← Chapters

သိုက်ရှန်းအား သတ်ဖြတ်ခြင်း၊ ဒီဗိုင်းဖျက်ဆီးခြင်း၏ ဒုတိယအသွင်(၂)

Vol. 30 Ch. 448

သိုက်ရှန်းအား သတ်ဖြတ်ခြင်း၊ ဒီဗိုင်းဖျက်ဆီးခြင်း၏ ဒုတိယအသွင်(၂)

Vol. 30 Ch. 448

မိမိ၏ ဒီဗိုင်းဝိဉာဉ်ကို ကာကွယ်ရန်အတွက် မည်သည့်ကျင့်စဉ်အတတ်မှမရှိဘဲ ဒီဗိုင်းဝိဉာဉ်စွမ်းအား အပေါ်သာ လုံးဝမှီခိုကာ ခုခံနေရရာ ဘယ်လိုလုပ်ပြီး ဒီဗိုင်းဝိဉာဉ်ကို ချိန်ရွယ်ဖျက်ဆီးတတ်သည့် တိုက်ခိုက်ခြင်းအတတ်များကို ခံနိုင်ရည်ရှိမည်နည်း။

သူ၏ ဒီဗိုင်းဝိဉာဉ်၌ ဒဏ်ရာရရှိသွားသည်နှင့် ပြင်းထန်သည့် ဝေဒနာက ပျံ့လွှင့်လာခဲ့သည်။ အခြေအနေအပေါ် တုံ့ပြန်နိုင်စွမ်းတို့မှာ နှောင့်နှေးလာခဲ့၏။ သေခြင်းရှင်ခြင်းမှာ အဆုံးအဖြတ် ချမှတ်ပြီးခဲ့သည်။

ယွီရှောင်လုံက တံတွေးများကို မျိုချသည်။ ဒီညီအစ်ကိုနှစ်ယောက်သည် အမှန်တကယ် ကြမ်းတမ်းလွန်းလှသည်ဟု တွေးမိ၏။

အတူတကွပေါင်းစည်းကာ သိုက်ရှန်းကို သတ်ဖြတ်ခဲ့လေသည်။ သိုက်မိသားစုမှာ အဆုံးသတ်လေပြီ။ ဤသည်မှာ ဒုတိယတန်းစား မိသားစုကြီးတစ်ခု ဖြစ်ပြီး ယခုမျှနှင့် သုတ်သင်ခံခဲ့ရ၏။

'ယွီကျိုးကတော့ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်တော့မယ်။ တတိယတန်စား မိသားစုတွေနဲ့ စိတ်ဝိဉာဉ်ဂိုဏ်းတွေဆိုရင် ပိုပြီးတောင် ထိတ်လန့်နေမှာ။ သူတို့တွေ ဒီအချိန်အတွင်း နှိမ့်နှိမ့်ချချနေကြပြီး လေလွင့်သိုင်းသမားတွေအတွက် ပိုကောင်းတဲ့ဘဝတွေ ရလာနိုင်တယ်..'

'ဒါပေမယ့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုကတော့ ရွှီယန်ကို သုတ်သင်ဖို့အတွက် အစွမ်းကုန်ကြိုးစားလာမှာ..'

ယွီရှောင်လုံသည် စဉ်းစားရင်းမှ ထိတ်လန့်လာခဲ့၏။ သို့ရာတွင် ရွှီယန်နှင့် မုန့်ချုံတို့၏ လျှို့ဝှက်ဆန်းကြယ်သည့် ဆရာဖြစ်သူကို တွေးမိပြီးနောက် တစ်ဖက်လူသည် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများကို အလွယ်တကူသတ်ဖြတ်နိုင်ရာ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုကို ကြောက်စရာမလိုဟု ထင်မြင်မိသည်။

ယခုကိစ္စမှ မြင့်တက်လာမည့် အကြောက်တရားကြောင့် ထိပ်တန်းစိတ်ဝိဉာဉ်ဂိုဏ်းများနှင့် မိသားစုကြီးများအပြင် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများပင် သွေးနတ်ဆိုးတုန်းက ကပ်ဘေးကဲ့သို့ အဖြစ်အပျက်မျိုး ပြန်လည်ပေါ်ပေါက်လာခြင်း မရှိစေရန် အန္တရာယ်ပေးလာနိုင်သည့် လေလွင့်သိုင်းသမားများကို တိုက်ခိုက်ရှင်းလင်းလာလောက်သည်။

"သွားရအောင်.."

သိုက်ရှန်းကို သတ်ဖြတ်ပြီးနောက် သိုက်မိသားစုသည် အပျက်အစီးပုံအဖြစ် လုံးဝပြောင်းလဲနေပြီ ဖြစ်၏။

သိုက်မိသားစု၏ အဖွဲ့ဝင်အားလုံးတို့လည်း အရူးအမူး ထွက်ပြေးနေကြသည်။ ရတနာ အားလုံးတို့လည်း အပြောင်ရှင်းခြင်း ခံခဲ့ရ၏။

အခြားစိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ.. အထူးသဖြင့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့မှ စွမ်းအားကြီးပုဂ္ဂိုလ်များသည် သိုက်မိသားစုဆီသို့ လာရောက်သည့် လမ်းပေါ်တွင် ရောက်ရှိနေပြီးဖြစ်သည်။ သူတို့၏ ဝိုင်းဝန်းခြင်းကိုသာ ခံရပါက ရွှီယန်တို့အနေနှင့် အန္တရာယ်အတွင်းသို့ ကျရောက်မှာပါ။

ရွှီယန်နှင့် မုန့်ချုံတို့သည် အငွေ့အသက်များကို ဖုံးကွယ်ပြီး အသွင်အပြင်ကို ပြောင်းလဲကာ လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားသည်။ ည၏ အမှောင်ထုအတွင်း၌ လွင့်ပါးသွားကြ၏။

သူတို့ထွက်ခွာသွားပြီး မကြာခင် ပုံရိပ်များစွာတို့ ရုတ်တရက် ပေါ်လာကြသည်။ ဗလာကျင်းလင်းကုန်းမြေနှင့် အပျက်အစီး အပိုင်းအစများသာ ကျန်ခဲ့သည့် သိုက်မိသားစု၏ အခြေအနေကိုကြည့်ကာ အားလုံးမှာ ထိတ်လန့်သွားကြသည်။

အချိန်တိုအတွင်းတွင် သိုက်မိသားစုသည် သုတ်သင်ခံခဲ့ရသည်လား။ သိုက်ရှန်းသည် သေဆုံးခဲ့သည်လား။

"သိုက်မိသားစုကို ဘယ်သူ သုတ်သင်ခဲ့တာလဲ.."

စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်က မာကြောသည့်အသံဖြင့် ပြော၏။

သိုက်ရှန်း၏ခွန်အားမှာ နိမ့်ပါးခြင်းမရှိပေ။ အနည်းဆုံးတော့ သူ့ထက်မနိမ့်ပါ။ တစ်ဖက်လူသည် သိုက်ရှန်းကို သတ်ဖြတ်နိုင်ကတည်းက သူတို့ကိုလည်း သတ်ဖြတ်နိုင်၏။

"ဖြစ်နိုင်တာက အဲ့ဒီ့လူငယ်များလား.."

နောက်ထပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်က နက်ရှိုင်းသည့်အသံဖြင့်ပြောသည်။

ရောက်ရှိလာကြသည့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများ အကြားတွင် နှစ်ဦးသည် အထူးညှို့မှိုင်းနေကြ၏။ သူတို့မှာတော့ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုမှ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများ ဖြစ်ကြသည်။

မကြာသေးခင်က သူတို့သည် ရွှီယန်၏ သဲလွန်စတို့ ပျောက်ကွယ်သွားကြောင်းကို တွေ့လိုက်ရပြီး ထွက်ပြေးသွားပြီလားဟု ထင်မိ၏။ သို့ပေမယ့် ယခုအချိန်၌ ဒုတိယတန်းစား မိသားစုကြီးတစ်ခုဖြစ်သည့် သိုက်မိသားစုတစ်ခုလုံး ပျောက်ကွယ်သွားလေသည်။ အချိန်မှာလည်း တိုတောင်းလှ၏။

လွန်ခဲ့သည့် နှစ်ပေါင်း တစ်သောင်းကျော်က သွေးနတ်ဆိုး၏ ကပ်ဘေး ပြီးဆုံးကတည်းက မည်သည့်မိသားစုမှ သုတ်သင်ခံရခြင်း မရှိခဲ့ပေ။ သိုက်မိသားစုမှာ ပထမဆုံး သုတ်သင်ခံရခြင်း ဖြစ်၏။

ဒီအချိန်၌ ရှိနေကြသည့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားအားလုံးတို့၏ မျက်နှာများက သုန်မှုန်နေကြသည်။

မကြာခင်တွင် ထွက်ပြေးလွတ်မြောက်ခဲ့သည့် သိုက်မိသားစုမှ အကြီးအကဲများကို ရှာဖွေပြီး မေးခွန်းများမေးကြ၏။ ပြီးနောက် လုံးဝထိတ်လန့်သွားကြသည်။

ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုရှိ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများဆိုလျှင် ဦးရေပြားများပင် ယားယံလာခဲ့၏။ ဤသည်မှာ ကြီးမားလှသည့် အန္တရာယ်ဖြစ်သည်။

"ဓားနတ်ဘုရားရွှီယန်လား... သူက ဘယ်နေရာကနေ လာတာလဲ.."

"အစွန်းရောက်ဆေဘာ မုန့်ချုံလား..."

"၆မီတာမြင့်မားတဲ့ ရွှေချပ်ဝတ်နဲ့ လူ့ဘီလူးကြီးလား..."

ရရှိလာသည့် သတင်းအချက်အလက်များက စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများကို ထိတ်လန့်သွားစေသည်။

ထိုအထဲမှ နှစ်ယောက်တို့သည် မည်သည့်စကားကိုမှ မဆိုဘဲ တိတ်ဆိတ်စွာ ထွက်ခွာသွားကြ၏။ ဒီကိစ္စတွင် သူတို့သည် ဝင်ပါလို့မရပေ။

သူတို့ကိုယ်သူတို့လည်း သိုက်ရှန်းထက် ပိုမိုသန်မာသည်ဟု ယူဆထားခြင်းမရှိပါ။ သတ်ဖြတ်ခံရပါက မိသားစုတစ်ခုလုံး အဆင့်နိမ့်ကျသွားမည် ဖြစ်၏။ သူတို့သည် တတိယတန်းစား မိသားစုငယ်များမှသာ ဖြစ်သည်။

သိုက်မိသားစု ဖျက်ဆီးခံရသည့် သတင်းသည် ယွီကျိုး၏ သိုင်းလောကတစ်ခုလုံးသို့ လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။ ဤသည်မှာ တည်ငြိမ်နေသည့် ရေပြင်ပေါ်သို့ ကျောက်တုံးကြီးတစ်ခု ကျဆင်းသွားသည့်နှယ် ရှိသည်။

ဒီအချိန်၌ ဓားနတ်ဘုရားရွှီယန်၏ အမည်လည်း ယွီကျိုးသိုင်းလောကတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့၏။ ရွှေချပ်ဝတ်အား ဝတ်ဆင်ထားသည့် ၆မီတာအမြင့်နှင့် အစွန်းရောက်ဆေဘာမုန့်ချုံ၏ နာမည်လည်း တူညီစွာဖြစ်သည်။

ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့မှာ ရွှီယန်၏ ခြိမ်းခြောက်မှုအန္တရာယ်အား မည်ကဲ့သို့ ရှင်းလင်းရန်အတွက် စတင်ဆွေးနွေးလာကြ၏။

အခြား ယွီကျိုးရှိ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများလည်း ထိုကိစ္စကို မည်ကဲ့သို့ ကိုင်တွယ်ရမည်အား သုံးသပ်ကြသည်။

တတိယနှင့် ဒုတိယတန်းစား မိသားစုများ၏ ပထမဆုံး အတွေးမှာ ရွှီယန်ကို ထိပါးမှုမပြုရန် ဖြစ်သည်။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုသာ ရွှီယန်ကို သတ်ဖြတ်နိုင်ခြင်း မရှိပါက သူတို့အတွက် လုံးဝအန္တရာယ်အတွင်းသို့ ကျရောက်သွားမှာ ဖြစ်၏။

"ဒီလောက် စွမ်းအားကြီးတဲ့လူတွေ ဘယ်နေရာကနေပြီးတော့ ရုတ်တရက် ပေါ်လာကြတာလဲ။ ဖြစ်နိုင်တာက မျိုးဆက်စုံ မဟာမိတ်အဖွဲ့က တိတ်တဆိတ်ပျိုးထောင်ထားတဲ့ ပါရမီရှင်တွေများလား။ ပြီးတော့မှ ယွီကျိုးကိုစေလွှတ်ပြီး မျိုးဆက်စုံမဟာမိတ်အဖွဲ့ရဲ့ကိုယ်စား ထွက်ပေါ်လာဖို့ ပြင်ဆင်ထားတာလား.."

မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ ယွီကျိုး လျှို့ဝှက်အဖွဲ့ခွဲတွင် မဟာမိတ်ခေါင်းဆောင်က အံ့သြစွာ အသံပြုမိ၏။ ဤသည်မှာ စွမ်းအားကြီးမားလှပါသည်။ ဒုတိယတန်းစား မိသားစုတစ်ခုကို တတိယတန်းစားမိသားစု ဖြစ်သွားစေခြင်းကပင် လုံလောက်အောင် အံ့သြဖို့ကောင်းနေပြီးဖြစ်၏။

သို့ပေမယ့် အချိန်တိုအတွင်းတွင် ထိုမိသားစုကို လုံးဝသုတ်သင်ခဲ့လေသည်။ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား သိုက်ရှန်းကိုပင် သတ်ဖြတ်ခဲ့၏။

မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ ယွီကျိုးအဖွဲ့ခွဲမှ ဘယ်စောင့်ရှောက်သူနှင့် ညာစောင့်ရှောက်သူ နှစ်ဦးလုံးက အံ့သြစွာဖြင့် ပြောသည်။

"မဟာမိတ်ခေါင်းဆောင်... ကျွန်တော်တို့တွေ ရွှီယန်တို့ကို ဆက်သွယ်ရမယ်။ သူတို့ကို မဟာမိတ်အဖွဲ့က တိတ်တဆိတ် ပျိုးထောင်ထားတာ ဟုတ်ဟုတ်မဟုတ်ဟုတ် လေလွင့်သိုင်းသမား ဖြစ်ကတည်းက ကျွန်တော်တို့က တစ်ဖွဲ့တည်းပဲ.."

"အခုဆိုရင် မိသားစုကြီးတစ်ခုကို ဖျက်ဆီးပြီးတဲ့နောက်မှာ စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ အခြားမိသားစုတွေလည်း သူတို့နဲ့ ရန်သူဖြစ်နေပြီ.."

"ကျွန်တော်တို့ မျိုးဆက်စုံမဟာမိတ်အဖွဲ့ကမှ သူတို့ရဲ့ အခြေချစရာပဲ။ လိုအပ်ရင် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ လက်ကနေ သူတို့ကို ကာကွယ်ပေးဖို့ နည်းလမ်းရှာရမယ်.."

မဟာမိတ်ခေါင်းဆောင်က အသက်ကိုနက်ရှိုင်းစွာရှူပြီးပြောသည်။

"အဲ့လိုပဲ လုပ်ရမှာပေါ့... ဒါပေမယ့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းက အဲ့ဒီ့လူက အရမ်းကို စွမ်းအားကြီးမားတယ်။ သူသာ ကိုယ်တိုင်လှုပ်ရှားမှုပြုရင် ငါတစ်ယောက်တည်းနဲ့ ခုခံနိုင်မှာ မဟုတ်ဘူး.."

ကျောက်စိမ်းနတ်ဘုရားဂိုဏ်းသည် ယွီကျိုးတွင် လင်းနယ်မြေ၌ ထိပ်တန်းသို့ ချိတ်နိုင်သည့် ဂိုဏ်းကြီးတစ်ခုဖြစ်၏။ အကြောင်းပြချက်မှာ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် နှောင်းပိုင်းခွန်အားကို ပိုင်ဆိုင်ထားသည့် မဟာအကြီးအကဲကြောင့် ဖြစ်သည်။ သူသည် ယွီကျိုးတွင် အသန်မာဆုံးပုဂ္ဂိုလ်လည်း ဖြစ်၏။

"ယွီကျိုးကတော့ မုန်တိုင်းထန်တော့မယ်။ အခုအချိန်က မျိုးဆက်စုံမဟာမိတ်အဖွဲ့က စီနီယာတစ်ယောက်ကို ဖိတ်ခေါ်ပြီး အခြေအနေကို လာရောက်ကိုင်တွယ်ခိုင်းရမယ့်အချိန်ပဲ.."

ဘယ်စောင့်ရှောက်သူက နက်ရှိုင်းရှိုင်းသည့် အသံဖြင့်ပြော၏။

"မဟာမိတ်အဖွဲ့မှာ စေလွှတ်လို့ရနိုင်မယ့် စွမ်းအားကြီးပုဂ္ဂိုလ်တွေ ရှိလားဆိုတာကို မေးကြည့်တာပေါ့.."

မဟာမိတ်အဖွဲ့ခွဲ ခေါင်းဆောင်က ခေါင်းငြိမ့်ပြီးသဘောတူ၏။

ကျိန်နိုင်ငံမြို့တော် အတွင်းရှိ တောင်ပိုင်းလမ်း၏အစွန်တွင် ဖန်းဟောင်၏ ခြံဝန်းသည် တိတ်ဆိတ်စွာရှိနေ၏။

ဒီအချိန်၌ ခြံဝန်းအတွင်းတွင် လက်နက်ကိရိယာအဖြစ် ပြုလုပ်ရန် ကျရှုံးခဲ့သည့် အပိုင်းအစများ ပြန့်ကျဲနေပါသည်။ ထိုအထဲတွင် ဆေဘာ၊ ဓား၊ လှံနှင့် ရုပ်သေးရုပ်များပင် ပါရှိ၏။

"ငါဘာလို့ ထုလုပ်လို့ မရတာလဲ..."

ဖန်းဟောင်၏ ဆံပင်များက ရှုပ်ပွနေပြီး လက်တစ်ဖက်နှင့် ဆံပင်များကိုဆွဲကာ အခြားတစ်ဖက်ဖြင့် အခင်းအကျင်းပုံကြမ်းကို လေ့လာကြည့်ရှု့နေသည်။ ၃ရက်တာ ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။

"ဖြစ်နိုင်တာက ငါလုပ်နေတဲ့ နည်းလမ်းက လားရာမှားနေတာဖြစ်မယ်။ ဒီသင်္ကေတတွေက ဆက်သွယ်နေပေမယ့် ပစ္စည်းတစ်ခုတည်းရဲ့အပေါ်မှာ သင်္ကေတတစ်ခုလုံး ထွင်းထားရမယ်လို့ မဆိုလိုဘူး.."

"ဖြစ်နိုင်တာက အကုန်လုံးကို ပိုင်းခြားလိုက်ပြီး သီးခြားတည်ဆောက်ရမယ်။ ပြီးတော့မှ ပြန်ပေါင်းတာပေါ့..."

ဖန်းဟောင်၏ မျက်လုံးများက လင်းလက်လာပြီး အခင်းအကျင်းပုံကြမ်းကို ဆက်လက်လေ့လာသည်။

"ဒီနေရာကနေပြီးတော့ ခွဲကြည့်လို့ရတယ်။ ဒီအပိုင်းရဲ့သင်္ကေတက အမှီအခိုကင်းစွာ တည်ရှိနိုင်တယ်။ ပြီးတော့ ဒီအပိုင်းရောပဲ..."

'ပြီးတော့ ဒီနေရာက အခင်းအကျင်းသင်္ကေတရဲ့ အဓိကသော့ချက်ပဲ...'

နည်းလမ်းကို ရှာတွေ့ပြီးနောက် ဖန်းဟောင်သည် အားအင်တို့ ပြန်လည် ပြည့်နှက်လာ၏။ ကိရိယာများကို စတင်ထုလုပ်ပြန်သည်။

'ဆေဘာ၊ ဓား သို့မဟုတ် ရုပ်သေးတွေက မသင့်တော်ဘူး။ အခင်းအကျင်းပုံကြမ်းက ဝိုင်းစက်တယ်။ အဲ့ဒါကြောင့်မလို့ အသုံးပြုရမယ့် ကိရိယာအဖြစ် လုံးဝိုင်းတဲ့ မှန်လို သဏ္ဍာန်တစ်ခုကို ရွေးချယ်ရင်ရော..'

ဖန်းဟောင်သည် ပထမဆုံး မှန်တစ်ခုကဲ့သို့ စတင်ထုလုပ်၏။ လီရွှမ်က သူ၏ထုလုပ်မှုကို တိတ်ဆိတ်စွာကြည့်ရှု့နေရင်းက ခေါင်းငြိမ့်သည်။ ကြည့်ရသည်မှာ ဖန်းဟောင်၏ အခင်းအကျင်းဖန်တီးမှုသည် အောင်မြင်နိုင်ခြေ မြင့်မား၏။

အချိန်တိုအတွင်း ပုံကြမ်းကို ခွဲထုတ်နိုင်ခြင်းက အခင်းအကျင်းအား မည်ကဲ့သို့ တည်ဆောက်ရန်နှင့် လည်ပတ်အောင် ပြုလုပ်ရန် အလွန်နီးကပ်နေပြီဖြစ်သည်။

'နောက်ထပ် ရက်အနည်းငယ်လောက် ကြာပြီးရင် ရလဒ်ထွက်လာလောက်တယ်..'

လီရွှမ်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။

အချိန်များစွာ ကုန်လွန်ပြီး ဖန်းဟောင်အနေနှင့် အခင်းအကျင်းပုံကြမ်းကို ထုလုပ်နိုင်ခြင်း မရှိသေးလျှင်တော့ ဆိုလိုသည်မှာ သူ၏ နားလည်သဘောပေါက်နိုင်စွမ်းနှင့် ပါရမီတို့ လစ်ဟင်းနေသည်ဟု ဖြစ်သည်။

လီရွှမ်သည် ဆက်လက်ကြည့်ရှု့ခြင်း ပြုမနေတော့ဘဲ နောက်သို့လှည့်ကာ သူ၏ စံအိမ်ဆီသို့ ပြန်ခဲ့၏။ ကုလားထိုင်၌ ထိုင်လုဆဲဆဲတွင် ဝိဉာဉ်အခြေပေါ်ရှိ တာအိုရွှေစာအုပ်က ပွင့်လာပြီး ရွှေရောင်အလင်းတို့ ထွက်ပေါ်လာ၏။

'ဖန်းဟောင် အခင်းအကျင်းပြားကိုများ ဖန်တီးတာပြီးလို့လား..'

လီရွှမ်၏ ပထမဆုံးအတွေးမှာ ဖန်းဟောင်လားဟုဖြစ်သည်။

"သင်၏တပည့် မုန့်ချုံသည် ကောင်းကင်လူသားကြီး တစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။ သင်၏ တိုက်ခိုက်မှုအတွေ့အကြုံတို့ မြင့်မားလာခဲ့သည်.."

လက်စသတ်တော့ တာအိုရွှေစာအုပ်မှ တန်ပြန်အကျိုးပြုမှုသည် မုန့်ချုံ၏ ကောင်းကင်လူသားကြီးများအား တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခြင်းကြောင့်သာဖြစ်၏။

'မုန့်ချုံ ဘာတွေလုပ်နေတာလဲ... ကောင်းကင်လူသားကြီးတွေ အများကြီးကို တစ်ခါတည်း သတ်နေပါလား..'

လီရွှမ်မှာ ပဟေဠိဖြစ်သွားသည်။ မုန့်ချုံသည် တစ်ယောက်တည်းနှင့် အင်အားစုကြီးတစ်ခုကို သွားရောက် ဖျက်ဆီးနေသည်လား။

မကြာခင်တွင် တာအိုရွှေစာအုပ်မှ တန်ပြန်အကျိုးပြုမှုများ ထပ်မံပေးလာခဲ့၏။

"သင်၏တပည့် ရွှီယန်သည် လျှပ်တပြက်လေ သုတ်သင်ခြင်းဓားသိုင်းကို တတ်မြောက်လာခဲ့သည်။ သင်သည် လျှပ်တပြက်လေ သုတ်သင်ခြင်းဓားသိုင်းကို အကြီးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိသွားသည်.."

လျှပ်တပြက်လေ သုတ်သင်ခြင်းဓားသိုင်းသည် ဒီဗိုင်းဝိဉာဉ်များကိုပင် သတ်ဖြတ်ရန် တတ်စွမ်းနိုင်၏။

'ရွှီယန်ရဲ့ ဓားတာအိုက ပိုပိုပြီးတော့ သန်မာလာနေပြီ..'

လီရွှမ်က မနေနိုင်ဘဲ ချီးကျူးစွာ ရေရွတ်သည်။

"သင်၏တပည့် ရွှီယန်နှင့် မုန့်ချုံတို့သည် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။ သင်သည် ဒီဗိုင်းဖျက်ဆီးခြင်းအတတ်၏ ဒုတိယအသွင်ကို ရရှိသည်.."

လီရွှမ်မှာ မှင်သက်သွားသည်။ သူတို့သည် နောက်ထပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို သတ်ဖြတ်ခဲ့သည်လား။ ပူးပေါင်းတိုက်ခိုက်ခြင်း ဖြစ်လျှင်တောင် ဤသည်မှာ အလွန်အံ့ဩဖို့ကောင်းပါသည်။

'သူတို့တွေ ကျောက်စိမ်းနတ်ဘုရားဂိုဏ်း သို့မဟုတ် စုမိသားစုကို သွားပြီးတော့ လက်စားချေနေတာလား..'

ရွှီယန်မှာ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။ ဒီကိစ္စကို ဒီအတိုင်းထားမည် မဟုတ်ပေ။ မုန့်ချုံလည်း အတူတူပင်။

ထို့ကြောင့် ညီအစ်ကိုနှစ်ယောက် ပူးပေါင်းကာ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုရှိ စွမ်းအားကြီးပုဂ္ဂိုလ်တစ်စုကို သွားရောက် တိုက်ခိုက်နေသည်လား။

'မဟုတ်ဘူး... ကြည့်ရတာ သိုက်မိသားစု ဖြစ်လိမ့်မယ်..'

လီရွှမ်သည် ရုတ်တရက် သိုက်မိသားစုကို သတိရလိုက်သည်။

ရွှီယန်သည် သိုက်မိသားစုမှ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို သတ်ဖြတ်ပြီး ဖြစ်၏။ ဒီတစ်ကြိမ်တွင် သတ်ဖြတ်ခဲ့သည့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားမှာ နောက်ထပ်တစ်ယောက်ဖြစ်သည့် သိုက်ရှန်း ဖြစ်ပေလိမ့်မည်။

ပြီးခဲ့တုန်းက သိုက်ရှန်းသည် ရွှီယန်ကို အသဲအသန်လိုက်လံသတ်ဖြတ်ခဲ့ရာ ရှင်းလင်းရန်အတွက် စိတ်ထဲတွင် ထိပ်တန်းနေရာ၌ ရောက်ရှိနေမှာ ဖြစ်၏။ ထို့အပြင် စွမ်းအားအရာကို ကြည့်ပါက သိုက်မိသားစုမှာ ပိုမို အားနည်းသည်။

'သူတို့တွေ သိုက်မိသားစုကို သွားပြီးတော့ သုတ်သင်နေတာဖြစ်မယ်..'

လီရွှမ်က ကိုယ့်ကိုယ်ကိုယ်ရေရွတ်သည်။

'မိသားစုကြီးတစ်ခုရဲ့ ရတနာတွေက အရမ်းကို ကြွယ်ဝမှာ။ ရွှီယန်နဲ့ မုန့်ချုံတို့တော့ ချမ်းသာပြီပဲ..'

'အခုသူတို့မှာ အရင်းအမြစ်တွေ မရှားပါးတော့ဘူး။ ဖန်းဟောင်အတွက် ချီမန်သိုင်းပညာကို ကျင့်ကြံဖို့တောင် အရင်းအမြစ်တွေ ရလာလောက်တယ်..'

လီရွှမ်က သက်ပြင်းချသည်။

All Chapters