အခန်း (၉၄၆)
Vol. 64 Ch. 946
နတ်ဆိုးရိုင်းတောင်တန်း၏ ကောင်းကင်ထက်တွင် နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူခုနှစ်ဦးအား နတ်ဆိုးသားရဲလေးကောင်က တိုက်ခိုက်လာပြီး နတ်ဘုရားတစ်ပိုင်းနယ်ပယ်ခုနှစ်ဦးကလည်း ၎င်းတို့ကို ပြိုင်တူတိုက်ခိုက်လိုက်ကြသည်။
အောက်ဘက်မှခုန်အုပ်လာသော နတ်ဆိုးသားရဲလေးကောင်ထံသို့ စွမ်းအားကြီးမားသော စွမ်းအားခြောက်ခုက ရုတ်ခြည်း ဦးတည်ဝင်ရောက်သွား၏။
နတ်ဘုရားတစ်ပိုင်းနယ်ပယ် ကျွမ်းကျင်သူခုနှစ်ဦးတွင် တိုက်ခိုက်ဖို့အော်ပြောခဲ့သည့် ကျင်းဖူးကလုံးဝတိုက်ခိုက်ခြင်းမရှိပေ။ သူ၏နှုတ်ခမ်းထောင့်ကခပ်ဟဟပွင့်သွားပြီး သရော်ပြုံးတစ်ခုထွက်ပေါ်လာသည်။
ကျင်းဖူက သူ့လက်ထဲရှိ မိုင်တစ်ထောင်နတ်ဘုရားမှန်ကို ဖျက်ခနဲလှန်လိုက်သည်။ ရုတ်ခြည်း မိုင်တစ်ထောင်နတ်ဘုရားမှန်မှ အစိမ်းရောင်အလင်းတစ်ခု ဖျက်ခနဲလင်းလာသည်။
ကျင်းဖူက တစ်စုံတစ်ယောက် အားပြောသကဲ့သို့ ညင်သာစွာပြောသလိုလို သူ့ကိုယ်သူပဲပြန်ပြောသလိုလိုပြောလိုက်သည်။
“ကောင်းပြီ.. မင်းနဲ့ငါနဲ့အတူတူအလုပ်လုပ်ရမဲ့အချိန်ပဲ”
“အင်း”
ရုတ်ခြည်း တည်ငြိမ်သောအသံတစ်ခုထွက်ပေါ်လာသည်။ ရှစ်ဖုန့်မှာ အသံအားသူ၏ရှေ့မှကြားရခြင်းဖြစ်သည်။ ယင်းက ဝတ်ရုံနက်၏အသံဖြစ်၏။
နတ်ဘုရားတစ်ပိုင်းနယ်ပယ်ခြောက်ဦးမှာ ကျင်းဖူတိုက်ခိုက်ခြင်းမပြုသည်ကိုတွေ့ရသောအခါတွင် သူတို့အနေဖြင့် ၎င်းအပေါ် စိတ်အနှောက်အယှက်ဖြစ်ခြင်းမရှိပေ။
သို့သော် အဘိုးအို၏ ဆန်းကြယ်သောအသံအား ရုတ်ခြည်းကြားလိုက်ရသော အခါတွင်လူခြောက်ဦး၏ အမူအယာများကသိသိသာသာ ပြောင်းလဲသွားသည်။ ဆိုးဝါးသောခံစားချက်တစ်ခုက သူတို့၏နှလုံးသားထဲမှ ထွက်ပေါ်လာ၏။
၎င်းတို့ထဲမှတစ်ယောက်က ခေါင်းလှည့်လိုက်သောအခါတွင် ကျင်းဖူ၏မျက်နှာထက်၌ တကယ်ကြီး လှောင်ပြုံးတစ်ခုဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။
“ဂါး..ဂယား..ဂါး.ဂါး”
စွမ်းအားကြီးလူခြောက်ဦးနှင့်ရင်ဆိုင်နေသော နတ်ဆိုးသားရဲလေးကောင်က ဒေါသတကြီးဟိန်းဟောက်လိုက်သည်။
ခန္ဓာကိုယ်တစ်ခုလုံးအနက်ရောင်မီးတောက်များတောက်လောင်နေသည့် ဧရာမကျားသစ်ကြီးတစ်ကောင်က ၎င်း၏ပါးစပ်ကိုဖွင့်ဟပြီး ကျားသစ်ကဲ့သို့ တူညီသောအနက်ရောင်မီးတောက်များ ကိုမှုတ်ထုတ်လိုက်သည်။
ခရမ်းရောင်လျှပ်စီးများဝန်းရံနေသော ဧရာမငှက်ကြီးတစ်ကောင်ကလည်း ၎င်း၏ အတောင်များကို ရုတ်ခြည်းခတ်လိုက်၏။ မိုးချုန်းသံတစ်ခုမြည်ဟိန်းလာပြီး ကြီးမားသော ခရမ်းရောင်လျှပ်စီးတန်းကြီးကိုပစ်ခတ်လိုက်သည်။
ရှေဟောင်းနတ်ဘုရားသားရဲတစ်ကောင် အနက်ရောင်ဆောက်လိပ်၏ သွေးကိုပိုင်ဆိုင်ထားပုံသော မြွေဦးခေါင်းနှင့်ခန္ဓာကိုယ်က လိပ်တစ်ကောင်ပုံစံရှိသည့် ဧရာမအစိမ်းရောင်သားရဲကြီး တစ်ကောင်လည်းရှိနေသည်။ ၎င်းလှုပ်ရှားလိုက်ချိန်တွင် ဟင်းလင်းပြင်ပင်တုန်ခါသွားရသည်။
တစ်ကိုယ်လုံးပြောင်လက်အောင် နက်မှောင်နေသည့် သန်မာသောလူသားတစ်ယောက်ကဲ့သို့ လွန်စွာကြီးမားလှသော ဧရာမပုရွက်ဆိတ်နက်ကြီး တစ်ကောင်လည်းရှိသည်။ စွမ်းအားကြီးမားသောစွမ်းအင်တို့ကိုရင်ဆိုင်ရချိန်တွင် ပင် ၎င်း၏ကိုယ်က ဒုန်းစိုင်းပြေးနေဆဲဖြစ်ပြီး ၎င်း၏ခွန်အားသက်သက်ဖြင့် စွမ်းအင်တို့ကိုချိုးဖျက်ပစ်ကာ ရန်သူအား ခွန်အားအသုံးပြု၍ အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်နေသည့်နှယ်ဖြစ်သည်။
အင်အားစုနှစ်ခုတို့ထိပ်တိုက်တွေ့တော့မည့်အချိန်တွင် သူတို့၏အထက်ကောင်းကင်မှကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာသည်။
ထို့နောက်ရုတ်ခြည်းဧရာမ ကြေးနီရောင်ခေါင်းလောင်း ကြီးတစ်ခုကပေါ်လာ၏။ ယင်းကားတောနက်ကြီးအတွင်း ရုတ်ရုတ်သဲသဲဖြစ်အောင်လုပ်ကာ ခက်ခက်ခဲခဲလိုက်ခဲ့ရသည့် နတ်ဘုရားမြေခေါင်းလောင်းပင်ဖြစ်သည်။ အစောပိုင်းကကျယ်လောင်သောအသံကား နတ်ဘုရားမြေခေါင်းလောင်း၏အသံဖြစ်၏။
နတ်ဘုရားမြေခေါင်းလောင်း၏အပေါ်တွင် အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်တစ်ခုရပ်နေသည်။ နတ်ဘုရားမြေခေါင်းလောင်း၏အသံ ကလွန်စွာစွမ်းအားကြီးမား၏။ နတ်ဘုရားတစ်ပိုင်းပစ္စည်း၏ စွမ်းအားကအောက်ဘက်ရှိ နတ်ဘုရားတစ်ပိုင်းကျွမ်းကျင်သူများ၏ ဝိညာဉ်ရောနှလုံးသားကိုပါတုန်လှုပ်စေသည်။
“နတ်..နတ်ဘုရားမြေခေါင်းလောင်း.. တောင်ပေါ်နတ်ဆရာမျိုးနွယ်ဝင်”
တစ်စုံတစ်ယောက်က ကောင်းကင်ထဲရှိ နတ်ဘုရားမြေခေါင်းလောင်းနှင့် ၎င်း၏ထိပ်၌ဝင့်ကြွားစွာရပ်နေသော ပုံရိပ်တို့အားမြင်တွေ့လိုက်ရသည့်အခါတွင် အလျှင်အမြန်အလန့်တကြား အော်ဟစ်လိုက်သည်။
နတ်ဆိုးရိုင်းတောင်တန်းအတွင်းသို့ သူတို့ဝင်ရောက်လာခဲ့ပြီး ဤကဲသို့အခြေအနေတစ်ခုနှင့် အဆုံးသတ်ရသည့် အကြောင်းပြချက်မှာ အားလုံးကဤနတ်ဘုရားမြေခေါင်းလောင်းနှင့် တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှ လူကြောင့်ပင်ဖြစ်သည်။
“ဒါ..ဒါက..ဒီဝတ်ရုံနက်က….အဲ့တာသူပဲ..အဲ့..အဲ့တာသူပဲ”
ထို့နောက်ချက်ချင်းနောက်ထပ် လူတစ်ယောက်က လွန်စွာတုန်လှုပ်သောအသံဖြင့် အလန့်တကြားအော်ပြောလိုက်သည်။ ထိုအသံနှင့် မျက်နှာထက်ရှိ အမူအယာကား နတ်ဘုရားမြေခေါင်းလောင်းအားတွေ့စဉ်ကထက်ပင် ပို၍ တုန်လှုပ်နေသေးသည်ကိုတွေ့ရသည်ဖြစ်သည်။
ဤအချိန်တွင် နတ်ဘုရားမြေခေါင်းလောင်း၏ စွမ်းအားကြီးမားလှသောအသံလှိုင်းက အောက်သို့တုန်ခါဆင်းလာပြီး ဖရိုဖရဲဖြစ်နေပြီးဖြစ်သော တိုက်ပွဲမျက်နှာပြင်ထံသို ဝင်ရောက်သွားခဲ့ကာ မီးစကိုလောင်စာတပ်ပေးလိုက်သည်။
“ဟားဟားဟား….ဒီငါးလေးတွေကိုကိုင်တွယ်ပြီးရင်တကယ့်ငါးအကြီးကြီးတွေလာလိမ့်မယ်.. ကောင်းလိုက်တာ”
ဤအချိန်တွင် လူခုနှစ်ယောက်အလယ်ရှိကျင်းဖူက လည်းရယ်မောလိုက်သည်။အစိမ်းရောင်အလင်းတစ်ခုလင်းလက်တောက်ပနေသော မိုင်တစ်ထောင်နတ်ဘုရားမှန်ကိုမြှောက်လိုက်၏။
မိုင်တစ်ထောင်နတ်ဘုရားမှန်ပေါ်ရှိ အစိမ်းရောင်အလင်းကလည်း ဘက်ပေါင်းစံသို့ လင်းဖြာထွက်သွားသည်။ သူနှင့်အတူပါလာသောလူခြောက်ဦးထံသာမက နတ်ဘုရားတစ်ပိုင်းသားရဲလေးကောင်ထံသို့ပါ လင်းဖြာထွက်သွား၏။
မိုင်တစ်ထောင်နတ်ဘုရားမှန်ထက်ရှိ အစိမ်းရောင်အလင်းနှင့် နတ်ဘုရားမြေခေါင်းလောင်းထံမှ အသံလှိုင်းတို့က တစ်ခုနှင့်တစ်ခုလှုံ့ဆော်နေပုံရ၏။
“သေစမ်း..ချီးပဲ..ချီးပဲ.. ကျင်းဖူ..မင်း.. မင်းဘာလုပ်နေတာလဲ အရူးကောင်”
“ကျင်းဖူး..မင်းငါ့တို့ကို သစ္စာဖောက်ရဲတယ်ပေါ့လေ”
နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူခြောက်ဦးမှာ ကျင်းဖူ၏ ရည်ရွယ်ချက်ကို သိရှိသွားပြီးဖြစ်သည်။ ၎င်းအားစိန်းစိန်းဝါးဝါးကြည့်၍ဒေါသတကြီးအော်ငေါက်နေ၏။
လောလောဆယ်တွင်သူတို့အနေဖြင့်နတ်ဘုရားတစ်ပိုင်းသားရဲလေးကောင်နှင့်တိုက်ခိုက်နေရပြီး တစ်ဖက်နှင့်တစ်ဖက်ကန့်သတ်ခံထားရသည်ဖြစ်သည်။ သူတို့ကအသာစီးရနေခဲ့ပြီး နတ်ဘုရားတစ်ပိုင်းသားရဲလေးကောင်အားမကြာခင်သတ်ဖြတ်နိုင်တော့မည်ဖြစ်၏။
သို့သော် ဤသောက်ကျင်းဖူက တကယ်ကြီးအရှုပ်အထွေးအပေါ် အခွင့်ကောင်းယူသွားခဲ့သည်။ မိုင်တစ်ထောင်နတ်ဘုရားမှန်အား အသုံးပြုခြင်းအတွင် ၎င်းအနေဖြင့်တကယ်သေဖို့ ထိုက်တန်သည်ဖြစ်၏။
ထိုထက်ပိုသည်ကား တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှလူက နတ်ဘုရားမြေခေါင်းလောင်းကို အသက်သွင်းခဲ့ခြင်းဖြစ်သည်။
“မင်းတို့သားရဲလေးကောင်.. မင်းတို့ရဲ့အသိဉာဏ်တွေနိုးထလာခဲ့တာ တော်တော်ကြာနေလောက်ပြီး.. တစ်ဖက်နဲ့တစ်ဖက်မသတ်ပဲနဲ့ အခုရပ်ရအောင်..ဒါမှတစ်ခြား သူတွေမအောင်မြင်မှာ”
ဧရာမအနက်ရောင်ပုရွက်ဆိတ်ကြီး နှင့်တိုက်ခိုက်နေသော နတ်ဘုရားတစ်ပိုင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်က ဒေါသတကြီးအော်ပြောလိုက်သည်။ သူ၏ဒေါသတကြီးအော်သံက ကောင်းကင်ထဲ၌ပဲ့တင်ထပ်သွား၏။
“မင်းတို့အားလုံးရပ်ကြစမ်း”
နောက်ထပ်လူတစ်ယောက်ကလည်းအော်ပြော လိုက်သည်။
သူတို့စုစုပေါင်းခြောက်ယောက်ရှိသည်ဖြစ်သည်။ဤအချိန်တွင် ၎င်းတို့ထဲမှနှစ်ယောက်က နတ်ဘုရားမြေခေါင်းလောင်းနှင့် မိုင်တစ်ထောင်နတ်ဘုရားမှန်တို့၏ စွမ်းအားကိုတားဆီးထားသည်။
ဤအခိုက်အတန့်တွင် နတ်ဘုရားမြေခေါင်းလောင်းနှင့် မိုင်တစ်ထောင်နတ်ဘုရားမှန်တို့၏ စွမ်းအားက ကောင်းကင်အားသိမ်းကျုံး ဖြတ်သန်းလာသည်။
ရင်ဆိုင်တိုက်ခိုက်နေသောနတ်ဘုရား တစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူနှစ်ယောက်မှာ နတ်ဘုရားတစ်ပိုင်းနယ်ပယ်စွမ်းအား ကြီးပစ္စည်းနှစ်ခုအောက်၌ လှုပ်ခတ်သွားသည်။ စွမ်းအားကြီးမားသောစွမ်းအင် တစ်ခုအောက်၌၎င်းတို့၏ခန္ဓာကိုယ်များက ပြင်းထန်စွာ လှုပ်ခတ်သွား၏။ ပါးစပ်အပြည့်သွေးတစ်ပွက်အန်ထုတ်လိုက်ပြီး မြေပြင်သို့ တစ်ဟုန်ထိုးပြုတ်ကျသွားသည်။
နတ်ဘုရားတစ်ပိုင်းနယ်ပယ် ကျွမ်းကျင်သူနှစ်ယောက်မှာ နတ်ဘုရားတစ်ပိုင်းနယ်ပယ်ပစ္စည်းနှစ်ခုအား အသက်သွင်းထားသော ကျင်းဖူနှင့်ဝတ်ရုံနက်တို့အား တကယ်ကြီးယဉ်နိုင်ခြင်းမရှိပေ။
“လောယန်….ချောင်ယု”
ပြုတ်ကျသွားသောနတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူနှစ်ဦးအားကြည့်၍ အားလုံးကအော်လိုက်ကြသည်။
“အား..မင်းသေဖို့ထိုက်တန်တဲ့ မင်းကသေရမဲ့ကောင်.. ကျင်းဖူ. .. မြေရိုင်းတိုက်ကြီးရဲ့ကြီးမြတ်တဲ့ နတ်ဘုရားနဲ့ငါကျိန်ဆိုတယ်.. ငါမင်းကိုအရှင်လတ်လတ်အရေဆုတ်ပြီး မင်းရဲ့အရွတ်တွေကိုဆွဲထုတ်ပစ်မယ်ကွ..”
ကြွက်သားတောင့်တောင့်တင်းတင်း နှင့်လူတစ်ယောက်က ကောင်းကင်ထဲသို့ဟစ်အော်ပြောလိုက်သည်။
“ဟမ့်..အရူးခြောက်ကောင်..မင်းတို့ကငါ့ကိုအသုံးချပြီးတာနဲ့ ငါ့ကိုသတ်ပြီးမိုင်တစ်ထောင်နတ်ဘုရားမှန်ကိုခိုးဖို့တွေးနေကြတာလေ”
“ဒါပေမဲ့ .မင်းတို့ကငါးကြီးကြီးဖမ်းဖို့ငါ့အတွက် ငါးလေးတွေဖြစ်နေတာကိုတော့သိမှမသိကြဘဲ”
မိုင်တစ်ထောင်နတ်ဘုရားမှန်အားကိုင်ထားသည့်ကျင်းဖူက သရော်လိုက်သည်။
“ဒီသောက်အဘိုးကြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေတာ မအံ့ဩတော့ပါဘူး. သူက သူလျှိုထည့်ထားပြီးသားပဲကိုး.. ယုတ်မာတဲ့သူပဲ”
ပုန်းအောင်းနေဆဲဖြစ်သောရှစ်ဖုန့်က တိုက်ပွဲဖြစ်ရာနေရာသို့ကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
မကြာခင်တွင် ဝတ်ရုံနက်နှင့် ကျင်းဖူတို့က နတ်ဘုရားတစ်ပိုင်းနယ်ပယ် လက်နက်များကိုတစ်ချိန်တည်း အသက်သွင်းလိုက်ကြသည်။ လူသားကျွမ်းကျင်သူများနှင့် အနက်ရောင်ပုရွက်ဆိတ်ကြီးတို့မှာ နောက်တစ်ကြိမ်မြေပြင်ပေါ်သို့ကျဆင်းသွားပြန်သည်။ မကြာခင်၎င်းတို့က ကျယ်ပြောလှသောအဖြူရောင်မြူခိုးများအတွင်း ဝင်ရောက်သွားသည်။
ဤနတ်ဆိုးသားရဲများက အသိဉာဏ်များရှိပြီးလူသား ဘာသာစကားကိုနားလည်နိုင်ကြသော်လည်း အကြံပက်စက်သော ဝတ်ရုံနက်ကနတ်ဘုရားမြေခေါင်းလောင်းအား အသက်သွင်းချိန်တွင် လျှို့ဝှက်ပညာရပ်တစ်ခုကို တိတ်တဆတ်သုံးခဲ့သည်။
လူသားကျွမ်းကျင်သူခြောက်ဦးက နတ်ဆိုးသားရဲလေးကောင်ကို အော်ပြောသော်လည်း ဝတ်ရုံနက်က ၎င်းတို့အားဖျက်ဆီးရန်လျှို့ဝှက်ပညာရပ်ကို တိတ်တဆိတ်သုံးပြီးဖြစ်သည်။ လျှို့ဝှက်နည်းစနစ်က နတ်ဆိုးသားရဲများအတွက် လှည့်စားမှုအချို့ကိုပင်ဖန်တီးပေး၏။
နတ်ဆိုးသားရဲများ၏အမြင်တွင် ပေါ်လာခဲ့သော နတ်ဘုရားမြေခေါင်းလောင်းနှင့် ဝတ်ရုံနက်တို့က ဤလူသားကျွမ်းကျင်သူများ၏အ ပေါင်းအဖော်သာဖြစ်သည်။
ဝတ်ရုံနက်နှင့်နတ်ဘုရားမြေခေါင်းလောင်းတို့ပေါ်လာပြီးနောက် လူသားများ၌ အထင်းသေးမှုအပြည့်ဖြင့်လှောင်ပြုံးများပင်ရှိနေသည်ကိုသူတို့တွေ့ရသည်။
ယင်းမှာသူတို့အနေဖြင့် အလေးအနက်သာမထားလျှင် သူတို့၏ နတ်ဆိုးရိုင်းတောင်တန်းအတွင်းရှိ သတင်းဆိုးဖြင့်ကျော်ကြားသော ဂုဏ်သတင်းကိုပါ ပေးဆပ်လိုက်ရမည့်ပုံပေါ်လေသည်။
ဆက်ရန်…
ဘာသာပြန်သူ-ARISE