာ။
ကံမကောင်းစွာပဲ သူမရဲ့ ဆန္ဒက ပြည့်မလာခဲ့ပေ။
'ငါတို့ ဟိုဂူထဲမှာပဲ နေနေကြတုန်း ဆိုရင် ကောင်းမှာပဲ...' လင်ရှီယွင် လွမ်းဆွတ်စွာ တွေးလိုက်မိလေသည်။
အဲ့ဒီတုန်းက ဆိုရင် ဆရာ့ကို နေ့တိုင်း တွေ့ရရုံတင် မကဘဲ သူနဲ့ စကားပြောလို့ ရတယ် ပြီးတော့ ကျင့်ကြံခြင်း အတုယူဂိမ်း လည်း အတူတူ ကစားလို့ ရတယ်။
အခုတော့...
"ဟူး..." လင်ရှီယွင် တိုးတိုးလေး သက်ပြင်းချလိုက်ပြီး နည်းနည်း အထီးကျန်သလို ခံစားလိုက်ရလေသည်။
တစ်ဖက်မှာတော့ ကျန်းပေရန်က မီးတောင် ရေကန်ထဲကနေ ကုန်းပေါ် တက်လာခဲ့လေသည်။
'နှစ်ပေါင်း ၁၂၀ သက်တမ်း ရှိတဲ့ ပြာလဲ့လဲ့ ငရဲ ဆေးပင်
အကွေ့ကိုးကွေ့ ဝိညာဉ်ဆေးလုံး ဖော်စပ်ဖို့ ဆိုရင် အံ့သြစရာ ကောင်းမှာပဲ'
သူ့လက်ထဲက အရည်လို ပုံစံရှိတဲ့ ပြာလဲ့လဲ့ ငရဲ ဆေးပင် ကို ကြည့်ပြီး ကျန်းပေရန် ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေလေသည်။
ကျွန်းပေါ် စရောက်တုန်းက ပြာလဲ့လဲ့ ငရဲ ဆေးပင် ထက် ရှားပါးတဲ့ ဆေးဖက်ဝင် အပင်တွေ သူ တွေ့ခဲ့ဖူးပေမယ့် အဲ့ဒီတုန်းက သူက သူများအတွက် အလုပ်လုပ်ပေးနေရတာလေ။
အခုတော့ သူက ကိုယ့်အလုပ်ရှင် ကိုယ် ဖြစ်နေပြီ ခံစားချက်က လုံးဝ ကွဲပြားခြားနားလေသည်။
ပြာလဲ့လဲ့ ငရဲ ဆေးပင် ကို သူ့ရဲ့ သိုလှောင်လက်စွပ်ထဲ ထည့်လိုက်ပြီး ကျန်းပေရန် နောက်ထပ် မှတ်သားထားတဲ့ နေရာကို ရှာဖို့ မြေပုံ ဖွင့်ဖို့ ပြင်လိုက်တုန်း မြေကြီး တုန်ခါသွားတာ ခံစားလိုက်ရလေသည်။
တုန်ခါမှု ဗဟိုချက်ဆီ ကြည့်လိုက်တော့ ဝေဂွမ်က မီးတောင်ထဲမှာ ဖော်ပြလို့ မရနိုင်တဲ့ ရတနာ တစ်ခုရဲ့ အနံ့ ရခဲ့တယ်လို့ သူ့ကို ပြောဖူးတာ ကျန်းပေရန် ရုတ်တရက် ပြန်သတိရလိုက်လေသည်။
ဒုက္ခများမယ်လို့ ထင်ခဲ့တာကြောင့် ကျန်းပေရန် အရင်က သိပ် ဂရုမစိုက်ခဲ့ပေမယ့် အခုတော့ သူ့စိတ်ဝင်စားမှု နိုးကြားလာခဲ့လေသည်။
'ချော်ရည်ထဲက ရတနာ ဟုတ်လား ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်'
ကျန်းပေရန် တွေးရင်းနဲ့ မီးတောင်ဆီ လျှောက်သွားလိုက်လေသည်။