← Chapters

လက်နက်ကိရိယာထုလုပ်ခြင်း ပါရမီရှင် ဖန်းဟောင်(၂)

Vol. 30 Ch. 444

လက်နက်ကိရိယာထုလုပ်ခြင်း ပါရမီရှင် ဖန်းဟောင်(၂)

Vol. 30 Ch. 444

လူတစ်ယောက်သည် ကိုယ့်ကိုယ်ကိုယ် ဆက်တိုက်စွမ်းအင်အကုန်ခံပြီး အလင်းတန်းနှစ်ခုအတွက် မည်ကဲ့သို့ စိတ်အနှောင့်အယှက် ဖြစ်ခံမည်နည်း။

ထို့အပြင် ဤသည်က ရန်သူ၏ လွယ်ကူသည့် ပစ်မှတ်တစ်ခုလည်း ဖြစ်လာစေနိုင်သည်။ ဒီကိရိယာသည် သိုင်းသမားများအတွက် အလွန် အမှိုက်ဆန်လှ၏။

ဒီပစ္စည်းအစား လကျောက်တုံး သို့မဟုတ် ပုလဲကဲ့သို့သော ပစ္စည်းများက ပိုမိုအသုံးဝင်ပါသည်။ ရှင်းလင်းစွာပင် ဖန်းဟောင်၏ ဒီပစ္စည်းသည် အလွန်အကုန်အကျများပြီး အရင်းပင် ကျေနိုင်မည်မဟုတ်ပေ။

မြင့်မားသည့်စျေးဖြင့် ရောင်းနိုင်ရန်ဆိုလျှင် ပိုတောင်ဝေးသေး၏။

ဖန်းဟောင်၏ပုံက အနည်းငယ်နေရခက်သွား၏။ ပစ္စည်းကိုချကာ ရေရွတ်သည်။

"ဒါက တစ်ဝက်တစ်ပြက်ပဲ ပြီးဆုံးထားတဲ့ ကိရိယာတစ်ခုပဲ။ ကျွန်တော်ရဲ့စိတ်ထဲမှာ တွေးထားတဲ့ အပြီးသတ်ပြီးတဲ့ ကိရိယာတစ်ခုက မျက်လုံးမှာ ဝတ်ဆင်ပြီးရင် တစ်ချက်ကြည့်တာနဲ့ လူကိုသတ်ဖြတ်နိုင်တယ်.."

လီရွှမ်က ခေါင်းငြိမ့်သည်။

'ဒါက စိတ်ကူးတစ်ခုပဲ... ဒါပေမယ့် အရမ်းကို ခက်ခဲလွန်းတယ်... သေချာပေါက် မင်းလုပ်နိုင်မှာ မဟုတ်ဘူး..'

ဖန်းဟောင်က သေတ္တာအတွင်းမှ လက်သည်းတစ်ခုကိုထုတ်ကာ လက်ပေါ်တွင် ဝတ်ဆင်လိုက်သည်။ ပြီးနောက် လက်ကိုဆန့်ကာ ရှေ့သို့ ဖမ်းဆွဲလိုက်သည်။ လက်သည်းသည် အလင်းလုံးတစ်ခုဖြင့် လင်းလက်လာခဲ့၏။

"ခွေးကောင်... လက်သည်းကို ကြည့်လိုက်.."

လီရွှမ်ကို အံ့သြစေသည်မှာ ထိုလက်သည်းသည် အသံပြုလုပ်နိုင်ခြင်း ဖြစ်၏။

"ဝေါင်း.."

ဖန်းဟောင်၏ နောက်ထပ် လက်ဝှေ့ရမ်းလိုက်မှုနှင့် အတူ လက်သည်းမှ အသံသည် သားရဲတစ်ကောင်၏ ဟိန်းသံကဲ့သို့ ပြောင်းလဲသွား၏။

"သေလိုက်တော့.."

နောက်ဆုံးတွင် ယောက်ျားတစ်ယောက်၏ ကြမ်းကြုတ်သည့် အော်သံတစ်ခု ထွက်ပေါ်လာ၏။

"အခုတော့ ဒီအသံသုံးခုပဲ ထုတ်နိုင်သေးတယ်။ အဲ့ဒါက တိုက်ခိုက်နေစဉ်မှာ ရန်သူရဲ့အာရုံကို ပျက်ပြားစေတယ်။ အရမ်းကို အသုံးဝင်တယ်.."

ဖန်းဟောင်က စိတ်အားထက်သန်စွာ ပြောသည်။ သူ၏ မူလစိတ်ကူးမှာ လက်သည်းကို ရိုက်ထုတ်လိုက်သည်နှင့် ရန်သူကို ခြိမ်းခြောက်နိုင်သည့် နတ်ဆိုးအသံတိုက်ခိုက်မှုတစ်ခု ထုတ်လွှတ်ရန်ဖြစ်သည်။

သို့ရာတွင် ထုလုပ်မှုအပြီးတွင် ၎င်းသည် အသံကိုသာ ထုတ်လွှတ်နိုင်ပြီး မည်သည့် ခြိမ်းခြောက်နိုင်သည့် သက်ရောက်မှုမှ မဖြစ်ပေါ်စေပေ။ သူ့အနေနှင့် မည်ကဲ့သို့ပင် လေ့လာစေကာမူ မူလစိတ်ကူးကို အကောင်အထည် ဖော်နိုင်ခြင်း မရှိပေ။

"ဒါတွေအားလုံးကို မင်းဖန်တီးထားတာလား.."

လီရွှမ်က သေတ္တာအတွင်းရှိ ကျပန်းကိရိယာများကို ကြည့်ကာ မေးသည်။

"ဟုတ်တယ်.."

ဖန်းဟောင်က ခေါင်းငြိမ့်၏။ ထို့နောက် မေးလေသည်။

"အစ်ကိုကြီး... ဘယ်ပစ္စည်းကို သဘောကျလဲ မသိဘူး။ ကျွန်တော်ခင်ဗျားကို လျှော့ကြေးပေးလို့ ရတယ်.."

လီရွှမ်သည် ဖန်းဟောင်ကိုကြည့်ရင်းမှ မျက်လုံးထဲတွင် ပိုမို သဘောကျလာခဲ့သည်။ ဒီဖက်တီးလေးသည် အံ့သြမှုကောင်းသည့် စိတ်ကူးများစွာဖြင့် ပြည့်နက်နေပြီး ပါရမီရှိ၏။ ချီမန်သိုင်းပညာကို ကျင့်ကြံရန်အတွက် ပြီးပြည့်စုံစွာ ကိုက်ညီပါသည်။

"ဒီသမက်ရိုးကျမဟုတ်တဲ့ ပစ္စည်းတွေကို မင်းဘယ်လိုလုပ်ပြီးတော့ လုပ်ဖြစ်ခဲ့တာလဲ။ ကြည့်ရတာ အသုံးမဝင်သလိုပဲ.."

လီရွှမ်က သိလိုစွာမေး၏။

"လင်းနယ်မြေရဲ့ စိတ်ဝိဉာဉ်ကိရိယာ ထုလုပ်မှုက အနှစ်သာရကင်းမဲ့နေတယ်လို့ ကျွန်တော်ခံစားရတယ်။ ကျွန်တော့်ရဲ့အိပ်မက်က ကြီးမြတ်တဲ့ လက်နက်ကိရိယာထုလုပ်သူ မိသားစုကြီး ဖြစ်လာဖို့ပဲ။ လင်းနယ်မြေရဲ့ နံပါတ်တစ် လက်နက်ကိရိယာ ထုလုပ်သူပေါ့.."

"အဲ့ဒီ့လို လူအားလုံးကို ဖြတ်ကျော်နိုင်ပြီး အသစ်အသစ်သော ကိရိယာတွေကို ဖန်တီးနိုင်မှပဲ အဲ့ဒီ့အိပ်မက်ကို ပြီးမြောက်အောင် လုပ်နိုင်လိမ့်မယ်.."

ဖန်းဟောင်က ခိုင်မာစွာပြော၏။

"လေလွင့်သိုင်းသမားတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ မိသားစုကြီးတစ်ခု ဖြစ်လာမှာလဲ.."

လီရွှမ်က အပြုံးတစ်ခုဖြင့် မေး၏။

"အဲ့ဒါက ခက်ခဲမယ်ဆိုတာကို ကျွန်တော်သိတယ်။ ဒါပေမယ့် ကြိုးစားမကြည့်ပဲနဲ့ ဘယ်လိုလုပ်ပြီး ကျေနပ်နိုင်မှာလဲ.."

ဖန်းဟောင်က စိတ်အားထက်သန်စွာ ဖြေကြား၏။

"မင်းရဲ့ လက်နက်ကိရိယာ ထုလုပ်မှုတွေက အမွေဆက်ခံထားတာလား.."

လီရွှမ်က သိလိုစွာမေးသည်။

"မဟုတ်ပါဘူး.."

ဖန်းဟောင်က ခေါင်းကိုရမ်း၏။

"ကျွန်တော်ရဲ့ဖခင်က ခွန်အားမကြီးဘူး။ သိုင်းသခင်တစ်ယောက် ဖြစ်လာပြီးတဲ့နောက်မှာ မတော်တဆတစ်ခုနဲ့ သေဆုံးခဲ့တယ်။ ပြီးတော့ ကျွန်တော့်ကိုယ် ကျွန်တော်လည်း သိုင်းပညာပါရမီ မကောင်းဘူးလို့ အမြဲတမ်းခံစားခဲ့ရတယ်။ အဲ့ဒါကြောင့်မလို့ လက်နက်ကိရိယာထုလုပ်ခြင်းကို အထူးလေ့လာခဲ့တာ.."

"ပြီးတော့ အခြေခံ လက်နက်ကိရိယာထုလုပ်ခြင်း အတတ်တစ်ခုကို ဝယ်ယူပြီး ကိုယ့်ဘာသာကိုယ် ဖန်တီးမှုတွေကို ပြုလုပ်တယ်။ အဲ့ဒီ့လိုနဲ့ အခုလို ဖြစ်လာခဲ့တာပဲ.."

"သေချာပေါက် အာမခံနိုင်တာကတော့ ကျိန်နိုင်ငံမှာ လက်နက်ကိရိယာ ပြုလုပ်တာနဲ့ပတ်သက်ပြီး ကျွန်တော့်ထက်ပိုပြီး ကျွမ်းကျင်တဲ့သူ ဘယ်သူမှမရှိဘူး.."

လီရွှမ်မှာ နားထောင်လေလေ ပိုမိုကျေနပ်လေ ဖြစ်လာခဲ့၏။ ဖန်းဟောင်တွင် အမှန်တကယ်ကို ထူးကဲသည့် ပါရမီ ရှိသည်။

သူ၏ ချီမန်သိုင်းပညာသည် လောကကြီး၌ ပေါ်ပေါက်လာရန်အတွက် လမ်းကြောင်းပေါ်သို့ ကျရောက်လာပြီလားဟု မြင်ယောင်လာခဲ့၏။

ပြီးနောက် လီရွှမ်က ဖန်းဟောင်ကို မေးခွန်းအချို့ဆက်လက်မေးသည်။ ဖန်းဟောင်က အားလုံးတို့ကိုဖြေကြား၏။ နောက်ဆုံးတွင် လီရွှမ်ကို ခြံနောက်ဆီသို့ပင် ခေါ်ဆောင်သွားခဲ့သည်။ ဤသည်မှာ ဖန်းဟောင် ငှားရမ်းထားသည့် ခြံဝန်းတစ်ခုဖြစ်၏။

ရှေ့ရှိဆိုင်နှင့် နောက်ရှိခြံဝန်းတို့ ဖြစ်သည်။ ခြံဝန်းတွင် သူ၏ ကိရိယာများကို ထုလုပ်၏။ ထိုနေရာတွင် ထုလုပ်ခြင်း စင်မြင့်တစ်ခုရှိကာ ပတ်ဝန်းကျင်၌ ထုတ်လုပ်ခြင်းကုန်ကြမ်းမျိုးစုံတို့ကို စီရီထားသည်။

ထုလုပ်ခြင်းစင်၏ ဘေးတွင် လူတစ်ရပ်လောက် မြင့်သည့် ချပ်ဝတ်ရုပ်သေးရုပ်တစ်ရုပ် ရှိ၏။

"ဒါက ကျွန်တော်သေသေချာချာ ဖန်တီးထားတဲ့ စစ်ပွဲရုပ်သေးရုပ်ပဲ။ တစ်ခုတည်းသော ပြဿနာက အခုအခြေနေမှာ အကန့်အသတ် အရမ်းကိုများနေပြီး အမှီအခိုကင်းမဲ့စွာ မတိုက်ခိုက်နိုင်ဘူး။ သိုင်းပညာစွမ်းအားနဲ့ ထိန်းချုပ်မှု လိုအပ်တယ်။ အဲ့ဒါက အသုံးမဝင်သလိုမျိုး ဖြစ်နေစေတယ်.."

"ဒါပေမယ့် အဖြေတစ်ခုကို ကျွန်တော် စဉ်းစားပြီးပြီ။ ဒါပေမယ့် အလုပ်ဖြစ်မလား မဖြစ်ဘူးလား ဆိုတာကတော့ အချိန်အချို့ကြာပြီးမှပဲ သိနိုင်လိမ့်မယ်.."

ဖန်းဟောင်က စစ်ပွဲရုပ်သေးကို ပွတ်ရင်းကပြောသည်။

လီရွှမ်မှာ အမှန်တကယ်ကို အံ့သြသွား၏။ ဖန်းဟောင်၏ ပါရမီမှာ တကယ်ထူးကဲသည်။ သူသည် တိုက်ခိုက်ရေး ရုပ်သေးရုပ်တစ်ခုကိုပင် ပြုလုပ်ခဲ့၏။ လက်ကိုမြှောက်ကာ ရုပ်သေးရုပ်အတွင်းသို့ ဒီဗိုင်းစွမ်းအင်အချို့အား စီးဝင်စေလိုက်သည်။

ရလဒ်အနေနှင့် ရုပ်သေးရုပ်က အသံတစ်ခုနှင့် အတူ လက်ကိုမြှောက်ကာ စစ်ပွဲဓားကို ရှေ့သို့ လွှဲရမ်းလိုက်သည်။

ဒေါင်လိုက်ခုတ်ခြင်း၊ အလျားလိုက်ခုတ်ခြင်း၊ ဘယ်ညာထောင့်ဖြတ်ခုတ်ခြင်း အစရှိသဖြင့် လှုပ်ရှားမှုများကို အကြိမ်ကြိမ် ပြုလုပ်၏။ ဤသည်မှာ အမှန်တကယ်ကို အသုံးမဝင်ပေ။ သို့ပေမယ့် စိတ်ဝိဉာဉ်နယ်မြေအတွက် ၄င်းသည် ရှေ့ဆောင်လမ်းပြ ဖန်တီးမှုတစ်ခုဟု ယူဆနိုင်၏။

ဖန်းဟောင်၏ပုံက ပိုမိုကာပင် နေရခက်လာခဲ့သည်။

"ကျွန်တော်လည်း စစ်ပွဲရုပ်သေးကို ပိုပြီးတော့ များပြားတဲ့ တိုက်ခိုက်မှုတွေ ထုတ်လွှတ်စေချင်တယ်။ ဒါပေမယ့် လုပ်ဆောင်ရတာ ခက်ခဲတဲ့ပုံပဲ.."

"မင်းပြောတော့ အဖြေတစ်ခုကို ရှာတွေ့ပြီးပြီဆို.."

လီရွှမ်က သူ၏စိတ်ဝိဉာဉ်စွမ်းအင်ကို ရုပ်သိမ်းကာ အပြုံးတစ်ခုဖြင့် မေးသည်။

"ဟုတ်တယ်... ဒါပေမယ့် အရမ်းကိုခက်ခဲတယ်.."

ဖန်းဟောင်က သက်ပြင်းချသည်။ ပြီးနောက် သူ၏ အဖြေကို ရှင်းပြ၏။

"အလောင်းနတ်ဆိုးကို သိတယ်မလား။ အဲ့ဒါက အထူးနေရာတစ်ခုမှာ အချိန်အတော်ကြာအောင် ပျိုးထောင်ရတဲ့ အရာပဲ။ အဲ့လိုနေရာမျိုးမှာ စစ်ပွဲရုပ်သေးတွေကိုလည်း ပျိုးထောင်နိုင်မလားလို့ စဉ်းစားထားတယ်.."

"ကျွန်တော် အထူးနေရာတစ်ခုကို ရှာတွေ့ပြီးပြီ။ စစ်ပွဲရုပ်သေးတစ်ခုကိုလည်း မြှုပ်နှံထားတယ်။ ဒါပေမယ့် အဲ့ဒီ့ နည်းလမ်းက အသုံးဝင်မလားဆိုတာကို အတည်မပြုနိုင်သေးဘူး.."

ဖန်းဟောင်က သက်ပြင်းချပြန်၏။ ဤသည်မှာ မိုးပြာရောင် ကောင်းကင်နဂါး၏ သင်္ချိုင်းမှကိစ္စကို ကြားသိပြီးနောက် ဉာဏ်အလင်းရလာခဲ့သည့် စိတ်ကူးစိတ်သန်းဖြစ်သည်။

သို့ရာတွင် အလောင်းနတ်ဆိုးတစ်ကောင် ပေါက်ဖွားလာရန်အတွက် နှစ်ပေါင်းရာနှင့်ချီ ထောင်နှင့်ချီ သို့မဟုတ် သောင်းနှင့်ချီအောင်ပင် ပျိုးထောင်ရ၏။ အချိန်တိုအတွင်း သူစိတ်ကူးထားသည့် အတိုင်းကြီး ထွားနိုင်မည်လားဟူသည်မှာ မသေချာသလောက် ရှိနေပါသည်။

ထို့အပြင် ဖြစ်နိုင်လျှင်တောင် စစ်ပွဲရုပ်သေး၏ ပျိုးထောင်ရန်အချိန်မှာ အလွန်ရှည်ကြာလှပြီး ထုတ်လွှတ်နိုင်သည့် တိုက်ခိုက်မှု စွမ်းအားမှာလည်း သန်မာလောက်မည် မဟုတ်ပေ။

ကြည့်လိုက်သည်နှင့် အသုံးမဝင်ပုံ ပေါ်၏။ ထို့ကြောင့် ဖန်းဟောင်မှာ စိတ်မကျေမချမ်း ဖြစ်နေခြင်း ဖြစ်သည်။

"ဒီစစ်ပွဲရုပ်သေးကို ငါဝယ်လိုက်မယ်။ ငါ့မှာမင်းကို လုပ်ခိုင်းစရာရှိတယ်။ အောင်မြင်မယ်ဆိုရင် ငါတို့တွေက ကံစပ်တယ်လို့ ပြသတာပဲ။ မင်းအတွက် ကြီးမားတဲ့ အခွင့်အရေးတစ်ခု ငါပေးမယ်.."

ခဏတာ စဉ်းစားပြီးနောက် လီရွှမ်က အပြုံးတစ်ခုဖြင့်ပြောသည်။

"ဒီစစ်ပွဲရုပ်သေးက စျေးမပေါဘူး... ကုန်ကြမ်းပစ္စည်းရဲ့ တန်ကြေးနဲ့တင်..."

ဖန်းဟောင်၏ မျက်လုံးများက လင်းလက်သွားပြီး အမြန်စတင်ပြောသည်။

လီရွှမ်က စိတ်ဝိဉာဉ်ပုံဆောင်ခဲ ချက်လက်မှတ်များကိုထုတ်သည်။ ၎င်းတို့ကို လင်းနယ်မြေရှိ အဆင့်လွန်ဂိုဏ်းကြီးများစွာက ထုတ်ပြန်ထားခြင်း ဖြစ်၏။ အားလုံးတို့ကို သိုက်မိသားစု၏ ရတနာတိုက်အတွင်းမှ ရွှီယန်က လုယူခဲ့ခြင်း ဖြစ်သည်။

"ဒီမှာ စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၅သိန်း.."

"အစ်ကိုကြီး... ဒီတိုက်ပွဲရုပ်သေးက မင်းဟာပဲ။ ပြီးတော့ ဒီနွေဦးညရဲ့မှန်ကိုလည်း ပေးလိုက်မယ်.."

ဖန်းဟောင်မှာ အလွန် စိတ်လှုပ်ရှားနေ၏။

လီရွှမ်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။ သူသည် ထိုနွေဦးညမှန်ကို လိုအပ်ခြင်း မရှိပေ။

"အဲ့ဒါကိုတော့ မင်းဘာသာ သိမ်းထားလိုက်.."

သူက ခေါင်းကိုရမ်းကာ ပြော၏။

ဖန်းဟောင်ကပြုံးကာ လျှင်မြန်စွာမေးသည်။

"အစ်ကိုကြီး... မင်းက ဘာကိုလုပ်ချင်တာလဲမသိဘူး။ ငါသေချာပေါက် အောင်အောင်မြင်မြင် ဖန်တီးပေးမယ်.."

လီရွှမ်က အခင်းအကျင်း ပုံကြမ်းတစ်ခုကို ထုတ်သည်။ ဤသည်မှာ အခင်းအကျင်းပုံကြမ်းများစွာ အတွင်းရှိ အသေးဆုံးနှင့် အရိုးရှင်းဆုံးပုံကြမ်း ဖြစ်၏။

"ဒီပုံကြမ်းကို မင်းတွေ့လား... မင်းလုပ်ဖို့လိုတာက ဒီပုံကြမ်းကို ကိရိယာတစ်ခုအဖြစ် ထုလုပ်ဖို့ပဲ.."

လီရွှမ်က အပြုံးတစ်ခုဖြင့် ထပ်မံပြော၏။

"ဘယ်ပစ္စည်းကို အသုံးပြုမယ်။ ဘယ်လို ထုလုပ်မယ်ဆိုတာကို ငါဂရုမစိုက်ဘူး။ ပြီးတော့ ပုံကြမ်းထဲက သင်္ကေတတွေကို ဘယ်လို စီမံမလဲဆိုတာကိုလဲ ငါဂရုမစိုက်ဘူး.."

"မင်းလုပ်ဖို့လိုတာက အခင်းအကျင်းပုံကြမ်းကို ကိရိယာထဲကို ပေါင်းထည့်ဖို့ပဲ။ ပြီးရင် သင်္ကေတတွေရဲ့ ဆန်းကြယ်မှုကို နားလည်ဖို့ပဲ.."

"အဲ့လို လုပ်နိုင်မယ်ဆိုရင် ငါတို့က ကံစပ်တယ်လို့ ဆိုလိုတယ်.."

ဤသည်မှာ စမ်းသပ်မှုတစ်ခု ဖြစ်၏။ ဖန်းဟောင်သာ လုပ်ဆောင်နိုင်ပါက ဆိုလိုသည်မှာ သူ့တွင် စတုတ္ထမြောက်တပည့် ဖြစ်လာရန်အတွက် ထူးကဲသည့် ပါရမီအမှန်တကယ်ကို ရှိပါသည်။

လက်ထဲရှိ အခင်းအကျင်းပုံကြမ်းကို ကြည့်ကာ ဖန်းဟောင်တစ်ယောက် အလွန်ရှုပ်ထွေးကြောင်းကို တွေ့လိုက်ရသည်။

သူ၏ မသိစိတ်က ပြောနေ၏။ ၎င်းကိုသာ နားလည်မှုရနိုင်ပါက လောကသစ်တစ်ခုအား ဖွင့်လှစ်နိုင်မည်ဟူ၍ ဖြစ်သည်။ သူ့အတွက် လောကသစ်တစ်ခု ဖြစ်၏။

"အစ်ကိုကြီး စိတ်ချပါ... ကျွန်တော် သေချာပေါက် ပြီးမြောက်အောင်လုပ်မယ်.."

ဖန်းဟောင်က ရင်ဘတ်ကိုပုတ်ကာ ပြော၏။

"အင်း.. ကောင်းပြီ... ဒါက စရံစိတ်ဝိဉာဉ်ပုံဆောင်ခဲတစ်သိန်း။ ကုန်ကြမ်းတွေကိုဝယ်ဖို့ သုံးလို့ရတယ်.."

လီရွှမ်က နောက်ထပ် စိတ်ဝိဉာဉ်စာရွက်များကို ထုတ်ကာ ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး... ခင်ဗျားက တကယ့်ကို ကြီးမြတ်တဲ့လူတစ်ယောက်ပဲ။ သခင်လေးရှန်လိုပဲ ရက်ရောတယ်.."

ဖန်းဟောင်မှာ ဝမ်းသာသွား၏။ ယခုအချိန်၌ သူ့တွင် သခင်လေးရှန်အပြင် နောက်ထပ် ပုံမှန်ဖောက်သည်ကြီးတစ်ဦး ရရှိလာလေပြီ။

နောင်တွင် သုတေသနပြုရန်အတွက် လိုအပ်သည့်ကုန်ကြမ်းများကို ဝယ်ယူဖို့ရာ စိတ်ဝိဉာဉ်ပုံဆောင်ခဲများ ရှားပါးမည် မဟုတ်ပေ။

"မင်းရဲ့ကံကြမ္မာကို ပြောင်းလဲနိုင်ဖို့အတွက် အခွင့်အရေးက မင်းရှေ့မှာရှိတယ် ဖက်တီးလေး။ ကောင်းကောင်းဖမ်းဆုပ်နိုင်အောင်ကြိုးစား.."

လီရွှမ်ကပြုံးကာ ဖန်းဟောင်၏ပုခုံးကို ပုတ်၏။

"ရက်အနည်းငယ်ကြာပြီးရင် ငါလာပြီး စစ်ဆေးကြည့်မယ်.."

လက်တစ်ဝှေ့နှင့်အတူ စစ်ပွဲရုပ်သေးရုပ်က သူ၏ လက်ဝါးအတွင်းသို့ ကျရောက်လာခဲ့သည်။ ခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက် မျက်စိတစ်မှိတ်အတွင်း ခြံဝန်းအတွင်းမှ ပျောက်ကွယ်သွား၏။

လီရွှမ်မှာ အလွန်လန်းဆန်းစွာ ခံစားနေရသည်။ နောက်ဆုံးတွင် စတုတ္ထမြောက်တပည့် ဖြစ်နိုင်သည့် ပါရမီရှင်ကို ကြုံတွေ့ခဲ့ပြီ ဖြစ်၏။

"သူစမ်းသပ်မှုကို အောင်မြင်ဖို့ မျှော်လင့်တယ်.."

လီရွှမ်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။

ရှည်လျားသည့် စကားပြောမှုအပြီးတွင် လီရွှမ်သည် ဖန်းဟောင်၏ အကျင့်စရိုက်နှင့် အပြုအမူတို့ကို အလွန်သဘောကျသွားခဲ့၏။ တစ်ဖက်လူသည် ရည်ရွယ်ချက်ကြီးကာ အိမ်မက်တို့ ရှိသည်။ ပိုမိုအရေးကြီးသည်မှာ ချီမန်သိုင်းပညာအပေါ် လေ့လာရာတွင် အာရုံစူးစိုက်ပြီး ဖန်တီးမှုများ ပြုနိုင်၏။

လီရွှမ် ပျောက်ကွယ်သွားပြီးနောက် ဖန်းဟောင်မှာ အခင်းအကျင်းပုံကြမ်းကို လက်ထဲတွင်ကိုင်ရင်းက ကြည့်ရှု့နေ၏။ ပိုမိုကြည့်ရှု့လေလေ ပိုမိုဆန်းကြယ်လေ ဖြစ်လာခဲ့သည်။ ထူးကဲသည့် တစ်ခုခုအား ရရှိလာတော့မည်ဟု လူကို ခံစားရစေ၏။

'ငါသာ ဒါကို နားလည်သဘောပေါက်နိုင်ပြီး အစ်ကိုကြီးလိုအပ်တဲ့ ကိရိယာကို ပြုလုပ်နိုင်ရင် အရမ်းကို အံ့သြဖို့

ကောင်းလောက်မှာ..'

မှင်သက်နေရင်းက သူသည် ရုတ်တရက် အေးခဲသွားသည်။

All Chapters