← Chapters

အနိုင်ရခြင်း၏ ချိန်ခွင်လျှာ

Vol. 1 Ch. 269

အနိုင်ရခြင်း၏ ချိန်ခွင်လျှာ

Vol. 1 Ch. 269

"ဖုန်း...ဖုန်း...ဖုန်း"

ကြယ်ကောင်းကင်မြို့၏ အနောက်ဘက်တွင် မြေပြင်များ တုန်ခါလာခဲ့သည်။ နတ်ဆိုးသားရဲ စစ်တပ် ရောက်လာခဲ့ပေပြီ။ မြို့တံတိုင်းထက်တွင် စီတန်းနေကြသော စစ်သည်တို့မှာ နေမထိထိုင်မသာ ဖြစ်လာကြကာ အနောက်ဘက်သို့ မျှော်ကြည့်နေကြသည်။

ကြယ်ကောင်းကင်မြို့၏ အနောက်ဘက်သည် လွင်ပြင်များ ဖြစ်သည်။ ယခုအခါ မျဉ်းဖြောင့်အတိုင်း တရွေ့ရွေ့ ချည်းကပ်လာသော အနက်ရောင်အတန်းကြီးကို တမျှော်တခေါ် မြင်နေရလေသည်။ အနက်ရောင် အတန်းကြီးမှသည် အနက်ရောင်တိမ်များ အဖြစ် ပြောင်းလဲသွားသည့် အလား မိုးပျံသားရဲများသည် ကောင်းကင်ကို ဖုံးလွှမ်းလာခဲ့သည်။

မွန်းတည့်ချိန်ဖြစ်သော်လည်း နတ်ဆိုးသားရဲများကြောင့် ကောင်းကင်ယံသည် မည်းမှောင် နေခဲ့သည်။ နတ်ဆိုးသားရဲ အငွေ့အသက်တို့သည် မြို့ကို လွှမ်းခြုံလာခဲ့ပြီး မြို့ထဲမှ လူတို့သည် သေခြင်းတရား၏ အငွေ့အသက်ကို ခံစားမိလာကြသည်။

"ဝေါင်း...ဝေါင်း"

"ဝူး...ဝူး"

"ဂူး...ဂူး"

နတ်ဆိုးသားရဲများ၏ ဟိန်းဟောက်သံကြီးများသည် အစွမ်းအစမဲ့သော သာမန်ပြည်သားများကို ကြောက်လန့်တုန်လှုပ် သွားစေလေသည်။ အများစုသည် မျက်နှာများ ဖြူလျော်နေကြပြီး ထွက်ပြေး ချင်လာကြသည်။ နတ်ဆိုးသားရဲများသည် ဤမျှသော အမြန်နှုန်းနှင့် ချီတက်လာကြရာ သူတို့ ထွက်ပြေးလျှင်တောင် လွတ်မြောက်နိုင်မည် မဟုတ်ချေ။

"ဝှစ်"

နတ်ဆိုးသားရဲ စစ်တပ်ထဲတွင် ပန်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးသည် လေထဲတွင် အသာ လမ်းလျှောက် လာခဲ့သည်။ သူမသည် မည်သည့် အရှိန်အဝါကိုမှ ထုတ်လွှတ် မထားသလို မည်သည့်ခံစားချက်မှလည်း မျက်နှာထက်တွင် ရှိမနေခဲ့ပေ။ သူမထံတွင် မည့်သည့်အရှိန်အဝါမှ ရှိမနေခဲ့သော်လည်း သူမ၏ တည်ရှိမှုတစ်ခုတည်းကပင် မြို့တံတိုင်းပေါ်မှ အစောင့်များ အတွက် ဖိအားအကြီးကြီး ဖြစ်နေခဲ့လေသည်။

စုဖျင်ဖျင်းကို လက်ညှိုးတစ်ချက်ဖြင့် သတ်ခဲ့ခြင်း... နတ်ဆိုးဧကရီသည် သူမသည် ကြောက်စရာ အကောင်းဆုံး တည်ရှိမှုဟူသော ခံစားချက်ကို ပေးစွမ်းနေလေသည်။

"နတ်ဆိုးဧကရီ...ကျွန်မက မိုးပြာနဂါး အင်ပါယာရဲ့ ကိုယ်စားအုပ်ချုပ်သူ မင်းသမီးလင်းရွှယ်ပါ"

ဖီးနစ်ဝတ်စုံကို ဆင်မြန်းထားသော မင်းသမီးလင်းရွှယ်သည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံး အဆင့်များ ခြံရံလျက် မြို့တံတိုင်းထက် တည်ငြိမ်စွာ တက်လာခဲ့သည်။ သူမသည် မြို့တံတိုင်း၏ မြင့်မားလှသော စြင်္ကန်လမ်းထက်တွင် မတ်တတ် ရပ်လိုက်သည်။

သူမသည် အင်ပါယာ၏ အချုပ်အခြာ အာဏာကို ကိုယ်စားပြုသော တောင်ဝှေးငယ်ကို ကိုင်မြှောက် လိုက်ပြီး ကြည်လင်လှသော လေသံဖြင့် အော်ပြောလိုက်သည်။

"နတ်ဆိုးဧကရီ...ရှင့်သမီးလေးကို တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ ပြန်ပေးဆွဲသွားပြီး မိုးပြာနဂါးအင်ပါယာအပေါ် အပြစ်ပုံချ၊ ကြယ်ကောင်းကင်မြို့ကို နတ်ဆိုးသားရဲ စစ်တပ်သုံးပြီး ဖျက်ဆီးပစ်ဖို့ ကျန်နေမှန်း ရှင်လည်းသိမှာပါ...ကျွန်မရဲ့ နောက်လိုက်တွေက အခုသူ့ကို သွားကယ် နေကြတယ်၊ ကျွန်မကို အချိန်နည်းနည်းလောက်ပေးဖို့ မျှော်လင့်ပါတယ်"

နတ်ဆိုးဧကရီသည် နတ်ဆိုးသားရဲစစ်တပ်ကို လက်ဟန်ပြကာ မြို့မှ သုံးဆယ် ကီလိုမီတာအကွာတွင် ရပ်တန့် စေလိုက်သည်။ ထို့နောက် မင်းသမီးလင်းရွှယ်ကို ကြည့်ကာ ခံစားချက်မရှိသော မျက်နှာနှင့် ပြောလိုက်သည်။

"မင်းတို့ လူသားတွေရဲ့ ပရိယာယ်တွေကို ငါဂရုမစိုက်ဘူး၊ ငါက ငါ့သမီးလေးကို ရှာချင်ရုံပဲ... ငါ့သမီးကို အန္တရာယ်ပြုတဲ့သူ မှန်သမျှ သေရမယ်"

"တစ်ယောက်ယောက်က မင်းရဲ့မိုးပြာနဂါးအင်ပါယာကို ချောက်ချတယ်လို့ မင်းပြောတယ်၊ ဒါဆို သတ်သေပြလေ၊ ငါမင်းကိုကူညီပြီး အဲ့ဒီနိုင်ငံကို အမြစ်ဖြတ်ပေးမယ်... မင်းမှာ သက်သေမရှိရင် ပါးစပ်ပိတ်ပြီး နေလိုက်၊ ငါ့သမီးလေးကို လူတွေအများကြီး လိုက်ရှာနေတဲ့ကြားက ကြယ်ကောင်းကင်မြို့မှာ အကြာကြီး ရှိနေခဲ့တယ်၊ ဖြစ်နိုင်လို့လား... မင်းတို့ မိုးပြာနဂါး အင်ပါယာကလည်း ဒီကိစ္စမှာ သေချာပေါက် ပါဝင်နေတယ်၊ အခုချက်ချင်း မြို့ကနေ ထွက်ခွာရင် ထွက်ခွာ၊ မသွားရင်အကုန်သေရမယ်...တိုက်ခိုက်ကြ"

နတ်ဆိုးဧကရီက အမိန့်ပေးလိုက်လေလျှင် ဆယ့်ရှစ်ယောက်သော နတ်ဆိုးဘုရင်တို့သည် အလွန် ပြင်းထန်လှသော အရှိန်အဝါတို့ကို ထုတ်လွှတ်၍ မြို့ထံ ပြေးလာကြသည်။ မရေမတွက်နိုင်သော နတ်ဆိုးသားရဲများသည်လည်း နောက်မှလိုက်လာ၍ မြို့ထံ ပြေးဝင် လာကြတော့သည်။

"တိုက်ခိုက်ဖို့ ပြင်ဆင်ကြ"

မင်းသမီးလင်းရွှယ်သည် ကူကယ်ရာမဲ့စွာ ပင့်သက် ရှိုက်လိုက်သည်။ များစွာသော သိုင်းပညာရှင်များသည် စစ်သည်များအား ဦးဆောင်၍ မြို့တံတိုင်းထက်မှ ဆင်းသွား ကြသည်။

သူမသည် နတ်ဆိုးဧကရီ ဆိုလိုသည်ကို နားလည်လေသည်။ မိုးပြာနဂါးအင်ပါယာသည် မြေခွေးလေးကို ပြန်ပေးဆွဲရာတွင် ပါသည်မပါသည်ဖြစ်စေ ဖျက်ဆီးခံရမည်။ နတ်ဆိုးဧကရီသည် ကြယ်ကောင်းကင်မြို့ ပျက်စီးမှုကို သုံး၍ သူမ၏ ဒေါသကို ဖော်ပြလိုခြင်း ဖြစ်သည်။ သူမသမီးကို ထိဝံ့သူတိုင်း ပြန်လည် ပေးဆပ်ရမည်၊ လူသားများသည် သွေးသစ္စာကို ချိုးဖောက်ဝံ့ရာ သူမကလည်း နတ်ဆိုးသားရဲ မျိုးနွယ်၏ ဂုဏ်သိက္ခာအတွက် အစွမ်းကုန် တိုက်ခိုက်သွားလိမ့်မည်။

ရှောင်တိမ်းခြင်းလား

သာမန်ပြည်သူများသည် ရှောင်တိမ်း နိုင်ကြသော်လည်း လင်းရွှယ်၊ အရာရှိများနှင့် ကြယ်ကောင်းကင် မြို့မှ စစ်သည်များသည် ရှောင်တိမ်း၍ မရပေ။ သူတို့တွင် သွားစရာမြေ မရှိပေ။ ကြယ်ကောင်းကင်မြို့ မရှိလျှင် မိုးပြာနဂါး အင်ပါယာလည်း ပျက်စီး သွားလိမ့်မည်။ အင်ပါယာ အဖွဲ့အစည်း မရှိပါက သူတို့သည် အမြစ်မရှိသော ရေမှော်ပင်များသာ။ မည်သည့် လက်အောက်ခံ နိုင်ငံကမှ သူတို့အား ကူညီ၍ သေမင်းတံခါးဝမှ လွတ်မြောက်ခွင့် ပြုမည်မဟုတ်ချေ။ ထို့ကြောင့် သူတို့သည် တိုက်ခိုက်ရင်းဖြင့်သာ သေဆုံးရပေမည်။

"ဝှစ်...ဝှစ်...ဝှစ်"

ပုံရိပ်များစွာသည် အင်ပါယာနန်းတော်ထဲမှ ပျံသန်း လာခဲ့ကြသည်။ သူတို့သည် အနက်ရောင် ချပ်ဝတ်များ၊ အနက်ရောင် ခေါင်းဆောင်းတို့ကို ဆင်မြန်းထားပြီး အနက်ရောင် ဆေဘာဓားများကို ကိုင်ဆောင် ထားကြသည်။ ဆေဘာဓားများသည် အေးစက်သည့် အငွေ့အသက်တို့ ထုတ်လွှတ်နေပြီး ကောင်းကင်အဆင့် လက်နက်များဖြစ်ကြောင်း သက်သေပြလို့ နေသည်။

အရေးအကြီးဆုံးမှာ အဆုံးမသတ်နိုင်သော လူများအားလုံးသည် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် ပထမအဆင့်နှင့် အထက်တွင် ရှိနေလေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် လူထောင်ချီ၍ ထွက်ပေါ်လာသည် ဖြစ်ရာ နိုင်ငံခြောက်ခုမှ သူလျှိုများ ထိတ်လန့် ကုန်ကြလေသည်။

မိုးပြာနဂါး အင်ပါယာ၏ ဝှက်ဖဲသည် သေရေးရှင်ရေး အခြေအနေတွင် အသုံးပြုလိုက် ရလေသည်။ နှစ်ပေါင်း တစ်သောင်းကျော်ကြာ ပြန်လည် ထူထောင်ခြင်းရင်း အဖွဲ့ဝင်သစ်များ စုစည်းခြင်းကာ ပျိုးထောင်ထားပြီးနောက် သူတို့သည် နတ်ဆိုးသားရဲ စစ်တပ်၏ ဖိအားပေးမှုကြောင့် ဝှက်ဖဲကို ထုတ်သုံးလိုက်ရသည်။

"နတ်ဆိုးဧကရီ...ဒီအဘိုးကြီးနဲ့ လာတိုက်လှည့်"

ရုတ်တရက် အားမာန်အပြည့်ပါလှသော အသံကြီးသည် ဟိန်း၍ ပေါ်ထွက်လာခဲ့သည်။ အသံသည် အိုမင်းနေဟန် ရပြီး မကျယ်လွန်းသော်လည်း နဝမမြောက်ကောင်းကင်ဘုံမှ ကျဆင်းလာသည့် အသံအလား လူတိုင်း၏ နားတွင်ပဲ့တင်ထပ်သွားခဲ့သည်။

"နောက်ဆုံးတော့ ဘိုးဘေးကြီး တံခါးပိတ်ကျင့်ကြံရာကနေ ပြန်ထွက်လာခဲ့ပြီပဲ"

မင်းသမီးလင်းရွှယ်၏ မျက်လုံးများ တလက်လက် တောက်ပလာခဲ့သည်။ သူမကို စောင့်ကြပ် နေကြသူများသည်လည်း ဝမ်းသာပျော်ရွှင် သွားခဲ့ကြသည်။

မိုးပြာနဂါးအင်ပါယာရဲ့ အစောင့်အရှောက်က မသေသေးတာလား...

ထိုလူကြီးသည် ဗာဂျရာအဆင့် အမြင့်ဆုံးတွင် နှစ်ပေါင်းတစ်ရာကျော် နေထိုင်ခဲ့ပြီး သိုင်းသမားများထဲတွင် စွမ်းအားအကြီးဆုံး ဖြစ်သည်။ သူနှစ်ပေါင်း တစ်ရာကျော် ကွယ်ပျောက် သွားပြီးနောက် လူတိုင်းသည် သူသေသွားပြီဟုသာ ယူဆခဲ့ကြသည်။ မဟုတ်ပါက ရွှေယို့လန်သည် စွမ်းအား အကြီးဆုံးသူ ဖြစ်လာမည် မဟုတ်ချေ။

"ဝှစ်"

နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးကြီးတစ်ဦး နန်းတော်ထဲမှ ထွက်လာခဲ့သည်။ သူ၏ အရှိန်အဝါသည် နေနှင့်လပမာ ကြယ်ကောင်းကင်မြို့ တစ်မြို့လုံးကို လွှမ်းခြုံသွားခဲ့ပြီး မည်သူမှသူ့အား စေ့စေ့မကြည့်ရဲကြချေ။ သူ့ကိုယ်မှ အဝါရောင်အလင်းများ တောက်ပလာခဲ့ပြီး မျက်စိကျိန်း မတတ်သော အရှိန်အဝါများနှင့် လေထဲသို့ ပျံတက်လာခဲ့သည်။

"ဟမ့်"

နတ်ဆိုးဧကရီသည် နှာတစ်ချက်မှုတ်လိုက်ပြီး အင်္ကျီလက်စကို ခါယမ်းကာ လေပေါ် ခုန်တက်လာခဲ့သည်။ မကြာခင်တွင် သူတို့နှစ်ယောက်သည် အစက်လေးများသာ မြင်ရသည့် အမြင့်သို့ ရောက်ရှိ သွားခဲ့သည်။

"အားလုံး တိုက်ခိုက်ကြ"

မင်းသမီးလင်းရွှယ်သည် သူမလက်ထဲမှ တောင်ဝှေးငယ်ကို ကိုင်မြှောက်ကာ အော်ဟစ် လိုက်သည်။ သူမရင်ထဲတွင် မိုးပြာနဂါးအင်ပါယာမှ ဘိုးဘေးကြီးသည် နတ်ဘုရားတစ်ပါးသာ ဖြစ်သည်။ သူရောက်လာလျှင် နတ်ဆိုးဧကရီကို မသတ်နိုင်လျှင်တောင် ဒဏ်ရာအပြင်းအထန် ရသွားစေနိုင်သည်။ အနည်းဆုံးတော့ သူသည် နတ်ဆိုးဧကရီနှင့် လက်ရည်တူ တိုက်ခိုက်နိုင်လိမ့်မည်။ သူသည် ဗာဂျရာအဆင့် အမြင့်ဆုံးတွင် နှစ်ပေါင်းတစ်ရာကျော် ကျင်လည်ခဲ့ပြီး ပြိုင်ဘက်ကင်းသူ ဖြစ်သည်။ ဤကဲ့သို့ သေရေးရှင်ရေး အခြေအနေတွင် သူရောက်လာခဲ့ရာ နောက်ဆုံးသော အတားအဆီးကို ကျော်ဖြတ်၍ ကောင်းကင် ဧကရာဇ်အဆင့် ရောက်သွားခဲ့ခြင်း ဖြစ်နိုင်လေသည်။

"ကောင်းကင်ဧကရာဇ်..."

ထိုအကြောင်းကို တွေးမိရုံနှင့်ပင် မင်းသမီးလင်းရွှယ်သည် ပျော်ရွှင်လာခဲ့သည်။ သူကောင်းကင် ဧကရာဇ် ဖြစ်နေခဲ့လျှင် မိုးပြာနဂါး အင်ပါယာသည် လက်အောက်ခံ နိုင်ငံခြောက်ခုကို သိမ်းပိုက်ပြီး နယ်မြေကို ပြန်လည်အုပ်စိုးကာ ယခင်က အခြေအနေ ပြန်ရောက်သွားနိုင်သည်။

"သတ်"

စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များသည် တိုက်ပွဲဝင်လိုစိတ်များ ပြင်းထန်လာပြီး နတ်ဆိုး သားရဲအုပ်ထံ ပြေးဝင်သွားကြသည်။ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့်များကမူ နတ်ဆိုးဘုရင် ဆယ့်ရှစ်ယောက်ကို ရင်ဆိုင်လိုက်ကြသည်။

စတုတ္ထအဆင့် နတ်ဆိုးဘုရင်များသည် ဗာဂျရာအဆင့်နှင့် နှိုင်းယှဉ်၍ ရသော်လည်း နတ်ဆိုးသားရဲသည် သားရဲများသာ ဖြစ်လေသည်။ သူတို့သည် နတ်ဆိုးစွမ်းအားသာ အသုံးပြုနိုင်ပြီး လူသားများကဲ့သို့ အထူးပြု စွမ်းအားများနှင့် လက်နက်ရတနာများကို အသုံးပြုနိုင်စွမ်း မရှိပေ။ မိုးပြာနဂါး အင်ပါယာတွင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် ရာဂဏန်းရှိ၍ ပဉ္စမအဆင့်နှင့် အထက်မှာ ထောင်ဂဏန်းရှိသည်။ ဘိုးဘေးကြီးကသာ နတ်ဆိုးဧကရီကို ခုခံနိုင်လျှင် သူတို့ဘက်မှ နတ်ဆိုးသားရဲများအား ဖိနှိပ်နိုင်မည်သာ။

အင်ပါယာတွင် စစ်သည်များစွာ ရှိသည့်အပြင် လူတိုင်းသည် ကောင်းကင် အဆင့် လက်နက်များကို ကိုင်စွဲထားကြသည်။ မိုးပြာနဂါး အင်ပါယာသည် အခြေခံ အုတ်မြစ်နက်ရှိုင်းလှပြီး ရတနာပေါင်းများစွာ ပိုင်ဆိုင်ထားသည်။ နတ်ဆိုးဘုရင် ဆယ့်ရှစ်ယောက်သည် ခုခံထားနိုင်သော်လည်း ကျန်ဒုတိယအဆင့်၊ တတိယအဆင့် နတ်ဆိုးသားရဲများလည်း အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံနေရလေသည်။ ကောင်းကင်အဆင့် လက်နက်များ ကိုင်ဆောင်ထားကြသော စိတ်ဝိညာဉ်မျောလွင့် ခရီးသည် သတ္တမအဆင့်၊ အဋ္ဌမ အဆင့်များသည် တတိယအဆင့် နတ်ဆိုးသားရဲများကိုပင် အသာစီးမှ သတ်နိုင်နေသည် ဖြစ်ရာ ဒုတိယအဆင့် နတ်ဆိုးသားရဲများဆိုလျှင် စက္ကန့်ပိုင်းအတွင်း အသတ်ခံ နေရသည်။

"ဗုန်း...ဗုန်း...ဗုန်း"

ကောင်းကင်ယံထက်တွင် ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာခဲ့သည်။ ခြောက်ခြားဖွယ် အရှိန်အဝါတို့သည် ကောင်းကင်ယံထက်မှ ထွက်ပေါ်နေခဲ့သည်။ ကောင်းကင်ယံသည် ပြိုကျတော့ မတတ် စုတ်ဖြဲခံနေရပြီး သာမန်ပြည်သူတို့မှာ ဖိအားဒဏ်ကို ခံစားနေရလေသည်။

အနိုင်ရခြင်း ချိန်ခွင်လျှာသည် မိုးပြာနဂါးအင်ပါယာဘက် အလေးသာလာခဲ့သည်။

မြို့တံတိုင်းထက်တွင် ရပ်နေသော မင်းသမီးလင်းရွှယ်၏ ပြိုင်ဘက်ကင်းအောင် လှပသည့် မျက်နှာထက်တွင် ပျော်ရွှင်သည့် အငွေ့အသက်များ ထင်ဟပ်နေခဲ့သည်။ ကြည့်ရသည်မှာ ဘိုးဘေးကြီးသည် နတ်ဆိုးဧကရီနှင့် လက်ရည်တူ တိုက်ခိုက်နိုင်ပုံရသည်။ အချိန်အနည်းငယ် တောင့်ခံလိုက်သည်နှင့် သူမတို့သည် နတ်ဆိုးဘုရင် ဆယ့်ရှစ်ယောက်ကို သတ်ဖြတ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိလာခဲ့သည်။

*****

All Chapters