သက်ညှာမနေဘဲ သတ်ပစ်လိုက်
Vol. 1 Ch. 266
"ဖုန်း...ဖုန်း...ဖုန်း"
စစ်တပ်ကြီးရှစ်ခုသည် မြို့ထဲတွင် မြန်ဆန်စွာ ချီတက်နေခဲ့သည်။ တစ်တပ်ချင်းစီတွင် မင်းသမီးလင်းရွှယ်၏ အမိန့်စာကို ကိုင်ဆောင်ထားသော စစ်သူကြီး တစ်ဦးစီ ရှိနေပြီး အိမ်တော်ကြီး ရှစ်ခုထံ အသီးသီး ဦးတည် နေကြသည်။
ကျန်းရီသည် အင်ပါယာနန်းတော်ထဲမှ ထွက်၍ နဂါးလင်းယုန်ကြီးကို စီးနင်းကာ ကောင်းကင်မှ ကြည့်ရှုစစ်ဆေး နေလေသည်။ ကျောင်းအုပ်ချီဦးဆောင်သော အဖွဲ့သည် ငါးရောင်စုံ ဥဒေါင်းငှက်ကြီးကို စီးနင်းလာပြီး ရွှေယွဲ့လျန်မျှော်စင်မှ လူများဦးဆောင်သော အဖွဲ့သည် ချုံးမင်ငှက်ကြီးကို စီးနင်းလာ၍ ကျန်းရီထံ လာရောက်ပူးပေါင်း ကြလေသည်။
ကျန်းရီသည် ပထမဆုံးအကြိမ် စစ်တပ်ကို အုပ်ချုပ်ခြင်း ဖြစ်သော်လည်း တင်ပြချက် အမျိုးမျိုးကို တုန်လှုပ်နေခြင်း မရှိဘဲ တည်တည်ငြိမ်ငြိမ် နားထောင်နေခဲ့သည်။ သူသည် သူ့ကိုယ်သူ စစ်သူကြီး တစ်ဦးလိုရော၊ ကင်းထောက် သံတမန် အဖြစ်ပါ သတ်မှတ်ထားခြင်း မဟုတ်ရာ ထိုအသေးစိတ် ကိစ္စများကို ခေါင်းထဲမထည့်ပေ။ သူ့အတွက် မြေခွေးလေးကို ရှာဖွေရန်သာ အဓိကတာဝန်ဖြစ်ပြီး ကျန်ကိစ္စများမှာ သူနှင့်မဆိုင်ပေ။
"တင်ပြပါတယ်...မင်းသမီးလင်းယွီရဲ့ အိမ်တော်ကို ရှာဖွေပြီးပါပြီ၊ ဘာမှမတွေ့ပါဘူး"
"တင်ပြပါတယ်...မင်းသားလင်းကျန့်ရဲ့ အိမ်တော်ကို ရှာဖွေပြီးပါပြီ၊ ဘာမှမတွေ့ပါဘူး"
"တင်ပြပါတယ်...."
ကင်းထောက်များသည် လျင်လျင်မြန်မြန် လာရောက် အကြောင်းကြားကြပြီး စစ်ဆေး ရှာဖွေခြင်းမှာ ချောမွေ့နေခဲ့သည်။ မည်သည့်မင်းသား၊ မင်းသမီးမှ ခုခံနေခြင်းမရှိဘဲ စိတ်လိုလက်ရ ပူးပေါင်း ပေးနေကြသည်။
"တင်ပြပါတယ်...မင်းသားလင်းဖေးက စစ်တပ် ဝင်ရောက်မှာကို ငြင်းဆန်ပြီး သူ့အိမ်တော်ရဲ့ စစ်တပ်နဲ့ အိမ်တော်ကို ပိတ်ဆို့လိုက်ပါတယ်"
တစ်နာရီခန့် ကြာပြီးနောက် ကလန်ကဆန် လုပ်သော သတင်းတို့သည် ကျန်းရီထံ ရောက်လာ ခဲ့တော့သည်။ ကျန်းရီ၏ မျက်လုံးထဲမှ အေးစက်စက် အငွေ့အသက်တို့ ထွက်ပေါ် လာခဲ့သည်။ သူသည် လက်မြှောက်ပြကာ ပြောလိုက်သည်။
"သွားကြည့်ကြတာပေါ့"
"ချူး"
နဂါးလင်းယုန်ကြီး၊ ငါးရောင်စုံဥဒေါင်းငှက်နှင့် ချုံးမင်ငှက်ကြီးတို့သည် တောင်ပံကြီးများကို ဖြန့်၍ မြို့အနောက်ဘက်သို့ ပျံသန်းသွားရာ ခမ်းနားလှသော စံအိမ်တစ်လုံးထံ လျင်မြန်စွာ ရောက်ရှိ သွားခဲ့သည်။ ကျန်းရီသည် အဝေးကပင် အကဲခတ်လိုက်ရာ စံအိမ်ပတ်လည် ဝန်းရံထားသော အစောင့်များစွာကို မြင်လိုက်ရသည်။ အိမ်တော်၏ ဝင်ပေါက်များတွင်လည်း အစောင့်အကြပ်များ ထူထပ်စွာ ချထားလေသည်။
"ဝိုင်းလိုက်"
ကျန်းရီသည် နဂါးလင်းယုန်ကြီးထက်တွင် ဝံ့ကြွားစွာ ရပ်နေပြီး အော်ဟစ် အမိန့်ပေးလိုက်သည်။
"အားသုံးပြီးဝင်မယ်၊ ခုခံရဲတဲ့သူမှန်သမျှ သက်ညှာမနေဘဲ သတ်ပစ်လိုက်"
"ဝိုး"
ကျန်းရီ၏ အသံသည် ကျယ်လောင်လှ၍ အောက်ရှိ စစ်တပ်နှင့် အိမ်တော်အတွင်းရှိ အစောင့်များထံမှ အာမေဋိတ်သံများ ထွက်ပေါ်လာခဲ့သည်။ ဤနေရာသည် မည်သည့် နေရာနည်း။ အင်ပါယာမင်းသား လင်းဖေး၏ အိမ်တော်ဖြစ်သည်။ လင်းဖေးသည် လက်ရှိ ဧကရာဇ်၏ ခြောက်ယောက်မြောက် သားတော် ဖြစ်လေသည်။ ကျန်းရီသည် လင်းဖေး၏ အိမ်တော်အတွင်းသို့ အင်အားသုံး၍ ဝင်ရန်နှင့် ခုခံပါက သတ်ပစ်ရန် အမိန့်ပေးခဲ့သည်။
စစ်တပ်သည် မည်သို့မှ မတုံ့ပြန်သည်ကို ကျန်းရီမြင်သောအခါ မျက်မှောင်ကြုတ်၍ အော်ငေါက် လိုက်သည်။
"စစ်သူကြီးလုံ...ဒီသံတမန်ရဲ့ အမိန့်ကို မကြားဘူးလား"
"တိုက်ခိုက်ကြ"
မြေပေါ်မှ လက်ရွေးစင် စစ်သူကြီးသည် အံကြိတ်၍ လက်ဟန်ပြလိုက်သည်။ စစ်သည်များသည် တိုက်ခိုက်မှု ပုံစံတစ်ခု ဖွဲ့စည်းကာ အိမ်တော်ဝင်းဆီ ချီတက်ကြသည်။ တပ်မှူးများသည် တံတိုင်းများထက် ဘက်ပေါင်းစုံမှ တွယ်တက်ကြသည်။
"ရဲတင်းလိုက်တာ"
အိမ်တော်ထဲမှ အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး မင်းသားဝတ်ရုံကို ဆင်မြန်းထားသည့် လူငယ်ချောချော တစ်ဦးသည် အစောင့်အရှောက်များ ခြံရံလျက် ထွက်လာခဲ့သည်။ သူသည် ဒေါသ ထွက်နေသော အမူအရာနှင့် အော်ဟစ်လိုက်သည်။
"ဒီမင်းသားက ဒီမှာရှိတယ်၊ ဘယ်သူက အတင်းအကျပ်ဝင်ပြီး လူသတ်ရဲလဲ...မင်းတို့မှာ အစွမ်းအစရှိရင် ဒီမင်းသားကို လာသတ်လိုက်စမ်းပါ"
"ဝှစ်"
အိမ်တော်တံခါးဝမှ အစောင့်များသည် နောက်ပြန်ဆုတ်၍ မင်းသား၏ ပတ်လည်တွင် ဝန်းရံလိုက်ကြပြီး လေထဲတွင် ရှိနေသော ကျန်းရီအား လူသတ်ငွေ့များ ပြည့်နေသော မျက်လုံးများဖြင့် ဒေါသတကြီး ကြည့်လာကြသည်။
"မင်းသားလင်းဖေး"
ကျန်းရီသည် နဂါးလင်းယုန်ကြီးကို ထိန်းချုပ်၍ မင်းသားအိမ်တော်ဝင်း အနီး ချည်းကပ် သွားလိုက်သည်။ ထို့နောက် မင်းသားလင်းဖေး၏ အနီး အနည်းငယ်မြင့်သော နေရာတွင် ရပ်တန့်ကာ ပြောလိုက်သည်။
"သေချာနားမလည်ဘူးထင်တယ်၊ ခင်ဗျားရဲ့ အိမ်တော်ကိုရှာချင်တာက ကျွန်တော်မဟုတ်ဘူး၊ ခင်ဗျားရဲ့ညီမ မင်းသမီးလင်းရွှယ်ရဲ့ အမိန့်အတိုင်း လုပ်ရတာ...ဒီကိစ္စက အင်ပါယာ တည်တံ့မှု၊ ကြယ်ကောင်းကင် မြို့ထဲမှာရှိတဲ့ သန်းပေါင်းများစွာသော အသက်တွေနဲ့ သက်ဆိုင်နေတယ်...ခင်ဗျားမှာ ပြဿနာရှိတယ်ဆိုရင် မင်းသမီးလင်းရွှယ်ကို သွားရှာလိုက်ပါ၊ စစ်သူကြီးလုံ...ရှာတော့၊ မင်းသား လင်းဖေးရဲ့ လူတွေ ခုခံရင် သတ်သာပစ်လိုက်... ဒီကင်းထောက် သံတမန်က တာဝန်ယူပေးမယ်"
"မင်း..."
လင်းဖေးသည် ဒေါသထွက်လွန်း၍ တဆတ်ဆတ် တုန်ယင်လာကာ ကျန်းရီကို လက်ညှိုးငေါက်ငေါက် ထိုး၍ ကျိန်ဆဲတော့သည်။
"မင်းကဘာလဲ...ကင်းထောက် သံတမန်ဟုတ်လား၊ ဒီမင်းသားရဲ့ မျက်လုံးထဲမှာ မင်းက ခွေးချီးလောက်တောင် အဆင့်မရှိဘူး..."
ကျန်းရီသည် မင်းသားလင်းဖေး၏ ကျိန်ဆဲသံများကို အဖက်မလုပ်ဘဲ လုံးဝ လျစ်လျူရှု ထားလိုက်သည်။ မြေပြင်ပေါ်မှ စစ်တပ်သည် လျင်မြန်စွာ လှုပ်ရှား၍ စတင်ရှာဖွေ နေကြသည်။ မင်းသားလင်းဖေးသည် ကျိန်ဆဲခြင်းကို မရပ်သော်လည်း သူ့လူများကို ခုခံခိုင်းခြင်း မရှိပေ။
"တင်ပြပါတယ်...အနောက်ဘက်ခြမ်းမှာ ဘာမှမရှိပါဘူး"
"တင်ပြပါတယ်...တောင်ဘက်ခြမ်းမှာ ဘာမှမရှိပါဘူး"
"တင်ပြပါတယ်...."
မကြာခင်တွင် ကင်းထောက်များ ပြန်ရောက်လာကြပြီး သတင်းပို့လာရာ စစ်သူကြီးလုံ၏ မျက်နှာမှာ မသက်မသာ ဖြစ်နေတော့သည်။ လင်းဖေးသည် နှာမှုတ်ကာ ကျန်းရီကို လက်ညှိုး တထိုးထိုးနှင့် ပြောလာခဲ့သည်။
"ဒီမင်းသားရဲ့ အိမ်တော်ထဲမှာ သစ္စာဖောက် တစ်ယောက်များ တွေ့မိလား၊ ကျန်းရီ...မင်းက ဒီမင်းသားကို အတိုက်အခံ လုပ်ရဲတယ်...မင်းရဲ့ ကင်းထောက်သံတမန်ဆိုတဲ့ ရာထူးကို နှုတ်ဆက်ဖို့ ပြင်ထား၊ ငါနန်းတော်ထဲ အခုချက်ချင်းသွားပြီး လင်းရွှယ်ကို မင်းခေါင်းဖြတ်ဖို့ အမိန့်စာထုတ်ခိုင်းမယ်"
"တင်ပြပါတယ်၊ အိမ်တော်တစ်ခုလုံးကို သေချာရှာပြီးပါပြီ...သံသယရှိသူ မတွေ့ရပါဘူး"
ထွက်လာသော ရလဒ်သည် လင်းဖေး၏ မောက်မာမှုကို လောင်စာ ထည့်ပေးလိုက် သကဲ့သို့ပင်။
ကျန်းရီသည် လင်းဖေးကို တစ်ချက် ကြည့်လိုက်ပြီး ခနဲ့လိုက်သည်။
"ပြန်ဆုတ်ကြမယ်၊ တစ်ခုတော့ပြောမယ်...မင်းသားလင်းဖေး၊ ကျုပ်ကို ရာထူးချဖို့ ကြိုက်တဲ့ နည်းလမ်းနဲ့ ကြိုးစားနိုင်တယ်...ကျုပ်က ဒီကင်းထောက်သံတမန်ဆိုတဲ့ မဖြစ်စလောက် ရာထူးလေးကို ခေါင်းထဲမထားပါဘူး၊ ကျုပ်ရဲ့ခေါင်းကို ခင်ဗျားလိုချင်ရင် ခင်ဗျားမှာ အဲ့အစွမ်းရှိမရှိ ကြည့်ကြတာပေါ့၊ ကျုပ်ကို သတ်ချင်ရင်တော့ ကျုပ်ရဲ့ ဒေါသကိုလည်း လက်ခံဖို့ ပြင်ဆင်ထားသင့်တယ်....သွားကြစို့"
ကျန်းရီသည် နဂါးလင်းယုန်ကြီးကို စီး၍ လျင်မြန်စွာ ပြန်လည် ထွက်ခွာလာခဲ့သည်။ အိမ်တော်များကို သွားရောက်ရှာဖွေကြသူများမှာ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြပြီး မတွေ့သေးကြောင်း အကြောင်းကြားကြသည်။ လူတိုင်းသည် ကျန်းရီ၏ ထင်မြင်ချက်များ မှားယွင်းနေသည်ဟု စတင်သံသယ ဝင်လာကြပြီဖြစ်လေသည်။
"တင်ပြပါတယ်၊ မင်းသားလင်းပုက ရှာဖွေခံဖို့ကို ငြင်းဆန်ပြီးတော့ စစ်သည်တွေနဲ့ အချင်းများ နေပါတယ်၊ သူတို့က အင်ပါယာစစ်သည် ဆယ်ယောက်ကျော်ကိုတောင် သတ်လိုက်ပါသေးတယ်"
အခြားသော သတင်းတစ်ခု ရောက်လာခဲ့ရာတွင် ကျန်းရီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ချက်ချင်း အမိန့်ပေးလိုက်သည်။
"စစ်သူကြီးလုံ တပ်ဖွဲ့တစ်ဖွဲ့ခေါ်သွားပြီး မင်းသားလင်းပုရဲ့ အိမ်တော်ကို မြေအောက်ကနေပါ ဝိုင်းထားလိုက်၊ ထွက်ပြေးဖို့ ကြိုးစားတဲ့သူမှန်သမျှကို သတ်ပစ်"
"ဝှစ်"
ကျန်းရီသည် အမိန့်ပေးပြီးသည်နှင့် မြို့အရှေ့ဘက်ရှိ မင်းသားလင်းပု၏ အိမ်တော်ရှိရာ နဂါးလင်းယုန်ကြီး စီး၍ ချက်ချင်းထွက်ခွာလာခဲ့သည်။ ဖြစ်ရပ်သည် ယခုလေးတင် ပြီးခဲ့သည့် ပြဿနာနှင့် အကြမ်းဖျင်းအားဖြင့် ဆင်တူသည်။ မင်းသားလင်းပုသည် အိမ်တော်ဝင်ပေါက်ကို ပိတ်ဆို့ထားသောကြောင့် အိမ်တော်မှာ အဝိုင်းခံထားရသော်လည်း မည်သူကမှ အတွင်းသို့ မဝင်ရဲပေ။
"ကင်းထောက်သံတမန်ကျန်း"
ကျန်းရီရောက်ရှိသွားသော် အင်ပါယာ စစ်သည်များသည် ဒူးတစ်ဖက်ထောက် ထိုင်ချ၍ နှုတ်ဆက် လာကြသည်။ ထိုစစ်သည်တို့၏ ခေါင်းဆောင် အသက်ငါးဆယ် အရွယ် စစ်သူကြီးသည် ဆီးကြို၍ အကြံတောင်းခံလာခဲ့သည်။
"ကင်းထောက်သံတမန်ကျန်းကို တင်ပြပါတယ်...မင်းသားလင်းပုရဲ့ လူတွေက ရှာဖွေခံရမှာကို ငြင်းဆန်ပြီး အင်ပါယာစစ်သည် လေးဆယ့်ရှစ်ယောက်ကို သတ်လိုက်ပါတယ်၊ ကျွန်တော်တို့ ဘယ်လိုဆက်လုပ်ရမလဲဆိုတာ ညွှန်ကြားပေးပါ"
ကျန်းရီသည် လေထဲမှနေ၍ မလှမ်းမကမ်းရှိ အိမ်တော်ကို ကြည့်ကာ အမိန့်ပေးလိုက်သည်။
"ဘာကိုညွှန်ကြား နေရဦးမှာလဲ၊ မင်းတို့တွေ အားသုံးပြီးဝင်ကြ၊ လမ်းပိတ်လာတဲ့ သူတွေက မင်းမိန့်ကို ဖီဆန်တာပဲ၊ သတ်သာပစ်လိုက်...ဒီကင်းထောက်သံတမန်က ခေါင်းခံပေးမယ်"
"နားလည်ပါပြီ"
စစ်သူကြီးသည် ထိုစကားကို စောင့်နေသည်ဖြစ်ရာ ချက်ချင်း အော်ဟစ်လိုက်သည်။
"တိုက်ခိုက်ကြ"
သူတို့ မလှုပ်ရှားရသေးခင်တွင် အိမ်တော်ဝင်းဆီမှ အတွင်းအား တိုက်ခိုက်မှုများစွာ ပျံလွင့်လာခဲ့သည်။ သာမန်စစ်သည် တစ်ဦးသည် အားကောင်းလှသော အတွင်းအား တိုက်ခိုက်မှုများကို မည်သို့ ခုခံနိုင်ပါမည်နည်း။ စစ်သည်မျ ရာပေါင်းများစွာသည် အတွင်းအား တိုက်ခိုက်မှုများ ကျဆင်းလာ၍ အရိုးတခြား၊ အသားတခြား ဖြစ်ကုန်ကြသည်။
"အိမ်တော်ထဲ ခြေလှမ်းတဲ့သူ မှန်သမျှကို သတ်ပစ်"
အိမ်တော်တွင်းမှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး တံတိုင်းများထက်မှ အရိပ်များစွာ ပျံထွက်လာကြသည်။ ထိုသူတို့သည် အိမ်တော်ဝင်းထဲရှိ အဆောက်အဦများ၏ အမိုးများထက်တွင် ရပ်နေကြပြီး အချိန်မရွေး တိုက်ခိုက်နိုင်ရန် အတွင်းအားများ ဖြည့်သွင်းထားသော လက်နက် အသီးသီးကို ကိုင်မြှောက်ထားကြသည်။
"ဟမ့်"
ကျန်းရီသည် မွေးလာတည်းက မကြောက်တတ်ခဲ့သူ ဖြစ်သည်။ သို့ဖြစ်ရာ မင်းသားလင်းပု၏ ခြိမ်းခြောက်မှုကို မကြောက်ဘဲ အော်ဟစ်အမိန့်ပေးလိုက်သည်။
"တိုက်ခိုက်ကြ"
"ဝှစ်...ဝှစ်"
စစ်သည်များသည် လှိုင်းလုံးများပမာ ရှေ့တက်သွားကြပြီး တံတိုင်းများထက်လည်း တွယ်တက်သူက တက်ကြသည်။ အတွင်းအား တိုက်ခိုက်မှုများသည် အိမ်တော်အတွင်း ဟိုဟိုဒီဒီ ပျံသန်းနေတော့သည်။ ကျန်းရီက အကျိုးဆက်များအားလုံးကို တာဝန်ယူမည်ဟု ပြောထားရာ စစ်သည်များသည် အမိန့်အတိုင်းသာ လုပ်ဆောင်လိုက်ကြသည်။
"သတ်...မင်းသားလင်းပုကလွဲပြီး အားလုံးကိုသတ်လိုက်"
ကျန်းရီသည် အမိန့်ထပ်ပေးလိုက်သည်။ ထိုသေသွားကြသူများသည် သူနှင့်မပတ်သက်ပေ။ ထို့ပြင် သူသည် မိုးပြာနဂါးအင်ပါယာ၏ အစိတ်အပိုင်း မဟုတ်ရာ ထိုလူများ သေဆုံးခြင်းကြောင့် မည်သို့မှ မခံစားရပေ။ သူသည် မြေခွေးလေးကို ရှာဖွေရန်သာ စိတ်နှစ်ထားသည်။
"ဘန်း"
ထိုအချိန်တွင် အိမ်တော်ရှေ့မှ မြေပြင်သည် ရုတ်တရက် ပွင့်ထွက်သွားခဲ့သည်။ မြေထဲမှ စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် တပ်မှူးတစ်ယောက် ထွက်လာခဲ့ပြီး ကျန်းရီအား အော်ပြောလာခဲ့သည်။
"ကင်းထောက်သံတမန်ကို တင်ပြပါတယ်၊ အနက်ဝတ်တွေနဲ့ လူသုံးယောက် မြေအောက်ကနေ ထွက်ပြေး သွားပါတယ်၊ သူတို့ရဲ့ အင်အားကတော့ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဋ္ဌမအဆင့်နဲ့ အထက်မှာပါ၊ သူတို့က စစ်တပ်ရဲ့ ဝိုင်းရံမှုကို ဖောက်ထွက်ပြီး အရှေ့ဘက်ကို ထွက်ပြေးသွားပါတယ်၊ စစ်သူကြီးလုံက သူ့တပ်ဖွဲ့အတူ နောက်ကလိုက်သွားပါတယ်"
"ကောင်းတယ်၊ စစ်သည်တို့ ဆက်တိုက်ခိုက်ပြီး သစ္စာဖောက်လင်းပုကို မင်းသမီးလင်းရွှယ်ဆီ ဖမ်းခေါ်သွားပြီး စီရင်ခိုင်းလိုက်ပါ"
ကျန်းရီ၏ မျက်လုံးတွင် အေးစက်စက် အငွေ့အသက်များ ထွက်ပေါ်လာပြီး ကျောင်းအုပ်ချီ၊ ဘုန်းကြီးလေးနှင့် ကျန်လူများကို အော်ပြောလိုက်သည်။
"သွားကြစို့၊ သူတို့နောက် လိုက်ကြမယ်...နတ်ဆိုးသားရဲစစ်တပ် မရောက်ခင် မြေခွေးလေးကို ကယ်မှဖြစ်မယ်"
*****