လျှပ်တပြက်အတွင်း အရာအားလုံး ဓားဖြစ်လာခြင်း(၂)
Vol. 30 Ch. 446
အစကသူတို့တွင် ဆက်လက်မြင့်တက်နိုင်ရန်အတွက် အခွင့်အရေးတို့ ရှိခဲ့၏။ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် ရင်းနှီးနိုင်မည့် သေးငယ်သည့် အခွင့်အရေးပင် ရှိခဲ့သည်။
သို့ပေမယ့် မျှော်လင့်ချက်မြင့်မားစွာ ထားထားသည့် သိုက်ယင်ယင်မှာ အသတ်ခံခဲ့ရ၏။ လူသတ်သမားကိုလည်း ရှာမတွေ့သေးပေ။
ထို့အပြင် ရတနာတိုက်မှာ လုယက်ခံခဲ့ရပြီး စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ပါ သတ်ဖြတ်ခံခဲ့ရသည်။
ယခုအချိန်၌ ဒုတိယတန်းစား မိသားစုတစ်ခု အဖြစ်မှ တတိယတန်းစား မိသားစုတစ်ခုသို့ ပြုတ်ကျသွားခဲ့၏။
စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် တော်ဝင်မိသားစုကြီးများ၏ အဆင့်အတန်းခွဲခြားမှုနှင့် ၎င်းတို့၏ စွမ်းအားနှင့် အရင်းအမြစ် ရရှိနိုင်မှုအား သတ်မှတ်ထား၏။
အဆင့်နိမ့်ကျသွားသည့် သိုက်မိသားစုသည် တစ်ချိန်က အဆင့်နှစ် မိသားစုတစ်ခုအဖြစ် ပိုင်ဆိုင်ခဲ့သည့် အရင်းအမြစ်များကို တဖြည်းဖြည်း ဆုံးရှုံးလာခဲ့သည်။
နောက်ဆုံးတွင် တတိယအဆင့် မိသားစုများနှင့် တူညီသည့် အရင်းအမြစ်များကိုသာ ရရှိလာမည် ဖြစ်၏။
တစ်ခုတည်းသော နည်းလမ်းမှာ ဒုတိယအဆင့်သို့ ပြန်လည်တက်လှမ်းရန်သာ ရှိ၏။ ယခုအချိန်၌ သိုက်မိသားစုတွင် နောက်ထပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို ထပ်မံထုတ်လုပ်ရန် မျှော်လင့်ချက်မှာ သိပ့်မရှိပေ။
တစ်ခုတည်းသော နည်းလမ်းမှာ သိုက်ရှန်းအလယ်အလတ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားအဖြစ် ချိုးဖျက်သွားခြင်းသာလျှင် ရှိတော့သည်။
သို့ရာတွင် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသား အဆင့်တွင် အဆင့်သေးတစ်ဆင့် ချိုးဖျက်ရန်ပင် လွယ်ကူခြင်း မရှိပေ။ ဒီဗိုင်းဝိဉာဉ်အား ကျင့်ကြံရန် ခက်ခဲမှုမှာ စိတ်ကူးဖို့ပင် ခက်ခဲလှ၏။ အချိန်တိုအတွင်း အောင်မြင်နိုင်ရန် မဖြစ်နိုင်ပေ။
သိုက်မိသားစုအတွက် တတိယတန်းစား မိသားစုတစ်ခုအဖြစ် ရှိနိုင်ခြင်းမှာ အရမ်းကြီး အခြေအနေမဆိုးလှပါ။
အနည်းဆုံးတော့ မိသားစုကြီးတစ်ခုအဖြစ် သတ်မှတ်နိုင်သေး၏။ ထို့အပြင် သူတို့တွင် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား သိုက်ရှန်း ရှိပါသေးသည်။
ရွှီယန်နှင့် မုန့်ချုံတို့သည် ရက်ပေါင်းများစွာကြာအောင် သိုက်မိသားစုအား တိတ်တဆိတ် စောင့်ကြည့်ခဲ့၏။
သူတို့၏ခွန်အားနှင့် ကျန်ရှိသည့် ရတနာများ၏ တည်နေရာကို ရှင်းလင်းစွာ နားလည်မှုရရန် ဖြစ်သည်။
သို့ပေမယ့် အခြားဖုံးကွယ်ထားသည့် ရတနာနေရာများ ရှိသေးသည်လား ဟူသည်မှာတော့ လက်ရှိအချိန်၌ သိရှိရန် မဖြစ်နိုင်သေးပေ။
"သိုက်မိသားစုက အားမနည်းဘူး... ကောင်းကင်လူသားကြီးအဆင့် သိုင်းသမားတွေ အများအပြား ရှိသေးတယ်။ ဂျူနီယာညီလေး မင်းယုံကြည်ချက်ရှိလား.."
ရွှီယန်က လေးနက်စွာမေးသည်။
"စီနီယာအကို စိတ်ချပါ... သိုက်မိသားစုထဲကို ဝင်ပြီးတာနဲ့ ကျွန်တော့်ရဲ့ ၆မီတာရွှေခန္ဓာကို ထုတ်လွှတ်လိုက်မယ်။ ကောင်းကင်လူသားကြီးတစ်ယောက် စိတ်ဝိဉာဉ်လက်နက်တစ်ခုကို ကိုင်ဆောင်ထားပြီးတော့ တိုက်ခိုက်မယ်ဆိုရင်တောင် ကျွန်တော့်ရဲ့ မဖျက်စီးနိုင်တဲ့ ဒီဗိုင်းချပ်ဝတ်ကို မချိုးဖျက်နိုင်ဘူး.."
"အရင်ဆုံး ရတနာတိုက်ဆီကို တစ်ခါတည်းသွားပြီးမှ သူတို့ကို ရှင်းလိုက်မယ်။ ဒါပေမယ့် စီနီယာအကိုကတော့ သိုက်ရှန်းကို ရင်ဆိုင်ရမှာ။ သူကလွယ်ကူတဲ့ ပြိုင်ဘက်တစ်ယောက် မဟုတ်ဘူး.."
မုန့်ချုံက နက်ရှိုင်းသည့်အသံဖြင့် ပြော၏။
"သိုက်ရှန်းရဲ့ ခွန်အားနဲ့ပတ်သက်ပြီး ငါ့မှာ သုံးသပ်မှုအချို့ ရှိပါတယ်။ အရင်ကလည်း တိုက်ခိုက်ခဲ့ဖူးတယ်။ လက်ရှိငါ့ရဲ့ခွန်အားက အရင်တုန်းကထက်စာရင် သိသိသာသာ တိုးတက်လာခဲ့ပြီ။ နောက်ပြီး နှလုံးသားဓားအဆင့်ကိုလည်း ချိုးဖျက်သွားပြီးပြီလေ.."
"အဲ့ဒါကြောင့်မို့လို့ သိုက်ရှန်းကို အနိုင်မယူနိုင်ရင်တောင် ငါ့အတွက်လည်း အထိအခိုက်အများကြီးရှိမှာ မဟုတ်ဘူး.."
ရွှီယန်က ယုံကြည်ချက်ရှိစွာဖြင့် ပြော၏။
ရွှီယန်၏ လက်ကောက်ဝတ်တွင် ရစ်ပတ်နေသည့် ယွီရှောင်လုံက စဉ်းစားသည်။ ဒီညီအစ်ကိုနှစ်ယောက်တို့သည် အမှန်တကယ်ကို ရူးသွပ်လှ၏။ နှစ်ယောက်တည်းနှင့် တော်ဝင်မိသားစုကြီး တစ်ခုကို လုယူဖျက်ဆီးရန် စီစဉ်နေကြသည်။
သူတို့သာ အောင်မြင်ပါက ယွီကျိုးသိုင်းလောက တစ်ခုလုံးကို တုန်ခါသွားစေမှာ ဖြစ်၏။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့လည်း အိပ်စက်ခြင်းမဲ့သည့် ညများစွာကို ဖြတ်ကျော်လာရမှာ သံသယဝင်စရာ မရှိပေ။
"အခြား မိသားစုကြီးတွေနဲ့ စိတ်ဝိဉာဉ်ဂိုဏ်းတွေ လာပြီးတော့ အကူအညီပေးမှာကို သတိထား... မိသားစုကြီးတွေ အများအပြားက ထိမ်းမြားလက်ထပ်မှုနဲ့ ဆက်ဆံရေးတည်ဆောက်ထားတာ။ တစ်ခုလောက် သုတ်သင်ခံရလောက်တဲ့ အန္တရာယ်ကြုံတာနဲ့ အခြားမိသားစုကြီးတွေကလည်း သူတို့ရဲ့ ဂုဏ်သတင်းအတွက် သေချာပေါက်လာကူညီကြမှာ.."
ယွီရှောင်လုံက သတိဖြင့် ပြောသည်။
"အဲ့ဒါက ကိစ္စကြီးမဟုတ်ပါဘူး... ကျောက်စိမ်းနတ်ဘုရားဂိုဏ်းပဲဖြစ်ဖြစ် စုမိသားစုပဲဖြစ်ဖြစ် ငါသိုက်မိသားစုကို လာတိုက်ခိုက်ရဲမယ်လို့ ထင်မှာမဟုတ်ဘူး။ အခြားသိုင်းသမားတွေ ရောက်လာတဲ့အချိန်ကျရင် ငါတို့က ကိစ္စရှင်းပြီး ထွက်သွားပြီးနေလောက်ပြီ.."
ရွှီယန်က အေးစက်စွာဖြင့် ရယ်သည်။ သိုက်ရှန်းကို သတ်ဖြတ်နိုင်ခြင်း မရှိလည်း ကိစ္စမရှိပေ။ အနည်းဆုံးတော့ သိုက်မိသားစု၏ ရတနာများကို ရှင်းလင်းခြင်းဖြင့် သူ၏ဒေါသကို ပြေပျောက်စေနိုင်၏။
"ပြီးရင် ရတနာတွေကို ယူဆောင်ရာမှာ မင်းက အဓိကတာဝန်ယူ.."
ရွှီယန်က ယွီရှောင်လုံကို ဖမ်းဆွဲကာ မုန့်ချုံ၏ အိတ်အတွင်းသို့ ထည့်ပေးရင်းဖြင့် ညွှန်ကြားချက်ပေး၏။
"ကျွန်တော် အကောင်းဆုံးလုပ်ဆောင်ပါမယ်.."
ယွီရှောင်လုံက ခေါင်းငြိမ့်သည်။ ဒီအချိန်၌ သူ့တွင် ပူးပေါင်းပါဝင်ရန်မှလွဲ၍ အခြား ရွေးချယ်စရာမရှိပေ။
မည်သည့် ပြန်လမ်းမှမရှိပါ။
ရွှီယန်ကိုစွန့်ပစ်ရန် ဆုံးဖြတ်မှသာလျှင် ရပေလိမ့်မည်။ သို့ပေမယ့် ထိုသို့ဆိုပါက မဟာနတ်ဆိုးကျင့်စဉ်ကိုရရှိရန် အခွင့်အရေးအား ဆုံးရှုံးရမှာဖြစ်၏။
ထို့အပြင် လက်ရှိအခြေအနေမှာ အလွန် စိတ်လှုပ်ရှားစရာကောင်းလှသည်ဟုလည်း ခံစားရသည်။ သူတို့သည် မိသားစုကြီးတစ်ခုကို သွားရောက်ရှင်းလင်းမည် ဖြစ်၏။
သိုင်းလောကတစ်ခုလုံးကို အုတ်အော့သောင်းနင်း ဖြစ်သွားစေမှာ သေချာသည်။
ညအမှောင်က သက်ဆင်းလာခဲ့သည်။ တင်ပျဉ်ခွေထိုင်ကာ တရားမှတ်နေသည့် သိုက်ရှန်းမှာ ရုတ်တရက် အေးစက်မှုကို ခံစားလိုက်ရ၏။ သူ၏ မျက်လုံးများကို ကပြာကယာ ဖွင့်လှစ်သည်။
"ငါတို့တွေ တိုက်ခိုက်ခံရပြီ.."
သိုက်မိသားစု၏ အကြီးအကဲတစ်ယောက်က အော်ဟစ်စွာပြော၏။
"ဝေါင်း.."
ရွှေရောင်နဂါးကြီးတစ်ကောင် သက်ဆင်းလာပြီး အဆောက်အအုံတစ်ခုကို ဖျက်ဆီးပစ်လိုက်သည်။ အပျက်အစီးများအကြားမှ ပုံရိပ်တစ်ခု ပျံထွက်လာခဲ့၏။
"မင်းကသေချင်နေတာပဲ... မင်းဆန္ဒကို ငါဖြည့်ပေးမယ်.."
သိုက်ရှန်းသည် လက်ထဲတွင် စိတ်ဝိဉာဉ်လက်နက်ဆေဘာဓားရှည် တစ်ချောင်း ကိုင်ဆောင်ထား၏။ ဆေဘာကို လွှဲရမ်းလိုက်မှုနဲ့အတူ ဆေဘာအလင်းက ညကောင်းကင်ကို ဖြတ်သန်းသွားသည်။ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်၏ ကြီးမြတ်ခြင်းက အရပ်မျက်နှာအားလုံးတို့ဆီသို့ ပြန်လွှင့်လာခဲ့၏။
ရွှီယန်လည်း လက်ကိုမြှောက်ကာ ဓားချက်ကို ထုတ်ဖော်လိုက်သည်။ လျှပ်တပြက်လေ ဓားဆန္ဒက ထွက်ပေါ်လာပြီး သိုက်ရှန်း၏ ဒီဗိုင်းဝိဉာဉ်စွမ်းအားကို ရင်ဆိုင်သည်။
၎င်းကို အနည်းငယ်ပင် ဖိနှိပ့်နိုင်၏။ ဤသည်က သိုက်ရှန်းကို ခွန်အားအပြည့် ထုတ်လွှတ်နိုင်ခြင်း မရှိအောင် ဖြစ်စေသည်။
သိုက်ရှန်း၏ပုံစံက ကြီးစွာ ပြောင်းလဲသွားသည်။ သူသည် သူ၏ ဒီဗိုင်းဝိဉာဉ်အပေါ်သို့ ကျရောက်လာသည့် ကြီးမားသည့်ဖိအားကို ခံစားရ၏။ ကျင့်ကြံခြင်းအတတ်ကို အလျှင်အမြန် လှည့်လည်ကာ ဒီဗိုင်းဝိဉာဉ်ကို စုစည်းလိုက်သည်။ အနည်းငယ်မျှသော သတိလစ်ဟင်းမှုသည် ဒဏ်ရာရရှိသွားစေနိုင်၏။
"ဒါက ဘယ်လိုကျင့်စဉ်မျိုးလဲ.."
သိုက်ရှန်း၏ အရိုးများထဲတွင် အေးစိမ့်စွာ ခံစားလိုက်ရသည်။ သူ၏ ဒီဗိုင်းဝိဉာဉ်စွမ်းအားသည် သန်မာသောလေတစ်ခု၏ တိုက်ခတ်ခြင်းကို ခံနေရပုံပေါ်၏။
ရံဖန်ရံခါ လွင့်လူးနေပြီး မူလကအရာအားလုံးကို ကြီးစိုးစွာ ဖိနှိပ့်နိုင်သည့် ဒီဗိုင်းဝိဉာဉ်စွမ်းအားသည် ကြီးမြတ်မှုတို့ ကျဆင်းနေပါသည်။
"ဘုန်း.."
ရွှီယန်၏မျက်လုံးများက အေးစက်သွားသည်။
"သိုက်မိသားစုရဲ့အဘိုးကြီး... ငါ့ဓားချက်ကိုကြည့်.."
တောင်နှင့်မြစ်တို့ကပေါ်လာပြီး မိုးခြိမ်းသံများ ထစ်ချုန်းလာခဲ့သည်။
ရွှီယန်သည် ဓားချက်များကို တစ်ခုပြီးတစ်ခု ထုတ်လွှတ်ပြီး သိုက်ရှန်းနှင့်အတူ ပြင်းထန်သည့် တိုက်ပွဲအတွင်းသို့ ဝင်ရောက်၏။
သိုက်ရှန်းမှာ အလွန် ထိတ်လန့်သွားသည်။ နောက်ဆုံးတစ်ကြိမ်တုန်းက သူသည် ရွှီယန်ဖြင့် တိုက်ခိုက်ခဲ့ပြီး တစ်ဖက်လူသည် နောက်ဆုံးတွင် အသဲအသန်ထွက်ပြေးခဲ့ရလေသည်။
သို့ပေမယ့် အချိန်အများကြီး မကြာသေးပေ။ ခွန်အားသည် ကြောက်စရာကောင်းလောက်အောင် တိုးမြင့်လာခဲ့၏။
'သူက စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်လည်း မဟုတ်သလို စိတ်ဝိဉာဉ်ပေါင်းစည်းခြင်း အဆင့်မှာလည်း မဟုတ်ဘူး။ သူ့ရဲ့ကျင့်စဉ်က ကွဲပြားပုံပဲ..'
သိုက်ရှန်း၏ နှလုံးသားထဲတွင် သက်ဖြတ်ချင်စိတ်တို့ မြင့်တက်လာခဲ့၏။ မည်သို့ပင်ဆိုစေကာမူ သူသည် ဒီညတွင် ရွှီယန်ကို ပြန်လည်လွတ်မြောက်စေလို့ မဖြစ်ပေ။ မဟုတ်ပါက အကျိုးဆက်များမှာ အလွန်ဆိုးရွားမည်ဖြစ်၏။
တစ်ဖက်လူ၏ ခွန်အားတိုးတက်မှု အမြန်နှုန်းကို ကြည့်ခြင်းအားဖြင့် အချိန်အနည်းငယ် ထပ်ပေးလျှင်တောင် သူ့ထက် သာလွန်သွားနိုင်ပါသည်။
"ဘုန်း.."
ဆေဘာအလင်းက လှိုင်းထသွားပြီး သိုက်ရှန်းသည်အနည်းငယ်မျှပင် သတိလက်လွတ် နေရဲခြင်းမရှိပေ။
အလင်းလွှာများက ကောင်းကင်တွင် လင်းလက်နေပြီး စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်၏ စွမ်းအားကိုပြသနေ၏။
ဒီအချိန်၌ သိုက်မိသားစုရှိ အကြီးအကဲအားလုံးတို့မှာ အလွန်စိတ်ပူနေကြသည်။ သိုက်ရှန်းအနေနှင့် တစ်ဖက်လူကို ရင်ဆိုင်နိုင်ခြင်းမရှိဘဲ သိုက်မိသားစုအန္တရာယ်အတွင်းသို့ ကျရောက်သွားမည်ကို ကြောက်ရွံ့နေကြ၏။
မိခင်နှင့်ကလေး ပုတီးလုံးတစ်ခုမှာ ကွဲကြေသွားခဲ့သည်။ ဤသည်မှာ မဟာမိတ်စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများဆီသို့ အကူအညီတောင်းခံခြင်း ဖြစ်၏။
"စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်က တကယ်ပဲ စွမ်းအားကြီးမားတယ်။ အထင်သေးလို့မရဘူး.."
ရွှီယန်၏ပုံစံက ညှို့မှိုင်းသွားသည်။ သူသည် ဒီဗိုင်းဆန္ဒအဆင့်၏ အသေးစားကျွမ်းကျင်မှုသို့ ရောက်ရှိရန် မဝေးကွာတော့ပါ။
ထို့အပြင် လျှပ်တပြက်လေ ဓားဆန္ဒကလည်း တစ်ဖက်လူ၏ ဒီဗိုင်းဝိဉာဉ်ကို ချိန်ရွယ်ထား၏။ သို့ပေမယ့် သိုက်ရှန်းနှင့် တိုက်ခိုက်ရာတွင် အရေးနိမ့်နေဆဲရှိသည်။ သူသည်ဖိအားကို ခံစားလာရ၏။
'သိုင်းပညာရဲ့လမ်းစဉ်က ဘယ်တော့မှ မချောမွေ့ဘူး။ ဒါကကိုယ့်ကိုယ်ကိုယ် အရည်သွေးဖို့အတွက် အခွင့်ရေးကောင်းပဲ..'
သူသည် ကြောက်ရွံ့မှု တစ်စုံတစ်ရာ မပြပါ။ ခန္ဓာကိုယ်က တောက်ပသည့်အလင်းဖြင့် လင်းလက်လာပြီး ဒီဗိုင်းစွမ်းအားတို့ ထွက်ပေါ်လာသည့်ဟန် ရှိ၏။
တောင်နှင့်မြစ်ဓားဆန္ဒအား ထုတ်ဖော်ထားကာ ဓားချက်တစ်ချက်ပြီးတစ်ချက်သည် တိုက်ပွဲအတွင်းတွင် ပိုမိုတိုးတက်လာနေ၏။
"ရွှင်.."
ဓားအလင်းနှစ်ခု ထွက်ပေါ်လာပြီး ဓားစက်ဝန်းအဖြစ် ပြောင်းလဲကာ သိုက်ရှန်းဆီသို့ ဝင်ရောက်သွားသည်။ ဤသည်မှာ သေခြင်းရှင်ခြင်းဓားစက်ဝန်းဖြစ်၏။
တိုက်ပွဲသည် အလွန် အပြိုင်အဆိုင်ပြင်းထန်လှပြီး သိုက်ရှန်းမှာ အာရုံကို အနည်းငယ်မျှပင် လွင့်ပါးနိုင်ခြင်းမရှိပေ။ ထိုအချိန်၌ မုန့်ချုံက လှုပ်ရှားလာခဲ့၏။
"ဘုန်း.."
ကောင်းကင်မှ ရွှေရောင်ချပ်ဝတ်နှင့် လူဘီလူးတစ်ယောက် သက်ဆင်းလာခဲ့သည်။ နတ်ဘုရားတစ်ယောက်ကဲ့သို့ရှိပြီး သိုက်မိသားစုရှိ အကြီးအကဲများကို ချွေးစေးများထွက်လာစေ၏။
မုန့်ချုံသည် လူဘီလူးတစ်ကောင်အဖြစ် ပြောင်းလဲကာ မဖျက်ဆီးနိုင်သည့် ချပ်ဝတ်အား အသုံးပြုလိုက်သည်။
ရွှေရောင်ချပ်ဝတ်တစ်ခုက ခန္ဓာကိုယ်တစ်ခုလုံးကို လွမ်းခြုံထားပြီး မီးတောက်များသဖွယ် လောင်ကျွမ်းနေ၏။
သူသည် အကြီးအကဲများကို လျစ်လျူရှု့ကာ ရတနာတိုက်တစ်ခုဆီသို့ တည့်မတ်စွာ သွားရောက်သည်။
"သူ့ကို မြန်မြန်တားကြ.."
အကြီးအကဲတစ်စုက ထိတ်လန့်တကြားအော်ကြ၏။
ကောင်းကင်လူသားကြီးအဆင့် အကြီးအကဲအားလုံးတို့ တိုက်ခိုက်မှုများအား ထုတ်လွှတ်ကာ စွမ်းအားကြီးမားသည့် ခွန်အားဖြင့် ဝင်ရောက်သွားသည်။
သို့ရာတွင် လူ့ဘီလူးကြီး၏ ခန္ဓာကိုယ်ပေါ်၌ မည်သည့်ဒဏ်ရာကိုမှ ကြီးမားစွာဖြစ်ပေါ်စေနိုင်ခြင်း မရှိပါ။
ချပ်ဝတ်သည် ခဏတာ ထိခိုက်သွားပြီးနောက် လျှပ်တပြက်အတွင်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွား၏။
"ဘုန်း.."
လူ့ဘီလူးကြီးက လေနှင့်မိုးကြိုးတို့အား သယ်ဆောင်ထားသည့် လက်သီးချက်တစ်ခုကို ထုတ်လွှတ်လိုက်သည်။
"ဘုန်း.."
သိုက်မိသားစု၏ ဘိုးဘေးဘုရားကျောင်းသည် ချက်ချင်းပင် ပေါက်ကွဲထွက်သွားပြီး ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့၏။ အတွင်းထဲတွင် ကွယ်ဝှက်ထားသည့်ရတနာများ ချက်ချင်းပင် ပေါ်လာခဲ့သည်။
"ဝူစ်း.."
ယွီရှောင်လုံက လျှင်မြန်စွာဖြင့် ရတနာတိုက်အတွင်းသို့ ဝင်ရောက်သွားသည်။ သူ၏ခန္ဓာကိုယ်သည် ချက်ချင်းပင် ကြီးမားလာခဲ့ပြီး ကျယ်ပြောသည့် ပါးစပ်ကြီးကိုဖွင့်ကာ ရတနာအားလုံးတို့ကို အရူးအမူးစုပ်ယူ၏။
မုန့်ချုံက နောက်သို့လှည့်ကာ ရတနာတိုက်၏ အဝကို ပိတ်ထားလိုက်သည်။ သိုက်မိသားစု၏ အကြီးအကဲများအား တားထား၏။
သူ၏လက်သီးချက်များက ပြင်းထန်သောအရှိန်အဟုန်ဖြင့် ထွက်ပေါ်လာပြီး ကောင်းကင်လူသားကြီးအဆင့် သိုင်းသမားတစ်ယောက်ကို ပေါက်ကွဲထွက်သွားစေသည်။
"သတ်ကြ.."
သိုက်မိသားစုရှိ အကြီးအကဲများ အားလုံး၏ မျက်လုံးများသည် နီရဲနေကြပြီး အရူးအမူးအော်ဟစ်ကာ မုန့်ချုံဆီသို့ ပြေးဝင်ကြသည်။
ကြီးမားလှသည့် လူအုပ်ကို ရင်ဆိုင်ရချိန်၌ မုန့်ချုံသည် အကြောက်တရားကင်းမဲ့စွာ ရှိနေ၏။ သူသည် ခုခံရန်ပင် စိတ်ကူးမရှိပါ။
လက်သီးချက်များကို တစ်ခုပြီးတစ်ခု ထုတ်လွှတ်ပြီး သိုက်မိသားစုရှိ အကြီးအကဲများကို ထိတ်လန့်ကုန်စေ၏။
"ဘုန်း.."
နောက်ထပ်အကြီးအကဲတစ်ယောက် လွင့်စင်ထွက်သွားသည်။ ဒီအချိန်၌ အကြီးအကဲအားလုံးတို့သည် မျှော်လင့်ချက်မဲ့မှုကို ခံစားလိုက်ရ၏။
ဤသည်မှာ မည်သူဖြစ်သနည်း။ ဒီရွှေရောင်ချပ်ဝတ်နှင့် လူ့ဘီလူးကြီးသည် မည်သည့်နေရာမှ လာသနည်း။ လင်းနယ်မြေတွင် လူ့ဘီလူးများ ရှိသည်လား။
ခံနိုင်ရည်မှာ အလွန်ကြောက်ဖို့ကောင်းလှပြီး စိတ်ဝိဉာဉ်ကိရိယာများဖြင့် တိုက်ခိုက်လျှင်ပင် ရွှေရောင်ချပ်ဝတ်ကို ခဏတာထိခိုက်စေရုံသာ ရှိသည်။ ချက်ချင်းပင် ပြန်ကောင်းသွားခဲ့၏။
သူတို့အနေနှင့် လူဘီလူးကြီးကို ထိခိုက်နိုင်ခြင်းလုံးဝမရှိပေ။ ရန်သူမှာ ခုခံစရာမလိုဘဲ ခန္ဓာကိုယ်ကြံ့ခိုင်အားကို အသုံးပြုပြီး ကြမ်းတမ်းစွာ တိုက်ခိုက်နေ၏။
သတိတစ်ချက်လွတ်သည်နှင့် လက်သီးချက်ဖြင့် ပေါက်ကွဲထွက်ကာ သေသွားစေနိုင်သည်။ နှစ်ဖက်ရှိ ခွန်အားသည် တူညီသည့်အဆင့်တွင် မရှိပေ။
"မင်းကဘယ်သူလဲ.."
သိုက်ရှန်း၏မျက်နှာက ကြီးစွာပြောင်းလဲသွားသည်။
သူသည် စွမ်းအားကြီးမားသည့် ဓားချက်များကို အကြိမ်ပေါင်းများစွာ ထုတ်ဖော်ပြီး ရွှီယန်ကို နောက်သို့အနည်းငယ် ဆုတ်သွားစေ၏။
ထို့နောက် လျှို့ဝှက်ဆန်းကြယ်သည့် ရွှေရောင်ချပ်ဝတ်နှင့် လူ့ဘီလူးကြီးကို သွားရောက်တိုက်ခိုက်တော့မှာ ဖြစ်သည်။
သို့ရာတွင် သူ၏ပုံစံက ချက်ချင်းပင် ကြီးစွာပြောင်းလဲသွားခဲ့၏။ ရွှေရောင်ချပ်ဝတ်နှင့် လူ့ဘီလူးကြီးကို သတိထားနိုင်ခြင်း မရှိတော့ပေ။
ဒေါသတကြီးအော်လိုက်ရင်းက ဆေဘာအလင်းတို့ လက်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ခုခံသည့် ဒိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
လျှပ်တပြက်အတွင်း အိမ်များ၊ သစ်ပင်များ၊ အရာအားလုံးတို့ ထကြွလာခဲ့ပြီး ထက်မြသည့် ဓားများအဖြစ် ပြောင်းလဲကာ အရပ်မျက်နှာအားလုံးတို့ဆီမှ သူ့ကိုတိုက်ခိုက်လာခဲ့သည်။
ရွှီယန်၏မျက်နှာမှာ ခံစားချက်တို့ ကင်းမဲ့နေ၏။ ရှေ့သို့ခြေတစ်လှမ်းချင်းဆီ တက်သွားသည်။ သူ၏နောက်တွင် အိမ်များက လွင့်ပျံနေပြီး သစ်ပင်များက လေပေါ်သို့ မြင့်တက်နေကြ၏။
သိုက်မိသားစု၏ အထက်ကောင်းကင်တွင် သောင်းနှင့်ချီသည့် ဓားများဖြင့် ပြည့်နက်နေသည့်ဟန်ရှိသည်။
အတွေးတစ်ချက်နှင့် အရာအားလုံးဓားဖြစ်လာခြင်း...
သိုက်ရှန်း၏ မျက်နှာပေါ်၌ အကြောက်တရားတို့ ပေါ်လာခဲ့၏။ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်စွာခံစားလိုက်ရသည်။
ဤသည်မှာ မည်ကဲ့သို့သော သိုင်းပညာဖြစ်သနည်း။ ဒီမကောင်းဆိုးဝါးသည် မည်သည့်နေရာမှ ရောက်လာခဲ့သနည်း။