← Chapters

မြစိမ်းကြည်လင်ပန်းအိုး

Vol. 1 Ch. 268

မြစိမ်းကြည်လင်ပန်းအိုး

Vol. 1 Ch. 268

နဂါးလင်းယုန်ကြီးသည် တဝှီးဝှီးနှင့် ပျံသန်း နေပါသော်လည်း ကြယ်ကောင်းကင်မြို့နှင့် အလှမ်းဝေး သေးသည်။ သူတို့သည် ပြေးရင်းလွှားရင်းဖြင့် မြောက်ဘက်လျန် နိုင်ငံ၏ နယ်နိမိတ် အထိတောင် ရောက်သွား ခဲ့ကြသည်။ သူတို့လာခဲ့သောခရီးသည် ဆယ့်ခြောက်နာရီ ကြာမြင့်ခဲ့သည်။ သူတို့ လေထဲမှ တန်းတန်းမတ်မတ် ပြန်သွားလျှင်တောင် မြို့သို့ရောက်ရန် ရှစ်နာရီခန့် ကြာမည် ဖြစ်သည်။

"နတ်ဆိုးသားရဲ တစ်ကောင်ကိုတောင် သိမ်းလို့ရတယ်ဆိုတော့ ဒါက ဘယ်လို ပန်းအိုးမျိုးလဲ၊ အသက်ရှူ ကျပ်မသွားဘူးလား၊ လူသားဆိုရင်ရော သိမ်းလို့ရလား"

ကျန်းရီသည် မြေခွေးလေး နှစ်နှစ်ခြိုက်ခြိုက် အိပ်နေသည်ကို အာရုံခံမိပြီးနောက် သူ့နောက်တွင် ရှိနေသော ဘုန်းကြီးလေးဟွေ့ကန်းကို စပ်စပ်စုစု မေးကြည့်လိုက်သည်။ ဘုန်းကြီးလေးသည် ဇင်ဘုရားကျောင်းတွင် အဆင့်အတန်းမြင့်၍ ဗုဒ္ဓလက်နက် အမြောက်အမြားလည်း ပိုင်ဆိုင် ထားသေးသည်။ ဤသို့သော ပစ္စည်းများကို သူသိလောက်သည်။

"အောမိသောဖော"

ဘုန်းကြီးလေးသည် သူ၏ ရေကဲ့သို့ ကြည်လင်နေသော မျက်လုံးများနှင့် ပန်းအိုးကို ငဲ့ကြည့်လိုက်သည်။ သူသည် ခေါင်းညိတ်ကာ ပြန်ဖြေလာခဲ့သည်။

"ကိုယ်တော် ဆရာဦးလေးဆီက ကြားဖူးတယ်၊ ဒီပန်းအိုးကို မြစိမ်းကြည်လင် ပန်းအိုးလို့ ခေါ်တယ်၊ ကျော်ပြားတဲ့ လက်နက်တစ်ခုပဲ... ဒီပန်းအိုးပျောက်သွားတာ ဆယ်စုနှစ်တွေ တော်တော် ကြာနေပြီ၊ ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် ပြန်ပေါ်လာတယ်၊ ဒီပန်းအိုးက သက်ရှိတွေ ထည့်သိမ်းလို့ရတဲ့ တစ်ခုတည်းသော ပစ္စည်းသိမ်းရတနာပဲ ဒါပေမယ့် အသိမ်းခံရတဲ့ သက်ရှိက မခုခံနိုင်ဘူး...ပြီးတော့ အထဲက နေရာကလည်း ကျဉ်းတယ်...ဒါကြောင့် သက်ရှိအများကြီးကို သိမ်းဖို့ မဖြစ်နိုင်ဘူး"

"ဒီလိုကိုး"

ကျန်းရီသည် ပန်းအိုးကို အနည်းငယ် စိတ်ပျက်စွာ ကြည့်လိုက်သည်။ အစက သူသည် ပန်းအိုးကို ရန်သူအား ထောင်ဖမ်းရာတွင် ထောင်ချောက်အဖြစ် သုံးနိုင်လောက်သည်ဟု ထင်နေခဲ့သော်လည်း ၎င်းမှာ အနည်းငယ် ထူးခြားသော ပစ္စည်းသိမ်း ရတနာလေးသာ ဖြစ်နေခဲ့သည်။ သို့သော် သက်ရှိ လူတစ်ယောက်ကို သိမ်းနိုင်သေးသည်ဖြစ်ရာ အသုံးဝင်သည်ဟု သတ်မှတ်နိုင်သည်။

ကျန်းရီသည် အာရုံစူးစိုက်လိုက်ပြီး မြေခွေးလေးအား ကြည့်လိုက် ပြန်လေသည်။ မြေခွေးလေးသည် ရုတ်တရက် မျက်လုံးလေးများ ပွင့်လာပြီး အော်လာလေသည်။

"ကျီ...ကျီ"

"မြေခွေးလေး နိုးလာပြီ"

ကျန်းရီသည် မသိလိုက်ခင်မှာပင် အတွေးဖြင့် မြေခွေးလေးအား အပြင်ထုတ်လိုက်မိရာ မြစိမ်း ကြည်လင်ပန်းအိုးမှာ အလင်းရောင်များ တောက်ပလာပြီး လေထဲတွင် မြေခွေးလေး ပေါ်ထွက် လာခဲ့သည်။ မြေခွေးလေး၏ မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နေပြီး အော်ငိုလိုက်ရာ သူ့ကိုယ်မှ ရနံ့တစ်မျိုး ထွက်ပေါ်လာခဲ့သည်။

"ရှောင်ဖေး...အလောတကြီး ဘာမှမလုပ်လိုက်နဲ့"

ကျန်းရီသည် ထိတ်လန့်တကြား အော်ဟစ် လိုက်ရသည်။ သူ့အနီးမှ လူတိုင်းနီးပါးသည် အားကောင်းသော စိတ်ဝိညာဉ် ရှိကြသည်။ မြေခွေးလေး၏ နတ်ဆိုး စွမ်းအားသည် သူတို့အပေါ် မသက်ရောက် နိုင်လောက်သော်လည်း အညှို့ခံလိုက်ရလျှင် ဒုက္ခများကုန်လိမ့်မည်။

"အရှင်လား"

မြေခွေးလေးသည် ကျန်းရီအား မြင်လိုက်သောအခါ ၎င်း၏ မျက်နှာသည် ပျော်ရွှင်မှုများ ဖုံးလွှမ်း သွားခဲ့သည်။ ၎င်း၏ ကျောက်မျက်နှယ် မျက်လုံးလေးများမှာ တဖျတ်ဖျတ် တောက်ပ နေတော့သည်။ မြေခွေးလေးသည် ကျန်းရီ၏ ပခုံးထက် ခုန်တက်လိုက်ပြီး မျက်လုံးလေးများမှ အဖြူရောင်အလင်း တောက်ပလာကာ စိတ်အာရုံနှင့် စကားပြောလာခဲ့သည်။

"အရှင်...ရှောင်ဖေးကို ကယ်လာတာ အရှင်လား"

ကျန်းရီသည် မြေခွေးလေး၏ ခေါင်းအား လက်ဖြင့် အသာပုတ်ကာ ပြုံးလိုက်သည်။

"ရှောင်ဖေး...မကြောက်နဲ့တော့၊ မင်းအခု ဘေးကင်းသွားပြီ၊ ငါမင်းကို မင်းအမေဆီ ခေါ်သွားပေးမယ်"

"ကျီ...ကျီ"

မြေခွေးလေးသည် အလွန်ပျော်ရွှင်သွားပြီး မျက်လုံးလေးများ ပိတ်သွားသည် အထိ ပြုံးနေလေသည်။ ကျန်းရီသည် သူမသိခဲ့သော ပထမဆုံးလူသား ဖြစ်သည်။ ကျန်းရီသည် သူမအား မသတ်ဘဲ လွှတ်ပေး လိုက်ချိန်တည်းက မြေခွေးလေးသည် ကျန်းရီအပေါ် ထင်မြင်ချက်ကောင်းများ ဖြစ်တည် သွားခဲ့သည်။ ထို့ကြောင့်ပင် ငွေလဝံပုလွေကြီးအား လက်ဆောင် ပြန်ပေးခဲ့သည်။ ဤတစ်ကြိမ်တွင် သူမကိုကယ်ခဲ့ရာ ကျန်းရီအား သူမ၏ မိတ်ဆွေအဖြစ် သတ်မှတ်လိုက်လေသည်။

အမြီးသုံးချောင်း မြေခွေးလေးသည် လူသားအသိဉာဏ်နှင့် နှိုင်းယှဉ်၍ရသော အသိစိတ်ကို ပိုင်ဆိုင်ထားသော်ငြား ၎င်းသည် ငယ်ရွယ်လွန်း၍ မိန်းကလေးငယ်လေး တစ်ယောက်၏ စိတ်မျိုး ဖြစ်နေလေသည်။ လူတစ်ယောက်က သူမအပေါ်ကောင်းလျှင် ထိုသူသည် သူမကိုကောင်းစွာ ဆက်ဆံသည်ဟု သတ်မှတ်၍ ထိုလူအား ယုံကြည်လိမ့်မည်။

မြေခွေးလေးသည် ကျန်းရီကို ဝိုင်းပတ်၍ ခုန်နေပြီး ထပ်မံစကားပြောလာပြန်သည်။

"အရှင်...ရှောင်ဖေး ဗိုက်ဆာတယ်၊ စားစရာရှိလား...ရှောင်ဖေး ဘာမှမစားရတာ တော်တော်ကြာနေပြီ"

"ရှိတာပေါ့"

ကျန်းရီသည် စိတ်မကောင်းစွာဖြင့် မြေခွေးလေး၏ ခေါင်းအား ပွတ်သပ် လိုက်သည်။ သူ့မျက်လုံးထဲတွင် မြေခွေးလေးသည် နတ်ဆိုးသားရဲတစ်ကောင် မဟုတ်တော့ဘဲ ချစ်စရာ ကလေးမလေး တစ်ယောက် ဖြစ်နေလေပြီ။ သူ၏ မီးဝိညာဉ်ပုလဲသည် တောက်ပလာခဲ့ပြီး မြေခွေးလေးစားရန် အသားခြောက်များနှင့် ရေတို့ ထွက်ပေါ်လာခဲ့သည်။

ဒီမြေခွေးလေးက ဘယ်လိုဖြစ်ပြီး ကျန်းရီနဲ့ ဒီလောက်ရင်းနှီးနေတာလဲ

လူတိုင်းသည် ကျန်းရီ မြေခွေးလေးအား ဖြည်းဖြည်းချင်း အစာကျွေးနေပြီး မြေခွေးလေး ပျော်ရွှင်စွာ စားသောက်နေသည်ကို မြင်သောအခါ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

နတ်ဆိုးသားရဲများနှင့် လူသားများသည် ရန်သူများအဖြစ် မွေးဖွားလာကြသည်။

တစ်ဖက်နှင့်တစ်ဖက် ထိပ်တိုက်တွေ့သည်နှင့် တစ်ဖက်မှ သေရသည်။ နတ်ဆိုးသားရဲ တစ်ကောင်အား ဝိညာဉ်သားရဲအဖြစ် ယဉ်ပါးအောင် လုပ်ထားခြင်း မရှိပါဘဲ နတ်ဆိုးသားရဲသည် လူသားအပေါ် ရင်းနှီးကျွမ်းဝင်ခြင်း ဘယ်သောအခါမှ မရှိခဲ့ပေ။ မြေခွေးလေးသည် အသိဉာဏ် မြင့်မား၍ ကျန်းရီသူမကို ကယ်ခဲ့မှန်း သိလျှင်တောင် ဤမျှ ရင်းရင်းနှီးနှီး မဆက်ဆံသင့်ပေ။

ကျန်းရီတော့ ကောင်းစားဦးမယ်...

လူတိုင်းသည် တူညီစွာ တွေးလိုက်မိကြသည်။ ကျန်းရီနှင့် မြေခွေးလေး၏ ဆက်ဆံရေးကို ကြည့်လျှင် ကျန်းရီတွင် နောက်ခံ ကြီးကြီးမားမား ရှိလာပြီဟု ပြောနိုင်လေသည်။ ကောင်းကင် ကြယ်တာရာ နယ်မြေတွင် အတော်ဆုံး သိုင်းသမား ဆယ်ယောက်ထဲမှ တစ်ယောက်ယောက် နောက်ဆုံး စမ်းသပ်မှုကို ကျော်ဖြတ်မသွားမချင်း နတ်ဆိုးဧကရီသည် အစွမ်းအထက်ဆုံးသူ ဖြစ်နေမည်သာ။ ကျန်းရီသည် မြေခွေးလေးနှင့် ဆက်ဆံရေး ကောင်းသည့်အပြင် မြေခွေးလေးကို ကယ်ခဲ့သော အချက်ကိုပါ ပေါင်းလျှင် နတ်ဆိုးဧကရီသည် သူ့ကို ကျေးဇူးဆပ်လိမ့်မည်။ အနာဂတ်တွင် ကျန်းရီ ဒုက္ခရောက်ပါကလည်း သူမကူညီပေလိမ့်မည်။

နယ်မြေအတွက် မျှော်လင့်ချက် ရှိလာပြီ...

ကျောင်းအုပ်ချီနှင့် ကျန်လူများသည် ကျန်နေသော ပြဿနာကို သတိရသွားကြသည်။ ကျန်းရီသည် မြေခွေးလေးနှင့် ဆက်ဆံရေးကောင်း၍ သူမနှင့် ဆက်သွယ် ပြောဆိုနိုင်လိမ့်မည်။ သူသည် သူမမှတစ်ဆင့် နတ်ဆိုးဧကရီထံ နတ်ဆိုးသားရဲ စစ်တပ်ကြီးအား ပြန်ရုတ်သိမ်းပေးရန် ပြောဆိုနိုင်သည်။ သူတို့ ဤကပ်ဘေးမှ လွတ်မြောက်နိုင်တော့မည်။

ကျောင်းအုပ်ချီသည် ကျန်းရီထံ စိတ်ဖြင့်ဆက်သွယ်၍ စကားနှစ်ခွန်း လှမ်းပြောပြီးနောက် အော်ဟစ် လိုက်သည်။

"အားလုံးပဲ အရှိန်ကိုမြှင့်ပြီး ကြယ်ကောင်းကင်မြို့ဆီ တတ်နိုင်သမျှ မြန်မြန်သွားကြရအောင်"

***

ကြယ်ကောင်းကင်မြို့သည် သေမင်းတံခါးဝတွင် ဖြစ်သည်။ ကင်းထောက်များ၏ သတင်းအရဆိုလျှင် နတ်ဆိုးသားရဲ စစ်တပ်သည် မြောက်ဘက်မန့်နိုင်ငံ နယ်စပ်သို့ ရောက်နေပြီ ဖြစ်ပြီး ကြယ်ကောင်းကင် မြို့သို့ လေးနာရီမှ ခြောက်နာရီအတွင်း ရောက်ရှိလာလိမ့်မည်။

ကြယ်ကောင်းကင်မြို့တွင် ထိတ်လန့်မှုများက ကြီးစိုးနေသည်။ ကြယ်ကောင်းကင် မြို့သူမြို့သားများသည် မြို့ထဲတွင် နှစ်ပေါင်း တစ်သောင်းကျော် ကြာအောင် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် နေထိုင်လာခဲ့ပြီး မြို့ကိုသာ သူတို့အိမ်အဖြစ် သတ်မှတ် ထားကြသည်။ သူတို့သည် မြို့ပြင်သို့ ထွက်၍ နိုင်ငံခြောက်ခုထံ သွားလာခြင်းမှာလည်း အလွန်ရှားသည်။

ကြယ်ကောင်းကင်မြို့သူမြို့သားများ၏ ရင်ထဲတွင် သူတို့ကိုယ်သူတို့ အင်ပါယာ၏ အဖွဲ့ဝင်များအဖြစ် သတ်မှတ် ထားကြသည်။ အင်ပါယာသည် အမည်ခံသာ ဖြစ်နေသော်လည်း သူတို့သည် ပိုမိုမြင့်မြတ်သည်ဟု ယုံကြည်ထားကြပြီး နိုင်ငံခြောက်ခုတွင် နေထိုင်လိုစိတ် မရှိကြပေ။ သူတို့သည် နိုင်ငံခြောက်ခုကို မုန်းတီးကြပြီး အင်ပါယာ ယခင်ကလို ပြန်လည်ထွန်းတောက်လာပြီး နယ်မြေကို ပြန်လည်အုပ်စိုးမည့်နေ့ရက်အား အမြဲမျှော်လင့် စောင့်စားနေကြသည်။

အင်ပါယာမင်းသား၊ မင်းသမီးများနှင့် ကုန်သွယ်ရေး အဖွဲ့အစည်းများ မြို့ကို စွန့်ခွာကြသည့်အခါ မြို့သူမြို့သားတို့၏ ရင်ထဲတွင် အကြောက်တရားတို့ ကြီးစိုး လာကြသည်။ သူတို့သည် ကြယ်ကောင်းကင်မြို့နှင့် အတူ သေဆုံးရန် ဆန္ဒရှိကြပါသော်လည်း သေခြင်းတရားနှင့် နီးကပ်လာသည့် အခါ လူသားတို့သဘာဝ အသက်ရှင် လိုစိတ်တို့ ဖြစ်တည်လာကြသည်။

အစက မြို့သူမြို့သားတို့သည် သူတို့၏ မျိုးဆက်သစ်များကိုသာ ကုန်သည်များ နောက်လိုက်၍ မြောက်ဘက်လျန် နိုင်ငံဆီ ရှောင်တိမ်းခိုင်းရန် ပြင်ဆင်ထားခဲ့ကြသည်။ တဖြည်းဖြည်းနှင့် သူတို့ပါ စတင် ရှောင်တိမ်း လာကြတော့သည်။ နောက်ဆုံးတွင် စစ်ဘေးရှောင်သော လူအုပ်ကြီးမှာ မြို့အရှေ့ဘက် ဂိတ်တံခါးမှ အလုံးအရင်းနှင့် ထွက်ကြခြင်းအဖြစ်သို့ ရောက်သွားခဲ့သည်။ တစ်ယောက်နှင့်တစ်ယောက် တွန်းတိုက်မိမှုကြောင့် သေကြေခြင်းများလည်း မဆုံးနိုင်အောင် ဖြစ်ပွားနေကြသည်။

"သွားကြ...အားလုံးသွား"

မင်းသမီးလင်းရွှယ်သည် အင်ပါယာနန်းတော်၏ အမြင့်ဆုံး အဆောက်အဦထက်တွင် ရပ်လျက်ရှိသည်။ သူမသည် နှစ်ပေါင်းတစ်သောင်းကျော်ကြာ တည်ရှိခဲ့သော မြို့ကြီးကို ငုံ့ကြည့်နေရင်း ဖော်ပြခြင်းငှာ မစွမ်းသာသော အထီးကျန်မှုကို ခံစားလိုက်ရသည်။

သူမသည် ငယ်ရွယ်စဉ်တည်းက ကြောက်စရာကောင်းအောင် ဉာဏ်ထက်မြက် ခဲ့သည်။ သူမသည် စိတ်ဝိညာဉ် ကျင့်ကြံရာတွင် လျင်မြန်စွာ တိုးတက်စေနိုင်သည့် ရှားပါးလှသော စိတ်ဝိညာဉ်ကိုပင် ပိုင်ဆိုင်ခဲ့သည်။ ယခုအချိန်တွင် သူမ၏စိတ်ဝိညာဉ်သည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ပဉ္စမအဆင့်နှင့်ပင် နှိုင်းယှဉ်၍ရနေပေပြီ။ သူမသည် ဆယ့်ခုနစ်အရွယ်သာ ရှိသေးပြီး မွေးရာပါ အရည်အချင်းများနှင့် ပြည့်စုံနေလေသည်။

နောက်ဆုံးသော ဧကရာဇ် ရှိစဉ်အခါက သူသည် မင်းသမီးလင်းရွှယ်မှာ မိန်းကလေး တစ်ယောက်သာ ဖြစ်သည့်အတွက် မချိတင်ကဲဖြစ်ခဲ့သည်။ မဟုတ်ပါက သူမသည် အင်ပါယာကို ပြန်လည် ထွန်းတောက်အောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု သူပြောခဲ့သည်။ ဧကရာဇ်သည် သူအိပ်ရာထဲ လဲသည့်အခါတွင် သူ့တွင်အချိန်အများကြီး မကျန်တော့သည်ကိုသိ၍ မင်းသမီး လင်းရွှယ်အား ကိုယ်စား အုပ်ချုပ်သူ အဖြစ်နှင့် အာဏာလွှဲအပ်ခဲ့သည်။ သူသည် မည်သူ့ကို အိမ်ရှေ့စံ ခန့်အပ်မည်ကို တွေးတောရင်းနှင့်ပင် ရုတ်တရက်ကြီး ကွယ်လွန်သွားခဲ့သည်။

ဧကရာဇ် ကွယ်လွန်သွားသည့်အခါ အင်ပါယာသည် ဦးဆောင်မည့်သူမရှိ ဖြစ်သွားခဲ့သည်။ မင်းသားများအားလုံးသည် စိတ်ဝမ်းကွဲ လာကြပြီး ထီးနန်းလိုချင်ကြသည့်အတွက် တစ်ဦးနှင့်တစ်ဦး လုပ်ကြံခြင်းများ ရှိလာခဲ့သည်။

နောက်ဆုံးတွင် မင်းသမီးလင်းရွှယ်သည် ဒေါသအတော်ထွက်သွားခဲ့သည်။ သူမသည် အစက မင်းသား တစ်ပါးပါးကို ထောက်ပံ့၍ ထီးနန်းတက်စေရန် စီစဉ်ထားခဲ့သည်။ တကယ်တမ်းတွင် သူမသည် သူတို့အား အိမ်တော်အတွင်း၌ပင် အကျယ်ချုပ် ထားရန် အမိန့်ချပစ်ခဲ့သည်။ သူမသည် အခွင့်အာဏာကို သိမ်း၍ ဧကရာဇ်သေဆုံးသွားသော သတင်းကို အပြင်သို့ မပေါက်ကြားရန် ဖုံးထားခဲ့သည်။

မိုးပြာနဂါးအင်ပါယာမှ မှူးမတ်အရာရှိများ၏ အမြင်တွင် မင်းသမီးလင်းရွှယ်သည် ရဲရင့်သည်၊ ပြတ်သားသည်၊ အမျိုးသမီး သူရဲကောင်းတစ်ဦး ဖြစ်နေခဲ့သည်။ ဤအချိန်များ အတွင်း မည်မျှပင်ပန်းကြောင်း၊ မည်မျှ နာကျင်ရကြောင်း၊ မည်မျှ အထီးကျန်ရကြောင်း သူမသာလျှင်သိခဲ့သည်။

"သွားကြ...အားလုံးပဲ သွားကြပါ"

သူမသည် အမြင့်တွင် ရပ်နေခဲ့သည်။ သူမ၏ ဆံနွယ်များနှင့် ဝတ်ရုံစမှာ လေထဲတွင် တဖျပ်ဖျပ် လွင့်နေခဲ့သည်။ သူမသည် အနောက်အရပ်သို့ မျှော်ကြည့်ရင်း ဆွတ်ပျံ့ ကြေကွဲဖွယ် ကောင်းသော အပြုံးကို ပြုံးကာ ရေရွတ်လိုက်သည်။

"ဖျက်ဆီးပစ်လိုက်စမ်းပါ...မိုးပြာနဂါးအင်ပါယာ တည်ရှိခဲ့တာ အရမ်းကိုကြာနေပြီ၊ ပျောက်ကွယ် သွားဖို့ အချိန်ရောက်ပြီ"

*****

All Chapters