လင်းယွီဂိတ်တံခါးဖွင့်လှစ်ပြီး ယွီလင့် ပိုင်ရှင်များအား ဝင်ရောက်စေခြင်း(၂)
Vol. 30 Ch. 436
အဘိုးအိုက ခရမ်းရောင်သရဖူနှင့်လူကို ခေါင်းငုံ့ကြည့်ကာ ထူးမခြားနားစွာ ပြောသည်။
"အတွင်းဘက်နယ်မြေကို ကြေငြာလိုက်... ယွီလင့်တံဆိပ်ပြား ကိုင်ဆောင်ထားတဲ့ ဘယ်သူမဆို တစ်လအတွင်းမှာ လင်းနယ်မြေကို ဝင်ရောက်နိုင်တယ်လို့.."
"ဟုတ်ကဲ့ပါအရှင်.."
ခရမ်းရောင်သရဖူနှင့်လူမှာ နှလုံးသားထဲမှ လှုပ်ခါသွား၏။ လေးစားစွာ အမြန် ပြန်ကြားသည်။
သူသည် ကြီးစွာ အံ့သြနေပါသည်။ အဘယ်ကြောင့် လင်းနယ်မြေသည် ရုတ်တရက် ပွင့်လာခဲ့ပြီး ယွီလင့်ကိုင်ဆောင်ထားသူများအား ဝင်ခွင့်ပြုသနည်း။
ယွီလင့်ဆိုသည်မှာ မည်သည် ဖြစ်သနည်း။ ထိုအချိန်၌ ခရမ်းရောင်သရဖူနှင့်လူမှာ အရေးကြီးသည့် သတင်းအချက်အလက်တစ်ခုအား လွဲချော်ခဲ့ကြောင်းကို နားလည်လိုက်သည်။
သူသာအရင်တုန်းက ယွီလင့်တံဆိပ်ပြားကို ကိုင်ဆောင်ထားလျှင် သူ၏ အခြေအနေများမှာ ခြားနားသွားမည်လား။
ထိုအမိန့်ကို ထုတ်ပြန်ပြီးနောက် အဘိုးအိုသည် အတွင်းဘက်နယ်မြေ၏ ပါးလျသည့် စိတ်ဝိဉာဉ်စွမ်းအင်ကို မနှစ်မြို့စွာဖြင့် နောက်သို့လှည့်ကာ လင်းယွီဂိတ်တံခါးဆီသို့ ပြန်သွားခဲ့သည်။
အဘိုးအို လင်းယွီဂိတ်တံခါးဆီသို့ ဝင်ရောက်သွားပြီးမှသာလျှင် ခရမ်းရောင်သရဖူနှင့်လူနှင့် အခြားလူများသည် မတ်တပ်ရပ်ရဲကြပြီး ထန်းပေါင်စံအိမ်၏ အဆက်သွယ်များမှတစ်ဆင့် အတွင်းဘက်နယ်မြေတလျှောက် သတင်းကို ဖြန့်လွှင့်လိုက်ကြသည်။
ယွီလင့်တံဆိပ်ပြား ဟူသည်မှာ မည်သည်ဖြစ်သည်ကိုတော့ နားလည်သူများအနေနှင့် သိရှိလောက်ပါသည်။
ချန်းလန်ကျွန်းပေါ်တွင် မုန့်ချုံမှာ အဆင့်ချိုးဖျက်ရန် ပြင်ဆင်နေ၏။ အလွန်လှပလွန်သည့် အမျိုးသမီးနှစ်ယောက်တို့ ချန်းလန်ကျွန်း၏ အပြင်ဘက်တွင် ပေါ်လာခဲ့သည်။
"သခင်လေးရွှီ..."
ယွင်မြှောင်မြှောင်က ရွှီယန်ကိုကြည့်ကာ ညင်သာစွာပြုံးပြသည်။
"သခင်မလေးယွင်... ဒီကိုဘာကိစ္စနဲ့ ရောက်လာတာလဲ မသိဘူး.."
ရွှီယန်မှာ အမြဲတမ်းကဲ့သို့ပင် တည့်တိုးဆန်စွာမေး၏။
"အရေးကြီးကိစ္စ ရှိလို့ပေါ့.."
ယွင်မြှောင်မြှောင်က ရွှီယန်နှင့် စကားပြောနေစဉ် ဝူရွှမ်းစစ်ဘုရင်က ရွှီယန်၏ ဆရာဖြစ်သူ လီရွှမ်အား ကြည့်ရှု့နေ၏။ အလွန်ငယ်ရွယ်ကာ ချောမောပါသည်။
လီရွှမ်လည်း ခေါင်းကိုမော့ကာ ရှေ့ရှိလှပသည့် အမျိုးသမီးကို ကြည့်သည်။ သူ၏သန့်စင်သည့် စိတ်အခြေအနေကြောင့် ပြင်ပ အနှောင့်အယှက်များ၏ ဝင်ရောက်မှုကို မခံရ၍သာ မဟုတ်ပါက သူမ၏လှပမှုနှင့် ဆွဲဆောင်မှုကြောင့် သက်ရောက်ခြင်းခံရမှာ ဖြစ်သည်။
"ဝူရွှမ်းက ီနီယာကို တွေ့ဆုံပါတယ်.."
လီရွှမ်၏ ကြည့်ရှု့လာမှုကို တွေ့ရပြီးနောက် ဝူရွှမ်းက အမြန်နှုတ်ဆက်သည်။
"အင်း.."
လီရွှမ်က ခေါင်းငြိမ့်ကာ သူမဆီမှ အကြည့်လွှဲလိုက်၏။
သို့ပေမယ့် ဝူရွှမ်းသည် သူ့ဆီသို့ ချဉ်းကပ်လာခဲ့၏။ အချိန်တိုင်းတွင် ဆွဲဆောင်မှုရှိသည့် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်ထားကာ လေးစားစွာမေးသည်။
"ဆရာကြီး... ကျွန်မမှာ သိုင်းပညာအကြောင်း မေးခွန်းတစ်ခု ရှိပါတယ်။ ကျေးဇူးပြုပြီး ဉာဏ်အလင်းဖွင့်ပေးလို့ ရမလားမသိဘူး.."
ရွှီယန်နှင့်စကားပြောနေသည့် ယွင်မြှောင်မြှောင်မှာ နေရခက်သွားပုံ ပေါ်၏။ ဆရာမသည် မည်သည်ကို လုပ်နေသနည်း။
ဖြစ်နိုင်သည်မှာ ရွှီယန်၏ ဆရာဖြစ်သူကို ဆွဲဆောင်ရန် ကြိုးစားနေသည်လား။ ဤသည်က ရှက်ဖို့ကောင်းလွန်းပါသည်။
"ဘာအရေးကြီးကိစ္စများ ရှိလို့လဲ.."
ရွှီယန်မှာ ဝူရွှမ်း၏ လှုပ်ရှားမှုလေးကို လျစ်လျူရှု့ထားပါသည်။ ဆရာကဲ့သို့ အနေအထားနှင့် သူမ၏ ဘာမဟုတ်သည့် အကွက်များကို ဂရုစိုက်နေမည် မဟုတ်ပေ။
အမှန်တကယ်ပင်။ လီရွှမ်သည် ဝူရွှမ်းကို အသာကြည့်ရုံသာ ရှိ၏။ သို့ပေမယ့် တစ်ဖက်လူ၏ အကူအညီတောင်းခံချိန်တွင် ခါးညွတ်လိုက်မှုကြောင့် ဖြူဖွေးသည့်ကောက်ကြောင်းတို့ ပေါ်လာခဲ့၏။ ရည်ရွယ်ချက်ရှိရှိလား မတော်တဆလား မသိပေ။
"ကျောက်စိမ်းလို ချောမွေ့လွန်းတယ်.."
တိတ်တဆိတ် သက်ပြင်းချမိသည်။ သူ၏ ပုံစံမှာတော့ တည်ငြိမ်စွာသာ ရှိနေပြီး အလှအပမြင်ကွင်းကြောင့် သက်ရောက်ခြင်းမရှိဟန် ရှိသည်။
တည်ငြိမ်သည့် လေသံဖြင့်ပြော၏။
"ညှို့ယူခြင်းကို စိတ်ပိုင်းဆိုင်ရာ အတတ်တစ်ခုလို့ ယူဆလို့ရတယ်။ အဲ့ဒါက စိတ်ဝိဉာဉ်နဲ့ အသိစိတ်ကို အနှောင့်အယှက်ပေးနိုင်တယ်... ကောင်းကောင်းအသုံးပြုမယ်ဆိုရင် ရန်သူတွေကို အနိုင်ယူနိုင်လိမ့်မယ်။ ဒါပေမယ့် မှားယွင်းစွာ အသုံးပြုမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ပျက်စီးစေလိမ့်မယ်.."
ဝူရွှမ်းစစ်ဘုရင်၏ မျက်နှာက ချက်ချင်းပင် အနီရောင်ပြောင်းသွားပြီး နေရခက်စွာပြောသည်။
"ညွှန်ကြားမှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်စီနီယာ.."
သို့ရာတွင် သူမသည် အရည်ထူပြီး လီရွှမ်အကြောင်းလည်း သိလိုနေ၏။ ထို့ကြောင့် အခွင့်အရေးရတုန်း လီရွှမ်၏ နံဘေးသို့သွားကာ လေးစားစွာဖြင့် လက်ဖက်ရည်ငှဲ့ပေးသည်။
"ဆရာကြီးက တကယ့်ကို ကြီးမြတ်တဲ့ လူတစ်ယောက်ပဲ... ကျေးဇူးပြုပြီး ကျွန်မကို ညွှန်ကြားချက်အချို့ ထပ်ပေးပါဦး.."
ယွင်မြှောင်မြှောင်က ဆရာဖြစ်သူကို အချိန်အနည်းငယ်ကြည့်ရှု့ပြီးနောက် လျစ်လျူရှု့ထားလိုက်၏။ မည်ကဲ့သို့ပြုမူရမည်အား တစ်ဖက်လူ သိလောက်မှာပါ။ သူမသည် ရွှီယန်ကို လေးနက်သည့်အသွင်ဖြင့် ကြည့်ကာပြော၏။
"လင်းယွီဂိတ်တံခါး ပွင့်လာခဲ့ပြီ.."
"အဲ့ဒါပွင့်တဲ့ အကြောင်းလား... ငါသိတာကြာပြီလေ.."
ရွှီယန်က အံ့သြမှုမရှိစွာ ပြောသည်။
သူသည် စိတ်ဝိဉာဉ်နယ်မြေသို့ တစ်ခေါက်သွားရောက်ကာ ပြန်လာပြီးဖြစ်၏။
"ဒီတစ်ကြိမ်က လုံးဝပွင့်သွားတာ... အဲ့ဒီ့အပြင် အတွင်းဘက်နယ်မြေတစ်ခုလုံးကို ကြေငြာချက် ထုတ်ပြန်ထားတယ်။ ယွီလင့်တံဆိပ်ပြား ကိုင်ဆောင်ထားတဲ့ ဘယ်သူမဆို လင်းယွီဂိတ်တံခါးကို တစ်လအတွင်း ဝင်ရောက်နိုင်တယ်တဲ့.."
ယွင်မြှောင်မြှောင်က လေးနက်စွာ ပြော၏။
"ငါသိပြီ.."
ရွှီယန်သည် ရုတ်တရက် နားလည်သွားပြီး သုယွီယင်းကို တွေးမိလိုက်သည်။ ယခုအချိန်၌ လင်းယွီဂိတ်တံခါး တရားဝင်ဖွင့်လှစ်ပြီဖြစ်ရာ သုယွီယင်းလည်း အတွင်းဘက်နယ်မြေသို့ ဝင်လောက်ပါသည်။
"သခင်မလေးသု ကိုင်ထားတာက ထိုက်မြှောင်ဂိုဏ်းရဲ့ ယွီလင့်တံဆိပ်ပြားပဲ။ ထိုက်မြှောင်ဂိုဏ်းက အဆင့်လွန်ဂိုဏ်းတွေထဲက တစ်ခုဖြစ်တယ်.."
စိတ်ဝိဉာဉ်နယ်မြေတွင် ရွှီယန်သည် အဓိက အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများ အကြောင်း အခြေခံအချက်အလက်များအား သိရှိပြီး ဖြစ်သည်။
ထိုက်မြှောင်ဂိုဏ်းသည် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများထဲမှ တစ်ခုဖြစ်၏။ တစ်ဖက်ရှိ သုယွီယင်းသည် ထိုက်မြှောင်တံဆိပ်ပြားကို ပိုင်ဆိုင်ထားပြီး ကောင်းကင်လူသား သွေးမျိုးဆက်ရှိသည်။ သူမ၏ သွေးမျိုးဆက်သည် ထိုက်မြှောင်ဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးဆီမှ လာ၏။ ထို့ကြောင့် စိတ်ဝိဉာဉ်နယ်မြေကို ဝင်ရောက်သည်နှင့် ရာထူးဂုဏ်သိမ်တို့ နိမ့်ပါးမည်မဟုတ်ပေ။
"သခင်မလေးယွင်ရော ကျောက်စိမ်းတံဆိပ်ပြား(ယွီလင့်) လိုချင်လို့လား.."
ရွှီယန်က မေး၏။
ယွင်မြှောင်မြှောင်သည် သူ၏ စိတ်အခြေအနေအား လေ့ကျင့်ရာတွင် အကူအညီပေးခဲ့သည်။ သူ့တွင် ယွီလင့်တံဆိပ်ပြား အနည်းငယ် ရှိကတည်းက သူမအတွက် လိုအပ်နေလျှင် တစ်ခုလောက်ပေးလို၏။ ဤသည်မှာ ပြီးခဲ့တုန်းက အကူအညီအတွက် ပြန်လည်ဖြည့်ဆည်းပေးခြင်းဖြစ်သည်။
"ကျွန်မမှာ ယွီလင့်တစ်ခု ရှိပါတယ်.."
ယွင်မြှောင်မြှောင်က ခေါင်းကိုရမ်းကာ မျှော်လင့်မှုတို့ဖြင့် ပြည့်နက်နေ၏။
"သခင်လေးရွှီရော လင်းနယ်မြေကို ဝင်ဖို့အတွက်စီစဉ်ထားလား... ကျွန်မနဲ့အတူတူ ဝင်ကြရင်ရော.."
ရွှီယန်က ယဉ်ကျေးစွာဖြင့် ငြင်းဆန်တော့မည့် အချိန်၌ ရုတ်တရက် ကျွန်း၏အပြင်ဘက်သို့ ခေါင်းမော့ကြည့်လိုက်သည်။ လှပသည့် ပုံရိပ်နှစ်ခုတို့ ချဉ်းကပ်လာခဲ့၏။ ဤသည်မှာတော့ သုယွီယင်းနှင့် ချွေအာတို့ဖြစ်သည်။
"သခင်လေးရွှီ.."
သုယွီယင်းက သူ့ကို တောက်ပသည့် အပြုံးတစ်ခုဖြင့် နှုတ်ဆက်သည်။
"သခင်လေးရွှီ.."
ရွှီယန်ကို တွေ့ရပြီးနောက် ချွေအာလည်း ချိုမြစွာဖြင့်နှုတ်ဆက်သည်။
ယွင်မြှောင်မြှောင်၏ မျက်ခုံးများက အနည်းငယ်မျက်မှောင်ကျုံ့သွားပြီး သုယွီယင်းကို ကြည့်၏။
သူမ၏မျက်နှာပေါ်၌ အံ့သြမှုအချို့ ဖြတ်သန်းသွားသည်။
သူမတို့နှစ်ယောက် နောက်ဆုံးအကြိမ် တွေ့ရှိခဲ့တာ အချိန်ခဏသာ ကြာပါသေးသည်။ သုယွီယင်းသည် များစွာပြောင်းလဲသွားခဲ့၏။ ယခုအချိန်၌ သူရဲကောင်းဆန်ကာ မှင်သက်လောက်အောင် လှပနေပါသည်။
"သခင်မလေးသု... နင်လည်းဒီကို လင်းယွီဂိတ်တံခါးကိစ္စနဲ့ လာတာလား.."
ယွင်မြှောင်မြှောင်က မျက်လုံးများကိုမှေးကာ ပြော၏။
"သခင်မလေးယွင်... ရှင်ကရော.."
သုယွီယင်း၏ နှုတ်ခမ်းထောင့်များက အနည်းငယ် မြင့်တက်သွားပြီး အပြုံးတစ်ခုဖြင့် မေးသည်။
ရွှီယန်က အမျိုးသမီးနှစ်ယောက်တို့ကို စူးစမ်းရင်းက အတွေးနက်သွားပြီးနောက် နောက်ဆုံးတွင် ပြော၏။
"ဒီက မိန်းကလေးနှစ်ယောက်လုံးက လင်းနယ်မြေကိုဝင်ဖို့ စီစဉ်ထားကြတာပဲ။ အဲ့ဒီ့နယ်မြေက အဆင့်အတန်းခွဲခြားမှု စနစ်တွေ အရမ်းတင်းကြပ်တယ်။ ပြီးတော့ ကျွန်တော်တို့ အားလုံးက အတွင်းဘက်နယ်မြေကပဲဆိုတော့ ဖြစ်နိုင်ရင် တစ်ယောက်နဲ့တစ်ယောက် အကူအညီပေးပြီး ခိုင်မာတဲ့ အခြေချမှုတစ်ခု ရနိုင်အောင် လုပ်သင့်တယ်.."
ဘာပဲဖြစ်ဖြစ် သူမတို့နှစ်ယောက်လုံးသည် အတွင်းဘက်နယ်မြေမှ ဖြစ်၏။ သုယွီယင်းမှာ ထိုက်မြှောင်ဂိုဏ်း၏ ယွီလင့်တံဆိပ်ပြားကို ကိုင်ဆောင်ထားတာ ဖြစ်ပေမယ့် အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းသားတစ်ယောက် ဖြစ်သောကြောင့် အပြင်လူများက အထင်သေးမှု မပြုလျှင်တောင် ဂိုဏ်းအတွင်းတွင် ခွဲခြားမှုမရှိဘူးဟု ပြောနိုင်မည်မဟုတ်ပေ။
"သခင်လေးရွှီပြောတာ မှန်ပါတယ်.."
သုယွီယင်းက သဘောတူစွာပြော၏။
ယွင်မြှောင်မြှောင်မှာ အနည်းငယ် မှင်သက်သွားသည်။ သူမသည် တစ်ခုခုကို နားလည်လိုက်ပုံပေါ်ပြီး ပြော၏။
"မြှောင်မြှောင်က သခင်လေးရွှီရဲ့စကားကို နားထောင်ပါမယ်.."
ချွေအာက ယွင်မြှောင်မြှောင်ကို စူးရဲစွာကြည့်ကာ အလွန်ဒေါသထွက်နေပုံ ပေါ်၏။
လီရွှမ်က ဝူရွှမ်းကို ညွှန်ကြားချက်အချို့ပေးကာ ရွှီယန်နှင့် မိန်းကလေးနှစ်ယောက်တို့၏ အသွင်အပြင်ကို ပွဲကြည့်သဖွယ် ကြည့်နေပါသည်။ တပည့်ဖြစ်သူ၏ ထူးချွန်မှုအပေါ် ချီးကျူးမိ၏။
"စီနီယာ... မကြာခင် လင်းယွီဂိတ်တံခါးက ဖွင့်လှစ်တော့မယ်။ ယွီလင့်တံဆိပ်ပြား ကိုင်ဆောင်ထားသူတွေ ဝင်ရောက်နိုင်လိမ့်မယ်... အဲ့ကိစ္စကို ဘယ်လိုထင်လဲမသိဘူး.."
ဝူရွှမ်းက သိလိုစွာမေးသည်။
"အတွင်းဘက်နယ်မြေပဲဖြစ်ဖြစ် လင်းနယ်မြေပဲဖြစ်ဖြစ် အားလုံးက လောကကြီးရဲ့ တစ်ထောင့်တစ်နေရာလေး တစ်ခုပဲ။ ငါ့အတွက်တော့ အမြင်အများကြီး မရှိပါဘူး.."
လီရွှမ်က ထူးမခြားနားစွာ ပြောသည်။
ဝူရွှမ်းမှာ မှင်သက်သွား၏။ ဆရာကြီးအတွက် အတွင်းဘက်နယ်မြေပဲဖြစ်ဖြစ် လင်းနယ်မြေပဲဖြစ်ဖြစ် လောကကြီး၏ ထူးခြားမှုမရှိသည့် ထောင့်တစ်နေရာလေးတစ်ခုသာ ဖြစ်နေသည်လား။ သူ၏မျက်လုံးထဲတွင် လင်းနယ်မြေသည် ဂျောင်ကျသည့် နေရာတစ်ခုထက် မပိုပေဘူးလား။
သဟွမြေတစ်လျှောက်တွင် လင်းယွီဂိတ်တံခါး၏ ဖွင့်လှစ်မှုသတင်းမှာ ပျံ့နှံသွားခဲ့သည်။ အဓိကအင်အားစုကြီးများ များစွာတို့သည် ယွီလင့်တံဆိပ်ပြား ဟူသည်မှာ မည်သည်ဖြစ်သနည်းဟု ခန့်မှန်းနေကြ၏။
အချို့ အင်အားစုများဆိုလျှင် ထိုတံဆိပ်ပြားကို ရရှိရန်အတွက် ဖြစ်နိုင်သမျှ နည်းလမ်းများကို အသုံးပြုကာ အချက်အလက်များကို ရှာဖွေကြသည်။ ယွီလင့်အား ပိုင်ဆိုင်ထားသူများမှာ တိတ်ဆိတ်စွာဖြင့် ငြိမ်သက်နေကြ၏။
သဟွသိုင်းပညာ အကယ်ဒမီအတွင်းတွင် ပိုင်ယွင်ခုံးက မျက်မှောင်ကျုံ့သွားသည်။
"ငါ့ရဲ့ တွက်ချက်မှုအရဆိုရင် ဒါက အချိန်မကျသေးဘူးလေ.."
"စောနေလို့လား... ငါတို့အကယ်ဒမီမှာရော ယွီလင့်တံဆိပ်ပြား ရှိသေးလား.."
ဖန်းယွီက မေး၏။
ပိုင်ယွင်ခုံးက လက်ကိုဆန့်ကာ ယွီလင့်တံဆိပ်ပြား သုံးခုတို့ ပေါ်လာခဲ့သည်။
"ငါတို့ ဒါတွေကို ရွှီယန်၊ မုန့်ချုံနဲ့ အခြားလူတစ်ယောက်ယောက်ကို ရွေးချယ်ပြီး ပေးလိုက်သင့်လား.."
ဖန်းယွင်က စဉ်းစားပြီးနောက် မေး၏။
"ရွှီယန်နဲ့မုန့်ချုံတို့ကတော့ ဒါတွေကို မလိုလောက်ဘူး.."
ပိုင်ယွင်ခုံးက သက်ပြင်းချကာ တံဆိပ်ပြားများကို သိမ်းဆည်းရင်းက ပြောသည်။
"အခုဆိုရင် ခုနစ်စင်ကြယ်အကယ်ဒမီက အတိတ်အဖြစ်ကျန်ခဲ့ပြီ။ ဒီတံဆိပ်ပြားတွေက အသုံးမဝင်တော့ဘူး.."
"အဲ့ဒီ့အပြင်... လင်းနယ်မြေရဲ့ အခြေအနေကလည်း ရေရာတာ မဟုတ်ဘူး.."
ဖန်းယွီက တိတ်ဆိတ်သွားသည်။ ခုနှစ်စင်ကြယ်အကယ်ဒမီနှင့် ဆက်နွယ်နေသည့်အင်အားစုသည် လင်းနယ်မြေတွင် ရှိနေသေးသည်လား။ အကယ်ဒမီ၏ ဘိုးဘေးများ မည်ကဲ့သို့ ဖြစ်နေပြီလဲဟူသည် အားလုံးတို့ကို သိရှိရခြင်း မရှိပေ။
နောက်ဆုံးအကြိမ် တစ်ယောက်ယောက် လာရောက်လည်ပတ်ခဲ့စဉ်တုန်းက စိတ်ဝိဉာဉ်နယ်မြေရှိ အကယ်ဒမီအခြေအနေကို ပြောကြားခဲ့ပြီး အဆင်ပြေခြင်း မရှိဟု သိခဲ့ရ၏။
"ရွှီယန် လင်းနယ်မြေကိုသွားခဲ့တယ်... သူပြန်လာပြီးရင်တော့ လင်းနယ်မြေက အင်အားစုတွေအကြောင်းကို ငါတို့ကို ပြောပြနိုင်လောက်တယ်။ အကယ်ဒမီရဲ့ အင်အားစုက ရှိသေးလားဆိုတာကိုရောပေါ့.."
ပိုင်ယွင်ခုံးက လေးနက်စွာပြော၏။
"မုန့်ချုံလည်း သွားဖို့ပြင်နေတယ်။ သူတို့ကို မေးကြည့်ရအောင်.."
ဖန်းယွီက အကြံပေးသည်။
"ကောင်းပြီ.."
ပိုင်ယွင်ခုံးက ခေါင်းငြိမ့်ကာ နှစ်ယောက်သား ချန်းလန်ကျွန်းဆီသို့ ထွက်ခဲ့ကြ၏။
ချန်းပိန်မြေတွင် သိုင်းသမားများ စတင်ပေါ်လာကာ အားလုံးတို့မှာ လင်းယွီဂိတ်တံခါးဆီသို့ ဦးတည်နေကြသည်။ သူတို့တွင် ယွီလင့်တံဆိပ်ပြားများ မရှိပေမယ့် ဤသည်မှာ လင်းနယ်မြေသို့ လည်ပတ်နိုင်သည့် ရှားပါးသည့် အခွင့်အရေးတစ်ခု ဖြစ်သည်။
ထိုလူများထဲရှိ မည်သူမှ သဟွသိုင်းပညာကို ပြောင်းလဲခြင်းမရှိပါ။ ယခုအချိန်၌ လူများစွာတို့သည် တုံ့ဆိုင်းနေကြ၏။
သဟွသိုင်းပညာသည် အမှန်တကယ်ကို တောက်ပသည့် အနာဂတ်တစ်ခုအား ဖော်ဆောင်နိုင်မည်လား။ သဟွသိုင်းပညာမှာ ပိုမိုစွမ်းအားကြီးလျှင်တောင် လင်းနယ်မြေအတွင်းတွင် ကျင့်ကြံနိုင်ပါက ပိုမိုမကောင်းမွန်ပေဘူးလား။
"မင်းမှာ ယွီလင့်တံဆိပ်ပြားရှိလား.."
လင်းယွီဂိတ်တံခါး အတွင်းတွင် အစောင့်နှစ်ယောက်တို့က ချဉ်းကပ်လာနေသည့် သိုင်းသမားများကို တွေ့ရပြီးနောက် နက်ရှိုင်းသည့်အသံဖြင့် မေးသည်။
"ကျွန်တော်တို့... ကျွန်တော်တို့မှာ မရှိပါဘူး.."
"ဒါဆိုရင် ယွီလင့်တံဆိပ်ပြားမရှိရင် ဝင်ခွင့်မပြုဘူးလား.."
သိုင်းသမားအုပ်စုက အရေအတွက်ကို အားကိုးကာ သတ္တိမွေးပြီး မေးခွန်းထုတ်သည်။
"ယွီလင့်တံဆိပ်ပြား မရှိတဲ့လူတွေ ဝင်လို့မရဘူး.."
"ဘုန်း.."
ကောင်းကင်လူသား၏ အရှိန်အဝါက ပေါက်ကွဲထွက်လာပြီး သိုင်းသမားအုပ်စုကို တစ်ခါတည်း ဖိနှိပ့်လိုက်သည်။
"ထွက်သွားကြ... လူစုပြီးတော့ ပြဿနာထပ်ရှာမယ်ဆိုရင် ညှာတာမှုမရှိဘဲ သတ်ဖြတ်ခံရမယ်.."
အစောင့်တစ်ယောက်က အေးစက်စွာဖြင့် ပြောသည်။
ဒီအချိန်၌ လင်းနယ်မြေသို့ ဝင်ရောက်လိုသည့် သိုင်းသမားများ၏ မျက်နှာများမှာ ဖြူရော်သွားကြ၏။ သူတို့၏ အသိစိတ်အား ကြီးမားသည့်တောင်ကြီးတစ်ခု ဖိနှိပ့်လာသည့်နှယ် ခံစားရပြီး ခန္ဓာကိုယ်ကို တောင့်တင်းနေစေသည်။ ဤသည်မှာ ကောင်းကင်လူသားတစ်ယောက်၏ ကြီးမြတ်မှုလေလား။
"လင်းယွီဂိတ်တံခါးက တရားဝင် ဖွင့်လှစ်ခဲ့ပြီ။ ငါသတ်ဖြတ်မှုတွေ မလုပ်ချင်ဘူး။ ဒါပေမယ့် မင်းတို့က ကောင်းကောင်းမနာခံဘူး ဆိုရင်တော့ ငါ့ကိုရက်စက်တယ်လို့ အပြစ်မတင်နဲ့.."
အစောင့်တစ်ယောက်က အေးစက်စွာ ပြောသည်။