လင်းနယ်မြေကို ပထမဆုံးဝင်ရောက်စဉ်မှာ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားနှစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်(၂)
Vol. 30 Ch. 440
"ကောင်းပြီ.. ထ.."
ရှန်ချင်းက ခေါင်းငြိမ့်၏။ အဘိုးဖြစ်သူ၏ ယွီလင့်တံဆိပ်ပြားကို ပြန်လည် ယူဆောင်လာခြင်းမှာ ကျစ်ယွင်၏ ကံတရားဖြစ်သည်။
ပြီးနောက် သူသည် ရှဲ့ထန်းဟန်နှင့် သားဖြစ်သူတို့ကို ကြည့်လိုက်၏။ ရှဲ့ထန်းဟန်မှာ အနည်းငယ်ကသိကအောက် ခံစားနေရသည်။ လူတိုင်း၏ ယွီလင့်များသည် တစ်ယောက်က တစ်ယောက်ထက် ပိုမိုကာ ရိုးရှင်းခြင်းမရှိပေ။ သို့ပေမယ့် သူကိုင်ဆောင်ထားသည့် ယွီလင့်မှာတော့ သာမန်သာ ဖြစ်ပုံရှိ၏။
"အကြီးအကဲ... ဒါက ကျွန်တော့ယွီလင့်ပါ.."
ရှဲ့ထန်းဟန်က ယွီလင့်ကိုထုတ်ကာ ပြလိုက်သည်။
ရှန်ချင်းက တစ်ချက်ကြည့်လိုက်ပြီးနောက် ခဏတာမှင်သက်သွား၏။ ရှဲ့ထန်းဟန်နှင့် သူ၏ သားဖြစ်သူတို့ကို ခဏအကြာ စူးစမ်းပြီးနောက် တုံ့ဆိုင်းစွာဖြင့်ပြောသည်။
"ငါနဲ့အတူတူ ကျိုးနိုင်ငံကို လိုက်ခဲ့လိုက်။ မင်းတို့ရဲ့နေရာကို ငါလူလွှတ်ပြီး ပို့ပေးမယ်.."
အတွေးနက်နေသည့် ယရုန်မှာ ထိုစကားကိုကြားရပြီးနောက် အံ့ဩစွာဖြင့် ရုတ်တရက် ခေါင်းမော့ကြည့်သည်။
ရှန်ချင်းသည် အလွန် စိတ်ကောင်းရှိနေသည်လား။
ပြီးနောက် ရှဲ့လင်ဖုန်း၏ လက်အတွင်းရှိ ယွီလင့်ကို ကြည့်ကာ သူမလည်းပဲ မှင်သက်သွားခဲ့သည်။ တစ်ဖက်လူ၏ အပြုအမူမှာ အံ့သြစရာမရှိပေ။ သူသည် ဒီအခွင့်အရေးကိုယူကာ ထိုနေရာနှင့် အဆက်အသွယ်အချို့ ရရှိလို၏။
"ကျေးဇူးတင်ပါတယ် အကြီးအကဲ.."
ရှဲ့ထန်းဟန်က လေးစားစွာ ပြန်ကြားသည်။
ဧကရာဇ်ကျိန်နှင့် အခြားလူများအားလုံးမှာ ဝမ်းသာနေကြ၏။ ဒီလူများ တစ်ယောက်ချင်းစီတိုင်း ကိုင်ဆောင်ထားသည့် ယွီလင့်များသည် ပုံမှန်မရှိဟန် ရှိသည်။
ရှန်ချင်းက မတ်တတ်ရပ်ကာ ကျိန်ဧကရာဇ်ကို ပြော၏။
"ဒီတစ်ကြိမ်မှာ မင်းလုပ်တာ ကောင်းတယ်။ လင်းယွီဂိတ်တံခါးပိတ်ပြီးရင် ဆုကြေးကို ကိုယ့်ဘာသာ သွားယူလှည့်။ ကျိန်နိုင်ငံရဲ့တာဝန်က မပြောင်းလဲပဲ ရှိနေမယ်။ ဘယ်သူမှ နှောင့်ယှက်လို့မရဘူး။ ဒါပေမယ့် ပဋိပက္ခတွေအကြားကိုလည်း မင်းတို့ဘက်က အလောတလျင်လျှောက်ဝင်မပါနဲ့.."
"ကျေးဇူးတင်ပါတယ်အရှင်... ကျွန်တော်တို့တွေ ညွှန်ကြားချက်ကို စိတ်ထဲမှာ စွဲစွဲမြဲမြဲမှတ်ထားပြီး တာဝန်ကို ခိုင်မာစွာ လုပ်ဆောင်ပါမယ်။ ဘယ်အငြင်းပွားမှုအကြားမှာမှ ဝင်မပါပါဘူး.."
ဧကရာဇ်ကျိန်အား ပျော်ရွှင်စွာဖြင့် ဒူးထောက်ကာ အရိုအသေပေးသည်။ တစ်ဖက်လူ၏ စကားများနှင့် ကျိန်နိုင်ငံသည် ဆက်လက် သာယာဖွံ့ဖြိုးနိုင်ဦးမည်ဖြစ်၏။
ရှန်ချင်းက ခေါင်းငြိမ့်ကာ ထွက်ပေါက်ဆီသို့ လျှောက်သွားရင်းက ပြောသည်။
"ကျန်တဲ့ယွီလင့်တံဆိပ်ပြား ကိုင်ဆောင်သူတွေကိုတော့ မင်းဘာသာ မင်းဆုံးဖြတ်လိုက်.."
ယရုန်လည်းပဲ မတ်တပ်ရပ်ကာ ထွက်ခွာဖို့လုပ်သည်။ ရှဲ့ထန်းဟန်၊ သုယွီယင်းနှင့် အခြားလူများ အားလုံးတို့က သူတို့နောက်မှ အလျှင်အမြန် လိုက်ပါကြ၏။
ခန်းမကြီး၏ အပြင်ဘက်တွင် ရှန်ချင်းက ကျစ်ယွင်နှင့် ရှဲ့ထန်းဟန်တို့ဘက်သို့ လှည့်ကာ ပြောသည်။
"မင်းတို့မှာ ပြောစရာတစ်ခုရှိရင် ဒီမှာပဲပြော။ တစ်ယောက်နဲ့တစ်ယောက် ပြန်တွေ့ရမယ်ဆိုတာက မသေချာဘူး.."
နှုတ်ဆက်စကားများ ပြောကြားပြီးနောက် ရှဲ့ထန်းဟန်၊ သားဖြစ်သူနှင့် ကျစ်ယွင်တို့သည် ရှန်ချင်းနှင့်အတူ လိုက်ပါသွား၏။
သုယွီယင်း၊ ချွေအာ၊ ယွင်မြှောင်မြှောင်နှင့် ဝူရွှမ်းတို့မှာ ယရုန်နှင့်အတူ ထိုက်မြှောင်ဂိုဏ်းဆီသို့ လိုက်ပါသွားသည်။ ယရုန်၏ ညွှန်ကြားချက်ဖြင့် သုယွီယင်းမှာ ပိတ်ပါးဖြင့် မျက်နှာကို ကာထားသည်။
သူတို့ကို လေးစားစွာဖြင့် လိုက်ပို့ပြီးနောက် ဧကရာဇ်ကျိန်တို့မှာ စိတ်သက်သာရာ ရသွားကြသည်။
"ပုံမှန်စည်းမျဉ်းအတိုင်းပဲ.. ဒီကကိစ္စတွေနဲ့ အချက်အလက်တွေ အကြောင်းကို ဘယ်သူမှ ဆွေးနွေးခွင့်မရှိသလို ဖော်ထုတ်ပြောကြားခွင့်လည်း မရှိဘူး။ မဟုတ်ရင် သေမိန့်ကျမယ်.."
ဧကရာဇ်ကျိန်က မာကျောစွာ ပြောသည်။
"အရှင်မင်းကြီးစိတ်ချပါ... ကျွန်တော်တို့တွေ စည်းမျဉ်းကို နားလည်ပါတယ်.."
အမတ်ကြီးများအုပ်စုက ဦးညွှတ်ကာ ပြန်ကြားကြ၏။
"အတွင်းဘက်နယ်မြေမှာ အရေးကြီးတဲ့ ယွီလင့်တွေကို ကိုင်ဆောင်ထားတဲ့လူတွေ မရှိလောက်တော့ဘူး။ စည်းမျဉ်းအတိုင်းပဲ တာဝန်ကို ဆက်လုပ်ကြ။ အချိန်ကျလာရင် လင်းယွီဂိတ်တံခါးကို ပြန်ပိတ်လိုက်.."
"ရွှေရှင်းနန်းတော်က လူတွေကတော့ သူတို့ကို အများကြီးအာရုံထားမနေနဲ့တော့။ ကိုယ့်ဘာသာ နားလည်မှုမရှိဘဲ ပြန်မလာချင်ဘူးဆိုရင် ပြန်လာစရာမလိုတော့ဘူး.."
"အဲ့ဒါက ထိုက်မြှောင်ဂိုဏ်းနဲ့ အဆင့်လွန်ဂိုဏ်းတွေရဲ့ သဘောထားပဲ။ ဘယ်သူမှ မနာခံခွင့်မပြုဘူး.."
ဧကရာဇ်ကျိန်၏အသံက လေးနက်စွာ ထွက်ပေါ်လာ၏။
"ဟုတ်ကဲ့ပါအရှင်မင်းကြီး.."
တစ်လတာအချိန်အပြီးတွင် လင်းယွီဂိတ်တံခါးကို ပိတ်ရမည် ဖြစ်၏။
ဧကရာဇ်ကျိန်တို့သည် ခန်းမကြီးအတွင်း၌ ဆက်လက်ထိုင်နေခြင်း မပြုတော့ပါ။ အဆင့်လွန်ဂိုဏ်းများမှ ကိုယ်စားလှယ်တို့ ပြန်သွားပြီးနောက် သူတို့အတွက် ကိုယ်တိုင်လာရောက်စောင့်ကြပ်ရန် မလိုတော့ပေ။
ချန်းလန်ကျွန်းပေါ်တွင် လူတိုင်းသည် လင်းယွီဆီသို့ ဝင်ရောက်ရန် ပြင်ဆင်နေကြ၏။ ရွှီယန်က ဖခင်ဖြစ်သူ ရွှီကျွင်းဟယ်အား ဒီဗိုင်းဆန္ဒအဆင့်နှင့် မူလဒီဗိုင်းအဆင့်ရှိ ကျင့်စဉ်တို့ကို လွှဲပြောင်းပေးသည်။ ထုံးရွှမ်အဆင့်သို့ ရောက်ရှိပါက အောင်မြင်စွာ ဆက်လက်ကျင့်ကြံနိုင်စေရန် ဖြစ်၏။
ထို့အပြင် ဒီဗိုင်းဆန္ဒအဆင့် ကျင့်စဉ်၏ အဓိကအချက်များကိုလည်း တစ်ခုပြီးတစ်ခု ဂရုတစိုက်ထောက်ပြသည်။
တစ်ဖက်ရှိ စုလင်းရှုံမှာ ဒန်ဆေးလုံးများကို သန့်စင်ရင်းဖြင့် အလုပ်ရှုပ်နေ၏။ ထုံးရွှမ်အဆင့်အတွက် ဒန်ဆေးလုံးများနှင့် ဒီဗိုင်းဆန္ဒအဆင့်သို့ ချိုးဖျက်ရန် ဒန်ဆေးလုံးများ အားလုံးကို သူမအနေနှင့် ကိုယ်တိုင်သန့်စင်ရန် လိုအပ်ပါသည်။
ဒီတစ်ခေါက်ခရီးစဉ်တွင် သူမတို့သည် မည်သည့်အချိန်မှ ပြန်လာနိုင်မည်ကို မသိရှိနိုင်ကြပေ။ ရွှီကျွင်းဟယ်တို့မှာ သဟွတွင်နေထိုင်ကာ ဆက်လက်ဖွံ့ဖြိုးမည်ဖြစ်ပြီး လင်းယွီသို့ ဝင်ရောက်မည် မဟုတ်ပါ။
ရွှီကျွင်းဟယ်လည်း မိမိ၏ ကိုယ်ပိုင် ခွန်အားနည်းပါးမှုကို နားလည်၏။ သားဖြစ်သူအတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်လိုရာ လိုက်ပါခြင်း မပြုပေ။
ဖခင်ဖြစ်သူအား ကျင့်စဉ်အတတ်တို့ကို လက်ဆင့်ကမ်းပေးပြီးနောက် ရွှီယန်သည် သဟွဆီသို့ နောက်ထပ်ခရီးတစ်ခေါက်သွားကာ ထန်းပေါင်စံအိမ်ဆီသို့ ရောက်ရှိသည်။
အရာအားလုံးတို့ကို ကောင်းမွန်စွာ စီမံပြီးနောက် လင်းယွီဂိတ်တံခါး ပိတ်ရန်အတွက် တစ်လတာအချိန်ဟာ ပြည့်ရန် ရက်အနည်းငယ်သာ လိုပါတော့သည်။
ဒီအချိန်သည် ပြန်လည်ဝင်ရောက်ရမည့်အချိန် ဖြစ်၏။
"ကြောင်နီ... နင်များများစား... ငါနင့်ကိုစာဖတ်တာ၊ စာရေးတာအတွက် ဘယ်လောက်ကြာပြီးမှ ပြန်ပြီးသင်ပေးနိုင်မလဲမသိဘူး.."
ရွှီမိခင်က ကြောင်နီ၏ခေါင်းကို ပွတ်သပ်ရင်းက ပြောသည်။
ကြောင်နီမှာလည်း ခွဲခွာရန်အတွက် တုံ့ဆိုင်းနေ၏။
ရွှီမိခင်၏ အလိုလိုက်မှု မရှိပါက နောင်တွင်ဒန်ဆေးလုံးများအား နည်းပါးစွာသာ စားသုံးရမည် ဖြစ်သည်။
ခက်ခဲသည့် အချိန်များကို ရင်ဆိုင်ရမည် ဖြစ်၏။
သို့ပေမယ့် သူသည် လင်းယွီသို့ သွားရောက်လိုပါသည်။ လင်းယွီတွင် စိတ်ဝိဉာဉ်သားရဲများရှိ၏။ စာတတ်ပေတတ် ကျားတစ်ကောင်အနေနှင့် ကျား၏အိပ်မက်များ ရှိ၏။ သူသည်နတ်ဆိုးသားရဲများ၏ ဘုရင် ဖြစ်လိုလေသည်။
လင်းယွီသို့ သွားမှသာလျှင် ထိုအခွင့်အရေးအား အောင်မြင်နိုင်မည် ဖြစ်၏။
လီရွှမ်က သက်ပြင်းချသည်။ အတွင်းဘက်နယ်မြေတွင် စတုတ္ထမြောက်တပည့်ကို ရှာတွေ့နိုင်ခြင်း မရှိရာ လင်းနယ်မြေမှာတော့ သူ့ကိုစိတ်မပျက်စေရန် မျှော်လင့်မိ၏။
လင်းယွီဂိတ်တံခါး၏ရှေ့တွင် ခရမ်းရောင်သရဖူဝတ်လူနှင့် အခြားထန်းပေါင်စံအိမ်၏ စွမ်းအားကြီးလူများက လေးစားစွာ ဦးညွှတ်ပြီးပြောသည်။
"သခင်လေးရွှီ... စိတ်ချပါ... သဟွက ပရမ်းပတာဖြစ်သွားမှာ မဟုတ်ပါဘူး။ လင်းယွီကို ယှဉ်ပြိုင်နိုင်မယ့် နေ့ရက်တစ်ခုကိုလည်း သေချာပေါက် ရောက်နိုင်မှာပါ.."
ရွှီယန်က ခေါင်းငြိမ့်၏။
"ဆရာ... ကျွန်တော်အရင်ဆုံး ဝင်သွားလိုက်မယ်.."
"အင်း ကောင်းပြီ.."
လီရွှမ်က ခေါင်းငြိမ့်၏။
ရွှီယန်သည် ရုပ်ဖျက်မှုကို ပြန်လည်ပြုလုပ်ကာ လင်းယွီဂိတ်တံခါးသို့ဝင်ရန် အစစ်အမှန်မျက်နှာအား ပြသခြင်းမရှိပေ။
သူ့ကို ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့က လိုက်လံဖမ်းဆီးနေ၏။ အတွင်းဘက်နယ်မြေသို့ ပြန်ခဲ့သည့်သတင်းသာ ပေါက်ကြားသွားပါက ကျောက်စိမ်းနတ်ဘုရားဂိုဏ်းမှ လူများက အတွင်းဘက်နယ်မြေတွင် လာရောက်ပြဿနာမရှာဟု အာမခံနိုင်ခြင်း မရှိပေ။
ရွှီယန် လင်းယွီဂိတ်တံခါးသို့ ဝင်သွားပြီးနောက် လီရွှမ်က တည်ငြိမ်စွာပြော၏။
"သွားရအောင်.."
သူသည်ရှေ့ဆုံးမှ ဦးဆောင်သွားကာ မုန့်ချုံ၊ စုလင်းရှုံ၊ ကျိုးယင်၊ မုန့်ရှူရှူနှင့် ကြောင်နီတို့က လိုက်ပါကြ၏။
"မင်းမှာ ယွီလင့်ရှိလား.."
အစောင့်က မေး၏။
"မရှိဘူး.."
မုန့်ချုံက အစောင့်ကို တစ်ချက်ကြည့်သည်။
"မရှိဘူးလား..."
အစောင့်က ဒေါသထွက်စွာဖြင့် သူတို့ကိုမောင်းထုတ်တော့မှာပါ။ သို့ပေမယ့် ရုတ်တရက် ခေါင်းပုသွားပြီးပြော၏။
"ဝင်ပါ.."
လီရွှမ်နှင့်အုပ်စုတို့ ဝင်သွားပြီးနောက် နောက်ထပ်အစောင့်တစ်ယောက်က ပြောသည်။
"မင်းကငတုံးလား... ဒီလူတွေကို သွားရှုပ်လို့ မရဘူးဆိုတာကို မတွေ့ဘူးလား။ ခုနကဝင်သွားတဲ့လူနဲ့ အဆက်အသွယ်ရှိတယ်.."
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.."
တစ်ဖက်အစောင့်က ကျေးဇူးတင်၏။ ခုနက သူသည် သေဆုံးရတော့မည့် ခံစားချက်တစ်ခုကို ရရှိခဲ့၏။
လင်းယွီဂိတ်တံခါးဆီသို့ ဝင်ရောက်ပြီးသည်နှင့် လီရွှမ်သည် အားအင်ပြည့်ဖြိုးစွာ ခံစားလိုက်ရ၏။ လင်းယွီရှိ စိတ်ဝိဉာဉ်စွမ်းအင်မှာ အမှန်တကယ်ကို သိပ့်သည်းလှသည်။
"ဒီလောက်ကြွယ်ဝတဲ့ စိတ်ဝိဉာဉ်စွမ်းအင်တွေ.."
စုလင်းရှုံက အသံပြု၏။
မုန့်ရှူရှူက ပတ်ဝန်းကျင်ကို ကြည့်သည်။ သူ၏ပုံစံက ရှုပ်ထွေးမှုနှင့် မျှော်လင့်ချက်တို့ဖြင့် ပြည့်နက်နေ၏။ ခန်းမကြီးကို ဖြတ်သန်းပြီးနောက် စောင့်နေပြီးဖြစ်သည့် ရွှီယန်ကို တွေ့ရသည်။
"ဆရာ... ကျွန်တော်တို့တွေ ဘယ်ကိုသွားကြမလဲ.."
လီရွှမ်က ဂရုမစိုက်စွာ ဖြေကြား၏။
"ဘယ်နေရာဖြစ်ဖြစ် အဆင်ပြေတယ်။ မင်းသင့်တော်တယ်ထင်တဲ့ နေရာကိုသွားလိုက်.."
လင်းယွီသို့ ရောက်ရှိပြီးနောက် သူ၏ ပထမဆုံးတာဝန်မှာ ချီမန်သိုင်းပညာအတွက် သင့်တော်သည့် တပည့်တစ်ယောက် ရှာဖွေရန်ဖြစ်သည်။
ယွီရှောင်လုံက ခေါင်းထွက်လာပြီး ပြော၏။
"ကျိန်နိုင်ငံရဲ့မြို့တော်နဲ့ အရမ်းကြီးမဝေးဘဲ လှပတဲ့ရှု့ခင်းတွေရှိတဲ့ နေရာတစ်ခုကို ကျွန်တော်သိတယ်.."
"အဲ့ဒါဆိုလည်း အဲ့ကိုသွားတာပေါ့.."
လီရွှမ်က စကားဆုံးပြီးနောက် ကြောင်နီကို ခေါင်းလှည့်ကြည့်သည်။ ကြောင်နီက ရှေ့သို့တက်ကာ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်၏။ သေးငယ်သော တောင်တစ်လုံးသဖွယ် ကြီးမားသည့် အရွယ်အစားသို့ ပြောင်းလဲလာခဲ့သည်။
လီရွှမ်က ကျေနပ်စွာခေါင်းငြိမ့်၏။ နောက်ဆုံးတွင် ကြောင်နီအား စီးတော်အဖြစ် အသုံးပြုနိုင်ပြန်လေပြီ။
ကြောင်နီ၏ကျောပေါ်သို့ တက်ပြီးနောက် လက်ဖက်ရည်စားပွဲနှင့် ကုလားထိုင်တို့မှာ အဆင်သင့်ဖြစ်နေပြီးဖြစ်၏။
စုလင်းရှုံက ဆရာဖြစ်သူအတွက် လက်ဖက်ရည်ကို နှပ်ပေးသည်။ ရွှီယန်၊ ယွီရှောင်လုံတို့က ရှေ့မှ လမ်းပြကာ မုန့်ချုံက ပတ်ဝန်းကျင်ကို ဂရုတစိုက် ကြည့်ရှု့ပြီး သူတို့သည် ကြောင်နီပေါ်သို့ တက်ခြင်းမရှိပေ။
ရှီအာနှင့် မုန့်ရှူရှူတို့မှာ အစက ကြောင်နီ၏ ကျောပေါ်သို့ တက်ချင်ကြ၏။ သို့ပေမယ့် ကြောင်၏ခြိမ်းခြောက်သည့်အကြည့်ကြောင့် ခြေထောက်များကို ပြန်လည်ရုပ်သိမ်းလိုက်ရသည်။
လင်းယွီဂိတ်တံခါးမှ ဝေးကွာလာပြီးနောက် ရွှီယန်က မူလအသွင်အပြင်သို့ ပြန်ပြောင်းလိုက်၏။ သူတို့အုပ်စုသည် ယွီရှောင်လုံပြောသည့် နေရာဆီသို့ ဦးတည်ခဲ့ကြသည်။
လမ်းတလျှောက်တွင် လင်းယွီရှိ သိုင်းသမားအချို့နှင့် ကြုံတွေ့ခဲ့၏။ ပြီးနောက် သူတို့၏ လားရာသို့ မရောက်ခင်တွင် ပုံရိပ်နှစ်ခုတို့ သက်ဆင်းလာကြသည်။
စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား၏ ကြီးမြတ်မှုက ဖိနှိပ့်လာကာ ရွှီယန်ကို ရေခဲတမျှ အေးစက်သည့် အကြည့်များဖြင့် ကြည့်ကြ၏။
သူတို့မှာတော့ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့ရှိ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများ ဖြစ်ကြသည်။
"မင်းရဲ့အပြစ်ကို မင်းသိလား.."
ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရှိ အကြီးအကဲက ရွှီယန်ကို အေးစက်စွာ ခေါင်းငုံ့ကြည့်သည်။
ကြီးမားသည့် ကြောင်နီကိုတော့ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားနှစ်ယောက်သည် အနည်းငယ်မှ ဂရုစိုက်ခြင်း မရှိပေ။ ဘာပဲဖြစ်ဖြစ် ၎င်းသည် အားနည်းပြီး အလွယ်တကူ ဖျက်ဆီးလို့ရ၏။
ကြောင်နီ၏ ကျောပေါ်တွင် ထိုင်နေသည့် လီရွှမ်က လက်ဖက်ရည်ခွက်ကိုချကာ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားနှစ်ယောက်တို့ကို ထူးမခြားနားစွာ ကြည့်သည်။ လက်တစ်ဖက်ကို မြှောက်ပြီးပြော၏။
"နိမ့်ကျတဲ့ကောင်တွေက လာပြီးတော့ စော်ကားရိုင်းပြရဲနေတယ်.."
သူ၏နှလုံးသားတွင်တော့ စိတ်လှုပ်ရှားနေပါသည်။ နောက်ဆုံးတွင် ဆရာဖြစ်သူ၏ အစစ်အမှန်စွမ်းအားကို ပြသရမည့် အချိန်အခါသို့ ရောက်ရှိလာပြီ ဖြစ်၏။
သူသည် ဒီဗိုင်းဖျက်ဆီးခြင်းအတတ်ကို ရရှိပြီးကတည်းက ယခုအချိန်အထိ အသုံးပြုရန် အခွင့်အရေးမရသေးပေ။
"ရွှီယန်က လင်းယွီဂိတ်တံခါးကို ဝင်ရောက်ပြီးတာနဲ့ ကောင်းကင်လူသားငယ် တစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်။ အဲ့တော့ ဆရာဖြစ်တဲ့ငါကလည်း လင်းယွီဂိတ်တံခါးကို ဝင်ပြီးတာနဲ့ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားကို သတ်တာ ကျိုးကြောင်းဆီလျော်တယ်မလား.."
ထိုအတွေးနှင့်အတူ လက်ကိုမြှောက်ကာ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားနှစ်ယောက်တို့ဆီသို့ ရိုက်ချလိုက်သည်။
လျှပ်တပြက်လေ ဓားဆန္ဒ၊ အကြွင်းမဲ့ သုတ်သင်ခြင်းဓားဆန္ဒ၊ ဒီဗိုင်းဖျက်ဆီးခြင်းနှင့် တစ်ချက်သတ်တိုက်ကွက်တို့အားလုံး ပေါင်းစည်းကာ တစ်ချက်တည်း အသုံးပြုလိုက်သည်။
ရွှီယန်တို့အားလုံးမှာ စိတ်လှုပ်ရှားနေကြ၏။ ဆရာဖြစ်သူသည် ထပ်မံ လှုပ်ရှားမှုပြုခဲ့လေပြီ။ ဆရာတိုက်ခိုက်မှုပြုတိုင်းတွင် သူတို့ကို ကြီးမားသည့် အံ့သြမှုအား ဖြစ်ပေါ်စေခဲ့၏။
စုမိသားစုနှင့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရှိ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားနှစ်ယောက်တို့၏ပုံစံများက ကြီးစွာပြောင်းလဲသွားကြသည်။
မာန်ဖီကာ အော်ဟစ်ပြီးနောက် ကြောက်စရာကောင်းသည့် စွမ်းအားတို့ကို စုစည်းလိုက်၏။
သူတို့၏ ဦးခေါင်းများထက်တွင် ပုံရိပ်ယောင်တို့ ရေးတေးတေးပေါ်လာခဲ့သည်။ အလွန် ပုံရိပ်ယောင်ဆန်လွန်းပြီး အသွင်အပြင်ကိုပင် တွေ့မြင်နိုင်ခြင်း မရှိပေ။
နှစ်ယောက်သားသည် အစွမ်းအထက်ဆုံး လျှို့ဝှက်အတတ်များကို တစ်ခါတည်း အသုံးပြုလိုက်ကြခြင်းဖြစ်၏။
သူတို့၏ ဒီဗိုင်းဝိဉာဉ်အရိပ်များက ထွက်ပေါ်လာကြပြီး ဤသည်မှာ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်၏ ခွန်အားအပြည့်ဖြင့် တိုက်ခိုက်သည့် သင်္ကေတတစ်ခု ဖြစ်သည်။
သို့ရာတွင် လီရွှမ်၏ တိုက်ခိုက်မှုကို အစောပိုင်းစိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားနှစ်ယောက်လေးက ခုခံနိုင်မည်လား။
လေထဲတွင် အနက်ရောင်စုပ်ဝဲတစ်ခု ပေါ်လာဟန်ရှိပြီး အရာအားလုံးတို့ကို ဝါးမြိုသုတ်သင်သွားသည်။
"အုန်း.."
လက်ဝါးချက်တစ်ချက်နှင့်အတူ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားနှစ်ယောက်တို့ ပျက်သုန်းသွားကြ၏။ သူတို့အနေနှင့် အော်ဟစ်ရန်ပင် အခွင့်အရေး မရလိုက်ပေ။
လီရွှမ်က လက်ကိုပြန်ချကာ ပုရွဲဆိတ်နှစ်ကောင်အား ရိုက်သတ်လိုက်သည်နှယ် ရှိနေ၏။ လက်ဖက်ရည်ခွက်ကို ပြန်လည်ကောက်ယူပြီး စုလင်းရှုံက ငှဲ့ပေးထားသည့် စိတ်ဝိဉာဉ်လက်ဖက်ရည်ကို အသာသောက်သည်။