မင်းလုပ်ရဲလား
Vol. 1 Ch. 267
"အနက်ရောင်ဝတ်နဲ့ လူသုံးယောက်က အစ်ကိုကြီးရဲ့ အိမ်တော်ထဲကနေ ထွက်ပြေးသွားတယ် ဟုတ်လား၊ သူတို့ရဲ့ အင်အားက ကျန်းရီ လိုက်ရှာနေတဲ့သူတွေနဲ့ ကိုက်ညီနေတယ်ပေါ့၊ ဒီလင်းပုက တော်တော်လေး ရဲတင်းနေတာပဲ...အပြင်လူနဲ့ ပူးပေါင်းပြီးတော့ မိုးပြာနဂါးအင်ပါယာကို အကွက်ချ ကြံစည်ရဲတယ်"
ကျန်းရီ၏ လှုပ်ရှားမှုတိုင်းသည် မင်းသမီးလင်းရွှယ်ထံ ဆက်တိုက် သတင်းပို့ခံ နေရသည်။ တကယ်တမ်းတွင် သူမ၏ တိတ်တဆိတ် သဘောတူညီမှုမရှိဘဲ စစ်သူကြီးလုံတို့ တပ်ဖွဲ့သည် မင်းသားလင်းဖေးနှင့် မင်းသားလင်းပုတို့၏ အိမ်တော်ထဲ ဝင်ရောက်၍ မွှေနှောက် ရှာဖွေရဲမည် မဟုတ်ချေ။ မင်းသမီးလင်းရွှယ်သည် ကျန်းရီ သူ့လူများကို ခေါ်၍ ပြေးလိုက်သွားပြီမှန်း သိထားနှင့်ပြီးသား ဖြစ်သည်။
"လင်းပုကို ဖမ်းဆီးမိန့်ထုတ်လိုက်၊ သူ့လူတွေ ခုခံရင် အကုန်သာသတ်ပစ်လိုက်"
မင်းသမီးလင်းရွှယ်သည် အတော်လေး ဒေါသထွက်လျက် ရှိသည်။ သူမသည် ဘေးပတ်လည်ကို ကြည့်ကာ အော်ဟစ် အမိန့်ပေးလိုက်သည်။
"ကျန်းရီတို့နောက်လိုက်ဖို့ စစ်သူကြီးလုံဆီ စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် အယောက်တစ်ရာ စေလွှတ်လိုက်၊ မြေခွေးလေးကို ရအောင် ကယ်မှဖြစ်မယ်"
သူမ၏လူများ ထွက်သွားပြီးနောက် မင်းသမီးလင်းရွှယ်သည် ခန်းမထဲမှ ထွက်လာခဲ့ပြီး တံခါးဝတွင်ရပ်ကာ ကြယ်တာရာများ ပြည့်နေသော ကောင်းကင်ကို မော့ကြည့်၍ ပင့်သက်ရှိုက် လိုက်သည်။
"ခမည်းတော်... အဲဒီအချိန်တုန်းက လင်းပုကို ထီးနန်းဆက်ခံခွင့် မပြုခဲ့တာ မှန်သွားခဲ့တယ် ထင်တယ်၊ ဒီလို စိတ်သဘောထား သေးသိမ်တဲ့လူတစ်ယောက်က ဘယ်လိုလုပ်ပြီး အင်ပါယာကို ဂုဏ်သရေ ပြန်တက်အောင် ဦးဆောင်နိုင်မှာလဲ၊ ဒီသေမျိုးလောကကနေ ခမည်းတော် ရုတ်တရက် ထွက်သွားတာက တကယ်ပဲ နှမြောစရာကောင်းတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် လင်းရွှယ်က မိန်းမသားမို့ ထီးနန်းဆက်ခံဖို့ အရည်အချင်း မပြည့်မီဘူး၊ လင်းရွှယ် ဘယ်လိုလုပ်ပြီး အင်ပါယာကို ဆက်ဦးဆောင်ရမှာလဲ... နတ်ဆိုးသားရဲ စစ်တပ်က တစ်ရက်ကြာရင် ရောက်လာတော့မယ်၊ အင်ပါယာရဲ့ စစ်သေနာပတိချုပ်အိုကြီးကလည်း တံခါးပိတ် ကျင့်ကြံနေရာကနေ ထွက်မလာသေးဘူး၊ ဘယ်သူက အင်ပါယာကို ကယ်တင်ပေးမှာလဲ"
"တင်ပြပါတယ်"
အနက်ရောင်အရိပ် တစ်ရိပ် ပေါ်ထွက် လာသောကြောင့် မင်းသမီးလင်းရွှယ်သည် ခန်းမ အပြင်ဘက်တွင် အကြာကြီး မရပ်လိုက်ရပေ။ အနက်ရောင်အရိပ်သည် ဒူးတစ်ဖက် ထောက်ကာ လျှောက်တင် လာခဲ့သည်။
"မင်းသမီး...မင်းသားလင်းပုက သူ့ကိုယ်သူ အဆုံးစီရင်သွားပါတယ်"
"ငါသိပြီ"
မင်းသမီးလင်းရွှယ်၏ မျက်ဝန်းကြည်ကြည်လေးများ မှိန်ဖျော့သွားခဲ့သည်။ သူမ၏ မျက်ဝန်းထောင့်များမှ မျက်ရည်စီးကြောင်းနှစ်ခု စီးကျလာခဲ့သည်။
လင်းပုသည် ထီးနန်းကို မျက်စိကျ နေခဲ့သော်လည်း လွန်ခဲ့သော သုံးနှစ်က သူမသာလျှင် အင်ပါယာ၏ ကိုယ်စားအုပ်ချုပ်သူ ဖြစ်လာခဲ့ပြီး အင်ပါယာ၏ အချုပ်အခြာ အာဏာနှင့် စစ်တပ်ရေးရာ အားလုံးကို ကိုင်တွယ်ခွင့်ရခဲ့သည်။ သူမ၏ ခမည်းတော် အသက်ရှင်စဉ်က အကြီးဆုံး မင်းသား၏ အကျင့်စရိုက်နှင့် အရည်အချင်းတို့ကို ညံ့ဖျင်းသည်ဟု ဆုံးဖြတ်ပေးခဲ့သည်။ ထို့ကြောင့် သူမသည် အကြီးဆုံး မင်းသားအား ထီးနန်းတက်ခွင့်ရရန် ကူညီခြင်းမပြုခဲ့ပေ။ သူသည် အလိုကြီး၍ ရန်သူ၏ ဖြားယောင်းမှု ခံရကာ ကြယ်ကောင်းကင်မြို့ကို ဖျက်ဆီးရန် ကြံလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ကျန်းရီ၏ လျင်လျင်မြန်မြန် သုံးသပ်တတ်မှုနှင့် ဖြေရှင်းသွားမှုတို့ကြောင့်သာ မဟုတ်လျှင် ယခုတိုင်အောင် ဘာသဲလွန်စမှ ရမည် မဟုတ်ချေ။
"တင်ပြပါတယ်...စတုတ္ထမင်းသား လင်းသောက်၊ ဆဋ္ဌမမင်းသား လင်းဖေး၊ ပဉ္စမမင်းသမီး.... တို့တွေအားလုံးက အင်ပါယာရဲ့ မျိုးဆက်တွေ မပျက်သုဉ်းအောင် ကြယ်ကောင်းကင်မြို့ကနေ ထွက်ခွာခွင့်ပြုဖို့ တောင်းဆိုလာကြပါတယ်"
နောက်ထပ်ရောက်လာသော သတင်းတစ်ခုကြောင့် မင်းသမီးလင်းရွှယ်၏ မျက်နှာလှလှ ထက်တွင် စိတ်ပျက်မှုများ ထင်ဟပ်လာခဲ့သည်။ နောက်ဆုံးတွင် သူမခမည်းတော်သည် မည်သည့် မင်းသားကိုမှ အိမ်ရှေ့စံရာထူး မပေးခဲ့ခြင်း၏ အကြောင်းအရင်းကို သူမနားလည် သွားခဲ့သည်။ သူမ၏ အစ်ကိုများ၊ မောင်များအားလုံးသည် မထိုက်တန်သောကြောင့် ဖြစ်သည်။ သူတို့သည် အင်ပါယာ၏ သေရေးရှင်ရေး အခြေအနေတွင်တောင် ထွက်ပြေးရန် စဉ်းစားနေကြသည်။
"ဒါဆိုလည်း သွားကြပါစေ...သူတို့ကို သွားခိုင်းလိုက်"
မင်းသမီးလင်းရွှယ်သည် ကူကယ်ရာမဲ့စွာ လက်ဟန်ပြလိုက်သည်။ သူမစိတ်ထဲတွင် လင်းမျိုးနွယ် အတွက် ဆန်အကုန်သက်သာသွားခြင်းသည်လည်း ကောင်းသည်ဟု တွေးနေခဲ့သည်။ သူမသည် အရှေ့အရပ်သို့ ကြည့်၍ ပင့်သက်ရှိုက်လိုက်ပြန်သည်။
"ကျန်းရီ...အားလုံးက ရှင့်လက်ထဲမှာပဲ၊ ရှင်သာ နတ်ဆိုးသားရဲစစ်တပ် ရောက်မလာခင် ပြန်ရောက်မလာခဲ့ရင်... ဒါမှမဟုတ် အင်ပါယာရဲ့ စစ်သေနာပတိချုပ်အိုကြီး တံခါးပိတ် ကျင့်ကြံရာကနေ ထွက်မလာခဲ့သေးရင် လင်းရွှယ်လည်း ဘာမှမတတ်နိုင်ဘဲ ကြယ်ကောင်းကင်မြို့နဲ့အတူ အဆုံးသတ်သွားဖို့ပဲ ရှိတယ်"
***
"လူခွဲပြီး လိုက်ကြမယ်၊ ကျောင်းအုပ်ချီ... ခင်ဗျားရဲ့ လူတွေကိုခေါ်ပြီး ကောင်းကင်ကနေသွား၊ သူတို့ကို ရှေ့ကနေ ဖြတ်တိုက်ရမယ်"
ကောင်းကင် ကြယ်တာရာမြို့၏ အရှေ့ဘက် မြေအောက်တွင် ကျန်းရီသည် လူတစ်အုပ်ကြီးနှင့် အတူ သူသုံးယောက်နောက် လိုက်နေခဲ့သည်။ အနက်ရောင်ဝတ် လူသုံးယောက်သည် မြန်ဆန်လွန်းနေသည်။ အကွာအဝေးတစ်ခု ထိအောင် လိုက်ပြီးနောက် မြေအောက်ဥမင်သည် လမ်းသုံးခု ခွဲသွားခဲ့သည်။ ထိုလူများသည် လူခွဲ၍ ပြေးသွားကြလေပြီ။
ကျန်းရီသည် ကျုံးဝူသားရဲကို စီးနင်း၍ လိုက်နေခဲ့သည်။ သူ့နောက်တွင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် အယောက်တစ်ရာ၊ ရွှေယွဲ့လျန်မျှော်စင်၊ ဇင်ဘုရားကျောင်း၊ သင်တန်းကျောင်းကြီး သုံးခုမှ အဖွဲ့ဝင်များလည်း ပြေးလိုက်လာကြသည်။ သူတို့သည် ကျန်းရီ၏ ညွှန်ကြားချက်အတိုင်း တုံ့ဆိုင်းမနေဘဲ သုံးအုပ်စုခွဲ၍ ပြေးလိုက်ကြသည်။ ကျောင်းအုပ်ချီနှင့် ရွှေယွဲ့လျန်မျှော်စင်မှ လူစုသည်လည်း ကောင်းကင်မှ ခရီးနှင်ကာ ရှေ့မှဖြတ်တိုက်ရန် ပြင်ဆင်နေကြသည်။
ကျုံးဝူသားရဲက မြန်ဆန်လွန်းသည့်အပြင် သူတို့အုပ်စုတွင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဋ္ဌမအဆင့်၊ အမြင့်ဆုံးအဆင့် လူများလည်း အမြောက်အများ ပါဝင်လေသည်။ ရန်သူများ၏ ပြေးနှုန်းသည် သူတို့အောက် မနိမ့်ကျသည်မှာ နှမြောစရာ ကောင်းလှသည်။ ဆယ့်လေးနာရီမှ ဆယ့်ခြောက်နာရီတိုင် ပြေးလိုက်ပြီးနောက် နောက်တစ်နေ့ မွန်းတည့်နေပြီ ဖြစ်သော်လည်း ကျန်းရီတို့သည် ထိုလူသုံးယောက်အား မမှီနိုင်သေးပေ။
"ဗုန်း...ဗုန်း"
ရုတ်တရက် အရှေ့ဘက်မှ တုန်ခါသံကြီးများ ထွက်ပေါ်လာခဲ့သည်။ သူတို့သည် အနည်းငယ် တုန်လှုပ်သွားကြသည်။ ကျန်းရီနှင့် ဘုန်းကြီးလေး ဟွေ့ကန်းသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး မျက်လုံးများတောက်ပလာခဲ့သည်။
"ဟွမ်ကြီး အရှိန်မြှင့်လိုက်"
လူတိုင်းသည် ဥမင်များထဲ အလောတကြီး ပြေးဝင်သွားကြသည်။ တုန်ခါသံများမှာ ပိုမိုကျယ်လောင် လာပြီး ဥမင်များမှာ မြေပြင်နှင့် ပိုမိုနီးကပ်လာခဲ့သည်။ ကျုံးဝူသားရဲကြီးသည် မြေပေါ်ထိုးတက်လိုက်ရာ တုန်ခါနေမှု၏ အကြောင်းအရင်းကို သူတို့တွေ့လိုက်ရလေသည်။
ကျောင်းအုပ်ချီတို့ လူစုသည် အနက်ရောင်ဝတ် လူသုံးဦးနှင့် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
"အောမိသောဖော"
ဘုန်းကြီးလေးဟွေ့ကန်းသည် ဂါထာတစ်ခုကို ရွတ်ဆိုလိုက်သည်။ သူ့အသံမှာ တဖြည်းဖြည်း ကျယ်လောင်လာပြီး ကျန်းရီ၏ကိုယ်သည်ပင် တုန်ယင်လာခဲ့သည်။ တိုက်ခိုက် နေကြသူများမှာ တဖြည်းဖြည်း နှေးကွေးလာခဲ့သည်။
"သူတို့ကိုဝိုင်းလိုက်"
ကျန်းရီ၏ အမိန့်ပေးသံအဆုံးတွင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များစွာသည် ပျံသန်းလာကြပြီး တိုက်ခိုက်နေသော နေရာကို ဝန်းရံလိုက်ကြသည်။ နောက်ဆုံးတွင် ကျန်းရီသက်ပြင်း ချလိုက်နိုင်သည်။ လူများစွာက ဝိုင်းထားရာ ဤလူများ ထွက်ပြေးနိုင်တော့မည် မဟုတ်ပေ။
"ရပ်လိုက်"
အနက်ရောင်ဝတ်လူများထဲမှ ကျောက်စိမ်း ပန်းအိုးတစ်လုံးကို ကိုင်ထားသူသည် ပန်းအိုးကို မြှောက်၍ အော်ဟစ်လိုက်သည်။
"အားလုံးရပ်လိုက်၊ မရပ်ရင် ငါဒီမြစိမ်းကြည်လင် ပန်းအိုးကို ခွဲပစ်လိုက်မယ်... အဲဒီ အမြီးသုံးချောင်း မြေခွေးလည်း သေသွားလိမ့်မယ်"
"ဟမ်"
ကျောင်းအုပ်ချီနှင့် ကျန်လူများသည် တိုက်ခိုက်နေရာမှ ချက်ချင်း ရပ်တန့် လိုက်ကြသည်။ မြေခွေးလေး သေသွားလျှင် တစ်လောကလုံး ကပ်ဘေးဆိုက်လိမ့်မည်။ နတ်ဆိုးဧကရီသည် ဒေါသကြီးစွာနှင့် နယ်မြေအား သွေးချောင်းစီးအောင် လုပ်လိမ့်မည်။ လူတိုင်းသည် ဘာလုပ်ရမှန်း မသိကြတော့ပေ။
"မင်းဘာလိုချင်လဲ"
မိုးပြာနဂါးသင်တန်းကျောင်းမှ ဒုကျောင်းအုပ်လျှိုသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဒီမြေခွေးလေးကြောင့် အသက်တွေ ဘယ်လောက် ဆုံးရှုံးရလဲ မင်းသိလား၊ မင်းရဲ့ မိုက်မဲတဲ့ အပြုအမူကြောင့် မြို့တွေ ဘယ်လောက်ပျက်စီး ကုန်ပြီလဲ မင်းသိလား၊ အပြစ်မဲ့တဲ့သူတွေ ဘယ်လောက်တောင် သေပြီးပြီလဲ... မင်းတို့ ဒီမြေခွေးလေးကို သတ်လိုက်ရင် နယ်မြေတစ်ခုလုံး ပဋိပက္ခတွေဖြစ်ပြီး အသက်တွေ အများကြီး ဆုံးရှုံးရလိမ့်မယ်"
"ဟား...ဟား"
အနက်ရောင်ဝတ်စုံနှင့်လူသည် လှောင်ပြောင် လာခဲ့သည်။
"တခြားလူတွေရဲ့အသက်က ငါနဲ့ဘာဆိုင်လို့လဲ၊ ငါတို့လည်း သေရတော့မှာဆိုတော့ တစ်လောကလုံးက လူတွေ ငါတို့နဲ့အတူသေသွားရင် ပိုကောင်းသွားမှာပေါ့"
"ယုတ်မာလိုက်တာ"
ကျောင်းအုပ်ချီသည် ဒေါသထွက်လွန်း၍ အသားများပင် တဆတ်ဆတ် တုန်လာခဲ့သည်။ သူမသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဒါဆို ဘာလိုချင်လဲ၊ မြေခွေးလေးကို မြန်မြန်လွှတ်ပေး...မင်းတို့ကို အသက်ချမ်းသာပေးမယ်"
"ဟား...ဟား"
လူသုံးယောက်ထဲမှ ခေါင်းဆောင် ဖြစ်ဟန်တူသူသည် ရယ်ချလိုက်သည်။ သူ့မျက်လုံးများတွင် လှောင်ရိပ်များ ပြည့်နေပြီး စကားပြောလာခဲ့သည်။
"ငါတို့က အရူးမဟုတ်ဘူး၊ မြေခွေးလေးကို လွှတ်ပေးလိုက်ရင် ငါတို့ကိုချက်ချင်း အသတ်ခံ လိုက်ရမှာပေါ့...ငါတို့ကို သွားခွင့်ပြုရင် မြေခွေးလေးကို ခြောက်နာရီအတွင်း ပြန်လွှတ်ပေးမယ်၊ သဘောမတူရင် ငါတို့အကုန်လုံး အတူသေကြတာပေါ့...ဘယ်လိုလဲ"
"ဒါက..."
လူတိုင်းသည် တွေဝေနေကြသည်။ သူတို့ထိုလူသုံးယောက်ကို သတ်လိုက်လျှင် အမြီးသုံးချောင်း မြေခွေးလေးပါ သေသွားလိမ့်မည်။ သူတို့အား လွှတ်ပေးလိုက်ပြန်လျှင်လည်း သူတို့ ကတိတည်မတည် မည်သို့သိနိုင်မည်နည်း။ ထို့ပြင် ခြောက်နာရီကြာပြီးလျှင် ကြယ်ကောင်းကင်မြို့သည် သွေးချောင်း စီးနေလောက်ပေပြီ။
"မင်းဖင်ကြီးပဲလွှတ်ပေး"
လူတိုင်း တွေဝေနေကြချိန်တွင် ကျန်းရီသည် ရုတ်တရက် ထအော်ပစ်လိုက်သည်။ ထို့နောက် သူသည် ထိုလူသုံးယောက်ကို တစ်ချက်ကြည့်လိုက်ကာ သရော်သည့် လေသံနှင့် ပြောလိုက်သည်။
"ဒါဆိုလည်း လုပ်လိုက်လေ၊ မင်းမှာ မြေခွေးလေးကို သတ်ရဲတဲ့ သတ္တိရှိရင် သတ်ပစ်လိုက်"
ကျန်းရီသည် စကားပြောရာတွင် အတွင်းအားများပါ ထည့်သွင်းထားရာ သူ့အသံသည် လူတိုင်း၏ နားတွင် ပဲ့တင် ထပ်သွားခဲ့သည်။ လေထုသည် ပိုမိုလေးလံလာခဲ့သည်။ လူတိုင်းသည် ထိုလူတကယ် သတ်လိုက်မည်စိုး၍ အသံပင်မထွက်ဝံ့ကြပေ။ အများစုသည် ကျန်းရီ၏ ဇွတ်တရွတ်နိုင်သော အပြုအမူကို ဒေါသ ထွက်နေကြသည်။ ထိုလူသာ မြေခွေးလေးကို တကယ် သတ်လိုက်လျှင် သူတို့အားလုံးသည် လူသားမျိုးနွယ်၏ အပြစ်သားများ ဖြစ်သွားကြလိမ့်မည်။
"ငါမလုပ်ရဲဘူးလို့ မင်းထင်နေတာလား"
အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးများတွင် ဒေါသရိပ်များ ယှက်သန်းလာပြီး ပန်းအိုးကို ထပ်မံမြှောက်ကာ အော်ဟစ်လိုက်သည်။
"ဒါဆို သတ်လေ၊ ဘာလို့မလှုပ်တော့တာလဲ... သူရဲဘောကြောင်တဲ့ကောင်၊ ငါမင်းကို သတ္တိ အဆတစ်ရာ ပေးမယ်ဆိုရင်တောင် မင်းလုပ်ရဲမလား ကြည့်လိုက်ဦးမယ်"
ကျန်းရီ၏ ကိုယ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါသည် မီးနဂါးဓား၏ အရှိန်အဝါနှင့်အတူ ထွက်ပေါ်လာခဲ့သည်။ သူသည် ထိုသူများထံ ခြေလှမ်းကျဲကြီးများနှင့် လျှောက်သွားလိုက်ပြီး တင်းမာလှသော လေသံနှင့် ပြောလိုက်သည်။
"မင်းရဲ့သခင်က အမိန့်မပေးလိုက်ဘူးလား၊ မြေခွေးလေးကို ထိခိုက်အောင် မလုပ်ဖို့...မင်းသာ မြေခွေးလေးကို သတ်လိုက်ရင် မင်းသခင်က မင်းတို့မျိုးနွယ်တစ်ခုလုံးကို သတ်ပစ်မှာပေါ့၊ ဒါကြောင့် မင်းမြေခွေးလေးကို မသတ်ရဲဘူး...ငါ့ကို မြေခွေးလေးပေးတော့၊ မင်းတို့ကို အေးအေးဆေးဆေး သေခိုင်းပေးမယ်၊ မင်းတို့သခင်အကြောင်း ငါထုတ်မပြောဘူးလို့ ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုတယ်...နားလည်လား"
"အာ..."
သူတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့မျက်လုံးများထဲတွင် ထိတ်လန့်ဟန်များ ပေါ်လွင်နေသည်။ ခေါင်းဆောင်သည် ဆုံးဖြတ်လိုက်ဟန်နှင့် ကျန်းရီထံ ပန်းအိုးကို ပစ်ပေးလိုက်ပြီး စိတ်ဖြင့် ဆက်သွယ်၍ပါ စကားတစ်ခွန်း ပြောလာခဲ့သည်။
"ကျန်းရီ...မင်းကတိကို မင်းတည်ဖို့ မျှော်လင့်တယ်၊ မဟုတ်ရင် ငါတို့ တစ္ဆေဖြစ်ရင်တောင် မင်းကို အလွတ်မပေးဘူး"
"ဝိုး"
လူတိုင်းသည် စိတ်သက်သာရာ ရသွားကြသည်။ အဆုံးတွင်တော့ မြေခွေးလေးကို ကယ်လိုက်နိုင်ပြီး နယ်မြေ၏ကပ်ဘေးကြီး အဆုံးသတ်သွားတော့မည်။
ကျန်းရီသည် ပန်းအိုးကို အနက်ရောင်အတွင်းအားဖြင့် ရစ်ပတ်ကာ အတွင်းသို့ စိတ်အာရုံဖြင့် ကြည့်လိုက်သည်။ အထဲတွင် မြေခွေးလေးသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို တွေ့သော အခါမှ သူစိတ်အေးသွားခဲ့သည်။ သူအော်ဟစ်လိုက်သည်။
"ကြယ်ကောင်းကင်မြို့ဆီ မြန်မြန်ပြန်ကြစို့"
*****