နယ်မြေကို သွေးနဲ့ဆေးပစ်မယ်
Vol. 1 Ch. 270
ကြယ်ကောင်းကင်မြို့ အပြင်ဘက်ရှိ လေထုသည် အလွန်လေးလံ နေခဲ့သည်။ ကောင်းကင်တွင်ရော မြေပြင်တွင်ပါ သန်းပေါင်းများစွာသော နတ်ဆိုးသားရဲများဖြင့် ပြည့်နေခဲ့သည်။ လူသားများဘက်တွင် အရေအတွက် သိပ်မများဘဲ အားလုံးနီးပါးမှာ ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံး အဆင့်များ ဖြစ်ကြသည်။ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်မှာ အယောက် တစ်သောင်းခန့်ရှိပြီး ပဉ္စမအဆင့်နှင့် အထက်မှာ ငါးထောင်ခန့်ရှိ၍ အမြင့်ဆုံးအဆင့်မှာ သုံးရာခန့် ရှိလေသည်။
"ဝေါင်း...ဝေါင်း"
စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံး အဆင့်များသည် အဖွဲ့ကိုယ်စီခွဲ၍ နတ်ဆိုးဘုရင်များကို သတ်ရန် ကြိုးစား နေကြသည်။ အတွင်းအား တိုက်ခိုက်မှုများသည် နတ်ဆိုးဘုရင်များအပေါ် သက်ရောက်မှုသိပ်မရှိသောကြောင့် သူတို့ အသုံးမပြုကြပေ။
သူတို့သည် လက်တွင်းမှ ကောင်းကင်အဆင့် လက်နက်များကိုသာသုံး၍ တိုက်ခိုက်လိုက်၊ ရှောင်တိမ်းလိုက် ပြုနေကြသည်။ သူတို့သည် ဘက်ပေါင်းစုံမှ သိုင်းကွက်အမျိုးမျိုးဖြင့် ဝန်းရံ တိုက်ခိုက် နေကြသည်။ နတ်ဆိုးဘုရင်များသည် ဒေါသတကြီးဖြစ်လာကြပြီး ချောက်ချားဖွယ်ကောင်းအောင် အော်ဟစ်နေကြသည်။
ဦးခေါင်းငါးခုပါသော မြွေကြီးသည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များစွာ၏ ဝိုင်းဝန်း တိုက်ခိုက်မှုကြောင့် ဒေါသအမျက် ချောင်းချောင်းထွက်နေခဲ့သည်။ ၎င်းသည် မာကျောလှသော အမြီးကြီးဖြင့် အဆက်မပြတ် လွှဲရိုက်နေရာ နောက်တွင် သုံးမီတာကျယ်၍ မီတာနှစ်ဆယ်ကျော် နက်သော တွင်းကြီးများ ဖြစ်ပေါ်လာခဲ့သည်။
၎င်း၏ ဦးခေါင်းငါးခုမှလည်း ပါးစပ်ကြီးများကို ဖြဲကာ မီးတောက်များ ဆက်တိုက် မှုတ်ထုတ် နေလေသည်။ လူသားတစ်ယောက်သည် ထိုမီးတောက်များနှင့် မတော်တဆ ထိတွေ့မိသွားပါက ထိုလူသည် ချက်ချင်း ပြာအတိကျသွားလိမ့်မည်။
နှမြောဖို့ကောင်းသည်မှာ ၎င်း၏ ကိုယ်ကြီးသည် အင်မတန် ရှည်လျားလွန်းနေခြင်း ဖြစ်သည်။ ဘေးပတ်လည်တွင် နတ်ဆိုးသားရဲများစွာ ရှိနေလေရာ ၎င်းသည် လှုပ်ရှားရန် ခက်ခဲနေခဲ့သည်။ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အမြင့်ဆုံး အဆင့်များသည် အလွန် လျင်မြန်လှသည်။ သူတို့၏ သေးငယ်သော ခန္ဓာကိုယ်များကြောင့် ရုတ်တရက် အလစ် ဝင်တိုက်နိုင်သည်။ မြွေကြီးအား တိုက်ခိုက်မှုများ မထိလျှင်တောင် တိုက်ခိုက်ပြီးသည်နှင့် ချက်ချင်း ပြန်ဆုတ်လိုက်နိုင်သည်။ ဦးခေါင်းငါးလုံး မြွေကြီးသည် တစ်ဖက်ကို အာရုံရောက်နေလျှင် ကျန်တစ်ဖက်မှ လူများက အလစ်တိုက်၍ ပြန်ဆုတ် ကြလိမ့်မည်။ နတ်ဆိုးဘုရင်များ၏ ခုခံနိုင်စွမ်းသည် အတော်လေး မြင့်မားသည်။ ကောင်းကင်အဆင့် လက်နက်များသာ မရှိပါက သူတို့အား ထိခိုက်အောင် လုပ်နိုင်ရန် မလွယ်ပေ။
လူသားများသည် ဆက်တိုက် တိုက်ခိုက်နေကြပြီး ဦးခေါင်းငါးလုံး မြွေကြီး၏ ကိုယ်ကြီးထက်တွင် ဒဏ်ရာဒဏ်ချက်များ တစ်ခုပြီးတစ်ခု ဖြစ်တည် လာခဲ့သည်။ ဤအတိုင်းသာ ဆက်လက် တိုက်ခိုက်နေပါက ၎င်းသည် ညှဉ်ပန်းနှိပ်စက် ခံရရင်း သေသွားပေတော့မည်။
ကျန်နတ်ဆိုး သားရဲများသည်လည်း အခြေအနေ မကောင်းကြပေ။ သူတို့ နတ်ဆိုး စွမ်းအားများအား သုံးလိုက်ချိန်တိုင်းတွင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံး တစ်ယောက်စ၊ နှစ်ယောက်စ သေဆုံး သွားရသော်လည်း မိုးပြာနဂါးအင်ပါယာမှ လူအရေအတွက်သည် များပြား လွန်းနေသည်ဟု ဆိုနိုင်သည်။ လက်အောက်ခံ နိုင်ငံခြောက်ခု၏ စစ်သည် အရေအတွက်ထက်ပင် များသေးသည်။ ထိုအကြောင်းအရင်းကြောင့်ပင် လက်အောက်ခံ နိုင်ငံခြောက်ခုသည် မိုးပြာနဂါး အင်ပါယာကို အမြစ်ပြတ် မချေမှုန်းရဲခြင်း ဖြစ်သည်။
နတ်ဆိုးဘုရင် ဆယ့်ရှစ်ကောင်ကို ထိန်းထားနိုင်သော် ကျန်သည်မှာ တတိယအဆင့်၊ ဒုတိယအဆင့် နတ်ဆိုးသားရဲများသာ ဖြစ်သည်။ ၎င်းတို့သည် မဆုံးနိုင်အောင် ရှိနေကြသော်လည်း ခြိမ်းခြောက်မှုကြီး မဟုတ်ပေ။ လူတစ်ယောက် သေဆုံးသွားတိုင်း ၎င်းတို့ဘက်မှ ဆယ်ဂဏန်းနှင့် သေဆုံးနေကြသည်။ ဤအတိုင်းသာ ဆက်ဖြစ်နေလျှင် မိုးပြာနဂါးအင်ပါယာသည် ဆုံးရှုံးမှု ကြီးမားမည် ဖြစ်သော်လည်း အနိုင်သည် သူတို့ဘက်တွင် ရှိနေလေသည်။
"ဟုတ်ပြီ"
မင်းသမီးလင်းရွှယ်သည် မူလက စိတ်ပျက်အားငယ် နေသော်လည်း ဘိုးဘေးကြီး ပေါ်ထွက်လာသည်နှင့် အခြေအနေတစ်ခုလုံး ပြောင်းပြန် ဖြစ်သွားသောကြောင့် ပျော်ရွှင်လာခဲ့သည်။
တိုက်ပွဲသည် အင်ပါယာ၏ တည်ရှိမှုနှင့် သက်ဆိုင်နေခဲ့သည်။ သူတို့နိုင်လျှင် အင်ပါယာသည် ဆက်လက်တည်ရှိမည်ဖြစ်ပြီး လက်အောက်ခံ နိုင်ငံခြောက်ခုကို အလျင်အမြန် ပြန်လည်သိမ်းပိုက်ကာ နယ်မြေကို နောက်တစ်ကြိမ် ပြန်လည်ကြီးစိုး နိုင်လိမ့်မည်။ ရှားနိုင်ငံနှင့် ကျင်းရှန်နိုင်ငံသည် နတ်ဆိုးသားရဲ စစ်တပ်ကြောင့် အတော်ကြီး အထိ နာသွားခဲ့သည်။ သူတို့သည် အားနည်းနေပြီ ဖြစ်ရာ ထိုနှစ်ငံကို ပြန်လည်သိမ်းပိုက်ရန် အချိန်ကောင်း ဖြစ်သည်။
"ဗုန်း...ဗုန်း...ဗုန်း"
ကောင်းကင်ထက်မှ ကျယ်လောင်လှသော တိုက်ခိုက်သံများသည် အတွေးထဲ နစ်နေသော မင်းသမီးလင်းရွှယ်အား လက်ရှိအချိန်သို့ ပြန်လည်ဆွဲခေါ်လာခဲ့သည်။ သူမ၏ ရှည်လျားသေးသွယ်သော မျက်ခုံးတန်းလေး နှစ်ဖက်သည် အနည်းငယ်ကျုံ့သွားခဲ့ပြီး မျက်နှာထက်တွင် စိုးရိမ်ဟန် တစ်စွန်းတစ်စ ထွက်ပေါ်လာခဲ့သည်။ သူမသည် ကျိတ်၍ ဆုတောင်းလိုက်သည်။
"ဘိုးဘိုးကြီး...မရှုံးလိုက်ပါနဲ့"
"ဝှစ်"
ရုတ်တရက် ပုံရိပ်တစ်ခုသည် ကောင်းကင်ယံမှ ဆင်းသက် လာခဲ့သည်။
မင်းသမီးလင်းရွှယ်နှင့် မြို့ထဲမှလူများသည် ထိုသူအား မြင်လိုက်သောအခါ ချက်ချင်း ပျော်ရွှင် သွားကြသည်။ ဆင်းသက်လာသူမှာ ဘိုးဘေးကြီးဖြစ်သည်။ ဘိုးဘေးကြီး ပြန်ရောက် လာခဲ့သော်လည်း နောက်တွင် နတ်ဆိုးဧကရီ မပါလာခဲ့ပေ။ နတ်ဆိုးဧကရီကို သူသတ်ခဲ့လိုက်သည်လော။
"ဖူး..."
သို့သော် ဘိုးဘေးကြီးသည် ရုတ်တရက် သွေးများ အန်ထုတ် လိုက်သည်။ သူ၏ ဆင်းသက်မှုသည်လည်း ဟန်ချက်ပျက်သွားပြီး နန်းတော်ထက် ကျဆင်းသွားခဲ့သည်။
"ဘိုးဘိုးကြီး "
မင်းသမီးလင်းရွှယ်၏ တည်ငြိမ်လှသော အမူအရာ ပျောက်ကွယ်သွားပြီး အလန့်တကြား အော်ဟစ်လိုက်မိသည်။ သူမသည် ချက်ချင်း လူများစွာကို နန်းတော်ရှိရာ စေလွှတ်လိုက်သည်။ သူမ၏ မျက်လုံးများ ကောင်းကင်ထက် မော့ကြည့်မိလိုက်သော အခါ နဝမမြောက် ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် နတ်သမီးနှယ် လှပတင့်တယ်နေသော အမျိုးသမီးကို မြင်လိုက်ရလေသည်။ မင်းသမီးလင်းရွှယ်၏ မျက်ဝန်းများတွင် အဆုံးမရှိသော စိတ်ပျက်အားငယ်မှုများ ဖွဲ့တည်လာခဲ့သည်။
မိုးပြာနဂါးအင်ပါယာမှ ဘိုးဘေးကြီး ရှုံးသွားခဲ့လေပြီ။ အပြတ်အသတ် ရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်သည်။ သူသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်တည်းက ပြိုင်ဘက်ကင်းသူ ဖြစ်ခဲ့သော်လည်း နတ်ဆိုးမျိုးနွယ်၏ ဧကရီကို အနိုင်မယူနိုင်ခဲ့ပေ။
ဘိုးဘေးကြီး ရှုံးနိမ့်သွားပြီဖြစ်ရာ မိုးပြာနဂါးအင်ပါယာ ရှုံးသွားသည်ဟု ဆိုနိုင်သည်။ နတ်ဆိုးဧကရီသည် ပြိုင်ဘက်ကင်းလှ၍ စစ်သည် တစ်သန်းအား လက်တစ်ဖက်မျှနှင့် ဖျက်ဆီးပစ်နိုင်သည်။
"ဟမ့်"
မျှော်လင့်ထားသည့် အတိုင်း နတ်ဆိုးဧကရီသည် အောက်မှ အခြေအနေများကို မြင်လိုက်ရသည့် အခါ ဆွဲဆောင်မှုရှိသော မျက်နှာထက်တွင် အေးစက်စက် အငွေ့အသက်များ ပေါ်ထွက်လာခဲ့သည်။ သူမ၏ ကိုယ်မှ အဖြူရောင်အလင်းများ တောက်ပလာခဲ့ပြီး လှပသော မြေခွေးဖြူလေးအဖြစ် ပြောင်းလဲသွားခဲ့သည်။
သူမ၏ နောက်တွင် အမြီးငါးချောင်းမှာ ယိမ်းနွဲ့နေခဲ့သည်။ သူမ မြေခွေးအဖြစ် ပြောင်းလဲသွားသည့် ခဏတွင် သူမ၏ ကိုယ်မှ ထူးဆန်းလှသော ရနံ့တစ်မျိုး ထွက်ပေါ်လာခဲ့ပြီး အောက်မှလူများထံ ပျံ့နှံ့လာခဲ့သည်။
"မြေခွေးရနံ့... ညှို့ယူတဲ့စွမ်းအား၊ ကျွန်မတို့ အဆုံးသတ်ပြီ..."
မင်းသမီးလင်းရွှယ်သည် မြို့ပြင်ဘက်တွင် တိုက်ခိုက်နေသူများ ရပ်တန့် သွားသည်ကို မြင်လိုက်ရသည်။ သူတို့နည်းတူ မြို့တံတိုင်းထက်မှ လူများမှာလည်း သွေးရောင်များ ပျောက်ကွယ် ကုန်ကြသည်။
တစ်ချိန်က အမြီးသုံးချောင်း မြေခွေးတစ်ကောင်သည် ကျင်းရှန်နိုင်ငံမှ မြို့တစ်မြို့ကို ကိုယ်တိုင် တစ်ကောင်တည်းနှင့် ဖျက်ဆီး ခဲ့သည်ဟူသော သမိုင်းသည် မြေခွေးရနံ့၏ စွမ်းအားကို သက်သေ ပြနေလေသည်။ ယခု အမြီးငါးချောင်းမြေခွေး နတ်ဆိုးဧကရီသည် မြေခွေးရနံ့ကို ကိုယ်တိုင် ထုတ်လွှတ်ခဲ့သည်။ မည်သည့် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်က ထိုသည်ကို အံတု နိုင်ပါမည်နည်း။
"ကျွန်မတို့ အဆုံးသတ်ပြီ၊ ခမည်းတော်...ခမည်းတော်ရဲ့သမီး ခမည်းတော်နဲ့ တွေ့ရတော့မယ်"
မင်းသမီးလင်းရွှယ်သည် စိတ်ဝိညာဉ်ကို ကျင့်ကြံ၍ သူမ၏စိတ်ဝိညာဉ်မှာ အတော်လေး သန်မာလေသည်။ သူမ၏ မျက်ဝန်းများသည် ဗလာဖြစ်သွားပြီး စိတ်လွတ်လုနီးပါး ဖြစ်လာခဲ့သည်။
"ချူး...ချူး"
ထိုခဏတွင် ကောင်းကင်ထက်မှ လေတိုးသံနှင့်အတူ ငှက်အော်သံကြီး ထွက်ပေါ်လာခဲ့သည်။ မင်းသမီးလင်းရွှယ်၏ ကိုယ်သည် ဆတ်ခနဲဖြစ်သွားပြီး သတိပြန်ဝင် လာခဲ့သည်။ သူမ၏ ဖြူဖျော့နေသော မျက်နှာသည် သွေးရောင် ပြန်လွှမ်းလာခဲ့သည်။
"နေပါဦး...နတ်ဆိုးဧကရီ...ခင်ဗျားရဲ့သမီးကို ကျွန်တော် ပြန်ကယ်လာခဲ့ပြီ"
အရှေ့အရပ်မှ ငှက်ကြီးသုံးကောင်သည် လျင်မြန်စွာ ပျံသန်းလာခဲ့သည်။ ကျောင်းအုပ်ချီတို့ လူစုသည် နတ်ဆိုးဧကရီ တစ်ခုခု လုပ်လိုက်မည်စိုး၍ ဇွတ်အတင်း ဝင်မလာရဲပေ။
ကျန်းရီသည် နဂါးလင်းယုန်ကြီးကို တစ်ယောက်တည်း စီးနင်း၍ မြေခွေးလေးကို လက်ထဲတွင် သယ်ဆောင်လာခဲ့သည်။ မြေခွေးလေးသည် အလွန်ပျော်ရွှင်နေဟန်ရပြီး အမြီးငါးချောင်းမြေခွေးအား တကျီကျီနှင့် အော်ခေါ်နေလေသည်။
အဖြူရောင်တစ်ချက် လင်းလက်သွားခဲ့ပြီး အမြီးငါးချောင်း မြေခွေးသည် လှပသော အမျိုးသမီးအဖြစ် ပြန်ပြောင်းသွားခဲ့သည်။ သူမ၏ ခံစားချက်မရှိသော မျက်နှာသည် ဝမ်းနည်းမှုများ ပြည့်လာပြီး အော်ခေါ်လာလေသည်။
"ရှောင်ဖေး"
"ကျီ...ကျီ"
မြေခွေးလေး၏ ကျောက်မျက်များနှယ် မျက်ဝန်းလေးများမှာ မျက်ရည်များ ဝေ့သီနေပြီး အလွန်သနားစဖွယ် အမူအရာလေး ဖြစ်နေလေသည်။ ကျန်းရီ နတ်ဆိုးဧကရီအနီး မရောက်ခင်ကပင် ၎င်းသည် ကျန်းရီ၏ လက်များထဲမှ ခုန်ဆင်းကာ နတ်ဆိုးဧကရီ၏ ရင်ခွင်ထက် ခုန်တက်လိုက်ပြီး မရပ်မနား အော်ငိုတော့သည်။
"ရှောင်ဖေး...မင်းကို ခက်ခဲစေမိပြီ"
နတ်ဆိုးဧကရီ၏ အသံသည် ခံစားချက်မျိုးစုံနှင့် ဖုံးလွှမ်းနေပြီး မြေခွေးလေးအား လက်ဖြင့် ပွတ်သပ် ချော့မြူနေလေသည်။
"ဟူး..."
ကျန်းရီသည် လူများစွာ သတိပြန်လည်လာကြပြီး ကြယ်ကောင်းကင်မြို့တွင်း ပြန်လည် ဆုတ်ခွာနေသည်ကို မြင်မှ သက်ပြင်းချနိုင်သည်။ သူသည် ကြယ်ကောင်းကင်မြို့ တောင်ခံထားနိုင်၍ ပြည်သူများ အသတ် မခံရသေးကြောင်းတွေ့မှ စိတ်အေသွားခဲ့သည်။ သူသာ အနည်းငယ် ပိုနောက်ကျ သွားပါလျှင် မြို့တစ်မြို့လုံး အညှို့ခံရပြီး သက်မဲ့မြို့ကြီး ဖြစ်သွားလိမ့်မည်။
သူသည် အောက်မှ ကြောက်မက်ဖွယ် နတ်ဆိုးသားရဲ အုပ်ကြီးအား ကြည့်လိုက်ပြီး တစ်ခဏ စဉ်းစားလိုက်ကာ လက်နှစ်ဖက်ဆုပ်၍ နတ်ဆိုးဧကရီအား ဦးညွတ်ကာ ပြောလိုက်သည်။
"နတ်ဆိုးဧကရီ...ခင်ဗျားရဲ့ သမီးလေးကို ကယ်ပေးပြီးပါပြီ၊ နတ်ဆိုးသားရဲ စစ်တပ်ကို တောင်စဉ်သုံးထောင်ဆီ ပြန်ခေါ်သွားပြီး သတ်ဖြတ်ခြင်းတွေ ရပ်တန့်ပေးဖို့ ရဲတင်းစွာနဲ့ တောင်းဆိုပါရစေ... ဒီတစ်ခေါက်မှာ အသက်တွေအများကြီး သေကြေပျက်စီး ပြီးပါပြီ"
"ဟမ့်"
နတ်ဆိုးဧကရီသည် ကျန်းရီကို ကြည့်လိုက်ပြီး 'ဟမ့်'ဟုသာ ပြောလာလိမ့်မည်ဟု မည်သူကမှ မျှော်လင့်မထားကြချေ။
"မင်းဒီလို ပြောလိုက်တာနဲ့ ငါက ငါ့စစ်တပ်ကို ပြန်ရုတ်သိမ်းလိုက်မယ်လို့ ထင်နေလား၊ ငါ့သမီးလေးကို ပြန်ပေးဆွဲတဲ့ နောက်ကွယ်က ကြံစည်သူကို မတွေ့သေးဘူး၊ ဒီဧကရီက ဘယ်လိုလုပ် စစ်တပ်ကို မြန်မြန်သိမ်းရမှာလဲ...မင်းတို့ လူသားတွေ ကျေနပ်လောက်စရာ ဖြေရှင်းချက်မပေးရင် ဒီဧကရီက နယ်မြေကို သွေးနဲ့ဆေးပစ်မယ်"
*****